Switch Mode

အခန်း(၆)

ကျွန်တော်မျိုး တကယ်ကို မလုပ်နိုင်လို့ပါ

အခန်း (၆) : ကျွန်တော်မျိုး တကယ်ကို မလုပ်နိုင်လို့ပါ

ရှန်အောင်းအသံကို နားထောင်ကြည့်ရသည်မှာ တော်တော်ငယ်သေးမည့်ပုံ ရှိသည်။ သို့သော် မာန်မာနလည်း အတော်တက်နေပုံရသည်။

ကျင့်ကြံရေးလောကထဲမှာ ပါရမီရှင်တွေက သူများတွေထက် ထူးကဲသာလွန်ကြသည်ဆိုတော့ မာန်ထောင်ကြသည်ပေါ့လေ…

သို့သော် သူ့ဝမ်းကွဲအစ်ကိုတော်က ဒီတစ်ကြိမ်မှာ လွယ်လွယ်လေးနှင့် သူ့ကို အလျှော့ပေးလိုက်၍ ရှန်ထျန်းက အံ့သြသွားသည်။

ပြောရမည်ဆိုလျှင်… အင်း … သူဖတ်ဖူးသမျှ ဝတ္ထုတွေ အားလုံး၏ ထုံးစံအတိုင်းသာဆိုလျှင် ရှန်အောင်းက ရှန်ထျန်း ချင်ကောင်းကို ကယ်လို့မရအောင် တားဆီးရမှာလေ…

ပြီးလျှင် သူတို့နှစ်ယောက် တစ်ယောက်နှင့်တစ်ယောက် အသည်းအသန် တိုက်ကြခိုက်ကြမည်… ပြီးလျှင် ရှန်ထျန်းက ချင်ကောင်းကို ခေါ်ပြီး ထွက်သွားနိုင်မည်။

သြော်… ပြီးတော့ ကာတွန်းကားဆန်ဆန် အကွက်လည်း ရှိသေးသည်…

ရှန်ထျန်းနှင့် ရှန်အောင်းတို့ အနိုင်မခံ အရှုံးမပေးတမ်း စကားနိုင်လုကြမည်။ နောက်ဆုံးမှာ ရှန်ထျန်းက ရှန်အောင်းကို သူ မှားနေမှန်း လက်ခံလာအောင် ပြောပြနိုင်သွားမည်။ သည်လိုနှင့် ရှန်အောင်းက ရှန်ထျန်းနှင့် ချင်ကောင်းတို့ကို ကြည်ကြည်ဖြူဖြူ ထွက်သွားခွင့်ပေးလိုက်မည်။

စိတ်မကောင်းစရာက… အခုတော့… ဒါတွေအကုန် ဘာမှဖြစ်မလာခဲ့ပေ။ ရှန်အောင်းက အလျှော့ပေးလိုက်ပြီလေ…

ဒါတကယ့်ကို အဓိပ္ပာယ်မရှိတာပဲ… နန်းတွင်းထဲမှာ မင်းသား(၆)က ခေါင်းမာပြီး ဆုံးဖြတ်ပြီးသားကိစ္စကို ပြန်ပြင်လေ့မရှိဘူးဆိုတဲ့ ကောလာဟလတွေမှ အများကြီးပဲကို…

………………

“ဟိုဟာလေ… အစ်ကိုတော်… ဒီကုန်းကုန်းက တော်တော်လေး အရိုက်ခံထားရတယ်ဆိုတော့ သူ သေသွားမှာလားဟင်… သူ့ဒဏ်ရာတွေကို ကုရအောင်လို့ ကုသဆေးလုံးလေး နည်းနည်းပါးပါးလောက် မပေးချင်ဘူးလား”

ရှန်ထျန်းက ချင်ကောင်းကို စိတ်ပူစွာ ကြည့်လိုက်သည်။ ချင်ကောင်းက အနည်းဆုံး အချက်(၇၀)လောက် အရိုက်ခံထားရသည်။ တချို့နေရာတွေမှာဆို အရိုးတွေကိုတောင် မြင်နေရပြီ။ ထိုနေရာတွေကို ကြည့်လိုက်ရုံနှင့်တင် ရှန်ထျန်းက သေအောင် နာမည်မှန်း ခံစားလို့ရသည်။

ဒါကို ဒီတိုင်းသာ ထားလိုက်ရင် သေချာပေါက် ချင်ကောင်းအတွက် အငြိုးထားစရာ ကိစ္စကြီး ဖြစ်သွားတော့မှာပဲ…

လီကုန်းကုန်းက ရှန်ထျန်းတစ်ယောက် ဆေးလုံးတောင်းနေတာကို ကြားသောအခါ အမြန်ပြောလိုက်သည်။

“မင်းသား(၆)ပိုင်သမျှ ဆေးဝါးတိုင်းက အရမ်းရှားပါးတဲ့ဟာတွေချည်းပဲ… ဘာဖြစ်လို့ သူ့လိုလူတစ်ယောက်အတွက် သုံးပေးရမှာလဲ”

ရှန်ထျန်းမှာ နှုတ်ခမ်းတွန့်သွားရသည်။

ဘယ်လိုတောင် တုံးတဲ့လူလဲဟ… ငါက မင်းရဲ့မင်းသားလေးကို ဖြစ်လာနိုင်တဲ့ ဘေးဆိုးကနေ လွတ်အောင် ကူညီပေးနေတာကွ… သိရဲ့လား…

သူ့ဒဏ်ရာတွေကိုသာ ကုပေးလိုက်ရင် နောင်ခါကျ လက်တုံ့ပြန်တဲ့အနေနဲ့ မင်းတို့ကို သင်ခန်းစာပေးရုံလောက်ပဲ ပြန်လာလောက်တယ်။ ဆေးလေးတောင် ကုမပေးရင်တော့… ဒီလူ ဒုတိယမြောက် “နတ်ဆိုးဟူးဂါ” အဖြစ် ပြန်လာတဲ့အချိန်ကျရင် ငါတို့အားလုံးကို မီးရှို့ပြာချပစ်လိမ့်မယ်ကွ…

နန်းဆောင်ထဲက မင်းသား(၆)ကလည်း ရှန်ထျန်းတစ်ယောက် ဆေးဝါးတောင်းရဲသည်အထိ မျက်နှာပြောင်တိုက်ရဲလိမ့်မည်လို့ မထင်ထားမိပေ။

သူက ခဏလောက် ငြိမ်နေပြီးမှ ပြောလိုက်သည်။

“အင်း… ရတယ်လေ”

နန်းဆောင်ထဲကနေ ကျောက်စိမ်းပုလင်းတစ်လုံး လွင့်ထွက်လာပြီး ရှန်ထျန်းလက်ထဲ ရောက်ရှိသွား၏။

ကျောက်စိမ်းပုလင်းကို အရည်အသွေးကောင်း ကျောက်စိမ်းတစ်ခုကနေ ပြုလုပ်ထားကာ အထဲမှာ ဆေးလုံးနီနီတွေ တစ်ဒါဇင်စာ ရှိနေသည်။ ပုလင်းကို ဖွင့်မကြည့်ရသေးသည့်တိုင် ဆေးနံ့တစ်ခုက လေထုထဲမှာ ပျံ့လွင့်နေလေ၏။

ဒီဟာတွေက အထွတ်အထိပ်အဆင့် ဆေးလုံးတွေဆိုတာ အသိသာကြီး…

“ဒါတွေက ကုသဆေးလုံးတွေ… ယူသွားလိုက်ပါ…

လီ… သူတို့ကို လိုက်ပို့လိုက်တော့”

………………

လီကုန်းကုန်းက မယုံကြည်နိုင်ဘဲ မျက်လုံးပြူးကြီးနှင့် စိုက်ကြည့်လိုက်သည်။ ကုသဆေးလုံးတွေ၏ တန်ဖိုးကို သူ သိသည်လေ…

ဒီဆေးလုံးတွေ၏ အဓိကပါဝင်ပစ္စည်းတွေက တောနက်ထဲမှာပဲ ရှာတွေ့နိုင်သော နှစ်တစ်ရာဂျင်ဆင်းနှင့် ဆေးလင်ဇီးမှိုတို့ ဖြစ်သည်။ မင်းသား(၆)က ဒါတွေကို ကိုယ်တိုင်ဖော်စပ်ဖို့ နှစ်လလောက် အချိန်ယူခဲ့ရသည်။

ဘယ်လိုပြင်းထန်သော ဒဏ်ရာပဲရရ၊ ဆေးတစ်လုံးတည်းနှင့်တင် အကုန်ပျောက်သွားစေနိုင်စွမ်း ရှိသည်။ ပုံမှန်အတိုင်းဆို ရွှေပေးပြီးဝယ်လျှင်တောင် ဆေးတစ်လုံးရဖို့ အရမ်းခက်သည်မျိုး…

ဒါကို မင်းသား(၁၃)က တောင်းတာနဲ့ပဲ မင်းသား(၆)က တစ်ပုလင်းလုံး အလကား ပေးလိုက်ရောတဲ့လား… သူတို့တွေ ဘယ်တုန်းကများ ဒီလောက်ကြီးရင်းနှီးသွားကြတာပါလိမ့်…

လီကုန်းကုန်းက အမိန့်အတိုင်း သူတို့ကို ပြန်လိုက်ပို့ပြီးနောက် နန်းဆောင်ဆီသို့ ပြန်သွားလိုက်သည်။

နန်းဆောင်တံခါးမကြီးက ပိတ်ထားလေ၏။ သည်တော့ လီကုန်းကုန်းမှာ အူကြောင်ကြောင်နှင့် အပြင်ဘက်မှာပဲ ရပ်နေရလေသည်။

နည်းနည်းလောက် ကြာလာတော့ သူလည်း မအောင့်အီးနိုင်တော့ဘဲ မေးလိုက်၏။

“အရှင့်သား… ကျွန်တော်မျိုးကို မေးခွန်းတစ်ခုလောက် မေးခွင့်ပြုပါ”

ရှန်အောင်း၏ အသံက နန်းဆောင်ထဲကနေ ထွက်လာသည်။

“မေးလေ”

လီကုန်းကုန်းက မေးလိုက်သည်။

“ချင်ကောင်းက သေလောက်တဲ့အပြစ်ကို ကျူးလွန်ထားတာ… အဲ့ဒါကို အရှင့်သားက သူ့ကို ခွင့်လွှတ်လိုက်တဲ့အပြင် ဒဏ်ရာကုဖို့ ဆေးလုံးတွေတောင် ပေးလိုက်သေးတယ်။ အဲ့ဒါ… ကျွန်တော်မျိုး နားမလည်နိုင်ဘဲ ဖြစ်မိပါတယ်”

ရှန်အောင်းက တည်တည်ငြိမ်ငြိမ်နှင့် ပြောပြလိုက်သည်။

“ကံတရားဆိုတာ တကယ့်ကို ထူးဆန်းတဲ့အရာပဲ… ကျင့်ကြံရေး လမ်းကြောင်းက လူတိုင်းမှာ သူ့ကံနဲ့သူ ရှိကြတယ်။

ငါရဲ့အုတ်မြစ်အခြေတည်ခြင်းက မကြာခင် အောင်မြင်တော့မယ်… အဲ့ဒါပြီးရင် ငါ ထိုက်ပိုင်ချိုင့်ဝှမ်းဆီကို သွားလို့ရပြီ။ ဒါဆို ငါ့ရဲ့အနာဂတ်က အရမ်းကို အောင်မြင်သွားလိမ့်မယ်…

ဝမ်းကွဲညီတော်လေးရဲ့ ကံတရားက “အရမ်းကိုထူးခြားတယ်” လို့ ပြောလို့ရတယ်။ ဒီအတောအတွင်းက ငါ့အတွက် တကယ် အရေးကြီးတဲ့အချိန် ဖြစ်နေတယ်။ ဒါကြောင့် သူ့ကို ရှောင်နေလိုက်တာ အကောင်းဆုံးပဲ”

ပြောချင်သည်က… ရှန်ထျန်း အင်မတန် ကံဆိုးလွန်းကြောင်းကို ဖြစ်သည်။

ရှန်အောင်းက လက်ရှိအဆင့်ကို ကျော်လွှားနိုင်လုနီးနီး ဖြစ်နေပြီ။ ရှန်ထျန်း၏ တည်ရှိမှုကတင် သူ့အပေါ် အဆိုးတွေ သက်ရောက်လာစေပြီး ချီဖောက်လွဲဖောက်ပြန် ဖြစ်သွားစေမှာကို သူက စိုးရိမ်နေသည်လေ…

လီကုန်းကုန်းက ထပ်မေးလိုက်ပြန်သည်။

“ဒါပေမဲ့ ဒီအကြောင်းသာ သတင်းပျံ့သွားခဲ့ရင် လူတွေက အရင်ကလောက် အရှင့်သားအပေါ် မလေးစားတော့မှာကို ကျွန်တော်မျိုး စိုးရိမ်မိပါတယ်”

ရှန်အောင်းက ပြုံးလိုက်သည်။

“ထာဝရရှန်သန်သူတစ်ယောက်ရဲ့ သက်တမ်းက အရမ်းကိုရှည်တယ်။ အဲ့ဒါနဲ့ယှဉ်ရင် နန်းတွင်းအရှုပ်အထွေးတွေနဲ့ ပဋိပက္ခတွေက ဘာမှမဟုတ်တော့ဘူး။ စိတ်ထဲထားနေစရာမလိုဘူး”

လီကုန်းကုန်းက ပြောလိုက်သည်။

“အရှင့်သားပြောတာ သင့်မြတ်လှပါတယ်။ ကျွန်တော်မျိုး အခုတော့ နားလည်သွားပါပြီ”

“ကောင်းပြီ။ မင်းအခု သွားလို့ရပြီ… ပြန်သွားပြီး ရေချိုးလိုက်တော့… ငါ ထွက်မလာမချင်း ဒီနေရာနားကို မကပ်နဲ့”

…………………..

ရှန်ထျန်းကတော့ မင်းသား(၆)ရဲ့နန်းဆောင်မှာ ဖြစ်ပျက်သွားသည်များကို မသိရှာပေ။

သူက ချင်ကောင်းကို ဘယ်လိုနေရာချပေးရမှန်း မသိဘူးဖြစ်နေသည်။

ငါ့ရဲ့အစေခံအဖြစ် ခေါ်ထားလိုက်ရမလား…

ဒါက အကြံကောင်းတော့ မဟုတ်တန်ရာပေ။ အကြောင်းမှာ အဓိကဇာတ်ကောင်တွေဆိုသည်မှာ သူတို့ဘေးနားက လူတွေအတွက် ဘေးဒုက္ခဆင်းရဲတွေ ဖြစ်ပေါ်စေတတ်သောအမျိုးလေ…

အဓိက ဇာတ်လိုက် တော်တော်များများအတွက် သူတို့၏ ဆရာတွေ၊ ချစ်ရသူတွေနှင့် သူငယ်ချင်းတွေဟာ ခဏခဏ ဒဏ်ရာရကြလေ့ရှိသည်။ တစ်ခါတစ်လေဆို သေတောင် သေသွားကြရသေးသည်။

ဒီလိုမျိူး အဖြစ်ဆိုးတွေ မရှိခဲ့ဘူးဆိုရင်လည်း သူတို့ကိုယ်သူတို့ အဓိက ဇာတ်ကောင်တွေပါလို့ ခေါ်နိုင်ဖို့ရာ ခက်သွားပြန်ဦးမည်။

သူ့ပုံမှန်မဟုတ်သည့် ဆိုးဝါးလှသော ကံဇာတာကြောင့် ဒီလိုစွန့်စားမှုမျိုးကို မလုပ်သင့်ဘူးဟု ရှန်ထျန်းက ခံစားမိသည်။ ဒါက သူ့အသက်ကိုပါ ထိခိုက်လာနိုင်သည်လေ။

ဒါဆို… ချင်ကောင်းကို ဒီတိုင်း တစ်ယောက်တည်း ပစ်ထားလိုက်ရမလား…

ဒါလည်း သိပ်မသင့်တော်ပြန်ပေ။ ရှန်အောင်း၏ ကုန်းကုန်းက ချင်ကောင်းကို ဆိုးဆိုးရွားရွား ရိုက်နှက်ထားသည်လေ။ သည်ဟာပြီးသွားလျှင် နောက်ထပ် ဘာပြဿနာတွေ ထပ်ရောက်လာဦးမလဲဆိုတာ ဘယ်သူမှ မသိနိုင်ချေ။

ထိုမျှသာမက… ချင်ကောင်းက လောလောဆယ်အထိ ရှန်ထျန်းရှာတွေ့သမျှထဲမှာ တော်တော်ကြီးကို ကောင်းသော ကံတရားရှိသည့် တစ်ဦးတည်းသောသူ ဖြစ်သည်။ ထို့ကြောင့် သူက အစမ်းသပ်ခံကောင်း တစ်ခုလည်း ဖြစ်နေပြန်သည်။

သူတို့၏ ရောင်ဝါစက်ဝန်းကနေ ကံကောင်းခြင်း အတွေ့အကြုံတွေနှင့် ရုပ်ပုံတွေပေါ်နေသောလူဆိုလို့ ချင်ကောင်းအပြင် တခြားဘယ်သူ့ကိုမှ ရှန်ထျန်း မမြင်ရသေးပေ။

ချင်ကောင်းက ရှန်ထျန်း၏ ကံကြမ္မာကို ပြောင်းလဲဖို့ တစ်ခုတည်းသော အခွင့်အရေးပင်…

……………………….

ချင်ကောင်းက ကုသဆေးလုံးတစ်လုံး သောက်ပြီးသွားသည့်နောက်မှာ တော်တော်လေး သက်သာသွားသည်။ မင်းသား(၁၃)က ရောက်လာပြီး သူ့အသက်ကို ကယ်တင်ပေးခဲ့၍ သူက ကျေးဇူးတွေ အရမ်းကို တင်နေမိသည်။

သို့သော် ရှန်ထျန်း၏ အကြည့်စူးစူးတွေ သူ့အပေါ် ကျရောက်လာသည့်အခါမှာတော့ ချင်ကောင်းတစ်ယောက် ထိတ်လန့်လာမိသည်။

မင်းသား(၁၃)က တကယ်ကြီး… ဟိုဒင်းဟိုဟာများလား….

မင်းသားလေးက သူ့အသက်ကို ကယ်ခဲ့မှန်း ချင်ကောင်း သိပါသည်။ ပြီးတော့ တကယ်လည်း ကျေးဇူးအထူးတင်မိပါ၏။ ထို့ကြောင့် လိုလိုချင်ချင်နှင့်ကို မင်းသားလေးလက်အောက်မှာ တာဝန်ထမ်းဆောင်ပြီး သူ့အစေခံလုပ်နိုင်ပါသည်။

သို့ပေမဲ့… ဟိုဒင်းဟိုဟာကိုတော့ ချင်ကောင်း တကယ့်ကို မလုပ်နိုင်ပါ…

မင်းသား(၁၃)ဟာဆိုရင် အရမ်းကို ခန့်ညားပါတယ်… ချောလည်း ချောမောပါရဲ့… သူ့ရုပ်ရည်က သန်းထောင်ချီတဲ့ မိန်းကလေးတွေကို ကြွေသွားစေနိုင်တာလည်း မှန်ပါတယ်။ ဒါပေမဲ့… ချင်ကောင်းက ကောင်လေးတစ်ယောက်လေ…

မိန်းကလေးတွေကိုပဲ စိတ်ဝင်စားတဲ့ ကောင်လေးတစ်ယောက်ဗျ…

ဒါက သူ့နောက်ဆုံးစည်းပဲ။

တကယ်လို့များ… မင်းသားလေးက အတင်းအကျပ် လုပ်လာခဲ့ရင်ကော… ငါဘာလုပ်သင့်လဲ…

ထိုအတွက်လည်း ချင်ကောင်းမှာ အဖြေမရှိပါလေ…

သူက ခဏလောက် ချီတုံချတုံ ဖြစ်နေပြီးမှ မေးလိုက်သည်။

“အရှင့်သား… ကျွန်တော်မျိုးကို ဘာကြောင့်ကယ်တာလဲဟင်”

ရှန်ထျန်းက ဟိုဟိုဒီဒီ လျှောက်တွေးပြီး ပူနေရာမှ အသိပြန်ကပ်သွားကာ ဖြေလိုက်သည်။

“ငါ မင်းကို ဘာကြောင့်ကယ်တာလဲ ဟုတ်လား… အင်း… ကံတရားကြောင့်မို့လို့ပေါ့”

ဘာကြီး…

ချင်ကောင်းက အဖြေကြောင့် အံ့သြသွားကာ

“အရှင့်သား… ကျွန်တော်မျိုးကို လာနောက်နေတာလား”

“မဟုတ်တာ… မနောက်ပါဘူးကွ”

ရှန်ထျန်းက လက်ခါပြလိုက်ပြီး “ဒီနေ့ကစပြီး မင်း လန်နန်းဆောင်မှာ နေရမယ်။ ပြီးတော့ အောက်ခြေသိမ်းအလုပ်တွေကို မင်း လိုက်လုပ်စရာမလိုဘူး။ လိုအပ်တဲ့အချိန်မှာ ငါမင်းကို ရှာတွေ့နိုင်ရင် ရပြီ”

ရှန်ထျန်းက ချင်ကောင်းကို သူ့အနားမှာထားပြီး ဆက်လက် စောင့်ကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။ ချင်ကောင်း တခြား ဘယ်အလုပ်ကိုမှ မလုပ်ရပါက ချင်ကောင်းကို အစေခံတစ်ယောက်ဟု သတ်မှတ်နိုင်တော့မည် မဟုတ်ပေ။ သည်လိုဆို သူ့အဓိက ဇာတ်ကောင် အရှိန်အဝါက ရှန်ထျန်းအပေါ် သက်ရောက်မှု သိပ်ရှိတော့မည် မဟုတ်ပေ။

အနည်းဆုံးတော့ သူသေမှာ မစိုးရိမ်ရတော့ဘူးပေါ့…

အင်း… ဒါတွေက ရှန်ထျန်း၏ သာမန်အတွေး ရိုးရိုးရှင်းရှင်းလေးတွေသာ… သို့သော် ချင်ကောင်းကတော့ တလွဲကောက် တွေးလိုက်လေရဲ့…

အလုပ်လုပ်စရာမလိုဘဲ ဆက်သွယ်လို့ ရရုံပဲတဲ့လား…

ဒါက ကုန်းကုန်းတစ်ယောက်ကို ဆက်ဆံရမယ့်ပုံစံမျိုးမှ မဟုတ်တာ…

ချင်ကောင်းတစ်ယောက် ငိုချင်နေပြီလေ… ရက်ရက်စက်စက် ညှင်းပန်းနှိပ်စက်မှုကနေ လွတ်လာတာမှ မကြာသေးဘူး… အခု သူက မင်းသားလေးနဲ့ အိပ်ဖို့ လိုသွားပြန်ပြီတဲ့လား…

အရှင်မင်းသားရေ အရှင်မင်းသားရဲ့… ကျွန်တော်မျိုး တကယ်ကို မလုပ်နိုင်လို့ပါ…

Comment

  1. ဆောင်းရတီ says:

    up

  2. Yemin Maung says:

    ဘယ်လိုဝယ်ရမလဲ

Leave a Reply

Options

not work with dark mode
Reset