သူက နောက်သို့ ဆုတ်နေရင်း အနက်ရောင်တိမ်ထုကို ကန်ထုတ်ပစ်နေ၏။ထိုအခါ အနက်ရောင်တိမ်ထုများသည် ပျက်စီးတော့မည့် အရိပ်အယောင် ပြသလာ၏။ ဝမ်လင်းမျက်လုံးများက အေးစက်လာကာ သူက ပါးစပ်ဟ၍ မူလစွမ်းအင်များ ထွေးထုတ်လိုက်သည်။
ထိုမူလစွမ်းအင်များသည် အနက်ရောင်တိမ်ထုထဲသို့ ဝင်ရောက်သွားကာ အဆုံးမရှိသည့် စွမ်းအင်များ ဖြည့်ပေးလာပြီး အနက်ရောင်တိမ်ထုသည် ဆက်၍ ကျုံ့လာခဲ့သည်။သို့ရာတွင် ထိုအခိုက်အတန့်၌ သွေးဘိုးဘေး၏ ခုခံမှုကလည်း အတောမသပ်နိုင်အောင် ဖြစ်လာခဲ့သည်။
အနက်ရောင်တိမ်ထုအတွင်း၌ ပေါက်ကွဲသံများ ထွက်ပေါ်လာကာ အမှန်တကယ် ပျက်စီးတော့မည် အရိပ်အယောင် ပြသလာခဲ့သည်။သွေးဘိုးဘေးသည် မာန်သွင်းကာ ထိုးထွက်လိုက်၏။
သွေးဘိုးဘေး၏အသံက ထွက်ပေါ်လာခဲ့သည်။ “ခွေးကောင်လေး…ဝမ်လင်း…မင်းက ဒီအဘိုးအိုကို ချိပ်ပိတ်ထားဖို့ အရည်အချက် မရှိသေးပါဘူး…” သိပ်သည်းသောအနက်ရောင် တိမ်ထုက လွင့်ပါးလာခဲ့ပြန်ကာ ပျောက်ကွယ်လုမတက် ဖြစ်လာခဲ့သည်။
အနက်ရောင်တိမ်ထုများ ပျောက်ကွယ်သွားခြင်းက စိတ်ဝိညာဉ်တစ်ကုဋေအလံ ဖျက်စီးခံလိုက်ရခြင်းဟု ဆိုလိုပေ၏။
ဝမ်လင်းက အော်ပြောလိုက်သည်။ “ပင်မစိတ်ဝိညာဉ်သုံးခု ထွက်ပေါ်လာစမ်း….”
ထိုအခါ အနက်ရောင်တိမ်ထုအတွင်းကနေ ချီလင်နှင့်လေးခုမြောက်စိတ်ဝိညာဉ်အပါအတင် ပင်မစိတ်ဝိညာဉ်သုံးခုသည် ချက်ခြင်း ထွက်ပေါ်လာကာ သွေးဘိုးဘေးအား တိုက်ခိုက်လာသည်။
အနက်ရောင်တိမ်ထုများအတွင်း၌ ဝမ်လင်းသည် ချီလင်သည် အနက်ရောင်အခိုးငွေ့များအဖြစ်သို့ ပြောင်းလဲ၍ သွေးဘိုးဘေးအား ဝန်းရံသွားသည်ကို တွေ့မြင်နေရသည်။လေးခုမြောက်စိတ်ဝိညာဉ်ကလည်း သွေးဘိုးဘေး၏မူလစိတ်ဝိညာဉ်ကို ထွင်းဖောက်၍ တိုက်ခိုက်နေသည်။ ၎င်းတိုက်ခိုက်လိုက်သည့်အချိန်တိုင်း သွေးဘိုးဘေး၏ မူလစွမ်းအင်များစွာသည် စိမ့်ထွက်ကုန်၏။
နောက်ဆုံးပင်မစိတ်ဝိညာဉ်သည် လူသားအသွင်နှင့် ရှိနေဆဲ ဖြစ်ကာ ၎င်းက အနက်ရောင်အခိုးငွေ့အဖြစ်သို့ ပြောင်း၍ သွေးဘိုးဘေးအား ဝန်းရံကာ သူ့လှုပ်ရှားမှုများကို နှေးကွေးအောင် ပြုလုပ်သည်။
သွေးဘိုးဘေးသည် ကြမ်းကြုတ်သည့်အသွင် ဖြစ်ပေါ်နေ၏။ သူ့ခန္ဓာကိုယ်ပတ်လည်ရှိ အနီရောင်အလင်းကလည်း တောက်ပနေကာ အနက်ရောင်တိမ်ထုများအတွင်း၌ ဖြည်းဖြည်းချင်း ပြည့်လာခဲ့သည်။
သွေးဘိုးဘေးထံကနေ အသံတစ်ခု ထွက်ပေါ်လာသည်။ “သွေးစိတ်ဝိညာဉ်…ပျက်စီးစမ်း…” သူ့ခန္ဓာကိုယ်ပတ်လည်ရှိ အနီရောင်အလင်းသည် နတ်ဆိုးဆန်လာကာ သူ့မူလစိတ်ဝိညာဉ်သည် ရုတ်တရက် အံ့မခန်းစွမ်းအားကို ထုတ်လွှတ်လာသည်။ ချီလင်သည့် အထိတ်တလန့် ညီးညူလိုက်ရာက ထိုစွမ်းအား၏ ဖိအားကြောင့် ပျောက်ကွယ်လုမတက် ဖြစ်သွားရဿည်။၎င်းက နောက်သို့ အမြန် ပြန်ဆုတ်လိုက်ရသည်။
သွေးဘိုးဘေး၏ခန္ဓာကိုယ်ကို ထွင်းဖောက်နေသော လေးခုမြောက်မူလစိတ်ဝိညာဉ်အပ်ပင် သွေးဘိုးဘေး၏ ဖမ်းမိခြင်းကို ခံလိုက်ရသည်။၎င်းအပ်ပေါ်၌ အက်ကွဲရာများ ပေါ်လာကာ ၎င်းက ပျောက်ကွယ်မသွားခင် အမြန်ဆုတ်လိုက်သည်။
သွေးဘိုးဘေး၏မျက်လုံးများက နီရဲနေကာ သူက သူ့ရှေ့ရှိ အနက်ရောင်တိမ်ထုကို စုတ်ဖြဲ၍ ဖွင့်လိုက်သည်။
အစကနေ အဆုံးထိ ဝမ်လင်းမျက်လုံးများက တည်ငြိမ်လျက် ရှိနေ၏။ သွေးဘိုးဘေးက ခြေလှမ်း၍ ထွက်လာဟန်ပြင်စဉ် ဝမ်လင်းသည် သူ့ပါးစပ်ထဲကနေ အဝါရောင်အလင်းတန်းတစ်ခုကို ထွေးထုတ်လိုက်၏။ထိုအဝါရောင်အလင်းထဲ၌ သဲမှုန်တစ်ခု ပါဝင်နေသည်။
ထိုသဲမှုန်ထွက်ပေါ်လာသည်နှင့် ပြင်းထန်သောဖိအားက သည်ဧရိယာတွင် ထွက်ပေါ်လာခဲ့တော့သည်။ချက်ခြင်းလိုလိုပင် ထိုသဲမှုန်က ပေတစ်ထောင်အကျယ်ထိ ကြီးထွားလာခဲ့သည်။၎င်းက တံဆိပ်တုံးတစ်ခုနှင့် ဆင်တူလို့နေ၏။
ထိုအရာသည် ကောင်းကင်ဘုံအစိတ်အပိုင်းမြေကို နတ်ဘုရားပြစ်ဒဏ်က မွန်းမံထားခဲ့သည့် အရာ ဖြစ်လေသည်။
၎င်းတံဆိပ်တုံးပေါ်လာသည်နှင့် ၎င်းက သွေးဘိုးဘေးပေါ်သို့ မြောက်များစွာသော ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များနှင့်အတူ ဖိချလာခဲ့သည်။
သွေးဘိုးဘေး၏ခန္ဓာကိုယ်ထဲကနေ အက်ကွဲသံများ ချက်ခြင်း ထွက်ပေါ်လာခဲ့သည်။သူ့ပတ်လည်ရှိ အနီရောင်အလင်းကလည်း အားပျော့သွားခဲ့၏။ သူလှမ်းရန် ကြံရွယ်လိုက်သော ခြေလှမ်းပင် နောက်သို့ အတင်းပြန်ဆုတ်သွားရသည်။
ထိုပေတစ်ထောင်အစိတ်အပိုင်းမြေကနေ ဖြစ်ပေါ်သည့် တံဆိပ်တုံးသည် ကောင်းကင်ထက်ကနေ ဆင်းသက်လာခဲ့သည်။ သွေးဘိုးဘေးသည် ထိုးထွက်လိုက်၏။ သို့သော် တုန်ဟီးသံများ ဆက်တိုက် ထွက်ပေါ်လာပြီးသည့်နောက် သူက ထိုတံဆိပ်တုံး၏ဖိသိပ်မှုအောက်သို့ ရောက်ရှိသွားလေသည်။
ထိုအခိုက်အတန့်မှာပင် ကံကြမ္မာကျာပွတ်သည် ရုတ်တရက်ပေါ်လာကာ သူ့အပေါ်သို့ လွှဲရိုက်ချလာသည်။
ဘန်းကနဲ ပေါက်ကွဲသံတစ်ခုနှင့်အတူ သွေးဘိုးဘေး၏မူလစိတ်ဝိညာဉ်က ပို၍ မတည်မငြိမ် ဖြစ်လာခဲ့သည်။သွေးဘိုးဘေး၏မူလစိတ်ဝိညာဉ်က ပျက်စီးလုနီးပါး ဖြစ်လို့နေ၏။
သူက ကြောက်မက်ဖွယ်ပြုံးလိုက်၏။သူ့မျက်လုံးထဲ၌လည်း ရူးသွပ်မှုများနှင့် ပြည့်လာခဲ့သည်။ထိုအခိုက်အတန့်၌ ဝမ်လင်းအသံ ထွက်ပေါ်လာခဲ့သည်။
“သွေးဘိုးဘေး…ငါက သင့်ကို မသတ်ချင်ဘူး။ သင့်ကို ယောင်ရှင်းရွှယ်နဲ့တွေ့ဖို့ အခွင့်အရေးတစ်ခု ပေးချင်တယ်။ သင်က သင့်ကိုယ်သင် ဖောက်ခွဲလိုက်ရင် သင်က ယောင်ရှင်းရွှယ်နဲ့ ဘယ်တော့မှ ထပ်တွေ့နိုင်မှာ မဟုတ်တော့ဘူး…”
ဝမ်လင်းအသံက အေးစက်နေခဲ့သည်။
သွေးဘိုးဘေးသည် တိတ်ဆိတ်စွာ စဉ်စားနေရင်း သူ့မျက်လုံးထဲရှိ ရူးသွပ်မှုကလည်း ပျောက်ကွယ်သွားခဲ့သည်။ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွားကာ သူက ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေကာ အော်ပြောလိုက်သည်။ “စုစည်းခြင်း…”
ပတ်ဝန်းကျင်ရှိ အနက်ရောင်တိမ်ထုများသည် သွေးဘိုးဘေးပတ်လည်သို့ ချက်ခြင်း ဝန်းရံသွားသည်။ကံကြမ္မာကျာပွတ်ကလည်း သွေးဘိုးဘေးအား ထွေးခြုံသွားသည်။ထိခိုက်ထားသော ပင်မမူလစိတ်ဝိညာဉ်သုံးခုကလည်း ပေါ်လာခဲ့ကာ အရူးအမူးဝါးမြိုလိုဟန် ပြသလာခဲ့သည်။
တံဆိပ်တုံးက အထက်တွင် ရှိနေကာ ဆက်၍ ဖိသိပ်ခြင်း မပြုတော့သော်လည်း ဖိအားကတော့ ရှိလို့နေဆဲပင်။ထိုဖိအားကြောင့် အနက်ရောင်တိမ်ထုသည် မြန်ဆန်စွာ ပို၍ ကျုံ့လာခဲ့သည်။နောက်တုံးတွင် ၎င်းက အလုံးတစ်ခုထိကျုံ့လာကာ ပေတစ်ရာခန့်အလံတစ်ခုသို့ ပြောင်း၍ ဝမ်လင်းလက်ထဲသို့ ကျရောက်လာသည်။
ပေတစ်ရာအလံကို ဖြန့်ကျက်လိုက်ရာ ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်သွား၏။မူလတွင် ထိုအလံပေါ်၌ မည်သည့်အရာမှ ရှိမနေခဲ့ချေ။သို့သော် ခုချိန်၌ ပုံရိပ်တစ်ခု ရှိလို့နေ၏။
ထိုအလံပေါ်ရှိ ပုံရိပ်သည် သွေးဘိုးဘေး၏ အလိုမကျသည့်ဟန်ပန်ပုံရိပ်ပင် ဖြစ်လေ၏။ သည်လိုနည်းဖြင့် အလံပေါ်တွင် ပုံရိပ်တစ်ခု ဖြစ်ပေါ်လာခဲ့ပေသည်။
စိတ်ဝိညာဉ်တစ်ကုဋေအလံကို ကြည့်ကာ ဝမ်လင်းသည် တိတ်ဆိတ်နေသည်။သူက သွေးဘိုးဘေးကို ချိုးနှိမ်လိုက်နိုင်သော်လည်း ပျော်ရွှင်နေခြင်း မရှိဘဲ အတိတ်ကို ပြန်အောက်မေ့သလိုပင် ခံစားနေရသည်။
သူက သွေးဘိုးဘေးကို အနိုင်ရရန် အသည်းအသန် ကြိုးစားခဲ့ရသည်။ သူက အပြင်ပိုင်းတွင် တည်ငြိမ်ဟန် ရှိနေသော်လည်း သူနှင့်သွေးဘိုးဘေးကြားရှိ တိုက်ပွဲသည် အသေအရှင်တိုက်ပွဲတစ်ခု ဖြစ်နေခဲ့သည်။အနည်းငယ် ပေါ့ဆမိသည်နှင့် သေခြင်းနှင့် အဆုံးသပ်သွားနိုင်ပေသည်။သည်တိုက်ပွဲက ဝမ်လင်း လမြွေနဂါးလက်ကနေ လွတ်မြောက်အောင်ထွက်ပြေးရသည့် အန္တရာယ်ထက် လျော့နည်းခြင်း မရှိပေ။အနည်းငယ် ပို၍ အန္တရာယ်များခဲ့သည်ဟု ဆိုနိုင်သည်။
“ငါတို့နှစ်ယောက်ကြားမှ ကြီးမားတဲ့အမုန်းတရား မရှိဘူး။ သင်ကသာ သင့်သမီးယောင်ရှင်းရွယ်နဲ့အတူ ထွက်သွားခဲ့ရင် ဒီလိုမျိုး အဆုံးသပ်မှာ မဟုတ်ဘူး…”
ဝမ်လင်းက သက်ပြင်းချမိ၏။
နောက်ဆုံးဘေးကျပ်နံကျပ်ကြောင့်သာ မဟုတ်ပါက ဝမ်လင်းသည် သွေးဘိုးဘေးကို ခုလိုဖြစ်သည့်အထိ လုပ်ဆောင်လိမ့်မည် မဟုတ်ပေ။သူက သည်ကိစ္စတွင် အကူအညီမဲ့ခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် သူက အသက်ရှင်သန်လိုလျှင် သူ့အားဖျက်စီးပစ်မည်ဟု ကျိန်ဆိုခဲ့သော သွေးဘိုးဘေးအား သတ်ပစ်ရပေလိမ့်မည် မဟုတ်လား။
ယောင်ရှင်းရွှယ်က သွေးဘိုးဘေး၏အားနည်းချက်ပင် ဖြစ်၏။သွေးဘိုးဘေးကို ချိပ်ပိတ်နိုင်ရန် သူက ထိုအားနည်းချက်ကို အသုံးပြုခဲ့ရပေသည်။ အသေအရှင်တိုက်ပွဲ၌ မည်သည့်လုပ်ရပ်ဖြစ်စေ လက်သင့်မခံနိုင်စရာ မရှိပေ။
ဝမ်လင်းသည် စိတ်ဝိညာဉ်အလံကို ကြည့်ကာ ပြောလိုက်၏။ “သွေးဘိုးဘေး..ငါက သင့်ရဲ့ အဖေတစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို လေးစားပါတယ်။ငါ့မှာလည်း သားတစ်ယောက်ရှိခဲ့တယ်။ ဒါ့ကြောင့် ငါက သင့်ရဲ့ ဒေါသကိုလည်း နားလည်းပါတယ်။ ဒါပေမဲ့လည်း ငါက သင်က ငါ့ကို ရှင်းပြဖို့တောင် အခွင့်အရေးတစ်ခု မပေးခဲ့ဘူး။ငါက သင့်သမီးကို ဖမ်းထားတဲ့ အချိန်ကစပြီး သူမကို ထိတောင်မထိခဲ့ဘူး။သင့်သမီးက ငါ့အပေါ်မှာ မကောင်းတဲ့အကြံအစည်ကြောင့်သာ မဟုတ်ရင် ငါက သွေးဘိုးဘေးကို ဘယ်ရန်စဝံ့ပါ့မလဲ…”
ဝမ်လင်းသည် သူ့စကားများကို သွေးဘိုးဘေးကြားနိုင်သည်ကို သိ၏။
“သင်က သင့်သမီးကို ချစ်တဲ့အတွက် အမှားနဲ့အမှန်၊ ဖြစ်ခဲ့တဲ့ကိစ္စရဲ့ အကြောင်းရင်းကို မစဉ်းစားတော့ဘူး။ ဒါက ချစ်ခြင်းမေတ္တာဆိုပေမဲ့လည်း သင့်သမီးအတွက် ဘေးဖြစ်တဲ့ဟာပဲ…”
“ငါက သင့်ကို အခွင့်အရေးတစ်ခုပေးခဲ့တယ်။ ဒါပေမဲ့လည်း စီနီယာသွေးဘိုးဘေးက ငါ့ကို သတ်ပစ်ဖို့ပဲ တာဆူနေခဲ့တယ်။ငါ့အမြင်မှာ သင်နဲ့သင့်သမီးရဲ့လုပ်ရပ်က မထူးလှဘူး။ငါက လွန်ခဲ့တဲ့နှစ်တစ်ထောင်ကလည်းက အဖေတစ်ယောက်ရဲ့ အလုပ်ကို နားလည်ခဲ့ပြီး ဖြစ်တယ်။ ဒါပေမဲ့လည်း သင်က ဒီနေ့ထိ အဲ့တာကို နားမလည်သေးဘူး…”
ဝမ်လင်းက အကွာအဝေးတစ်ခုသို့ လှမ်းမျှော်ကြည့်ရင်း စိတ်ဝိညာဉ်အလံကို သိမ်းဆည်းလိုက်၏။သူက သွေးဘိုးဘေး သူ့စကားများကို နားလည်ခြင်း၊မလည်ခြင်းအား စိတ်မဝင်စားပေ။ခုလိုပြောလိုက်ရုံကပင် သူ့အတွက်လုံလောက်နေခဲ့လေပြီ။
သူက ညာလက်ကို ပင့်မြှောက်ကာ ကောင်းကင်ဘုံအစိတ်အပိုင်းမြေ (ဝါ)တံဆိပ်တုံးကို ဖိလိုက်၏။ ထိုအခါ အဝါရောင်အလင်းတန်းအသွင်ပြောင်း၍ ၎င်းတံဆိပ်တုံးသည် သဲမှုန်အဖြစ်ထိ ပြန်ကျုံ့သွားခဲ့တော့သည်။ထို့နောက် ဝမ်လင်းက ၎င်းကို မြိုချလိုက်သည်။
ထို့နောက် ဝမ်လင်းသည်အလင်းတန်းတစ်ခုအဖြစ် ပြောင်း၍ အကွာအဝေးတစ်ခုထံသို့ ပျံသန်းထွက်ခွာသွားသည်။
“ငါက မိုးကြိုးကောင်းကင်ဘုံနယ်မြေမှာ ငါ့ကိုယ်ငါ တက်နိုင်သမျှ သန်မာအောင် လုပ်ရမယ်။ငါ့မှာ မန္တာန်တွေကင်းမဲ့နေသေးတယ်။ အစောပိုင်းတုန်းက ငါ့ကျင့်ကြံမှုအဆင့်က ကောင်းကင်ဘုံမန္တာန်တွေကို ရယူနိုင်ဖို့အတွက် မလုံလောက်သေးဘူး။ ဒါပေမဲ့လည်း ခုလက်ရှိ ငါ့ကျင့်ကြံမှုအဆင့်နဲ့ဆိုရင်တော့ ငါက ကောင်းကင်ဘုံသားတွေရဲ့ လှိုဏ်ဂူတွေအတွက် တိုက်ပွဲတွေမှာ ပါဝင်နိုင်ဖို့ လုံလောက်အောင် သန်မာနေခဲ့ပြီ….”
“ငါ့ပန်းတိုင်က ကောင်းကင်ဘုံမန္တာန်ပဲ…။ဝမ်အာ…စိတ်မပူပါနဲ့…ငါက တန်လင်းဂြိုဟ်ကို ကျိန်းသေးပေါက်သွားမှာပါ။ နင်ပြန်ရှင်သန်နိုင်ဖို့ အခွင့်အရေးတစ်မျှင် ရှိရင်တောင် ငါ ဝမ်လင်းက နင့်အတွက် အရာအားလုံးကို လုပ်မယ်…”
ဝမ်လင်းက သူ့ညာလက်ကို သူ့မျက်ခုံးနှစ်ခုကြားသို့ တင်လိုက်သည်။ခုလက်ရှိ တိုးတက်လာသော ကျင့်ကြံမှုအဆင့်ကြောင့် ဝမ်လင်းသည် လီမူဝမ်၏ ပြန်လည်ရှင်သန်မှု၌ ပို၍ ယုံကြည်ချက် ရှိလာပေ၏။သူက အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းထံသို့ ရောက်လာခဲ့ခြင်းသည် မဟာမိတ်ကြယ်အဖွဲ့အစည်းမှ မွန်းစတားအိုကြားများ၏ လက်ထဲမှ ထွက်ပြေးရန်အပြင် နောက်ထပ်အကြောင်းတစ်ခုမှာ လီမူဝမ်ကြောင့် ဖြစ်လေ၏။
ဝမ်လင်းက ဟင်းလင်းပြင်ထဲသို့ ဖြတ်သန်းနေရင်း လီမူဝမ်အကြောင်း တွေးလို့နေသည်။သူ့ပန်းတိုင်က သူ့ရှေ့ရှိ အစိတ်အပိုင်းမြေထံသို့ ဖြစ်လေ၏။
ခုချိန်ကစ၍ မိုးကြိုးကောင်းကင်ဘုံနယ်မြေရှိ ရတနာများအတွက် တိုက်ခိုက်မည့် စွမ်းအားကောင်းသော လူတစ်ယောက် တိုးလာခဲ့လေပြီ။ထိုလူကတော့ ဝမ်လင်းပင် ဖြစ်၏။
ဝမ်လင်းရှေ့ရှိ အစိတ်အပိုင်းမြေပေါ်တွင် ခုလက်ရှိတွင် လီယွမ်သည် ဆက်၍ ထွက်မပြေးနိုင်တော့ပေ။ သူ့ခန္ဓာကိုယ်က ဆီကုန်နေသည့် မီးအိမ်တစ်ခုကဲ့သို့ ဖြစ်နေလေ၏။
သူ့နောက်သို့ လိုက်ဖမ်းလာသည့် လူသုံးယောက်က သူ့ကို ကစားနေခြင်းကြောင့်သာ မဟုတ်ပါက သူက ခုလောက်ဆို သေဆုံးနေလောက်ပေပြီ။သူ့ကို အရှက်ရဆုံးက သူ့နောက်မှ လူငယ်သည် မန္တာန်များလေ့ကျင့်ဖို့အတွက် သူ့အား ပစ်မှတ်တစ်ခုလို အသုံးပြုနေခြင်းပင်။
ထိုလူငယ်၏ ဘေးနားရှိ အကြီးအကဲကလည်း ရက်စက်သည့်အော်ရာကို ပေးစွမ်းနေသည်။သူက တစ်ခါတစ်ရံလူငယ့်အား ညွှန်ပြပေးနေသေး၏။
ဓားရှစ်လက်တွင်လည်း သုံးလက်သာ ကျန်ရစ်တော့၏။ကျန်သည့်ဓားများမှာ မန္တာန်များနှင့် တွဲစပ်အသုံးပြုရင်း ဆုံးရှုံးသွားခဲ့ရခြင်းပင်။ အဘိုးအိုသည် ထိုဓားများကို ဖမ်း၍ ၎င်းတို့ပေါ်ရှိ နတ်ဘုရားအာရုံကို ပတ်သယ်ကာ လူငယ့်ထံသို့ ပစ်ပေးလိုက်၏။
သည့်နောက် လူငယ်က ထိုဓားများကို သူ့ဘေးရှိ အမျိုးသမီးကို လက်ဆောင်ပေးလိုက်သည်။
လီယွမ်၏ စိတ်ထဲ၌ မကျေမနပ်၊ဒေါသ ထွက်နေခဲ့တော့၏။အမျိုးသမီး၏ ညူတူတူရယ်သံက သူ့ကို ပိုဆိုးဝါးစွာ ခံစားရအောင် လုပ်နေတော့သည်။
လမ်းတစ်လျှောက်တွင်လည်း သူက ဒဏ်ရာများစွာ ရထားခဲ့ပြီး ဖြစ်သည်။သူက သူ့ကိုယ်သူ ကုသရန် အချိန်မရှိဘဲ သူ့ညာလက်သည် ပုတ်သိုးရိလာခဲ့သည်။သူ့အသွေးအသားထဲ၌လည်း အဖြူရောင်အင်းဆက်များက လှုပ်ရှားနေကြသည်။၎င်းတို့သည် လောက်များ မဟုတ်ကြဘဲ သူ့နောက်မှ လူငယ် ထုတ်လွှတ်လိုက်သည့် အဆိပ်ရှိအင်းဆက်များပင် ဖြစ်တော့သည်။
လီယွမ်က ထိုအင်းဆက်များသည် သူ့မူလစိတ်ဝိညာဉ်ထဲ၌ပင် ရှိနေသည်ဟု ခံစားမိနေ၏။
လီယွမ်၏အမြန်နှုန်းက နှေးသထက် နှေးလာခဲ့သည်။သူ့ခန္ဓာကိုယ်တစ်ခုလုံးကလည်း ပင်ပန်းနွမ်းနယ်နေကာ သေဆုံးခြင်းအငွေ့အသက် သူ့ပတ်လည်တွင် ပြည့်နေတော့သည်။
လီယွမ်၏နောက်ရှိ အဘိုးအိုက သူ့အကြည့်ကို ရုတ်သိမ်းကာ တည်ငြိမ်စွာ ပြောလိုက်သည်။ “ယောင်သခင်လေး…ဒီလူက စွမ်းအား ကုန်နေပါပြီ…”
***