Switch Mode

အပိုင်း(၈၂၇):

ပေတစ်သောင်းတားမြစ်ဧရိယာ…ကျူးကျော်လာတဲ့လူ သေရမယ်

ထိုဓားအလင်းပေါ်၌ လူတစ်ယောက်သည် မတ်တပ်ရပ်ကာ လိုက်ပါလာသည်။သူက အဝါရောင်ဝတ်ရုံခပ်ပွပွကို ဝတ်ဆင်ထားသည်။သူက အသက်သုံးဆယ်အရွယ်ခန့်ဟုသာ ထင်ရကာ သာမန်မျက်နှာပေါက်ရှိ၏။သို့ရာတွင် သူ့မျက်လုံးထဲကနေ အေးစက်စက်အလင်းတစ်ခု ထွက်ပေါ်ကာနေသည်။

သူ့ခန္ဓာကိုယ်ကနေ မူလစွမ်းအင်များစွာ ထွက်ပေါ်လို့နေ၏။သူက ပုံရိပ်ယောင်ယင်အဆင့်အထွတ်အထိပ်သို့ ရောက်နှင့်နေသည်မှာ သိသာလှပေ၏။သူက နီးကပ်လာသည်နှင့် သူ့ရှေ့ကာ လူများသည် လမ်းဖယ်ပေးလိုက်ကြကာ သူ့အား မနှောက်ယှက်ဝံ့ကြပေ။

သူက ပေတစ်သောင်းဧရိယာနှင့် နီးကပ်သထက် နီးလာခဲ့သည်။သူက ဖုန်မှုန်အဝန်းအဝိုင်းကို တွေ့မြင်သော်လည်း ဂရုမစိုက်သည့်အလား အရှိန်လျော့ကျသွားခြင်း မရှိဘဲ တိုက်ရိုက် တိုးဝင်လာနေ၏။

သူ့ထံက မူလစွမ်းအင်များကြောင့် ဖုန်မှုန်များသည် နောက်သို့ လွင့်ပါးကုန်ကြ၏။

ထိုမြင်ကွင်းက ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ၏ အာရုံကို စွဲဆောင်သွားသည်။သူတို့က ထိုအဝါရောင်ဝတ်စုံနှင့်လူသည် အားကောင်းသောကျင့်ကြံသူတစ်ယောက် ဖြစ်သကဲ့သို့ ဝမ်လင်းသည်လည်း ထို့အတူသာ ဖြစ်ကောင်း သိနေသည်။သည်နှစ်ယောက်က ကောင်းကင်ဘုံအစီအရင်ပေါ်ရှိ တွင်းနက်ကြောင့် တိုက်ခိုက်ကြနိုင်သည်။

သည်လိုတိုက်ပွဲမျိုးက တွေ့ရမများလှပေ။သူတို့နှစ်ယောက်တိုက်ခိုက်၍ ဒဏ်ရာအသီးသီးရသွားကြလျှင် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများသည် ကြားထဲကနေ အကျိုးရှိသွားနိုင်ပေ၏။

လီယွမ်၏အသွင်က အနည်းငယ်ပြောင်းလဲသွား၏။သူက စိုးရိမ်နေစဉ်မှာပင် ဝမ်လင်း၏တည်ငြိမ်သောအသံက သူ့နားထဲသို့ တိုးဝင်လာခဲ့လေသည်။ “အစ်ကိုလီ…အရင်ဆုံးသွားလိုက်…”

လီယွမ်က စကားမဆိုတော့ဘဲ တွင်းနက်ထဲသို့ တိုက်ရိုက် တိုးဝင်သွားလေ၏။သူက အထဲသို့ ဝင်လိုက်သည်နှင့် အဝါရောင်ဝတ်စုံနှင့်လူသည် နီးကပ်လာချေတော့၏။

ဝမ်လင်းက တည်ငြိမ်စွာပင် သူ့ညာလက်ကို မြှောက်၍ လေဟာနယ်ထဲသို့ ဝှေ့ယမ်းလိုက်၏။ခရမ်းရောင်မိုးကြိုးတန်းတစ်ခုသည် ချက်ခြင်း ပေါ်ထွက်လာခဲ့သည်။ခရမ်းရောင်မိုးကြိုး ပေါ်လာသည့်အခိုက်၌ ခရမ်းရောင်မြူက ၎င်းအား ဝန်းပတ်ကာ ထားသည်။ခရမ်းရောင်မိုးကြိုးတန်းက တိုးဝင်လာနေသော အဝါရောင်ဝတ်စုံနှင့်လူငယ်ထံသို့ တန်းမတ်စွာ တိုးဝင်သွားလေ၏။

လူငယ်၏မျက်လုံးသူငယ်အိမ်က ချက်ခြင်း ကျုံ့လို့သွား၏။ သူက ဝမ်လင်းကို မမြင်ခြင်း မဟုတ်ပေ။ သို့သော် သူ့မိသားစုတွင် သူ့အဆင့်အတန်းက ထူးခြားကာ သူ့မိသားစုဝင်များကလည်း သူ့နောက်တွင် ရှိနေသောကြောင့် သူက ဝမ်လင်းကို ဂရုမစိုက်ခင်းသာ ဖြစ်၏။

သူက ရယ်မောကာ သူ့လက်ဖြင့် ကုတ်ချက်တစ်ခုကို ဖြစ်ပေါ်စေလိုက်ရာ အနက်ရောင်အခိုးငွေ့ငါးခုသည် မိုးကြိုးတန်းထံသို့ တိုးဝင်သွားလေ၏။ ထိုအနက်ရောင်အခိုးငွေ့ငါးခုက မိုးကြိုးအား ချက်ခြင်း ဝန်းရံသွားသည်။

“ဝါးမြိုလိုက်စမ်း…” အဝါရောင်ဝတ်စုံနှင့်လူသည် အော်ပြောလိုက်ရာ အနက်ရောင်အခိုးငွေ့အမျှင်တန်းငါးခုသည် ချက်ခြင်းပင် နဂါးနက်ငါးကောင်အဖြစ်သို့ ပြောင်းလဲ၍ မိုးကြိုးအား ဝါးမြိုလာသည်။မျက်စိတစ်မှိတ်အတွင်း မိုးကြိုးသည် ဝါးမြိုခြင်း ခံလိုက်ရချေ၏။ထို့နောက် အနက်ရောင်နဂါးငါးကာင်သည် လူငယ့်အနားသို့ ပြန်ရောက်ရှိလာသည်။

အနက်ရောင်နဂါးများက လူငယ့်အား ဝန်းပတ်နေရင်း ချက်ခြင်း ကြီးထွားလာကြ၏။မျက်စိတစ်မှိတ်အတွင်း ၎င်းတို့သည် ပေငါးရာရှည်သော နဂါးများအဖြစ်သို့ ပြောင်းလဲသွားကြ၏။ထိုအခါ လူငယ်၏အော်ရာသည်လည်း ရုတ်တရက် မြင့်တက်လာခဲ့လေသည်။

“အဝါရောင်ဝတ်စုံနှင့်လူငယ်က ဖြည်းဖြည်းချင်း ပြောလာ၏။ ရောင်းရင်းကျင့်ကြံသူရဲ့ တိုက်ခိုက်မှုက တော်တော်လေး ကောင်းမွန်ပါတယ်။ငါ့ကို ခဏစောင့်ပါဦး…။ငါ ထျန်ယန်ယွမ်က ဒီတွင်းနက်ကို လေ့လာကြည့်ချင်ပါတယ်…။ဒါဆို ဘယ်လိုလဲ…”

လူငယ့်အတွက် ထိုကဲ့သို့ ပြောရန်ပင် ခက်ခဲလှ၏။ဝမ်လင်း၏ ကျင့်ကြံမှုအဆင့်ကသာ သူ့ထက်မြင့်မားကာ အထည်ဒြပ်ယန်အဆင့်သူ့အစ်ကိုနှင့် နှိုင်းယှဉ်နိုင်ခြင်းကြောင့် မဟုတ်ပါက သူက အခုလိုမျိုး ပြောလိမ့်မည် မဟုတ်ပေ။

သူက ထိုသို့ ပြောလိုက်သည့်အခိုက်တွင် အနီးအနားရှိ ကျင့်ကြံသူများ၏ အမူအရာသည် ပြောင်းလဲသွားကြ၏။ သူတို့ထဲကတစ်ယောက် အလန့်တကြား ပြောလာ၏။ “ထျန်မိသားစု…။ဒါက တောင်ပိုင်းနယ်မြေရဲ့ ထျန်မိသားစုလား…”

သည်အခိုက်အတန့်၌ ကျင့်ကြံသူအားလုံးသည် တစ်စုံတစ်ခုကို နားလည်သဘောပေါက်သွားကြသည်။

ဝမ်လင်းက ထိုလူ့ကို အေးစက်စွာ ကြည့်၍ တည်ငြိမ်စွာ ပြောလာသည်။ “မင်းက အရည်အချင်း မပြည့်မှီဘူး…”

ထျန်ယွန်ယွမ်က မှင်သက်သွား၏။သူက အခြားတစ်ဘက်ကလူသည့် ငြင်းဆိုလိမ့်မည် ဖြစ်သော်လည်း ထျန်မိသားစု၏အမည်နာမကို ကြားလိုက်ရသည့်နောက် ထိုလူ၏အသွင်သည် ပြောင်းလဲသွားလိမ့်မည်ဟု တွေးထင်ထားခဲ့သည်။သို့သော်လည်း သူက ထိုလူသည် အခုလောက် မောက်မာလိမ့်မည်ဟု လုံးဝ မထင်ထားမိပေ။

သူ့အသွင်က သုန်မှုန်သွားကာ ရယ်မောလိုက်၏။ “ဒီလိုဆိုတော့လည်း ငါက သင့်ကို မနှောက်ယှက်တော့ပါဘူး…” ထိုသို့ပြောပြီးသည့်နောက် သူက နောက်သို့ စတင်ဆုတ်ကာ စိတ်ထဲကနေ တွေးလိုက်သည်။ “ဒီလူရဲ့ကျင့်ကြံမှုအဆင့်က ငါ့ထက်မြင့်နေတော့ အခု ငါ နောက်ပြန်ဆုတ်ပြီး ငါ့အစ်ကိုကို စောင့်နေတာ ကောင်းလိမ့်မယ်။ငါက နောက်မှ လှုပ်ရှားရင်လည်း နောက်မကျသေးပါဘူး…”

ထျန်မိသားစုသည် ကောင်းကင်ဘုံနယ်မြေ၏ အမွေအနှစ်မိသားစုထဲတွင် မပါဝင်သော်လည်း ထိုမိသားစုက သေးငယ်သည်ဟု မဆိုသာပေ။ထိုမိသားစုက လူအများသည် သည်တစ်ကြိမ်တွင် မိုးကြိုးကောင်းကင်ဘုံနယ်မြေသို့ ရောက်ရှိလာခဲ့ကြပေသည်။ ထျန်ယွန်ယွမ်က သည်နေရာသို့ အခြေအနေသိရင် အရင်လာကာ ကင်းထောက်ကြည့်ခြင်းပင်။

ဝမ်လင်းအသွင်က ပုံမှန်အတိုင်း ရှိနေကာ သူက ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်၏။ထိုခြေလှမ်းဖြင့်ပင် ပေတစ်သောင်းဧရိယာတွင် မူလစွမ်းအင်များနှင့် ပြည့်နှက်သွားသည်။သူက ထျန်ယန်ယွမ်ရှိရာသို့ တစ်လှမ်းချင်း လျှောက်လှမ်းလာ၏။

ထျန်ယန်ယွမ်၏အသွင်သည် တွန့်ရှုံ့လာကာ သူက နောက်သို့ ချက်ခြင်း ဆုတ်၏။သည်အခိုက်အတန့်၌ ဝမ်လင်းအသံက တည်ငြိမ်စွာ ထွက်လာခဲ့သည်။ “ငါ့မိုးကြိုးကို ဝါးမြိုနိုင်ဖို့ မင်းက အရည်အချင်း မရှိသေးဘူး…”

သူက ထိုသို့ပြောလိုက်သည့်အခိုက်အတန့်၌ ထျန်ယန်ယွမ်ဘေးနားရှိ အနက်ရောင်နဂါးများသည် ချက်ခြင်း နာကျင်စွာ ဟိန်းလိုက်ကြသည်။၎င်းတို့၏ခန္ဓာကိုယ်ထဲ၌ မိုးကြိုးများ ပြည့်နေကာ ပေါက်ကွဲသံများ ထွက်ပေါ်လာခဲ့သည်။

ချက်ခြင်းပင် မိုးကြိုးနဂါးများထဲမှ တစ်ကောင်သည် ပေါက်ကွဲထွက်သွား၏။ထို့နောက် ကျန်သည့်အကောင်များကပါ ဆက်တိုက်ဆိုသလို လိုက်ပါ ပေါက်ကွဲသွားကြသည်။

ထိုပြင်းထန်သောအား၏ ဖိသိပ်မှုအောက်တွင် ထျန်ယန်ယွမ်၏အသွင်က ကြီးစွာ ပြောင်းလဲသွား၏။သူ့လက်နှစ်ဖက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေလိုက်ရာ နဂါးနက်အမှတ်အသားသည် သူ့မျက်ခုံးနှစ်ခုကြားတွင် ပေါ်လာခဲ့သည်။သူ့ခန္ဓာကိုယ်ကနေ အနက်ရောင်အခိုးငွေ့အမျှင်တန်းတစ်ခုက ထိုးထွက်လာခဲ့ကာ သူ့အား ဝန်းရံသွားလေ၏။ထိုသို့လုပ်ခြင်းဖြင့်သာ သူက ထိုဖိသိပ်မှုအားအောက်၌ သူ့ကိုယ်သူ ကာကွယ်နိုင်ပေလိမ့်မည်။

သူက လေအေးတစ်ချက် ရှိုက်သွင်းလိုက်ရင်း သူ့နှဖူးထက်၌လည်း ချွေးပြန်လာခဲ့သည်။ထို့အတူ သူက စိတ်ထဲ၌လည်း ဒေါသထွက်လာခဲ့၏။

သူက ဝမ်လင်းကို စကားပြန်ပြောခြင်း မပြုနိုင်ခင်မှာပင် ဝမ်လင်း၏မျက်လုံးက အေးစက်လာခဲ့သည်။ဝမ်လင်းက သူ့ညာလက်ကို ပင့်မြှောက်လိုက်ရာ သူ့လက်ခုံပေါ်ရှိ သားရဲအရိုးတက်တူးသည် စတင်လှုပ်ရှားလာခဲ့သည်။၎င်းက ဝမ်လင်းလက်ချောင်းများတစ်လျှောက် ရွှေ့လျားသွားရင်း ထိုးထွက်သွားခဲ့သည်။

ချက်ခြင်းပင် ဧရာမသားရဲအရိုးတက်တူးသည် ဝမ်လင်းရှေ့တွင် ပေါ်လာခဲ့ကာ ၎င်း၏ဦးချိုလေးခုသည် အေးစက်စက်အော်ရာကို ပေးစွမ်းနေ၏။ ၎င်းကပေါ်ထွက်လာသည်နှင့် ထျန်ယန်ယွမ်ထံသို့ တိုးဝင်သွားချေသည်။

ထျန်ယန်ယွမ်သည် သုန်မှုန်စွာ နောက်သို့ ဆုတ်နေရင်း သူ့မျက်ခုံးနှစ်ခုကြားရှိ နဂါးနက်အမှတ်အသားကလည်း ဖျပ်ခနဲ ဖြစ်သွားကာ အနက်ရောင်မြူတစ်ခု ပေါ်လာခဲ့ချေ၏။သည်တစ်ကြိမ်၌ မူလစွမ်းအင် ပိုထွက်လာခဲ့သလို သူ့မျက်ခုံးနှစ်ခုကြားရှိ အနက်ရောင်အမှတ်အသားကလည်း ထိုးထွက်လာခဲ့သည်။၎င်းက အနက်ရောင်နဂါးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားပြီးနောက် သားရဲအရိုးကို ဝါးမြိုပစ်ရန် တာဆူသည်။

ထိုအနက်ရောင်နဂါး ပေတစ်ထောင်ခန့် ကြီးမားကာ ၎င်းပေါ်လာသည်နှင့် ဖိအားတစ်ခုကို ပေးစွမ်းလာခဲ့သည်။၎င်း၏ ကိုယ်ထည်ပေါ်၌ နဂါးကြေးခွံများစွာ ဖုံးအုပ်ထားလေသည်။

“မူလနဂါး…။ဝါးမြိုခြင်း…” ထျန်ယန်ယွမ်က ထိုသို့ အော်ပြောလိုက်ရင်းနောက် နောက်သို့ ဆက်၍ ဆုတ်သွားသည်။

သို့ရာတွင် ထိုအနက်ရောင်နဂါးက ဝါးမြိုရန် တာဆူလိုက်ချိန်မှာပင် သားရဲအရိုး၏ မျက်လုံးအိမ်နှစ်ခုကနေ တစ္ဆေမီးတောက်နှစ်ခု ပေါ်လာခဲ့လေ၏။၎င်းမီးတောက် ပေါ်လာသည့်အခါ သားရဲအရိုးသည် အသက်ဝင်လာသကဲ့သို့ ထင်မှတ်ရပြီး မကောင်းဆိုးဝါးဆန်သော အော်ရာတစ်ခုသည် ချက်ခြင်း ပျံ့နှံ့လာခဲ့သည်။ထိုအော်ရာက သန်မာလွန်းလှ၏။သို့သော် ၎င်းက ပေါ်လာပြီးသည်နှင့် ချက်ခြင်း ပျောက်ကွယ်သွားသည်။

ထိုအရာများအားလုံးက အလွန်မြန်ဆန်စွာ ဖြစ်ပွားခဲ့ခြင်းပင်။မကောင်းဆိုးဝါးအော်ရာ ပျောက်ကွယ်သွားသည့်အခိုက်တွင် အနက်ရောင်နဂါး၏မျက်လုံးက ရုတ်တရက် ပြူးကျလာကာ ကြောက်လန့်မှုတို့ ပြည့်လာသည်။၎င်း၏ကြီးမားသည့် ခန္ဓာကိုယ်ကြီးက ခဲသွားကာ မီးခိုးရောင်တစ်ခုသည် အမြှိးကနေ စတင်ပျံ့နှံ့လာခဲ့သည်။ချက်ခြင်းလိုလိုပင် ၎င်း၏ခန္ဓာကိုယ်တစ်ခုလုံးက မီးခိုးရောင်သန်းသွားလေ၏။

မန္တာန်ကနေ ဖြစ်ပေါ်လာသည့် အနက်ရောင်နဂါးသည် ချက်ခြင်း ကျောက်ရုပ်တုတစ်ခု ဖြစ်လာခဲ့သည်။၎င်းပတ်လည်ရှိ မူလစွမ်းအင်များပါ ကျောက်အဖြစ်သို့ ပြောင်းလဲသွားချေသည်။

ထိုအနက်ရောင်နဂါးက ကောင်းကင်ကနေ ထိုးဆင်းကျသွားကာ မြေပြင်ပေါ်သို့ ဝုန်းကနဲ ကျရောက်သွား၏။

ထိုမြင်ကွင်းကြောင့် ပတ်ဝန်းကျင်ရှိကျင့်ကြံသူများအားလုံးသည် မှင်သက်ကာ လေအေးတစ်ချက် ရှိုက်သွင်းမိလိုက်ကြတော့၏။

“ဒါ…ဒါက ဘယ်လိုရတနာမျိုးလဲ…” ထျန်ယန်ယွမ်က နဂါးကျောက်ရုပ်တုကို ကြည့်နေရင်း သူ့မျက်လုံးထဲ၌ တုန်လှုပ်ကြောက်လန့်မှုတို့နှင့် ပြည့်နှက်သွားတော့သည်။

ပေတစ်သောင်းအကွာရှိ ကျင့်ကြံသူများ၏ စိတ်ထဲတွင်လည်း သူတို့မျက်စိရှေ့ရှိ အဖြစ်သနစ်ကို မယုံကြည်နိုင်ဟန် ဖြစ်နေသည်။

ပထမအဆင့်ရှိ ကျင့်ကြံသူအားလုံးသည် နောက်သို့ ခြေတစ်လှမ်း မဆုတ်မိဘဲ မနေနိုင် ဖြစ်သွားရသည်။သူတို့က ပေတစ်သောင်းအကွာကနေပင် ကြောက်ရွှံ့မှုကို ခံစားလိုက်ကြရ၏။

သည်အခိုက်အတန့်၌ ကျင့်ကြံသူများသည် ဝမ်လင်း၏ပုံပန်းသွင်ပြင်ကို ကောင်းစွာ မှတ်သားမိသွားကြ၏။ဝမ်လင်းသည် သူတို့၏ စိတ်ထဲတွင် အမြစ်တွယ်သွားလေပြီ။

ဝမ်လင်းက ရှေ့သို့ ခြေတစ်လှမ်းတိုးကာ သူ့ညာလက်ကို ပင့်မြှောက်လိုက်၏။သူက သားရဲအရိုးကို ချက်ခြင်း ပြန်ရုတ်သိမ်းလိုက်ပြီးနောက် သူ့ညာလက်ပေါ်တွင် အမှတ်အသားအဖြစ် ပြန်ရှိစေလိုက်သည်။သည့်နောက် သူက ထျန်ယန်ယွမ်၏ ရှေ့သို့ ရောက်ရှိလာခဲ့၏။သူက မူလစွမ်းအင်နှင့်ပြည့်နေသော သူ့လက်ချောင်းနှစ်ချောင်းကို ဖိချရန် ဟန်ပြင်လာသည်။

ထျန်ယန်ယွမ်၏ခန္ဓာကိုယ်သည် တုန်ယင်နေကာ သူ့မျက်လုံးထဲ၌ ပင့်သက်ရှိုက်မှုတို့ ပေါ်ထွက်လာခဲ့သည်။သူက ချက်ခြင်း ထွက်ပြေးလိုနေ၏။ သို့သော် ဝမ်လင်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။သိပ်သည်းသောမူလစွမ်းအင်က ချက်ခြင်း ညှစ်ချေလာရာ လှုပ်ရှားမှုအားလုံးကို သည်အခိုက်အတန့်၌ လုပ်ရန် မဖြစ်နိုင်တော့ပေ။

ထိုမန္တာန်သည် ဝမ်လင်း တီထွက်ထားခဲ့သည့်အရာဖြစ်၏။ မူလစွမ်းအင်၏ ဖိအားကို အသုံးပြုကာ သူက လှုပ်ရှားမှုပြုသည့် မန္တာန်များကို ခဏတာ အသုံမဝင်အောင် လုပ်နိုင်စွမ်း ရှိပေ၏။

သူ့လက်ချောင်းနှစ်ချောင်းက ထျန်ယန်ယွမ်၏ မျက်ခုံးနှစ်ခုကြားသို့ တိုက်ရိုက် ကျဆင်းလာသည်။ထိုအခိုက်အတန့်၌ အကွာအဝေးတစ်ခုက အလင်းတန်းများ လှမ်းဝင်လာခဲ့ကာ ထိုအလင်းတန်းထဲမှ တစ်ခုထံကနေ အော်သံတစ်ခု ထွက်ပေါ်လာခဲ့၏။

“သူ့ကို သတ်ရင် မင်းလည်း သူနဲ့အတူ မြေမြှုပ်ခံရမယ်…”

ဝမ်လင်းသည် အနည်းငယ် မျက်မှောင်ကြုတ်သွား၏။ သူ့လက်ချောင်းက ကျရောက်လာနေရင်း မူလစွမ်းအင်သည် ထျန်ယန်ယွမ်၏ခန္ဓာကိုယ်ပေါ်သို့ တရကြမ်းတိုးဝင်လာကာ သူ့ကို ချက်ခြင်း ပျက်စီးသွားစေ၏။ထျန်ယန်ယွမ်၏ခန္ဓာကိုယ်သည် သွေးမြူအဖြစ်သို့ ပြောင်းလဲသွားကာ သူ့မူလစိတ်ဝိညာဉ်ပင် ပျက်စီးသွားရသည်။

“ပေတစ်သောင်းအတွင်း ဝင်လာတဲ့လူမှန်သမျှ သေရမယ်…” ဝမ်လင်းက နောက်လှည့်၍ တွင်းနက်ရှိရာသို့ လှမ်းလျှောက်လို့သွားသည်။

တွင်းနက်ပတ်လည်ရှိ ပေတစ်သောင်းဧရိယာသည် သူ့ တားမြစ်နေရာ ဖြစ်လာ၏။သူက သည်နေရာတွင် ရှိနေသ၍ မည်သူကမျှ ဝင်လာနိုင်လိမ့်မည် မဟုတ်ပေ။ခုချိန်၌ ဝမ်လင်းသည် ယခုလိုစကားများ ပြောဆိုဖို့အတွက် အရည်အချင်း ရှိနေခဲ့ပြီ မဟုတ်လော။

သည်အခိုက်အတန့်၌ လီယွမ်သည် တွင်းနက်ထဲကနေ ပြန်ထွက်လာကာ သူ့အာမေဋိတ်အသံက အထဲကနေ ထွက်ပေါ်လာခဲ့သည်။သူက ပြန်ပေါ်လာသည့်အခါတွင် ဝမ်လင်းရှေ့တွင် ရှိနေသော တစစီကွဲကြေနေသည့် အနက်ရောင်နဂါးကျောက်ရုပ်တုကို ကြည့်ကာ နတ်ဘုရားအာရုံဖြင့် စကားလှမ်းပြောလိုက်သည်။ “အစ်ကိုရှု…ငါက အထဲမှာ ရှိတဲ့ ရတနာတွေအကုန်လုံး ယူလာခဲ့ပြီ။ငါက အထဲမှာ လျှို့ဝှက်လမ်းကြောင်းတစ်ခုကိုလည်း တွေ့ခဲ့သေးတယ်။ဒါပေမဲ့လည်း အဲ့လမ်းကြောင်းက ဘယ်နေရာကို သွားလဲ ဆိုတာတော့ ငါ မသိခဲ့ဘူး…”

ကောင်းကင်ထက်ကနေ အလင်းတန်းများ သက်ဆင်းကျလာကာ လူလေးယောက်အသွင် ပေါ်ထွက်လာသည်။ထိုလေးယောက်ထဲ၌ ယောက်ျားကော၊မိန်းမကော ပါဝင်ပေ၏။ သူတို့ထဲကတစ်ယောက်သည် အလွန်ချောမောကာ သူ့နှုတ်ခမ်းများက ပါးလွှာနေသည်။သို့သော် သူ့မျက်လုံးက သုန်မှုန်ကာ နေ၏။

ရှန်ခုန်ဟူသည် သည်နေရာတွင် ရှိပါက သသည် ထိုလူ့ကို ထျန်ယန်ဖန်အဖြစ် သိရှိပေလိမ့်မည်။ ထိုလူက ရှန်ခုန်ဟူကို မိုးကြိုးကောင်းကင်ဘုံနယ်မြေ၏ ဝင်ပေါက်တွင် လှောင်ပြောခဲ့သော ထျန်ယန်ဖန်ပင် ဖြစ်လေတော့၏။

“ဒီပေတစ်သောင်းက တားမြစ်ဧရိယာလား။ မင်းက မင်းကိုယ်မင်း ဘာထင်နေတာလဲ…”

ထျန်ယန်ဖန်၏ ဘေးနားရှိ သက်လတ်ပိုင်းလူကြီးသည် နှာခေါင်းရှုံ့ကာ ပေတစ်သောင်းဧရိယာအတွင်းသို့ ခြေချလိုက်၏။သူ့နောက်ရှိ လူငယ်များထဲမှ မောက်မာဟန်ရှိသည့် လူငယ်တစ်ယောက်သည်လည်း ပေတစ်သောင်းဧရိယာအတွင်းသို့ ခြေလှမ်းဝင်လိုက်သည်။

ဝမ်လင်းက နောက်ပြန်လှည့်လာကာ သက်လတ်ပိုင်းလူကြီးထံသို့ တည်ငြိမ်စွာ ကြည့်လိုက်သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset