လီယွမ်က အာဏာတက်ခြင်းအထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေခဲ့ပြီး ဖြစ်သည်။ပုံရိပ်ယောင်ယင်အဆင့်သို့ သူ မရောက်ရသည့် အကြောင်းရင်းမှာ သူ့ခန္ဓာကိုယ်ထဲ၌ မူလစွမ်းအင် ကင်းမဲ့နေသောကြောင့် ဖြစ်သည်။
ဝမ်လင်းက မူလစိတ်ဝိညာဉ်သုံးခုဖြင့် သူ့ကို အထောက်အပံ့ပြုပေးခဲ့ပေသည်။အထူးသဖြင့် ပုံရိပ်ယောင်ယင်အဆင့်ကျင့်ကြံသူ၏ မူလစွမ်းအင်နှင့်ပြည့်နေသော မူလစိတ်ဝိညာဉ်ပင်။ထို့အတွက်ကြောင့် လီယွမ်၏ အဆင့်ချိုးဖျက်နိုင်ဖို့ အခွင့်အရေးက အများကြီး တိုးလာခဲ့ရသည်။
လီယွမ်ဘေးနားပတ်လည်တွင် အတားအဆီးအချို့ ချမှတ်ပေးထားပြီးသည့်နောက် ဝမ်လင်းသည် သူ့ဘေးတွင် ထိုင်ကာ စတင်၍ စဉ်စားနေတော့၏။
“သွေးဘိုးဘေးက တကယ့်ကို ယောင်မိသားစုက လူပဲ။ယောင်မိသားစုက အလွန်ပဲ စွမ်းအားကောင်းလှတယ်။အထူးသဖြင့် ယောင်မိသားစုရဲ့သွေးနတ်ဘုရားပဲ…”
ဝမ်လင်း၏မျက်လုံးများက အေးစက်လာခဲ့သည်။
“ငါက စကျင့်ကြံခဲ့ကတည်းက အားကောင်းတဲ့ရန်သူတွေ မရှိခဲ့တာမှာ မဟုတ်တာ။ ဒါ့ကြောင့် သွေးနတ်ဘုရားကို ထည့်ပေါင်းရင်လည်း ဘာမှ ပိုများသွားစရာ မရှိတော့ဘူး…” ဝမ်လင်းက အခုဖြစ်ပွားခဲ့သော ကိစ္စများနောက်၌ သွေးနတ်ဘုရားရှိနေသည်ကို သိနေလျှင်ပင် သူက လီယွမ်ကို သည်အတိုင်း သေခွင့်မပြုနိုင်ပေ။
ထို့အပြင် သူက သွေးဘိုးဘေးကို ဆန့်ကျင်ခဲ့ကတည်းက ဆုံးဖြတ်ချက်တစ်ခု ချမှတ်ခဲ့ပြီး ဖြစ်သည်။
“ငါက ကမ္ဘာလောကနဲ့တစ်သားတည်း ဖြစ်စေတဲ့ မန္တာန်ကို ကျွမ်းကျင်သွားရင် တာ့ဆန် ရောက်လာရင်တောင် ငါက လွတ်မြောက်အောင် လုပ်နိုင်စွမ်း ရှိလိမ့်မယ်။ ဒါပေမဲ့လည်း ဒီအဘိုးအိုရဲ့ မှတ်ဉာဏ်ထဲက တစ်ချို့အရာတွေက တော်တော်စိတ်ဝင်စားဖို့ ကောင်းသားပဲ။ ဒါတွေက ငါ့အတွက်တောင် အကျိုးရှိစေနိုင်တယ်…”
ဝမ်လင်းမျက်လုံးထဲ၌ ပြတ်သားသောအကြည့်တစ်ခု ဖြစ်ပေါ်နေ၏။သူက ထိုင်ချကာ သူ့ခန္ဓာကိုယ်ထဲရှိ မူလစွမ်းအင်များကို စတင်သန့်စင်လိုက်၏။
“ငါ့ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ မူလစွမ်းအင်အားလုံးကို စုပ်ယူပြီးတာနဲ့ ငါက အစစ်အမှန်ဒုတိယအဆင့်ဖြစ်တဲ့ နိဗ္ဗာနကြိုမြင်ခြင်းအစောပိုင်းအဆင့်နဲ့ အတော်လေး နီးကပ်သွားလိမ့်မယ်…” ဝမ်လင်းက ခဏတာစဉ်းစားလိုက်ပြီးနောက် လက်ဝှေ့ယမ်းလိုက်သည်။ထိုအခါ သိုလှောင်အိတ်သုံးခုနှင့် ဓားတိုများသည် သူ့ထံသို့ ပျံသန်းလာကြ၏။
ထိုသိုလှောင်အိတ်သုံးခုသည် စောနပိုင်းက သူသတ်ခဲ့သည့် ယောင်လူငယ်၊အမျိုးသမီးနှင့်အဘိုးအို တို့ပိုင်ဆိုင်သည့်အရာများ ဖြစ်ကြသည်။ဝမ်လင်း၏အကြည့်က လီယွမ်သိုလှောင်နေရာလွတ်ထဲကနေ ရရှိလာသည့် ဓားများအပေါ်သို့ ကျရောက်သွားသည်။
ထိုဓားများကို သူ့နတ်ဘုရားအာရုံဖြင့် စစ်ဆေးကြည့်လိုက်သည့်အခါ သူက အတွေးများသွား၏။
သည်ဓားကိုးလက်က ချက်ခြင်းလေထဲသို့ ပျံတက်သွားကာ မြေပြင်ပေါ်သို့ ထိုးစိုက်သွား၏။ဓားရှစ်ခုသည် စက်ဝိုင်းအသွင်ဖြစ်ပေါ်ကာ အလယ်တွင် ဓားတစ်လက် ရှိနေ၏။
ဝမ်လင်းက သူ့သိုလှောင်အိတ်ကို ပုတ်လိုက်ရာ သားရဲအရိုးကိုးခုသည် ချက်ခြင်း ပျံသန်းထွက်လာခဲ့သည်။အကြီးဆုံးသားရဲအရိုးသည် စက်ဝန်းအလယ်သို့ ကျရောက်သွားကာ ကျန်သည့်အရိုးရှစ်ခုက ဓားရှစ်လက်အား ထပ်မံ ဝန်းပတ်သွားသည်။
ထိုပုံစံက ဝမ်လင်း ၎င်းတို့ကို သိုလှောင်နေရာလွတ်ထဲ၌ ရှာတွေ့ခဲ့တုန်းကကဲ့သို့ အစီအရီပုံစံ ဖြစ်သည်။
သူက အရိုးကိုးခုကို သေချာကြည့်နေ၏။ ဝမ်လင်းက ၎င်းတို့ကို အရင်တုန်းက စစ်ဆေးကြည့်ခဲ့သေးသည်။၎င်းအရိုးတို့အား ထိန်းချုပ်ခြင်းနှင့် သူ့နတ်ဘုရားအာရုံကို ၎င်းတို့ပေါ်သို့ ခပ်နှိပ်နိုင်ခြင်းတို့ မရှိအောင် တားဆီးထားသော အမှတ်အသားအချို့ ရှိလို့နေခဲ့သည်။
အတိတ်တုန်းက သူက သည်သားရဲအရိုးရတနာသည် အသက်သွင်းနိုင်ရန် အထူးနည်းလမ်းအချို့ လိုအပ်လိမ့်မည်ဟု တွေးထင်ခဲ့ဖူးသည်။သူက ၎င်းသားရဲအရိုးတို့ကို ဓားများနှင့်အတူ အရင်တုန်းကပုံစံအတိုင်း ပြန်နေရာချကြည့်လိုက်သည့်အခါ ခြားနားမှုတစ်ခုကို ချက်ခြင်း သတိပြုမိလိုက်သည်။
အနည်းငယ်စဉ်းစားပြီးသည့်နောက် ဝမ်လင်း၏နတ်ဘုရားအာရုံသည် ပျံ့နှံ့သွားကာ သေးငယ်သောသားရဲအရိုးရှစ်ခုထဲသို့ ဝင်ရောက်သွားသည်။သူ့နတ်ဘုရားအာရုံက ၎င်းတို့ကို ထိမိလိုက်သည့်အခိုက်တွင် အရိုးရှစ်ခုသည် ချက်ခြင်း တုန်ခါ်လာကာ ၎င်းတို့ထံကနေ စုပ်အားတစ်ခု ထွက်ပေါ်လာခဲ့သည်။ဝမ်လင်း၏ နတ်ဘုရားအာရုံက ထိုစုပ်အားကို ချက်ခြင်း ခံစားမိလိုက်၏။
သူ့မျက်လုံးက လက်ခနဲ ဖြစ်သွားသည်။သူက သူ့မူလစွမ်းအင်ကို သူ့နတ်ဘုရားအာရုံထဲသို့ ထည့်သွင်းလိုက်၏။စုပ်အားအတိုင်း လိုက်ပါသွားရင်း သူ့နတ်ဘုရားအာရုံသည် အစိတ်အပိုင်းရှစ်ခုအဖြစ်သို့ ကွဲထွက်သွားကာ အရိုးစုရှစ်ခုထဲသို့ ဝင်ရောက်သွားသည်။
ထိုစုပ်အားက အဆုံးမရှိသည့်ပုံ ရကာ သူ့နတ်ဘုရားအာရုံကို ဆက်လက်စုပ်ယူနေရင်း သူ့မူလစိတ်ဝိညာဉ်တစ်ခုလုံးကိုပါ စုပ်ယူလိုလာဟန် ရသည်။အနည်းငယ် စဉ်းစားပြီးသည့်နောက် ဝမ်လင်းသည် သူ့နတ်ဘုရားအာရုံကို အရိုးများထံကနေ ပြန်ထုတ်ယူလိုက်၏။
ထို့နောက် သူ့လက်ဖြင့် ချိပ်တံဆိပ်များကို ဖြစ်ပေါ်စေကာ သူက မရေမတွက်နိုင်သော ချိပ်ပိတ်မှုများကို ပတ်ဝန်းကျင်တွင် နေရာချလိုက်၏။သည့်နောက် သူ့မူလစွမ်းအင်သည် ဖြန့်ကျက်လာကာ သူနှင့်ပေတစ်သောင်းပတ်လည်အတွင်း အရာအားလုံးသည် ဝန်းရံထားခြင်း ခံလိုက်ရ၏။မူလစွမ်းအင်နှင့်ပြည့်နေသော အဖြူရောင်မြူလွှာတစ်ခုသည် ပေါ်လာခဲ့၏။
အပြင်လူတစ်ယောက်ယောက်က သည်မြူလွှာကို မြင်တွေ့ခဲ့လျှင် သူတို့သည် မဆင်မခြင်လုပ်ဝံ့ကြလိမ့်မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ထိုမြူလွှာက မူလစွမ်းအင်ဖိအားနှင့် ပြည့်နေသောကြောင့်ပင်။ပုံရိပ်ယောင်ယင်အဆင့်နှင့်အထည်ဒြပ်ယန်အဆင့် ကျင့်ကြံသူတို့ပင် အလွန်သတိထားသွားပေလိမ့်မည်။
လူတစ်ယောက်က မြူလွှာထဲသို့ ဝင်လာခဲ့ပါကာ မြူလွှာအတွင်းရှိ မူလစွမ်းအင်၏ တိုက်ခိုက်ခြင်းကို ခံရပေလိမ့်မည်။
မူလစွမ်းအင်မြူလွှာကို ဖြစ်ပေါ်စေပြီးသည့်နောက် ဝမ်လင်းသည် အနည်းငယ်စဉ်းစားလိုက်၏။ထို့နောက် သူက ပါးစပ်ဟကာ အစိတ်အပိုင်းမြေတံဆိပ်တုံးကို မြူလွှာထဲသို့ ပေါင်းထည့်လိုက်၏။ထို့နောက်တွင်တော့ သူက စိတ်အေးဆေးဖြစ်သွားကာ ထိုင်ချလိုက်သည်။သူ့ရှေးဟောင်းမိုးကြိုးနဂါးမူလစိတ်ဝိညာဉ်ကလည်း ထိုးထွက်လာခဲ့ပြီးနောက် သားရဲအရိုးရှစ်ခုထံသို့ တရကြမ်း ဝင်သွားတော့သည်။
သူ့မူလစိတ်ဝိညာဉ် နီးကပ်လာသည့်အခိုက်တွင် အရိုးရှစ်ခုထံမှ စုပ်အားက ထွက်ပေါ်လာ၏။ဝမ်လင်း၏မူလစိတ်ဝိညာဉ်သည် ရှစ်ပိုင်းကွဲထွက်သွားပြန်ကာ အရိုးတစ်ခုချင်းစီထံသို့ ဝင်ရောက်လို့သွားသည်။
ဝမ်လင်း၏မူလစိတ်ဝိညာဉ်ကို စုပ်ယူပြီးသည့်နောက် အရိုးရှစ်ခုသည် နတ်ဆိုးဆန်သောအလင်းတစ်ခုကို ထုတ်လွှတ်လာသည်။နတ်ဆိုးအလင်းက ပို၍ပို၍ တောက်ပလာကာ အဆုံးတွင် အရိုးများထံမှ အပြာရောင်အလင်း ထိုးထွက်လာပြီး အလယ်ရှိဓားထံသို့ တိုးဝင်သွားသည်။
ထိုအပြာရောင်အလင်းထဲ၌ ဝမ်လင်း၏မူလစိတ်ဝိညာဉ်လည်း ပါဝင်နေသည်။သူ့မူလစိတ်ဝိညာဉ်သည် အတွင်းဘက်၌ပြောင်းလဲမှုတစ်ခု ဖြစ်နေ၏။ထိုပြောင်းလဲမှုကို ဝမ်လင်းက နားမလည်ပေ။
အလယ်ရှိဓားက တုန်ယင်နေကာ ဓားတေးသံကို ထုတ်လွှတ်လာသည်။ဝမ်လင်း၏မူလစိတ်ဝိညာဉ်သည် တစ်ခုတည်း အဖြစ်သို့ ပြန်ပေါင်းစပ်သွားကာ ချက်ခြင်းပင်ပြင်းထန်သောဓားစွမ်းအင်တစ်ခု ထိုးထွက်လာပြီး သူ့မူလစိတ်ဝိညာဉ်ထံသို့ တိုးဝင်လာခဲ့သည်။
ဝမ်လင်း၏မျက်လုံးက ကျဉ်းမြောင်းသွားကာ သူ့ခန္ဓာကိုယ်ထဲရှိ မူလစွမ်းအင်သည် မုန်တိုင်းတစ်ခုကဲ့သို့ ပျံ့နှံ့လာကာ ဓားစွမ်းအင်အားလုံးကို လွင့်ပြယ်သွားစေသည်။ သို့ရာတွင် ထိုအခိုက်အတန့်၌ ပိုများသောဓားစွမ်းအင်များက အဆုံးမရှိနိုင်သကဲ့သို့ ပေါ်လာပြန်လေသည်။
“တစ်ခုခုတော့ မှားနေပြီ…။ဒါက အတားအဆီးတစ်ခုပဲ…” ဝမ်လင်းက ထိုအတားအဆီးကို ကြည့်ကာ စတင်၍ ဆင်ခြင်နေသည်။သူက ထိုင်ချလိုက်၏။သူက ဓားစွမ်းအင်ကို ပိတ်ဆို့ရန် မူလစွမ်းအင်ဒိုင်းတစ်ခုကို ဖန်တီးလိုက်ပြီး ၎င်းဓားစွမ်းအင်များကို လစ်လျူရှုထားလိုက်သည်။
အချိန်မည်မျှကြာသွားမှန်း မသိပြီးသည့်နောက် ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွား၏။သူက သည်အတားအဆီးကို ဖြတ်မြင်နိုင်စွမ်း ရှိသွားခဲ့သည်။အတွေးတစ်ချက်ဖြင့်ပင် မရေမတွက်နိုင်သောအတားအဆီးများသည် သူ့ပတ်လည်တွင် ပေါ်လာခဲ့ကာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့ကြကုန်၏။
သည်အခိုက်အတန့်၌ သားရဲအရိုးရှစ်ခုနှင့် ဝန်းရံထားသော ဓားသည် ပျံသန်းထွက်လာသည်။၎င်းက ဓားရှစ်လက်ဝန်းရံထားသော အရိုးများပေါ်ကနေ ပျံသန်းလာခဲ့၏။ထိုဓားက အောက်သို့ စိုက်ကျသွားရာ ဓားစွမ်းအင်တစ်ခု ချက်ခြင်း ထိုးထွက်လာ၏။
ထိုအလယ်ရှိဓား၏ ဓားစွမ်းအင်က ဓားစွမ်းအင်တန်းရှစ်ခုအဖြစ်သို့ ခွဲထွက်ကာ ကျန်သည့်ဝန်းရံထားသော ဓားရှစ်လက်ထံသို့ တိုးဝင်သွားခဲ့သည်။ဝမ်လင်း၏ မူလစိတ်ဝိညာဉ်ကလည်း နောက်တစ်ဖန် ရှစ်ခုကွဲထွက်သွားကာ ၎င်းကောင်းကင်ဘုံဓားများထဲသို့ ဝင်ရောက်သွားပြန်သည်။
သုံးရက်ကြာမြင့်ပြီးသည့်နောက် ဓားရှစ်လက်လုံးထံကနေ ဓားစွမ်းအင်တို့ ထိုးထွက်လာကာ အလယ်ဗဟိုရှိ အကြီးဆုံးသားရဲအရိုးထံသို့ ဦးတည်သွားကြ၏။ဝမ်လင်း၏ မူလစိတ်ဝိညာဉ်သည်လည်း ဓားစွမ်းအင်နှင့်အတူ ထွက်လာခဲ့ကာ ထိုအကြီးဆုံးသားရဲအရိုးထဲသို့ ဝင်ရောက်သွားသည်။
သူ့မူလစိတ်ဝိညာဉ်က ထိုသားရဲအရိုးထဲ၌ တစ်ခုတည်းအဖြစ် ပြန်ပေါင်းစပ်သွားခဲ့ကာ တစ်ချိန်တည်းမှာပင် သူ့အရိုးထဲ၌ သူက အမှတ်အသားခပ်နှိပ်နိုင်သွားသည်။ဝမ်လင်း၏ စိတ်ဝိညာဉ်ထဲ၌ ဉာဏ်အလင်းအမျိုးအစားတစ်ခု ပေါ်လာခဲ့၏။သူက သည်သားရဲအရိုးကို တစ်သားတည်းနားလည်သွားကာ ၎င်းက သူ့ခန္ဓာကိုယ်၏အစိတ်အပိုင်းတစ်ခု ဖြစ်လာသကဲ့သို့ပင်။
အချိန်အတန်ကြာမြင့်ပြီးသည့်နောက် ဝမ်လင်း၏မူလစိတ်ဝိညာဉ်သည် သားရဲအရိုးထဲကနေ ပျံသန်းထွက်လာကာ သူ့ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်ရောက်သွားသည်။
ဝမ်လင်းက မျက်လုံးဖွင့်လာ၏။သူ့မျက်လုံးအကြည့်ထဲ၌ စိတ်လှုပ်ရှားမှုနှင့် တုန်လှုပ်ဟန်တို့ ဖြစ်ပေါ်နေခဲ့သည်။
“ဒါက တကယ့်ကို ကောင်းကင်ဘုံသားတစ်ယောက်ရဲ့ ရတနာ ဖြစ်ထိုက်တာပဲ။ဒီလို အထူးနည်းလမ်းတစ်ခု မရှိရင် ငါ့ရဲ့ အမှတ်အသားကို ဒီအရိုးရတနာပေါ်မှာ ခပ်နှိပ်နိုင်ဖို့ နည်းလမ်း ရှိမှာ မဟုတ်ဘူး။ငါက ငါ့ရဲ့အမှတ်အသားခပ်နှိပ်မှုကို အောင်အောင်မြင်မြင် ဖြစ်သွားတာနဲ့ ငါက ဒါကို အသုံးပြုရမယ့် နည်းလမ်းတွေပ တစ်ခါတည်း ရရှိခဲ့တယ်…”
ဝမ်လင်းက မတ်တပ်ထရပ်လိုက်ကာ လက်ဝှေ့ယမ်းလိုက်သည်။
ကြီးမားသည်သားရဲအရိုးက သူ့ထံသို့ ချက်ခြင်း ပျံသန်းလာခဲ့လေ၏။
“ဒါကို ခြောက်သွေ့တာအိုတစ်စုံ လိုခေါ်တာပဲ။ ဒါက အစစ်အမှန်ရတနာတစ်ခုအဖြစ် ယူဆလို့ရတယ်။ကံမကောင်းစွာနဲ့ ရှေးဟောင်းနတ်ဘုရားတွေနဲ့ တိုက်ပွဲဖြစ်တုန်းက အရင်ပိုင်ရှင်ရဲ့လက်ထဲမှာ ဒီရတနာက ထိခိုက်ပျက်စီးသွားခဲ့တာပဲ။ဒါပေမဲ့လည်း ဒီအရိုးရတနာရဲ့ စွမ်းအားက အံ့အားသင့်ဖို့ ကောင်းနေတုန်းပဲ။ ဒါက ငါ့ရဲ့အားအကောင်းဆုံးရတနာတွေထဲက တစ်ခု ဖြစ်လာလိမ့်မယ်…” ဝမ်လင်းက သူ့ညာလက်ကို ဆန့်တန်းလိုက်ရာ သားရဲအရိုးသည် အသက်ဝင်လာသလား မှတ်ထင်ရသည်။၎င်းက ဝမ်လင်းထံသို့ တဟုန်ထိုး ဝင်လာကာ သူ့လက်ထဲတွင် ပျောက်ကွယ်သွားတော့သည်။
ခဏတာကြာမြင့်ပြီးသည့်နောက် သားရဲအရိုးအမှတ်အသားတစ်ခုသည် ဝမ်လင်း၏ ညာလက်ပေါ်တွင် ပေါ်လာခဲ့လေ၏။
သူက မူလစွမ်းအင်မြူလွှာကို ပြန်ရုတ်သိမ်းခြင်း မပြုဘဲ လီယွမ်ထံသို့ ကြည့်လိုက်သည်။လီယွမ်၏ဒဏ်ရာအများစုသည် ပျောက်ကင်းသွားခဲ့ပြီး ဖြစ်ကာ သူ့မူလစိတ်ဝိညာည်က မူလစွမ်းအင်များကို စုပ်ယူနေရင်း အဆင့်ချိုးဖျက်ရန် တာဆူနေသည်။ဝမ်လင်းက လီယွမ်သည် ထိုအဆင့်ချိုးဖျက်မှုကို လုပ်နိုင်မလား၊မလုပ်နိုင်ဘူးလား သေချာမသိပေ။
လီယွမ်နိုးထလာမည့်ကို စောင့်နေရင်း ဝမ်လင်းက သူသတ်ခဲ့သော သုံးယောက်၏ သိုလှောင်အိတ်သုံးခုကို ထုတ်ယူကြည့်လိုက်သည်။အမျိုးသမီး၏ အိတ်ထဲရှိ ပစ္စည်းများက ဝမ်လင်းအာရုံကို ဖမ်းစားနိုင်ခြင်း မရှိပေ။ ၎င်းအိတ်ထဲရှိ ကောင်းကင်ဘုံကျောက်စိမ်းပြားများကို ထုတ်ယူပြီးသည့်နောက် ဝမ်လင်းက ထိုအိတ်ကို ဘေးသို့ ချထားလိုက်၏။
ယောင်လူငယ်၏အိတ်ထဲတွင်လည်း ပစ္စည်းအချို့ ရှိနေ၏။သူက ၎င်းတို့ကို ကြည့်လိုက်သည့်အခါ သူ့အကြည့်က ပစ္စည်းတစ်ခုပေါ်သို့ ကျရောက်သွားသည့်အခါ သူ့မျက်လုံးသည် ကျဉ်းမြောင်းသွားသည်။
၎င်းအရာက စက္ကူအဆောင်တစ်ခုပင်။
အခြားပစ္စည်းများကတော့ ဘာမှ မဟုတ်ပေ။ သည်အဆောင်က အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းကို သူရောက်ရှိလာပြီးနောက် တွေ့ရသည့် ဒုတိယမြောက်တစ်ခု ဖြစ်လေသည်။
အနည်းငယ်စဉ်းစားပြီးနောက် ဝမ်လင်းက သူ့သိုလှောင်အိတ်ထဲက နောက်ထပ်အဆောင်တစ်ခုကို ထုတ်ယူလိုက်၏။ ထိုအဆောင်နှစ်ခုက အရွယ်အစားတူလှသော်လည်း ၎င်းတို့ပေါ်၌ ရေးဆွဲထားသည် သင်္ကေတများကတော့ ခြားနားလှပေ၏။
“ဒါက ဘာများလဲ…” ဝမ်လင်းက သူ့နတ်ဘုရားအာရုံဖြင့် ၎င်းအဆောင်နှစ်ခုကို စစ်ဆေးကြည့်လိုက်သည်။၎င်းအဆောင်နှစ်ခုထံကနေ မူလစွမ်းအင်ခပ်ဖျော့ဖျော့ ထွက်ပေါ်နေသည်ကို သတိပြုမိလိုက်သည့်အခါ သူ့မျက်လုံးက ကျဉ်းမြောင်းလို့သွားသည်။
အရင်တုန်းက သူသည် သူ့ကျင့်ကြံမှုအဆင့်ကြောင့် ထိုအရာကို သတိပြုမိခဲ့ခြင်း မရှိပေ။
“စိတ်ဝင်စားစရာပဲ။ဒီပစ္စည်းက ရတနာတစ်ခုများ ဖြစ်နေနိုင်လား…” ဝမ်လင်းက အနည်းငယ် စဉ်းစားပြီးနောက် ထိုအဆောင်နှစ်ခုကို ပြန်သိမ်းလိုက်၏။ သူက သာမန်မဟုတ်သော ခံစားချက်တစ်ခုကို ရရှိနေခဲ့သည်။
သူက နောက်ဆုံးသိုလှောင်အိတ်ကို ကောက်ယူကြည့်လိုက်သည့်အခါ သူ့မျက်လုံးက လက်ခနဲ ဖြစ်သွား၏။ သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “ဒီအဘိုးအိုက တော်တော်ရှုပ်ပွတာပဲ။ ဒါပေမဲ့လည်း ဒီမိုးကြိုးကောင်းကင်ဘုံနယ်မြေကို လာခဲ့တဲ့ သူ့ရည်ရွယ်ချက်က တော်တော်ရှင်းလင်းနေတယ်။သူက ကောင်းကင်ဘုံမန္တာန်တစ်ခုကို ရဖို့အတွက် ယောင်မိသားစုရဲ့လူငယ်သခင်လေးကို စုဆောင်းခြင်းခန်းမကို အရောက်ပို့ပေးဖို့ပဲ ဖြစ်တယ်…”
ဝမ်လင်းက အဘိုးအို၏ မှတ်ဉာဏ်များထဲကနေ ကောင်းကင်ဘုံနယ်မြေ၏ အမွေအနှစ်နှင့်အတူ အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းကြီး၏ မိသားစုလေးခု ပူးပေါင်း၍ ချိတ်ပိတ်ထားသော အစိတ်အပိုင်းမြေတစ်ခု ရှိကြောင်းကို သိရှိခဲ့ပေသည်။
ထိုချိတ်ပိတ်ထားသော အစိတ်အပိုင်းမြေပေါ်တွင် စုဆောင်းခြင်းခန်းမ ရှိလေ၏။ထိုခန်းမသည် ကောင်းကင်ဘုံမန္တာန်များကို သိုလှောင်ထားကာ မပျက်မယွင်းဘဲ ကောင်းစွာ ရှိနေဆဲ ဖြစ်၏။
သို့သော် ထိုစုဆောင်းခြင်းခန်းမသည် အရင်မိုးကြိုးကောင်းကင်ဘုံနယ်မြေ၏ အင်ပါယာနှင့် သူ့အမှုထမ်းများက ဖန်တီးထားခဲ့ခြင်း ဖြစ်၏။ထို့ကြောင့် သည်ခန်းမတွင် ကိုယ်ပိုင်စည်းမျဉ်း ရှိပေသည်။လူတစ်ယောက်က ကံပေါ်တွင် တည်မှီ၍သာ ကောင်းကင်ဘုံမန္တာန်တစ်ခုကို ရရှိနိုင်ပေသည်။
ကောင်းကင်ဘုံနယ်မြေ၏ အမွေအနှစ်များနှင့် မိသားစုကြီးလေးခုပင် သည်စည်းမျဉ်းများကို ချိုးဖျက်နိုင်ကြခြင်း မရှိပေ။သူတို့က ထိုအစိတ်အပိုင်းမြေကို ချိတ်ပိတ်ထားရုံသာ တက်နိုင်၍ သူတို့၏မိသားစုဝင်များက ထိုချိပ်ပိတ်မှုကို ဖွင့်လှစ်သည့်အခါ ကံစမ်းကြည့်ရုံသာ တက်နိုင်သည်။
အချိန်များစွာ ကြာမြင့်ပြီးသည့်နောက် ထိုစုဆောင်းခြင်းခန်းမသည် မိသားစုလေးခု၏ နေရာတစ်ခုလို ဖြစ်လာခဲ့ကာ အပြင်လူများကို ဝင်ခွင့်မပြုတော့ပေ။
ယောင်မိသားစုက မိုးကြိုးကောင်းကင်ဘုံနယ်မြေထံသို့ အဖွဲ့တစ်ဖွဲ့တည်းသာ စေလွှတ်ခဲ့ခြင်း မဟုတ်ဘဲ စုစုပေါင်း ဆယ်ဖွဲ့စေလွှတ်ခဲ့ခြင်း ဖြစ်လေ၏။
“စုဆောင်းခြင်းခန်းမ…” ဝမ်လင်း၏မျက်လုံးက တလက်လက် ဖြစ်နေသည်။
သည်အခိုက်အတန့်၌ လီယွမ်၏အသက်ရှုသံသည် ကြမ်းတမ်းလာကာ သူ့မျက်လုံးက ဖြည်းဖြည်းချင်း ပွင့်လာခဲ့၏။သူက ခေါင်းမော့ကာ သက်ပြင်းချသည်။ “ကျေးဇူးတင်ပါတယ်…အစ်ကိုရှု…။ဒါပေမဲ့လည်း ငါက ပုံရိပ်ယောင်ယင်အဆင့်နဲ့ ကံမပါသေးတဲ့ ပုံပဲ။ငါ့မူလစိတ်ဝိညာဉ်က ဒီလောက်များတဲ့ မူလစွမ်းအင်ကို တောင့်မခံနိုင်သေးဘူး…”
လီယွမ်က ခေါင်းငုံ့ကာ သူ့ကျိုးနေသောလက်တစ်ဖက်ကို ကြည့်လိုက်၏။ထို့နောက် သူက တိတ်ဆိတ်သွားသည်။
ဝမ်လင်းက သူ့ညာလက်ကို ပင့်မြှောက်ကာ မူလမြူလွှာအားလုံးကို ပြန်ရုတ်သိမ်းလိုက်သည်။သူက လီယွမ်ကို သေချာကြည့်ကာ ပြုံး၍ ဆိုလိုက်၏။ “အစ်ကိုလီ…။သင်က သင့်ကိုယ်သင် လျော့မတွက်ပါနဲ့။သင့်ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ မူလစွမ်းအင်တွေက သင့်ရဲ့မူလစိတ်ဝိညာဉ်ကို ထောက်ပံ့ပေးနေတုန်းပဲ။သင်က ဒီမူလစွမ်းအင်အားလုံးကို စုပ်ယူနိုင်လိုက်တာနဲ့ သင်က ပုံရိပ်ယောင်ယင်အဆင့်ကို ရောက်လိမ့်မဘ်။ အဲ့နေ့က အနှေးနဲ့အမြန် ဆိုသလို ရောက်လာမှာပါ။ဒါက ကျိန်းသေ ဖြစ်လာလိမ့်မယ်…”
လီယွမ်၏ မျက်လုံးက တောက်ပသွားက သူက ခေါင်းညိတ်လိုက်သည်။သူက မတ်တပ်ထရပ်ကာ ဝမ်လင်းကို ဦးညွတ်ဟန်ပြု၍ ပြောလာသည်။ “အစ်ကိုရှု….ငါက သင့်ကို အများကြီး အကြွေးတင်နေပြီ။ငါက ဒါကို ငါ့စိတ်နှလုံးထဲကနေ မှတ်သားထားပါ့မယ်…။ဘယ်တော့မှ မေ့မပစ်ပါဘူး…”
လီယွမ်က စကားအများကြီး မပြောပေ။သို့သော် သူပြောလိုက်သည့်စကားကလည်း သူ့စိတ်နှလုံးထဲကနေ လာခြင်း ဖြစ်၏။
ဝမ်လင်းက ပြုံး၍ သူ့ညာလက်ဖြင့် သူမရှာဖွေခဲ့သော သိုလှောင်အိတ်တစ်အိတ်ကို ဆွဲယူလိုက်သည်။သူက ၎င်းအိတ်ကို လီယွမ်ထံသို့ ပစ်ပေးလိုက်လေ၏။
တစ်ချိန်တည်းမှာပင် ဓားကိုးလက်သည် လေထဲသို့ ပျံတက်လာခဲ့ကာ လီယွမ်၏ဘေးနားသို့ ကျရောက်သွားသည်။
“နေရာမှန်ကို ပြန်သွားကြတော့။ ဒါ့အပြင် ငါက ဒီသိုလှောင်အိတ်ကိုလည်း သိမ်းထားပေးခဲ့တာ။ ဒီသိုလှောင်အိတ်ထဲက အရာတွေက သင့်အတွက် အသုံးဝင်လိမ့်မယ်လို့ ငါ ယုံကြည်ပါတယ်…”
လီယွမ်က ခေါင်းညိတ်ကာ ဓားများကို သိမ်းဆည်းလိုက်သည်။သူက သိုလှောင်အိတ်ကို ကောက်ယူကာ နတ်ဘုရားအာရုံဖြင့် စစ်ကြည့်လိုက်ပြီးနောက် တစ်စုံတစ်ခုကို ထုတ်ယူလိုက်သည်။ထိုအရာကတော့ ရှေးဟောင်းကြေးမုံတစ်ချပ်ပင်။
“ဒါက အတားအဆီးချိုးဖျက်ခြင်းကြေးမုံပဲ။ဒါက အတားအဆီးအများစုကို ချိုးဖျက်ပစ်နိုင်စွမ်း ရှိတယ်…” သူက ထိုသို့ပြောလိုက်ရင်း ၎င်းကြေးမုံကို ဝမ်လင်းထံသို့ ပစ်ပေးလိုက်လေ၏။
ဝမ်လင်းက ပြုံး၍ ကြေးမုံကို လက်ခံလိုက်ပြီး သူ့သိုလှောင်အိတ်ထဲသို့ ထည့်ထားလိုက်သည်။
လီယွမ်က အနည်းငယ် ချီတုံ့ချတုံ ဖြစ်ပြီးနောက် မေးလိုက်သည်။ “ငါက အစ်ကိုရှုရဲ့ ကျင့်ကြံမှုအဆင့်ကို မြင်နိုင်စွမ်း မရှိတော့ဘူး။ အစ်ကိုရှုက အရင်ထက်အများကြီး တိုးတက်လာတာ သိသာနေတာပဲ။ သွေးဘိုးဘေးကရော သိုလှောင်နေရာလွတ်ထဲမှ အဖျက်စီးခံလိုက်ရတာလား…”
“သွေးဘိုးဘေးရဲ့အန္တရာယ်ကို ဖြေရှင်းပြီးသွားပါပြီ။ သူက မသေသေးပေမဲ့လည်း သေတာနဲ့မထူးပါဘူး…” ဝမ်လင်းက တည်ငြိမ်စွာပင် ပြောလိုက်၏။ သို့သော် လီယွမ်က ဝမ်လင်းစကားကို ကြားလိုက်သည့်အခါ မှင်သက်၍ ဝမ်လင်းအား အဓိပ္ပာယ်ပါသောအကြည့်ဖြင့် ကြည့်လိုက်သည်။သူ့ဉာဏ်ရည်ဖြင့် လီယွမ်သည် ဝမ်လင်းစကားထဲကနေကို ဝမ်လင်း၏ကျင့်ကြံမှုအဆင့်တိုးတက်လာခြင်းသည် သွေးဘိုးဘေးနှင့် တစ်စုံတစ်ခု ပတ်သတ်နေလိမ့်မည်ဟု ပြောနိုင်ပေသည်။ဝမ်လင်းက လီယွမ်ကို ကြည့်ကာ ပြုံး၍ ပြောသည်။ “အစ်ကိုလီ….ငါက မိုးကြိုးကောင်းကင်ဘုံနယ်မြေမှာ ကောင်းကင်ဘုံမန္တာန်တွေ ရှာဖွေတော့မလို့၊သင်က အတားအဆီးတွေကို ချိုးဖျက်ပြီး ငါ့ကို ကူညီပေးဖို့ ဆန္ဒရှိပါသလား…”
သူ့လက်ရှိစွမ်းအားဖြင့် မိုးကြိုးကောင်းကင်ဘုံနယ်မြေ၌ အနည်းငယ်သောလူများကလွဲ၍ အများစုသည် သူ့ပြိုင်ဘက် မဖြစ်နိုင်ကြတော့ပေ။လီယွမ်သာ သူနှင့်အတူ ရှိပါက ဝမ်လင်းသည် လီယွမ်ကိုပါ အလွယ်တကူ ကာကယ်ပေးနိုင်ပေလိမ့်မည်။
ဝမ်လင်းက လီယွမ်ကို ဖိတ်ခေါ်ရာ၌ သူ့ကိုယ်ပိုင်အစီအစဉ် ရှိပေသည်။လီယွမ်သည် မိုးကြိုးကောင်းကင်ဘုံနယ်မြေအကြောင်းကို သူ့ထက်အများကြီး ပိုသိပေသည်။ထို့အပြင် ဝမ်လင်းသည် အတားအဆီးပညာရပ်၌ လီယွမ်နှင့် မယှဉ်နိုင်ပေ။ထို့ကြောင့် ကောင်းကင်ဘုံမန္တာန်များကို ရှာဖွေရာ၌ လီယွမ်နှင့်ဆိုပါက သူ့အတွက် အတော်လေး ပိုလွယ်ကူသွားနိုင်၏။
လီယွမ်၏ မျက်လုံးထဲ၌ ပျော်ရွှင်မှုနှင့် ပြည့်သွားကာ သူက ချက်ခြင်း ပြန်ပြောလာ၏။ “ဒါကအစ်ကိုရှုရဲ့ ဆန္ဒဆိုမှတော့ ငါက အကောင်းဆုံး ကူညီပေးရမှာပေါ့။ငါ့မှာ အချိန်သာ ရှိရင် ငါက ဒီနေရာမှာ ရှိတဲ့အတားအဆီးအားလုံးကို ချိုးဖျက်ပေးနိုင်တယ်။ ဥပမာအနေနဲ့ အစ်ကိုရှုရေ…တစ်ချိန်တုန်းက ဒီနေရာမှာ ကောင်းကင်ဘုံအပျက်အစီးပုံ တစ်ခု ရှိခဲ့တယ်”
လီယွမ်က ထိုသို့ ပြောလိုက်ရင်း သူ့ရှေ့ရှိ လွင်ပြင်တစ်ခုထံသို့ လက်ညွှိုးထိုးပြလိုက်သည်။ထိုလွင်ပြင်သည် ပေါင်းပင်များ၊မြက်ခြောက်များနှင့် ပြည့်နေကာ လေများ တိုက်ခတ်လျက်ရှိနေ၏။လူတစ်ယောက်က ထိုလွင်ပြင်ကို မည်သို့ပင်ကြည့်ကြည့် သာမန်ဟုသာ ထင်ပေလိမ့်မည်။
လီယွမ်က သူ့တစ်ဖက်တည်းသောလက်ဖြင့် ချိပ်တံဆိပ်များကို ဖြစ်ပေါ်စေလိုက်သည်။ခုချိန်၌ သူ့ခန္ဓာကိုယ်ထဲတွင် မူလစွမ်းအင်များနှင့် ပြည့်နေသည်။ထို့ကြောင့် သူသည် အရင်တုန်းက ကျွန်အမှတ်အသား၏ ဖိနှိပ်ထားခြင်းကြောင့် အသုံးမပြုနိုင်ခဲ့သည့် အချို့အတားအဆီးများကိုလည်း အသုံးပြုလာနိုင်ခဲ့ပေသည်။
လီယွမ်၏ အတားအဆီးများ ကျရောက်သွားသည့်အခါ လွင်ပြင်သည် တစစီဖြစ်သွား၍ မြို့ပျက်တစ်ခု ပေါ်လာခဲ့လေသည်။
ထိုမြို့ပျက်၏ ရှေ့တွင် ပျက်စီးနေသော ကျောက်ပြားတစ်ခု စိုက်ထူလျက် ရှိနေကာ ၎င်းအပေါ်တွင် ရှေးဟောင်းစာလုံးသုံးလုံး ရေးထွင်းထားသည်။ “ကောင်းကင်ဘုံကြိုဆိုခြင်းနန်းတော်…”
“ကောင်းကင်ဘုံမန္တာန်တွေက နည်းသိရုံနဲ့ အသုံးမပြုနိုင်ကြဘူး။ငါ့လီမိသားစုရဲ့ ပျက်သုဉ်းခြင်းအတားအဆီးနှလုံးသားကို အသုံးပြုလိုက်ရင်တော့ ငါက ကောင်းကင်ဘုံမန္တန်တွေရဲ့ အရိပ်အမြွက်ကို ပြန်စီးဆင်းနိုင်စွမ်း ရှိတယ်။ ဒီနည်းလမ်းက အသုံးပြုတဲ့သူရဲ့ခန္ဓာကိုယ်ကို ဒဏ်ရာရစေတဲ့အတွက်ကြောင့် ငါ့လီမိသားစုက ဒါကို ပုံမှန်ဆို အသုံးမပြုကြဘူး။ဒါပေမဲ့လည်း အစ်ကိုရှုက အကူအညီလိုတယ်ဆိုတော့လည်း ငါက ကျိန်းသေပေါက် ကူညီပေးမှာပါ…”
***