Switch Mode

အပိုင်း(၈၁၇):

ကောင်းကင်ဘုံကနေ သန့်စင်မွန်းမံပေးသည့် ရတနာ

သွေးဂြိုဟ်ဖျက်စီးခံခြင်းအကြောင်းသည် မဟာမိတ်ကြယ်အဖွဲ့အစည်းကြီး၌ ဟိုးလေးတကျော် ဖြစ်မသွားပေ။ သွေးဂြိုဟ်က လွန်စွာ လူသူကင်းမဲ့သောနေရာတွင် တည်ရှိသည့်အတွက်ကြောင့် သည်ကိစ္စကို မည်သူကမျှ အချိန်ကြာသည့်အထိ သတိပြုမိခဲ့ကြခြင်း မရှိပေ။

ဝမ်လင်း၏ မူလခန္ဓာကိုယ်က သွေးခန်းမနှင့်အတူ ထွက်လာခဲ့၏။သူက အာကာသဟင်းလင်းပြင်ထဲ၌ ပျံသန်းနေရင်း သူ့ခန္ဓာကိုယ်က တဖြည်းဖြည်းဖြင့် ပုံမှန်ကျင့်ကြံသူတစ်ယောက်အဖြစ်သို့ ပြန်ကျုံ့သွားသည်။သွေးခန်းမအတွက်ကတော့ သူက ၎င်းကို ချိပ်ပိတ်ကာ ဝါးမြိုထားခဲ့၏။၎င်းခန်းမက သူ့ကိုယ်တွင်း၌ စိတ်ဝိညာဉ်စွမ်းအင်များဖြင့် လွှမ်းခြုံထားခြင်း ခံလိုက်ရ၏။

ထိုသွေးခန်းမက အလွန်ထူးဆန်းလှ၏။ ထို့ကြောင့် ဝမ်လင်းသည် ၎င်းကို သေချာလေ့လာကြည့်ရန် ဆုံးဖြတ်လိုက်သည်။

အဆင့်ခြောက်နိုင်ငံဂြိုဟ်တစ်ခုကို ရှာတွေ့ပြီးသည့်နောက် ဝမ်လင်းသည် ခိုးကြောင်ခိုးဝှက် ဝင်လာခဲ့၏။ သူက ဂြိုဟ်၏အတွင်းနက်ပိုင်းရှိ တစ်နေရာတွင် သူ့ကိုယ်သူ ပုန်းကွယ်၍ နေထိုင်လိုက်သည်။

သူ့စိတ်ဝိညာဉ်နှင့်အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်း၏ မိုးကြိုးကောင်းကင်ဘုံနယ်မြေတွင် ရှိနေသော သူ့ကိုယ်ပွားကြားရှိ ဆက်နွှယ်မှုကလည်း ပို၍ တည်ငြိမ်လာခဲ့လေ၏။

အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းကြီး၌ မိုးကြိုးကောင်းကင်ဘုံနယ်မြေ၏ ဟင်းလင်းပြင်ထဲ၌ ဖြည်းဖြည်းချင်း လွင့်မြော‌နေသော အစိတ်အပိုင်းမြေတစ်ခု ရှိနေ၏။ သည်အခိုက်အတန့်၌ တိမ်စိုင်ထုများသည် ထိုအစိတ်အပိုင်းရှိရာသို့ မြန်ဆန်စွာ စုဝေးလာခဲ့သည်။ ထိုတိမ်စိုင်ထုများအတွင်း၌ ပုန်းကွယ်နေသော တုန်ဟီးသံတို့လည်း ပါဝင်နေ၏။

သိပ်မကြာခင်တွင် မိုးကြိုးတန်းတစ်ခုသည် အနှီတိမ်တိုက်များထံကနေ ကျဆင်းလာပြီး အစိတ်အပိုင်းမြေပေါ်သို့ ကျရောက်လာခဲ့သည်။မိုးကြိုးက အစိတ်အပိုင်းမြေကို ဖြတ်သန်း၍ မေ့မြောနေသော ဝမ်လင်းကို ရှာတွေ့သွားကာ သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားချေသည်။

ဝမ်လင်း၏ခန္ဓာကိုယ်က ရုတ်တရက် တုန်ယင်သွား၏။

သိပ်မကြာခင်မှာပင် မရေမတွက်နိုင်သောမိုးကြိုးတန်းများ စုစည်းလာကာ မြေပြင်ထက်သို့ သက်ဆင်းလာ၏။ ထို့အတွက်ကြောင့် သည်အစိတ်အပိုင်းမြေသည် တုန်ယင်သွားကာ ကျောက်စကျောက်နမြောက်များစွာသည် တောင်အငူစွန်းများကနေ ပြုတ်ကျလွင့်စင်ကုန်၏။

သွေးဘိုးဘေးသည် အကွာအဝေးတစ်ခုရှိ အစိတ်အပိုင်းမြေကို စူးစိုက်ကြည့်လို့နေ၏။သူက သူ့ခန္ဓာကိုယ်တစ်ဝက်သည် ထိုအစိတ်အပိုင်းမြေပေါ်၌ ရှိနေသည်ကို ရှင်းလင်းစွာ ခံစားမိနေ၏။ ထို့အတူ သူ့ခန္ဓာကိုယ်ထဲရှိ မူလစိတ်ဝိညာဉ်စွမ်းအင်များသည်လည်း စုပ်ယူခံနေရပေသည်။

ထိုခံစားချက်က သူ့ကို ရူးသွပ်သွားမလို ဖြစ်စေ၏။ ပထမဆုံးအကြိမ်အဖြစ် သူ သတ်ချင်နေသော လူတစ်ယောက်ကို သူက ထိုလူကြီးထွားလာအောင်ပင် လိုလားခြင်းမရှိဘဲ ကူညီပေးမိနေသလို ဖြစ်နေတော့သည်။

သို့ရာတွင် သူက ရှေ့သို့ ဆက်တိုးလာရမှာကိုလည်း စိုးရွှံ့နေ၏။ သူက ထိုအစိတ်အပိုင်းပေါ်ရှိ တိမ်စိုင်ထုများကို သေချာကြည့်နေသည်။သူက ထိုတိမ်တိုက်ထုအတွင်းရှိ စွမ်းအားသည် ဖြည်းဖြည်းချင်း အားကောင်းသန်မာလာသည်ကို ရှင်းလင်းစွာ ခံစားနေမိသည်။

“ဒါက နတ်ဘုရားပြစ်ဒဏ်ပဲ…။ ဒီကောင်ရဲ့ ကျင့်ကြံခြင်းက နတ်ဘုရားပြစ်ဒဏ်ကို စွဲဆောင်နိုင်ခဲ့လိမ့်မယ်လို့ ငါ တကယ်မထင်ထားမိဘူး။အတိတ်တုန်းက နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေမှာ ကောင်းကင်ဘုံခွန်အားကလည်း သူ့ကြောင့် ဖြစ်ပွားလာခဲ့တာ ဖြစ်ရမယ်လို့ ယူဆနိုင်တယ်…”

သွေးဘိုးဘေး၏ မျက်လုံးများက အေးစက်လာခဲ့၏။

“ဒီနတ်ဘုရားပြစ်ဒဏ်က ပိုသန်မာလေ‌လေ ပိုကောင်းလေပဲ။ ငါက ဒီနေရာမှာပဲ စောင့်နေပြီး သူ့ကို နတ်ဘုရားပြစ်ဒဏ်က သတ်ပစ်လိုက်တာကို ထိုင်ကြည့်နေတာ ပိုကောင်းလိမ့်မယ်။ ဒါဆိုရင် ကျေနပ်စရာပဲ…” သွေးဘိုးဘေးက နှာခေါင်းရှုံ့ကာ ဝမ်လင်းရှိနေသော အစိတ်အပိုင်းမြေပေါ်သို့ မုန်တီးသည့်အကြည့်ဖြင့် ကြည့်နေတော့သည်။

ထိုအစိတ်အပိုင်းမြေက တိမ်တိုက်ထုများ စုစည်းလာရာကနေ ဖြစ်ပေါ်လာသည့် အတားအဆီးကြောင့် မြောလွင့်နေရာကနေ ရပ်တန့်သွား၏။ တိမ်တိုက်များစွာကလည်း ထိုနေရာပေါ်တွင် စုဝေးလာခဲ့ကာ နောက်ထပ်မိုးကြိုးတန်းတစ်ခုသည် ၎င်းမြေပေါ်သို့ ကျဆင်းလာလေ၏။

ထိုအခါ အစိတ်အပိုင်းမြေသည် နောက်တစ်ဖန် တုန်ယင်သွားပြန်သည်။

သည်ဖြစ်စဉ်က တစ်လခန့်ပင် ကြာလာခဲ့ပြီး ပိုပိုများပြားသော မိုးကြိုးများကလည်း ဆင်းသက်လာနေသည်။သွေးဘိုးဘေး ကြည့်လိုက်သည့်အခါ သူက တိမ်တိုက်ထုများ၏ အနားစွန်းကိုပင် မြင်ရခြင်း မရှိတော့ပေ။

သူက နောက်သို့ ပြန်ဆုတ်လိုက်၏။ သူက နတ်ဘုရားပြစ်ဒဏ်၏ ခွန်အးကို နှောင်ယှက်မိလိုခြင်း မရှိသောကြောင့်ပင်။ သူက စိတ်ထဲတွင် ကျေနပ်မှုနှင့် ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “တိမ်တိုက်ထုတွေ ပိုများလေလေ ပိုကောင်းလေပဲ။ ပိုများပြားတဲ့ တိမ်တိုက်ထုတွေ ပိုစုစည်းလာပြီး ဒီကောင် ဝမ်လင်းကို သတ်ပစ်လိုက်။ဒီလိုမှသာ ဒီအဘိုးအိုရဲ့ အမုန်းတရားက လွင့်ပြယ်လိမ့်မယ်…”

တိမ်တိုက်ထုများ ပို၍ စုဝေးလာနေ၏။ ရက်အတော်အတန်ကြာမြင့်ပြီးသည့်နောက် အစိတ်အပိုင်းမြေတစ်ခုလုံး၏ အပေါ်တွင် တိမ်တိုက်ထုများနှင့်သာ ပြည့်နှက်ကုန်တော့သည်။

ဤအခိုက်အတန့်၌ နတ်ဘုရားပြစ်ဒဏ်အတွက် ကြိုတင်ပြင်ဆင်မှုက အပြီးသပ်သွားသည့်အလား နတ်ဘုရားပြစ်ဒဏ်မိုးကြိုးတန်းက ရောက်ရှိလာတော့၏။

မရေမတွက်နိုင်သော မိုးကြိုးတန်းများသည် တိမ်တိုက်ထုများထံကနေ ထွက်ပေါ်နေပြီး အစိတ်အပိုင်းမြေပေါ်သို့ ကျဆင်းနေ၏။ သည်မိုးကြိုးသည် အစိတ်အပိုင်းမြေကို ဝန်းရံထားသော တိမ်တိုက်ထုများထံကနေ ဆင်းသက်လာနေခြင်း ဖြစ်တော့သည်။

ကျယ်လောင်သော မိုးကြိုးတုန်ဟီးသံများက ဟင်းလင်းပြင်အနှံ့တွင် ပဲ့တင်ထပ်နေလေ၏။ ထိုမိုးကြိုးများအောက်၌ အစိတ်အပိုင်းမြေသည် ဆက်လက်ပျက်စီးလာနေသည်။ မိုးကြိုးများက အစိတ်အပိုင်းမြေတစ်လျှောက် ရွှေ့လျား၍ မေ့မြောနေသော ဝမ်လင်းထံသို့ တရကြမ်း တိုးဝင်လာနေသည်။

ဝမ်လင်း၏ ခန္ဓာကိုယ်က မိုးကြိုးတန်းတစ်ခု သူ့ခန္ဓာကိုယ်ထဲသို့ တစ်ကြိမ်ဝင်ရောက်တိုင်း တစ်ခါ တုန်ယင်နေခဲ့သည်။မရေမတွက်နိုင်သော မိုးကြိုများသည် သူ့ခန္ဓာကိုယ်ထဲသို့ တိုးဝင်နေလေ၏။ ရှုလီကောပင် အလွန်ထိတ်လန့်နေမိပြီ ဖြစ်သည်။သူက ကောင်းကင်ဘုံဓားထဲ၌သာ ပုန်းနေရန် တက်နိုင်တော့၏။

ဤအခိုက်အတန့်၌ ဝမ်လင်းခန္ဓာကိုယ်ထဲ၌ ထူးဆန်းသောအဘိုးအို၏ စွမ်းအားနှင့် သွေးဘိုးဘေးတို့၏ မူလစွမ်းအင်စွမ်းအားတို့က တစ်ခုနှင့်တစ်ခု ဆန့်ကျင်နေကြတော့သည်။ပုံမှန်အားဖြင့် သည်ဖြစ်စဉ်က အချိန်အတန်ကြာ ကြာမြင့်မည် ဖြစ်၏။သို့သော်လည်း မိုးကြိုးတန်းများက သူ့ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ် ဝင်ရောက်နေခြင်းက အနှီဖြစ်စဉ်ကို ပို၍ မြန်ဆန်စေတော့သည်။

သူ့ခန္ဓာကိုယ်ထဲရှိ မူလစွမ်းအင်သည် တဟုန်ထိုး တိုးတက်လာနေ၏။ နတ်ဘုရားပြစ်ဒဏ်၏ မိုးကြိုးက သူ့ခန္ဓာကိုယ်ကို မထိခိုက်စေရုံ့သာမက အံ့မခန်းအကျိုးကျေးဇူးများကိုပါ ပေးစွမ်းသလို ဖြစ်နေတော့သည်။

သို့ရာတွင် ဝမ်လင်းက မေ့မြောနေကာ အသိစိတ်ကင်းမဲ့နေသေးသည်။သူကသာ နိုးထသည့်အခြေအနေတွင် ရှိနေလျှင် အကျိုးကျေးဇူးက ပို၍ ကြီးမားပေလိမ့်မည်။

မြောက်များစွာသော မိုးကြိုးများသည် သည်အစိတ်အပိုင်းမြေပေါ်သို့ အတောမသပ်နိုင်အောင် ကျဆင်းနေသည်။ အနှီအစိတ်အပိုင်းမြေက ကောင်းကင်ဘုံကနေ ပြုလုပ်ထားသော မီးပြင်းဖိုတစ်ခုအတွင်း၌ ရှိနေသည့်အလား ကောင်းကင်ဘုံမိုးကြိုး၏ သန့်စင်မွန်းမံခြင်း ခံနေရတော့သည်။

သည်လိုသန့်စင်မွန်းမံမှုမျိုးသည် ကျင့်ကြံခြင်းလောက၌ အလွန့်အလွန် ရှားပါးလှ၏။ထိုသို့ဖြစ်ရသည့်အကြောင်းရင်းသည့် သတ္တုပစ္စည်းများစွာသည် ကောင်းကင်ဘုံမိုးကြိုးထံမှ ထွက်ပေါ်လာသည့် အခုလိုစွမ်းအားအောက်တွင် မရှင်သန်နိုင်သောကြောင့် ဖြစ်လေ၏။

ထိုသို့သန့်စင်မွန်းမံမှုမျိုး ဖြစ်လာခဲ့ပါကလည်း မိုးကြိုးကောင်းကင်ဘုံနယ်မြေ၏ အစိတ်အပိုင်းမြေများပေါ်တွင်သာ ဖြစ်နိုင်သည်။ သည်မြေက မူလတုန်းက မိုးကြိုးကောင်းကင်ဘုံနယ်မြေ၏ အစိတ်အပိုင်းမဟုတ်လား။ ၎င်းမြေသည် ကောင်းကင်ဘုံသားမိုးကြိုးဖြင့် နှစ်ပေါင်းမရေမတွက်နိုင်အောင် ဝန်းရံခံထားခဲ့ရခြင်းလည်း ဖြစ်သည်။ ၎င်းက ခုချိန်၌ ပျက်စီးပြိုကျနေပြီ ဖြစ်သော်လည်း ရှေးမိုးကြိုးကောင်းကင်ဘုံနယ်မြေ၏ အစိတ်အပိုင်းတစ်ခုတော့ ဖြစ်လို့နေနေဆဲသာ။

အစိတ်အပိုင်းမြေ၏ အစွန်းအဖျားများသည် ကောင်းကင်ဘုံမိုးကြိုး၏ အဆက်မပြတ် ရုတ်ခတ်မှုများကြောင့် ကျိုးပဲ့ကုန်ကြပြီ ဖြစ်သော်လည်း အလယ်နေရာကတော့ ပို၍ပင် ခိုင်မြဲလာခဲ့သည်။ထိုသို့ဖြစ်ရသည့်အကြောင်းရင်းမှာ ကောင်းကင်ဘုံမိုးကြိုးက သန့်စင်ပေးနေသည့် သဘော သက်ရောက်နေသောကြောင့် ဖြစ်တော့၏။ တဖြည်းဖြည်းဖြင့် ဝမ်လင်းရှိနေသော အစိတ်အပိုင်းမြေသည် အံ့ဖွယ်ရတနာတစ်ခုနှင့် တူလာခဲ့သည်။

သွေးဘိုးဘေးက တဖြည်းဖြည်းဖြင့် ထိုအဖြစ်သအင်ကို သဘောပေါက်လာခဲ့သည်။ သူက လေအေးတစ်ချက် ရှိုက်သွင်းမိလိုက်၏။ သူ့မျက်လုံးထဲ၌လည်း လောဘနှင့် ပြည်နှက်လာသည်။သူ့ကျင့်ကြံမှုအဆင့်ရှိ တစ်စုံတစ်ယောက်ကို ဆွဲဆောင်နိုင်သော ရတနာက များများစားစား မရှိလှပေ။ သို့ရာတွင် သူက သည်အစိတ်အပိုင်းမြေသည် အံ့ဖွယ်ရတနာတစ်ခုအဖြစ်သို့ ပြောင်းလဲနေသည်ကို သဘောပေါက်သွားသည့်အခါ သူ့နှလုံးသားကလည်း ရုတ်တရက် မြန်ဆန်စွာ ခုန်ပေါက်လာခဲ့သည်။

“အကျိုးအမြတ်နဲ့ ဆုံးရှုံးမှုက ကံကြမ္မာကြောင့်ပဲ။ ဒီအဘိုးအိုက ဒီတစ်ခေါက်မှာ အများကြီး ဆုံးရှုံးခဲ့ရပြီ။ ဒီအစိတ်အပိုင်းမြေကသာ ကောင်းကင်ဘုံက သန့်စင်မွန်းမံ ခံရတာနဲ့ ဒါရဲ့စွမ်းအားက တော်တော်လေး ခြားနားသွားပြီ။ ဒါက ကောင်းကင်ဘုံနယ်မြေရဲ့ အစစ်အမှန်စွမ်းအားကိုတောင် ပြသလာနိုင်လိမ့်မယ်။ ဒီရတနာက ငါ့အတွက် ပြင်ဆင်ပေးနေတာပဲ…”

မိုးကြိုးများက ဆက်လက် ကျဆင်းလျက် ရှိနေသည်။ သို့သော် ထိုအခိုက်အတန့်၌ မိုးကြိုးအားလုံးသည် ရုတ်တရက် ပျောက်ကွယ်သွား၏။ထို့အတူ တိမ်တိုက်များအတွင်း၌လည်း ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်သွား၏။သည့်နောက် တိမ်တိုက်များအတွင်း၌ အနက်ရောင်မိုးကြိုးတန်းတစ်ခုသည် စတင်ကြီးထွားလာသည်။ ထိုအနက်ရောင်မိုးကြိုးတန်းကမှ အစစ်အမှန်နတ်ဘုရားပြစ်ဒဏ် ဖြစ်ချေတော့၏။

၎င်းက မြန်ဆန်စွာ သိပ်သည်းလာပြီးနောက် အစိတ်အပိုင်းပေါ်သို့ တိုးဝင်လာခဲ့သည်။

တစ်ချိန်တည်းမှာပင် အစိတ်အပိုင်း၏ အတွင်းနက်ပိုင်းတွင် ရှိနေသော ဝမ်လင်ကလည်း မျက်လုံးဖွင့်လာခဲ့လေ၏။

***

Comment

Leave a Reply

Options

not work with dark mode
Reset