Switch Mode

အပိုင်း (၈၁၄)

:အခွင့်အရေး(၂)

“ဒီသွေးနဲ့ မူလစိတ်ဝိညာဉ်မန္တာန်က လူအိုကြီးယောင်မိသားစု ပိုင်ဆိုင်တာပဲ။ဒါက ယောင်မိသားစုရဲ့ တိုက်ရိုက် မျိုးဆက်တွေပဲ အသုံးပြုနိုင်တယ်။ဒီနေ့မျာ တစ်ယောက်တော့ ငါနဲ့ ပက်ပင်းလာတွေ့နေပြီ…”

အဘိုးအိုက သူ့မေးစေ့ကို ပွတ်သပ်ကာ စုစည်းနေသော သွေးစက်များကို ကြည့်နေ၏။ သူ့မျက်လုံးကလည်း တောက်ပသထက် တောက်ပလာခဲ့သည်။

“နိဗ္ဗာနသန့်စင်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ကို ဒီလိုပုံစံနဲ့ မထင်မှတ်ဘဲ လာကြုံရတော့ သူက ဒီအဘိုးအိုနဲ့ အမှန်တကယ် ကံစပ်တဲ့လူပဲ။ငါက ဒါကို ဒီတိုင်း ကြည့်မနေနိုင်ဘူး။ သူ့ကို ကူညီသင့်တယ်….”

အဘိုးအိုက နှုတ်ခမ်းသပ်ကာ သူ့လက်ကို ဆန့်ထုတ်လိုက်သည်။

ထိုအခါ သွေးစက်များအားလုံးသည် ချက်ခြင်းပေါင်းစပ်သွားကြ၏။ သွေးဘိုးဘေး၏ မူလစိတ်ဝိညာဉ်သည်လည်း နိုးထလာခဲ့တော့သည်။

“ကျေးဇူးအများကြီးတင်ပါတယ်…စီနီယာ…။ငါ့ယောင်မိသားစုက သင့်ကို ကျေးဇူးတင်နေမှာပါ…” သွေးဘိုးဘေး၏ အသံက ပေါင်းစည်းသွားသောသွေးထဲကနေ ထွက်ပေါ်လာသည်။သူ့အသံက ပျော်ရွှင်ဒေါသထွက်ဟန်တို့ ကင်းမဲ့နေကာ တည်ငြိမ်လျက် ရှိနေ၏။

အဘိုးအိုက မိုးကြိုးသားရဲ၏ ငွေရောင်ဦးချိုပေါ်ရှိ သံကွင်းကို ဆွဲလိုက်ရင်း ပြောလာသည်။ “ဟန်ဆောင်မနေပါနဲ့…မင်းစိတ်ထဲမှာ ကြောက်နေတာ သိသာနေတာပဲ။မင်းက ဒီအဘိုးအိုမှာ မကောင်းတဲ့စိတ်ဆန္ဒ ရှိနေမှာကို စိုးရိမ်ပူပန်နေခဲ့တာမလား။ ငါက မင်းကို ဆေးလုံးအဖြစ် တိုက်ရိုက်သန့်စင်ပစ်ပြီး ယောင်မိသားစုကနေ ထုတ်ယူပစ်နိုင်တယ်…။ယောင်မိသားစုရဲ့အရှင်…သွေးနတ်ဘုရား ရောက်လာတောင် ဒီအဘိုးအိုက ကြောက်လိမ့်မယ်လို့ မင်း ထင်လား…”

သွေးဘိုးဘေးက အနည်းငယ်စဉ်းစားပြီးနောက် အဘိုးအိုထံသို့ နတ်ဘုရားအာရုံဖြင့် လှမ်းပြောလိုက်သည်။ “ဘာပဲဖြစ်ဖြစ်…ငါက စီနီယာရဲ့အကူအညီပေးမှုကို ကျေးဇူးတင်ရမှာပါ…”

အဘိုးအိုက ပြောလာသည်။ “ဒီအဘိုးအိုက အကျိုးအကြောင်းရှိတဲ့လူတစ်ယောက်ပဲ။ မင်းက ငါ မင်းကို ကူညီတာကို သိတယ်မလား။ အယ်…ဒါပေမဲ့ ငါက မင်းတို့ယောင်မိသားစုရဲ့မူလစိတ်ဝိညာဉ်သွေးမန္တာန်က မင်းရဲ့ခန္ဓာကိုယ်နဲ့ အတင်း ပြန်ပေါင်းစပ်နိုင်မလားတော့ ငါမသိဘူး။ကြည့်ရတာ ငါက ခုလိုမျိုး အတင်းလုပ်လိုက်တဲ့အတွက် မင်းရဲ့ကျင့်ကြံမှုအဆင့်က နိဗ္ဗာနနောက်ဆုံးအဆင့်ထိ ကျသွားခဲ့တယ် မလား။ ငါက ဒါကို အစက မသိပါဘူး။ ဒါ့ကြောင့် မင်းက ဒီအဘိုးအိုကို အပြစ်မတင်ပါနဲ့…”

သွေးဘိုးဘေးက သူ့မူလစိတ်ဝိညာဉ်ထဲရှိ အမျက်ကို အတင်းဖိနှိပ်ထားနေရသည်။သူက သူ့နတ်ဘုရားအာရုံဖြင့် လှမ်းပြောလိုက်ပြန်သည်။ “ရပါတယ်…စီနီယာက မသိမှတော့ ဒါက ငါ့ရဲ့ ကံတရားပဲပေါ့။စီနီယာမှာ ကိစ္စမရှိတော့ရင် သင့်ရဲ့မန္တာန်ကို ဖြေလျှော့ပေးပြီး ငါ့ကို သွားခွင့်ပြုပါ…”

အဘိုးအိုက အူးလိုက်အသည်းလိုက် ရယ်မောလိုက်သည်။ သူ့မျက်လုံးကလည်း တလက်လက် ဖြစ်နေ၏။ သူက ပြောလိုက်၏။ “ယောင်မိသားစုရဲ့ ကောင်လေး…မင်းက ငါနဲ့ ကံစပ်တယ်…” ထိုကံစပ်သည့် ဆိုသော စကားပါလာသည့်အခါ အဘိုးအိုအောက်ရှိ မိုးကြိုးသားရဲ၏ ခန္ဓာကိုယ်သည် တုန်ယင်သွားခဲ့သည်။

သွေးဘိုးဘေးက တိတ်ဆိတ်စွာ စဉ်းစားနေသည်။

“မင်းက ငါ့ကို ငါ့အကူအညီအတွက် ပြန်ပေးဆပ်မယ်လို့ ပြောခဲ့တယ်မလား…။ဒီတော့ မင်းက အခု ပေးတော့…”

အဘိုးအိုသည် သူ့ညာလက်ကို ပင့်မြှောက်ကာ သွေးဘိုးဘေး၏ မူလစိတ်ဝိညာဉ်ကို သွေးကန်ထဲကနေ ဆွဲထုတ်လိုက်သည်။ ထို့နောက် သူက မူလစိတ်ဝိညာဉ်၏ တစ်ဝက်ကို ကြမ်းတမ်းစွာ ဖြတ်တောက်ပစ်လိုက်၏။ ထို့နောက်သူက သွေးကန်၏ တစ်ဝက်ကိုလညး ဆွဲယူလိုက်ပြန်သည်။

“အယ်…မူလစိတ်ဝိညာဉ်တစ်ဝက်နဲ့ သွေးခန္ဓာကိုယ်တစ်ဝက်တို့က ဒီအဘိုးအိုရဲ့ မျက်နှာသာပေးမှုကို ပြန်ပေးစပ်ဖို့အတွက် လုံလောက်ပါတယ်…”

အဘိုးအိုက ပြုံးလိုက်၏။ သည့်နောက် အဘိုးအိုသည် ပြုံး၍ ကျန်နေသေးသော မူလစိတ်ဝိညာဉ်တစ်ဝက်ကို သွေးကန်ထဲသို့ ပြန်ထည့်သွင်း၍ လေမှုတ်ထုတ်လိုက်သည်။

ထိုအခါ သွေးကန်က စတင်ဆူပွက်လာပြီး ချက်ခြင်း ပျက်စီး၍ သွေးစက်များအဖြစ်သို့ ပြောင်းလဲသွားလေသည်။သွေးဘိုးဘေးက စကားတစ်ခွန်းမှ ဆိုနိုင်စွမ်း မရှိတော့ဘဲ သူက ပြန်၍ အိပ်ပျော်သည့်အခြေအနေသို့ ဆိုက်ရောက်သွားသည်။

“ဒီအဘိုးအိုရဲ့ ကိစ္စကြီးက ကျိန်းသေအောင်မြင်မယ် ဆိုပေမဲ့လည်း ဒီယောင်မိသားစုရဲ့ မူလစိတ်ဝိညာဉ်တစ်ဝက်၊ သွေးခန္ဓာကိုယ် တစ်ဝက်နဲ့ဆိုရင် ငါ့အတွက် အောင်မြင်ဖို့အခွင့်အရေး ပိုများလာလိမ့်မယ်…”

အဘိုးအိုက လှောင်ပြုံးပြုံးလိုက်၏။ ထို့နောက် သူက သွေးစက်များကို ကြည့်ပင်မကြည့်တော့ဘဲ မိုးကြိုးသားရဲနှင့်အတူ အကွာအဝေးတစ်ခုထံသို့ ပျံသန်းထွက်ခွာသွားတော့သည်။

ဟင်းလင်းပြင်ထဲ၌ ဝမ်လင်းက အနီရောင်အပ်အနောက်သို့ လိုက်ပါနေသည်။ သူ့အသွင်ဟန်ပန်က သုန်မှုန်လို့နေ၏။ အနီရောင်အပ်က ရုတ်တရက် အလွန်တောက်ပလာခဲ့ကာ ပြင်းထန်သောအော်ရာတစ်ခုကို ထုတ်လွှတ်လာ၏။ ၎င်းက ဝမ်လင်း၏ ချိပ်ပိတ်ထားမှုကိုပါ ချိုးဖျက်သွားခဲ့သည်။

ထိုပြောင်းလဲမှုက ဝမ်လင်း၏ မျက်လုံးကို ကျဉ်းမြောင်းသွားသေည်။

သို့ရာတွင် အနီရောင်အပ်က ချက်ခြင်းပင် ပြန်မှိန်ဖျော့သွားကာ အရင်ထက် တော်တော်လေး အားနည်းသွားလေ၏။ ထို့နောက် ၎င်းအပ်က ရှေ့တည့်တည့်ရှိ ဟင်းလင်းပြင်ထံသို့ ဦးတည်၍ သွားတော့သည်။

ဝမ်လင်းက မျက်မှောင်ကြုတ်သွားသည်။သူက အနည်းငယ် တုံ့ဆိုင်းပြီးသည့်နောက်မှ အပ်နောက်သို့ လိုက်ပါသွားသည်။

“အနာဂတ်မှာ ပြဿနာမတက်အောင်လို့ ငါက ဒီအခွင့်အရေးကို အသုံးပြုပြီး သွေးဘိုးဘေးကို သတ်ပစ်ရမယ်…” ဝမ်လင်းက အံတင်းတင်းကြိတ်ကာ အနီရောင်အပ်နောက်သို့ လိုက်ပါသွားသည်။

အချိန်ကဖြည်းဖြည်းချင်း ကုန်ဆုံးနေ၏။ ဟင်းလင်ပြင်ထဲ၌ ဝမ်လင်းသည် အချိန်ကို မေ့နေကာ ပို၍ အားနည်းလာနေခဲ့သည်။

သူက အရာအားလုံးကို မေ့ထားကာ သူ့ရှေ့ရှိ အနီရောင်အပ်နောက်သို့သာ လိုက်ပါနေခဲ့သည်။

အနီရောင်အပ်က တဖြည်းဖြည်း မြန်သထက်မြန်လာခဲ့သည်။ဝမ်လင်းသည် ၎င်းကို မမှီလုနီးပါး ဖြစ်လာ၏။ သို့ရာတွင် သည်အခိုက်အတန့်၌ ဝမ်လင်းက ရပ်တန့်လိုက်သည်။ သူ့မျက်လုံးက အေးစက်လာကာ ရှေ့တည့်တည့်သို့ ရှုကြည့်လိုက်၏။

သူ့ရှေ့တွင် မတူညီသော သွေးအရွယ်အစား အလုံးဆယ်လုံးက တစ်ခုခုနှင့်တစ်ခု ပေါင်းစပ်နေသကဲ့သို့ နီးနီးကပ်ကပ် ရှိလို့နေသည်။ အနီရောင်အပ်က ထိုသွေးအလုံးထဲက တစ်လုံးထဲသို့ တဟုန်ထိုး ဝင်ရောက်သွားသည်။

အနီရောင်အပ်ဝင်ရောက်သွားသည့် သွေးလုံး၏ အော်ရာက သည်ဧရိယာတွင် မြင့်တက်လာကာ အခြားသွေးလုံးများကို စတင် ဝါးမြိုလာလေသည်။

“သွေးဘိုးဘေး…” ဝမ်လင်း၏ မျက်လုံးထဲ၌ သတ်ဖြတ်ခြင်းစိတ်ဆန္ဒတို့နှင့် ပြည့်နေ၏။ သူက တောင်အသွင်ကျောက်တုံးကို ချက်ခြင်း ထုတ်ယူကာ ၎င်း၏ စိတ်ဝိညာဉ်ကို ထုတ်ယူပြီး ထိုသွေးလုံးထံသို့ ဖိချလိုက်လေသည်။

တောင်စိတ်ဝိညာဉ်က ရှေ့သို့ ထိုးထက်သွားကာ သွေးလုံးများကို တုန်ယင်သွားစေသည်။သို့ရာတွင် တောင်စိတ်ဝိညာဉ်က ထိုသွေးလုံးများကို ဖျက်စီးနိုင်ဖို့ လုံလောက်အောင် သန်မာခြင်း မရှိပါ။သွေးလုံးများက မြန်ဆန်စွာ စုစည်းနေသည်။

တောင်စိတ်ဝိညာဉ်ကို ပစ်သွင်းလိုက်ပြီးနောက် ဝမ်လင်းသည် နောက်သို့ ခြေတစ်လှမ်းဆုတ်ကာ ကောင်းကင်ဘုံဓားကို ထုတ်ယူပြီးး မြန်ဆန်စွာ ပိုင်းချလိုက်သည်။

ကောင်းကင်ဘုံခုတ်ပိုင်းခြင်း ဓားချက်က အလင်းတန်းအလား ထိုးထွက်လာပြီးနောက် မူလက ပေါင်းစပ်ပြီးနှင့်သော သွေးလုံးနှစ်လုံးသည် ထိုခုတ်ပိုင်းချက်ကြောင့် ပြန်ကွဲထွက်သွားသည်။

ဝမ်လင်းက ရပ်တန့်ခြင်း မရှိပေ။ သူ့မူလစိတ်ဝိညာဉ်ထဲမှ ပြင်းထန်သောမိုးကြိုးသည် ထိုးထွက်လာကာ မိုးကြိုးတန်းများကို ဖြစ်ပေါ်စေ၍ သွေးလုံးများထံသို့ ဦးတည်တိုးဝင်သွားပြန်သည်။

ထိုအားကောင်းသော တိုက်ချက်များအောက်၌ သွေးလုံးများသည် အပြင်းအထန် တုန်ယင်နေခဲ့၏။ သွေးလုံးများအတွင်းရှိ သွေးဘိုးဘေး၏မူလစိတ်ဝိညာဉ်သည် နိုးထလာနိုင်ရန်အတွက် အသည်းအသန် ရုန်းကန်နေသည်။

ဝမ်လင်းက သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေကာ သူ့မူလစိတ်ဝိညာဉ်ထဲမှ မိုးကြိုးစွမ်းအားသည် အရူးအမူး မြင့်တက်လာခဲ့ပြန်၏။ ခုချန်၌ သူက သူ့ခန္ဓာကိုယ်ထဲရှိ မိုးကြိုးကို ထိုသွေးလုံးများအပေါ်သို့ အားလုံးအသုံးပြုလိုက်၏။

တစ်ချိန်တည်းမှာပင် သူက ကောင်းကင်ဘုံဓားကို ပင့်မြှောက်ကာ နောက်တစ်ကြိမ် လွှဲခုတ်ပိုင်းသည်။

သွေးလုံးတစ်လုံးက ဘန်းခနဲ ပေါက်ကွဲထွက်သွားသည်။

နာနာကျင်ကျင်ညီးညူသံ တစ်သံသည် ဟင်းလင်းပြင်ထဲကနေ ထွက်ပေါ်လာဟန် ထင်ရ၏။ ကျန်သည့်သွေးလုးမျးကလည်း အရူးအမူး စုစည်းလာကြသည်။သွေးဘိုးဘေး၏ မူလစိတ်ဝိညာဉ်သည် နိုးလာလာတော့မည်ဟန် ဖြစ်လာသည်။

ဝမ်လင်း၏ မျက်လုံးထဲ၌ သွေးများဖြင့် ပြည့်လျှမ်းနေသည်။သူက သည်သွေးလုံးများသာ စုစည်းသွားပါက သူ့တွင် သွေးဘီလူးကို သတ်နိုင်မည့်အခွင့်အရေး လုံးဝ မရနိုင်တော့ဟု ခံစားမိနေပေသည်။သူ့ညာလက်ကို ပင့်မြှောက်ကာ အော်ပြောလိုက်လေ၏။ “ရပ်တန့်ခြင်း…”

ရပ်တန့်ခြင်းမန္တာန်သည် ချက်ခြင်း ပေါ်ထွက်လာသည်။သို့သော် သွေးလုံးထဲရှိ သွေးဘိုးဘေး၏မူလစိတ်ဝိညာဉ်သည် အလွန်အားကောင်းလှသည်။ဝမ်လင်းက သွေးဘိုးဘေးကို သူ့နိမ့်ပါးသောကျင့်ကြံမှုအဆင့်ကြောင့် ရပ်တန့်သွားအောင် မလုပ်နိုင် ဖြစ်နေသည်။

သူ့ခန္ဓာကိုယ်ထဲမှ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များသည် အရူးအမူး မြင့်တက်လာခဲ့ကာ သူ့သွေးကြောများထံမှပင် နာကျင်စွာ ခံစားလာရ၏။ သူ့မူလစိတ်ဝိညာဉ်သည်လည်း ဒဏ်ရာရရှိနေဆဲ ဖြစ်သည်။သူက လမ်းတစ်လျှောက်တွင် ပြန်ကောင်းအောင် လုပ်ဖို့ အချိန်မရရှိခဲ့သောကြောင့် ဖြစ်၏။ ခုချိန်တွင် သည်ဖိအားအောက်၌ သူက သွေးအန်ထုတ်လိုက်ရကာ ကြမ်းကြုတ်စွာ ပြောချလာသည်။ “ငါ့အတွက် ရပ်တန့်စမ်း…”

သွေးလုံးများက ဝမ်လင်း၏ မန္တာန်အောက်၌ စုဆောင်းနေရာကနေ ခဏတာတုံ့ဆိုင်းသွားသည်။ သည်အခိုက်အတန့်လေး၌ ကံကြမ္မာကျာပွတ် ထွက်ပေါ်လာကာ သွေးလုံးများပေါ်သို့ ရွှမ်းခနဲ ရိုက်ချလာသည်။

တစ်ပြိုင်နက်တည်းမှာပင် လင်းထျန်ဟူ၏ နောက်ဆုံးလက်ကျန်ဓားစွမ်းအင်သည်လည်း ဝမ်လင်းခန္ဓာကိုယ်ထဲကနေ ထိုးထွက်လာကာ သွေးလုံးများထံသို့ တရကြမ်း တိုးဝင်သွားသည်။

ကံကြမ္မာကျာပွတ်၊လင်းထျန်ဟူ၏ဓားစွမ်းအင်နှင့်ဝမ်လင်း၏ မူလစိတ်ဝိညာဉ်ထံမှ မရေမတွက်နိုင်သော မိုးကြိုးတန်းများသည် တစ်ခုတည်းအဖြစ်သို့ ပေါင်းစပ်သွားသည့်ဟန် ရ၏။ ၎င်းတိုက်ချက်တို့သည် သိပ်သည်းနေသော သွေးလုံးများထံသို့ တစ်ဟုန်ထိုး တိုးဝင်သွားကြပေသည်။

ပျက်စီးစမ်း…။

ဤအခိုက်အတန့်၌ သိပ်သည်းနေသော သွေးလုံးများသည် မရေမတွက်နိုင်သောသွေးစက်များအဖြစ်သို့ ပြောင်းလဲသွားသည်။ သွေးဘိုးဘေး၏ ညင်းဆန်အော်ဟစ်သံက ထွက်ပေါ်လာ၏။ သွေးများက နှစ်ပိုင်းကွဲထွက်သွားသည်။တစ်ပိုင်းသည် သွေးဘိုးဘေး၏ မူလစိတ်ဝိညာဉ်ကို ဆောင်ယူကာ လွတ်မြောက်သွားသည်။ အခြားတစ်ပိုင်းကတော့ လှည့်ပတ်ကာ ဝမ်လင်းထံသို့ တရကြမ်းတိုးဝင်လာသည်။

ထိုသွေးစက်များသည် ဝမ်လင်းအား ရုတ်တရက် ဝန်းရံသွားပြီး သူ့ဒွာရပေါက်ထဲကနေ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။ သူ့ခန္ဓာကိုသည် ပြင်းထန်စွာ နာကျင်မှုကို ခံစားလိုက်ရပြီး ဝမ်လင်းသည် သွေးတစ်လုပ်အန်ထုတ်လိုက်ရသည်။ထိုပြင်းထန်သော ဖိနှိပ်မှုအောက်၌ ဝမ်လင်းသည် ဟင်းလင်းပြင်ထဲသို့ လွင့်စင်ထွက်သွားပြီး ပျောက်ကွယ်သွားလေသည်။

ကောင်းကင်ဘုံဓားကိုတော့ ရှုလီကောက ထိန်းချုပ်ထားသည်။သူက တောင်စိတ်ဝိညာဉ်ကို ယူဆောင်ကာ ဝမ်လင်းနောက်သို့ လိုက်ပါသွားသည်။

ရှုလီကောက ပုန်ကန်နိုင်သော်လည်း သည်အခိုက်အတန့်၌ သူက အထိတ်တလန့် ဆောက်တည်ရာမရ ဖြစ်နေသည်။သူက လွတ်လပ်မှုအတွက် ထွက်ပြေးရမည့်အစား ဝမ်လင်းလွင့်စင်သွားသော ဟင်းလင်းပြင်ထဲသို့သာ လိုက်ပါသွားတော့သည်။

ဝမ်လင်းက မေ့မျောနေသောအခြေအနေတွင် ရှိနေ၏။သွေးဘိုးဘေး၏ သွေးစက်များက သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်နေသည်။ယင်းသွေးစက်များသည် အားကောင်းလှသောမူလစွမ်းအင်တို့ ပါဝင်နေသည်။ သည်မူလစွမ်းအင်သည် သွေးဘိုးဘေး မရေမတွက်နိုင်သော နှစ်ပေါင်းများစွာ ကျင့်ကြံထားသည့်အရာဖြစ်ကာ အလွန်အမင်း အဖိုးထိုက်တန်လှသည်။

သို့ရာတွင် သည်မူလစွမ်းအင်က ဝမ်လင်း၏ ခန္ဓာကိုယ်အတွင်း၌ မရဏဓားတစ်လက်ကဲ့သို့ ဖြစ်နေသည်။သို့သော်လည်း ဤအရာကပင် ကမ္ဘာလောက၌ ရှိသော ကံကောင်းမှုဟု ဆိုရပေတော့မည်။

ခုချိန်၌ သွေးဘိုးဘေးက ရည်ရွယ်ချက်ဆိုးဖြင့် ဝမ်လင်းကို တိုက်ခိုက်ခဲ့ပေ၏။ သူက ဝမ်လင်း၏ စုပေါင်းတိုက်ခိုက်မှုကနေ လွတ်မြောက်အောင် လုပ်ရမည့်အစား သူ့သွေးခန္ဓာကိုယ်၏ သွေးတစ်ဝက်ကို ဝမ်လင်းထံသို့ တရကြမ်း တိုးဝင်စေခဲ့သည်။သူ့ရည်ရွယ်ကချက်ကတော့ ဝမ်လင်းကို သတ်ပစ်ဖို့ ဖြစ်၏။ သို့သော် သူက မမျှော်လင့်စွာဖြင့် ဝမ်လင်းကို ဒုတိယအဆင့်ကျင့်ကြံခြင်းသို့ ရောက်နိုင်မည့် အခွင့်အရေးကြီးတစ်ခု ပေးလိုက်သလို ဖြစ်သွားသည်။

ဝမ်လင်း၏ ခန္ဓာကိုယ်က မိုးကြိုးကွင်းဆက်များနှင့် မချိတ်ဆက်ထားသော အစိတ်အပိုင်းမြေတစ်ခုနှင့် ဝင်ဆောင့်သွားကာ သူက ခုထိ ဟင်းလင်းပြင်ထဲ၌ မြောလွင့်လျက်သာ ရှိနေသည်။

မိုးကြိုးကောင်းကင်ဘုံနယ်မြေရှိ အစိတ်အပိုင်းမြေအားလုံးသည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်ထားခြင်း မဟုတ်ပေ။ အချို့ ဟင်းလင်းပြင်ထဲ၌ မြောလွင့်နေသော သေးငယ်သည့် အစိတ်အပိုင်းမြေများလည်း ရှိကြပေသည်။

ဝမ်လင်း၏ ခန္ဓာကိုယ်က မြေကြီးထဲသို့ မြေမြှုပ်ခံရသလိုဖြစ်ပြီးမှ ထိုသေးငယ်သောအစိတ်အပိုင်းမြေ၏ မြေကြီးထဲတွင် ရပ်တန့်သွားသည်။သူက လုံးဝ အသိစိတ်ကင်းမဲ့နေ၏။ သို့သော် သူ့ခန္ဓာကိုယ်ကတော့ မြန်ဆန်စွာ ပြောင်းလဲနေသည်။သူ့ခန္ဓာကိုယ်က သွေးစက်များထံမှ ထွက်ပေါ်လာနေသော မူလစွမ်းအင်ပမာဏများစွာနှင့် ပြည့်လျှမ်းနေသည်။

သူ့မူလစိတ်ဝိညာဉ်ထဲ၌လည်း တုန်လှုပ်ဖွယ်ပြောင်းလဲမှုတစ်ခု ဖြစ်လို့နေ၏။

သူ့ကျင့်ကြံမှုအဆင့်ကလည်း မြန်ဆန်စွာ တိုးတက်နေကာ ပုံရိပ်ယောင်ယင်အဆင့်သို့ ဦးတည်လာနေသည်။

သည်အစိတ်အပိုင်းငယ်မြေ၏ အပေါ်တွင် တိမ်တိုက်များရှိမနေပေ။ သို့သော် ဤအခိုက်အတန့်၌ တိမ်တိုက်ထုများ စတင်ပေါ်လာ၏။ ထိုတိမ်တိုက်ထုများသည် ဝမ်လင်းကောင်းကင်ဘုံကို ဖိဆန်ရန် ဆုံးဖြတ်ခဲ့စဉ်က ပေါ်ထွက်လာခဲ့သော တိမ်တိုက်ထုများနှင့် တစ်ထေရာတည်း ဖြစ်နေသည်။

သွေးဘိုးဘေးကတော့ သူ့မူလစိတ်ဝိညာဉ်ပါဝင်သော သွေးလုံးများ ပေါင်းစည်းသွားသည့်အတွက် သူက နိုးထလာနိုင်ခဲ့သည်။သို့ရာတွင် သူ့ခန္ဓာကိုယ်က ယခုထိ ဖြစ်တည်ခြင်း မရှိသေးပဲ အနီရင့်ရောင်တစ်ခုလိုသာ ဖြစ်တည်နေသည်။

သူက ကျင့်ကြံခြင်းကို စတင်ခဲ့ချိန်ကတည်းက ခုလိုမျိုး အားနည်းမှုကို မခံစားခဲ့ရပေ။သည်လိုအားနည်းမှုမျိုးက သူ့ကို အေးစိမ့်စွာ ခံစားရစေသည်။

ထို့အတူ ဝမ်လင်းအပေါ် သူ့အမုန်းတရားကလည်း အထွတ်အထိပ်သို့ ရောက်နေခဲ့ပြီ ဖြစ်သည်။သူက လူတစ်ယောက်အပေါ် ခုလောက်ထိ ဘယ်တုန်းကမှ မုန်းတီးမိဖူးခြင်း မရှိပေ။ ဝမ်လင်းက သူ့အတွက် ပထမဆုံး အလွန်မုန်းမိသည့်သူ ဖြစ်နေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset