လီယွမ်၏ မျက်လုံးထဲ၌ လေးစားမှုတို့ ထွက်ပေါ်လာသည်။ သူက ဝမ်လင်း၏ ရဲဝံ့သောအကြံဉာဏ်ကြောင့် တုန်လှုပ်သွားမိသည်။တကယ်တော့ ကျင့်ကြံခြင်းအဆင့်ကွာခြားမှုက သိသာစွာ ကြီးမားလှ၏။ လီယွမ်ကိုယ်တိုင်ပင် ထိုသို့သော ကျင့်ကြံခြင်းအဆင့်ရှိသူနှင့် ရင်ဆိုင်ရပါက အရင်ဆုံးတွေးမိမည့်အရာသည် ထွက်ပြေးရန်သာ ဖြစ်ပေလိမ့်မည်။
ကမ္ဘာလောက၏ အစွန်ဆုံးသောနေရာ သို့မဟုတ် လူသူကင်းမဲ့သော နေရာများတွင် နှစ်ပေါင်းရာချီ၊ထောင်ချီ ပုန်းအောင်းနေရမည် ဆိုရင်ပင် ထိုသို့ ကျင့်ကြံမှုအဆင့်မြင့်မားသည့်လူ လက်ထဲမှ လွတ်မြောက်နိုင်ပါက ထိုက်တန်သည်ဟု ဆိုရပေမည်။
သူက ခုခံရန် လုံးဝ တွေးမိလိမ့်မည် မဟုတ်ပေ။ အကြောင်းရင်းကတော့ ကွာခြားချက်သည် မိုးနှင့်မြေလောက် ဖြစ်နေသည် မဟုတ်လား။
လီယွမ်၏ အမြင်၌ ဝမ်လင်း၏ အကြံဉာဏ်သည် ရူးသွပ်ခြင်းနှင့် နီးကပ်နေ၏။ သို့သော် တစ်ချိန်တည်းမှာလည်း ကြံရည်ဖန်ရည်နှင့် ပြည့်နေ၏။ အမှန်အကန်သာ စီစဉ်နိုင်ခဲ့ပါက ဝမ်လင်း၏ အကြံသည် အောင်မြင်နိုင်ပေသည်။
ထိုအကြောင်းကို တွေးမိရင်း လီယွမ်က နှလုံးခုန် မြန်နေ၏။ အနည်းဆုံး နိဗ္ဗာနသန့်စင်ခြင်းအဆင့်တွင် ရှိနေသော ကျင့်ကြံသူတစ်ယောက်အား သတ်ဖြတ်ရန် ကြံစည်ခြင်းကပင် သူ့သွေးများကို မြန်ဆန်စွာ စီးဆင်းသွားစေကာ နှလုံးခုန်ပေါက်စေသည်။
“အစ်ကိုရှု…ငါတို့…ငါတို့က တစ်သားတည်းပါပဲ။ ဒါပေမဲ့ ဒါက နတ်ဘုရားတစ်ပါးကို သတ်ဖို့ ကြိုးစားနေတာမလား…”
လီယွမ်ပြောသလိုပင် သည်ကြံစည်မှုက နတ်ဘုရားတစ်ပါးကို သတ်ရန် ကြိုးစားခြင်းနှင့် အလားသဏ္ဌာန်တူပေ၏။ သွေးဘိုးဘေးက ကောင်းကင်ဘုံဗိုလ်ချုပ်တစ်ယောက်နှင့် မယှဉ်နိုင်သော်လည်း သူက ကောင်းကင်ဘုံနယ်မြေ မပျက်စီးခင်မှာပင် စွမ်းအားထောက်တိုက်တစ်ယောက်ဟု သတ်မှတ်နိုင်ပေ၏။
ဝမ်လင်းက နှုတ်ခမ်းသပ်ကာ ပြောလိုက်သည်။ “ငါက ဒီကိစ္စမှာ အစ်ကိုလီရဲ့ အကူအညီ လိုအပ်နေဆဲပါ။ ဒီကိစ္စသာ ပြီးသွားရင် ငါက အစ်ကိုလီကို အကျိုးအမြတ်တစ်ခုခု ကျိန်းသေပေါက် ပေးပါ့မယ်…”
လီယွမ်က အနည်းငယ် စဉ်းစားလိုက်၏။ စိတ်လှုပ်ရှားမှုက သူ့အာခေါင်ကိုပင် ခြောက်သွေ့စေသည်။ သူက ဝမ်လင်းကို ကြည့်ကာ ပြောလိုက်သည်။ “အစ်ကိုရှုက ငါ့ကို ကျေးဇူးတင်ဖို့ မလိုပါဘူး။သင်က ငါ့ကိုသာမက ငါတို့လီမိသားစုတစ်ခုလုံးရဲ့ မျိုးဆက်တွေကိုပါ ကယ်တင်ခဲ့တာပါ။ ဒါက နတ်ဘုရားတစ်ပါးကို သတ်ဖို့ မဟုတ်လား။ ဒါ့ကြောင့် ငါက ဒီလို စိတ်လှုပ်ရှားဖို့ကောင်းတဲ့အရာကို မကူညီပဲ ဘာလို့ နေရမလဲ…”
ဝမ်လင်းက ဖြည်းဖြည်းချင်း ပြောလိုက်၏။ “ဒီသွေးဘိုးဘေးက သတ်ဖို့ မလွယ်လှဘူး။ ဒါ့ကြောင့် သေသေချာချာ ဂရုတစိုက် စီစဉ်မှ ရမယ်။ ခု ငါတို့ မလှုပ်ရှားခင် အစ်ကိုလီက အရင်ထွက်သွားနိုင်တယ်…”
လီယွမ်က စဉ်းစား၍ ပြန်ပြောလိုက်သည်။ “ဒါကတော့ လွယ်ပါတယ်။ဒါပေမဲ့လည်း ငါတို့ ဒီလိုမလုပ်ခင် ဒီသိုလှောင်နေရာလွတ်ထဲကို ရှာကြည့်သင့်တယ်။ ဒါမှသာ ငါတို့က ဒီအထဲက ဘာရတနာကိုမှ ကျန်ခဲ့တာ မရှိမှာ။ဒါ့အပြင် ငါက ဒီနေရာပြိုကျဖို့အတွက် အတားအဆီးတော်တော်များများကို အဓိကနေရာတွေမှာ နေရာချလိုက်မယ်…”
သူတို့နှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက် ကြည့်ကာ ပြုံးလိုက်ကြသည်။ သူတို့က စကားပြော၍ အချိန်ဆက်ဖြုန်းမနေတော့ဘဲ ရှေ့သို့ ဆက်လှမ်းလာကြသည်။
သည်နေရာတွင် ကောင်းကင်၌သာ လေဟာနယ်အက်ကြောင်းများ ရှိနေခြင်းမဟုတ်ဘဲ မြေပြင်ထက်တွင်လည်း အချို့အက်ကြောင်းများ ပေါ်လာတက်သည်။ သို့ရာတွင် သူတို့နှစ်ယောက်က သူတို့နှစ်ယောက်က သတိရှိစွာဖြင့် ရှေ့ရှိ တောင်ကြားထံသို့ အန္တရာယ်ကင်းကင်း ဆက်တိုးလာကြသည်။
တောင်ကြားထဲ၌ သစ်ပင်များစွာပေါက်နေသော တောင်တန်းများလည်း ရှိနေသည်။ သူတို့က လျှောက်နေရင်း ဝမ်လင်းက ရပ်တန့်ကာ တောင်တစ်ခုပေါ်သို့ လှမ်းကြည့်ကာ စဉ်းစားးလိုက်၏။ သူက သူ့ညာလက်ဖြင့် ထိုတောင်ရှိရာသို့ နေရာချလိုက်ပြီးနောက် သူ့နတ်ဘုရားအာရုံကို မြန်ဆန်စွာ ဖြန့်ကျက်၍ ချက်ခြင်း ပြန်ရုတ်သိမ်းလိုက်သည်။
အစောပိုင်းက လီယွမ်ကောင်းကင်ထက်သို့ ပျံတက်ခဲ့စဉ်က သူသည် တောင်နှစ်တောင်နှင့် တောင်ကြားသုံးခုကို တွေ့မြင်ခဲ့ပေသည်။ ခုချိန်၌ ဝမ်လင်းက တောင်ကို ကြည့်နေရင်းဖြင့် သူ့သိုလှောင်အိတ်ထဲရှိ ကောင်းကင်ဘုံတောင်နှင့် ဆင်တူသော အော်ရာကို ခံစားမိနေသည်။
ဝမ်လင်းက သူ့ညာလက်ကို ပြန်ရုတ်သိမ်းလိုက်၏။ သိပ်မကြာခင်တွင် ပထမဆုံးတောင်ကြားက သူတို့နှစ်ယောက်ရှေ့တွင် ပေါ်လာခဲ့သည်။
တောင်ကြားဝင်ပေါက်က ကြီးမားလှကာ ဆယ့်နှစ်ပေလောက် ရှိပေသည်။ တစ်ချက်ကြည့်လုံရုံဖြင့် အထဲ၌ မည်သည့်အရာမှ ရှိမနေသည်ကို တွေ့ရပေမည်။ သို့သော် တောင်ကြားအတွင်း၌ ပါးလွှာသောမြူလွှာတစ်ခုက ပုံရိပ်ယောင်ခံစားချက်ကို ပေးစွမ်းမှု ရှိနေသည်။
တောင်ကြားဝင်ပေါက်၌ ဝမ်လင်းနှင့်လီယွမ်တို့သည် ရပ်တန့်ကာ တောင်ကြားအား သေချာ စမ်းစစ်ကြည့်နေသည်။
“ဒီနေရာမှာ အတားအဆီးတစ်ခု ရှိနေတယ်။ ဒါက ဖျက်စီးဖို့တော့ သိပ်မခက်လှဘူး…”
လီယွမ်က သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေလိုက်ရာ အတားအဆီးများစွာ ပေါ်လာခဲ့သည်။ထိုအတားအဆီးများသည် အလင်းတစ်ခုကို ထုတ်လွှတ်ကာ တောင်ကြားထဲရှိ မြူနှင့် ရောထွေးသွားသည်။
တဝီဝီအသံ တစ်ခုက ပဲ့တင်ထပ်လာကာ မြူက သဲလွန်စမရှိ မြန်ဆန်စွာ လွင့်ပါးသွားသည်။ လီယွမ်ကပြုံး၍ ရှေ့သို့ ခြေလှမ်းရန် ပြင်သည်။
ထိုအခိုက်အတန့်၌ ဝမ်လင်း၏မျက်လုံးက လက်ခနဲ ဖြစ်သွားကာ သူက လီယွမ်ကို လှမ်းဆွဲကာ ပြောလိုက်သည်။ “အစ်ကိုလီ…ခဏစောင့်ဦး…”
လီယွမ်က မှင်သက်သွားကာ ဝမ်လင်းကို ကြည့်လိုက်သည်။
ဝမ်လင်း၏အသွင်က ပြောင်းလဲသွားခြင်းမရှိပေ။ သူ့နောက်မှ ကောင်းကင်ဘုံသက်တော်စောင့်က ချက်ခြင်းပင် ထိုးထွက် တိုးဝင်သွားခဲ့သည်။ သို့ရာတွင် ကောင်းကင်ဘုံသက်တော်စောင့် ဝင်သွားသည့်အခိုက်တွင် မြူလွှာက ရုတ်တရက် ပြန်ပေါ်လာခဲ့၏။ မြူလွှာက မြှားများအသွင် ဖြစ်တည်ကာ ကောင်းကင်ဘုံသက်တော်စောင့်ထံသို့ တိုးဝင်လာတော့သည်။
ကျယ်လောင်သောပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်သွားသည်။ ကောင်းကင်ဘုံသက်တော်စောင့်၏ အားကောင်းသော ခန္ဓာကိုယ်နှင့်ပင် ၎င်းက မြှားကြောင့် နောက်ကန်ထွက်လာခဲ့၏။ ကောင်းကင်ဘုံသက်တော်စောင့်က တောင်ကြားအပြင်သို့ ပြန်ရောက်သွားချိန်၌ မြူလွှာက ပြန်၍ အထိုင်ကျသွားသည်။
လီယွမ်က ရှက်မိသွားသည်။ သူက အဆင်အခြင်မဲ့သော လူတစ်ယောက် မဟုတ်ပေ။ သို့သော် သူက သူ့အတားအဆီးပေါ်၌ အလွန်ယုံကြည်ချက် ရှိနေခဲ့၏။ သူက မဖြစ်ညစ်ကျယ်ပြုံးကာ ပြောလိုက်သည်။ “ဒီသိုလှောင်နေရာအလွတ်ရဲ့ ပိုင်ရှင်က တော်တော်လေး ဉာဏ်များတာပဲ။ဒီအတားအဆီးက ငါ့လိုမျိုး သူတို့ရဲ့အတားအဆီးပေါ်မှာ ယုံကြည်မှုရှိနေတဲ့လူမျိုးကို သတ်ပစ်ဖို့ ချထားတာ ဆိုတာ သိသာနေတယ်…”
ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွားသည်။အတွေးတစ်ချက်ဖြင့်ပင် ကောင်းကင်ဘုံသက်တော်စောင့်က နောက်တစ်ကြိမ် ထိုးထွက်သွားသည်။ သည်တစ်ကြိမ်၌ ၎င်း၏ခန္ဓာကိုယ်သည် ရွှေရောင်တောက်နေကာ တောင်ကြားထဲသို့ ခြေချကာ လက်သီးတစ်လုံး ပစ်သွင်းလိုက်လေ၏။ ထိုပြင်းထန်သော လက်သီးချက်က ဝဲကတော့ကြီးတစ်ခုကို ဖြစ်ပေါ်စေသည်။ ထိုအခါ မြူလွှာမြှားများအားလုံးသည် ၎င်းပေါ်သို့ ကျရောက်လာလေ၏။
ဝမ်လင်းက ချက်ခြင်းတောင်ကြားထဲသို့ ခြေချလိုက်၏။လီယွမ်ကလည်း သူ့နောက်ကနေ ချက်ခြင်း ကပ်လိုက်လာသည်။ တောင်ကြားထဲသို့ ဝင်လိုက်ပြီးသည့်နောက် လီယွမ်သည် အတားအဆီးများကို ဖြစ်ပေါ်စေကာ နေရာချလိုက်၏။
လီယွမ်က သူ့ပတ်လည်ရှိတောင်ကြားကို ကြည့်ကာ ကောက်ချက်ထုတ်နေ၏။
ဝမ်လင်းက လီယွမ်ကို ကြည့်မနေပေ။ သူက တောင်ကြားထဲသို့ ဝင်လာသည်နှင့် သူ့ညာလက်ကို ဝှေ့ယမ်းလိုက်သည်။ သူ့မူလစိတ်ဝိညာဉ်ထဲရှိ မိုးကြိုးသည် ထိုးတက်လာကာ သူ့လက်ထဲ၌ မိုးကြိုးလုံတစ်ခု ဖြစ်ပေါ်သွားစေသည်။ ထိုမိုးကြိုးလုံးက ကောင်းကင်ဘုံသက်တော်စောင့် ဖန်တီးထားသောဝဲကတော့ ထံသို့ တိုးဝင်သွားသည။
ဘန်းကနဲ့အသံနှင့်အတူ မိုးကြိုးလုံးသည် ဝဲကတော့ထည့်သို့ ဝင်ရောက်သွားကာ ထိုဝဲကတော့ထဲ၌ မိုးကြိုးများချက်ခြင်း ပြည့်နှက်လာတော့သည်။သည်ဝဲကတော့က နေရာတစ်ခုလုံးကို အေးခဲမည့်အလား ထင်မှတ်ရာက ၎င်းပတ်လည်ရှိ မြူများကို စတင်စုပ်ယူလာသည်။
“အစ်ကိုရှု…ငါက အတားအဆီးမျက်လုံးတွေကို တောင်ဘက်နဲ့အရှေ့ဘက်ထောင့်တွေမှာ မှတ်သားထားခဲ့ပြီ။ ဒါတွေ ပျက်စီးသွားတာနဲ့ ဒီတောင်ကြားထဲက အတားအဆီးကလည်း ပျက်စီးသွားလိမ့်မယ်…”
လီယွမ်က သူ့လက်နှစ်ဖက်ကို ဖြန့်ကားလိုက်ရာ သူ့လက်တစ်ဖက်စီပေါ်၌ အတားအဆီးများ ပေါ်လာပြီးနောက် သူက အရှေ့တောင်ရှိ အငူစွန်းရှိရာသို့ တိုးထွက်သွားသည်။
အတွေးတစ်ချက်ဖြင့်ပင် ဝမ်လင်းသည် ကောင်းကင်ဘုံသက်တော်စောင့်ကို လီယွမ်ပြောခဲ့သော အတားအဆီးမျက်လုံး တည်ရှိသည့် တောင်ဘက်သို့ သွားခိုင်းလိုက်သည်။ လီယွမ်၏ အတားအဆီး မကျရောက်လာခင်လေးတွင် ကောင်းကင်ဘုံသက်တော်စောင့်၏ လက်သီးက အငူစွန်းပေါ်သို့ ကျရောက်သွားသည်။
တစ်ချိန်တည်းမှာပင် ဝမ်လင်း၏ ညာလက်တွင် မိုးကြိုးက သိပ်သည်းလာကာ လီယွမ်ပြောခဲ့သော အရှေ့ဘက်ရှိ အတားအဆီးမျက်လုံးပေါ်သို့ တိုးဝင်သွားသည်။ မိုးကြိုးကာ လီယွမ်၏ အတားအဆီးမတိုင်ခင် အတားအဆီးမျက်လုံးပေါ်သို့ တိတိပပ ကျရောက်သွားသည်။
ကျယ်လောင်သော ပေါက်ကွဲသံနှစ်ခု ပဲ့တင်ထပ်သွားသည်။ လီယွမ် ချမှတ်ထားခဲ့သော အတားအဆီးများကလည်း တစ်ချိန်တည်း ပေါက်ကွဲထွက်သွားသည်။ ထိုအခါ လေပြင်းတစ်ခုက တောင်ကြားထဲ၌ ပေါ်လာကာ မြူများအားလုံးကို တိုက်ခတ်သွားသည်။ ထိုလေပြင်း ပျောက်ကွယ်သွားသည်နှင့် တောင်ကြားသည် ပုံမှန်အတိုင်း ပြန်ဖြစ်သွားကာ အရင်နှင့် မတူသော မြင်ကွင်းတစ်ခု ပေါ်ထွက်လာချေသည်။
မြေပြင်ထက်၌ အနက်ရောင်ဓားတိုတစ်လက် စိုက်လို့နေကာ ၎င်းဓား၏ ပတ်လည်တွင် ကြမ်းကြုတ်သော သားရဲဦးခေါင်းခွံရှစ်ခု ရှိလို့နေသည်။ ထိုဦးခေါင်းခွံ ရှစ်ခုထံကနေ ခပ်ဖျော့ဖျော့ မြူတစ်ခု ထွက်ပေါ်နေကာ ဓားတို ပတ်လည်၌ ဝန်းရံလှည့်ပတ်နေသည်။
လီယွမ်က ဓားတိုကို ကြည့်ကာ ပြောလိုက်သည်။ “ဒါက ပထမတောင်ကြားမှာ သိုလှောင်ထားတဲ့ ရတနာဖြစ်မယ်။ အစ်ကိုရှု…သင်က ဓားတို ဒါမှမဟုတ် သားရဲဦးခေါင်းခွံ ရှစ်ခုထဲက ဘယ်ဟာ လိုချင်လဲ…”
ဝမ်လင်းက တစ်ချက်ကြည့်လိုက်ရုံဖြင့် ထိုဓားတိုသည် သာမန်မဟုတ်ကြောင်း ပြောနိုင်ပေသည်။ သို့ရာတွင် လီယွမ်သည် သူ့ကို များစွာ ကူညီခဲ့သည့်အတွက် သူက သူကြိုက်သည့်ဟာကို မယူချင်ပေ။ သူက ရယ်ကာမောကာဖြင့် ပြောလိုက်၏။ “ဒီဓားတိုက သာမန်မဟုတ်လောက်ဘူး။ ဒီအတားအဆီးကို ချိုးဖျက်နိုင်တာက အစ်ကိုလီကြောင့် အများကြီး ပါတယ်။ ငါက အနည်းငယ် ကူညီရုံလောက်ပဲ။ ဒါ့ကြောင့် ငါက ဒီဦးခေါင်းခွံရှစ်ခုကိုပဲ ယူပါတော့မယ်…”
ထိုသို့ပြောပြီးသည့်နောက် ဝမ်လင်းသည် သူ့အင်္ကျီလက်အိုးကို ဝှေ့ယမ်းလိုက်ရာ ဦးခေါင်းခွံရှစ်ခုသည် သူ့လက်ထဲသို့ ပျံသန်းလာသည်။ သူက ၎င်းတို့ကို သူ့နတ်ဘုရားအာရုံဖြင့် စစ်ကြည့်လိုက်ရာ ချက်ခြင်းမှင်သက်သွားမိသည်။
သို့သော် အပြင်ပိုင်းတွင်တော့ ဝမ်လင်းက တည်တည်ငြိမ်ငြိမ်ဖြင့်ပင် ၎င်းတို့ကို သိမ်းဆည်းလိုက်လေသည်။
လီယွမ်သည် ရယ်ကာမောကာဖြင့် ဓားတိုကို လှမ်းယူလိုက်သည်။ သူက ဝမ်လင်းကို ကြည့်၍ ရယ်မောကာ ပြောလိုက်သည်။ “ကျေးဇူးအများကြီး တင်ပါတယ်…အစ်ကိုရှု…”
ပထမဆုံးတောင်ကြားကို ဖြတ်သန်းလာပြီးနောက် သူတို့က ဒုတိယတောင်ကြား၏ ဝင်ပေါက်ကို တွေ့မြင်လိုက်ကြပေသည်။ထိုဝင်ပေါက်က ပထမတောင်ကြားအဝထက် များစွာ သေးငယ်သည်။
သူတို့က ဒုတိယတောင်ကြားနှင့် နီးကပ်လာသည့်အခါတွင် အက်ကွဲကြောင်းများ ပေါ်ထွက်လာမှုက ပိုစိတ်လာ၏။ ထို့ကြောင့် သူတို့က သွားလာနေရင်း အတော်လေး သတိထားနေရသည်။ သို့ရာတွင် သူတို့က ဒုတိယတောင်ကြားနှင့် ငါးကီလိုမီတာအကွာသို့ ရောက်လာသည့်အခါတွင် ရှေ့ဆက်၍ လမ်းမရှိတော့ပေ။
သည်ကျန်နေသေးသော ငါးကီလိုမီတာအတွင်း၌ မြောက်များစွာသော အက်ကွဲကြောင်းများ ရှိလို့နေ၏။
လီယွမ်က မျက်မှောင်ကြုတ်သွားသည်။ သည်အက်ကြောင်းများက အတားအဆီးများ ဖြစ်နေခဲ့မည်ဆိုလျှင်ပင် သူက ချိုးဖျက်နိုင်သေး၏။ သို့သော် သည်အက်ကြောင်းများက အတားအဆီးများ မဟုတ်ကြပေ။ အနည်းငယ် စဉ်းစားပြီးနောက် လီယွမ်က ပြောလိုက်သည်။ “အစ်ကိုရှု…ဒါက ပြဿနာနည်းနည်းတော့ ရှိနေပြီ။ငါတို့က ဒီသိုလှောင်နေရာလွတ်ထဲမှာ တည်နေရာရွှေ့ပြောင်းခြင်းလည်း လုပ်လို့ မရဘူး…”
ဝမ်လင်းက အကွာအဝေးတစ်ခုရှိ တောင်ကြားဝင်ပေါက်ကို ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “အစ်ကိုလီ…ငါ့ကို ခဏစောင့်နေဦး။ ငါ ဒီနေရာကို ဝင်ဖို့ နည်းလမ်းတစ်ခု ရှိတယ်…”
ဝမ်လင်းက အသက်ဝဝရှုသွင်းကာ ကြာပွင့်သဏ္ဌာန်ထိုင်ချသည်။သူ့လက်ချောင်းနှစ်ချောင်းဖြင့် သူ့ခန္ဓာကိုယ် အနှံ့ပေါ်သို့ ခပ်မြန်မြန် လက်ဖြင့်ထောက်သည်။သူလက်ထောက်လိုက်သည့် အကြိမ်တိုင်း သူ့မျက်နှာက အနည်းငယ် နီမြန်းလာခဲ့၏။
အဆုံးသပ်၌ ဝမ်လင်းက ကိုးကြိမ်မြောက် လက်ထောက်ပြီးသွားသည့်အခါ သူ့မျက်နှာက အလွန်နီရဲနေသည်။ ဝမ်လင်းက ဖြည်းဖြည်းချင်း မတ်တပ်ထရပ်ကာ လေရှိုက်သွင်းလိုက်သည်။ သူ့မျက်နှာပေါ်ရှိ အနီရောင်က ချက်ခြင်း ပျောက်ကွယ်သွားသည်။
ထိုအခိုက်အတန့်မှာပင် သူက သိုလှောင်အိတ်ကို ပုတ်လိုက်ရာ တောင်နှင့်မြစ်အကာအရံသည် ထွက်ပေါ်လာခဲ့သည်။ပန်းချီကားသည် ပေတစ်သောင်းကျော်ထိ ဆန့်ထွက်လာကာ အက်ကွဲကြောင်းများအားလုံးသည် ဖာထေးခံလိုက်သကဲ့သို့ ပျောက်ကွယ်သွားကြသည်။
တောင်နှင့်မြစ်ပန်းချီကား ပေါ်ထွက်လာသည်နှင့် ကောင်းကင်ဘုံသက်တော်စောင့်သည် ဝမ်လင်းကို ဆွဲကိုင်ကာ ရှေ့သို့ ကြမ်းကြုတ်စွာ ပစ်ထည့်လိုက်သည်။
ထိုပစ်အားက ကောင်းကင်ဘုံသက်တော်စောင့်၏ ခွန်အားပင်။ထို့ကြောင့် ဝမ်လင်း၏ အမြန်နှုန်းက ကြောက်မက်ဖွယ်အဆင့်သို့ ရောက်ရှိသွားသည်။ ချက်ခြင်းပင် သူက ကီလိုမီတာ (၂.၅) ကျော်သို့ ရောက်ရှိသွားသည်။
သို့ရာတွင် အက်ကွဲကြောင်းများစွာ ရှိနေ၏။ တောင်နှင့်မြစ်ပန်းချီကား ပေါ်လာသည့်အခါတွင် မရေမတွက်နိုင်သော အစုတ်အပြဲများ ပေါ်လာခဲ့သည်။သည်အဟအပါက်များက ဝမ်လင်းကို ဝါးမြိုရန် တာဆူလာခဲ့သည်။
ဝမ်လင်းက သည်အကွာအဝေးထိ ရောက်လာခြင်းသည် ကောင်းကင်ဘုံသက်တော်စောင့်၏ စွမ်းအားကို ငှားယမ်းထားခြင်းကြောင့် ဖြစ်လေသည်။ သည်ပစ်အား မပျောက်ကွယ်သွားခင်မှာ ဝမ်လင်းက သွေးရောင်အလင်းတစ်ခု တောက်ပလာခဲ့ကာ သူ့ခန္ဓာကိုယ်ထဲ၌ သိမ်းဆည်းထားသော မန္တာန်က ပေါက်ကွဲထွက်လာကာ သူ့ကို နောက်တစ်ကြိမ် မခန့်မှန်းနိုင်သောအမြန်နှုန်းဖြင့် ရှေ့သို့ ရောက်ရှိသွားစေပြန်သည်။
သူ့ခန္ဓာကိုယ်က သွေးရောင်နီရဲနေကာ သူ့အမြန်နှုန်းသည် တိုးလာခဲ့သည်။ ထို့နောက် ဖျပ်ခနဲ ဖျပ်ခနဲပင် ပို၍မြန်လာခဲ့သည်။မျက်စိတစ်မှိတ်အတွင်း သူ့ခန္ဓာကိုယ်သည် သွေးနီရောင်ကိုးကြိမ် တောက်ပသွားကာ သူ့အမြန်နှုန်းက တည်နေရာရွှေ့ပြောင်းခြင်းလောက်ကိုပင် မြန်ဆန်သွားသည်။
သည်သွေးအလင်းကို အသုံးပြုသော လွတ်မြောက်ခြင်းမန္တာန်သည် သူနတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေရှိ အဘိုးအိုထံကနေ သင်ယူခဲ့သည့် မန္တာန်များထဲ၌ အမြန်ဆုံးလွတ်မြောက်ခြင်းမန္တာန်ဖြစ်သည်။ သို့ရာတွင် သူ့ကျင့်ကြံမှုအဆင့်က အာဏာတက်ခြင်းအထွတ်အထိပ်အဆင့်သို့ မရောက်ပါက သူသည် သည်မန္တာန်ကို အသုံးပြုနိုင်လိမ့်မည် မဟုတ်ပေ။ မဟုတ်ပါက သူ့ခန္ဓာကိုယ်သည် ပေါက်ကွဲထွက်သွားနိုင်သည်။
ချက်ခြင်းပင် ဝမ်လင်း၏ပုံရိပ်သည် ဒုတိယတောင်ကြား၏ ဝင်ပေါက်တွင် ပေါ်လာခဲ့သည်။ သူ့မျက်နှာက ဖြူရောနေကာ သူက ယိုင်ထိုးလို့နေ၏။ သူက သူ့ညာလက်ကို ဝှေ့ယမ်းကာ တောင်နှင့်မြစ်အကာအရံသည် သူ့လက်ထဲသို့ ပြန်ရောက်လာခဲ့တော့သည်။
နောက်သို့ ပြန်ကြည့်လိုက်ရာ ဝမ်လင်းသည် ငါးကီလိုမီတာအကွာတွင် ရှိနေသော လီယွမ်၏ပုံရိပ်ကို တွေ့မြင်လိုက်ရသည်။
***