Switch Mode

အပိုင်း(၈၂၄):

ဆယ့်သုံးရက်

လီယွမ်၏အသံက အမုန်းတရားနှင့် ပြည့်နေသည်။သူက လွန်ခဲ့သော ရက်ပိုင်းက ခံစားခဲ့ရမှုများအတွက် ဒေါသ ပေါက်ကွဲထွက်လာခဲ့ပေသည်။

ဝမ်လင်းက ခေါင်းညိတ်ကာ သူ့အကြည့်က ပုံရိပ်ယောင်ယင်အဆင့်အဘိုးအိုကို ကျော်၍ မှင်သက်ကြောင်ရီနေသော အမျိုးသမီးပေါ်သို့ ကျရောက်သွားသည်။သူမက လီယွမ်၏ ကောင်းကင်ဘုံဓားများကို ဆုပ်ကိုင်ထားသည် မဟုတ်လား။

ဝမ်လင်းက ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။ထိုခြေလှမ်းက ပေရာချီကို ကျော်လွန်ကာ ထိုအမျိုးသမီး၏ ရှေ့သို့တိုင် သူ့ကို ရောက်ရှိသွားစေသည်။

အမျိုးသမီးက တုန်လှုပ်မှုများနှင့် ပြည့်လို့နေသည်။သူမက ယောင်လူငယ်၏ခန္ဓာကိုယ်သည် ထိုလူ၏ လက်ညှိုးတစ်ချက်ကြောင့် ပျက်စီးသွားခဲ့ရသည်ကို ကိုင်တိုယ်တွေ့မြင်ခဲ့ရသူ မဟုတ်လား။ထို့ကြောင့် ယောင်လူငယ်၏ ခန္ဓာကိုယ်ထဲက အက်ကွဲသံများသည် အခုထိ သူမနားထဲတွင် ပဲ့တင်ထပ်နေသေးသည်။

သူမက ဝမ်လင်း သူမထံသို့ တိုးဝင်လာသည်ကို မြင်လိုက်သည့်အခါ အလွန်အမင်းကြောက်ရွှံ့သွားခဲ့သည်။သူမက အကြောက်အကန်ပင် အော်ဟစ်လိုက်လေ၏။

သူမအမြင်၌ ဝမ်လင်းသည် လူတစ်ယောက်မဟုတ်ဘဲ ဝိညာဉ်များကို ဝါးမြိုပစ်နေသည့် ကြောက်မက်ဖွယ်ရာ နတ်ဆိုးတစ်ပါး ဖြစ်နေခဲ့သည်။

သူမက နောက်သို့ အလိုလို ဆုတ်မိကာ အနည်းငယ်မျှပင် မခုခံမိပေ။သူမဦးနှောက်ထွဲတွင် ရှိနေသည့်အရာက ထွက်ပြေးရန်၊ထွက်ပြေးရန် သာ ဖြစ်လေ၏။

သူမက ကလေးကတည်းက ခုလောက်ထိ မကြောက်ရွှံ့ခဲ့ဖူးပေ။အခုချိန်၌ သူမသည် သူမ၏ တာအိုနှလုံးသားထဲကနေကို နက်နက်နဲနဲ ကြောက်လန့်နေခဲ့ပေသည်။အကယ်၍ ကံကောင်းထောက်မကာ လွတ်မြောက်သွားခဲ့မည် ဆိုလျှင်ပင် သူမ၏ ကျင့်ကြံမှုအဆင့်သည် များစွာ လျော့ကျသွားနိုင်ကာ တိုးတက်ရန် လမ်းစမရှိသလောက် ဖြစ်သွားနိုင်သည်။

ဝမ်လင်း၏အသွင်က အေးစက်နေကာ သူ့အကြည့်က ရေခဲတစ်မျှ ဖြစ်နေသည်။သူက နီးကပ်လာခဲ့၏။ သူ့အမြင်၌ အမျိုးသမီး၏ အမြန်နှုန်းက အလွန်နှေးကွေးနေခဲ့သည်။

ထိုအခိုက်အတန့်၌ ပုံရိပ်ယောင်ယင်အဆင့်အဘိုးအို၏ မျက်လုံးက လက်ခနဲ ဖြစ်သွားသည်။သူသည် ထိုအမျိုးသမီးကို ကယ်တင်ရန် မကြိုးစားဘဲ အလျင်အမြန် နောက်ဆုတ်သွားတော့၏။

လက်ညှိုးတစ်ချက်က သူမ၏ မျက်ခုံးနှစ်ခုကြားသို့ ကျဆင်းလာခဲ့ကာ သူမ၏မျက်လုံးသူငယ်အိမ်ပင် ကျုံ့သွား၏။သူမ၏ ကြောက်ရွှံ့မှုသည် အထွတ်အထိပ်သို့ ရောက်နေသည်။မူလစွမ်းအင်က သူမခန္ဓာကိုယ်ထဲသို့ တရကြမ်းတိုးဝင်လာခဲ့၏။သူမက နောက်သို့ လွင့်စင်သွားခြင်းမရှိဘဲ ထိုနေရာ၌ပင် အေးခဲတောင့်တင်းသွားသည်။

သူမ၏ခန္ဓာကိုယ်ထဲကနေ တစီစီအသံများ ထွက်ပေါ်လာခဲ့ကာ ထိုအသံက သူမနှင့်ရင်းနှီးနေခဲ့ပေသည်။၎င်းအသံက အစောပိုင်းကပင် သူမရှေ့၌ ယောင်လူငယ်၏ခန္ဓာကိုယ်ကနေ ထွက်ပေါ်ခဲ့သေးသည် မဟုတ်လား။

သူမ၏မူလစိတ်ဝိညာဉ်သည် အလင်းလုံးတစ်လုံးအသွင် ဖြစ်ပေါ်ကာ သူမ၏ မျက်ခုံးနှစ်ခုကြားကနေ ပျံသန်းထွက်လာခဲ့သည်။ဝမ်လင်းသည် ၎င်းအလင်းလုံးကို ဖမ်းဆုပ်ကာ လီယွမ်ထံသို့ ပစ်လိုက်၏။ မူလစွမ်းအင်သည် လီယွမ်၏မူလစိတ်ဝိညာဉ်ကို အားဖြစ်စေကာ သူ့ဒဏ်ရာများကို အနည်းငယ် ပြန်ကောင်းမွန်လာစေပေလိမ့်မည်။

အမျိုးသမီး၏ ခန္ဓာကိုယ်က ပျက်စီးသွားကာ လုံးဝ ပျောက်ကွယ်သွားသည်။

သူမ၏ခန္ဓာကိုယ် ပျောက်ကွယ်သွားသည့်နောက် ဓားများနှင့်အတူ သူမ၏သိုလှောင်အိတ်သည် မြေပေါ်သို့ ကျကျန်ခဲ့သည်။

ဝမ်လင်းက ခေါင်းမော့ကာ မြန်ဆန်စွာ ထွက်ပြေးသွားသော အဘိုးအိုအား လှမ်းကြည့်လိုက်၏။ထို့နောက် သူက နှာခေါင်းရှုံ့လိုက်သည်။သူက ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ရာ ကမ္ဘာလောကနှင့် တစ်သားတည်း ပေါင်းစပ် ပျောက်ကွယ်သွားသည်။

ပုံရိပ်ယောင်ယင်အဆင့်အဘိုးအို၏ စိတ်သည် ဝမ်လင်းရုတ်တရက် ပေါ်ထွက်လာမှုကြောင့် လုံးဝ တုန်လှုပ်နေခဲ့သည်။သူက တိုက်ပွဲဝင်ရဲသည့်စိတ် လုံးဝ မရှိဘဲ မြန်ဆန်စွာသာ ဆက်၍ ထွက်ပြေးသည်။သို့ရာတွင် သည်အခိုက်အတန့်၌ သူ့ရှေ့တွင် လှိုင်းတစ်ခုပေါ်လာခဲ့သည်။ထို့နောက် ၎င်းအထဲကနေ အားကောင်းသောမူလစွမ်းအင် ထွက်ပေါ်လာကာ သူ့အား ရပ်တန့်သွားစေသည်။

ဝမ်လင်း၏ပုံရိပ်က ထိုလှိုင်းထဲကနေ လှမ်းထွက်လာခဲ့သည်။

“မင်း အလှည့်ပဲ…” ဝမ်လင်း၏မျက်လုံးက အေးစက်နေ၏။သူက‌ ပေါ်ထွက်လာသည်နှင့် သူ့ညာလက်ကို မြှောက်လိုက်ရာ မိုးကြိုးတန်းတစ်ခု ထွက်ပေါ်လာခဲ့သည်။မိုးကြိုးတန်း ထွက်ပေါ်လာပြီးသည့်နောက် သည်ဧရိယာတွင် ခရမ်းရောင်မြူတစ်ခု ဝန်းရံလာသည်။လျှပ်စီးများက ထိုမြူအတွင်း၌ ဖြတ်သန်းစီးဆင်းနေကာ ခရမ်းရောင်မိုးကြိုးပေါ်သို့ လာရောက်စုစည်း၏။ထိုမိုးကြိုးတန်းသည် လက်မောင်းလုံးခန့်ထူကာ အဘိုးအိုထံသို့ တန်းမတ်စွာ ဝင်ရောက်သွားသည်။

အဘိုးအိုက နောက်သို့ ဆုတ်နေရင်း သူ့အသွင်က ကြီးစွာ ပြောင်းလဲသွားသည်။သူ့လက်ဖြင့် ချိပ်တံဆိပ်များစွာကို ဖြစ်ပေါ်စေကာ အနီရောင်မီးတောက်တစ်ခုကို ချက်ခြင်း ဖြစ်ပေါ်စေသည်။ထိုမီးတောက် အလွန်ပူပြင်းကာ သူ့အား အလျင်အမြန် လွှမ်းခြုံပျံ့နှံ့သွားပြီး မီးတောက်ဒိုင်းတစ်ခုကဲ့သို့ ဖြစ်သွားစေသည်။

မိုးကြိုးတန်းက ၎င်းမီးတောက်ဒိုင်းပေါ်သို့ ကျရောက်သွားသည်။အက်ကွဲသံများ ထွက်ပေါ်လာခြင်းနှင့်အတူ ၎င်းမီးတောက်ဒိုင်းသည် ချက်ခြင်း ပျက်စီးသွားသည်။မိုးကြိုးတန်းကလည်း ထိုအဘိုးအို၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားလေ၏။

သူက သွေးများစွာ အန်ထုတ်လိုက်ရကာ သူ့မျက်နှာက ချက်ခြင်း ဖြူရောသွားသည်။သူက နောက်သို့ အမြန်ဆုတ်နေရင်းဖြင့် သူ့အသိဉာဏ်ပင် ဆုံးရှုံးလုနီးပါး ဖြစ်သွားသည်။သူက စိတ်ထဲ၌ ပင့်သက်ရှိုက်နေမိချေ၏။

အဘိုးအိုက နောက်သို့ ဆုတ်နေရင်း ခပ်သွက်သွက် ပြောလိုက်သည်။ “စီနီယာ…ငါ့ကို စကားပြောခွင့်ပြုပါ…”

ဝမ်လင်း၏အသွင်က အေးစက်နေကာ သူက ရှေ့သို့ ဆက်လှမ်းလာရင်း အေးစက်စက် ပြောလိုက်သည်။ “မင်းတို့က ငါ့မိတ်ဆွေနောက်ကို လိုက်ဖမ်းတာ ဘယ်လောက်ကြာပြီလဲ…”

အဘိုးအိုက နောက်သို့ဆုတ်နေရင်း မြန်ဆန်စွာ ပြောလိုက်၏။ “ဆယ့်သုံးရက်ပါ…စီနီယာ…ဒီကိစ္စက ယောင်မိသားစုရဲ့ ယောင်လူငယ်သခင်ကြောင့် ဖြစ်ရတာပါ။ငါက သူ့ကို ဖျောင်းဖျဖို့ ကြိုးစားခဲ့ပါသေးတယ်။ဒါပေမဲ့လည်း ငါတို့ရဲ့အဆင့်အတန်းက ကွာခြားလှတဲ့အတွက် ငါက သူ့ကို မရပ်တန့်နိုင်ခဲ့တာပါ…”

အဘိုးအိုသည် သည်လူ့ကို အလွန်ကြောက်ရွှံ့နေမိသည်။အထည်ဒြပ်ယန်အဆင့်ကျင့်ကြံသူသည် သူခုခံနိုင်သည့် တစ်စုံတစ်ယောက် မဟုတ်ပေ။

“ဆယ့်သုံးရက်…” ဝမ်လင်းမျက်လုံးထဲ၌ သတ်ဖြတ်လိုသည့်စိတ်ဆန္ဒတို့နှင့် ပြည့်လာသည်။သူ့လက်ချောင်းများဖြင့် ဓားတစ်လက်အသွင် ဖြစ်စေကာ သူက အဘိုးအို၏ ဘယ်ဘက်လက်ထံသို့ ညွှန်လိုက်သည်။

အဘိုးအို၏အသွင်က ပြောင်းလဲသွားသည်။သူက ရှောင်ရန်ကြိုးစားလိုက်သော်လည်း ဝမ်လင်းက စကားတစ်ခွန်းပြောလိုက်လေ၏။

“ရပ်တန့်စမ်း…”

ထိုစကားက မိစ္ဆာတစ်ပါး၏ အသံအလား အဘိုးအိုနားထဲသို့ တိုးဝင်သွားခဲ့သည်။ချက်ခြင်းပင် သူက သူ့ပတ်လည်၌ မူလစွမ်းအင်အမြောက်အများ ဝန်းရံလာသည်ဟု ခံစားလိုက်ရ၏။သည်အခိုက်အတန့်၌ သူက တစ်လက်မပင် ရွှေ့လျားနိုင်ခြင်း မရှိတော့ပေ။သူ့မူလစိတ်ဝိညာဉ်ပင် ထိုသို့ ခံစားလိုက်ရ၏။

“ဒါက ပထမနေ့အတွက်….” ဝမ်လင်း၏လက်ချောင်းက အဘိုးအို၏ ဘယ်လက်ပေါ်သို့ ကျရောက်သွားသည်။အဘိုးအို၏လက်က ပေါက်ကွဲထွက်သွားသည်။သည့်နောက် ပြင်းထန်သောမူလစွမ်းအင် ပေါက်ကွဲမှုနှင့်အတူ အဘိုးအို၏လက်တစ်ဖက်လုံးသည် တစစီဖြစ်သွားလေ၏။

အဘိုးအိုက ရုန်းကန်နေရပုံပေါ်သည်။သူက အတင်းရုန်းကန်လိုသော်လည်း သူ့ခန္ဓာကိုယ်သည် တစ်လက်မပင် မရွှေ့ရှားနိုင် ဖြစ်နေသည်။

“ဒုတိယနေ့…” ဝမ်လင်း၏လက်ချောင်းက ထပ်မံထွက်ပေါ်လာသည်။သည်တစ်ကြိမ်၌ အဘိုးအို၏ ခြေထောက်ပေါ်သို့ ဖြစ်သည်။မူလစွမ်းအင်က တရကြမ်း တိုးဝင်သွားကာ အဘိုးအို၏ ဘယ်ခြေထောက်သည် ပြုတ်ထွက်သွားလေသည်။

အဘိုးအို၏သွေးကြောများက ဖောင်းကြွလာခဲ့ကာ သူ့အကြည့်က ကြမ်းတမ်းလာသည်။သို့သော်လည်း ထိုကြမ်းတမ်းသောအကြည့်နောက်၌ ကြောက်ရွှံ့မှု ကပ်ပါနေ၏။

“ဒါက တတိယနေ့အတွက်…” ဝမ်လင်းက သူ့ခြေထောက်ကို ပင့်မြှောက်ကာ အဘိုးအို၏ ညာခြေထောက်ပေါ်သို့ ကန်လိုက်သည်။ပေါက်ကွဲသံတစ်ခုနှင့်အတူ အဘိုးအို၏ခြေထောက်က ပျက်စီးသွားသည်။

အဘိုးအိုက အထိတ်လတန့်နာကျင်စွာ ညီးတွားလိုက်ရသည်။ထိုနာကျင်မှုသော လှုံ့ဆော်မှုက သူ့မူလစိတ်ဝိညာဉ်ကို အနည်းငယ် လှုပ်ရှားလို့ ရသွားစေသည်။မူလစွမ်းအင်က သူ့ခန္ဓာကိုယ်ထဲ၌ လှည်ပတ်သွားပြီးသည့်နောက် သူက ပြန်လည်ကောင်းမွန်မည့် အရိပ်အယောင် ပြသလာခဲ့သည်။

ဝမ်လင်းက သူ့ခြေထောက်ကို ပြန်ရုတ်သိမ်းလိုက်ရင်း အဘိုးအို၏ ညာလက်ထံသို့ လက်ညွှန်လိုက်သည်။ထိုအခါ သူ့ညာလက်သည်လည်း ပျက်စီးသွားရပြန်သည်။

“ဒါက လေးရက်မြောက်နေ့အတွက်…”

အဆုံးမသပ်သေးပေ။ရပ်တန့်ခြင်းမန္တာန်က လွင့်ပြယ်လာခဲ့သည့်အတွက် အဘိုးအိုက လှုပ်ရှားလို့ရလာဟန် ပြသည်။သူက နောက်သို့ ဆုတ်ရန် ဟန်ပြင်လိုက်စဉ် ဝမ်လင်း၏အေးစက်စက်အသံက ထပ်မံ ထွက်ပေါ်လာသည်။

“ရပ်တန့်စမ်း…”

ဝမ်လင်း၏အသံ သူနားထဲသို့ ရောက်လာသည့်အခါတွင် အဘိုးအိုသည် သူ့စိတ်မှာ ချောက်နက်ထဲရောက်သွားသည်ဟု ထင်ရသည်။သူက ထိုလူ ပေါ်လာတုန်းက စကားများကို ပြန်၍ အမှတ်ရသွားခဲ့၏။

“ငါ့မိတ်ဆွေကို နာကျင်အောင်လုပ်ဖို့ ဘယ်သူက မင်းကို အရည်အချင်း ပေးလိုက်တာလဲ…”

သည်စကားသံက သူ့စိတ်ထဲတွင် မိုးခြိမ်းသံကဲ့သို့ ပဲ့တင်ထပ်နေတော့သည်။

အဘိုးအို၏ခန္ဓာကိုယ်သည် ဒုတိယအကြိမ်မြောက် ရပ်တန့်သွားသည့်နောက် ဝမ်လင်းသည် အဘိုးအိုရှေ့၌ မတ်တပ်ရပ်နေသည်။ဝမ်လင်း၏ လက်ချောင်းက မြန်ဆန်စွာ လှုပ်ရှားသွားကာ သူက အဘိုးအို၏ခန္ဓာကိုယ်ပေါ်သို့ ညွှန်လိုက်၏။ ထိုအခါ အဘိုးအို၏ ပါးစပ်ထောင့်ကနေ သွေးများယိုစီးကျလာလေသည်။

“ငါးရက်မြောက်နေ့အတွက်…”

“ခြောက်ရက်မြောက်နေ့အတွက်…”

“ခုနစ်ရက်မြောက်နေ့အတွက်…” အဆုံးသပ်တွင် အဘိုးအို၏ရင်ဘက်သည် သွေးများနှင့်ရှုပ်ပွနေတော့သည်။သူ့အရိုးအားလုံးသည်လည်း ကျိုးသွားကာ သူ့ရင်ဘက်ကနေ သွေးမြူတစ်ခု ထွက်ပေါ်လာခဲ့၏။သူ့ခန္ဓာကိုယ်၏ အသက်ဓာတ်အားလုံးသည် ဆုံးရှုံးသွားခဲ့ပြီး ဖြစ်သည်။

“ဒါက နောက်ဆုံးနေ့အတွက်…” ဝမ်လင်းလက်သည် လက်ဝါးအသွင်သို့ ပြောင်းကာ အဘိုးအို၏နှဖူးပေါ်သို့ ရက်စက်စွာ ရိုက်ချလိုက်သည်။

ထိုအခါ အဘိုးအို၏ခန္ဓာကိုယ်သည် လုံးဝ ပျက်စီးသွားကာ သွေးမြူအဖြစ်သို့ ပြောင်းလဲသွားတော့၏။သူ့မူလစိတ်ဝိညာဉ်ကလည်း ထွက်ပေါ်လာခဲ့သည်။သူ့မူလစိတ်ဝိညာဉ်က လေထဲတွင် တုန်ယင်နေရင်း သူက အော်ပြောလိုက်သည်။ “ယောင်မိသားစုက မင်းကို ခွင့်လွှတ်မှာ မဟုတ်ဘူး…”

ဝမ်လင်း၏ မျက်လုံးများက အေးစက်လာခဲ့သည်။သူက အတွေးတစ်ခု ရလိုက်၏။သူ့သိုလှောင်အိတ်ထဲကနေ စိတ်ဝိညာဉ်တစ်ကုဋေအလံကို ထုတ်ယူလိုက်သည်။တစ်ချက်လှုပ်ခါလိုက်ရာ ထိုအလံသည် ဖွင့်လှစ်သွားပြီးနောက် သွေးဘိုးဘေး၏ အလိုမတူသည့်ပုံရိပ်က ထွက်ပေါ်လာခဲ့သည်။

ဝမ်လင်းက တည်ငြိမ်စွာ မေးလိုက်သည်။ “မင်း သူ့ကို သိလား…”

အဘိုးအို၏မူလစိတ်ဝိညာဉ်က တုန်ယင်နေ၏။သူက သေချာကြည့်လိုက်သည့်အခါ သူ့မျက်လုံးသည် ချက်ခြင်း ပြူးကျယ်ကာ ထိတ်လန့်ဟန် ဖြစ်ပေါ်လာသည်။သူက ထိုပုံရိပ်ကို မည်သည်မှန်း သေချာမသိသော်လည်း ထိုလူက ယောင်မိသားစုဘိုးဘေးနှင့် (၇၀)ရာခိုင်နှုန်းခန့် ဆင်တူနေလေ၏။

အဘိုးအိုစကားပြောနေသည်ကို စောင့်စရာမလိုဘဲ ဝမ်လင်းက အဘိုးအို၏အသွင်ကနေ အဖြစ်ကို သိလိုက်၏။သူက သူ့မူလစွမ်းအင်ကို သည်ဧရိယာအား လွှမ်းခြုံရင်း ရှေ့သို့ တိုးလာ၏။ထို့နောက် အဘိုးအို၏ မူလစိတ်ဝိညာဉ်ကို ချုပ်နှောင်လိုက်လေသည်။

သူ့လက်က ဆန့်ထွက်သွားသည်။အဘိုးအို၏ မူလစိတ်ဝိညာဉ်သည် လွတ်မြောက်ခြင်းမရှိဘဲ ဝမ်လင်း၏ဆွဲယူခြင်းကို ခံလိုက်ရ၏။ဝမ်လင်းမျက်လုံးက အေးစက်လာကာ သူက အဘိုးအို၏မူလစိတ်ဝိညာဉ်ပေါ်၌ စိတ်ဝိညာဉ်ရှာဖွေခြင်းကို ပြုလုပ်လိုက်သည်။ခဏတာကြာမြင့်ပြီးသည့်နောက် ဝမ်လင်းမျက်လုံးထဲကနေ ထူးဆန်းသောအလင်းတစ်ခု ထွက်ပေါ်လာကာ သူက အဘိုးအို၏မူလစိတ်ဝိညာဉ်ထဲက အသိဉာဏ်အားလုံးကို ပယ်ဖျက်ပစ်ကာ မူလစွမ်းအင်အလုံးတစ်ခုအဖြစ်သို့ ပြောင်းလဲစေလိုက်သည်။

ဝမ်လင်းက လီယွမ်ဘေးနားသို့ ရောက်သွား၏။သူက မူလစွမ်းအင်အလုံးကို ကိုင်ထားရင်း လီယွမ်၏မျက်ခုံးနှစ်ခုကြားသို့ ဖိချလိုက်သည်။

“အစ်ကိုလီ…ငါက သင့်ကို အခွင့်အရေးတစ်ခုပေးမယ်။ ပုံရိပ်ယောင်ယင်အဆင့်ကို ရောက်နိုင်၊မရောက်နိုင်တာကတော့ သင့်အပေါ်မှာပဲ မူတည်တော့တယ်…” ဝမ်လင်းမျက်လုံးက တလက်လက် ဖြစ်နေကာ သူက လီယွမ်၏ရင်ဘက်ပေါ်သို့ သူ့လက်ကို တင်လိုက်သည်။

“စုစည်းစမ်း…” မာန်သွင်းသံတစ်ချက်နှင့်အတူ သွေးငယ်သောအဖြူရောင်အင်းဆက်များသည် လီယွမ်၏ခန္ဓာကိုယ်ထဲကနေ ချက်ခြင်း ဆွဲထုတ်ခြင်းခံလိုက်ရ၏။ထိုအင်းဆက်များသည် အလွန်အဆိပ်ရှိကာ ငါးညှီနံ့ကို ပေးနေ၏။

ဝမ်လင်းအသွင်က တည်ငြိမ်လျက်သာ ရှိနေသည်။လက်တစ်ဖျစ်နှင့်အတူ ထိုအင်းဆက်များအားလုံးသည် တစ်ကောင်ပြီးတစ်ကောင် ပျက်စီးသွားကြတော့သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset