သွေးဘိုးဘေး၏ အသံက သတ်ဖြတ်ခြင်းစိတ်ဆန္ဒတို့နှင့် ပြည့်လျှံ့နေသည်။သည်သိုလှောင်နေရာလွတ်အတွင်းရှိ တောင်များသည် တစစီဖြစ်ကုန်ကာ တောင်ကြားသည်လည်း ပျော်ကြကုန်၏။ အတားအဆီးတစ်ထောင်ကျော်က ပို၍ အသက်ဝင်လာလေလေ သိုလှောင်နေရာလွတ်၏ နောက်ဆုံးအဆင့်သည် ပျက်စီးလာခဲ့တော့သည်။
ဤအခိုက်အတန့်၌ သွေးဘိုးဘေး၏မျက်လုံးက နီရဲနေကာ သူက ရူးသွပ်လုနီးပါး ဖြစ်နေသည်။သူ့အမြန်နှုန်းက ဖော်ပြနိုင်စွမ်းမဲ့ရ၏။ သူက တည်နေရာရွေ့ပြောင်းခြင်းအစီအရင်နားသို့ ချက်ခြင်းလိုလို ရောက်ရှိသွားသည်။
သူ့နောက်တွင်တော့ သိုလှောင်နေရာလွတ်သည် အနက်ရောင်မီးတောက်တစ်ခု၏ လောင်ကျွမ်းခံနေရသကဲ့သို့ ဖြစ်လို့နေသည်။ မီးတောက်များက ကြမ်းတမ်းလွန်းလှရာ သွေးဘိုးဘေးအား ဝါးမြိုရန် တာဆူလာ၏။
သွေးဘိုးဘေးက တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ထဲသို့ ခြေလှမ်းလိုက်သည့်အခိုက်တွင် အနီရောင်အပ်၏ လိုက်လံခြင်းခံနေရသော ဝမ်လင်းအသွင်က ပြောင်းလဲကာ နက်မှောင်သွား၏။ကောင်းကင်ဘုံသက်တော်စောင့် အတွင်းရှိ သူ့နတ်ဘုရားအာရုံသည် ဖျက်စီးခြင်း ခံလိုက်ရသော်လည်း ကောင်းကင်ဘုံသက်တော်စောင့်က အခုထိ သွေးပင်လယ်၏ လုံးဝ သန့်စင်ပစ်ခြင်းကို မခံရသေးပေ။
သူနှင့် ကောင်းကင်ဘုံသက်တော်စောင့်တို့၏ ချိတ်ဆက်မှုက ရှိနေသည့်အတွက် ဝမ်လင်းသည် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်က လင်းလက်လာကာ သွေးဘိုးဘေ၏ပုံရိပ် အလျင်အမြန်သိပ်သည်းလာသည်ကို တွေ့မြင်နေရ၏။
ဝမ်လင်းက သွေးဘိုဘေးသာ လွတ်မြောက်လာပါက သူသည် ချွင်းချက်မရှိ သေရမည်ကို သိနေခဲ့သည်။
သည်လိုအခြေအနေမျိုး၌ သူက သက်ပြင်းချ၍ ပြတ်သားသော ဆုံးဖြတ်ချက်တစ်ခုကို ပြုလုပ်လိုက်လေသည်။
“ငါက ငါ့ကတိကို တည်နိုင်စွမ်းမရှိတော့ဘူး။ ဒီအတွက် ငါက အနာဂတ်မှာ သင့်ကို ပြန်ပေးဆပ်ပါ့မယ်…”
တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်၏ အပြင်ဘက်၌ ကောင်းကင်ဘုံသက်တော်စောင့်၏ မျက်လုံးများသည် တောက်ပလို့နေ၏။ ထိုအလင်းက သူ့ခန္ဓာကိုယ်တစ်ခုလုံးကိုပါ လွှမ်းခြံသွားကာ အဖျက်အစီးအော်ရာတစ်ခုက မြင့်တက်လာခဲ့လေသည်။
ပုံရိပ်ယောင်ယင်အဆင့်ကျင့်ကြံသူတစ်ယောက်၏ ကိုယ့်ကိုကိုယ် ဖျက်စီးပေါက်ကွဲစေခြင်းသည် အလွန်ကြောက်မက်ဖွယ်ကောင်းသည့် အဖျက်အစီးအားကို ဖန်တီးသွားသည်။ထိုအားက ကောင်းကင်ဘုံသက်တော်စောင့်အား သွေးဘိုးဘေ၏ မန္တာန်သွေးပင်လယ်ထဲကနေ ထိုးထွက်သွားစေနိုင်လိုက်၏။
သွေးဘိုးဘေး၏ မန္တာန်သည် ကောင်းကင်ဘုံသက်တော်စောင့်ကို ထိန်းချုပ်ထားနိုင်ခြင်း မရှိတော့သော်လည်း ပုံမှန်ထက် ထူးကဲနေသေးသည်။၎င်းက ကောင်းကင်ဘုံသက်တော်စောင့်ကို သန့်စင်ပစ်နေင်းဖြင့် ကိုယ့်ကိုကိုယ်ပေါက်ကွဲမှုအား၏ (၆၀)ရာခိုင်နှုန်းကို လျော့ကျသွားစေသည်။
ကောင်းကင်ဘုံသက်တော်စောင့်သည် ထိုပေါက်ကွဲမှုစွမ်းအား၏(၄၀)ရာခိုင်နှုန်းဖြင့် ထိုးထွက်သွားကာ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်နားသို့ ရောက်လာခဲ့သည်။ ထိုအခိုက်၌ သွေးဘိုးဘေးက ပေါ်လာနေသလို ကောင်းကင်ဘုံသက်တော်စောင့်၏ ခန္ဓာကိုယ်သည်လည်း နေတစ်စင်းအလား တောက်ပလာ၏။
ဤအခိုက်အတန့်၌ ပြင်းထန်သောပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်လာသည်။
သည်အဖျက်အစီးအား၏ စွမ်းအားအောက်၌ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်သည် ချက်ခြင်းပျက်စီးကာ အလင်းစက်မှုန့်များအဖြစ်သို့ ပြောင်း၍ ပျောက်ကွယ်သွားချေသည်။
သိုလှောင်နေရာလွတ်အတွင်း၌ သွေးဘိုးဘေး၏ ခန္ဓာကိုယ်တစ်ဝက်သည် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ထဲသို့ ရောက်နှင့်နေခဲ့ပြီ ဖြစ်တော့၏။ သူက မာန်သွင်း၍ အတင်း ထိုးထွက်လိုက်သည်။သူက တည်နေရာရွှေ့ပြောင်းခြင်းအစီအရင် မြန်ဆန်စွာ ပျောက်ကွယ်သွားသည်ကို စောင့်ကြည့်နေရသည်။
သည်လိုမျိုး သေရေးရှင်ရေး အခိုက်အတန့်၌ သွေးဘိုးဘေး၏ ခန္ဓာကိုယ်ကနေ ထူးဆန်းသောအလင်းတစ်ခု ထုတ်လွှတ်လာသည်။သူက ယောင်ရှင်းရွှယ်ရှိနေသော အတားအဆီးလုံးကို ကြည့်ကာ ထိုအလုံးအား ချက်ခြင်း ခွဲချေလိုက်၏။
သည်သိုလှောင်နေရာလွတ်၏ အဖျက်အစီးအား အောက်၌ ယောင်ရှင်းရွှယ်က သွေးစိတ်ဝိညာဉ်ဆေးလုံးကို သုံးစွဲမည် ဆိုရင်ပင် တစ်လုံးတည်းနှင့် လုံလောက်လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် သွေးဘိုးဘေးက ယောင်ရှင်းရွှယ် အသက်ရှင်နိုင်ရန်အတွက် အတားအဆီးအလုံးကို ကိုယ်တိုင် ဖျက်စီးလိုက်ခြင်း ဖြစ်သည်။ သွေးဘိုးဘေး၏ သွေးစိတ်ဝိညာဉ်ဆေးလုံးအပေါ် နားလည်မှုနှင့်ဆိုပါက သူက သူ့သမီးသည် သွေးစိတ်ဝိညာဉ်ဆေးလုံးကို ထုတ်ယူသုံးစွဲခဲ့ပြီး ဖြစ်သည်ကို သိနေ၏။
သူ့နောက်တွင်တော့ အနက်ရောင်မီးတောက်က တိုးဝင်လာနေကာ သွေးဘိုးဘေးထံမှ အနီရောင်အလင်းကလည်း အရူးအမူး တောက်ပနေ၏။သူက ပြိုကျပျက်စီးနေမှုကို အချိန်ဆိုင်းထားနေချင်ကာ သူ့သမီး ယောင်ရှင်းရွှယ်၏ အသက်ရှင်နိုင်မည့် ဖြစ်စဉ်အတွက် အချိန်ရယူလိုနေသည်။
သွေးဘိုးဘေးက သူ့လက်နှစ်ဖက်ကို ဖြန့်ကားကာ သူ့နိဗ္ဗာနသန့်စင်ခြင်း အလယ်အဆင့်ကျင့်ကြံမှုစွမ်းအားသည် ချက်ခြင်းပေါက်ကွဲထွက်လာစေလိုက်သည်။ သူ့ခန္ဓာကိုယ်မှ သွေးအလင်းလှိုင်းမျး ထွက်ပေါ်လာပြီး အရာအားလုံးကို ဝါးမြိုပစ်ရန် တာဆူနေသည့် အနက်ရောင်မီးတောက်များကို ပိတ်ဆို့လိုက်သည်။
သူ့ခန္ဓာကိုယ်က ထိုအနက်ရောင်မီးတောက်များ၏ စတင်လောင်ကျွမ်းခြင်းကို ခံလိုက်ရလေ၏။ ပြင်းထန်သော နာကျင်မှုက သူ့ခန္ဓာကိုယ်ကနေ ထွက်ပေါ်လာနေသည်။ သို့ရာတွင် သွေးဘိုးဘေးက ထိုနာကျင်မှုကို ဂရုမစိုက်ပေ။ သူက သူ့စွမ်းအားအားလုံးကို သူ့ရှေ့ ပေသုံးဆယ်ရှိ ယောင်ရှင်းရွှယ်၏နတ်ဘုရားအာရုံပျောက်ကွယ်သွားခြင်းကနေ တားဆီးနိုင်ရန်အတွက်သာ အသုံးပြုထား၏။
အသက်လေးငါးခြောက်ကြိမ်ရှုရန်ကြာချိန်ဥ နှစ်သောင်းနှင့်ချီ၍ ကြာမြင့်နေသကဲ့သို့ ဖြစ်နေ၏။ သူ့အဖေ၏ ပျက်စီးမှုကို ဖိနှိပ်ထားမှုအောက်တွင် ယောင်ရှင်းရွှယ်၏ ပြန်လည်ရှင်သန်ခြင်း ဖြစ်စဉ်က သည်သိုလှောင်နေရာလွတ်၏ပျက်စီးမှုအောက်၌ သက်ရောက်ခြင်း မရှိတော့ပေ။
ထို့နောက် ယောင်ရှင်းရွှယ် နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေ၌ ကွယ်ဝှက်ထားခဲ့သော သွေးစိတ်ဝိညာဉ်ဆေးလုံးရှိသည့် နေရာတွင် အနီရောင်အလင်းဖြင့် ပြည့်လာကာ ယောင်ရှင်းရွှယ်၏ပုံရိပ်သည် ဖြည်းဖြည်းချင်း ပေါ်ထွက်လာခဲ့သည်။
သူမက ပေါ်ထွက်လာသည်နှင့် ကောင်းကင်ထက်သို့ မော့ကြည့်လိုက်၏။ သူမ မျက်လုံးထဲ၌ ဝမ်းနည်းမှုနှင့် နှိုင်းဆမရသည့် သတ်ဖြတ်ခြင်းစိတ်ဆန္ဒတို့ ဖြစ်ပေါ်နေသည်။
သူ့သမီးဖြစ်သူ၏ နတ်ဘုရားအာရုံသည် အန္တရာယ်ကင်းကင်း ထွက်ခွာသွားနိုင်သည်ကို တွေ့မြင်လိုက်ပြီးနောက် သွေးဘိုးဘေး၏ မျက်နှာပေါ်၌ အဖေတစ်ယောက်၏ ကြင်နာသောအပြုံးတစ်ခု ပေါ်လာခဲ့သည်။ထို့နောက် သူ့ခန္ဓာကိုယ်သည် အနက်ရောင်မီးတောက်များ၏ လွှမ်းခြုံထားခြင်းကို ခံလိုက်ရပြီ ဖြစ်သည်။
သည်အခိုက်အတန့်၌ သူက သွေးစိတ်ဝိညာဉ်ဆေးလုံးသုံးလုံးကို ထုတ်ယူလိုက်၏။သူက ၎င်းတို့ကို ဝါးမြိုခြင်း မပြုဘဲ ခွဲခြေလိုက်သည်။
သူ့တွင် သွေးစိတ်ဝိညာဉ်ဆေးလုံး စုစုပေါင်း (၁၃)လုံးသာ ကျန်တော့၏။ အများစုကလည်း ယောင်ရှင်းရွှယ်နှင့်အတူ ရှိနေကာ သွေးဘိုးဘေးထံ၌ ဆေးလုံးသုံးလုံးသာ ပိုင်ဆိုင်ထားသည်။ သွေးစိတ်ဝိညာဉ်ဆေးလုံးများက တစစီဖြစ်သွားသည်နှင့် ၎င်းတို့အထဲမှ အပြာရောင်အရည်တစ်ခု စိမ့်ထွက်လာခဲ့သည်။ထိုအပြာရောင်အရည်နှင့် အနက်ရောင်မီးတောက်တို့က တစ်ခုနှင့်တစ်ခု ချေဖျက်နေကြသည်။
ဤအခိုက်အတန့်မှာပင် သိုလှောင်နေရာတစ်ခုလုံးသည် ပျက်စီးသွားကာ အထဲရှိ အရာအားလုံးသည် ဗလာနိတ္တိအဖြစ်သို့ သဲလွန်စမရှိ ပျောက်ကွယ်သွားတော့၏။
ဝမ်လင်းက သူပုန်းကွယ်နေသော အစိတ်အပိုင်းမြေအနှံ့တွင် အလွန်မြန်ဆန်စွာ လှုပ်ရှားနေ၏။ အနီရောင်အပ်ကလည်း သူ့နောက်ကနေ လိုက်ပါလာစမြဲပင်။
သို့ရာတွင် အခုအခိုက်အတန့်၌ အနီရောင်အပ်သည် သူ့နောက်လိုက်နေရာကနေ ရုတ်တရက် ရပ်တန့်သွားပြီး အလွှာတစ်ခုပြီးတစ်ခုအဖြစ်သို့ ကွာကျကာ လုံးဝ ပျောက်ကွယ်လုနီးပါး ဖြစ်သွား၏။ ဝမ်လင်းသည် ခုမှ စိတ်သက်သာရာရသွား၏။ သူ့အဝတ်အစားများကလည်း ချွေးများဖြင့် ရွှဲနစ်လို့နေသည်။
သူ့နောက်မှ အနီရောင်အပ်သည် တစ်ဝက်တိတိပျောက်ကွယ်နေပြီ ဖြစ်ကာ ဖြည်းဖြည်းချင်း ဆက်၍ ပျောက်ကွယ်နေသည်။ သို့ရာတွင် ၎င်းက လုံးဝ ပျောက်ကွယ်သွားခါနီးအခိုက်၌ ရပ်တန့်သွားကာ နောက်လှည့်၍ အကွာအဝေးတစ်ခုထံသို့ ပျံသန်းထွက်သွားတော့သည်။
“မသေ သေးဘူးလား…” ဝမ်လင်းမျက်လုံးထဲ၌ ထိတ်လန့်မှုတို့နှင့် ပြည့်လာ၏။ သူက ခပ်များများ တွေးမနေတော့ဘဲ ရှေ့သို့ ထိုးထွက်လိုက်၏။ သူ့လက်ကို ဆန့်ထုတ်ကာ မူလစွမ်းအင်ကို ထွေးထုတ်လိုက်ပြီး အကျဉ်းထောင်တစ်ခုအသွင် ဖြစ်ပေါ်စေလိုက်သည်။ထို့နောက် အနီရောင်အပ်ကို ပိတ်လှောင်လိုက်၏။
အနီရောင်အပ်က တဝီဝီမြည်ကာ အတင်း ထိုးထွက်လိုနေသည်။၎င်းက အကျဉ်းထောင်ကို ဆက်တိုက် ဖျက်စီးနေသည်။ ၎င်းက တစ်ချက် ထိုးဆောင့်လိုက်တိုင်း ဝမ်လင်း၏ မျက်နှာကို ပို၍ ဖြူရောသွားစေသည်။
သူ့မျက်လုံးက အေးစက်လာ၏။ သူက ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်ကို အသက်သွင်းကာ ထိုအကျဉ်းထောင်ကို ပို၍ မာကျောအောင် ပြုလုပ်လိုက်သည်။သူက ၎င်းအကျဉ်းထောင်ကို သူ့ထံသို့ ဖြည်းဖြည်းချင်း ဆွဲယူပြီး အထဲရှိ ပိတ်လှောင်ထားသော အနီရောင်အပ်ကို စူးစိုက်ကြည့်နေ၏။သူ့မျက်လုံးထဲ၌ ဆုံးဖြတ်ချက်ပြတ်သွားခြင်းနှင့် ပြည့်နေတော့သည်။
“ချိပ်ပိတ်ခြင်း…” အော်ဟစ်သံနှင့်အတူ အကျဉ်းထောင်က မြန်ဆန်စွာ ကျုံ့လာခဲ့ပြီးနောက် ထိုအပ်အား ထွေးခြုံသွားသည်။ဝမ်လင်းက ထိုအပ်ကို ဆွဲယူကာ မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည်။
အနီရောင်အပ်က ၎င်း၏စွမ်းအားအားလုံးနီးပါး ဆုံးရှုံးသွားခြင်းကြောင့် မဟုတ်ပါက ဝမ်လင်းသည် ၎င်းအပ်ကို ချိပ်ပိတ်နိုင်ရန် မဖြစ်နိုင်ပေ။ သို့ရာတွင် ခုချိန်၌ ထိုအနီရောင်အပ်သည် အားအနည်းဆုံးအခြေအနေဖြစ်နေရာ သူက သူ့ခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအားများကို သုံးစွဲပြီး ၎င်းကို ချိပ်ပိတ်ထားလိုက်သည်။
သို့သော် မည်သို့ပင်ဖြစ်စေ ၎င်းချိပ်ပိတ်မှုက ခိုင်မာတည်မြဲလှခြင်း မရှိပေ။ အနီရောင်အပ်က အချိန်မရွေးချိပ်ပိတ်မှုကို ထွင်းဖောက်နိုင်သည်ဟုပါ ထင်မှတ်ရသည်။ဝမ်လင်းက အသက်ဝဝရှုသွင်းလိုက်၏။ သူ့အသွင်က အလွန်အမင်း သုန်မှုန်နေခဲ့သည်။
“သွေးဘိုးဘေးက မသေသေးဘူးပဲ။ သူက မသေသေးဘူးဆိုပေမဲ့လည်း အလွန်အားနည်းနေလောက်ပြီ။ မဟုတ်ရင် ဒီအပ်က ခုလောက်ထိ အားနည်းသွားမှာ မဟုတ်ဘူး။ သွေးဘိုးဘေး ပြန်ကောင်းမွန်လာတဲ့ သူအရင်ဆုံးလုပ်မှာက ငါ့ကို သတ်ဖို့ပဲ…”
ဝမ်လင်း၏ မျက်လုံးက အနီရောင်အပ်ကို ကြည့်နေရင်း တိတ်ဆိတ်နေတော့သည်။သည်အနီရောင်အပ်က ပျောက်ကွယ်လုနီးပါး ဖြစ်နေကာ သေဆုံးခြင်းအော်ရာကိုပင် ပေးစွမ်းနေခဲ့သည်။
“ဒီအပ်က သွေးဘိုးဘေးရဲ့ ပြန်ဆင့်ခေါ်တာ ကျိန်းသေ ခံရလိမ့်မဘ်။ငါက ဒီအခွင့်အရေးကို ဖြုန်းတီးပစ်လို့ မဖြစ်ဘူ…ငါက ဒါကို စွန့်စားကြည့်မှ ဖြစ်မယ်…”
ဝမ်လင်းက အံတင်းတင်းကြိတ်ကာ အနီရောင်အပ်ကို ပစ်လွှတ်လိုက်၏။ အနီရောင်အပ်က ပျံသန်းထွက်သွားရာ ဝမ်လင်းက ၎င်းနောက်ကနေ ကပ်၍ လိုက်ပါသွားလေသည်။
အနီရောင်အပ်ပေါ်ရှိ သူ့ချိပ်ပိတ်မှုက ၎င်းနောက်သို့ အလွယ်တကူ လိုက်နိုင်အောင် ဝမ်လင်းကို ကူညီပေးသည်။ လူတစ်ယောက်နှင့် အပ်တစ်ချောင်းတို့သည် မိုးကြိုးကောင်းကင်ဘုံနယ်မြေထဲ၌ မြန်ဆန်စွာ ရွှေ့လျားသွားလာနေသည်။
မိုးကြိုးကောင်းကင်ဘုံနယ်မြေ၏ ဟင်းလင်းပြင်ထဲ၌ မရေမတွက်နိုင်သော သွေးစက်လေးများက မြောလွင့်နေသည်။ထိုသွေးစက်များထံမှ အပြာရောင်အလင်းတစ်ခု တလက်လက် ထွက်ပေါ်နေသည်။
ထိုသွေးစက်တိုင်း၌ သွေးဘိုးဘေး၏ မူလစိတ်ဝိညာဉ်အငွေ့အသက်ပါဝင်နေကာ မူလစွမ်းအင်းအမြောက်အများလည်း ပါဝင်နေသေးသည်။သိုလှောင်နေရာလွတ် ပျက်စီးသွားသည့်အခါ၌ သက သွေးစိတ်ဝိညာဉ်ဆေးလုံးသုံးခုကို အသုံးပြုကာ ယောင်မိသားစု၏ လျှို့ဝှက်မန္တာန်ဖြင့် အသက်ရှင်နိုင်ရန် လုပ်ဆောင်ခဲ့ပေသည်။
သွေးဘိုးဘေးသည် အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းထံသို့ လာခဲ့သည့်အချိန်တွင် သူ့ကိုယ်သူ အလွန်ယုံကြည်မှု ရှိခဲ့သည်။ထို့အတွက်ကြောင့် သူက သွေးစိတ်ဝိညာဉ်ဆေးလုံးကို တင်ကူး၍ သုံးစွဲခဲ့ခြင်း မပြုပေ။ သူက ထိုသို့ ပြုလုပ်ခဲ့ပါ သူသည် အခုချိန်၌ မဟာမိတ်ကောင်းကင်ကြယ်အဖွဲ့အစည်းတွင် ပြန်ပေါ်လာခဲ့လိမ့်မည် ဖြစ်၏။
သည်သွေးစက်များက တစ်စက်နှင့်တစ်စက် ပေါင်းစပ်သွားသည်နှင့် သွေးဘိုးဘေးက နိုးထလာနိုင်မည် ဖြစ်သည်။
ထိုပေါင်းစပ်ခြင်း ဖြစ်စဉ်က ဖြည်းဖြည်းချင်း ဆက်လက် ဖြစ်နေ၏။သုံးလခန့်ကြာမြင့်ပြီးသည့်နောက် မူလက ပြန့်ကျဲနေသော သွေးစက်များသည် တဖြည်းဖြည်း အတူတကွနီးကပ်လာချေသည်။
သွေးဘိုးဘေး၏ မူလစိတ်ဝိညာဉ်သည် ဖြည်းဖြည်းချင်း နိုးထလာနေ၏။သူက နိုးထလာနိုင်သည်နှင့် သူ့ပြန်ကောင်းမွန်မှုနှုန်းသည် များစွာ တိုးတက်လာပေလိမ့်မည်။
သည်နေ့တွင် ထိုသွေးစက်များ၏ (၆၀)ရာခိုင်နှုန်းက အတူပေါင်းစပ်သွားခဲ့ပြီးဖြစ်ကာ သွေးဘိုးဘေး၏ မူလစိတ်ဝိညာဉ်သည် နိုးထလာတော့မည် အရိပ်အယောင် ပြသလာခဲ့၏။
သို့ရာတွင် ဤအခိုက်အတန့်၌ အကွာအဝေးတစ်ခုမှ မိုးကြိုးတန်းတစ်ခုသည် တိုးဝင်လာနေ၏။ သည်မိုးကြိုးတန်းကတော့ မိုးကြိုးသားရဲပင် ဖြစ်ကာ ၎င်း၏ လည်ပင်းတွင်လည်း မိုးကြိုးကွင်းဆက်ချိန်းကြိုးတစ်ခု ရှိနေသည်။တစ်စုံတစ်ယောက်က ၎င်း၏ ငွေရောင်ဦးချိုကို အပေါက်တစ်ခု ဖြစ်စေကာ ထိုအပေါက်ထဲသို့ သံကြိုးကွင်းတစ်ခု လုပ်ထားခဲ့၏။
မိုးကြိုးသာားရဲ၏ မျက်လုံးထဲ၌ သနားစဖွယ်အကြည့်တို့ ဖြစ်ပေါ်နေ၏။
“မင်းရဲ့ အခုအသွင်အပြင်ကမှ ဒီအဘိုးအိုရဲ့ ဂုဏ်ဒြပ်နဲ့ တွဲမိတော့တယ်။အစစ်အမှန်မိုးကြိုးသားရဲဆိုတာ ဒီလိုပဲ ဖြစ်ရမယ်။ မင်းက သီးသန့်အဖြစ်ဆုံး မိုးကြိုးသားရဲပဲ ဆိုတာ သိရမယ်။ဟုတ်တယ်…မင်းက ဒီအဘိုးအိုနဲ့ ကံစပ်တဲ့ သားရဲပဲ….”
မိုးကြိုးသားရဲ၏ ကျောပေါ်၌ အဘိုးအိုတစ်ယောက် ထိုင်နေ၏။ သူက မိုးကြိုးကွင်းဆက်ချိန်းကြိုးကို မြင်းဇာတ်ကြိုးကဲ့သို့ မိုးကြိုးသားရဲ၏ လည်ပင်းတွင် ခပ်တင်းတင်း ဆွဲကိုင်ထားသေးသည်။
သူ့နောက်တွင်တော့ မရေမတွက်နိုင်သောမိုးကြိုးတန်းများက လိုက်ပါနေကြ၏။ ထိုမိုးကြိုးတန်းတစ်ခုချင်းစီ၏ အတွင်း၌လည်း မိုးကြိုးသားရဲတစ်ကောင်စီ ရှိလို့နေ၏။ ၎င်းတို့၏ မျက်လုံးထဲ၌ ကြောက်ရွှံ့မှုများ ရှိနေကြသည်။
“ဒီအဘိုးအိုက မင်းနဲ့ ကံတော်တော်စပ်တဲ့အတွက် မင်းကို ဟိုကောင်းလေးရှိတောင် ပြန်မပေးချင်တော့ဘူး…”
မိုးကြိုးသားရဲ၏ ခန္ဓာကိုယ်က တုန်ယင်သွား၏။ ခုချိန်၌ ၎င်းက ထိုအဘိုးအိုကို လုံးဝ ကြောက်ရွှံ့နေခဲ့လေပြီ။ အထူးသဖြင့် အဘိုးအို၏ ကံစပ်သည် ဟူသောစကားသည် ၎င်းအတွက် အိပ်မက်ဆိုးတစ်ခုကဲ့သို့ ဖြစ်နေတော့၏။
“ဟုတ်ပြီ…ဒီနေရာပဲ…။ဟီးဟီး…အားကောင်းတဲ့နိဗ္ဗာနသန့်စင်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်က ဒီလိုပုံစံနဲ့ အဆုံးသပ်ရတယ်…ဒါကသူရဲ့ ကံကြမ္မာပါပဲ…”
အဘိုးအိုက ဟင်းလင်းပြင်ထဲရှိ တစ်စက်နှင့်တစ်စက် စုဝေးနေသော သွေးစက်များကို ကြည့်နေ၏။သူ့မျက်လုံးက လက်ခနဲ ဖြစ်လို့သွားသည်။
***