Switch Mode

အပိုင်း(၈၁၉)

:ပုံရိပ်ယောင်ယန်…။တန်ပြန်တိုက်ခိုက်ခြင်း

ဝမ်လင်းသည် ယနေ့လိုမျိုး နတ်ဘုရားပြစ်ဒဏ်ကို တွေ့မြင်ရလိမ့်မည်ဟု လုံးဝ မျှော်လင့်ထားမိခြင်း မရှိပေ။သူက တိမ်တိုက်ထုထဲ၌ သိပ်သည်းနေသော ခုနစ်ရောင်စုံမိုးကြိုးကို ကြည့်နေသည်။

သူတွေ့ကြုံဖူးသည့် နတ်ဘုရားပြစ်ဒဏ်များအားလုံးထဲ၌ သည်တစ်ခုသည် ပထမဆုံးအကြိမ်အဖြစ် ခုနစ်ရောင်စုံမိုးကြိုးအသွင် ဖြစ်ပေါ်နေခြင်းပင်။

ထိုခုနစ်ရောင်စုံမိုးကြိုး တိမ်တိုက်၏ဖိအားအောက်တွင် ဝမ်လင်းအောက်ရှိ အစိတ်အပိုင်းမြေထံမှ အက်ကွဲသံများပါ ထွက်ပေါ်လာခဲ့သည်။

အစိတ်အပိုင်းမြေ၏အစွန်းများသည် နောက်ထပ် ပျက်စီးကုန်ကြပြန်သည်။၎င်း၏အရွယ်အစားကလည်း မြန်ဆန်စွာ ပြောင်းလဲလာခဲ့သည်။သည်အစိတ်အပိုင်းမြေက ပိုမိုကျုံ့လာလေလေ ၎င်း၏ကြံ့ခိုင်မှုကလည်း ပိုမို ကြောက်မက်ဖွယ်ကောင်းလာလေ ဖြစ်သည်။

ဝမ်လင်းမျက်လုံးများက တောက်ပလျက် ရှိနေ၏။သူ့ခန္ဓာကိုယ်ကနေလည်း မူလစွမ်းအင်များက မြင့်တက်လျက် ရှိသည်။

သူ့နှလုံးသားက ခုန်ပေါက်နေသည်သာမက သူ့မူလစိတ်ဝိညာဉ်ထဲရှိ တုန်ခါမှုကပါ သူ့ကိုယ်ထဲရှိ မူလစွမ်းအင်များကို ပိုမိုမြန်ဆန်စွာ လှည့်ပတ်စေတော့သည်။

ဝမ်လင်းစိတ်နှလုံးထဲ၌ ပြင်းထန်သောခံစားချက်တစ်ခု ပေါ်လာခဲ့သည်။သူသည် အရင်တုန်းက ခုလိုမျိုး လုံးဝ မခံစားခဲ့ဖူးပေ။ ဝမ်လင်းသည် သူ့ညာလက်ကို ပင့်မြှောက်ကာ လက်သီးဆုပ်ဟန် ပြုသည်။

သူက သူ့ကျင့်ကြံမှုအဆင့်သည် ပထမအဆင့်ကျင့်ကြံမှု၏ အကန့်အသတ်ကို ချိုးဖျက်ပြီးဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ခံစားမိနေသည်။သူက ပုံရိပ်ယောင်ယင်အဆင့်သို့ ရောက်နေခဲ့လေပြီ။

“နတ်ဘုရားပြစ်ဒဏ်…ဒါကနည်းနည်းတော့ ရန်လိုနေတာပဲ…” ဝမ်လင်းက ကောင်းကင်ထက်သို့ မော့ကြည့်ကာ သူ့အသွင်က ကြမ်းကြုတ်လာသည်။

ဤအခိုက်အတန့်မှာပင် ခုနစ်ရောင်စုံမိုးကြိုးတန်းသည် မြန်ဆန်စွာ သိပ်သည်းလာ၍ သက်တံရောင်အလင်းတစ်ခုကို ထုတ်လွှတ်လာသည်။၎င်းက ထူးဆန်းသောအသံတစ်ခုကိုပါ ထုတ်လွှတ်ပြီးသည့်နောက် ရုတ်တရက် ကျဆင်းလာလေသည်။

ထိုအသံက နတ်ဆိုးဆန်လှကာ လူတစ်ယောက်၏ နှလုံးသားကိုပါ သက်ရောက်နိုင်သည်။မရေမတွက်နိုင်သော ရင်းနှီးသည့် ပုံရိပ်များက ဝမ်လင်းပတ်လည်၌ ပေါ်လာခဲ့သည်။သို့သော် သူ့မျက်လုံးက တည်ငြိမ်လျက်သာ ရှိနေ၏။

ခုနစ်ရောင်စုံမိုးကြိုးတန်းက မိုးကြိုးတုန်ဟီးသံနှင့်အတူ သက်ဆင်းလာချေပြီ။၎င်းက ၎င်း၏ လမ်းကြောင်းရှိ အရာအားလုံးကို ဖျက်စီးပစ်မည့်ဟန်ဖြင့် ဝမ်လင်းထံသို့ တိုက်ရိုက် ကျဆင်းလာ၏။

ချက်ခြင်းပင် ထိုမိုးကြိုးက သူ့ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည်။

မိုးကြိုး၏စွမ်းအားက သူ့ခန္ဓာကိုယ်ထဲသို့ ဝင်လာသည့်အခါ၌ ဝမ်လင်းသည် မြေပြင်ထက်သို့ ချက်ခြင်း လွင့်ကျသွား၏။ သူ့ခန္ဓာကိုဘ်ကလည်း မြေကြီးအနက်ထဲသို့ ဖိသိပ်ခြင်း ခံလိုက်ရချေသည်။သွေးဘိုးဘေး၏ သွေးခန္ဓာကိုယ်နှင့် အဘိုးအိုထံမှစွမ်းအားတို့သည်လည်း နတ်ဘုရားပြစ်ဒဏ်၏စွမ်းအားနှင့် တိုက်ခိုက်နေကြရင်း မြန်ဆန်စွာ လွင့်ပြယ်လာခဲ့သည်။

“လာခဲ့စမ်း…” ဝမ်လင်း၏ခန္ဓာကိုယ်က လေထဲသို့ ထိုးတက်သွား၏။မိုးကြိုးက သူ့ခန္ဓာကိုယ်တစ်ခုလုံးတွင် ဖြတ်သန်းစီးဆင်းနေသည်။ခုလက်ရှိတွင် သူက ကောင်းကင်ဘုံနတ်ဆိုးတစ်ပါးအလား မှတ်ထင်ရချေ၏။

ကောင်းကင်ဘုံ၏ခွန်အားသည် ခုခံခြင်းငှာမစွမ်းသာပေ။သည်အခိုက်အတန့်၌ အစိတ်အပိုင်းမြေပတ်လည်ရှိ တိမ်စိုင်ထုများသည် လှိုင်းထန်လာခဲ့တော့၏။တိမ်များက တဝီဝီလှည့်လည်ကာ ခုနစ်ရောင်စုံမိုးကြိုးတန်းများသည် ဝမ်လင်းပေါ်သို့ မိုးရွာချသလိုမျိုး ကျဆင်းလာတော့၏။ အစိတ်အပိုင်းမြေပင် ထိုမိုးကြိုး၏ လွှမ်းခြုံခြင်းကို ခံထားရသည်။

ခုချိန်၌ မိုးကြိုးသံတစ်ခုသာ ရှိတော့သည်။သည်အခိုက်အတန့်၌ ဝမ်လင်းသည် မိုးကြိုးငရဲတွင်း၌ ကျရောက်နေသကဲ့သို့ ဖြစ်ကာ ခုနစ်ရောင်စုံမိုးကြိုးက နေရာတိုင်းတွင် ရှိနေ၏။

အစိတ်အပိုင်းမြေသည် ပို၍ကွဲကြေလာကာ ပေတစ်သောင်းလောက်သာ ကျန်ရှိတော့၏။

ဝမ်လင်းကိုယ်ပေါ်လည်း အက်ကွဲကြောင်းများစွာ ဖြစ်ပေါ်ကုန်ကြသည်။တစ်ချိန်တည်းမှာပင် သူ့ခန္ဓာကိုယ်ထဲရှိ သွေးခန္ဓာကိုယ်သည်လည်း လုံးဝ ပျက်စီးသွားကာ ဝမ်လင်း၏မူလစိတ်ဝိညာဉ်ထဲသို့ မူလစွမ်းအင်အမြောက်အများကို ထုတ်လွှတ်ပေးတော့၏။

ဝမ်လင်းခန္ဓာကိုယ်ထဲ၌ အားကောင်းသောခံစားချက်က နောက်တစ်ဖန်ပေါ်လာခဲ့ပြန်သည်။သူက သူ့ကျင့်ကြံမှုအဆင့်သည် နောက်ထပ် ထက်၍ စတင်မြင့်တက်နေသည်ကို ခံစားမိနေ၏။

ပုံရိပ်ယောင်ယင်အဆင့်ကို ခိုင်မာခြင်းကနေ ပုံရိပ်ယော်ယင်အထွတ်အထိပ်အဆင့်သို့ ရောက်လာကာ ဆက်၍လည်း မြင့်တက်နေ၏။

သူ့ကျင့်ကြံမှုအဆင့်က တဖြည်းဖြည်းချင်း အထည်ဒြပ်ယန်အဆင့်နှင့် နီးကပ်လာသည်။

“နည်းနည်းလိုနေသေးတယ်…” ဝမ်လင်း၏မျက်လုံးက လက်ခနဲ ဖြစ်သွား၏။သွေးဘိုးဘေး၏ သွေးခန္ဓာကိုယ်က လုံးဝပျက်စီးသွားပြီး ဖြစ်ကာ ဆက်လက်၍ မတည်ရှိတော့ပေ။ သို့ရာတွင်လည်း ထူးဆန်းသောအဘိုးအို၏ စွမ်းအင်တော်တော်များများကတော့ သူ့ခန္ဓာကိုယ်ထဲ၌ ကျန်ရှိနေသေးသည်။

သူ့မျက်လုံးထဲ၌ ပြတ်သားမှုနှင့် ပြည့်နေ၏။ သူ့ကျင့်ကြံမှုလမ်းကြောင်းသည် အန္တရာယ်နှင့် ပြည့်နှက်နေသည် မဟုတ်လား။ ချမ်းသာခြင်းဟူသည် လူတစ်ယောက်က စွန့်စားကြည့်နိုင်မှသာ ရနိုင်သည့်အရာသာ။ ခုချိန်တွင် သူ့အတွက် လမ်းကြောင်းတစ်ခုသာ ရှိတော့၏။

ဝမ်လင်းသည် လေထဲသို့ ထိုးတက်သွားကာ ကောင်းကင်ထက်ရှိ တိမ်စိုင်ထုထံသို့ တဟုန်ထိုး တိုးဝင်သွားသည်။

သည်အရာက ဝမ်လင်းသည် ပထမဆုံးအကြိမ်အဖြစ် နတ်ဘုရားပြစ်ဒဏ်ကို တန်ပြန်တိုက်ခိုက်ခြင်းပင်။

သူက တိမ်စိုင်ထုထံသို့ တရကြမ်းတိုးဝင်သွားရင်း သူ့လက်နှစ်ဖက်ကို ဖွင့်ထုတ်ကာ အရူးအမူးလေရှိုက်သွင်းလိုက်၏။ သည်အခိုက်အတန့်၌ တိမ်တိုက်ထုများထံကနေ ဟိန်းမည်သံများ ထွက်ပေါ်လာခဲ့တော့၏။ချက်ခြင်းပင် တိမ်တိုက်များအားလုံးက စုဝေးသွားပြီးနောက် မိုးကြိုးများအားလုံးသည် ဝမ်လင်းပေါ်သို့ အရူးအမူး သက်ဆင်းလာသည်။

ဝမ်လင်းက သူ့မူလစိတ်ဝိညာဉ်ကို ဖြန့်ကျက်ကာ အရူးအမူး ရယ်မောပြီး သူ့ခန္ဓာကိုယ်အား ဖုံးအုပ်နေသော မိုးကြိုးများကို စုပ်ယူ၏။အဘိုးအို ချန်ထားခဲ့သော စွမ်းအားက သူ့မူလစိတ်ဝိညာဉ်တစ်လျှောက် မြန်ဆန်စွာ ရွှေ့လျားနေကာ မိုးကြိုး၏ အတောမသပ်နိုင်သော ရိုက်ခတ်မှုများအောက်၌ ၎င်းသည် မူလစွမ်းအင်အမြောက်အများကို ထုတ်လွှတ်ပေးနေသည်။

ဤအရာက အခွင့်အရေးပင်။ သူ့အတွက် အကြီးမားဆုံး အခွင့်အလမ်းလည်း ဖြစ်နေ၏။

သူက တိမ်တိုက်များကို ဝါးမြိုနေရင်း သူ့ကျင့်ကြံမှုအဆင့်ကလည်း မြင့်တက်နေသည်။သည်အခိုက်အတန့်၌ ဝမ်လင်းသည် တိမ်တိုက်ထုနှင့်အဘိုးအို၏ စွမ်းအားတို့ကိုပါ မေ့နေခဲ့သည်။သူက ပါးစပ်အပြည့် တိမ်တိုက်များကို ဝါးမြိုသည်။

သူက ၎င်းတိမ်တိုက်များကို စုပ်ယူနေရင်း တိမ်တိုက်များသည် တဖြည်းဖြည်း ကျုံ့လာခဲ့ကာ မည်သည့်သိပ်သည်းမှုမှ ရှိမနေတော့ပေ။ ၎င်းတိမ်တိုက်များက ပါးလွှာလာသည့်အတွက် သွေးဘိုးဘေးပင် အပြင်ကနေ ဝမ်လင်းကို ရှင်းရှင်းလင်းလင်း မြင်လာရ၏။

သွေးဘိုးဘေးက ဝမ်လင်းကို စူးစိုက်ကြည့်နေရင်း လေအေးတစ်ချက် ရှိုက်သွင်းမိသည်။ဝမ်လင်းက တိမ်တိုက်များကို ဝါးမြိုစုပ်ယူနေသည်ကို ကြည့်နေရင်း သူက သူ့မျက်လုံးကိုပင် မယုံနိုင်ဟန် ဖြစ်ရသည်။သွေးဘိုးဘေးက ခပ်တိုးတိုး ပြောလိုက်၏။ “အရူးကောင်ပဲ…ဒီဝမ်လင်းက ရူးနေပြီ…။ဘယ်သူကမှ ခုလိုမျိုး နတ်ဘုရားပြစ်ဒဏ် တိမ်တိုက်တွေကို စုပ်ယူဝံ့မှာ မဟုတ်ဘူး…။ငါက သူ့ကို ဆက်ပြီး ခွင့်ပြုလို့ မရတော့ဘူး…”

သွေးဘိုးဘေး၏မျက်လုံးက လက်ခနဲ ဖြစ်သွားကာ သူက ချက်ခြင်းပင် ရှေ့သို့ ထိုးတက်လာ၏။

သွေးဘိုးဘေး၏ ကျင့်ကြံမှုအဆင့်သည် ခုချိန်၌ နိဗ္ဗာနကြိုမြင်ခြင်းအဆင့်ကနေ အထည်ဒြပ်ယန် အထွတ်အထိပ်အဆင့်သို့ ရောက်နေခဲ့ပြီ ဖြစ်သည်။သို့ရာတွင် သူက ဝမ်လင်းကို သတ်ဖို့အတွက် လုံလောက်သောစွမ်းအား ရှိသေးသည်ဟု သူ့ကိုယ်သူ ယုံကြည်နေသေး၏။

သူက သွေးအရိပ်တစ်ခုအဖြစ်သို့ ပြောင်းလဲကာ တိမ်တိုက်ထုများအတွင်းရှိ ဝမ်လင်းထံသို့ ဖြောင့်ဖြောင့်တန်းတန်း တိုးဝင်သွားသည်။ တိမ်တိုက်များအတွင်း၌ ဝမ်လင်းသည် သူ့ထံသို့ အန္တရာယ်တစ်ခု တိုးဝင်လာနေသည်ကို ခံစားမိလိုက်၏။ သူ့မျက်လုံးက အေးစက်လာကာ သွေးအရိပ်တစ်ခုသည် သူ့ထံသို့ တိုးဝင်လာနေသည်ကို တွေ့မြင်လိုက်ရတော့သည်။

“သွေးဘိုးဘေး…” ဝမ်လင်းက တိမ်တိုက်ထုများထံကနေ နောက်ပြန်ဆုတ်လာကာ အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏။

သွေးဘိုးဘေးသည် တိမ်တိုက်များအပြင်၌ သုန်မှုန်နေသောအသွင်နှင့် ရှိနေကာ အံတင်းတင်းကြိတ်ထား၏။ ထို့နောက် သူက အထဲသို့ ဝင်လာခဲ့ကာ ကောင်းကင်ဘုံခွန်အား၏စွမ်းအားကို ခံစားလိုက်ရသည်။သူက ဝမ်လင်းကဲ့သို့ ရှေးဟောင်းမိုးကြိုးနဂါး၏ စိတ်ဝိညာဉ် မရှိသည့်အပြင် သူ့ကျင့်ကြံမှုအဆင့်ကလည်း ခုချိန်၌ အလွန်အားနည်းနေခဲ့ပေသည်။နတ်ဘုရားပြစ်ဒဏ်မိုးကြိုးကို ရင်ဆိုင်ရသည့်အခါ သူက ကြောက်လန့်မှုကို ခံစားလိုက်ရ၏။

သို့ရာတွင် ခုချိန်၌ သူ့ထံတွင် ဝမ်လင်းကို သတ်ချင်သောစိတ်ကသာ ပို၍ ကြီးစိုးနေပေသည်။ သူက အေးစက်စက်နှာခေါင်းရှုံ့ကာ ရှေ့သို့ တိုးလာ၏။ သည့်နောက် သူက တိမ်တိုက်များအတွင်းရှိ မရေမတွက်နိုင်သောမိုးကြိုးများနှင့် ရိုက်ခတ်ခြင်းခံနေရသည့် ဝမ်လင်းကို တွေ့မြင်လိုက်၏။

သူက ဝမ်လင်းကို မြင်တွေ့လိုက်သည့်အခိုက်၌ သူက လူတစ်ယောက်ကို မြင်သည်ဟု မခံစားရဘဲ မိုးကြိုးနဂါးတစ်ကောင်ကဲ့သို့ ခံစားမိလိုက်၏။

ဝမ်လင်းက တိုးဝင်လာနေသော သွေးဘိုးဘေးကို စူးစိုက်ကြည့်နေရင်း သူ့လက်ကို ပင့်မြှောက်ကာ ခုတ်ပိုင်းချလိုက်၏။ ကောင်းကင်ဘုံခုတ်ပိုင်းခြင်း တိုက်ကွက်သည် ချက်ခြင်း ထိုးထွက်သွား၏။ သွေးဘိုးဘေးကလည်း သူ့ညာလက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေကာ သွေးအရိပ်ကို ဖန်တီသည်။သွေးအရိပ်သည် ထိုးထွက်သွားကာ ကောင်းကင်ဘုံခုတ်ပိုင်းခြင်း တိုက်ချက်နှင့် ထိဆုံပြီးနောက် ပျက်စီးသွားလေသည်။

သွေးဘိုးဘေးက မျက်မှောင်ကြုတ်သွားကာ သက်ပြင်းချမိ၏။ သူ့ကျင့်ကြံမှုအဆင့်ကသာ များစွာလျော့ကျသွားခြင်း မရှိပါက ထိုသွေးအရိပ်သည် ခုလိုမျိုး ပျက်စီးသွားလိမ့်မည် မဟုတ်ပေ။

သူက ဝမ်လင်းသည်‌ တိမ်တိုက်များထံသို့ ပြန်ဆုတ်သည်ကို တွေ့လိုက်သည့်အခါ နောက်ထပ်မန္တာန်တစ်ခုကို သုံးရန် ပြင်လိုက်သည်။ ဝမ်လင်းကလည်း မူလစွမ်းအင်ကုန်ဆုံးမည်ကို လုံးဝ ဂရုမစိုက်ဘဲ နောက်ထပ် ကောင်းကင်ဘုံခုတ်ပိုင်းခြင်း တိုက်ကွက်ကို အသုံးပြုလိုက်သည်။

သည်အခိုက်အတန့်၌ ဝမ်လင်း၏ ခန္ဓာကိုယ်ထဲ၌ မြောက်များစွာသောမူလစွမ်းအင်များ ပိုင်ဆိုင်ထား၏။ကောင်းကင်ဘုံခုတ်ပိုင်းခြင်းက ဥပဒေသဓားသွားများကဲ့သို့ တိမ်တိုက်များကို ဖြတ်သန်းကာ သွေးဘိုးဘေးထံသို့ တိုးဝင်သွားသည်။

သွေးဘိုးဘေးကလည်း အေးစက်စွာ နှာခေါင်းရှုံ့ကာ သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေလိုက်သည်။သွေးအလင်းတစ်ခုက တလက်လက် ဖြစ်သွားပြီးနောက် စာလုံးများကို ဖန်တီးယူသည်။သည့်နောက် ၎င်းစာလုံးများသည် ဖျပ်ခနဲပင် ပျက်စီးသွားပြန်သည်။

ဝမ်လင်းက တိမ်တိုက်များထဲသို့ ပြန်ဝင်ကာ နောက်သို့ မြန်ဆန်စွာ ပြန်ဆုတ်သည်။သူ့မျက်လုံးက တည်ငြိမ်လျက်ရှိနေ၏။ တစ်ချိန်တည်းမှာပင် သူက မြောက်များစွာသောတိမ်များကို ဝါးမြိုကာ မရေမတွက်နိုင်သောမိုးကြိုးတန်းများကို သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်စေလိုက်၏။ထိုအခါ သူ့ခန္ဓာကိုယ်ထဲရှိ အဘိုးအိုထံမှ စွမ်းအားသည်လည်း မြန်ဆန်စွာ လွင့်ပါးကုန်ကြ၏။

သွေးဘိုးဘေးက ရှေ့သို့ တိုးလာရင်း ဝမ်လင်းကိုသာ ကြည့်နေသည်။သူ့လက်ထဲ၌ သွေးလုံးနှစ်လုံး ဖြစ်ပေါ်စေကာ သူက ဝမ်လင်းထံသို့ တည့်တည့် တိုးဝင်လာသည်။သူက တက်နိုင်သမျှ ဝမ်လင်းကို အမြန် အဆုံးသပ်ချင်နေသည်။သူက သည်တိမ်တိုက်များအတွင်း၌ အန္တရာယ်အာရုံတစ်ခုကို ခံစားမိနေခဲ့ကာ သူက ကြာကြာနေလေ သူ့ကို ပိုထိတ်လန့်စေ ဖြစ်နေလေသည်။

နတ်ဘုရားပြစ်ဒဏ် တိမ်တိုက်များအတွင်း၌သာ မဟုတ်ပါက သွေးဘိုးဘေးသည် ခုလိုမျိုး အခက်အခဲတွေ့နေလိမ့်မည် မဟုတ်ပေ။ သူ့ကျင့်ကြံမှုအဆင့်က တော်တော်လျော့ကျသွားသည် ဆိုသော်လည်း ခုထိ မြင့်မားနေဆဲ မဟုတ်လား။သို့ရာတွင် နတ်ဘုရားပြစ်ဒဏ်တိမ်တိုက်များအတွင်း၌ ဝမ်လင်းကိုသတ်ရန်က အလွန်ခက်ခဲလှပေ၏။

ဝမ်လင်း၏ မိုးကြိုးစိတ်ဝိညာဉ်သည် ရေထဲကငါးကဲ့သို့ ဖြစ်နေတော့၏။ထူးဆန်းသောအဘိုးအိုထံမှ စွမ်းအားသည်လည်း သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသော နတ်ဘုရားပြစ်ဒဏ်မိုးကြိုးနှင့် ဆန့်ကျင်တိုက်ခိုက်နေကြသည်။ထိုသို့ ဖြစ်လေလေ သူ့ခန္ဓာကိုယ်ထဲ၌ မူလစွမ်းအင်က များစွာ မြင့်တက်လာလေ ဖြစ်သည်။

သည်တိမ်တိုက်များအတွင်း၌ သူက ဆန္ဒရှိသလို ပြုမူနေနိုင်သကဲ့သို့ ဖြစ်နေ၏။

သွေးဘိုးဘေးကို ရင်ဆိုင်ရန် ဝမ်လင်းသည် တိမ်တိုက်များအတွင်း၌ ရွေ့လျားသွားနေကာ သူက မိုးကြိုးကို အဆတ်မပြတ် စုပ်ယူ၊တိမ်များကို ဝါးမြိုနေသည်။တိမ်များက တဖြည်းဖြည်း သေးငယ်လာနေ၏။

ထိုအခိုက်အတန့်၌ ဝမ်လင်း၏ခန္ဓာကိုယ်သည် ရုတ်တရက် တုန်ယင်သွားသည်။အဘိုးအိုထံမှစွမ်းအားသည် လုံးဝ ပျက်ကွယ်သွားလေပြီ။ ထို့ကြောင့် သူ့ခန္ဓာကိုယ်ထဲ၌ မည်သည့်ဆန့်ကျင်တိုက်ခိုက်မှုမှ ရှိမနေတော့ဘဲ မူလစွမ်းအင်သပ်သပ်သာ ကျန်ရှိတော့၏။

ထိုမူလစွမ်းအင်၏ ပြင်းထန်သော ဖိသိပ်မှုအောက်၌ ဝမ်လင်း၏ကျင့်ကြံမှုအဆင့်သည် အရူးအမူး တိုးတက်လာခဲ့သည်။ချက်ခြင်းပင် သူက ပုံရိပ်ယောင်ယင်အထွတ်အထိပ်အဆင့်ကို ချိုးဖျက်ကာ အထည်ဒြပ်ယန်အဆင့်သို့ ဝင်ရောက်လာခဲ့တော့သည်။

ထိုအရာက အဆုံးသပ်မဟုတ်သေးပေ။ သူ့မူလစိတ်ဝိညာဉ်က မူလစွမ်းအင်ကို စုပ်ယူနေရင်း သူ့ကိုယ်ထဲမှ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များအားလုံးသည်လည်း ပျောက်ကွယ်သွားခဲ့သည်။သူ့ကျင့်ကြံမှုအဆင့်က နောက်တစ်ဖန် တိုးတက်လာခဲ့တော့၏။ သူက အထည်ဒြပ်ယန်အဆင့်သို့ ဝင်ရောက်သွားခဲ့ပြီးနောက် အခြေခိုင်သွားခဲ့တော့သည်။

ဝမ်လင်းခန္ဓာကိုယ်ထဲရှိ ထိုပြောင်းလဲမှုသည် သွေးဘိုးဘေး၏အသွင်အား ကြီးစွာ ပြောင်းလဲသွားစေခဲ့သည်။သူက သူ့ဦးရေပြားပင် ထုံထိုင်းသွားသည်ဟု ခံစားလိုက်ရ၏။

“ငါက သူ့ကို ဆက်ပြီး ကြီးထွားခွင့် ပေးလို့မရဘူး။ငါကသာ သူ့ကို ခုလိုမျိုး ဆက်ခွင့်ပြုလိုက်ရင် သူ့ကျင့်ကြံမှုအဆင့်က နိဗ္ဗာနကြိုမြင်ခြင်းအစောပိုင်းအဆင့်ကိုတောင် ရောက်သွားနိုင်တယ်…”

ဝမ်လင်း၏ခန္ဓာကိုယ်ထဲ၌ အရင်ထက်ပိုစွမ်းအားကောင်းသော ခံစားချက်တစ်ခု ပြည့်လာခဲ့သည်။သူ့မျက်လုံးက လင်းလက်နေတော့၏။ သူက ကမ္ဘာလောကကို သူ့လက်ဖြင့် ထိန်းချုပ်နိုင်သကဲ့သို့ပါ ခံစားလာရသည်။သူက အသက်ဝဝရှုသွင်းလိုက်၏။သွေးဘိုးဘေးကလည်း နီးကပ်လာခဲ့သည်။သူက သူ့လက်ချောင်းကို မျက်ခုံးနှစ်ခုကြားသို့ ထောက်ကာ သူ့မူလစိတ်ဝိညာဉ်ကို ထွက်ပေါ်လာစေလိုက်သည်။

သူ့ခန္ဓာကိုယ်က တိမ်တိုက်များထံကနေ ပြုတ်ကျလာ၏။သို့သော် မန္တာန်တစ်ခုက သူ့ကို စောင့်ကြပ်ပေးထား၏။ သူ့ခန္ဓာကိုယ်က မြေပေါ်သို့ ကျရောက်သွားပြီးနောက် သူသည် စတင်၍ ကျင့်ကြံတော့၏။

သူ့ခန္ဓာကိုယ်ထဲကနေ ထွက်ပေါ်လာပြီးနောက် ဝမ်လင်း၏မူလစိတ်ဝိညာဉ်သည် ပေတစ်ထောင်ကျော်ရှိသော ရှေးဟောင်းမိုးကြိုးနဂါးအသွင်သို့ ပြောင်းလဲသွားသည်။သူက နတ်ဘုရားပြစ်ဒဏ်မိုးကြိုးများအတွင်း၌ အလွန်အမင်း တုန်လှုပ်ဖွယ်ကောင်းနေတော့သည်။

“သွေးဘိုးဘေး…သင်က သင်ကိုယ်တိုင် ငါ့ရှိ တိုးဝင်လာမှတော့ သင်က ငါ့ဆန္ဒအတိုင်း ဖြစ်သင့်တာပေါ့…”

***

Comment

  1. lazyassempire says:

    Damn…..

Leave a Reply

Options

not work with dark mode
Reset