သွေးဘိုးဘေးက ဝမ်လင်းကို အေးစက်စွာ ကြည့်လိုက်၏။ သူ့လက်ညှိုးတိုက်ချက်က ရပ်တန့်သွားခြင်းမရှိဘဲ ဆက်၍ ကျရောက်လာသည်။လက်ညှိုးက ဝမ်လင်းနှင့် သုံးလက်မအကွာထိ ရောက်ရှိလာသည်။
ကျယ်လောင်သော ပေါက်ကွဲသံတစ်ခုက ကောင်းကင်ထက်၌ ပဲ့တင်ထပ်လာသည်။ဝမ်လင်းသည် ပါးစပ်ကနေ သွေးအပြည့် အန်ထုတ်လိုက်ရသည်။သူ့ခန္ဓာကိုယ်သည် စွန်ပျက်တစ်ခုအလား လွင့်စင်ထွက်သွား၏။ လေထဲ၌ ဆင့်ကာဆင့်ကာ လွင့်စင်သွားပြီးမှ သူက မြေပြင်ပေါ်သို့ ကျရောက်သွားသည်။ သူ့အောက်ရှိ မြေပြင်သည် အက်ကွဲထွက်သွား၏။
ဝမ်လင်း၏ ခန္ဓာကိုယ်က နောက်သို့ ဆက်၍ တရွတ်တိုက်ဆွဲသွားသည်။သူ့ခြေလှမ်းတိုင်းသည် မြေပြင်ပေါ်၌ အက်ကွဲကြောင်းများကို ဖြစ်သွားစေ၏။ သူက နောက်သို့ ခြေလှမ်းတစ်ရာလောက် ဆုတ်သွားပြီးနောက်မှ သူ့ကိုယ်သူတည်ငြိမ်အောင် လုပ်လိုက်နိုင်သည်။သူက အလွန်သနားစရာကောင်းသော အခြေအနေသို့ ဆိုက်ရောက်သွားကာ ပါးစပ်ထောင့်မှ သွေးများစီးကျနေသည်။
သွေးဘိုးဘေးက ခြေလှမ်းတစ်လှမ်း ဆက်လှမ်းလိုက်သည်။ ချက်ခြင်းပင် သူက ဝမ်လင်းနားသို့ ရောက်လာ၏။ သူက တည်ငြိမ်စွာ ပြောလိုက်သည်။ “ငါ မင်းကို စကားသုံးခွန်း ပြောခွင့်ပေးမယ်…”
ဝမ်လင်း၏ အရိုးများကလည်း ကျိုးသွားခဲ့ပြီ ဖြစ်သည်။ကောင်းကင်ဘုံသက်တော်စောင့်၏ ခန္ဓာကိုယ်သည် မာကျောလှကာ ခုလိုမျိုး အပြင်းအထန်ဒဏ်ရာရခြင်းမှာ ပထမဆုံး ဖြစ်လေ၏။ သို့သော် ဝမ်လင်းက ပြုံးနေသည်။
သို့သော် သည်အပြုံးက အလွန်သုန်မှုန်နေပြန်၏။
အမှန်တော့ ဝမ်လင်းက ကြောက်လန့်နေခြင်း မရှိပေ။ သွေးဘိုးဘေးက သန်မာလွန်းလှသော်လည်း သူက ကောင်းကင်ဘုံလောက်တော့ သန်မာလိမ့်မည် မဟုတ်ပေ။ ဝမ်လင်းသည် ကောင်းကင်ဘုံကိုပါ ဖိဆန်သည့် ကျင့်ကြံသူ မဟုတ်လား။ သူက ကောင်းကင်ဘုံကိုပါ ဆန့်ကျင်ဝံ့သူ ဖြစ်သဖြင့် သွေးဘိုးဘေးလောက်ကို မည်သို့ ထိတ်လန့်နေပါ့မည်နည်း။
သွေးဘိုးဘေး၏ လက်ညှိုးက သူ့ခန္ဓာကိုယ်ပေါ်သို့ အမှန်တကယ် ကျရောက်လာခဲ့ပါက ဝမ်လင်းသည် ကောင်းကင်ဘုံသက်တော်စောင့်မှာ သံသယရှိစရာမလိုအောင် သေဆုံးသွားမည်ဟု ယုံကြည်ပြီး ၎င်း၏ ခန္ဓာကိုယ်အတွင်းရှိ သူ့နတ်ဘုရားအာရုံကပါ ချက်ခြင်း ပျက်စီးသွားပေလိမ့်မည်။
သွေးဘိုးဘေး၏ မျက်လုံးများသည် သတ်ဖြတ်ခြင်း စိတ်ဆန္ဒတို့နှင့် ပြည့်နှက်နေသည်။ သူက ကောင်းကင်ထက်သို့ မော့ကြည့်၍ ပြောလိုက်သည်။ “မင်းမှာ စကားနှစ်ခွန်း ကျန်သေးတယ်…”
သူက ဝမ်လင်းကို အမှန်တကယ်ပင် ချက်ခြင်း သတ်ပစ်ကာ ယောင်ရှင်းရွှယ်အကြောင်းကို သူ့စိတ်ဝိညာဉ်ထဲ၌ တိုက်ရိုက် ရှာဖွေပစ်ချင်နေသည်။
သို့ရာတွင် သူက သတိမမူဘဲ မလုပ်နိုင် ဖြစ်နေ၏။ သူက ဝမ်လင်းသည် အလွန်ဉာဏ်များ၊ပြတ်သားကာ ရက်စက်တက်သူ ဖြစ်ကြောင်း သိခဲ့ပေသည်။ ထိုသို့မဟုတ်ပါက ဝမ်လင်းသည် နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေ၌ သူတို့လို မွန်းစတားအိုများကို မည်သို့ ကစားသွားနိုင်ပါ့မည်နည်း။ထိုအချိန်က သူတို့သည် ဝမ်လင်း ဝဲကတော့ထဲ၌ ပျောက်ကွယ်သွားသည်ကိုသာ အကူအညီမဲ့စွာဖြင့် စောင့်ကြည့်ခဲ့ရုံသာ တက်နိုင်ခဲ့သည် မဟုတ်လား။
“ဒီလူက ကိုယ်ပွားနဲ့လာတာ ဖြစ်တဲ့အတွက် သူက ငါ သူ့ကို သတ်ပစ်မှာကိုလည်း ကြောက်ရွှံ့စိုးရိမ်နေမှာ မဟုတ်ဘူး။ ငါက သူကို အမှန်တကယ် သတ်လိုက်ရင်တောင် သူ့အစစ်အမှန်ခန္ဓာကိုယ်က ရှင်းရွှယ်ကို ချက်ခြင်း သတ်ပစ်နိုင်လိမ့်မယ်…။သွေးစိတ်ဝိညာဉ်ဆေးလုံးကလည်း ချိုယွင်းချက် မရှိတာ မဟုတ်ဘူး…”
ဝမ်လင်းက သူ့ပါးစပ်ထောင့်မှ သွေးများကို သုတ်လိုက်သည်။ ထို့နောက် သူ့အင်္ကျီအဝတ်အစားကို သပ်ရပ်အောင်လုပ်လိုက်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “စီနီယာသွေးဘိုးဘေး…ယောင်ရှင်းရွှယ်က လုံခြုံစွာ ရှိပါတယ်။ဒီနှစ်ရာချီ အချိန်အတွင်းမှာ ဂျူနီယာက သူမရဲ့ဆံပင်တစ်ချောင်းကိုတောင် မထိခဲ့ပါဘူး။ ဂျူနီယာက သူမကို ပြန်ပေးနိုင်ပါတယ်။ဒါပေမဲ့လည်း စီနီယာက ဂျူနီယာ့ကို သွားခွင့်ပြုပြီး နောက်အနာဂတ်မှာလည်း ဂျူနီယာကို ဒုက္ခမပေးပါဘူးလို့ ကတိပေးရမယ်…”
သွေးဘိုးဘေးက ကောင်းကင်ထက်သို့ ကြည့်နေသော သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်ပြီး ဝမ်လင်းကို ကြည့်လိုက်၏။ သူ့မျက်လုံးထဲ၌ မည်သည့်ဒေါသမှ ရှိမနေတော့ပေ။သူက တည်ငြိမ်စွာ ပြောလိုက်၏။ “ကောင်းပြီ…ဒီအဘိုးအိုက ငါ့တာအိုအပေါ်မှာ ကျိန်ဆိုတယ်…မင်းက ငါ့သမီးကို ပြန်ပေးရင် ငါက မင်းကို မသတ်တော့ဘူး…”
ဝမ်လင်းက မှင်သက်သွား၏။အချိန်အတန်ကြာပြီးနောက် သူက သက်ပြင်းချလိုက်သည်။သူက သည်လူသည် လိမ်နေလား မလိမ်ဘူးလားကို မပြောနိုင်ချေ။ အနည်းငယ် တိတ်ဆိတ်သွားပြီးနောက် ဝမ်လင်းက ပါးစပ်ဟကာ သလင်းကျောက်တစ်ခုကို ထွေးထုတ်လိုက်၏။
ထိုသလင်းကျောက်က ဘေးတစ်ဖက်သို့ ရောက်သွားကာ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင် ဖြစ်လာသည်။ထိုတည်နေရာရွှေ့ပြောင်းခြင်းအစီအရင်သည် ခိုင်မာခြင်းမရှိဘဲ ပျက်စီးမည့် အရိပ်လက္ခဏာ ပြသလာသည်။
ဝမ်လင်းက ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “ယောင်ရှင်းရွှယ်က ဒီအစီအရင်ထဲမှာ ရှိပါတယ်…”
သူက သွေးဘိုးဘေးကို ဆက်၍ လှည့်ပတ်နေခြင်း မပြုတော့ပေ။ သွေးဘိုးဘေးသည် နှစ်သောင်းနှင့်ချီ၍ ကျင့်ကြံခဲ့သူ ဖြစ်သဖြင့် လှည့်ပတ်ကြံစည်ခြင်းတွင် သူ့ထက် သာရန်သာ ရှိနေ၏။ သည်လိုလူမျိုးကို လှည့်စားခြင်းကလည်း ယုတ္တိမရှိပေ။ သူက ထိုအရာကို နားလည်ပြီးသည့်နောက် သူ့ဖုန်းကွယ်ထားသည့် အကြံအစည်သည် ပေါ်တင်ဇာတ်ညွှန်းတစ်ခု ဖြစ်လာခဲ့တော့သည်။
တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ကို ပစ်လွှတ်လိုက်ပြီးနောက် ဝမ်လင်းက အစိတ်အပိုင်းမြေ၏ အနီးအနားရှိ ဟင်းလင်းပြင်ရှိရာသို့ မြန်ဆန်စွာ နောက်ဆုတ်သွားသည်။
“သွေးဘိုးဘေး…ငါက သင့်ကို အခွင့်အရေးတစ်ခု ပေးခဲ့ပြီ။ ဒါက သင့်အပေါ်မှာပဲ မူတည်တော့တယ်။ သင်က ငါ့ကို ယုံကြည်ဖို့ အရင်ဆုံးသင့်ရဲ့ ရိုးသားမှုကို ပြဖို့နဲ့ သင့်ကတိကို အမှန်တည်ကြောင်း ပြဖို့ လိုအပ်တယ်။ အဲ့ကျရင် ငါကလည်း ငါ့ရဲ့ ရိုးသားမှုစိတ်ရင်းကို ပြန်ပြပေးမယ်။ သင်က ငါ့ကို ယုံကြည်နေသ၍ ငါကလည်း သင့်ကို ယုံကြည်နေမှာပါ…”
“ဒါပေမဲ့ သင်က အစီအရင်ထဲကို ဝင်ရောက်ခြင်း မရှိဘဲ ငါ့ကိုနောက် လိုက်လာရင်တော့ သင်က ငါ့ကို မယုံတာဖြစ်သလို သင့်ကတိကလည်း လီစယ်တာ ဖြစ်လိမ့်မယ်။ ဒါဆိုရင် ငါ့ရဲ့ ရက်စက်မှုနဲ့ နတ်ဘုရားတစ်ပါးလို သင့်ကို သတ်တဲ့အတွက် ငါ့ကို အပြစ်မတင်ပါနဲ့…”
ဝမ်လင်းမျက်လုံးက တလက်လက် ဖြစ်နေသည်။သူက အခွင့်ရေးသာရှိခဲ့ပါက သွေးဘိုဘေးနှင့် ရန်သူ မဖြစ်ချင်ပေ။ အတင်းအကြပ် အခြေအနေတစ်ခုကြောင့်သာ မဟုတ်ပါက သူသည် သေးဘိုးဘေး၏သမီး ယောင်ရှင်းရွှယ်ကို ချုပ်နှောင်ထားမိခဲ့မည် မဟုတ်ပေ။
သွေးဘိုးဘေးက တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို တစ်ချက် ကြည့်လိုက်၏။ သူ့နတ်ဘုရားအာရုံဖြင့် စစ်ဆေးကြည့်လိုက်သည့်နောက် သူက ယောင်ရှင်းရွှယ်၏အော်ရာကို ချက်ခြင်း ခံစားမိလိုက်သည်။ သူက တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ထဲသို့ မဝင်ရောက်သေးသော်လည်း သူ့သမီး၏အော်ရာ ရှိနေကြောင်းကို သိခဲ့ပေ၏။သည်တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်သည် ယောင်ရှင်းရွှယ်ရှိရာနေရာသို့ အမှန်ပင် ခေါ်သွားနိုင်လေသည်။
သူက ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ရာ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ရှေ့သို့ ရောက်သွား၏။ သူ့လက်ကို ဆန့်ထုတ်လိုက်သည့်အခါ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်သည် မရေမတွက်နိုင်သောအလင်းစက်များအဖြစ်သို့ ပြိုပျက်သွားသည်။ထိုအလင်းစက်များက သူ့ညာလက်ထဲ၌ သလင်းကျောက်တစ်ခုအဖြစ်သို့ ပြန်သိပ်သည်းသွားလေသည်။
သိပ်မကြာခင်တွင် သူက ရုတ်တရက်လှည့်လာကာ မြန်ဆန်စွာနောက်ဆုတ်နေသော ဝမ်လင်းထံသို့ သုန်မှုန်စွာ ကြည့်လိုက်၏။ သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “ငါ့သမီးကို ဒီလောက်နှစ်ရာချီ ချုပ်ထားတဲ့လူကို ငါက ဘယ်လိုလုပ် ခွင့်လွှတ်ပေးနိုင်ပါ့မလဲ။ငါက တာအိုကျိန်ဆိုမှုကိုလည်း မယုံကြည်ဘူး။ ဒီတော့ ငါက သူ့ကို ဘာလို့ မသတ်နိုင်ရမှာလဲ….” သတ်ဖြတ်ခြင်းစိတ်ဆန္ဒက သူ့ထံကနေ ထိုးထွက်ပေါက်ကွဲထွက်လာသည်။သူက ခြေတစ်လှမ်းလှမ်းကာ ဝမ်လင်းနောက်သို့ ချက်ခြင်း လိုက်တော့၏။
ဝမ်လင်းက ဟင်းလင်းပြင်ထဲ၌ မိုးကြိုးကွင်းဆက်ကနေ လွတ်မြောက်အောင် သွားနေရင်း သူ့နောက်မှ သတ်ဖြတ်ခြင်းစိတ်ဆန္ဒတစ်ခု ရိုက်ခတ်လာလေ၏။သူက သက်ပြင်းချမိ၏။ သူ့မျက်လုံးကလည်း အေးစက်လာခဲ့တော့သည်။
“သွေးဘိုးဘေး…ဒါက သင်ရဲ့ ရွေးချယ်မှု ဖြစ်မှတော့ ငါ့ကို အပစ်မတင်ပါနဲ့တော့…”
သွေးဘိုးဘေးက ဝမ်လင်းနောက်သို့ လိုက်လာရင်း သူ့မျက်လုံးထဲ၌လည်း သတ်ဖြတ်ချင်စိတ်အပြည့် ဖြစ်လို့နေ၏။ ခြေလှမ်းအနည်းငယ်ဖြင့် သူက နီးကပ်လာခဲ့ပြီး သူ့လက်ကို ပင့်မြှောက်လိုက်၏။ သူက ကြမ်းကြုတ်စွာ ဖိချလိုက်ရာ ဟင်းလင်းပြင်တစ်ခုလုံးသည် တုံ့ဆိုင်းသွားခဲ့သည်။
ဝမ်လင်းခြေထောက်အောက်ရှိ မိုးကြိုးကွင်းဆက်သည် ချက်ခြင်း ပျက်စီးသွားကာ အလယ်ကနေ အောက်ထိ အက်ကွဲသွားသည်။ တစ်ချိန်တည်းမှာပင် ဟင်းလင်းပြင်က သွေးပင်လယ်တစ်ခု ဖြစ်လာကာ ဝမ်လင်းကို ဝန်းရံလွှမ်းခြုံသွားသည်။
“သန့်စင်ပစ်စမ်း…” ဟိန်းသံတစ်ချက်နှင့်အတူ ပတ်ဝန်းကျင်ရှိ သွေးပင်လယ်သည် ဆူပွက်လာသည်ဟု ထင်ရကာ ဝမ်လင်းထံသို့ တရကြမ်း တိုးဝင်လာချေသည်။ပင်လယ်က ဝမ်လင်းခန္ဓာကိုယ်ထဲသို့ ချက်ခြင်း ဝင်ရောက်သွား၏။ယင်းသွေးပင်လယ်က ကောင်းကင်ဘုံသက်တော်စောင့်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားကာ ၎င်းခန္ဓာကိုယ်အတွင်းရှိ ဝမ်လင်း၏ နတ်ဘုရားအာရုံကို လွှမ်းခြုံလာ၏။
ဖော်ပြနိုင်စွမ်းမရှိသော နာကျင်မှုက သူ့ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့လာသည်။ကောင်းကင်ဘုံသက်တော်စောင့်အတွင်းရှိ ဝမ်လင်း၏ နတ်ဘုရားအာရုံသည် အလွန်အမင်း နာကျင်မှုကို ခံစားလိုက်ရသည်။
ထိုအခိုက်အတန့်၌ ကောင်းကင်ဘုံသက်တော်စောင့်၏ ခန္ဓာကိုယ်က တောက်ပလာခဲ့၏။ ၎င်းက သွေးပင်လယ်၏ သန့်စင်မွန်းမံခြင်းကို ခုခံနိုင်သည်ဟု ထင်ရကာ မွန်းမံခြင်းဖြစ်စဉ်အား အရှိန်လျော့နည်းသွားစေသည်။
သို့သော် ထိုသွေးပင်လယ်တစ်ခုတည်းနှင့် မပြီးသေးချေ။ သွေးရောင်အလင်းတန်းတစ်ခုက ထိုးထွက်လာပြီးနောက် ဟင်းလင်းပြင်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွား၏။ ၎င်းက အမှန်တကယ်ပျောက်ကွယ်သွားခြင်း မရှိသေးဘဲ ဝမ်လင်း၏ အစစ်အမှန်ခန္ဓာကိုယ် ပုံးကွယ်နေသော နေရာသို့ နီးကပ်လာခဲ့ခြင်း ဖြစ်တော့၏။
သွေးဘိုးဘေး၏ အမုန်းတရားက အထွတ်အထိပ်သို့ ရောက်ရှိနေ၏။ သူက ဝမ်လင်း၏ ကိုယ်ပွား တစ်ဖြစ် ကောင်းကင်ဘုံသက်တော်စောင့်၏ခန္ဓာကိုယ်အတွင်းမှ နတ်ဘုရားအာရုံကိုလည်း မွန်းမံပစ်ချင်နေသည်။သူက ဝမ်လင်း၏ပုန်းအောင်းနေသော ခန္ဓာကိုယ်အစစ်အမှန်ကိုလည်း သေသည့်အထိ သန့်စင်ပစ်ချင်နေခြင်းပင်။
ဝမ်လင်း၏ အစစ်အမှန်ခန္ဓာကိုယ် ပုံးအောင်းနေသော အစိတ်အပိုင်းမြေသည် ချက်ခြင်း အနီရောင် လွှမ်းခြုံလာသည်။ မြေပြင်က သွေးပင်လယ်ကဲ့သို့ ဖြစ်လာကာ ဝမ်လင်းထံသို့ တဖြည်းဖြည်း စုဝေးလာ၏။ အနီရောင်အလင်းတန်းက မြေကြီးထဲသို့ ထွင်းဖောက်လာကာ အနီရောင်အပ်တစ်ခုအဖြစ် သိပ်သည်း၍ ဝမ်လင်းထံသို့ တိုးဝင်လာတော့သည်။
သူက ထိုအပ်နှင့် ထိမှန်ခြင်း ခံလိုက်ရသည်နှင့် ဝမ်လင်း၏ မူလစိတ်ဝိညာဉ်သည် ပျက်စီးသွားကာ ချက်ခြင်း သေဆုံးရမည် ဖြစ်၏။
မြေအောက်ထဲ၌ ပုန်းအောင်းနေရင်း ဝမ်လင်းသည် ရုတ်တရက် မျက်လုံးပွင့်လာခဲ့၏။သူက လီယွမ်ပေးခဲ့သော အတားအဆီးအလုံးကို ထုတ်ယူကာ သူ့ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်ဖြင့် ကောင်းကင်ဘုံသား၏ သိုလှောင်နေရာလွတ်ထဲက အတားအဆီးတစ်ဝက်ကို ဖျက်စီး ပျက်ပြိုစေလိုက်သည်။ တစ်ချိန်တည်းမှာပင် သူက မြေအောက်ကနေ ထိုးထွက်လိုက်၏။ အပ်ကလည်း သူ့နောက်သို့ အလွန်နီးကပ်စွာ လိုက်ပါလာသည်။
“သွေးဘိုးဘေး…ဒီနေရာလွတ်ပျက်စီးသွားရင် သင့်သမီးအသက်ရှင်နိုင်မလား ငါ သေချာမသိဘူး…” ကောင်းကင်ဘုံသက်တော်စောင့် ခန္ဓာကိုယ်ထဲရှိ ဝမ်လင်း၏ မူလစိတ်ဝိညာဉ်အပိုင်းသည် ငြီးတွားလိုက်ရပြီးနောက် သူ့နောက်ဆုံးစကားကို ပြောကာ ပျက်စီးသွားတော့၏။
သွေးဘိုးဘေးက တည်နေရာရွှေ့ပြောင်းခြင်းသလင်းကျောက်ထံမှ ပျက်စီးတော့မည့် လှိုင်းများကို ခံစားမိလိုက်ရချိန်၌ သူ့အမူအရာက ပြောင်းလဲသွားသည်။သူက ဝမ်လင်း သို့မဟုတ် တစ်ဝက်တိတိ မွန်းမံခြင်းခံထားရသောကောင်းကင်ဘုံသက်တော်စောင့်နှင့် အချိန်ဆက် မဖြုန်းတော့ပေ။ သူက သလင်းကျောက်ကို ပစ်လွှတ်လိုက်ပြီးနောက် ၎င်းကို တည်ငြိမ်သွားအောင် ချိပ်ပိတ်လိုက်၏။
ထိုအခါ သလင်းကျောက်သည် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင် အဖြစ်သို့ ပြောင်းလဲသွားသည်။သည်တစ်ကြိမ်က ထိုအစီအရင် နောက်ဆုံးအကြိမ်အဖြစ် ဖွင့်လှစ်လာခြင်း ဖြစ်တော့၏။
တည်နေရာရွှေ့ပြောင်းခြင်းအစီအရင် ဖွင့်လှစ်လာသည်နှင့် အစီအရင်၏ အတွင်းဘက်မှ အဖျက်အစီးအော်ရာတစ်ခုသည် စိမ့်ထွက်လာခဲ့၏။ သို့ရာတွင် သွေးဘိုးဘေးက ထိုအော်ရာနှင့် ပတ်သတ်၍ စဉ်းစားနေရန် အချိန်မရှိတော့ဘဲ သုန်မှုန်စွာဖြင့် အစီအရင်ထဲသို့ လှမ်းဝင်လိုက်သည်။
သွေးဘိုးဘေး၏ပုံရိပ်က ပျောက်ကွယ်သွား၏။ သူက သိုလှောင်နေရာလွတ်ထဲသို့ ဝင်လိုက်သည့်အခိုက်မှာပင် သူ့အသွင်က ကြီးစွာ ပြောင်းလဲသွားသည်။ သူ့ဗဟုသတနှင့် သူက သည်နေရာသည် ကောင်းကင်ဘုံသားတစ်ယောက်၏ သိုလှောင်နေရာလွတ်တစ်ခုဖြစ်ကြောင်း ချက်ခြင်း သိလိုက်သည်။
သူ့နှလုံးသားထဲမှ အေးစိမ့်မှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။သူက ထိုသို့ သေဆုံးခြင်းနှင့်နီးကပ်သည့် ခံစားမှုမျိုးကို မခံစားရသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့လေပြီ။ သူက ရှေ့ဖြစ်ဟောသူကို အကြိမ်များစွာ စိမ်ခေါ်ခဲ့စဉ်ကပင် ထိုသို့ မခံစားခဲ့ရပေ။
ခုချိန်၌ သူ့နှလုံးခုန်သံက မြန်ဆန်စွာ ခုန်ပေါက်နေ၏။ သူက သည်ကောင်းကင်ဘုံသားများ၏ သိုလှောင်နေရာလွတ်များအကြောင်းနှင့် ပတ်သတ်၍ သေချာနားလည်ထား၏။
သူက သည်သိုလှောင်နေရာလွတ်ကသာ ပျက်စီးသွားခဲ့ပါက အထဲရှိ အရာအားလုံးသည်လည်း ပျက်စီးရလိမ့်မည်ကို သိနေ၏။ သူက သွေးစိတ်ဝိညာဉ်ဆေးလုံးကို အသုံးပြုလျှင်ပင် ထိုသို့သော အဖျက်အစီးအားကို ခုခံဖို့အတွက် မလုံလောက်ပေ။
“သေစမ်း…ဒီကောင် ဝမ်လင်းက ဘယ်လိုများ ဒီလို သိုလှောင်နေရာလွတ်ကို ရှာတွေ့ခဲ့တာလဲ။ ရှေ့ဖြစ်ဟောသူလို ပုဂ္ဂိုလ်တောင် ဒီလိုမျိုး နေရာကို တွေ့ဖို့ ကံကောင်းမှ ရမယ်။ ဝမ်လင်း…မင်းနဲ့ငါက ဒီကမ္ဘာမှာ အတူတွဲရှိလို့ မရတဲ့လူတွေပဲ…”
သွေးဘိုးဘေးက အံတင်းတင်း ကြိတ်ထား၏။ သူက သည်နေရာသို့ ဝင်လာသည်နှင့် သူ့သမီး၏အော်ရာကို ကောင်းစွာ ခံစားမိလိုက်သည်။သူက တောင်ကြားတစ်ခုထံသို့ ဦးတည်သွားကာ ယောင်ရှင်းရွှယ်ကို ပိတ်လှောင်ထားသည့် အတားအဆီးအလုံးကို ချက်ခြင်း ရှာတွေ့သွား၏။
သူက ထိုအတားအဆီးများကို ဖြေရှင်းနေရန် အချိန်မရှိသဖြင့် ယင်းအတာအဆီးအလုံးကို မြန်ဆန်စွာ သိမ်းဆည်းလိုက်သည်။
ခုချိန်၌ ဝမ်လင်းသည်လည်း သွေးဘိုးဘေ၏ အနီရောင်အပ်မန္တာန်၏ လိုက်လံခြင်းကို ခံနေရပေသည်။ သူက သိုလှောင်နေရာလွတ်ထဲရှိ အတားအဆီးအားလုံးကို အသက်သွင်း၍ ဖျက်စီးပစ်လိုက်၏။
“သင်က ငါ့ကို သတ်ချင်နေမှတော့…ငါကလည်း သင့်ကို အဲ့နေရာမှာ အရင်ဆုံး ရအောင် သတ်ပစ်မယ်…”
ဝမ်လင်းက သူ့ခန္ဓာကိုယ်ပေါ်ရှိ တည်နေရာကိုးခုထံသို့ လက်ဖြင့် တောက်လိုက်ရာ သူ့အမြန်နှုန်း ပိုတိုးသွား၏။အနီရောင်အပ်ကတော့ သူ့နောက်သို့ လိုက်ပါလာနေတုန်းပင်။
ယောင်ရှင်းရွှယ်၏ အတားအဆီးအလုံးကို ကိုင်ထားရင်း သွေးဘိုးဘေးသည် အရူးအမူး လှုပ်ရှားနေ၏။ စောစောပိုင်းတုန်းက သူ့တည်ငြိမ်မှုသည်လည်း ပျောက်ကွယ်သွားခဲ့ချေပြီ။သူက ခုချိန်၌ အရူးတစ်ယောက်ကဲ့သို့ ဖြစ်နေ၏။ သူက သူ့နတ်ဘုရားအာရုံဖြင့် ပျက်စီးပျောက်ပျက်မသွားအောင် လုပ်ထားသော တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ထံသို့ အရူးအမူး ဦးတည်သွားနေသည်။
သူ့ပတ်ပတ်လည်ရှိ သိုလှောင်နေရာလွတ်က စတင် ပျက်စီးလာနေကာ တောင်နှစ်လုံးပင် ချက်ခြင်း အပိုင်းပိုင်း ပျက်စီးသွားကြ၏။ သည်ဧရိယာ၌ အရာရာကို ဖျက်စီးနိုင်သောစွမ်းအားက ကြီးစိုးနေခဲ့သည်။
“ဝမ်လင်း…ငါ ဒီနေရာကနေ လွတ်လာတာနဲ့ ကောင်းကင်ဘုံထိပဲ လိုက်ရလိုက်ရ ငရဲကိုပဲဆင်းရဆင်းရ မင်းကို သတ်ပစ်ဖို့ ကျိန်ဆိုတယ်…”
***