ဝမ်လင်းအသွင်က ပုံမှန်အတိုင်းရှိကာ သူက ကျောက်ပြားအပျက်ကို ကြည့်လိုက်သည်။သူက ရှေ့သို့ လှမ်းခုန်လိုက်ရာ ထိုကျောက်ပြားနားသို့ ရောက်သွားသည်။
လီယွမ်ကလည်း သူ့နောက်ကနေလိုက်ပါလာကာ အပျက်အစီးပုံကို မကြည့်ခင် ကျောက်ပြားကိုသေချာကြည့်လိုက်၏။ ထို့နောက် သူက ပြုံး၍ ဆိုလာသည်။ “အစ်ကိုရှု…ငါသာ မမှားရင်…ဒီကောင်းကင်ဘုံကြိုဆိုခြင်းနန်းတော်က ကောင်းကင်ဘုံသားတွေရဲ့ ကုန်သွယ်ရေးနေရာတစ်ခု ဖြစ်ခဲ့လိမ့်မယ်…”
ဝမ်လင်းက ခေါင်းညိတ်ကာ တည်ငြိမ်စွာဖြင့် အပျက်အစီးပုံရှိရာသို့ လှမ်းသွားသည်။လမ်းတစ်လျှောက်တွင် သူက အမျိုးမျိုးသော အဆောက်အဦပျက်များကို တွေ့မြင်နေရ၏။သည်နေရာက အတော်လေးကြီးမားကာ မြို့တစ်မြို့အရွယ်အစားလောက် ရှိပေသည်။
အပျက်အစီးပုံက အလွန်တိတ်ဆိတ်ငြိမ်သက်နေရာ လေပြေလေပွေများ တိုက်ခတ်လျက် ရှိနေသည်။ထိုလေပွေနှင့်အတူ ဖုန်မှုန့်များက မြောလွင့်ကာ နေသည်။
အပျက်အစီးများကို ကြည့်၍ သည်နေရာရှိ လမ်းတစ်လျှောက်တွင် အတိတ်တစ်ချိန်က ဆိုင်ခန်းမများ ရှိခဲ့လိမ့်မည်ဟု ပြောနိုင်ပေသည်။သို့သော် ခုချိန်တွင်တွေ့ ၎င်းတို့သည့် အတော်လေး ပျက်စီးနေခဲ့လေပြီ။
အပျက်အစီးအဆောက်အဦ၊ဆိုင်ခန်းမများကို သေချာကြည့်လိုက်ပြီးနောက် ဝမ်လင်းသည် မည်သည့်စိတ်ဝင်စားလောက်စရာကိုမှ မတွေ့ရှိခဲ့ရပေ။မိုးကြိုးကောင်းကင်ဘုံနယ်မြေ ဖွင့်လှစ်ပြီး မရေမတွက်နိုင်သောနှစ်ပေါင်းများစွာအတွင်း သည်နေရာသို့ လူများ ရောက်လာခဲ့ဖူးသည်မှာ ထင်ရှားလေ၏။
“ဒီကုန်သွယ်ရေးအဆောက်အဦတွေရဲ့ အကြီးဆုံးဆိုင်က အရှေ့ပိုင်းမှာ ရှိလိမ့်မယ်…”
အရှေ့ဘက်သို့ လှမ်းကြည့်ရင်း လီယွမ်၏မျက်လုံးက လက်ခနဲ ဖြစ်သွားသည်။
အရှေ့ဘက်ခြမ်းတွင်က ပို၍ပင် အပျက်အစီးများနေသေးသည်။ဆိုင်တစ်ဆိုင်၏ သွင်ပြင်လက္ခဏာပင် မရှိတော့ဘဲ နံရံတစ်ခုသာ ကျန်နေတော့သည်။
လီယွမ်က အမြန်လျှောက်လှမ်းလာကာ ထိုအရှေ့ဘက်ရှိ အဆောက်အဦပျက်နားသို့ ရောက်ရှိလာခဲ့သည်။သူက ဆောင့်ကြောင့်ထိုင်ချကာ အပျက်အစီးများကို သေချာကြည့်၍ တွက်ချက်ကြည့်နေသည်။
ဝမ်လင်းက ရောက်ရှိလာကာ သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်ကြည့်လိုက်သော်လည်း သူက မည်သည့်အရာကိုမှ မတွေ့ခဲ့ပေ။
သိပ်မကြာခင်တွင် လီယွမ်၏မျက်လုံးသည် ကျဉ်းမြောင်းသွား၏။ထို့နောက် သူက နေရာတစ်ခုထံသို့ လက်ညွှန်ပြကာ ပြောလာသည်။ “အစ်ကိုရှု…အဲ့နေရာကို မန္တာန်နဲ့ တိုက်ခိုက်ကြည့်လိုက်…”
ဝမ်လင်းက လက်မြှောက်လိုက်ရာ ခရမ်းရောင်မိုးကြိုးတန်းတစ်ခုသည် လီယွမ်ညွှန်ပြသော နေရာသို့ တိုးဝင်သွားသည်။ ခရမ်းရောင်မိုးကြိုး ကျရောက်သွားသည့်အခါ မြေပြင်က တုန်ခါသွားလေ၏။
ထိုအခါ မြေပြင်ထက်၌ တုန်ခါမှုလှိုင်းကင်းမဲ့နေသော ပုံစံအကွက်တစ်ခု ပေါ်လာခဲ့သည်။၎င်းက မြေပြင်ထဲသို့ ထွင်းထားသည့် အစီအရင်တစ်ခု ဖြစ်နေသည့်ပုံပင်။
ဝမ်လင်းမျက်လုံးက ထူးဆန်းသောအလင်းတစ်ခု ဖြစ်ပေါ်နေသည်။
လီယွမ်က ရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းလိုက်ရာ အစီအရင်နားသို့ ရောက်ရှိသွား၏။၎င်းအစီအရင်ကို သေချာကြည့်လိုက်ပြီးသည့်နောက် သူက ပြုံး၍ ဆိုလာသည်။ “အစ်ကိုရှု…ငါ သိသလောက်ဆိုရင် ကောင်းကင်ဘုံသားတွေရဲ့ ဆိုင်ခန်းတွေမှာ လျှို့ဝှက်ခန်းတွေ ရှိတက်တယ်။ကြည့်ရတာ ဒီဆိုင်ကလည်း အဲ့လိုပဲ ထင်တယ်…”
ဝမ်လင်းက ခေါင်းညိတ်၍ ပြောလိုက်၏။ “ဒီအစီအရင်က အဲ့လျှို့ဝှက်ခန်းကို ဖုံးကွယ်ပေးထားနိုင်ဖို့ နှစ်ပေါင်းများစွာ အသက်သွင်းထားရတဲ့အတွက် ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်တွေ ပျောက်ကွယ်သွားတာ ဖြစ်လိမ့်မယ်လို့ ငါ ယုံကြည်ပါတယ်။ဒါ့ကြောင့်ပဲ ဒီနေရာကနေ ဘာတုန်ခါမှုလှိုင်းမှ ထွက်ပေါ်မနေခဲ့တာ ဖြစ်မယ်…”
လီယွမ်က ဆောင့်ကြောင့်ထိုင်ချကာ ဖုန်မှုန့်များကို ပတ်သယ်ရှင်းလင်းလိုက်၏။ အနည်းငယ် တွက်ချက်ပြီးသည့်နောက် သူက ခေါင်းညိတ်လိုက်သည်။ “ဒါမှန်တယ်…။ဒီဖုန်မှုန်တွေအရ ဒီနေရာကို ဘယ်သူမှ ရောက်မလာခဲ့တာ အချိန်အတော်ကြာမြင့်နေခဲ့ပြီ။အစ်ကိုရှု ပြောသလိုပဲ ဒီအစီအရင်က ၎င်းရဲ့ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်တွေကို ဆုံးရှုံးပြီး အစီအရင်အသေတစ်ခု ဖြစ်လာခဲ့တာပဲ…”
ထို့နောက် လီယွမ်က ဆက်၍ ရှင်းပြာလိုက်သည်။ “ဒီလိုအစီအရင်အသေတစ်ခုက ၎င်းရဲ့ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင် ဆုံးရှုံးသွားတာနဲ့ ထပ်ပြီး ဖွင့်လို့ မရနိုင်တော့ဘူး။ဒါပေမဲ့လည်း ငါက ဒါကို ပြန်ပြီး ပြုပြင်နိုင်တယ်။ ငါက အချိန်တစ်ချို့ပဲလိုတာပါ။ ဒါ့ကြောင့် ငါ့ကို ကျေးဇူးပြုပြီး ခဏစောင့်ပေးပါ…” ထိုသို့ပြောပြီးသည့်နောက် လီယွမ်သည် ဒူးထောက်ချကာ သူ့ဘယ်လက်ထိပ်ကို အနည်းငယ် ကိုက်၍ အသက်ဝဝရှုသွင်းသည်။ထို့နောက် သူ့လက်ညှိုးကို အစီအရင်ပေါ်သို့ တင်လိုက်၏။
မူလစွမ်းအင်က သူ့လက်ကနေ ထွက်လာခဲ့သည်။ထို့အတူ သူ့ဘယ်လက်ညှိုးထိပ်ကနေ သွေးများစီးဆင်းလာကာ အစီအရင်ထဲသို့ ဝင်ရောက်ကာ ဖြည်းဖြည်းချင်း ပျံ့နှံ့လို့သွားသည်။
ဝမ်လင်းက ဘေးတစ်ဖက်တွင် တည်ငြိမ်စွာ ရပ်နေ၏။သူ့စိတ်ထဲ၌လည်း အပျက်အစီးပုံကို ကြည့်နေရင်း အတိတ်အကြောင်း ပြန်တွေးမိအောက်မေ့မိနေသည်။သည်မိုးကြိုးကောင်းကင်ဘုံနယ်မြေသည် အတိတ်တုန်းက အလွန်ကြွယ်ဝခဲ့ရပေလိမ့်မည်။မဟုတ်ပါက ခုလိုမျိုးအရွယ်အစားရှိသည့် ကုန်သွယ်ရေးနေရာတစ်ခု ရှိခဲ့လိမ့်မည် မဟုတ်ပေ။
သည်ကောင်းကင်ဘုံသားကြိုဆိုင်ခြင်းနန်းတော် ကုန်သွယ်ရေးနေရာ၌ ဆိုင်ပေါင်းများစွာ ရှိခဲ့ကာ ဝမ်လင်းက လွန်ခဲ့သည် မရေမတွက်နိုင်သောနှစ်ပေါင်းများစွာကို ပြန်၍ စိတ်ကူးမြင်ယောင်ကြည့်နေသည်။ အတိတ်တချိန်က ကောင်းကင်ဘုံသားများသည် သူတို့၏ ကောင်းကင်ဘုံရတနာများ၊ကောင်းကင်ဘုံသားရဲများကို သေမျိုးများကဲ့သို့ လိုအပ်ချက်အသီးသီးဖြင့် လှဲလှယ်ကြခဲ့ပေလိမ့်မည်။
အတိတ်တုန်းက ထိုကောင်းကင်ဘုံသားများသည် သူတို့၏ ကောင်းကင်ဘုံနယ်မြေက ပြိုပျပျက်စီးခဲ့လိမ့်မည်ဟု လုံးဝ စိတ်ကူးမိခဲ့ကြလိမ့်မည် မဟုတ်ချေ။
တိတ်ဆိတ်စွာ စဉ်းစားကြည့်နေရင်း ဝမ်လင်းက သက်ပြင်းချမိ၏။သူက မိုးကောင်းကင်ဘုံနယ်မြေတွင် သူတွေ့မြင်ခဲ့သော လက်ဝါးရာအကြောင်းကိုပါ ပြန်တွေးမိသွားသည်။ထိုလက်ဝါးရာမန္တာန်သည် ကမ္ဘာမြေကိုပင် ကွဲအက်ကာ တစစီ ဖြစ်သွားအောင် လုပ်နိုင်ခဲ့လောက်ပေ၏။
“ကံမကောင်းစွာနဲ့ လီယွမ်က မိုးကောင်းကင်ဘုံနယ်မြေကို ရောက်နိုင်စွမ်း မရှိခဲ့တာပဲ။ သူကသာ ရောက်နိုင်ခဲ့ရင် ဒီလက်ဝါးရာကောင်းကင်ဘုံမန္တာန်ကို ပြန်ပြုပြင်နိုင်မလား သိချင်မိတယ်…”
အချိန်က ဖြည်းဖြည်းချင်း ကုန်ဆုံးနေ၏။လီယွမ်၏မျက်နှာက တဖြည်းဖြည်း ဖြူရောလာခဲ့သည်။သူ့ဘယ်လက်မှ သွေးများကလည်း အစီအရင်အနှံ့တွင် ဖြည်းဖြည်းချင်း ပျံ့နှံ့လို့နေ၏။ထိုအစီအရင်သည် စွမ်းအင်တစ်ခုနှင့် ထိုးသွင်းခြင်း ခံနေရသည်။ထို့နောက် လှိုင်းတွန့်တစ်ခု ပေါ်လာခဲ့သည်။
လီယွမ်၏မျက်လုံးသည် တလက်လက် ဖြစ်လာခဲ့၏။ထို့နောက် သူက သူ့မျက်ခုံးနှစ်ခုကြားသို့ လက်ညွှန်လိုက်ရာ အနက်ရောင်လိုင်းတစ်ခုသည် ထိုးထွက်လာခဲ့ကာ အစီအရင်ပေါ်သို့ ကျရောက်လာသည်။သူ့လက်နှစ်ဖက်က မြန်ဆန်စွာ ရွှေ့လျားသွားပြီးနောက် အတားအဆီးများကို ဆက်တိုက် ထုတ်လွှတ်လာနေသည်။
သို့ရာတွင် အနက်ရောင်လိုင်းက အစီအရင်ကို ထိမိသွားသည့်အခိုက်တွင် အလင်းတန်းတစ်ခုက ကောင်းကင်ထက်သို့ ထိုးတက်သွားခဲ့လေ၏။ထိုအလင်းတန်းသည် အဝေးကပင် မြင်ရနိုင်ပေ၏။
လီယွမ်က မှင်သက်လို့သွားသည်။သူက သူ့လက်ထက်ရှိအတားအဆီးများကို မပို့လွှတ်ခင်မှာပင် ၎င်းတို့သည် ပျောက်ကွယ်သွားလေ၏။
“ဖြစ်နိုင်တာက…ဒါက ဒီကောင်းကင်ဘုံအစီအရင် ပထမဆုံးအကြိမ်အဖြစ် ပွင့်တာလား။ ဒါက ပထမဆုံးအကြိမ် ပွင့်တာပဲ…” လီယွမ်က အလင်းတန်းကို စူးစိုက်ကြည့်နေရင်း သူ့မျက်လုံးက တောက်ပသထက် တောက်ပလာခဲ့သည်။
ဝမ်လင်းက အနည်းငယ် လှဲ့၍ အလင်းတန်းကို တစ်ချက်ကြည့်လိုက်သည်။
ထို့နောက် ဝမ်လင်းက တည်ငြိမ်စွာ ပြောလိုက်၏။ “အစ်ကိုလီ…”
လီယွမ်က အသက်ဝဝရှုသွင်းလိုက်သည်။အလင်းတန်းက မှိန်ဖျော့သွားကာ သိပ်မကြာခင်တွင် ပျောက်ကွယ်သွားတော့မလို ဖြစ်လာ၏။ ဝမ်လင်းသည် သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်ရာ တစ်စုံတစ်ခုကို သတိပြုမိသွားသည်။
ဖိနှိပ်ထားခြင်းခံထားရသည့် ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်သည် ထိုအလင်းတန်းထဲကနေ အုံကြွလာသည်ဟု ထင်လိုက်ရ၏။
လီယွမ်ကလည်း ဖျော့တော့သွားသော အလင်းတန်းကို ကြည့်ကာ ပြောလိုက်သည်။ “ဒီကောင်းကင်ဘုံအစီအရင်ကို ခဏခဏ ဖွင့်လှစ်ခဲ့ပြီးရင် ဒီအလင်းတန်းက ပေါ်လာမှာ မဟုတ်ဘူး။ဒါပေမဲ့လည်း ဒါက ပထမဆုံးအကြိမ်ဖွင့်လှစ်တာ ဖြစ်တဲ့အတွက် အစီအရင်ရဲ့စိတ်ဝိညာဉ်ဟာ ဒါကို မဖွင့်လှစ်ခင် ထုတ်လွှတ်ဖို့ လိုအပ်တယ်…”
“ပထမဆုံးအကြိမ်…” ဝမ်လင်းမျက်လုံးက ကျဉ်းမြောင်းသွားသည်။
“ဒါမှန်တယ်…။မှန်တယ်။ ဒီအစီအရင်က ပထမဆုံးအကြိမ်အဖြစ်ပွင့်လာတာ ဖြစ်တဲ့အတွက် ဒီအလင်းတန်း ပျောက်ကွယ်သွားတာနဲ့ ငါတို့က အထဲကို ဝင်ပြီး ဘာရှိလဲ တွေ့မြင်နိုင်ပြီ…” လီယွမ်က အစီအရင်ကို စူးစိုက်ကြည့်ကာ နှုတ်ခမ်းသပ်လိုက်မိသည်။
ဝမ်လင်းက ခေါင်းညိတ်လိုက်၏။သူ့အသွင်က အကွာအဝေးတစ်ခုသို့ လှမ်းကြည့်လိုက်ရင်း ရုတ်တရက် ပြောင်းလဲသွားသည်။သူက အကွာအဝေးတစ်ခုမှ ဓားအလင်းတန်းနှစ်ခု လာနေသည်ကို တွေ့မြင်ခဲ့ကာ ၎င်းတို့သည် အားကောင်းသောကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင် တုန်ခါမှုလှိုင်းကို ပေးစွမ်းနေသည်။သူတို့က အလင်းတန်းကို တွေ့မြင်လိုက်ချိန်၌ မည်သို့ဖြစ်ပျက်နေသည်ကို သိလိုဟန်နှင့် လာကြသည့်ပုံပင်။
ဝမ်လင်းက သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်၏။ သူ့ညာလက်ကို မြေပြင်သို့ ဆန့်ထုတ်လိုက်သည်။ ထိုအခါ ကျောက်စကျောက်နများသည် ပျံဝဲတက်လာကာ ဖုန်မှုန်များအဖြစ်သို့ ပြောင်းလဲသွားသည်။ထို့နောက် ဝမ်လင်းသည် ၎င်းဖုန်မှုန်များကို နေရာအနှံ့သို့ ပြန့်ကျဲစေလိုက်၏။
ချက်ခြင်းပင် ဖုန်မှုန်များက အချင်းပေတစ်ရာရှိသော အဝန်းအဝိုင်းတစ်ခု အဖြစ်သို့ ပြောင်းလဲသွား၏။၎င်းက သည်နေရာကို အပြင်ကနေ သီးသန့်ဖြစ်စေလိုက်၏။
ဝမ်လင်းမျက်လုံးက ဖျော့တော့သော အလင်းတန်းပေါ်သို့ ကျရောက်သွားပြီးနောက် သူက တည်ငြိမ်စွာ ပြောလိုက်လေ၏။ “သေချင်တဲ့လူ ဝင်လာခဲ့ကြ…”
သူ့အသံက တိုးညင်းသော်လည်း ထိုဓားအလင်းတန်းနှစ်ခုအဖြစ် ဝင်လာသည့် လူနှစ်ယောက်၏ နားထဲသို့ မိုးခြိမ်းသံအလား ဝင်ရောက်သွားသည်။သည်လူနှစ်ယောက်က အာဏာတက်ခြင်းအလယ်အဆင့်တွင်သာ ရှိကာ သူတို့၏စိတ်များသည် အသံကြောင့် တုန်ခါထွက်သွားကြသည်။သူတို့အောက်ရှိ ဓားအလင်းများပင် မတည်မငြိမ် ဖြစ်လာခဲ့ကြသည်။ထိုလူနှစ်ယောက်က ဖုန်မှုန်အဝန်းအဝိုင်း၏ အပြင်ဘက်တွင် ရပ်တန့်လိုက်ကြကာ အထဲသို့ ခြေတစ်ဝက်ပင် လှမ်းလာဝံ့ကြခြင်း မရှိတော့ပေ။
သူတို့နှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ပြီးနောက် ဓားများကို ပြန်သိမ်းဆည်းလိုက်ကြ၏။ တစ်ယောက်က လေးစားစွာနှင့် ဆိုလာသည်။ “ဂျူနီယာတို့နှစ်ယောက်က အနောက်ပိုင်းနယ်မြေရဲ့ ကျောက်မိသားစုကပါ။ကျွန်တော်တို့က စီနီယာရဲ့ အမိန့်ကို နာခံပါ့မယ်။အထဲကို ခြေတစ်လှမ်းမှ မချဝံ့ပါဘူး…”
အလင်းတန်းက မြန်ဆန်စွာ ပျောက်ကွယ်လာနေ၏။ လီယွမ်က အစီအရင်အနားသို့ ပိုတိုးကပ်လိုက်ရင်း သူ့မျက်လုံးက တလက်လက် ဖြစ်နေတော့သည်။သူက အလင်းတန်း လုံးဝ ပျောက်ကွယ်မည့်အချိန်ကို စောင့်နေ၏။ အပြင်ဘက်ရှိ ကျင့်ကြံသူနှစ်ယောက်သည် မျက်လုံးပြူးကာ သေချာကြည့်ရှုနေကြ၏။သူတို့က သည်လိုမြင်ကွင်းမျိုးကို တစ်ခါမျ မတွေ့မြင်ခဲ့ဘူးပေ။ သို့သော် အနည်းငယ် စဉ်းစားကြည့်ရုံဖြင့် သူတို့သည် သည်နေရာတွင် ရတနာတစ်ခု ရှိနေမှန်း ခန့်မှန်းမိသွား၏။
သူတို့က ၎င်းရတနာကို မလုယူဝံ့သော်လည်း ထွက်သွားခြင်းလည်း မရှိပေ။
အစီအရင်၏ စိတ်ဝိညာဉ်အလင်းတန်းက ထိုးထွက်သွားမှုသည် ကြီးမားလှသည့်အတွက်ကြောင့် သည်အစိတ်အပိုင်းမြေပေါ်ရှိ ကျင့်ကြံသူများသည် ၎င်းကို တွေ့မြင်ခဲ့ကြပေသည်။ကျင့်ကြံသူတိုင်းက ၎င်းအလင်းတန်းကို တွေ့မြင်လိုက်သည်နှင့် သူတို့စိတ်ထဲ၌ ပထမဆုံးတွေးမိသည်မှာ ရတနာတစ်ခု ပေါ်ထွက်လာပြီ ဟူ၍ပင်။
ကျင့်ကြံသူအားလုံးနီးပါးက သည်အလင်းတန်းနေရာသို့ လာရောက်ကြရန် ဆန္ဒရှိနေကြ၏။ ကျောက်မိသားစုမှ နှစ်ယောက်သည် အနီးဆုံးဖြစ်နေသည့်အတွက် သူတို့က အရင်ဆုံး ရောက်ရှိလာခဲ့ကြခြင်းပင်။
သိပ်မကြာခင်တွင် အလင်းတန်းများက အရပ်မျက်နှာအနှံ့ကနေ ရောက်ရှိလာကြ၏။ သူတို့အားလုံးက အမျိုးမျိုးသော ကျင့်ကြံခြင်းအဆင့်များ ရှိကြသည်။ သို့သော် ထိုသူများထဲတွင် မည်သူကမျှ ပုံရိပ်ယောင်ယင်အဆင့်ကျင့်ကြံမှုတွင် ရှိမနေကြဘဲ အမြင့်ဆုံးက အာဏာတက်ခြင်းအထွတ်အထိပ်အဆင့်သာ ဖြစ်၏။
သည်လူများက ရောက်ရှိလာသည့်အခါ ဖုန်မှုန့်အဝန်းအဝိုင်းကို တွေ့မြင်လိုက်သည်နှင့် သူတို့က ရပ်တန့်လိုက်ကြသည်။ရှေ့သို့ တိုးကပ်သွားဝံ့ကြခြင်း မရှိတော့ပေ။ သို့သော်လည်း သူတို့၏ အကြည့်က ပျောက်ကွယ်နေသော အလင်းတန်းပေါ်သို့ ကျရောက်နေကာ သူတို့၏မျက်လုံးထဲ၌ လောဘအရိပ်အယောင်များ ဖြစ်ပေါ်နေကြသည်။
သို့သော်လည်း သူတို့က ဝမ်လင်းကို မြင်သည်နှင့် သူတို့၏အသွင်က ချက်ခြင်း ပြောင်းလဲသွားကြသည်။သူတို့သည် ဝမ်လင်းခန္ဓာကိုယ်မှ ထွက်ပေါ်နေသော မူလစွမ်းအင်ကို ခံစားမိကာ သူတို့အကြည့်ကိုပါ ပြန်ရုတ်သိမ်းသွားစေ၏။မည်သူကမျှ အစီအရင်၏ ပေတစ်သောင်းပတ်လည်အတွင်းသို့ ဝင်လာရဲကြခြင်း မရှိပေ။
ဝမ်လင်းက ထိုလူများကို အာရုံစိုက်မနေပေ။ ခဏတာကြာမြင့်ပြီးသည့်နောက် အလင်းတန်းက ပျောက်ကွယ်သွားလေ၏။
အလင်းတန်း ပျောက်ကွယ်သွားသည့်အခိုက်အတန့်တွင် အစီအရင်၏မျက်နှာပြင်ပေါ်၌ တွင်းနက်တစ်ခု ပေါ်လာခဲ့၏။၎င်းအထဲကနေ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်လှိုင်းများ ထွက်ပေါ်နေခဲ့သည်။ ပေတစ်သောင်းအကွာရှိ လူများပင် ထိုလှိုင်းကို ခံစားမိနေနိုင်၏။
လောဘကြီးသော အကြည့်များက ၎င်းတွင်းနက်ပေါ်သို့ လာစုဝေးကြကုန်သည်။
ဝမ်လင်းသည် သည်နေရာတွင် ရှိမနေပါက သူတို့သည် တဟုန်ထိုး တိုးဝင်လာနေလောက်ပြီ ဖြစ်သည်။ထိုတွင်းနက်က သူတို့အား အလွန်လောဘတက်စေနေ၏။
ထိုသို့ ဘာကြောင့်ဖြစ်မှန်း မသိရပေ။ မည်သူကမျှ သည်တွင်းနက်ထဲတွင် ဘာရှိမှန်းလဲ မသိကြပေ။ သို့သော် ထို့အကြောင့်ပ် သူတို့၏ လောဘက ပို၍ အားကောင်းလာနေခဲ့တော့၏။
ဤအခိုက်အတန့်၌ မူလစွမ်းအင်ကို သယ်ဆောင်ထားသော ဓားအလင်းတန်းတစ်ခုသည် မိုးကုပ်စက်ဝန်းထက်ကနေ လှမ်းလာနေ၏။၎င်းက ဖုန်မှုန်အဝန်းအဝိုင်းကို တည်ရှိသည်ဟုပင် သဘောမထားဘဲ အလင်းတန်းရှိရာသို့ တန်းဝင်လာနေသည်။
ပေတစ်သောင်းပတ်လည်ရှိ ကျင့်ကြံသူများ၏ မျက်လုံးများသည် ထူးဆန်းသောအလင်းတစ်ခု ထွက်ပေါ်လာကြ၏။ ဒုတိယအဆင့်သို့ ရောက်နေသော နောက်ထပ်ကျင့်ကြံသူတစ်ယောက် ရောက်လာခဲ့ပေပြီ။
မူလစွမ်းအင်ကို ဖြန့်ကျက်ထားရင်း အဝါရောင်အရိပ်တစ်ခုသည် ဓားအလင်းတန်းပေါ်တွင် လိုက်ပါကာ မြန်ဆန်စွာ နီးကပ်လာနေ၏။
***