အနက်ရောင်မိုးကြိုးက ကောင်းကင်ဘုံခွန်အားကို သယ်ဆောင်လာခဲ့ကာ အစိတ်အပိုင်းမြေပေါ်သို့ ကျရောက်လာသည်။ ကျယ်လောင်သောပေါက်ကွဲသံကြီးတစ်ခုက အစိတ်အပိုင်းမြေအနှံ့ ပျံ့နှံ့ကုန်ကြ၏။ ကြီးမားသည့် အက်ကွဲကြောင်းတစ်ခုကလည်း ပေါ်လာခဲ့သည်။
ထိုအက်ကွဲကြောင်းနက်ထဲ၌ ဝမ်လင်းရှိနေ၏။ သူက မျက်လုံးစဖွင့်လာခါစပင်။
ထိုမိုးကြိုးက တိုက်ရိုက် ဆင်းသက်လာကာ ဝမ်လင်းပေါ်သို့ ထိမှန်သွား၏။
ဘန်း…။
ဝမ်လင်း၏ခန္ဓာကိုယ်က ပြင်းပြင်းထန်ထန် တုန်ယင်နေသည်။မိုးကြိုးက သူ့ခန္ဓာကိုယ်ထဲသို့ တရကြမ်း တိုးဝင်လာလေ၏။သို့ရာတွင် ၎င်းမိုးကြိုးသည် ထူးဆန်းသောအဘိုးအိုထံမှစွမ်းအားနှင့် သွေးဘိုးဘေး၏ သွေးတစ်ဝက်တို့၏ သက်ရောက်ခြင်း ခံလိုက်ရချေသည်။
ထိုစွမ်းအားသုံးခုက ဝမ်လင်းခန္ဓာကိုယ်ကို အခြေပြုကာ တိုက်ပွဲတစ်ခုလို ဖြစ်နေသည်။ ထိုတိုက်ပွဲက အဆုံးသပ်၌ မြောက်များလှစွာသောမူလစွမ်းအင်အဖြစ်သို့ ပြောင်းလဲကာ သူ့အား ဝန်းရံသွားသည်။သူ့မူလစိတ်ဝိညာဉ်ကလည်း မူလစွမ်းအင်ကို မြန်ဆန်စွာ ဝါးမြို၍ အလျင်အမြန် ကြီးထွားလာခဲ့သည်။
ဝမ်လင်းမျက်လုံးထဲ၌ ထူးဆန်းသောအလင်းတစ်ခု ထွက်ပေါ်နေသည်။သူက သတိပြန်ရလာခဲ့လေပြီ။ အထူးသဖြင့် အနက်ရောင်မိုးကြိုးထိမှန်သွားသည့်အခိုက်တွင် သူက လုံးဝ သတိပြန်ရလာခဲ့ပြီ ဖြစ်၏။
“နတ်ဘုရားပြစ်ဒဏ်…” ဝမ်လင်းက လေအေးတစ်ချက် ရှိုက်သွင်းမိသည်။သူက အရင်တုန်းက နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေပေါ်ရှိ နတ်ဘုရားပြစ်ဒဏ်အကြောင်းကို ပြန်မှတ်မိနေဆဲပင်။ ခုချိန်၌ သူက ၎င်းကို ထပ်မံ၍ ရင်ဆိုင်ရပြန်ကာ သူ့မျက်လုံးများက တောက်ပလျက် ရှိတော့သည်။
သူက နိုးထလာသည်နှင့် သူ့ခန္ဓာကိုယ်ထဲရှိ ကဗြောင်းကဗျန်ဖြစ်နေမှုကို ချက်ခြင်း သတိပြုမိလိုက်သည်။ နတ်ဘုရားပြစ်ဒဏ် မရှိလျှင် သူ့ခန္ဓာကိုယ်က အရင်ဆုံး ပေါက်ကွဲသွားနိုင်၏။
“ဒီတစ်ခါတော့ ဒီနတ်ဘုရားပြစ်ဒဏ်က အချိန်မှန် ဖြစ်သွားတာပဲ…” ဝမ်လင်းမျက်လုံးက တလက်လက် ဖြစ်နေတော့၏။ ပထမဆုံးအကြိမ်အဖြစ် သူက နတ်ဘုရားပြစ်ဒဏ်ရောက်ရှိလာမှုကို ဝမ်းမြောက်စွာ ကြိုဆိုမိနေတော့သည်။သူ့ညာလက်ဖြင့် မြေကြီးကိုထောက်ကာ အက်ကွဲကြောင်းထဲကနေ လေထဲသို့ ကန်ထွက်လိုက်၏။
သူ့ဘေးရှိ ကောင်းကင်ဘုံဓားထဲကနေ အော်သံတစ်ခု ချက်ခြင်း ထွက်လာခဲ့သည်။ “သခင်….သခင်…ငါ့ကို ခေါ်သွားပါဦး…။ငါက သိုလှောင်အိတ်ထဲကို ပြန်ဝင်ချင်ပါတယ်။ ဒီနေရာက တော်တော်လေး ကြောက်ဖို့ကောင်းလှတယ်…”
ဝမ်လင်းက ပျံသန်းနေရင်းဖြင့် သူ့ညာလက်ကို ဝှေ့ယမ်းလိုက်၏။ ကောင်းကင်ဘုံဓားက သူ့ထံသို့ ပျံသန်းလာကာ သိုလှောင်အိတ်ထဲသို့ ဝင်ရောက်သွားသည်။ သူက ကောင်းကင်ဘုံတောင်ကိုလည်း ထို့အတူ သိမ်းဆည်းထားလိုက်သည်။
သူက အစိတ်အပိုင်းထဲကနေ ထွက်လာသည့်အခိုက်တွင် အစိတ်အပိုင်းပတ်လည်၌ စုဝေးနေသော တိမ်တိုက်များအားလုံးသည် စတင်ဆူပွက်လာခဲ့သည်။ သည်ပြင်းထန်သော ရွှေ့လျားမှုအောက်၌ နတ်ဘုရားပြစ်ဒဏ်သည် နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေတုန်းကထက် ပိုမို၍ ပြင်းထန်လာခဲ့တော့သည်။
အနှီကောင်းကင်ဘုံခွန်အား၏ အောက်တွင် ဝမ်လင်းသည် ကောင်းကင်ထက်မှ ဧရာမလက်ကြီးတစ်စုံသည် သူ့ထံသို့ ဖိချလာသကဲ့သို့ ခံစားလိုက်ရ၏။သူ့ခန္ဓာကိုယ်အတွင်းဘက်ကနေ တစီစီအသံများပါ ထွက်လာ၏။
တစ်ချိန်တည်းမှာပင် အနက်ရောင်မိုးကြိုးတန်းလေးခုသည် အထက်၊အောက်၊ဘယ်၊ညာကနေ လျင်မြန်စွာ ဆင်းသက်လာ၏။ ဝမ်လင်းမျက်လုံးက အလွန်တောက်ပနေ၏။ သူက လက်နှစ်ဖက်ကို ဖွင့်ထုတ်ကာ ရင်ကော့၍ ထိုမိုးကြိုးများကို ရှောင်ရှားခြင်းမပြုဘဲ ကြိုဆိုလိုက်၏။ သည့်နောက် အရပ်လေးမျက်နှာမှ မိုးကြိုးများသည် သူ့ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားတော့၏။
အနက်ရောင်မိုးကြိုးလေးခုသည် ဝမ်လင်း၏ခန္ဓာကိုယ်အနှံ့တွင် အရူးအမူး တိုးဝင်နေ၏။ ၎င်းတို့က ဝမ်လင်းကိုယ်ထဲရှိ သွေးဘိုးဘေး၏ သွေးခန္ဓာ၊ထူးဆန်းသောအဘိုးအို၏ စွမ်းအားတို့နှင့် နောက်တစ်ဖန် ထိတိုက်ကုန်သည်။
ထိုထိပ်တိုက်တွေ့ဆုံမှုက အလွန်အမင်းသိပ်သည်း ပြင်းထန်ကာ ဝမ်လင်းခန္ဓာကိုယ်ထဲ၌ အစစ်အမှန်မုန်တိုင်းတစ်ခု အမှန်ပင် ဖြစ်နေသလားပင်။ထိုစွမ်းအားသုံးခုကနေ မူလစွမ်းအင်အမြောက်အများကို ထုတ်လွှတ်ပေးနေ၏။
ထိုမူလစွမ်းအင်က အလွန်ပြင်းထန်လှ၏။သည်မူလစွမ်းအင်၏ ဖိသိပ်မှုအောက်တွင် ဝမ်လင်းသည် ဟစ်ကြွေးအော်ဟစ်လိုက်ရ၏။သူ့အော်ရာကလည်း အရူးအမူး တိုးတက်လာတော့သည်။ သူ့မူလစိတ်ဝိညာဉ်က မူလစွမ်းအင်များကို ဝါးမြိုပြီးသည့်နောက် ၎င်းက အာဏာတက်ခြင်းအထွတ်အထိပ်အဆင့်ကနေ ပုံရိပ်ယောင်ယင်အဆင့်သို့ ကူးပြောင်းခြင်း၏ အရေးတကြီးဖြစ်စဉ်သည် ပြီးပြည့်စုံသွားလေသည်။
မူလစိတ်ဝိညာဉ်ဆိုသည်က အဘယ်နည်း။ လူတစ်ယောက်၏ ကျင့်ကြံမှုအဆင့်က ပုံရိပ်ယောင်ယင်အဆင့်သို့ မရောက်ရှိဘဲ ထိုအရေးကြီးသည့်ဖြစ်စဉ်ကို ကျော်လွန်နိုင်ခြင်းမရှိပါက မူလစိတ်ဝိညာဉ်ဟုခေါ်ရုံသာ ခေါ်နိုင်ပေမည် ဖြစ်သည်။တကယ့်တော့ တုပထားသည့်မူလစိတ်ဝိညာဉ်သာ ဖြစ်နိုင်ပေဦးမည်။
အစစ်အမှန်မူလစိတ်ဝိညာဉ်ဟူသည် မူလစွမ်းအင်ကို ဝါးမြိုနိုင်ကာ မူလစွမ်းအင်ကနေ ဘဝအသစ်တစ်ခုကို ရရှိနိုင်ခြင်း ဖြစ်လေတော့၏။
ရှေးဟောင်းကျင့်ကြံသူများသည် ချီ ကိုကျင့်ကြံကြ၏။ထိုချီကပင် မူလစွမ်းအင် ဖြစ်တော့၏။ သည်မူလစွမ်းအင်ကို လုံလောက်ကြာမြင့်စွာ ကျင့်ကြံနိုင်ပြီးသည့်နောက် ၎င်းသည် မူလစိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်လာပေလိမ့်မည်။
တကယ်တော့ ယခုခေတ်တွင် ဒုတိယအဆင့်သို့ ရောက်နိုင်သည့် ကျင့်ကြံသူများကသာ ရှေးဟောင်းကျင့်ကြံသူများကို လိုက်မှီနိုင်စွမ်းရှိပေ၏။
ဤအခိုက်အတန့်တွင် အားကောင်းလှသောမူလစွမ်းအင်များသည် ဝမ်လင်း၏မူလစိတ်ဝိညာဉ်ထြ၌ နစ်မြုပ်နေကာ သူ့မူလစိတ်ဝိညာဉ်အား အရူးအမူး ပြောင်းလဲစေနေ၏။ သူ့မူလစိတ်ဝိညာဉ်သည် နောက်တစ်ဆင့်သို့ တက်လှမ်းနေခြင်းပင်။
အာဏာတက်ခြင်းအထွတ်အထိပ်အဆင့်ကို ချိုးဖျက်သွားလေပြီ။
ထိုချိုးဖျက်လိုက်သည့်အခိုက်၌ ဝမ်လင်းသည် သူ့ကိုယ်ပိုင်တာအိုကို ခံစားမိလိုက်သည်ဟု ထင်မြင်ရသည်။ထိုခံစားမှုက ကမ္ဘာလောကထဲရှိ အရာအားလုံးသည် ရှင်းလင်းလာသကဲသို့သော ခံစားမှုမျိုး ဖြစ်တော့သည်။
ဝမ်လင်းက ရယ်မောလိုက်လေသည်။ထိုရယ်သံက တိမ်တိုက်ထုများကို ထွင်းဖောက်ကာ ပြင်ပသို့တိုင် ပျံ့နှံ့သွားချေ၏။
သွေဘိုးဘေးသည် နတ်ဘုရားပြစ်ဒဏ်က ဝမ်လင်းကို သတ်ပစ်နိုင်ရန် မျှော်လင့်ချက်ဖြင့် တိမ်တိုက်ထုများကို စောင့်ကြည့်လျက် ရှိနေသည်။သို့ရာတွင် ဝမ်လင်း၏ရယ်သံကို ကြားလိုက်ရသည့်နောက် သူ့အသွင်က ပြောင်းလဲသွားလေ၏။
“ပုံရိပ်ယောင်ယင်…” သွေးဘိုးဘေး၏အသွင်က သုန်မှုန်သွားကာ သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ ကြည့်ရတာ ငါ့သွေးခန္ဓာကိုယ်တစ်ဝက်က ဒီကောင့်ကို နတ်ဘုရားပြစ်ဒဏ်ကို တောင့်ခံနိုင်ဖို့ အကူအညီပေးလိုက်ပြီး ပုံရိပ်ယောင်ယင်အဆင့်ကို ရောက်သွားစေနိုင်တဲ့ပုံပဲ။ ဒါပေမဲ့..ဒါက…”
သူက ထိုသို့ ရေရွတ်နေရင်းနှင့် သူ့အသွင်က နောက်တစ်ဖန် ပြောင်းလဲသွားကာ သူ့ရှေ့ရှိ တဝီဝီလှည့်လည်နေသော တိမ်တိုက်ထုများကို စူးစိုက်ကြည့်လိုက်သည်။
“ဒီတိမ်တိုက်တွေက ဆက်ပြီး မြင့်တက်နေတုန်းပဲ…”
ဝမ်လင်းက အခုလောက် သက်တောင့်သက်သာ ဖြစ်မှုကို ဘယ်တုန်းကမှ မခံစားခဲ့ဖူးပေ။ သူ့ခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များက မြန်ဆန်စွာ ပျောက်ကွယ်နေကာ မူလစွမ်းအင်များနှင့် အစားထိုးနေသတော့၏။သူ့မူလစိတ်ဝိညာဉ်ထဲကနေ မူလစွမ်းအင်များ မြင့်တက်နေလေသည်။
သူ့ပတ်လည်ရှိ တိမ်တိုက်ထုများကလည်း ဒေါသတကြီး ဖြစ်လာဟန်ရကာ ကောင်းကင်ဘုံခွန်အားက မိုးကြိုးအဖြစ်သို့ အသွင်ပြောင်းသွား၏။ တိမ်တိုက်များအတွင်း၌ အနက်ရောင်မိုးကြိုးတန်းရှစ်ခု ဖြစ်ပေါ်လာကာ ဝမ်လင်းခန္ဓာကိုယ်ပေါ်သို့ ကျဆင်းလာပြန်သည်။
ဝမ်လင်းက အားပါးတရ ရယ်မောကာ သူ့မူလစိတ်ဝိညာဉ်ကို ခန္ဓာကိုယ်ထဲကနေ ထိုးထွက်စေလိုက်၏။ သူ့မူလစိတ်ဝိညာဉ်သည် လူသားအသွင် မဟုတ်တော့ဘဲ ရှေးဟောင်းမိုးကြိုးနဂါးအသွင်သို့ ဆောင်နေပေသည်။အနက်ရောင်မိုးကြိုးတန်းရှစ်ခုက ကျဆင်းလာသည်နှင့် သူ့ရှေးဟောင်းမိုးကြိုးနဂါးအသွင် မူလစိတ်ဝိညာဉ်သည် ၎င်းတို့ကို ဝါးမြိုပစ်လိုက်တော့၏။
သူက အနက်ရောင်မိုးကြိုးတန်းရှစ်ခုကို ဝါးမြိုပြီးသည့်နောက် သူ့ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်လာခဲ့သည်။ သွေးခန္ဓာကိုယ်နှင့်အဘိုးအို၏ စွမ်းအားတို့က နောက်တစ်ဖန် ပေါက်ကွဲထွက်လာပြန်သည်။ ထိုအဖြစ်သအင်၌ ဝမ်လင်းသည် ပိုမိုများပြားသောမူလစွမ်းအင်များကို ရရှိလိုက်လေသည်။
ဝမ်လင်း၏ကျင့်ကြံမှုအဆင့်က သည်မူလစွမ်းအင်များ၏ ဖိသိပ်မှုအောက်၌ နောက်တစ်ဖန် တိုးတက်လာပြန်သည်။သူ့ပုံရိပ်ယောင်ယင်အဆင့် ကျင့်ကြံခြင်းက ခိုင်မာလာခဲ့ကာ ပုံရိပ်ယောင်ယင်အဆင့်၏ အထွတ်အထိပ်တိုင် စတင်၍ တိုးတက်လာနေသည်။
ပုံရိပ်ယောင်ယင်နှင့်အထည်ဒြပ်ယန်အဆင့်တို့သည် ကျင့်ကြံခြင်းပထမအဆင့်နှင့် ဒုတိယအဆင့်တို့ကြား ကူးပြောင်းပေးသည့် ကြားခံအဆင့် ဖြစ်ကြ၏။ ဆိုလိုသည်က သည်ကြားခံအဆင့်တွင် ယင်နှင့်ယန်၏မျှခြေက ပြီးပြည့်စုံသည်ဟူ၍ပင်။ပုံရိပ်ယောင်ယင်အဆင့်သည် မူလစိတ်ဝိညာဉ် ပြောင်းလဲမှုဖြစ်ကာ အထည်ဒြပ်ယန်အဆင့်သည် ကောင်းကင်ဘုံစိတ်ဝိညာဉ် စွမ်းအင်များအားလုံးကို ပျောက်ကွယ်စေ၍ မူလစွမ်းအင်နှင့် အစားထိုးပေးနေသည့်အဆင့် ဖြစ်တော့သည်။
ထိုဖြစ်စဉ်ကို မူလအသွင်ပြောင်းခြင်းဟု ခေါ်တွင်၏။၎င်းဖြစ်စဉ်သည် ကျင့်ကြံသူတစ်ယောက်ကို ရှေးဟောင်းကျင့်ကြံသူများ၏ တည်ရှိမှုကဲ့သို့ ပြောင်းလဲပေးခြင်းလည်း ဖြစ်သည်။
ရှေးဟောင်းကျင့်ကြံသူများ ပျောက်ကွယ်သွားခြင်းနှင့် ကောင်းကင်ဘုံနယ်မြေ ပျက်စီးသွားပြီးနောက် ယင်နှင့်ယန်အဆင့်ကို ဝင်ရောက်သည့်အချိန်၌ လူအနည်းငယ်ကသာ နယ်ပယ်အဆင့်နှစ်ခုကြားကို ချိုးဖျက်နိုင်စွမ်း ရှိကြပေသည်။
ရှေ့ဖြစ်ဟောသူပင် ကျင့်ကြံခြင်းပထမအဆင့်ကနေ ဒုတိယအဆင့်နယ်ပယ်သို့ ဖြတ်ကျော်နိုင်ရန် နှစ်ပေါင်းသုံးရာ ကုန်ဆုံးခဲ့ရ၏။ဓားသူတော်စင် လင်းထျန်ဟူက နှစ်ပေါင်းရှစ်ရာ၊ သွေးဘိုးဘေးက နှစ်ပေါင်းတစ်ထောင် ကုန်ဆုံးခဲ့ရလေသည်။
ထိုအရာက ပါရမီအရည်အချင်းနှင့် လုံးဝ သက်ဆိုင်ခြင်း မရှိပေ။ ထိုသို့ကူးပြောင်းနိုင်ရန် အကြီးမားဆုံးအကြောင်းရင်းက မူလစွမ်းအင်သာ ဖြစ်တော့၏။
သည်အခိုက်အတန့်၌ ဝမ်လင်းသည် အဘက်ဘက်ကနေ တိုးတက်နေသည်။ နတ်ဘုရားပြစ်ဒဏ်က သူ့အတွက် အထောက်အပံ့ပေးကာ သွေးခန္ဓာကိုယ်နှင့်အဘိုးအိုထံမှစွမ်းအားတို့သည်လည်း သည်ဖြစ်စဉ်ကို မူလစွမ်းအင်လောင်စာ ပေးနေသကဲ့သို့ ဖြစ်ပွားသွားခဲ့ခြင်းပင်။
သွေးဘိုးဘေးက သူ့ရှေ့ရှိတိမ်တိုက်ထုကို စူးစိုက်ကြည့်နေ၏။ သူ့မျက်လုံးထဲရှိ သတ်ဖြတ်လိုမှုစိတ်ဆန္ဒကလည်း ပိုမို၍ အားကောင်းလာခဲ့သည်။
“ငါက သူ့ကို သတ်ဖို့ ရောက်လာခဲ့တာ…ဒါပေမဲ့လည်း ငါက သူ့ကို သတ်မဲ့အစား ကြီးမားတဲ့ကံကောင်းခြင်းတစ်ခုကို ပေးစွမ်းခဲ့သလို ဖြစ်ခဲ့တယ်။ ငါက ဒါကို လက်မခံနိုင်ဘူး…”
တိမ်တိုက်ခုများအတွင်းရှိ အစိတ်အပိုင်းမြေ၏ အထက်တွင် ဝမ်လင်းသည် ခေါင်းမော့လာ၏။ သူ့မျက်လုံးက ကြည်လင်နေကာ မျှော်လင့်ချက်တို့ပါဝင်နေသည်။သည့်နောက် တိမ်တိုက်ထုထဲမှ မိုးကြိုးတုန်ဟီးသံများ ထပ်မံထွက်ပေါ်လာခြင်းနှင့်အတူ ခုနစ်ရောင်စုံမိုးကြိုးတန်းတစ်ခုသည် မြန်ဆန်စွာ သိပ်သည်းလာတော့၏။
***