ဝမ်လင်းက ဒုတိယတောင်ကြား၏ ဝင်ပေါက်ကို ကြည့်လိုက်သည်။ သူ ရပ်နေသော နေရာက ဗလာကင်းမဲ့နေသည်ဟု ထင်ရ၏။ သူက ရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းလိုက်ပြီးနောက် သူ့ပတ်လည်ကို သေချာကြည့်လိုက်သည်။ထို့နောက် သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေလိုက်ရာ အတားအဆီးတစ်ခုသည် ပျံသန်းထွက်လာခဲ့သည်။
ထိုအတားအဆီးများက လေထဲ၌ အစိတ်အပိုင်းဆယ့်လေးခုအထိ ခွဲထွက်သွားပြီး တောင်ကြားထဲသို့ တိုးဝင်သွားသည်။ဝမ်လင်းက ထိုအတားအဆီးများ ဝင်သွားကာ တစ်ခုခုက ၎င်းတို့ကို စားသွားသကဲ့သို့ ပျောက်ကွယ်သွားသည်ကိုလည်း သေချာကြည့်နေရင်း သူ့မျက်လုံးက တောက်ပနေသည်။မည်သည့်လှိုင်းတွန့်မှလည်း ဖြစ်ပေါ်သွားခြင်း မရှိပေ။
ဝမ်လင်းမျက်လုံးက ကျဉ်းမြောင်းသွားသည်။ အနည်းငယ်တုံ့ဆိုင်းပြီးသည့်နောက် သူ့မျက်လုံးထဲ၌ အဖြေတစ်ခု ရလာဟန် ပေါ်သည်။သူ့ညာလက်ဖြင့် အတားအဆီးများကို ထပ်မံ ဖြစ်ပေါ်စေလိုက်ပြန်သည်။သို့ရာတွင် သည်တစ်ကြိမ်၌ အချိန်ပိုယူကာ အတားအဆီးဆယ့်နှစ်ခုကို ဖြစ်ပေါ်စေလိုက်သည်။ ထိုအတားအဆီးဆယ့်နှစ်ခုမှ တစ်ခုစီသည် အပိုင်းဆယ့်လေးခုအဖြစ်သို့ ခွဲထွက်သွားကြသည်။
ထိုအတားအဆီးများသည် မက်မွန်ပန်းပွင့်အသွင် ရှိကာ ဝင်ပေါက်ထံသို့ ပျံသန်းတိုးဝင်သွားသည်။ဝမ်လင်းသည် ၎င်းပန်းပွင့်တို့နောက်သို့ ချက်ခြင်း လိုက်ပါသွား၏။ အတားအဆီးများ တောင်ကြားထဲသို့ ရောက်သွားသည်နှင့် သူ့တတိယမျက်လုံးကိုလည်း ဖွင့်လှစ်လိုက်သည်။ အနီရောင်အလင်းတန်းက ဖျပ်ခနဲ လင်းလက်သွားခြင်းနှင့်အတူ ဝမ်လင်းသည် ဝင်ပေါက်ထဲရှိ မမြင်ရသောအလင်းအကာတစ်ခုကို မြင်နိုင်သွား၏။
မက်မွန်ပန်းပွင့်အတားအဆီးများက ထိုအလင်းမျက်နှာပြင်နှင့် ထိမိသွားသည်နှင့် မိစ္ဆာအရိပ်တစ်ခု ပေါ်လာကာ ၎င်းတို့အား ချက်ခြင်း ဝါးမြိုသွားသည်။ တတိယမျက်လုံး၏ အကူအညီဖြင့် မ်လင်းသည် ထိုအလင်းမျက်နှာပြင်နှင့် အလင်းမှုန်များဖြင့် ဖွဲ့စည်းထားသော မိစ္ဆာအရိပ်တို့အား ရှင်းလင်းစွာ မြင်လိုက်ရသည်။
ဝမ်လင်း၏ မျက်လုံးက လင်းလက်နေသည်။သူက ချက်ခြင်းနောက်သို့ ဆုတ်၏။အတွေးတစ်ချက်ဖြင့်ပင် မက်မွန်ပန်းများသည်လည်း သူနှင့်အတူ နောက်ဆုတ်လာသည်။ မိစ္ဆာအရိပ်က အနည်းငယ် တုံ့ဆိုင်းသွားဟန် ဖြစ်ပြီးနောက် အတားအဆီးမက်မွန်ပန်းများနောက်သို့ လိုက်ပါလာတော့သည်။
ဤအခိုက်အတန့်၌ ဝင်ပေါက်ရှိ အလင်းမျက်နှာပြင်သည် ပါးလွှာကာ မိစ္ဆာအရိပ်သည် ချဲ့ထွက်လာသည်။ ဝမ်လင်းက သူ့မျက်ခုံးနှစ်ခုကြားမှ ခပ်စူးစူးနာကျင်မှုကို ခံစားလိုက်ရသည်။ ထိုသို့ဖြစ်ခြင်းက သူ့တတိယမျက်လုံး၏ အကန့်အသတ်သို့ ရောက်လာသည့် အရိပ်အယောင် ပြသခြင်းပင်။
သူက တုံ့ဆိုင်းခြင်းမရှိ ရှေ့သို့ တိုးဝင်လိုက်သည်။သူက အလွန်မြန်ဆန်စွာ လှုပ်ရှားလိုက်ရာ ချက်ခြင်းပင် မိစ္ဆာအရိပ်ကို ဖြတ်ကျော်သွားပြီး ပါးလွှာသောအလင်းမျက်နှာပြင်နားသို့ တိုက်ရိုက် ရောက်ရှိသွားသည်။ သူက အလင်းမျက်နှာပြင်နှင့် ထိမိသည့်အခိုက်တွင် ဝမ်လင်းသည် လက်မြှောက်ကာ လင်းထျန်ဟူ၏ ဓားစွမ်းအင်ကို သူ့လက်ချောင်းထိပ်သို့ ရွှေ့လျားစေလိုက်သည်။ သူက ထိုဓားစွမ်းအင်ကို ထုတ်လွှတ်ခြင်း မပြုဘဲ သူ့လက်ချောင်းပေါ်တွင်သာ ထိန်းသိမ်းထား၍ အလင်းမျက်နှာပြင်ကို ဖိချလိုက်သည်။
အလင်းမျက်နှာပြင်က တုန်ခါသွားပြီးနောက် ပျံ့နှံ့ကာ အဟတစ်ခု ဖြစ်ပေါ်သွား၏။ ဝမ်လင်းသည် တုံ့ဆိုင်းခြင်းမရှိ တိုးဝင်လိုက်၏။
ထိုအရာများအားလုံးက အချိန်တိုအတွင်း ဖြစ်ပျက်သွားခြင်းပင်။ မမြင်ရသော မိစ္ဆာအရိပ်သည် ဆက်ခနဲ ပြန်လှည့်လာကာ တိတ်တဆိတ် ဟိန်းသံ ပြုသည်။ထို့နောက် အလင်းစက်များအားလုံးသည် ၎င်း၏ ခန္ဓာကိုပေါ်တွင် စုဝေးသွားကာ ဝမ်လင်းနောက်သို့ တရကြမ်းလိုက်လာ၏။
ငရဲမှအတွင်းဘက်မှ ထွက်ပေါ်လာသည်ဟု ထင်မှတ်ရသော အေးစက်စက်လေပြင်းက သူ့အား ဖြတ်သန်းတိုက်သွားချိန်၌ ဝမ်လင်းသည် သူ့ဦးရေပြားပင် ထုံထိုင်းသွားသည်ဟု ခံစားလိုက်ရ၏။သူ့တတိယမျက်လုံးသည်လည်း အချိန်အတန်ကြာ တောင့်ခံထားနိုင်တော့မည် မဟုတ်ဘဲ အလိုလို ပြန်စေ့လာ၏။ သူက တောင်ကြားထဲသို့ ဝင်လိုက်သည့်အချိန်၌ သူ့မြင်ကွင်းသည် လုံးဝခြားနားသွားတော့သည်။
တောင်ကြား၏ မြေပြင်က အညိုရောင်ရှိကာ မရေမတွက်နိုင်သော အရိုးစုများသည် မြေပြင်ထက်၌ ဖုံးလွှမ်းနေ၏။ ထိုအရိုးစုများက နေရာတိုင်းတွင် ရှိနေကာ အနည်းဆုံး သောင်းချီရှိပေသည်။
အချို့အရိုးစုများ၏ အတွင်းဘက်၌ ထူးဆန်းသော အင်းဆက်ပိုးကောင်အချို့လည်း ရှိနေသည်။ ၎င်းအင်းဆင်များက အရိုးများအပေါ်၌ တစိမ့်စိမ့် ကိုက်ဝါးနေကာ တစီစီအသံလှိုင်းများကို ပေးစွမ်းနေသည်။
ထိုတောင်ကြား၏ အလယ်တွင်တော့ ဓားတိုရှစ်ခု ထိုးစိုက်နေသည်။ထိုဓားတိုများ၏ အော်ရာနှင့် ပုံပန်းအသွင်က အရင်ပထမဆုံးတောင်ကြားထဲက ဓားတိုနှင့် ချွတ်ဆွတ်တူနေသည်။ယင်းဓားတိုများသည် ကလန်တစ်ခုတည်းက ပိုင်ဆိုင်သည်မှာ ရှင်းလင်းနေ၏။
ထိုဓားတိုရှစ်လက်၏ အလယ်၌ သားရဲဦးခေါင်းခွံကြီး တစ်ခု ရှိနေသည်။၎င်းဦးခေါင်းခွံတွင် ငေါထွက်နေသော အရိုးလေးခု ရှိကာ မနှစ်လိုဖွယ်အော်ရာကို ပေးစွမ်းနေ၏။
ဝမ်လင်းက တောင်ကြားထဲဿို့ ချက်ခြင်းတိုးဝင်ကာ ထိုသားရဲဦးခေါင်းခွံအနားသို့ ရောက်ရှိသွားသည်။ထိုအခိုက်အတန့်၌ ဓားတိုရှစ်လက်သည် ချက်ခြင်းပင် ဓားစွမ်းအင်ကို ထုတ်လွှတ်လာကာ ဝမ်လင်းထံသို့ ဦးတည်ဝင်လာသည်။
အခုချိန်၌ ဝမ်လင်း၏ ရှေ့တွင် ဓားစွမ်းအင်တန်းများရှိကာ သူ့နောက်တွင် မိစ္ဆာအရိပ်တို့ ညှပ်ပူးညှပ်ပိတ် ရှိနေကြသည်။ သည်လို အခြေအနေ၌ ဝမ်လင်းသည် ထိတ်ပျာသွားခြင်းမရှိဘဲ သူ့မျက်လုံးက တည်ငြိမ်လျက်သာ ရှိနေသည်။ ဓားစွမ်းအင်က နီးကပ်လာသည်နှင့် ဝမ်လင်းက လက်ညှိုး ညွှန်လိုက်၏။
ရပ်တန့်ခြင်းမန္တာန်…။
သည်မန္တာန်က လူများကိုသာ ရပ်တန့်စေနိုင်သည် မဟုတ်ပေ။
ထိုဓားတိုများသည် သာမန်မဟုတ်ကြပေ။ သို့သော် ရပ်တန့်ခြင်းမန္တာန်သည်ကလည်း သာမန်မန္တာန်တစ်ခု မဟုတ်ပါ။ ဝမ်လင်းသည် ၎င်းတို့ကို သူ့ကျင့်ကြံမှုအဆင့်ကြောင့် အချိန်အတန်ကြာ ရပ်တန့်နိုင်စွမ်း မရှိသေးသော်လည်း သူက ခဏတာတော့ တန့်သွားအောင် လုပ်နိုင်ပေ၏။
သူက ဓားတိုများကို ရပ်တန့်လိုက်ပြီးနောက် သားရဲအရိုးထံသို့ တိုက်ရိုက် လှမ်းဝင်သွားသည်။ မမြင်ရသောမိစ္ဆာအရိပ်ကလည်း ဝမ်လင်းနောက်သို့ ချက်ခြင်း လိုက်ပါလာ၏။ သူက မိစ္ဆာအရိပ်ကို မမြင်နိုင်သော်လည်း သူ့ပတ်လည်၌ အေးစက်စက်အော်ရာကို ခံစားမိသည်သာ ဖြစ်သည်။
သူက အခုအခိုက်အတန့်ကို စောင့်ဆိုင်းနေခြင်း ဖြစ်၏။ အကြောင်းရင်းက သူသည် တတိယမျက်လုံးကိုလည်း ဆက်၍ ထိန်းသိမ်းထားနိုင်စွမ်း မရှိတော့သလို သူ့နတ်ဘုရားအာရုံကိုလည်း ဖြန့်ကျက်နိုင်ခြင်း မရှိသည့်အတွက် သူက ၎င်းမိစ္ဆာအရိပ်နှင့် ရင်ဆိုင်လိုပါက ၎င်းက သူ့ကို ဝါးမြိုရန် ကြိုးစားသည့်အချိန်သည် အကောင်းဆုံးအခိုက်အတန့် ဖြစ်ပေလိမ့်မည်။
ဝမ်လင်းက နောက်သို့ လှည့်ခြင်းမပြုဘဲ သူ့မျက်ခုံးနှစ်ခုကြားမှ ကျာပွတ်အရိပ်တစ်ခုသည် လက်ခနဲ ဖြစ်သွား၏။ ကံကြမ္မာကျာပွတ်သည် သူ့ရှေ့တွင် ပေါ်လာကာ ဆန့်ထွက် ရိုက်ချသွားသည်။ထိုအခါ လေဟာနယ်ထဲကနေ အွတ်ခနဲ ညီးညူသံတစ်ခု ထွက်ပေါ်လာ၏။
တစ်ချိန်တည်းမှာပင် ဝမ်လင်းသည် သူ့ပတ်လည်ရှိ အေးစက်စက်အော်ရာသည် ပျံ့ကျဲပျက်စီးသွားသည်ဟု ခံစားလိုက်ရ၏။သူက ရပ်တန့်ခြင်းမရှိဘဲ အရာအားလုံးကို အလိုက်သင့် လုပ်ဆောင်နေခြင်း ဖြစ်တော့သည်။သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေကာ သားရဲဦးခေါင်းခွံအရိုးပေါ်သို့ နေရာချကာ ၎င်းကို ကောက်ယူ၍ သိုလှောင်အိတ်ထဲသို့ ထည့်သိမ်းလိုက်သည်။
ထိုအရာများအားလုံးက ချက်ခြင်းလိုလို ဆက်တိုက် ဖြစ်ပျက်သွားခြင်းပင်။ သည်အခိုက်အတန့်၌ ဓားတိုရှစ်လက်ကလည်း ပြန်လွတ်လပ်သွားကာ ဝမ်လင်းနောက်သို့ တဝီဝီလိုက်ပါလာသည်။
တောင်ကြားက ကြီးမားလှခြင်းမရှိရာ သူက ခပ်မြင့်မြင့် ပျံသန်းနိုင်ခြင်း မရှိပေ။ သည်လို ကျဉ်းမြောင်းသည့်နေရာ၌ ဝမ်လင်းသည် ဓားတိုရှစ်လက်ကို ရှောင်ရချိန်၌ သနားဖွယ် အခြေအနေသို့ ဆိုက်ရောက်သွားရတော့၏။
မမြင်ရသောမိစ္ဆာပုံရိပ်သည် အသိဉာဏ်ရှိသည့်အလား ၎င်း၏ အေးစက်စက်အော်ရာကို ကွယ်ဝှက်လိုက်သည်။၎င်းက ဝမ်လင်းကို ဝါးမြိုခါနီးအခိုက်အတန့်၌သာ သူ့ကိုယ်သူ ဖော်ပြပေသည်။ ဝမ်လင်းက ဝါးမြိုခံရနီးပါး ဖြစ်ဖြစ်သွားသည်။ သည့်အပြင် ၎င်းက ထွက်ပေါ်ကိုပါ ပိတ်ဆို့ထားကာ ဝမ်လင်း တောင်ကြားထဲက ထွက်ခွာမသွားနိုင်အောင် တားဆီးထားသေးသည်။
ဝမ်လင်း၏ မျက်လုံးများက အေးစက်လာခဲ့၏။ သူ့နောက်ရှိ ဓားတိုများက ဖြန့်ကျက်ကာ မတူညီသော ရှုထောင့်လေးခုကနေ သူ့ထံသို့ ရောက်လာကြသည်။ ၎င်းဓားတိုများထံမှ ထွက်ပေါ်လာသော ဓားစွမ်းအင်တွင် ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များ ပါဝင်နေသည်။
ထို့အပြင် သည်ဓားတိုများက တစ်ခုနှင့်တစ်ခု ယှက်လိမ်နွယ်ကာ သတ်ဖြတ်ခြင်းစိတ်ဆန္ဒပြည့်နေသော ဓားအစီအရင်တစ်ခုလိုပါ ဖြစ်ပေါ်နေသေးသည်။
ဤကဲ့သို့ ဖြစ်နေလျှင်ပင် ပြဿနာမဟုတ်သေးဘဲ အချိန်အချို့ကြာပြီးနောက် ဝမ်လင်းသည် ထွက်သွားနိုင်စွမ်း ရှိသေးသည်။သို့ရာတွင် သူက သားရဲအရိုးကို ကောက်ယူလိုက်သည့်အခိုက်တွင် မြေပြင်ပေါ်တွင် ရှိနေသော မရေမတွက်နိုင်သောအရိုးစုများထံကနေ အစိမ်းရောင်မြူခိုးငွေ့များက စတင် ထွက်ပေါ်လာကြသည်။ ထိုအစိမ်းရောင်မြူခိုးငွေ့များက အမျိုးမျိုးသော အရိပ်များအသွင်ပြောင်း၍ ဝမ်လင်းထံသို့ တိုးဝင်လာနေကြသည်။
ထိုမြူများအပြင် အရိုးစုများအပေါ်ရှိ အင်းဆက်ပိုးကောင်များသည်လည်း တစ်စုံတစ်ခုက နှိုးဆွလာသကဲ့သို့ ဝမ်လင်းထံသို့ တဟုန်ထိုး တိုးဝင်လာကြသေးသည်။
ဝမ်လင်းက ခေါင်းကျိန်းနေမိပေပြီ။ခုချိန်၌ မည်သည့်လွတ်လမ်းမှ မရှိတော့သကဲ့သို့ ထင်ရသည်။ တောင်ကြားတစ်ခုလုံးက ချိပ်ပိတ်ထားသကဲ့သို့ ဖြစ်နေသည်။ ဝမ်လင်း မျက်လုံးက တလက်လက်ဖြစ်နေကာ ကြမ်းကြုတ်ရက်စက်ဟန် ဖြစ်လာသည်။
“ဒီနေရာက သဘာဝအတိုင်း ဖြစ်ပေါ်နေတာ မဟုတ်ဘူး။ဒါတွေအကုန်လုံးက ပြင်ပကနေ ရယူထားတာ။ ဒီတော့ ဒီတောင်ကြားက အခြေခိုင်မှု မရှိဘူးလို့ ဆိုလိုတယ်…”
ဝမ်လင်းက ဘေးတစ်ဖက်သို့ ရွှေ့ကာ ဓားတို၊အစိမ်းရောင်မြူခိုးနှင့် အင်းဆက်ပိုးကောင်များကို ရှောင်ရှားပြီးနောက် တောင်ပေါ်ရှိ အငူစွန်းတစ်ခုပေါ်သို့ နီးကပ်သွားသည်။
သူက မာန်သွင်းကာ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များ စုစည်းထားသော သူ့ညာလက်ကို ပင့်မြောက်လိုက်ပြီး သူ့ခန္ဓာကိုယ်ထဲရှိ မိုးကြိုးနှင့်အတူ သူ့လက်ကို အောက်သို့ လွှဲချလိုက်သည်။ မြေပြင်က တစစီပေါက်ကွဲထွက်သွားကာ ပေါက်ကွဲသံများက တောင်ကြားအနှံ့ပျံ့နှံ့လို့သွားသည်။
တောင်၏ အပိုင်းအစများစွာသည် ပြိုလဲကာ အတောမသပ်နိုင်သော ဖုန်မှုန်များသည် လွင့်စင်ထွက်ကုန်ကြသည်။ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်သည်လည်း နေရာအနှံ့သို့ ပျံ့နှံ့သွားကြသည်။ ငါးကီလိုမီတာ အကွာတွင် ရှိနေသော လီယွမ်သည်ပင် ကြောင်ငေးမှင်သက်လို့သွားသည်။ သူက တောင်ကြားအတွင်း၌ မည်သို့ ဖြစ်ပျက်နေသည်ကို မသိပေ။ သို့သော်လည်း သူက မြေပြင်၏ တုန်ခါမှုကို ခံစားမိကာ မရေမတွက်နိုင်သော တောင်အစိတ်အပိုင်းများက ပြိုလဲကျသည်ကို တွေ့မြင်နေရ၏။
လီယွမ်ဘေးနားရှိ ကောင်းကင်ဘုံသက်တော်စောင့်သည်လည်း ဝမ်လင်းနှင့် ချိတ်ဆက်နေပေသည်။ သူက ဘေးတစ်ဖက်သို့ ခြေလှမ်းကာ တောင်ရှိရာသို့ တုံ့ဆိုင်းခြင်းမရှိ လက်သီးဖြင့် ထိုးချလိုက်သည်။ နောက်ထပ် ကျယ်လောင်သော တုန်ဟီးသံတစ်ခု ထပ်မံ ထွက်ပေါ်လာသည်။
လီယွမ်သည် လေအေးတစ်ချက် ရှိုက်သွင်းမိလိုက်သည်။ သူက ဝမ်လင်း၏ အကြံဉာဏ်ကို ခပ်ရေးရေး ခန့်မှန်းမိသွားကာ သူ့နှလုံးသားပင် အရူးအမူး ခုန်ပေါက်မိတော့၏။ သူက မဖြစ်ညစ်ကျယ်ပြုံးကာ သည်ရောင်းရင်းရှု၏ အကြံဉာဏ်များသည် တစ်ခါတစ်လေ တုန်လှုပ်ဖွယ်ကောင်းလှသည်ဟု တွေးလိုက်မိပေသည်။သားပင် အ
ဝမ်လင်း၏ ခွန်အားသပ်သပ်ဖြင့်ဆိုပါက သူက သည်တောင်ကို လှုပ်ခါယမ်းရုံလောက်သာ တက်နိုင်၍ ဖျက်စီးနိုင်လိမ့်မည် မဟုတ်ပေ။ သို့ရာတွင် ကောင်းကင်ဘုံသက်တော်စောင့်ကတော့ ခြားနားပေသည်။ ၎င်း၏ခန္ဓာကိုယ်က အလွန်သန်မာလှကာ ထိုလက်သီးချက်ထိုးချပြီးသည့်နောက် တောင်၏ တုန်ခါမှုသည် ပို၍ ပြင်းထန်လာခဲ့သည်။
တောင်ကြားထဲ၌ ဝမ်လင်း၏မျက်လုံးများသည် နီရဲနေကာ သူက တော်ကို ဆွဲကိုင်ကာ နှုတ်ယူပစ်နေသည်။ တစ်ချိန်တည်းမှာလည်း ကောင်းကင်ဘုံသက်တော်စောင့်က ဖိအားအောက် ပိုရောက်နေ၏။ ၎င်းက ၎င်း၏လက်များကို တောင်ထဲသို့ ထိုးစိုက်ထားကာ တောင်ကို ဆယ်ပေလောက်ကြွသည့်အထိ ပင့်မထားပေသည်။
တောင်ကြားအနှံ့တွင် ကျယ်လောင်သော တုန်ခါသံက ပျံ့နှံ့လျက် ရှိ၏။ သိုလှောင်နေရာလွတ်တစ်ခုလုံးပင် တုန်ခါလျက်ရှိလာ၏။ ကောင်းကင်ဘုံသက်တော်စောင့်က တောင်ကို ပင့်မြှောက်ကာ တောင်အောက်သို့ ဝင်ရောက်လိုက်၏။ ၎င်း၏ခန္ဓာကိုယ်က ရွှေရောင်တောက်ပမှုကို ထုတ်လွှတ်လာကာ ၎င်းသည် တောင်တစ်ခုလုံးကို ကျောပေါ်သို့ မတင်ထားလိုက်တော့သည်။
ပြင်းထန်သော တုန်ခါမှုလှိုင်းများက တောင်ကြားအပေါ်သို့ သက်ရောက်ကာ ဓားတိုရှစ်လက်သည် တန့်သွားခဲ့၏။ အစိမ်းရောင်မြူခိုးငွေ့များကိုတော့ ဝမ်လင်းက လုံးဝ လစ်လျူရှုထားကာ သူက တောင်အောက်သို့ ဝင်၍ ပင့်မြှောက်လိုက်တော့၏။
လေဟာနယ်အက်ကြောင်းက မည်မျှ များပြားပါစေ ၎င်းတို့သည် တောင်၏ ဖိသိပ်မှုကို ခံလိုက်ရကာ ပျက်စီးသွားကြသည်။ အမြင့်တစ်ခုထိ ရောက်အောင် ပင့်မလိုက်ပြီးနောက် ကောင်းကင်ဘုံသက်တော်စောင့်သည် ထိုတောင်ကို အောက်သို့ ပြန်ပစ်လွှတ်ချလိုက်သည်။
မြေပြင်က တုန်ခါလာကာ သိုလှောင်နေရာလွတ်တစ်ခုလုံးပင် ပျက်စီးလုနီးပါးဖြစ်လာသည်ဟု ထင်မှတ်ရပြီး ပိုများပြားသော အက်ကြောင်းများ ပေါ်လာခဲ့တော့၏။
ထိုတောင်က ကောင်းကင်ထက်ကနေ အက်ကွဲကြောင်းများ ရှိနေသော မြေပြင်ပေါ်သို့ ကျရောက်သွားကာ ၎င်းအက်ကြောင်းတို့အပေါ်သို့ လုံးဝ ရိုက်ချသွားသည်။ဝမ်လင်းက ထိုအခွင့်အရေးကို အသုံးပြု၍ တောင်ကြားထဲကနေ တဟုန်ထိုး ထိုးထွက်လိုက်၏။ မမြင်ရသော မိစ္ဆာအရိပ်ပင် သဲလွန်စမရှိပျောက်ကွယ်သွားကာ မည်သူကမျှ ၎င်းဘယ်နေရာသို့ ရောက်သွားသည်ကို မသိနိုင်တော့ချေ။
ဝမ်လင်းက တောင်ကြားထဲကနေ ထွက်လာပြီးနောက် အမောတကော လေရှုသွင်းလိုက်၏။ သူက ရှေ့တည့်တည့်သို့ လှမ်းကြည့်လိုက်သည်။ သူက တတိယတောင်ကြားပင် သက်ရောက်မှု ရှိသွားသည်ကို တွေ့မြင်လိုက်ရ၏။သည်အခိုက်အတန့်၌ တတိယမြောက်တောင်ကြားထဲကနေ အတားအဆီးအလင်းများက မရေမတွက်နိုင်အောင် ဖြာထွက်လာကြသည်။ထိုတောင်၏ သက်ရောက်မှုကြောင့် အတားအဆီးများစွာက ပျက်စီးပြိုပျက်သွားသည့်ပုံပင်။
“ဒီသိုလှောင်နေရာလွတ်ရဲ့ ပိုင်ရှင် ကောင်းကင်ဘုံသားက တစ်စုံတစ်ယောက်ဟာ ဒီနေရာရဲ့ အတားအဆီးတွေကို တောင်ကို လှုပ်ရမ်းခါပြီး ဖျက်စီးလိုက်လိမ့်မယ်လို့ ဘယ်တော့မှ တွေးမိမှာ မဟုတ်ဘူးလို့ ငါ ထင်မိတယ်…”
ဝမ်လင်းက သူ့ခန္ဓာကိုယ်ကို ဟန်ချက်ပြန်ညှိပြီးနောက် တတိယမြောက်တောင်ကြား ရှိရာသို့ တဟုန်ထိုး ဆက်တိုးဝင်သွားသည်။သူ့ပန်းတိုင်က ရှေးဟောင်းနတ်ဘုရား၏သားရေချပ်ဝတ်ပင် ဖြစ်တော့၏။ ခုတောင်ကြားနှစ်ခုလုံး၌ ၎င်းချပ်ဝတ်က ရှိပုံမရသည့်အတွက်ကြောင့် ၎င်းချပ်ဝတ်သည် တတိယတောင်ကြားထဲတွင် ရှိပေလိမ့်မည်။
လီယွမ်က လေအေးတစ်ချက်ရှိုက်သွင်းလိုက်၏။သူ့မျက်လုံးထဲရှိ တုန်လှုပ်နေမှုကလည်း ဖြည်းဖြည်းချင်း ပြန်တည်ငြိမ်သွားသည်။ထို့နောက် သူက ဝမ်လင်းနောက်သို့ လိုက်ပါသွားသည်။
ကောင်းကင်ဘုံသက်တော်စောင့်ကတော့ စွမ်းအင်အများကြီး သုံးစွဲခဲ့ရပြီး ဖြစ်သည်။၎င်းက တစ္ဆေအရိပ်သို့ ပြန်ပြောင်းကာ ဝမ်လင်း၏ အရိပ်နှင့်အတူ ပြန်ကောင်းမွန်လာရန်အတွက် ပေါင်းစပ်သွားသည်။
ဝမ်လင်းနှင့်လီယွမ်တို့က တတိယတောင်ကြားထံသို့ တိုးဝင်လာနေကြသည်။ သူတို့က နီးကပ်သထက်နီးကပ်လာကြရင်း သိပ်မကြာခင်မှာပင် တတိယတောင်ကြားရှေ့သို့ ရောက်လာကြသည်။
သည်နေရာက တော်တော်လေး ထိခိုက်ပျက်စီးနေခဲ့ပြီ ဖြစ်သည်။ မူလက ကျဉ်းမြောင်းသော တောင်ကြားဝင်ပေါက်သည်လည်း ဆွဲဖွင့်ခြင်း ခံထားရကာ မရေမတွက်နိုင်သော အတားအဆီးအလင်းများက မရပ်တန်း တလက်လက် ဖြစ်နေတော့သည်။ အကြည့်တစ်ချက်ဖြင့်ပင် ဝမ်လင်းက ထိုတောင်ကြားအတွင်း၌ ကျောင်းဆောင်တစ်ခု ရှိနေသည်ကို မြင်လိုက်ရသည်။
ထိုကျောင်းဆောင်က ကြီးမားလှခြင်းမရှိဘဲ အတော်လေး ပျက်စီးနေပြီ ဖြစ်၏။ တံခါးပင် မရှိတော့ပေ။ထိုအထဲ၌ အရိုးစုနှစ်ခု ရှိနေသည်။ တစ်ခုက ရှေးဟောင်းနတ်ဘုရားသားရေချပ်ဝတ်ကို ဝတ်ဆင်လို့ထားသည်။
အခြားအရိုးစုကတော့ မည်သည့်အရာမှ ရှိမနေပေ။ သို့သော် ၎င်း၏ ညာလက်က ရှေးဟောင်းနတ်ဘုရားသားရေချပ်ဝတ်ဝတ်ဆင်ထားသော အရိုးစု၏ ဦးခေါင်းကို ထွင်းဖောက်နေသည်။ထိုလက်ကနေ ရွှေရောင်အလင်းတစ်ခု ထွက်ပေါ်နေ၏။
ဦးခေါင်းခွံက အက်ရာများနှင့် ပြည့်လို့နေသည်။
ဝမ်လင်းက သည်အရိုးစုနှစ်ခု၏ တိုက်ပွဲကို မမြင်ခဲ့ရသော်လည်း သူတို့နှစ်ယောက်ကြား၌ ကြမ်းကြုတ်ရက်စက်သော တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့မည်ဟု စိတ်ကူးကြည့်နိုင်၏။
ဝမ်လင်းက သူ့ညာလက်ကို ဆန့်ထုတ်လိုက်ရာ အရိုးစုတစ်ခုပေါ်ရှိ ရှေးဟောင်းနတ်ဘုရားသားရေချပ်ဝတ်သည် သူ့လက်ထဲသို့ ရောက်ရှိလာတော့သည်။သူက ထိုချပ်ဝတ်နှင့် ထိလိုက်သည့်အခိုက်တွင် ချက်ခြင်းပင် အလွန်ဝမ်းနည်းဖွယ်ကောင်းသော ခံစားမှုကို ရရှိလိုက်၏။
အနီးကပ်ကြည့်လေလေ ထိုသားရေချပ်ဝတ်က ပို၍ ကြမ်းရှကာ ရှေးဟောင်းအော်ရာတစ်ခုကို ပေးစွမ်းနေတော့သည်။ထိုအကြွင်းအကျန်အော်ရာကပင် ပြင်းထန်နေသည်ကို ကြည့်ခြင်းဖြင့် သည်ချပ်ဝတ်ပိုင်ရှင်သည် မည်မျှစွမ်းအားကောင်းကြောင်းကို လူတိုင်း ပြောနိုင်ပေ၏။
လီယွမ်သည်လည်း ရှေ့သို့ ဆက်လျှောက်သွားရာ သူက အခြားအရိုးစုနားသို့ ရောက်သွားသည်။ သူက ထိုအရိုးစု၏ ရွှေရောင်လက်ချောင်းများကို စူးစိုက်ကြည့်နေသည်။ထို့နောက် သူက အသက်ဝဝရှုသွင်းကာ ဆောင့်ကြောင့် ထိုင်ချလိုက်ပြီးနောက် လက်ချောင်းတစ်ခုပြီးတစ်ခုကို ဖြက်တောက်လိုက်သည်။
သူက ခေါင်းမော့ကာ တံခါးမရှိတော့သော ကျောင်းဆောင်သို့ တစ်ချက်ကြည့်လိုက်၏။ သူ့မျက်လုံးသူငယ်အိမ်က ချက်ခြင်း ကျုံ့သွားသည်။သူက လှမ်းပြောလိုက်၏။ “အစ်ကိုရှု…ဒီမှာကြည့်ဦး…”
ဝမ်လင်းကလည်း ခေါင်းမော့ကာ ရှေ့သို့ ခြေလှမ်းအနည်းငယ်တိုးလိုက်ပြီး ကျောင်းဆောင်ကို ကြည့်လိုက်၏။ သူ့စိတ်ဓာတ်အင်အားဖြင့်ပင် သူက လေအေးတစ်ချက်မရှိုက်သွင်းမိဘဲ မနေနိုင် ဖြစ်သွားရသည်။သူက ထိုကျောင်းဆောင်ကို အန္တရာယ်တစ်ခုခုရှိနိုင်လား သေချာ ကြည့်ရှုပြီးနောက် အထဲသို့ လှမ်းဝင်လိုက်သည်။
လီယွမ်ကလည်း ထိုကျောင်းဆောင်ထဲသို့ လှမ်းဝင်လိုက်သည်။
ထိုကျောင်းဆောင်က နှစ်ထပ်ရှိလေ၏။ ပထမတစ်ထပ်တွင် မည်သည့် ဆုတောင်းရှိခိုးမှု ပြုသည့်နေရာမှ ရှိမနေဘဲ ဗလာကင်းမဲ့နေသည်။နံရံပေါ်၌ နံရံဆေးရေးပန်းချီများကို ချိတ်ဆွဲထား၏။
စုစုပေါင်း ပန်းချီကား ကိုးခုရှိ၏။ထိုနံရံပေါ်ရှိ ဆေးရေးပန်းချီကား ကိုးခုကို တစ်ခုပြီးတစ်ခု ကြည့်နေရင်း လီယွမ်၏ မျက်လုံးထဲ၌ ထူးဆန်းသောအလင်းတစ်ခု ပေါ်ထွက်နေသည်။သူက ခပ်တိုးတိုး ပြောလိုက်၏။ “ဒါ…ဒါက ဘယ်လိုမန္တာန်မျိုးလဲ။ဒီလောက် ကြီးမားတဲ့လူက ဘယ်လို ရှိနိုင်ပါ့မလဲ….”
သည်ပန်းချီကားများသည် နှဖူးပေါ်တွင် ကြယ်ရှစ်လုံးရှိသည့် ဧရာမလူကြီးတစ်ယောက်၏ ပုံကို ရေးဆွဲထားခြင်း ဖြစ်သည်။ထိုသူ့ကို မရေမတွက်နိုင်သော အမျိုးမျိုးသော လက်နက်ရတနာများနှင့် ကောင်းကင်ဘုံသားများသည် ဝန်းရံတိုက်ခိုက်နေကြပေသည်။
ကောင်းကင်ဘုံသားများ၏ ခန္ဓာကိုယ်သည် ထိုဧရာမလူကြီးနှင့် ယှဉ်ပါက လုံးဝ မထင်မရှား ဖြစ်နေ၏။ထိုလူကြီး၏ မျက်လုံးများက မထူးခြားနားဟန်နှင့် အေးစက်စက် ဖြစ်နေသည်။
နံရံပေါ်ရှိ နံရံဆေးရေးပန်းချီကား ကိုးခုလုံးသည် ခုလိုမျိုးပုံစံအတိုင်း ရှိနေသည်။
“ကြယ်ရှစ်လုံး…ရှေးဟောင်းနတ်ဘုရား…” ဝမ်လင်းက စဉ်းစားနေရင်းဖြင့် ဒုတိယထပ်ကို မော့ကြည့်လိုက်သည်။ သူက သက်ပြင်းချကာ အပေါ်သို့ ဆက်လျှောက်သွားသည်။ လီယွမ်ကတော့ ပထမထပ်၌သာ သူ့ကိုယ်သူ ခပ်တိုးတိုး ရေရွတ်နေရင်း ကျန်ခဲ့သည်။
တကယ်တော့ ရှေးဟောင်းနတ်ဘုရားများကို သိသည့်သူသည် များများစားစား မရှိလှပေ။
ဒုတိယထပ်ကတော့ ပို၍ ရိုးစင်း၏။ အဝါရောင်ပိတ်သားစ ဖြန့်ခင်းထားသည့် စားပွဲတစ်ခုနှင့် ၎င်း၏ဘေးရှိ စုတ်တံအချို့သာ ရှိလို့နေသည်။ထိုအတွက်ကြောင့် သည်နေရာ၏ အရှင်သခင်သည် ပန်းချီကားများကို ကြိုက်နှစ်သက်ကြောင်း လွယ်လင့်တကူ စိတ်ကူးကြည့်နိုင်သည်။
ထိုစားပွဲ၏ အနီးအနားတွင် အမွှေးတိုင်အိုးတစ်ခု ရှိနေ၏။ထိုအမွှေးတိုင်အိုး၏ အထဲ၌ ဖုန်အနည်းငယ် တက်လို့နေသည်။
ဝမ်လင်းက စားပွဲနားသို့ ရောက်သွားရာ သူက စားပွဲပေါ်ရှိ ပိတ်စပေါ်တွင် ဖိထားသည့် လေးထောင့်တုံးလေးတစ်ခု ရှိနေသည်ကို တွေ့လိုက်ရသည်။ထိုပိတ်စဖိထားသည့်တုံးကနေ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်လှိုင်းများကို ပေးစွမ်းနေသည်။၎င်းအရာက သာမန်မဟုတ်သည်မှာ သိသာပေသည်။သို့ရာတွင် ဝမ်လင်းက ၎င်းပိတ်စဖိထားသည့်တုံးကို မကြည့်ဘဲ ပိတ်စကိုသာ ကြည့်လိုက်၏။
“ကောင်းကင်ဘုံနယ်မြေရဲ့ (၂၇)ခုမြောက် ကပ်ကာလတစ်ခုရဲ့ (၁၆)နှစ်မြောက်မှာ ရှေးဟောင်းအမိန့်(ရှေးဟောင်းနတ်ဘုရား)နဲ့ ကောင်းကင်ဘုံနယ်မြေကြား ဖြစ်ပွားခဲ့တဲ့ ပထမဆုံးစစ်ပွဲမှာ အောင်မြင်မှုနဲ့ အဆုံးသပ်ခဲ့တယ်။ငါ့လက်နက်ရတနာက ပျက်စီးသွားခဲ့ပြီး ဒီနေရာမှာ ပြန်ပြုပြင်ဖို့ လိုအပ်တယ်။ဒါပေမဲ့လည်း ငါ့ရဲ့ စွန့်စားမှုကြောင့် ငါဟာ ၎င်း(ရှေးဟောင်းနတ်ဘုရား) ရဲ့အရေပြား အပိုင်းအစတစ်ခုကို ရရှိခဲ့ပြီး အဲ့အရေပြားနဲ့ ငါက သားရေချပ်ဝတ်တစ်ခုကို ပြုလုပ်ခဲ့တယ်…”
“ကောင်းကင်ဘုံနယ်မြေရဲ့ (၂၇)ခုမြောက် ကပ်ကာလရဲ့ (၁၉)နှစ်မြောက်မှာ တုန်လှုပ်ဖွယ် ပြောင်းလဲမှုတစ်ခု ဖြစ်ပွားခဲ့တယ်။ကောင်းကင်ဘုံအင်ပါယာက ရူးသွပ်သွားပြီး ကောင်းကင်ထက်ကို လက်ညှိုးထိုးလျက် သေဆုံးသွားခဲ့တယ်…ဒီမြင်ကွင်းကို ငါ ကိုယ်တိုင် တွေ့မြင်ခဲ့ရတယ်…”
“ငါက ကောင်းကင်ဘုံသား တစ်ယောက် ဖြစ်လာခဲ့ကတည်းက ရှေးဟောင်းနတ်ဘုရားတွေနဲ့ တိုက်ပွဲဖြစ်တိုင်း ဘယ်တော့မှ ကြောက်ရွှံ့မှု မရှိခဲ့ဘူး။ဒါပေမဲ့လည်း ငါက ဒီမြင်ကွင်းကို တွေ့လိုက်တဲ့အခိုက်မှာ ငါက တွန့်ဆုတ်ကြောက်ရွှံ့သွားခဲ့ရတယ်…။ငါဟာ…ငါ လုံးဝ မမြင်သင့်တဲ့မြင်ကွင်းမျိုးကို တွေ့မြင်ခဲ့ရတယ်…”
“ကောင်းကင်ဘုံသား အများစုက တိုက်ပွဲရင်ဆိုင်နေကြရင်း ငါက လွတ်မြောက်နိုင်ခဲ့တယ်…. ငါ့နောက်ကို ကပ်လိုက်ပါလာတဲ့ မျက်လုံးတစ်စုံ ရှိနေတယ်။ ငါက ငါမြင်တွေ့ခဲ့သမျှကို ပန်းချီဆွဲခဲ့တာ ဖြစ်တယ်…”
ပိတ်စပေါ်ရှိ လက်ရေးမူသည် ကျဲတီးကျဲတောက် မသပ်မရပ်နှင့် အဆုံးသပ်သွားသည်။သည့်အတွက်ကြောင့် ထိုကောင်းကင်ဘုံသားသည် ဤလက်ရေးမူကို ရေးခဲ့ချိန်က မည်မျှ စိတ်ပူပန်နေကြောင်း သိသာနေခဲ့၏။
“ငါက ဒါကို ရေးဆွဲခဲ့တယ်…ဒါပေမဲ့ ဒါက ဘာလဲ…ငါ ရေးဆွဲခဲ့တာက ဘာလဲ…”
ကောင်းကင်ဘုံသား၏ လက်ရေးမူစာသားက သည်နေရာတွင် အဆုံးသပ်လို့သွားသည်။
ဝမ်လင်း၏ မျက်လုံးက အလေးအနက်ဖြစ်လာ၏။ အနည်းငယ် စဉ်းစားပြီးနောက် သူက စားပွဲခုံရှေ့တွင် ထိုင်ချကာ စုတ်တံကို ကောက်ယူလိုက်၏။ သူက ကောင်းကင်ဘုံသား ထိုအရာကို ရေးဆွဲခဲ့ချိန်၌ တိတိကျကျ မည်သို့ ခံစားရမည်ကို ခံစားသိချင်နေမိသည်။
ဘာသာပြန်သူမှတ်ချက် – (လွန်ခဲ့တဲ့ မရေမတွက်နိုင်တဲ့ နှစ်ပေါင်းများစွာ စကြဝဠာကြီး စဖြစ်တည်တဲ့အချိန်မှာ ကောင်းကင်တာအိုနဲ့အပြိုင် တည်ရှိခဲ့တဲ့ လူမျိုးတစ်မျိုး ရှိခဲ့တယ်။ဒီမျိုးနွယ်စုဝင်တွေက စွမ်းအားအရမ်းကောင်းလွန်းခဲ့ကြတယ်။အချို့က အံ့အားသင့်ဖွယ်မန္တန်တွေ ပိုင်ဆိုင်ပြီး သူတို့လက်ကို မှောက်လိုက်လှန်လိုက်လိုက်ရုံနဲ့ တာအိုကို ဖျက်စီးပစ်နိုင်တယ်။ဒီမန္တာန်တွေကို အသုံးပြုပြီး သူတို့က ကောင်းကင်ဘုံကို ဆန့်ကျင်တိုက်ခိုက်ကြတာပဲ။ဒီလူတွေက သတ်ဖြတ်ခြင်းလမ်းစဉ်ကို လျှောက်လှမ်းကြတဲလူတွေလည်း ဖြစ်တယ်။သူတို့က သတ်ဖြတ်သူတစ်ယောက် အဖြစ်ရှင်သန်ပြီး ကောင်းကင်ဘုံကို သေတဲ့အထိ ဆန့်ကျင်တိုက်ခိုက်ခဲ့ကြတယ်…”
“သူတို့က သူတို့ကိုယ်သူတို့ ရှေးအမိန့် လို့ခေါ်တွင်ခဲ့ကြသေးတယ်…”
“နတ်ဘုရားပြစ်ဒဏ်ကလည်း သူတို့ရဲ့ခန္ဓာကိုယ်ကို ဖျက်စီးနိုင်စွမ်း မရှိဘူး။ကောင်းကင်ဘုံရဲ့ခွန်အားကတောင် သူတို့ကို အညံခံလာအောင် မလုပ်နိုင်ခဲ့ဘူး။သူတို့က ကောင်းကင်ဘုံကို ဆန့်ကျင်ဖိဆန်ပြီး ကျင့်ကြံခဲ့တဲ့ ပထမဆုံး သက်ရှိတွေ ဖြစ်ခဲ့ကြတယ်…”
“မရေမတွက်နိုင်တဲ့နှစ်ကာလများစွာ ကြာပြီးတဲ့နောက်မှာတော့ ဒီရှေးအမိန့်လို့ခေါ်တဲ့လူတွေက နှစ်မျိုးကွဲသွားကြတယ်။ ပထမတစ်မျိုးက အဆုံးစွန်သောစွမ်းအားနဲ့ သူတို့ကိုယ်သူတို့ ရှေးဟောင်းနတ်ဘုရားလို့ ခေါ်တွင်ကြတဲ့ သက်ရှိတွေ၊ နောက်တစ်မျိုးကတော့ သတ်ဖြတ်ခြင်းလမ်းစဉ်ကို လျှောက်လှမ်းပြီး အားကောင်းတဲ့ မန္တာန်တွေကို ထိန်းချုပ်နိုင်ပြီး သူတို့ကိုယ်သူတို့ ရှေးဟောင်းနတ်ဆိုးလို့ ခေါ်တွင်ကြတဲ့ သက်ရှိတွေ ဖြစ်တယ်။ သူတို့က ကောင်းကင်ဘုံကို ဖိဆန်ပြီး ကျင့်ကြံတဲ့ ဒုတိယ သက်ရှိတွေ ဖြစ်လာခဲ့ကြတယ်…”)
***