Switch Mode

အပိုင်း(၈၁၆):

သွေးဂြိုဟ်

သွေးဂြိုဟ်သည် သွေးရောင်အလင်းနှင့် ပြည့်နေ၏။ယင်းဂြိုဟ်သည် ထျန်ယွမ်ဂြိုဟ်၏လွှမ်းမိုးမှုနယ် အတွင်း တည်ရှိခြင်း မဟုတ်ဘဲ ထျန်ယွမ်ဂြိုဟ်ပိုင်နက်နှင့် အနည်းငယ်ဝေးသော နေရာတွင် တည်ရှိပေသည်။

အမှန်တော့ စွမ်းအားကြီးမားလှသော မည်သည့်ကျင့်ကြံသူမဆို သူတို့၏ ကျင်ကြံခြင်းလှိုဏ်ဂူများအား တစ်ဦးနှင့်တစ်ဦး နီးကပ်သောနေရာ၌ ရွေးချယ်လေ့မရှိပေ။

တကယ်တော့ သူတို့က အခြားသူများအပေါ် သတိထားမှုအား လျော့ချတက်ကြခြင်း မရှိပေ။ ထိုသို့သော နှစ်ပေါင်းများစွာကျင့်ကြံခဲ့သည့် မွန်းစတားအိုကြီးမျိုးဆိုလျှင် ပို၍ သတိထားကြပေသည်။

ထို့အတူ ဂြိုဟ်တစ်ခုလုံးကို လွှမ်းမိုးနိုင်စွမ်းရှိသည့် သွေးဘိုးဘေးလို ကျင့်ကြံသူသည် ပင်ကိုယ်အားဖြင့် ထျန်ယွမ်ဂြိုဟ်၏ ကာကွယ်မှုလည်း မလိုပေ။ထို့ကြောင့် သူက လူသူကင်းမဲ့သည့် သူ့ကိုယ်ပိုင်နေရာတစ်ခုကို ရွေးချယ်ထားခြင်း ဖြစ်လေ၏။

သွေးဘိုးဘေးသည် လျှို့ဝှက်ချက်အများအပြားနှင့် ကျင့်ကြံသူတစ်ယောက်ဖြစ်၏။ထို့ကြောင့် သူက သူ့ကျင့်ကြံခြင်းနေရာ ရွေးချယ်မှုကို ပို၍ပင် သတိထားသေးသည်။

ရှေ့ဖြစ်ဟောသူ ဝမ်လင်းကို ပေးထားခဲ့သည့် ကြယ်မြေပုံတွင် သွေးဂြိုဟ်သည် အလွန်ခေါင်ကာ လူသူကင်းမဲ့သည့်နေရာတွင် ရှိ၏။၎င်းဂြိုဟ်၏ အနီးအနားတွင်လည်း မည်သည့်အားကောင်းသောကျင့်ကြံခြင်းဂြိုဟ် တစ်ခုမျှ ရှိမနေပေ။

ထိုအရာသည် ဝမ်လင်း၏မူလဂြိုဟ်က သွေးဂြိုဟ်ကို လာရောက်တိုက်ခိုက်သည့် အကြောင်းရင်းထဲမှ တစ်ခု ဖြစ်ပေ၏။

ဝမ်လင်း၏ မူလခန္ဓာကိုယ်သည် သွေးဂြိုဟ်ထံသို့ ဦးတည်သွားနေ၏။သူ့နောက်မှလည်း ကျောက်တုံးများက မြစ်တစ်စင်းကဲ့သို့ သွယ်တန်းလိုက်ပါလာသည်။

လများစွာ ကုန်လွန်သွား၏။သူက အခြားကျင့်ကြံသူများနှင့် လမ်းတွင် တွေ့သည့်အခါ ထိုသူများအားလုံးသည် မှင်သက်ကုန်ကြ၏။

သူတို့က ရှေးဟောင်းနတ်ဘုရားများနှင့် ပတ်သတ်၍ မသိပေ။ကြယ်အဖွဲ့အစည်းကြီး လေးခုလုံးတွင်ပင် လူအနည်းငယ်ကသာ ရှေးဟောင်းနတ်ဘုရားများ၏ တည်ရှိမှုကို သိကြပေသည်။ မည်သို့ပင်ဆိုစေ ထိုသို့သိနိုင်ရန်ပင် ရှေးဟောင်းမှတ်တမ်းများကို ဖတ်ကြည့်ဖူးမှ ဖြစ်ပေလိမ့်မည်။

ထိုရှေးဟောင်းနတ်ဘုရားများနှင့် ပတ်သတ်သော ရှေးဟောင်းမှတ်တမ်းများတွင် ကြယ်ခြောက်လုံးရှေးဟောင်းနတ်ဘုရားများကို အရွယ်ရောက်ပြီး ရှေးဟောင်းနတ်ဘုရားဟု ဖော်ပြကြသည်။သူတို့၏ ခန္ဓာကိုယ်များကလည်း ကျင့်ကြံခြင်းဂြိုဟ်များထက်ပင် ကြီးမားနေသေး၏။

ကြယ်လေးလုံးရှေးဟောင်းနတ်ဘုရား၏ အော်ရာကတာ့ သိပ်အသိအသာကြီးမဟုတ်ပေ။ ကျင့်ကြံသူများကြား၌ ရှေးဟောင်းနတ်ဘုရားများကို ကိုယ်တိုင်ကိုယ်ကျ မြင်ဖူးခြင်း မဟုတ်ပါက လွန်ခဲ့သောမရေမတွက်နိုင်သည့် နှစ်ပေါင်းများစွာ ကတည်းက ပျောက်ကွယ်သွားသည့် ရှေးဟောင်းနတ်ဘုရားများနှင့် သူ့ကို တွဲစပ်သိရန်မှာ မဖြစ်နိုင်သလောက်ပေ။

ထို့ကြောင့်လည်း ဝမ်လင်းက သူ့မူလခန္ဓာကိုယ်၏အစစ်အမှန်ပုံစံကို ထုတ်ဖော်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်၏။

သို့သော် သူ အခုလိုပုံစံသို့ ပြောင်းလဲထုတ်ဖော်လိုက်ခြင်း၏ အဓိကအကြောင်းရင်းသည့် ဝမ်လင်း၏စိတ်ဓာတ်ကြောင့်သာ ဖြစ်၏။သူ့ကိုယ်ပွားသည် အလွန်ပြင်းထန်စွာ ဒဏ်ရာရနေ၍ မေ့မြောနေခဲ့ရသည်။မူလခန္ဓာကိုယ်နှင့်ကိုယ်ပွားကြားရှိ ချိတ်ဆက်မှုကလည်း ထိုအခိုက်အတန့်၌ အလွန်အားပျော့သွားခဲ့ကာ အချိန်မရွေး ပျောက်ကွယ်သွားတော့မလား မှတ်ထင်ရသည်။

ထိုချိတ်ဆက်မှု ပျောက်ကွယ်သွားသည်နှင့် သူ့ကိုယ်ပွားမှာ သေပြီဟု ဆိုလို၏။

ထိုအခါ သူ့မူလခန္ဓာကိုယ်၏ စိတ်ထဲ၌ ပြင်းထန်သောသတ်ဖြတ်ချင်စိတ်ပေါ်လာခဲ့သည်။အမှန်တော့ ဝမ်လင်းတွင် မူလခန္ဓာကိုယ်၊ ကိုယ်ပွားဟူ၍ ခန္ဓာကိုယ်နှစ်ခု ခွဲပြောစရာမလိုပေ။ သူ့မူလခန္ဓာကိုယ်သည်လည်း သူပင်ဖြစ်၍ သူ့ကိုယ်ပွားသည်လည်း သူပင် ဖြစ်နေသည် မဟုတ်လော။

ကိုယ်ပွားအသတ်ခံရလိုက်ပါက သူသည်လည်း အသတ်ခံလိုက်ရသည်ဟု ဆိုလို၏။

အကယ်၍ သူ့မူလခန္ဓာကိုယ်က ပုံးကွယ်နေရန် ရွေးချယ်ထားပြီး သူ့ကျင့်ကြံမှုအဆင့်က အလွန်မြင့်မားသည့်အချိန်ထိ စောင့်ပြီးမှ ထွက်ပေါ်လာခဲ့ပါက ထို့နောက်တွင် သူသည် ဝမ်လင်းအဖြစ် မဟုတ်တော့ပေ။ ရှေးဟောင်းနတ်ဘုရားတစ်ပါးဟု ခေါ်နိုင်သွားပြီ ဖြစ်၏။

“ရှေးဟောင်းနတ်ဘုရားတစ်ပါးလို့ ငါ့ကို သိနိုင်ဖို့ အခွင့်အရေးက တော်တော်လေး နည်းပါးလှတယ်…။ဒါပေမဲ့လည်း ငါ့ကိုယ်သာ အဲ့လိုသာ သိသွားရင်…ဘာဆက်ဖြစ်မလဲ…”

သူ့မျက်လုံးများက အေးစက်လာခဲ့ကာ သူက ပို၍လည်း မြန်ဆန်စွာ ရွှေ့လျားလာ၏။

ဝမ်လင်းက သူရှေးဟောင်းနတ်ဘုရားထူစီထံမှ အမွေဆက်ခံထားသည့် မန္တာန်အများအပြားကို မသုံးနိုင်သေးသော်လည်း သူ့တွင် ခုချိန်၌ အသုံးပြုနိုင်သော အသက်ကယ်မန္တာန်များ ရှိနေပေ၏။ သူကလည်း ကြယ်လေးလုံးရှေးဟောင်းနတ်ဘုရားတစ်ပါး ဖြစ်လုနီးပါး မဟုတ်လား။

သူအခုချိန်၌ အသုံးပြုနိုင်သော မန္တာန်များထဲ၌ အားအကောင်းဆုံးမန္တာန်သည် စိတ်ဝိညာဉ်ကူးပြောင်းခြင်း မန္တာန်ဖြစ်လေ၏။

ထိုမန္တာန်ဖြင့် ဂြိုဟ်တစ်ခုထဲသို့ ဝင်ရောက်ကာ စိတ်ဝိညာဉ်စွမ်းအင်များကို မစုပ်ယူဘဲ ကိုယ့်ကိုကိုယ် ထိုစိတ်ဝိညာဉ်စွမ်းအင်များဖြင့် ဝန်းရံကာ ငြိမ်ဝပ်သောအခြေအနေသို့ ဝင်ရောက်နိုင်ပေသည်။ထိုရှေးဟောင်းနတ်ဘုရားက အခြားရှေးဟောင်းနတ်ဘုရားတစ်ပါးနှင့် မတွေ့ကြုံခဲ့ပါက မည်သူကမျှ သူ့ကို ထောက်လှမ်းနိုင်လိမ့်မည် မဟုတ်ပေ။ဤအရာကပင် ရှေးဟောင်းနတ်ဘုရားတစ်ပါး၏ မန္တာန်ဖြစ်လေ၏။ယင်းမန္တာန်က ကျင့်ကြံသူများအသုံးပြုနိုင်သော မန္တာန်များထက် များစွာ အဆင့်ပိုမြင့်ပေသည်။

“ငါစိတ်ပူဖို့ လိုတဲ့ တစ်ခုတည်းသောအရာက တာ့ဆန်ပဲ။ဒါပေမဲ့လည်း သူ့ကြယ်ရှစ်လုံးရှေးဟောင်းနတ်ဘုရား ခန္ဓာကိုယ်နဲ့ဆိုရင် သူက ပေါ်ထွက်လာတာနဲ့ သိပ်မကြာခင်မှာပဲ အားကောင်းတဲ့ကျင့်ကြံသူတွေက သူ့ကို သိသွားကြလိမ့်မယ်။သူက မဟာမိတ်ကြယ်အဖွဲ့အစည်းတစ်ခုလုံးကို ဗြောင်းဆန်သွားစေမယ်ဆိုရင် ဒါက ငါနဲ့ ဘယ်လိုများ ပတ်သတ်မလဲ…။ ငါ…ဝမ်လင်းဟာ သူတော်စင်တစ်ယောက် မဟုတ်ဘူး…”

သူ့မျက်လုံးများက ပို၍ အေးစက်လာခဲ့သည်။

သွေးဂြိုဟ်ပေါ်၌ များစွာသောသွေးကျွန်များစွာ ရှိပေသည်။ထိုလူများသည် သွေးဘိုးဘေး၏ ထိန်းချုပ်ခြင်းကို ခံထားရကာ သွေးဘိုးက သူတို့၏ စိတ်ဝိညာဉ်ပေါ်၌ အမှတ်အသား ပြုလုပ်ထားပေသည်။သွေးဘိုးဘေးအသက်ရှင်လျှင် သူတို့က အသက်ရှင်ပေမည်။သွေးဘိုးဘေး သေသည်နှင့် သူတို့လည်း သေရပေမည်။

ထိုလူထဲကအများစုသည် သွေးဘိုးဘေး အနီးအနားရှိဂြိုဟ်မှ လူများကို အတင်းဖမ်းစီးထားခဲ့ခြင်း ဖြစ်သည်။သူက သူတို့၏ လွတ်လပ်မှုကို ယူဆောင်ကာ သူ့အတွက် အလုပ်လုပ်ခိုင်းခဲ့သည်။သူက အရည်အချင်းရှိသော လူငယ်များကိုလည်း စုဆောင်း၍ သွေးဆေးလုံး တိုက်ကြွေးကာ သွေးဂြိုဟ်ကို ကာကွယ်ပေးသော သွေးသက်တော်စောင့်များ ဖြစ်လာစေခဲ့သည်။

သွေးဘိုးဘေးသည် အလွန်အေးစက်သည့် လူတစ်ယောက် ဖြစ်၏။ သူ့သမီးကလွဲ၍ မည်သူ့ကိုမျှ ကြင်နာမှု မပြပေ။

ဇီရှင်းက သွေးခန်းမ၏ အပြင်ဘက်ရှိ ပလ္လင်စင်မြင်တစ်ခုပေါ်တွင် ထိုင်နေ၏။သူမ မျက်နှာပေါ်၌ စိုးရိမ်ပူပန်ဟန် ဖြစ်ပေါ်နေသည်။သူမက သွေးခန်းမ ရှိရာသို့ မကြာခဏ လှည့်လှည့်ကြည့်နေသည်။သည်နေရာက တားမြစ်နေရာဖြစ်ကာ သူမပင် အခွင့်မရှိဘဲ မဝင်နိုင်ပေ။

သည်အခိုက်အတန့်၌ အကွာအဝေးတစ်ခုမှ သွေးအလင်းတန်းတစ်ချို့သည် ပျံသန်းရောက်ရှိ လာကြသည်။ သည့်နောက် ဇီရှင်းရှေ့၌ အကြီးအကဲလေးယောက်ပေါ်လာ၏။ သူတို့လေးယောက်ထံမှ မူလစွမ်းအင်ကို ပေးစွမ်းနေသည့်အတွက် သူတို့သည် ဒုတိယအဆင့်သို့ ရောက်နေကြသော ကျင့်ကြံသူများ ဖြစ်ကြောင်း သိသာပေသည်။

ထိုအဘိုးအိုလေးယောက်ထဲမှ တစ်ယောက်က ပြောလာသည်။ “အရှင်မ…နောက်ထပ်သွေးကျွန်အုပ်စုတစ်စု သေသွားခဲ့ပြန်ပြီ…”

ဇီရှင်းက အောက်နှုတ်ခမ်းကို ကိုက်ကာ တိတ်တဆိတ် စဉ်းစားနေ၏။

လွန်ခဲ့သော လအနည်းငယ်က သွေးကျွန်အမြောက်အများနှင့် သွေးသက်တော်စောင့်များသည် မထင်မှတ်ဘဲ ပေါက်ကွဲ၍ သေဆုံးခဲ့ကြ၏။ သည်နေ့နှင့်ဆိုလျှင် သေဆုံးသွားသူ (၇၀)ရာခိုင်နှုန်း ကျော်ဖြစ်နေလေပြီ။

ထိုကိစ္စက ဇီရှင်းကို ဖိအား ဖြစ်စေနေ၏။ ရှင်းပြလို့ရနိုင်သည့် တစ်ခုတည်းသောအရာက ထိုသို့ ဖြစ်ပျက်ခြင်းသည် သွေးဘိုးဘေးနှင့် သက်ဆိုင်သည် ဟူ၍ပင်။

ထိုအဘိုးအိုထဲမှ တစ်ယောက်က ခေါင်းမော့ကာ ဇီရှင်းကို ကြည့်၍ ဖြည်းဖြည်းချင်း မေးလာသည်။ “အရှင်မ…အရှင်သခင်သွေးဘိုးဘေးက ဘယ်နေရာကိုများ သွားတာပါလဲ…”

ဇီရှင်း၏မျက်လုံးက အေးစက်လာကာ သူမက အေးစက်စက် ပြောလိုက်သည်။ “ရိုင်းပျလိုက်တာ…ဒါက နင်မေးရမဲ့အရာလား…” ထိုမေးခွန်းက ဇီရှင်းကို ပို၍ စိတ်ပူပန်သွားစေသည်။သူတို့အားလုံးသည် အရင်တုန်းက ခုလိုမျိုး မပြောဝံ့ကြပေ။ သို့သော် သည်အခိုက်အတန့်၌ ဇီရှင်းကိုယ်တိုင်ပင် သွေးဘိုးဘေး သေလားရှင်လား သိချင်နေမိသည်။

အဘိုးအိုက နှာခေါင်းရှုံ့ကာ လှည့်၍ ထွက်ခွာသွားသည်။ သူ့စိတ်အခြေအနေက ဆိုးရွားနေ၏။ သို့သော် သူ့ထံ၌ စိတ်သက်သာရာရဟန် အရိပ်အမြွက်တစ်ချို့ ရှိနေသည်။သူ့ခန္ဓာကိုယ်ထဲ၌ သွေးဘိုးဘေး၏ အမှတ်အသား ရှိနေသေး၏။ သို့သော် ခုချိန်၌ ထိုအမှတ်အသားက အရေးကြီးလှခြင်း မရှိတော့ပေ။

လွန်ခဲ့တဲ့နှစ်ခြောက်ထောင်က ငါဟာ သွေးဘိုးဘေးရဲ့ အတင်းအကြပ် အမှတ်အသားခပ်နှိပ်တာ ခံခဲ့ရတယ်။ ငါက သွေးဂြိုဟ်ကနေ သွေးဘိုးဘေးရဲ့ အမိန့်မပါဘဲ ခြေလှမ်းတစ်ဝက်တောင် မသွားနိုင်ဘူး။ခုချိန်မှာ သွေးဘိုးဘေးက ကံဆိုးမှုတစ်ခုခုနဲ့ ကြုံတွေနေရတာ သိသာနေတယ်…။ဒီအဘိုးအိုက သေရမယ်ဆိုရင်တောင် ဒီသွေးဂြိုဟ်မှာထက် ငါ့ဇာတိမြေမှာပဲ ပိုသေချင်မိတယ်….”

ထိုအဘိုးအို၏ မျက်လုံးထဲ၌ ဝမ်းနည်းမှုနှင့် ပြည့်နေသည်။ သူက အာကာသဟင်းလင်းပြင်ရှိရာသို့ တန်းမတ်စွာ ဦးတည်သွားသည်။

ကျန်အကြီးအကဲသုံးယောက်သည်လည်း ကောင်းကင်ထက်သို့ မော့ကာ သူတို့၏ အပေါင်းအပါက ကောင်းကင်ထဲသို့ ပျောက်ကွယ်သွားသည်ကို စောင့်ကြည့်နေသည်။အနည်းငယ် စဉ်းစားပြီးနောက် သူတို့သုံးယောက်သည် တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့က စကားတစ်ခွန်းမှ မဆိုတော့ဘဲ ကောင်းကင်ထက်သို့ ပျံသန်းသွားတော့သည်။

ဇီရှင်၏မျက်လုံးက အေးစက်လာကာ သူက မတ်တပ်ထရပ်၍ လှမ်းအော်ပြောလိုက်သည်။ “နင်တို့က သိပ်သတ္တိရှိနေတယ်ပေါ့။ နင်တို့က သွေးဘိုးဘေး ပြန်လာမှာကို မကြောက်ကြတော့ဘူးလား…”

သူမ၏ စကားမဆုံးသေးခင်မှာပင် အဘိုးအိုထဲမှ တစ်ယောက်က ခေါင်းငုံ၍ ဇီရှင်ကို ကြည့်ကာ အေးစက်စွာ ပြောလိုက်၏။ ဆူလိုက်တာ…။နင်က သွေးဘိုးဘေးရဲ့ ကစားကွက်ထဲက တစ်ခုသပ်သပ်ပဲ။ နင့်ကိုနင် အရှင်မလို့ တကယ် ထင်နေတာလား။ ငါနဲ့အခြားလူတွေက နင့်ကို လေးစားမှု ပြသတာဟာ သွေးဘိုးဘေးကြောင့်ပဲ။ သူသာ မရှိရင် နင်က ဘာတန်ဖိုး ရှိလို့လဲ။ငါက သွေးဂြိုဟ်မှာ ရှိနေခဲ့တာ နှစ်တစ်သောင်းလောက် ရှိနေပြီ….။ငါက နင့်လို မိန်းကလေးမျိုး ဆယ့်နှစ်ယောက်လောက် မြင်ဖူးတယ်….”

ထိုသို့ပြောဆိုပြီးသည့်နောက် ထိုလူသည် ကောင်းကင်ထက်သို့ ပျောက်ကွယ်သွားတော့သည်။

ဇီရှင်း၏ခန္ဓာကိုယ်က တုန်ယင်နေ၏။သူမက စတင်၍ စဉ်းစားနေသည်။

အနီရောင်ဝတ်စုံနှင့်အဘိုးအိုလေးယောက်တို့သည် ကောင်းကင်ထက်သို့ ပျံသန်းသွားသည်။မသေဘဲ ကျန်နေသေးသော သွေးကျွန်များသည်လည်း ကောင်းကင်ထက်သို့ မော့ကြည့်ကာ ရုန်းကန်နေရပုံပေါ်နေသည်။ထို့နောက် သွေးကျွန်တော်တော်များများသည် ပျံသန်းထွက်သွားကြတော့၏။

ဇီရှင်းက ထိုအရာများကို ကြည့်နေရင်း ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်သည်။သူမသည် သွေးခန်းမရှေ့၌ ပေါ်လာကာ သွေးဘိုးဘေး သည်ခန်းမကို ဖွင့်ရာ၌ အသုံးပြုခဲ့သော ချိပ်လက်ဟန်များကို ပြန်စဉ်းစားလိုက်၏။ ထို့နောက် သူမက အနည်းငယ် ချီတုံ့ချတုံဖြစ်ကာ အံတင်းတင်းကြိတ်လိုက်သည်။

ထိုအခိုက်အတိုက်၌ ကောင်းကင်တစ်ခုလုံးသည် ရုတ်တရက် နက်မှောင်သွားကာ ပြင်းထန်သောအော်ရာတစ်ခုက ချက်ခြင်းလိုလို သွေးဂြိုဟ်တစ်ခုလုံးအား ဖုံးလွှမ်းသွားသည်။ ဇီရှင်းသည် မှင်သက်သွားရာကနေ ပေါ်သို့ မော့ကြည့်လိုက်၏။ သူမ မြင်လိုက်ရသည့်အရာကြောင့် ဇီရှင်း၏မျက်နှာသည် ဖြူရောသွားလေသည်။

“ဒါ…ဒါက ဘာလဲ…”

ဟင်းလင်းပြင်ထဲ၌ အနီရောင်ဝတ်စုံနှင်အကြီးအကဲလေးယောက်သည် တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြ၏။ သူတို့က စကားဖြင့် ထုတ်ပြောစရာမလိုဘဲ အခြားတစ်ယောက်၏ ဆုံးဖြတ်ချက်ကို သိနှင့်ပေသည်။သူတို့က တစ်ယောက်နှင့်တစ်ယောက် လက်သီးဆုပ်ဟန်ပြု နှုတ်ဆက်ပြီးသည့်နောက် လမ်းခွဲကြဟန် ပြင်လိုက်သည်။ထိုအခါ သူတို့က ရုတ်တရက် အကွာအဝေးတစ်ခုသို့ ကြည့်မိလိုက်ကြသည်။

သွေးဂြိုဟ်ထံသို့ ကျောက်တုံးမြစ်တစ်စင်းက ဟင်းလင်းပြင်ကို ဖြတ်သန်းပြီး တဝီဝီ တိုးဝင်လာနေသည်။ ထိုကျောက်တုံးမြစ်ကြီး၏ ရှေ့၌ ပေတစ်ထောင်ခန့်ရှိသော ဧရာမလူကြီးတစ်ယောက် မတ်တပ်ရပ်လျက် ရှိနေသည်။သူ့မျက်လုံးများက အေးစက်နေကာ သတ်ဖြတ်ခြင်းစိတ်ဆန္ဒတို့နှင့် ပြည့်လျှမ်းနေသည်။

အနီရောင်ဝတ်စုံနှင့်အဘိုးအိုလေးယောက်၏ မျက်လုံးများသည် ကျဉ်းမြောင်းသွားသည်။ သူတို့က တစ်ယောက်နှင့်တစ်ယောက် ကြည့်မိလိုက်ကြ၏။ သူတို့က သူတို့ရှိရာသို့ လှမ်းလာနေသော လူ့ဘီလူးကြီးကို လစ်လျူရှုကာ ချက်ခြင်းပင် မတူညီသော ဦးတည်ရာများသို့ ပျံသန်းသွားကြ၏။

“သွေးဘိုးဘေး…သင်တောင်မှ ခုလိုနေ့ရက်မျိုး ကြုံလာနိုင်ရတာပဲ…” အဘိုးအိုလေးယောက်ထံမှ တူညီသောစကားလေးခွန်း တစ်ပြိုင်နက်တည်းလိုလို ထွက်လာခဲ့သည်။

အဘိုးအိုလေးယောက်၏ နောက်တွင် သွေးကျွန်မြောက်များစွာ ရှိနေ၏။ သူတို့ကလည်း ဟင်းလင်းပြင်ထဲသို့ ဝင်လာသည့်အခါ၌ ထိုလူ့ဘီလူးကြီးကြောင့် မင်သက်သွားခဲ့ပေသည်။သို့သော် သူတို့က ချက်ခြင်းပင် အလျင်အမြန် ထွက်ခွာကြကုန်သည်။ မည်သူကမျှ သွေးဂြိုဟ်ကို ကာကွယ်ရန် နေနေခြင်း မရှိပေ။

အချို့က အဝေးကြီးသို့ပင် ထွက်မသွားကြဘဲ သွေးဂြိုဟ်အနီးအနားတွင်သာ နေနေခဲ့သည်။ သူတို့က ကိုယ်တိုင်ကိုယ်ကျ သွေးဂြိုဟ် ပျက်စီးမှုကို ကြည့်လိုနေကြခြင်း ဖြစ်တော့၏။

ဝမ်လင်း၏ ဉာဏ်ပညာဖြင့် သူက ချက်ခြင်းပင် ထိုသွေးကျွန်များ၏ အဖြစ်သအင်ကို သဘောပေါက်လိုက်၏။ သူက သူတို့ကို ရပ်တန့်ခြင်း မပြုဘဲ သွေးဂြိုဟ်ရှိရာသို့ ကျောက်တုံးအမြောက်အများနှင့်အတူ တိုးဝင်သွားသည်။

သူက သွေးဂြိုဟ်နှင့်အလွန် နီးကပ်လာသည့်အခါ ထိုကျောက်တုံးမြစ်ကို ပင့်မြှောက်လိုက်၏။ သူ့လက်နှစ်ဖက်ဖြင့် ပေတစ်ရာခန့်ကျောက်တုံးတစ်တုံးစီကို ဆွဲကိုင်ကာ သွေးဂြိုဟ်ရှိရာသို့ ပစ်ထည့်လိုက်သည်။

ထိုကျောက်တုံးနှစ်တုံးက သွေးဂြိုဟ်ရှိရာသို့ ကျရောက်သွားသည့်အခါ ကျယ်လောင်သော တုန်ဟီးသံတစ်ခု ဖြစ်ပေါ်လာသည်။ ထိုကျောက်တုံးများက ဂြိုဟ်နှင့်နီးကပ်လာသည့်အခါတွင် သွေးအလင်းကာတစ်ခုက ပေါ်လာပြီး ထိုကျောက်တုံးနှစ်ခုကို တစစီ ဖြစ်သွားစေသည်။

ဝမ်လင်း၏မျက်လုံးက ပို၍ အေးစက်လာ၏။ သူက သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး ကျောက်တုံးတစ်တုံးပြီးတစ်တုံးကို သွေးဂြိုဟ်ရှိရာသို့ ပစ်လွှတ်လိုက်၏။

အဆုံးသပ်၌ ဝမ်လင်းက သူ့လက်နှစ်ကို ဖြန့်ကားကာ သူ့စိတ်ဝိညာဉ်စွမ်းအင်များကို အသုံးပြု၍ ကျောက်တုံးမြစ်တစ်ခုလုံးအား ဆွဲယူပြီး သွေးဂြိုဟ်ရှိရာသို့ ပစ်ချလိုက်လေသည်။

မရေမတွက်နိုင်သော ကျောက်တုံးများသည် ကျမှန်သွား၏။ သွေးအလင်းကာက သန်မာလှသော်လည်း သွေးဘိုးဘေး၏ ထိန်းချုပ်မှုမရှိသည့်အတွက်ကြောင့် ၎င်းအကာအရံသည် အကန့်အသတ် ရှိပေသည်။ ဝမ်လင်း၏ ငယ်ရွယ်သောရှေးဟောင်းနတ်ဘုရားကို ရင်ဆိုင်ရချိန်၌ သွေးအလင်းအကာအရံသည် အမွေးတိုင်တစ်ဝက်ခန့် ကြာမြင့်ပြီးသည့်နောက် ပျက်စီးသွားလေတော့သည်။

မြောက်များစွာသော ကျောက်တုံးများသည် သွေးဂြိုဟ်ပေါ်သို့ ကျရောက်လာခဲ့တော့၏။ ကျောက်တုံးတစ်တုံး ကျဆင်းသွားသည့်အခါတိုင်း ဂြိုဟ်တစ်ခုလုံးသည် တုန်ယင်သွားကာ မျက်စိဖြင့်ပင် မြင်နိုင်သည့် တုန်ခါလှိုင်းများ ပေါ်လာခဲ့ပြီး အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့လေသည်။

ဇီရှင်း၏ မျက်နှာက ဖြူရောသွား၏။ မြေကြီးထု၏ တုန်ခါမှုနှင့် အဖျက်အစီးစွမ်းအားက သူမစိတ်ကို တုန်ယင်စေသည်။ သူမက ကောင်းကင်ထက်မှ ကျောက်တုံးမြောက်များစွာ ကျဆင်းလာသည်ကို တွေ့မြင်လိုက်၏။ ကျောက်တုံးတစ်တုံးစီသည် မြေပြင်ကို ပြင်းပြင်းထန်ထန် တုန်ခါစေလေသည်။

သူမက မည်သည့်စွမ်းအားမှန်း စိတ်ကူးမကြည့်နိုင် ဖြစ်နေ၏။ မည့်သည့်မန္တာန်က ခုလိုမျိုး ဖြစ်စေနိုင်သနည်း။

“တော်တော် ကြောက်ဖို့ကောင်းတာပဲ…” ဇီရှင်းက အံတင်းတင်းကြိတ်ထားလိုက်သည်။ သူမခန္ဓာကိုယ်ထဲကနေ ကြောက်ရွှံ့မှုတို့ ဒီရေအလား မြင့်တက်နေသည်။ သူမက သူမရှေ့ရှိ သွေးခန်းမကို ကြည့်ကာ သွေးဘိုးဘေးကို အတုခိုး၍ ချိပ်ဟန်များ ပြုလုပ်လိုက်၏။

သူမက သွေးဂြိုဟ်သို့ ရောက်ရှိနေသည့် နှစ်ပေါင်းများစွာအတွင်း သွေးဘိုး ခန်းမကို ဖွင့်သည့်အချိန်တိုင်း အသုံးပြုသည့် လက်ဟန်ကို တိတ်တဆိတ် အာရုံစိုက်ထားခဲ့ပေသည်။ ထို့ကြောင့် အနှီလက်ဟန်များက သူမစိတ်ထဲ၌ စွဲထင်နေ၏။ သူမသည် ထိုလက်ဟန်များကို မကြာခဏလည်း ကြိတ်၍ လေ့ကျင့်တက်သည်။သို့သော် သူမက သွေးခန်းမကိုတော့ ဝင်ရောက်ဝံ့ခြင်း မရှိခဲ့ပေ။

ခုချိန်တွင်တော့ သွေးဘိုးဘေးက သေလား၊ရှင်လား မသိရသည့်အတွက် သွေးဂြိုဟ်သည် ရှုပ်ထွေးနေခဲ့သည်။သည့်အပြင် ပြင်ပမှ အားတစ်ခုကလည်း ကျူးကျော်လာခဲ့ပြီ ဖြစ်သည့်အတွက် သူမက ထပ်မံ၍ စိတ်ပူမနေတော့ပေ။ သူမလက်များက မြန်သထက်မြန်အောင် လှုပ်ရှားနေရင်း နောက်ဆုံးတွင် သွေးခန်းမှထံကနေ အနီရောင်အလင်းတစ်ခု တောက်ပလာခဲ့သည်။ဇီရှင်း၏ မျက်လုံးထဲ၌လည်း စိတ်လှုပ်ရှားဟန် ဖြစ်ပေါ်နေသည်။

ဤအခိုက်အတန့်၌ ကောင်းကင်သည် ရုတ်တရက် နက်မှောင်လာခဲ့ကာ ဧရာမအရိပ်ကြီးတစ်ခုက သူမပေါ်သို့ အုပ်မိုးလာ၏။ ဇီရှင်းက မှင်သက်သွားခဲ့ကာ အပေါ်သို့ အလိုလို မော့ကြည့်မိလိုက်သည်။ထိုအခါ သူမသည် လုံးဝ မှင်ငေးမိသွားတော့၏။

လေထုကို ဖြတ်၍ ပေတစ်ထောင်လောက်ရှိသည့် လူ့ဘီးလူးကြီးသည် သူမရှိရာသို့ တိုးဝင်လာနေ၏။သူ၏ အေးစက်စက်အကြည့်ကလည်း ဇီရှင်းပေါ်သို့ ကျရောက်နေသည်။

ဇီရှင်း၏ခန္ဓာကိုယ်က တုန်ယင်သွားသည်။သူမက ထိုလူ့ဘီးလူးကြီး၏ နောက်ရှိ မြောက်များစွာသော ကျောက်တုံးများသည် မြေပြင်ကို ချေမွရိုက်ခတ်နေသည်ကိုလည်း တွေ့မြင်လိုက်ရ၏။သူမစိတ်နှလုံးထဲမှ ကြောက်ရွှံ့မှုတစ်ခုက မြင့်တက်လာတော့သည်။

သူမက ချက်ခြင်းပင် ခေါင်းပြန်ငုံ့ကာ သွေးခန်းမကို ကြည့်လိုက်ပြီးနောက် အထဲသို့ ဝင်ရောက်လိုက်လေသည်။ သို့ရာတွင် သူမက အထဲသို့ ခြေချလိုက်သည်နှင့် စူးစူးရှရှ အထိတ်တလန့်အော်ဟစ်လိုက်ရသည်။

သွေးခန်းမသို့ ဝင်ရောက်သည့် အဝင်လမ်းကြောင်းကနေ အနီရောင်အလင်းတစ်ခုသည် သူမခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာကာ သူမ၏ခန္ဓာကိုယ်အား ယိုယွင်းတိုက်စားလာစေသည်။သူမခန္ဓာကိုယ်ကနေ အစိမ်းရောင်အခိုးငွေ့တို့ ထွက်ပေါ်လာပြီးနောက် သူမ၏ မူလစိတ်ဝိညာဉ်ပင် ပျက်စီးသွားရသည်။

ဝမ်လင်းက အမျိုးသမီး၏ ခန္ဓာကိုယ်သည် အစိမ်းရောင်အခိုးငွေ့အဖြစ်သို့ ပြောင်းလဲသွား၍ သွေးရောင်လမ်းကြောင်းထဲသို့ စုပ်ယူခြင်းခံလိုက်ရသည်ကို တွေ့မြင်လိုက်သည်။

ဝမ်လင်းက သွေးခန်းမကို အေးစက်စွာ ကြည့်နေ၏။ သူက လက်ဆန့်ထုတ်ကာ ထိုသွေးခန်းမကို ၎င်း၏ ပတ်လည်ရှိ ပေတစ်ရာလောက် မြေကြီးထုနှင့်အတူ ဆွဲယူလိုက်၏။

ဤအခိုက်အတန့်၌ ကောင်းကင်ထက်ရှိ ကျောက်တုံးများသည်လည်း ဆက်လက် ကျဆင်းနေကာ သွေးဂြိုဟ်တစ်ခုလုံးသည် အပျက်အစီးပုံ ဖြစ်လာ၏။ ဝမ်လင်းသည် သူ့လက်တစ်ဖက်ဖြင့် သွေးခန်းမကို ကိုင်ဆောင်ထားရင်း အခြားလက်တစ်ဖက်ဖြင့် လက်သီးဆုပ်ကာ မြေကြီးထုအား ထုချလိုက်လေသည်။

ကျယ်လောင်သော တုန်ဟီးသံများနှင့်အတူ သွေးဂြိုဟ်သည် ပို၍ မတည်မငြိမ် ဖြစ်လာခဲ့သည်။မြေကြီးများက အလွှာလိုက် ဖြစ်ကုန်ကာ ဖုန်မှုန့်စများက နေရာတိုင်းတွင် ပျံ့နှံ့ကုန်၏။ ခဏတာ ကြာမြင့်ပြီးသည့်နောက် ဝမ်လင်းသည် သွေးဂြိုဟ်ကနေ ပျံသန်းထွက်လာခဲ့ပြီးနောက် အကွာအဝေးတစ်ခုတွင် ပျောက်ကွယ်သွားလေသည်။

မည်သည့် သွေးကျွန်နှင့်သွေးသက်တော်စောင့်များကမှ သူ့ကို တားဆီးကြခြင်း မပြုပေ။ အမှန်တော့ သူတို့ထဲက အများစုသည် ဝမ်လင်းပျောက်ကွယ်သွားသော နေရာသို့ လက်သီးဆုပ်ဟန်ပြု၍ အသိအမှတ် ပြုလိုက်ကြသေး၏။

ဝမ်လင်း ထွက်ခွာသွားပြီး သိပ်မကြာခင်တွင် သူတို့၏ မျက်လုံးထဲ၌ စိတ်ရှုပ်ထွေးမှုတို့နှင့် ပြည့်လို့နေတော့သည်။ထို့နောက် သူတို့အားလုံးက ဆိုင်ရာဆိုင်ရာ မွေးရပ်မြေသို့ ပြန်ရန် လူစုခွဲသွားကြတော့၏။

***

Comment

Leave a Reply

Options

not work with dark mode
Reset