အခန်း(၇)

ကံကောင်းလာအောင် လုပ်နည်းများ

အခန်း(၇) : ကံကောင်းလာအောင် လုပ်နည်းများ

ချင်ကောင်းတစ်ယောက် ဘာတွေတွေးနေမှန်း ရှန်ထျန်းက မသိပေ။

ရှန်ထျန်းက ခဏတွေးလိုက်ပြီး ပြောလိုက်သည်။

“ဦးလေးကွေ့… ဟရူးဂါနတ်ဆိုးကျမ်းကို မိတ္တူတစ်အုပ် ကူးပြီးတော့ ချင်ကောင်းကို ပေးလိုက်ပါဦး”

“ဟုတ်ကဲ့ပါ… အရှင့်သား”

ကွေ့ကုန်းကုန်းက ဒီသိုင်းကျမ်းကို ပေးရသည့်အတွက် မကျေမနပ် မဖြစ်မိပါချေ။ သူ့ဘက်ကကြည့်ပါက ဟရူးဂါ နတ်ဆိုးကျမ်းက မင်းသားလေးအပိုင် ဖြစ်သည်။ နောက်ပြီး သူ ဒီသိုင်းကျမ်းကို ကျင့်နေသည်မှာလည်း မင်းသားလေးကို ကာကွယ်ပေးနိုင်အောင် အင်အားကောင်းလာစေဖို့အတွက် ကျင့်နေခြင်း ဖြစ်သည်။ မင်းသားလေးက ချင်ကောင်းကိုပါ လိုလိုလားလား ကျင့်စေချင်မှတော့ ကွေ့ကုန်းကုန်းအနေနှင့် ဘာမှအတွန့်တက် နေစရာ မရှိပေ။

“ပြီးတော့ ချင်ကောင်းအတွက် အခန်းတစ်ခန်းလည်း ပြင်ပေးလိုက်ပါဦး”

ရှန်ထျန်းက နောက်လှည့်ပြီး ပြန်ဖို့ ပြင်လိုက်သည်။

ဟရူးဂါ နတ်ဆိုးကျမ်းက ချင်ကောင်း၏ ကံအပြောင်းအလဲ အခွင့်အရေးလေ…

ရှန်ထျန်းက ချင်ကောင်းကို မပေးဘဲ သိမ်းထားမည်ဆိုလျှင်တောင်မှ ချင်ကောင်းက နောက်ထပ် အခွင့်အရေးကောင်း အသစ်တွေ ထပ်ကြုံတွေ့လာဦးမည်သာ…

ဒီတော့ ရှန်ထျန်းလည်း ချင်ကောင်းကို သိုင်းကျမ်းပေးပြီး ကျေးဇူးအတင်ခံရအောင်ပဲ လုပ်လိုက်တော့သည်။

တကယ်လို့များ နောင်အနာဂတ်မှာ ချင်ကောင်းက အောင်မြင်ကျော်ကြားတဲ့ လူတစ်ယောက် ဖြစ်လာခဲ့ရင် ရှန်ထျန်းအတွက် မိတ်ဆွေတစ်ယောက် တိုးတာပေါ့…

…………………

ရှန်ထျန်း စကားပြောလို့ ပြီးသွားသည်နှင့် ချက်ချင်းပဲ ထူးခြားမှော်ဆန်သည့် ကိစ္စတစ်ခု ဖြစ်သွားလေ၏။ မမြင်ရသည့်ကြိုးတွေ ပျက်သွားသလိုမျိုး သူ့တစ်ကိုယ်လုံး ပေါ့ပါးသွားသည်ကို ရှန်ထျန်းက ခံစားလိုက်ရသည်။ ဒီခံစားချက်က တကယ်ကြီး ဖြစ်နေသလိုမျိုးနှင့် တစ်ချိန်တည်းမှာပဲ စိတ်ကူးယဉ်လည်း ဆန်နေပြန်သည်။

ရှန်ထျန်းက နောက်ပြန်လှည့်လိုက်ပြီး ချင်ကောင်းကို ကြည့်လိုက်သည်။ ချင်ကောင်း၏ ရောင်ဝါစက်ဝန်းက အရောင် ထပ်ပြောင်းသွားပြန်ပြီ။ အစိမ်းကွက်တွေ အကုန်ပျောက်သွားပြီး အနီရောင် ပြန်ဖြစ်သွားပြီ။

ရှန်ထျန်း သူနှင့် စတွေ့တွေ့ချင်းတုန်းကလိုမျိုးပေါ့ …

ရှန်ထျန်းက သူ့အိတ်ကပ်ထဲက ကြေးမုံကို ထုတ်ပြီး သူ့ရောင်ဝါစက်ဝန်းကို ကြည့်ကြည့်လိုက်သည်။ မည်းနေသေးတုန်း ဆိုသော်လည်း အရင်ကလောက်တော့ မည်းနက်မနေတော့ပေ။

ငါ ချင်ကောင်းကို ကံအပြောင်းအလဲ အခွင့်အရေး ပြန်ပေးလိုက်လို့များလား… ဒါမှမဟုတ် အဲ့ဒီကံကောင်းမှုကို ငါက သူနဲ့အတူတူ မျှရနေတာမျိုးလား…

ရှန်ထျန်းက စမ်းသပ်ကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။

သူက ချင်ကောင်း၏ ရောင်ဝါစက်ဝန်းကို စိုက်ကြည့်ပြီး ပြောလိုက်သည်။

“ပြန်စဉ်းစားကြည့်လိုက်တော့… နေပါစေတော့ ဦးလေးကွေ့။ ဟရူးဂါ နတ်ဆိုးသိုင်းကျမ်းကို ကူးမနေနဲ့တော့”

ထိုသို့လည်း ပြောလိုက်ရော သူ့ကိုယ်ကြီး ပြန်လေးသွားပြန်ရော်…

ချင်ကောင်း၏ ရောင်ဝါစက်ဝန်းပေါ်မှာလည်း အစိမ်းကွက်တွေ ပြန်ပေါ်လာ၏။

ဦးလေးကွေ့က ခေါင်းငြိမ့်ပြီး ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ… အရှင့်သား”

မင်းသားလေး ဘာကြောင့် ဒီလောက်မြန်မြန်ကြီး စိတ်ကူးပြောင်းသွားရတာလဲ သူ မသိသော်လည်း မင်းသား(၁၃)၏ ဆုံးဖြတ်ချက်တိုင်းကို သူယုံကြည်သည်။ သံသယဆို၍ နည်းနည်းလေးတောင် မဝင်မိပေ။

ထိုအချိန်မှာ ရှန်ထျန်းက ထပ်ပြောလိုက်သည်။

“အင်း… ကျွန်တော့်စိတ်ကူးပြောင်းသွားပြန်ပြီ။ မိတ္တူတစ်အုပ် ကူးလိုက်ပါဗျာ”

ထိုသို့လည်း ပြောလိုက်ရော ချင်ကောင်း၏ ရောင်ဝါစက်ဝန်းက တစ်ခါ ထပ်နီသွားပြန်လေသည်။

သူ့သီအိုရီမှန်နေသည်ကို တွေ့ရတော့ ရှန်ထျန်းတစ်ယောက် အလွန်စိတ်လှုပ်ရှားသွား၏။

“ဟုတ်ကဲ့ပါ… အရှင့်သား”

ဦးလေးကွေ့က နည်းနည်းတော့ ဘာပြောရမှန်းမသိ ဖြစ်သွားမိသည်။ သူ့စိတ်ထဲမှာ မင်းသားလေးက အဆင့်နိမ့် ကုန်းကုန်းလေးကို စနေသည်ဟု ထင်နေလေ၏။

တကယ့်ကို အစသန်လွန်းပါပေ့…

ချင်ကောင်းခမျာ နောက်ဆုံးမှာ မနေနိုင်ဘဲ ပြောလိုက်သည်။

“ဟို… ကျွန်တော်မျိုးအတွက် တကယ်တော့ အဲ့ဒီဟာ မလိုအပ်ပါဘူး…”

အမှန်အတိုင်း ပြောပြရလျှင် မင်းသား(၁၃)က သူ့အပေါ် ကောင်းလွန်းနေလို့ ချင်ကောင်းတစ်ယောက် လန့်နေမိပြီလေ။ ရှန်ထျန်းက သူ့ကို ကယ်လည်းကယ်ထားသည်။ နေစရာနေရာလည်း ပေးထားသည်။ ပြီးတော့ အလုပ်လုပ်စရာလည်း မလိုပြန်ပေ။

အခု ဟရူးဂါနတ်ဆိုးကျမ်းဆိုလား ဘာလားကိုတောင် လေ့လာဖို့ သူ့ကို ခွင့်ပြုနေသည်။ ထိုကျမ်းကြီးက ဘာကြီးမှန်း ချင်ကောင်း သေချာမသိသော်လည်း မင်းသား(၁၃)တောင် အလေးထားနေပုံထောက်လျှင် သာမန်ထက်ပိုသော အရာပဲ ဖြစ်ရမည်။

နန်းတော်တစ်ခုလုံးလောက် တန်ကြေးရှိတဲ့ အရာတောင် ဖြစ်နေနိုင်သည်။

ချင်ကောင်းအနေနှင့် မင်းသားလေးအပေါ်မှာ ကျေးဇူးကြွေးတွေ အများကြီးတင်နေလေပြီ။ ပြီးတော့ မင်းသားလေး၏ ကြင်နာမှုကို ဘယ်လိုပြန်ဆပ်ရမှန်းတောင် မသိသေးပေ။

ဒီဟရူးဂါ နတ်ဆိုးကျမ်းကို သူ လက်ခံလိုက်ရင်တောင်မှ သူ ပြန်လုပ်ပေးနိုင်တာ ဘာမှရှိဦးမှာ မဟုတ်ဘူးလေ…

…………………

ချင်ကောင်း ပြောလို့ ပြီးသွားသည်နှင့် သူ့ရောင်ဝါစက်ဝန်းပေါ်မှာ အစိမ်းကွက်တွေ ပြန်ပေါ်လာပြန်၏။

သူ့ကံကြမ္မာကို ပြောင်းလဲဖို့ နည်းလမ်းရှာတွေ့သွားပြီ ဖြစ်လေရာ ထိုသို့ပြန်ပေါ်လာသည်ကို ရှန်ထျန်းတစ်ယောက် မကြိုက်ပါလေ။ ချင်ကောင်းက သူ့အစီအစဉ်ကို ဖျက်စီးပစ်မှာကို သူက ခွင့်ပြုမှာ မဟုတ်ပေ။

လုံးဝပဲ…

“ဟင့်အင်း… မင်း သင်ကိုသင်ရမယ်”

ရှန်ထျန်းက ပြတ်ပြတ်သားသား ပြောလိုက်သည်။

“အဲ့ဒါတင်မကဘူး… ချီသန့်စင်ခြင်းရဲ့ အခြေခံသဘောတရားတွေကိုလည်း သင်ရမယ်… အခြေတည်ခြင်းရဲ့ အခြေခံသဘောတရားတွေကိုလည်း သင်ရမယ်… ပြီးတော့ ရွှေအမြုတေနဲ့ ကနဦး စိတ်ဝိညာဉ်တို့အတွက်ကောပဲ”

“အရှင့်သား…”

“မင်းအသက်ကို ငါကယ်ထားတာနော်… မင်း ငြင်းလို့မရဘူး”

ရှန်ထျန်းက ထိုသို့ ပြောလိုက်သောအခါ ချင်ကောင်း၏ ရောင်ဝါက စူးစူးရှရှ တောက်ပလာလေသည်။ အရင်ကထက်ကို ပိုပြီးတော့ တောက်ပလာလေ၏။

အစိမ်းကွက်တွေ ပျောက်သွားရုံတင်မကဘဲ အစွန်းနားမှာ ရွှေရောင်အကွက်လေး နည်းနည်းပါ ပေါ်လာသည်။

ရှန်ထျန်း အံ့သြသွားမိသည့်ကိစ္စမှာ ကွေ့ကုန်းကုန်း၏ ရောင်ဝါစက်ဝန်းမှာပါ ပြောင်းလဲမှုဖြစ်သွားသည်ကို တွေ့လိုက်ရသောကြောင့် ဖြစ်သည်။

အစိမ်းရောင်က ပိုပြီး စိမ်းစိုလာသည်။ လန်းဆန်းမှုအပြည့်နှင့် တောအုပ်ထူထူတစ်ခု၏ အရောင်နှင့်တူနေလေသည်။ ပြီးတော့ အစွန်းနားမှာ အနီကွက်လေးတွေလည်း ရှိနေသည်။

ရောင်ဝါစက်ဝန်းက အဆင့်တက်သွားတာလား… ငါ့ကံကြမ္မာကို ပြောင်းဖို့ လုပ်တဲ့နည်းက မှန်နေတယ်ဆိုတဲ့ သဘောလား…

တကယ်လို့ ငါလေးသာ ကံကောင်းတဲ့သူတစ်ယောက်ယောက်နဲ့ သူရဲ့ကံအပြောင်းအလဲအခွင့်အရေးကို မျှယူခဲ့မယ်ဆိုရင် ပါဝင်သက်ဆိုင်တဲ့လူတွေအားလုံးရဲ့ ကံတွေပါ ကောင်းလာမယ်ဆိုတဲ့ သဘောလား…

ရှန်ထျန်းက သူ့ကြေးမုံကို အမြန်လေး ထုတ်ပြီးတော့ သူ့ရောင်ဝါစက်ဝန်းကို ကြည့်ကြည့်လိုက်သည်။

မည်းနေသေးတုန်းပါပဲ…

သို့သော် အရင်ကလောက်တော့ မမည်းတော့ပေ။ အနည်းဆုံးတော့ နန်းဆောင်အပြင်ထွက်သည်နှင့် မိုးကြိုးအပစ်ခံရမည့်ကိန်း မရှိတော့ဘူးဟု ရှန်ထျန်း ခံစားလိုက်ရသည်။

နောက်ဆုံးတော့ ရက်တွေအများကြီး ကြာပြီးတဲ့နောက်မှာ ရှန်ထျန်းတစ်ယောက် မျှော်လင့်ချက်ရောင်ခြည် ရေးရေးလေးကို မြင်လိုက်ရပြီလေ။ သူက အရမ်းကို ဝမ်းသာသွားပြီး မျက်ရည်တွေတောင် ဝဲလာမိ၏။

ထိုအရာကို မြင်သွားပြီး ချင်ကောင်းက လန့်သွားသည်။

“ကျေးဇူးပြုပြီး မငိုလိုက်ပါနဲ့ဗျာ။ အရှင့်သား ပြောသမျှ ကျွန်တော်မျိုး အကုန်လိုက်နာပါ့မယ်”

မင်းသား(၁၃)က တော်ဝင်မင်းသားတစ်ယောက်လေ… ဘာဖြစ်လို့များ သူ့ကို ငါ ငိုစေရမှာလဲ…

နတ်ဆိုးကျမ်းလေးပဲဟာ…

မင်းသားလေးက ငါ့အသက်ကို ကယ်ခဲ့တာ… အခုဆို ငါ့အသက်ကိုတောင် မင်းသားလေးပိုင်တယ်… ကျင့်စဉ်လေး ကျင့်တာများ ဘာမှကြောက်နေစရာ မလိုပါဘူးလေ…

ချင်ကောင်းက သူ့ဘာသာသူ စိတ်ထဲမှာ အားတင်းပြင်ဆင်လိုက်၏။

“အင်း… ကောင်းတယ်… ကောင်းတယ်… ပြီးတော့ ငါ ငိုနေတာမဟုတ်ဘူး။ ဒါက စိတ်လှုပ်ရှားသွားလို့ပါကွ”

ရှန်ထျန်းက မျက်ဖြူလှန်ပြလိုက်၏။ ပြီးတော့ ပြောလိုက်သည်။

“ဦးလေးကွေ့… အခု သူ့ကို ခေါ်သွားလို့ရပြီ”

ဦးလေးကွေ့က ခေါင်းငြိမ့်ပြီး “ဟုတ်ကဲ့ပါ… အရှင့်သား။ ကျွန်တော်မျိုးလည်း အရှင့်သားလိုပဲ စိတ်လှုပ်ရှားမိပါတယ်။ ကျွန်တော်မျိုး သူ့ကို သူ့အခန်းဆီ ခေါ်သွားပြီး ကျင့်စဉ် သင်ပေးလိုက်ပါ့မယ်”

သူတို့တွေ ထွက်သွားပြီးသည့်နောက်မှာ ရှန်ထျန်းက သူနောက်ထပ် ဘာဆက်လုပ်ရမလဲဆိုတာကို စတင် အစီအစဉ် ချနေလိုက်သည်။ သူ့ရောင်ဝါစက်ဝန်း အဖြူရောင်မဖြစ်မချင်း ဘယ်သိုင်းကျမ်း ဘယ်ကျင့်စဉ်မှ မကျင့်ကြံရဲသေးပေ။ နောက်ဆုံးဖြစ်သွားခဲ့သည့် ချီဖောက်ပြန်ခြင်းကို အခုအချိန်အထိ သူ မှတ်မိနေတုန်းပဲ…

ကံကောင်းလာအောင် လုပ်ဖို့အတွက် နည်းလမ်းကို ရှာတွေ့ထားပြီ ဖြစ်လေရာ သူက ကံကောင်းသူများများနှင့် တွေ့ပြီး သူတို့၏ ကံအပြောင်းအလဲ အခွင့်အရေးတွေကို မျှယူဖို့ စီစဉ်ထားသည်။

သိပ်မကြာခင်မှာပဲ သူ့ရောင်ဝါစက်ဝန်းကို အဖြူရောင်ဖြစ်သွားအောင် လုပ်နိုင်တော့မည်ဟု ရှန်ထျန်းက ယုံကြည်နေလေ၏။ အဆုံးမှာတော့ သူလည်းပဲ သာမန်လူတစ်ယောက် ဖြစ်လာတော့မည်လေ…

အဲ့ဒီလိုလူတွေကို ငါဘယ်နားမှာ သွားရှာရင် ကောင်းမလဲ…

ရှန်ထျန်းက စဉ်းစားလိုက်သည်။

ပုံမှန်အတိုင်းဆို ဒီလိုလူတွေက အရမ်းကို အောင်မြင်ကျော်ကြားကြမှာပဲ… မီးတိုင်းပြည်ရဲ့ နန်းတွင်းထဲက တော်ဝင်အဆင့်အတန်းမြင့်တဲ့ လူတွေဆီမှာလည်း ပိုကောင်းတဲ့ကံဇာတာတွေ ရှိနေကြမှာပဲ…

ရှန်အောင်းကို ကြည့်လေ… သူက ကျင့်ကြံရေးမှာ ပါရမီအရမ်းပါပြီး ထိုက်ပိုင်ချိုင့်ဝှမ်းဆီကို သွားရဖို့ တစ်ဝက်သေချာနေပြီဆိုတော့ သူ့ရဲ့ကံဇာတာကလည်း သေချာပေါက် ကောင်းမှာပဲ…

ရှန်အောင်းရဲ့ ရောင်ဝါစက်ဝန်းက အနည်းဆုံးတော့ အနီကွက်တွေပါတဲ့ အစိမ်းရောင်စက်ဝန်းဖြစ်မယ်ဆိုတာ ငါ အတပ်ပြောရဲတယ်… အစိမ်းကွက်တွေပါတဲ့ အနီရောင်စက်ဝန်းတောင် ဖြစ်နေနိုင်သေးတယ်…

တကယ်လို့ ငါသာ ရှန်အောင်းကို ခပ်ကြာကြာလေး စိုက်ကြည့်နိုင်ပြီး ရှန်အောင်းရဲ့ အခွင့်အရေးကို မျှယူနိုင်ခဲ့မယ်ဆိုရင် ငါ့ရဲ့ကံဇာတာဟာ သေချာပေါက် တိုးတက်သွားမှာပဲ…

စိတ်မကောင်းစရာပဲ… ပြဿနာက… ရှန်အောင်းက ငါ့ကို ရှောင်နေသလိုမျိုးကြီး ဖြစ်နေတယ်လေ…

အမှန်အတိုင်း ပြောပြရလျှင်… နန်းတွင်းထဲက ကံဇာတာကောင်းသူတိုင်းက ရှန်ထျန်းကို ရှောင်ပြီး သူနှင့် မတွေ့ရအောင် ပုန်းကွယ်နေကြလေသည်။ သူတို့တွေက ရှန်ထျန်း၏ အမိန့်ကို နာခံဖို့လိုသည့် ကုန်းကုန်းတွေ မဟုတ်ပေ။ သို့သော် လူကိုယ်တိုင်မှ မတွေ့ရလျှင်လည်း ရှန်ထျန်းအနေနှင့် သူတို့၏ ကံအပြောင်းအလဲ အခွင့်အရေးကို ရရှိဖို့က မဖြစ်နိုင်ချေ။

ကဲ… ငါလေးအခု ဘာလုပ်သင့်လဲ… ဒါကြီးက ပတ်ချာလည်နေတာ… စိတ်ရှုပ်စရာကြီးကွာ…

ကံဇာတာလည်း ကောင်းပြီး ငါ့ဆီကနေလည်း ပုန်းကွယ်မနေမယ့် လူတွေကို ငါဘယ်နားမှာများ သွားရှာလို့ရနိုင်မလဲ…

ရှန်ထျန်းတစ်ယောက်တော့ အတွေးနက်နေလေရဲ့…


Comment

Leave a Reply

Options

not work with dark mode
Reset