Switch Mode

အပိုင်း(၈၂၀):

ယုံကြည်မှု

ရှေးဟောင်းမိုးကြိုးနဂါးသည် မိုးကြိုးကနေ မွေးဖွားလာခြင်း ဖြစ်သည်။ခုလက်ရှိတွင် ဝမ်လင်း၏မူလစိတ်ဝိညာဉ် တဖြစ်လဲ မိုးကြိုးနဂါးသည် နတ်ဘုရားပြစ်ဒဏ်တိမ်တိုက်များကြား၌ လူးလားခေါက်တုံ ဖြစ်နေသည်။

သွေးဘိုးဘေး၏မျက်လုံးက ရုတ်တရက် ပြူးကျယ်သွား၏။ဝမ်လင်း၏ မူလစိတ်ဝိညာဉ် လှုပ်ရှားလာသည့်အခိုက်တွင် တိမ်တိုက်များအားလုံးသည် တဝီဝီဖြစ်လာကာ နတ်ဘုရားပြစ်ဒဏ်၏ကောင်းကင်ဘုံခွန်အားသည် ပျံ့နှံ့လာခဲ့၏။

သိပ်မကြာခင်တွင် ဝမ်လင်း၏ ရှေးဟောင်းမိုးကြိုးနဂါးမူလစိတ်ဝိညာဉ်သည် တိမ်တိုက်များထဲကနေ ပေါ်ထွက်လာ၏။၎င်း၏နောက်တွင်လည်း မရေမတွက်နိုင်သောမိုးကြိုးတန်းများက ကပ်လျက် လိုက်ပါလာသည်။

“မင်းက သေချင်နေတာပဲ…” သွေးဘိုးဘေးက နောက်သို့ အမြန်ဆုတ်နေရင်း သုန်မှုန်နေသည်။သူက သူ့လက်ထဲရှိ သွေးလုံးနှစ်လုံးကို ပစ်လွှတ်ကာ အော်ပြောလိုက်၏။ “သွေးပေါက်ကွဲခြင်း…”

ပေါက်ကွဲသံတစ်ခုနှင့်အတူ သွေးလုံးများသည် ပေါက်ကွဲထွက်သွားကာ ပြင်းထန်သောအားတစ်ခု ပျံ့နှံ့လာ၏။ ဝမ်လင်း၏ ရှေးဟောင်းနဂါးမူလစိတ်ဝိညာဉ်သည်လည်း ချက်ခြင်း ပျောက်ပျက်သွားသည်။

သို့ရာတွင် သွေးဘိုးဘေးသည် စိတ်သက်သာရာရသွားခြင်း မရှိဘဲ ပို၍ပင် သတိထားလာ၏။

ဝမ်လင်း၏ မူလစိတ်ဝိညာဉ်ပျောက်ကွယ်သွားသောနေရာ၌ မရေမတွက်နိုင်သော မိုးကြိုးများ ဖြစ်ပေါ်လာသည်။၎င်းတို့သည် သွေးဘိုးဘေးပေါ်သို့ အရပ်မျက်နှာအနှံ့ကနေ မိုးရွာချသကဲ့သို့ ကျဆင်းသွားတော့၏။

“မင်းက ငါ့သွေးခန္ဓာကိုယ်ကို ထပ်လိုချင်နေတာလား…။မင်းက မင်းကိုယ်မင်း အထင်ကြီးလွန်းနေပြီ…” သွေးဘိုးဘေး၏မျက်လုံးက ကျဉ်းမြောင်းသွားကာ သူက သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေလိုက်သည်။ ထိုအခါ သူ့တစ်ကိုယ်လုံးသည် သွေးအလင်းတစ်ခုနှင့် ဖုံးလွှမ်းသွားတော့၏။မိုးကြိုးများက သွေးအလင်းပေါ်သို့ တရကြမ်းတိုးဝင်လာခြင်း မရှိဘဲ လှည့်ပတ်ကာ နေသည်။

သွေးဘိုးဘေးသည် မှင်သက်သွား၏။သူက တစ်ခုခုမှားနေသည်ကို သဘောပေါက်သွားကာ သူ့အသွင်က ပြောင်းလဲသွား၏။ သို့သော် ထိုအရာက နောက်ကျသွာခဲ့လေပြီ။ ဝမ်လင်းနောက်သို့ လိုက်ပါလာသော နတ်ဘုရားပြစ်ဒဏ်မိုးကြိုးက အခုအခါ၌ သွေးဘိုးဘေးထံသို့ အရူးအမူး ကျဆင်းလာတော့သည်။

“ဝမ်လင်း…” သွေးဘိုးဘေးက အံတင်းတင်းကြိတ်ကာ သွေးအလင်းတန်းများကလည်း တဖျပ်ဖျပ် လင်းလက်တောက်ပနေ၏။ ချက်ခြင်းပင် ဝမ်လင်း၏ မူလစိတ်ဝိညာဉ်က နောက်သို့ ပြန်ကန်ထွက်သွား၏။သို့ရာတွင် သည်ဖြစ်စဉ်အတွင်း နတ်ဘုရားပြစ်ဒဏ်မိုးကြိုးတန်းများက ဆက်လက်၍ ကျဆင်းနေခဲ့သည်သာ။၎င်းတို့က ဝမ်လင်း၏ မူလစိတ်ဝိညာဉ်ကို ဖြတ်ကျော်၍ သွေးဘိုးဘေးထံသို့ တိုက်ရိုက်ကျရောက်သည်။သူက နောက်သို့ မြန်ဆန်စွာ ဆုတ်နေရင်း သည်နတ်ဘုရားပြစ်ဒဏ်တိမ်တိုက်များထံကနေ ထွက်ခွာသွားလိုနေ၏။

“စီနီယာ….သွေးဘိုးဘေး…သင့်ရဲ့သွေးဂြိုဟ်က ဖျက်စီးခံလိုက်ရပြီး ဖြစ်တယ်။ သင့်ရဲ့ကိုယ်လုပ်တော် ဇီရှင်းလက်ညး သင့်ကို သစ္စာဖောက်ပြီးတဲ့နောက် သေဆုံးသွားခဲ့ပြီ…” ဝမ်လင်း၏နတ်ဘုရားအာရုံအသံက ပဲ့တင်ထပ်လာကာ သွေးဘိုးဘေး၏ အသွင်ကို ပို၍ပင် သုန်မှုန်သွားစေတော့သည်။

“ဒါ့အပြင် သင့်ရဲ့ သွေးခန်းမကလည်း တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းတယ်…”

ဝမ်လင်း၏အသံက ဟင်းလင်းပြင်ထဲကနေ ထွက်ပေါ်လာခဲ့၏။

“သင်က ငါ့ကို ဒီမှာ သတ်ဖို့ ကြိုးစားနေတယ်။ ဒါပေမဲ့ ငါ သိချင်တာက သင့်သမီးယောင်ရှင်းရွှယ် သွေးဂြိုဟ်ကို ပြန်သွားတဲ့အခါ သူမဟာ ကျားလက်သည်းတွေကြား လှမ်းတိုးဝင်သွားတဲ့ သိုးငယ်လေးတစ်ကောင် ဖြစ်နေမလား ဆိုတာပဲ…”

ဝမ်လင်းက သွေးဘိုးဘေး နိုးထလာသည်ကို စတွေ့ကတည်းက ယောင်ရှင်းရွှယ်၏အရိပ်အယောင်ကို တွေ့မြင်ခဲ့ရခြင်း မရှိပေ။သူမက သူမကိုယ်သူမ သိုလှောင်နေရာလွတ်ပြိုကျခြင်းကနေ ကာကွယ်နိုင်ရန် လုံးဝ မဖြစ်နိုင်ချေ။ဖြစ်နိုင်ချေ အရှိဆုံးက ယောင်ရှင်းရွှယ်သည် သွေးဘိုးဘေး၏ အကူအညီဖြင့် ပြန်လည်ရှင်သန်ခြင်းဖြစ်စဉ်ကို လုပ်ဆောင်နိုင်ခဲ့ခြင်း ဖြစ်၏။

ဝမ်လင်း၏စကားများက မျက်စိဖြင့်မမြင်ရသော နတ်ဘုရားပြစ်ဒဏ်ကဲ့သို့ သွေးဘိုးဘေး၏နှလုံးသားပေါ်သို့ ကျရောက်လာနေ၏။အစောပိုင်းကတည်းက သွေးဘိုးဘေး၏ မူလစိတ်ဝိညာဉ်သည် ထိခိုက်နေခဲ့ပြီ ဖြစ်သည်။ထို့ကြောင့် သည်လို မတည်မငြိမ်အခြေအနေအောက်၌ သူက တုန်လှုပ်မိနေလေ၏။

ယောင်ရှင်းရွှယ်က သူ့အားနည်းချက် ဖြစ်သည် မဟုတ်လား။

“ဝမ်လင်း…” သွေးဘိုးဘေးက စိတ်ထဲ၌ တုန်လှုပ်နေရင်း သူ့ပတ်လည်ရှိသွေးအလင်းသည်လည်း တဖျပ်ဖျပ်ဖြစ်လာကာ မတည်ငြိမ်သည့် အရိပ်အယောင် ပြသလာခဲ့တော့၏။

ဝမ်လင်း၏ မူလစိတ်ဝိညာဉ်ရှိနေသောနေရာက ထွက်ပေါ်လာသည့် ရယ်သံသည် ချက်ခြင်းလိုလို မရေမတွက်နိုင်သောမိုးကြိုးတန်းများအဖြစ်သို့ ပြောင်းလဲသွား၏။ထိုမိုးကြိုးများသည် သွေးဘိုးဘေးထံသို့ ဘက်ပေါင်းစုံကနေ တိုးဝင်လာခဲ့သည်။၎င်းမိုးကြိုးများသည် သွေးအလင်းကို ဖောက်ထွင်းလာကာ သွေးဘိုးဘေး၏ ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက်ဝင်ရောက်သွား၏။

ဤအခိုက်အတန့်၌ နတ်ဘုရားပြစ်ဒဏ်က အရူးအမူးသက်ဆင်းလာကာ ခုနစ်ရောင်စုံမိုးကြိုးကပါ မိုးကြိုးများအတွင်း၌ ရောယှက်ပါနေ၏။ သွေးဘိုးဘေး၏မူလစိတ်ဝိညာဉ်သည် အရူးအမူးမာန်သွင်းကာ တဟုန်ထိုး ထွက်သွားချင်နေ၏။ သို့ရာတွင် ဝမ်လင်း၏မူလစိတ်ဝိညာဉ်က ခုချိန်တွင် သူ့ခန္ဓာကိုယ်အတွင်း၌ ရှိနေကာ သေရေးရှင်ရေးတိုက်ပွဲကို စတင်ကြတော့၏။

သွေးဘိုးဘေး၏ သွေးခန္ဓာကိုယ်ထဲကို တိုက်ပွဲကွင်းပြင်ကဲ့သို့ ဖြစ်စေကာ သူတို့နှစ်ယောက်၏ တိုက်ပွဲသည် စတင်ကြတော့၏။မူလတုန်းက သွေးဘိုးဘေး၏မူလစိတ်ဝိညာဉ်သည် သူ့အားနည်းချက် မဟုတ်ပေ။ သို့ရာတွင် သူ့မူလစိတ်ဝိညာဉ်တစ်ဝက်ကို ထူးဆန်းသောအဘိုးအိုက ယူဆောင်သွားခဲ့ပြီး ဖြစ်၏။ထို့နောက် သူက ဝမ်လင်းနှင့် တွေ့ကြုံခဲ့ရကာ အပြင်းအထန်ဒဏ်ရာ ထပ်ရခဲ့ရပြန်သည်။

သို့သော် ထိုသို့ဖြစ်နေစေဦးတော့ သူ့မူလစိတ်ဝိညာဉ်က ဝမ်လင်း၏ မူလစိတ်ဝိညာဉ်ထက် သန်မာနေဆဲ ဖြစ်ချေ၏။

သို့ရာတွင် ခုချိန်၌ ဝမ်လင်း၏မူလစိတ်ဝိညာဉ်သည် မူလစွမ်းအင်များနှင့် ပြည့်နှက်နေကာ သူက အထည်ဒြပ်ယန်အဆင့်သို့ ရောက်ရှိနေခဲ့လေပြီ။ သို့သော် အရေးကြီးဆုံးက ဝမ်လင်းသည် သွေးဘိုးဘေး၏ခန္ဓာကိုယ် ယူဆောင်နိုင်ရန် မကြိုးစားဘဲ သွေးဘိုးဘေးကို နတ်ဘုရားပြစ်ဒဏ်တိမ်တိုက်များထဲကနေ ထွက်မသွားနိုင်အောင်သာ လုပ်ဆောင်နေခြင်း ဖြစ်တော့၏။

သွေးဘိုးဘေးက သေရပေမည်။သည်လူ မသေပါက သေရမည့်သူသည် သူသာလျှင် ဖြစ်သွားပေလိမ့်မည်။ဝမ်လင်းက ထိုအရာကို ကောင်းကောင်းနားလည်ထားသည်။ထို့ကြောင့်လည်း သူက မည်သို့ပေးစပ်ရပါစေ သွေးဘိုးဘေးကို တိမ်တိုက်များအတွင်း၌ ဆက်၍ ရှိနေအောင် လုပ်ဆောင်နေခြင်း ဖြစ်တော့၏။ သွေးဘိုးဘေးကို သတ်ဖို့က နတ်ဘုရားပြစ်ဒဏ်၏စွမ်းအားကို အသုံးပြုမှ ဖြစ်မည် မဟုတ်လား။

သို့သော် နတ်ဘုရားပြစ်ဒဏ်က လွင့်ပြယ်ပျောက်ကွယ်တော့မည့် အလား ဖြစ်နေကာ အရင်လောက် သန်မာလှခြင်း မရှိတော့ပေ။သို့သော်လည်း သွေးဘိုးဘေးပေါ်သို့ မိုးကြိုးများ ဆက်တိုက်ကျဆင်းနေခြင်းက သူ့အား တုန်ယင်စေနေ၏။ နတ်ဘုရားပြစ်ဒဏ်၏ ကြောက်မက်ဖွယ်အား၏ တစ်ဝက်သည် သွေးဘိုးဘေးကို ထိခိုက်စေကာ ကျန်တစ်ဝက်ကိုတော့ ဝမ်လင်းက စုပ်ယူလေ၏။

ပြင်းထန်သောမိုးကြိုးတုန်ဟီးသံများက ဆက်လက် ကျဆင်းနေသလို တိမ်တိုက်များကလည်း မြန်ဆန်စွာ လွင့်ပါးလို့နေ၏။နောက်ဆုံးမိုးကြိုးတန်းတစ်ခုကို ဖြစ်ပေါ်စေနေရင်း ၎င်းမိုးကြိုးက ကြွင်းကျန်နေသောတိမ်တိုက်များအားလုံးကို စုပ်ယူကာ ပေါက်ကွဲသံတစ်ခုနှင့်အတူ သက်ဆင်းလာချေသည်။

သည်တိုက်ချက်က ကောင်းကင်ဘုံ၏ နောက်ဆုံးပွဲသိမ်းတိုက်ကွက်ဖြစ်နေ၏။ သည်တိုက်ခိုက်မှုက သတ်ဖြတ်ရန် တာဆူထား၏။

သေရေးရှင်ရေးအာရုံက သွေးဘိုးဘေးထံ၌ ပြည့်နှက်လာ၏။ သူက ဝမ်လင်း၏မူလစိတ်ဝိညာဉ်ဖြင့် ရောထွေးယှက်တက်ခြင်း ခံထားရသည့်အတွက်ကြောင့် ထွက်မပြေးနိုင် ဖြစ်နေသည်။သူက ကြမ်းတမ်းသောဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ကာ သူ့လျှာကို ကိုက်၍ သွေးအပြည့်ထွေးထုတ်လိုက်၏။

“သွေးချိတ်ပိတ်ခြင်း…” သွေးများက ကြီးမားသည့်ချိပ်တံဆိပ်တစ်ခုအဖြစ် မြန်ဆန်စွာ ဖြစပေါ်လာကာ သူ့ခန္ဓာကိုယ်ပေါ်သို့ ပိုက်ကွန်တစ်ခုကဲ့သို့ ကျရောက်သွားသည်။ထိုပိုက်ကွန် ကျရောက်လာသည့်အခိုက်အတန့်၌ သွေးဘိုးဘေး၏ မျက်ခုံးနှစ်ခုကြားတွင် အနီရောင်အလင်းတစ်ခု ဖျက်ခနဲ တောက်ပလာခဲ့သည်။သ့မူလစိတ်ဝိညာဉ်ကလည်း ထိုးထွက်သွားကာ တိမ်တိုက်များအပြင်သို့ မြန်ဆန်စွာ ရောက်ရှိသွားလေသည်။

“ဝမ်လင်း…ဒီသွေးခန္ဓာကိုယ်ကို မင်းကို ပေးလိုက်မယ်။ မင်းက ဒီချိပ်ပိတ်မှုထဲမှာ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။ ဒါ့ကြောင့် နတ်ဘုရားပြစ်ဒဏ်ကို မင်းဟာမင်း ခုခံချေတော့…”

သွေးဘိုးဘေး၏ မျက်လုံးထဲ၌ မဖော်နိုင်သည့်အမုန်းတို့နှင့် ပြည့်နှက်နေ၏။ သူက ထိုးထွက်လာရင်း နောက်သို့ လှည့်မကြည့်တော့ဘဲ မြန်ဆန်စွာ ပျံသန်းသွားတော့၏။

သည်အချိန်၌ သူက အလွန်ထိတ်လန့်ဖွယ် အခြေအနေသို့ ကျရောက်နေခဲ့ခြင်းပင်။သူက သူ့မူလစိတ်ဝိညာဉ် တစ်ဝက်ကျော်နှင့်သူ့ခန္ဓာကိုယ်တို့ကိုပါ ဆုံးရှုံးသွားခဲ့ရပြီ ဖြစ်၏။သူက ခုချိန်၌ သူ့ပျက်စီးနေသည့်မူလစိတ်ဝိညာဉ်နှင့် ထွက်မပြေးပါက အကယ်၍ ဝမ်လင်းသာ မသေခဲ့လျှင် အကျိုးဆက်က ခန့်မှန်းနိုင်လိမ့်မည် မဟုတ်တော့ပေ။သူက နောင်တရသလိုပင် ခံစားနေရ၏။သူက ဝမ်လင်းတောင်းဆိုသော ကတိကိုသာ သဘောတူခဲ့ပါက သူက ယောင်ရှင်းရွှယ်ကို ကယ်တင်နိုင်လိမ့်မည့်အပြင် ခုလိုမျိုး သနားစရာကောင်းသောအခြေအနေသို့လည်း ဆိုက်ရောက်နေလိမ့်မည် မဟုတ်တော့ပေ။

သို့သော် ခုချိန်၌ ဖြစ်ပျက်သမျှက နောက်ကျသွားခဲ့လေပြီ။

ဝမ်လင်း၏ မူလစိတ်ဝိညာဥ်က သွေးဘိုးဘေး၏ခန္ဓာကိုယ်ထဲ၌ သွေးချိပ်တံဆိပ်ကြောင့် ပိတ်မိနေခဲ့သည်။သို့သော် သူက ထွက်သွားလိုခြင်းလည်း မရှိပေ။ သူ့မူလစိတ်ဝိညာဉ်က နတ်ဘုရားပြစ်ဒဏ်ကျရောက်လာသည်နှင့် ပို၍ပင် တက်ကြွလာသေး၏။

မိုးကြိုးတုန်ဟီးသံတို့က သည်ဧရိယာအနှံ့တွင် မြန်ဆန်စွာ ပျံ့နှံ့သွားသည်။သွေးချိပ်တံဆိပ်က ပျက်စီးသွားကာ သွေးဘိုးဘေး၏ခန္ဓာကိုယ်သည်လည်း အပိုင်းအစများ ဖြစ်သွား၏။ဝမ်လင်း၏ မူလစိတ်ဝိညာဉ်က အတင်းထွက်လာကာ ရှေးဟောင်းမိုးကြိုးနဂါးအသွင်ပြောင်း၍ ကောင်းကင်ထက်သို့ ဟိန်းဟောက်လိုက်ချေသည်။

တိမ်များက လုံးဝ လွင့်ပါးသွားသလို နတ်ဘုရားပြစ်ဒဏ်သည်လည်း ပျောက်ကွယ်သွားခဲ့လေပြီ။

ဝမ်လင်း၏ မူလစိတ်ဝိညာဉ်က သွေးဘိုးဘေး၏ခန္ဓာကိုယ်ကို ယူဆောင်ကာ အစိတ်အပိုင်းမြေပေါ်သို့ ပြန်ရောက်လာ၏။ သည်အစိတ်အပိုင်းမြေက ခုချိန်တွင် ပေတစ်ထောင်လောက်သာ အကျယ်ရှိတော့၏။၎င်းက အစိတ်အပိုင်းမြေတစ်ခုနှင့်ပင် မတူတော့ဘဲ ကြီးမားသည့် တံဆိပ်တုံးကြီးနှင့်ပင် တူနေတော့၏။

သူ့မူလစွမ်းအင်များက သူ့ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်သွားသည့်အခါ ဝမ်လင်းက မျက်လုံးဖွင့်လာခဲ့သည်။သူက အသက်ဝဝရှုသွင်းကာ သွေးခန္ဓာကိုယ်ကို သိမ်းဆည်းလိုက်သည်။ တစ်ချိန်တည်းမှာပင် သူက သူ့အောက်ရှိ တံဆိပ်တုံးကဲ့သို့ အစိတ်အပိုင်းမြေကို ငုံ့ကြည့်လိုက်သည်။သူ့မျက်လုံးက လက်ခနဲဖြစ်သွားသည်။သူက မြေပြင်ပေါ်သို့ လက်ဖြင့် ရိုက်ချလိုက်၏။

အစိတ်အပိုင်းမြေက ချက်ခြင်းတုန်ခါသွားခဲ့ကာ သည့်နောက် ၎င်းက ကျုံ့သွားပြီး သဲပွင့်အရွယ်လောက်ထိ ဖြစ်သွားခဲ့ကာ ဝမ်လင်းက ဝါးမြိုလိုက်လေသည်။ထို့နောက် သူက ဟင်းလင်းပြင်ထဲသို့ ရယ်မောကာ ပျံသန်းထွက်ခွာသွားတော့သည်။

ခုချိန်၌ ဝမ်လင်းသည် အထည်ဒြပ်ယန်အဆင့်သို့ ရောက်နေခဲ့ပြီ။သူက အထိတ်အထိပ်အဆင့်သို့ မရောက်သေးသော်လည်း သိပ်မလိုလှတော့ပေ။သူ့ခန္ဓာကိုယ်ထဲ၌ မူလစွမ်းအင်များနှင့် ပြည့်နှက်နေသည်။သို့သော် အများစုကို သူက စုပ်ယူရခြင်း မရှိသေးပေ။ သူက ၎င်းမူလစွမ်းအင်ကို စုပ်ယူလိုက်သည့်အချိန်၌ သူသည် အထည်ဒြပ်ယန်အဆင့်၏ အထိတ်အထိပ်သို့ ရောက်ရှိသွားပေလိမ့်မည်ဖြစ်ကာ အစစ်အမှန်ဒုတိယအဆင့်ကျင့်ကြံခြင်းနှင့် ပို၍ နီးကပ်လာပေတော့မည်။

ခုချိန်၌ အလွန်နည်းပါးသော လူအချို့ကလွဲ၍ မိုးကြိုးကောင်းကင်ဘုံနယ်မြေ၌ မည်သူကမျှ ဝမ်လင်း၏ပြိုင်ဘက် မဟုတ်တော့ပေ။

ခုလက်ရှိတွင် သူ့၌ မန္တာန်နှင့် ကောင်းကင်ဘုံနယ်မြေအစိတ်အပိုင်း၊သားရဲအရိုးများ ကဲ့သို့ ရတနာများ ပိုင်ဆိုင်ထားကာ သူက ဒုတိယအဆင့်သို့ ရောက်နေသောတစ်စုံတစ်ယောက်နှင့် တွေ့ရသည့်အချိန်၌ အနိုင်ယူနိုင်စွမ်း မရှိရင်တောင် တိုက်ခိုက်ဖို့အတွက် အရည်အချင်း ပြည့်မှီနေလေပြီ။

မဟာမိတ်ကြယ်အဖွဲ့အစည်းကနေ အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းထံသို့ ထွက်ပြေးလာရသည့် ဖိအားသည်လည်း လုံးဝ ပျောက်ကွယ်သွားခဲ့လေပြီ။ဝမ်လင်းက သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်၏။သူက သွေးဘိုးဘေး ထွက်ပြေးသွားသောနေရာသို့ ဦးတည်၍ အလျင်အမြန် ပျံသန်းသွားတော့သည်။

“အမြစ်ပါ မချန်ထားမှ နောက်ကျရင် ဒုက္ခမရောက်မှာ…” ဝမ်လင်းမျက်လုံးက တလက်လက် ဖြစ်နေ၏။ သူ့အထည်ဒြပ်ယန်အဆင့်ကို အသက်သွင်းလိုက်သည့်အခါ သူ့အမြန်နှုန်းက အရင်ထက် အဆများစွာ သာသွားတော့သည်။

သူက ကြယ်ပျံတစ်စင်းအလား ဟင်းလင်းပြင်ထဲ၌ ဖြတ်၍ ပျံသန်းနေသည်။

အားကောင်းသောယုံကြည်မှုက ဝမ်လင်းစိတ်နှလုံးထဲတွင် ဖြစ်ပေါ်နေသည်။သည်လို ယုံကြည်မှုမျိုးသည် သူ့ကျင့်ကြံမှုအဆင့်နှင့် များစွာ သက်ဆိုင်ခြင်း မရှိပေ။သည်ယုံကြည်မှုက ကောင်းကင်ဘုံကိုဖိဆန်သည့် ကျင့်ကြံသူတို့၏ ယုံကြည်မှုမျိုး ဖြစ်လေ၏။

“ဒီလိုယုံကြည်မှုမျိုးက သွေးဘိုးဘေး၊ရှေ့ဖြစ်ဟောသူ၊လင်းထျန်ဟူနဲ့ အခြားအားကောင်းတဲ့ ကျင့်ကြံသူများကိုပင် ကျော်လွှားပစ်နိုင်တယ်….” ဝမ်လင်းအကြည်က မြဲမြံနေ၏။

ရှေ့ဖြစ်ဟောသူပင် အစုတ်အပဲ့ဂြိုဟ်တစ်ခုမှ လာသည့် သူ့တပည့်က အခွင့်အရေးဆက်တိုက်ဖြစ်ပေါ်မှုကို အသုံးပြု၍ သွေးဘိုးဘေးလိုလူမျိုးကို ခုလိုအခြေအနေထိ ဖိအားပေးနိုင်လိမ့်မည်ဟု လုံးဝ စိတ်ကူးမိလိမ့်မည် မဟုတ်ပေ။

“ဒါပေမဲ့လည်း တစ်စုံတစ်ယောက်က ငါ့ကို ကူညီလိုက်တဲ့ပုံပဲ။ မဟုတ်ရင် သွေးဘိုးဘေးက ငါတွေ့ခဲ့တဲ့ အချိန်မှာ ခုလောက်ထိ အားနည်းသွားလိမ့်မှာ မဟုတ်ဘူး…”

ထိုသံသယက သူ့စိတ်ထဲတွင် ရှိလို့နေဆဲ ဖြစ်၏။

သည်အခိုက်အတန့်၌ ဝမ်လင်း၏ရှေ့ရှိ အစိတ်အပိုင်းမြေတစ်ခုပေါ်တွင် လီယွမ်သည် ဖျော့တော့သောအသွင်နှင့် ထွက်ပြေးလို့နေ၏။သူ့လက်မောင်းတစ်ဖက်ကလည်း ပြက်သွားခဲ့ပြီ ဖြစ်ကာ သွေးများစိမ့်ထွက်နေသည်။

သူ့ခန္ဓာကိုယ်ပေါ်တွင်လည်း ဓားဒဏ်ရာများစွာ ရှိနေ၏။အဆိုးဆုံးက ဗိုက်ကဓားဒဏ်ရာပင်။သူ့မူလစိတ်ဝိညာဉ်ပင် ဒဏ်ရာရသွားကာ ပျက်စီးတော့မည် လက္ခဏာ ပြသလာ၏။ သူ့မိသားစု၏မန္တာန်များကြောင့်သာ မဟုတ်လျှင် သူက သေဆုံးနေခဲ့လေပြီ။

လီယွမ်၏ခန္ဓာကိုယ်၌ သေဆုံးခြင်းအော်ရာက ပြည်နေသည်။သူက ခါးသီးစွာပြုံး၍ အလိုမကျသည့်အသွင်ဖြစ်နေ၏။ သူက ပြန်၍ တိုက်ခိုက်လို၏။သို့သော် အခြားဘက်က အုပ်စုသည် အတားအဆီးများကို ချိုးဖျက်နိုင်သည့် ရှေးဟောင်းကြေးမုံ ရှိလို့နေသည်။သူက ဝမ်လင်းကို ကူညီခဲ့ကာ သူ့အတားအဆီးနှလုံးသားကိုလည်း အသုံးပြုခဲ့ရာ ခုထိ ပြန်ကောင်းမွန်ခြင်း မရှိသေးပေ။သူက အကွာအဝေးတစ်ချို့ကို မဖန်တီးနိုင်ပါက သူက သူ့ကိုယ်သူ အချိန်တိုအတွင်း ပုန်းအောင်းနိုင်လိမ့်မည် မဟုတ်ပေ။

“ကောင်းကင်ဘုံနယ်မြေကနေ အမွေဆက်ခံထားတဲ့ မိသားစုတစ်ခုကသာ ဒီလိုမျိုးအတားအဆီးတွေကို ချိုးဖျက်နိုင်တဲ့ ရှေးဟောင်းကြေးမုံတစ်ချပ် ရှိလိမ့်မယ်။ ငါ့ လီမိသားစုကသာ စွမ်းအားကောင်းနေတုန်းဆိုရင် ဒီလူတွေက ငါ့အတွက် လူပြက်သာသာပဲ ဖြစ်လိမ့်မယ်….ဒါပေမဲ့လည်း ခုတော့…အာ…အစ်ကိုရျု…ငါက သင့်ကို အတားအဆီးနှလုံးသားပေးမယ်ဆိုတဲ့ ကတိကို မတည်နိုင်တော့ပါဘူး…။ဒါက ငါ့ဆန္ဒမရှိလို့ မဟုတ်ပါဘူး…”

“အစ်ကို…ဒီလူ့မှာ ရတနာတွေအများကြီး ရှိလောက်တယ်။ ဒီရတနာတွေကလည်း တော်တော်အားကောင်းကြတယ်။ငါက ဒီလို ကောင်းကင်ဘုံဓားတစ်လက်ကို တော်တော်လေး နှစ်သက်တယ်…”

လီယွမ်၏နောက်တွင် သူ့နောက်သို့ လိုက်လာသော လူသုံးယောက် ရှိနေသည်။

ထိုသုံးယောက်မှာ ယောက်ျားသားနှစ်ယောက်နှင့် အမျိုးသမီးတစ်ယောက် ဖြစ်ကြသည်။အမျိုးသမီးက အလွန်လှ၍ စွဲဆောင်မှု ရှိလှ၏။ သူမက ခုလက်ရှိတွင် လီယွမ်ကောင်းကင်ဘုံသား၏ သိုလှောင်နေရာလွတ်ကနေ ရရှိထားသော ကောင်းကင်ဘုံဓားများထဲမှ တစ်လက်ကို ကိုင်ဆောင်ထားသည်။

အမျိုးသားနှစ်ယောက်ကတော့ လူငယ်တစ်ယောက်နှင့်အဘိုးအိုတစ်ယောက်တို့ ဖြစ်ကြသည်။လူငယ်က အမျိုးသမီးကို ပြုံး၍ ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။ “ဒီလူ့မှာ ရှစ်ခုကျော် ရှိလောက်တယ်။ဂျူနီယာညီမလေး ရှက ဒီဓားတိုတွေကို ကြိုက်တယ်ဆိုမှတော့ ငါက သူ့ရှိကနေ ဒီဓားတွေကို ယူပြီး သူဘယ်ကနေ ရခဲ့တာလဲ မေးပေးမယ်။ ပြီးရင် နင့်ကို လက်ဆောင်ပေးမယ်…”

ထိုလူငယ်၏ ကျင့်ကြံမှုအဆင့်သည် အာဏာတက်ခြင်းအထွတ်အထိပ်အဆင့်တွင် ဖြစ်၏။ သို့သော် အဘိုးအိုကတော့ ရိုးရှင်းခြင်း မရှိပေ။

ဝမ်လင်းသာ သည်နေရာတွင် ရှိပါက သူက ထိုအဘိုးအိုသည် ပုံရိပ်ယောင်ယင်အထွတ်အထိပ်အဆင့် ဖြစ်ကြောင်း ချက်ခြင်း ပြောနိုင်ပေလိမ့်မည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset