ထိုသေရှေးရှင်ရေး အခြေအနေအတွင်း ဝမ်လင်းသည် တတိယမျက်လုံးကို တုံ့ဆိုင်းခြင်းမရှိ ဖွင့်လှစ်လိုက်တော့သည်။ ထိုအခိုက်အတန့်၌ ယပ်တောင်အသွင် အလင်းတန်းသည် ပြန့်ကားလာကာ ဝမ်လင်းသည် ခေါင်းလှည့်နိုင်ရုံမျှ လှည့်လာနိုင်သည်။
ထိုယပ်တောင်အသွင် အနီရောင်အလင်းသည် လီယွမ်ပေါ်သို့ ဦးတည်လိုက်ခြင်းပင်။
ထိုအနီရောင်အလင်းက လီယွမ်ပေါ်သို့ ကျရောက်လာသည့်အခါတွင် သူ့အပေါ်တွင် ချုပ်ကိုင်ထားသောအားကို ချက်ခြင်း ပြေလျော့သွားစေသည်။ သူ့မျက်နှာက ဖြူရောသွား၏။ သို့သော် သူက သူ့ညာလက်ကို မြှောက်ကာ သူ့မျက်ခုံးနှစ်ခုကြားသို့ တုံ့ဆိုင်းခြင်းမရှိ ဖိချလိုက်သည်။
ထိုအခါ သူ့မျက်ခုံးနှစ်ခုကြားကနေ အနက်ရောင်မျဉ်းလိုင်းတစ်ခု ပျံသန်းထွက်ပေါ်လာခဲ့သည်။ ၎င်းက သူ့ရှေ့တွင် စာလုံးတစ်လုံးအဖြစ်သို့ ပြောင်းလဲသွားသည်။ လီယွမ်က အော်ပြောလိုက်လေ၏။ “ပျက်သုဉ်းခြင်းအတားအဆီး နှလုံးသား…”
ချက်ခြင်းပင် အတားအဆီးက တဖျပ်ဖျပ် လင်းလက်လာကာ အရူးအမူး ချဲ့ထွက်သွားသည်။ ထိုအခိုက်မှာပင် နီးကပ်လာသောအနီရောင်ပုံရိပ်နှင့် ထိဆုံကာ အတားအဆီးများက ပြိုပျက်သွားလေ၏။
ဘုန်း….။
ကျယ်လောင်သော ပေါက်ကွဲသံက ရုတ်တရက် ပဲ့တင့်ထပ်သွားလေ၏။ အတားအဆီးများက လုံးဝ ပျက်စီးသွားခြင်းတော့ မဟုတ်ပေ။ ၎င်းအတားအဆီးက သေးငယ်လှသော အနက်ရောင်လိုင်း ထောင်ချီအဖြစ်သို့ ပြန့်ကျဲသွားခြင်း ဖြစ်ကာ အမျိုးမျိုးသော ထူးဆန်းသည့် အသွင်ပုံစံ ဖြစ်ပေါ်လာသည်။
၎င်းအသွင်ပုံစံများကြား၌ အတားအဆီးများက ထူးဆန်းစွာ ချိတ်ဆက်နေကာ ပိုမို ပြန့်ကားလာခဲ့သည်။ ထိုသို့ဖြစ်လေလေ လီယွမ်၏ မျက်နှာက ပို၍ ဖြူရောလာလေ ဖြစ်၏။ အစစ်အမှန် ပျက်သုဉ်းခြင်းအတားအဆီးကို အသုံးပြုခြင်းသည် သူ့အပေါ်တွင် ဝန်ထုပ်ဝန်ပိုးကြီး တစ်ခုဖြစ်နေသည်မှာ ထင်ရှားလေသည်။
“ချိပ်ပိတ်ခြင်း…”
စကားတစ်ခွန်းဖြင့်ပင် ထိုအတားအဆီးများသည် သည်ဧရိယာကို ချက်ခြင်း လွှမ်းခြုံသွားသည်။ ၎င်းတို့က အနီရောင်အရိပ်၏ ဘေးနားတွင် ပေါ်လာကာ ၎င်းအရိပ်ထံသို့ စုဝေးသွား၏။ အနီရောင်အရိပ်က တောက်ပသော အနီရောင်ကို ပေးစွမ်းနေကာ ကောင်းကင်ထက်၌ သွေးနီပင်လယ်တစ်ခုကို ဖန်တီးလေ၏။ ထိုသွေးပင်လယ်က နီးကပ်လာသော အတားအဆီးများထံသို့ ချက်ခြင်း တိုးဝင်သွား၏။ သို့သော် ထိုအခိုက်အတန့်၌ အတားအဆီးများအားလုံးက ပေါက်ကွဲထွက်သွား၏။
ထိုအခါ သူတို့ရှိနေသော အစိတ်အပိုင်းနယ်မြေတစ်ခုလုံးပါ မတည်မငြိမ် ဖြစ်သွားရလေသည်။
သူတို့နှစ်ယောက်အား ချုပ်နှောင်ထားသောအား ပြေလျော့သွားသည်နှင့် ဝမ်လင်းက လီယွမ်ကို ဆွဲကိုင်ကာ ပျက်စီးလုနီးပါး ဖြစ်နေသော တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ထဲသို့ ခြေချလိုက်လေသည်။
တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်သည် ဖျပ်ခနဲ လင်းလက်သွားကာ ဝမ်လင်းနှင့်လီယွမ်တို့သည် ချက်ခြင်း ပျောက်ကွယ်သွားလေသည်။ သူတို့ပျောက်ကွယ်သွားသည့် အခိုက်၌ ဝမ်လင်းသည် သူ့ဘယ်လက်ဖြင့် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်အား ခပ်ပြင်းပြင်း ရိုက်ချခဲ့ကာ ချက်ခြင်း ပျောက်ကွယ်သွားစေသည်။
ပတ်ဝန်းကျင်ဧရိယာတစ်ခုလုံးသည် လုံးဝ တိတ်ဆိတ်နေ၏။ သွေးနီရောင်ပုံရိပ်တစ်ခုက ဖြည်းဖြည်းချင်း လှမ်းလျှောက်လာသည်။ သူက တည်နေရာရွှေ့ပြောင်းခြင်း အစီအရင် ရှိခဲ့သော နေရာတွင် မတ်တပ်ရပ်ကာ တိတ်ဆိတ်စွာ စဉ်းစားနေသည်။
အချိန်အတန်ကြာမြင့်ပြီးနောက် သူက သူ့ခြေထောက်ကို ပင့်မြှောက်ကာ မြေပေါ်သို့ ခပ်ပြင်းပြင်း စောင့်ချလိုက်သည်။
သူ့ခြေထောက်အောက်၌ ကြီးမားသည့်အက်ကွဲကြောင်းကြီးတစ်ခု ပေါ်လာကာ သည်အစိတ်အပိုင်းမြေ တစ်လျှောက်တွင် ပျံ့နှံ့သွားလေသည်။အက်ကွဲကြောင်းက ထပ်ကာ ထပ်ကာ ကွဲထွက်သွားကာ အစိတ်အပိုင်းမြေတစ်ခုလုံးသည် ကြောက်မက်ဖွယ်အက်ကွဲကြောင်းများနှင့် ပြည့်နှက်သွားတော့သည်။
ထိုလူ့ထံမှ ထွက်ပေါ်လာသော စွမ်းအားသည် နိဗ္ဗာနကြိုမြင်ခြင်းအဆင့်၏ အထက်တွက်ရှိနေကာ မိုးကြိုးကောင်းကင်ဘုံနယ်မြေ၏ အကန့်အသတ်အထက်တွင် ရှိနေသည်။မုန်တိုင်းတစ်ခုက သည်အစိတ်အပိုင်းမြေအနှံ့ ပျံ့နှံ့သွားကာ မရေမတက်နိုင်သော အက်ကွဲကြောင်းများစွာ ပေါ်လာခဲ့သည်။ထိုအခိုက်အတန့်၌ ကောင်းကင်ထက်၌ပင် လေဟာနယ်အက်ကြောင်းများပါ ပေါ်ထွက်လာခဲ့၏။
သည်သွေးဘိုးဘေး၏ ခြေစောင့်မှုအောက်၌ ဤအစိတ်အပိုင်းမြေတစ်ခုလုံးသည် ပျက်စီးသွားခဲ့၏။ မြေပြင်ထု၏ အစိတ်အပိုင်းများစွာက ပျက်စီးပျောက်ကွယ်သွားကာ ဆက်တိုက်အပျက်အစီးအားတစ်ခုကို ဆက်ကာဆက်ကာ ဖြစ်သွားစေသည်။
နာရီဝက်ခန့်ကြာမြင့်ပြီးသည့်နောက် ကောင်းကင်နှင့်မြေကြီးထုပင် ဗလာကင်းမဲ့သွားလေ၏။ မိုးကြိုးကောင်းကင်ဘုံနယ်မြေ၏ အစိတ်အပိုင်းမြေတစ်ခုသည် ထာဝရ ပျောက်ကွယ်သွားချေသည်။ ထိုပြင်းထန်သော ပြောင်းလဲမှုက သည်အစိတ်အပိုင်းနယ်မြေပေါ်ရှိ အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းမှ ကျင့်ကြံသူအနည်းငယ်ကို အလွန်ကြောက်လန့်သွားစေသည်။ထိုသူတို့က သည်အစိတ်အပိုင်းနယ်မြေကနေ အသည်းအသန် ထွက်ပြေးရန် ကြိုးစားကြတော့၏။
သို့ရာတွင် လူအများက သည်ပြိုကျနေသောအစိတ်အပိုင်းနယ်မြေကနေ လွတ်မြောက်နိုင်ခြင်း မရှိပေ။
ထိုအစိတ်အပိုင်းနယ်မြေ၏ ပျက်စီးမှုက ၎င်းနှင့် ချိတ်ဆက်ထားသော အခြားအစိတ်အပိုင်းနယ်မြေများအပေါ်သို့ပါ သက်ရောက်သွားလေ၏။ ကျယ်လောင်သော တုန်ဟီးသံက မိုးကြိုးကောင်းကင်ဘုံနယ်မြေတွင် ပျံ့နှံ့ပဲ့တင်ထပ်ကာ မိုးကြိုးကောင်းကင်ဘုံနယ်မြေတစ်ခုလုံးသည် ဖြည်းဖြည်းချင်း စတင်လှုပ်ရှားလာသည်။
သို့ရာတွင် ထိုလူကတော့ သည်အရာများအားလုံးကို ဂရုစိုက်ခြင်း မရှိပေ။ မိုးကြိုးကောင်းကင်ဘုံနယ်မြေတစ်ခုလုံး ပြိုကျခဲ့လျှင်ပင် သူက ဂရုစိုက်လိုက်မည့် မဟုတပေ။ သူလိုချင်သည့် တစ်ခုတည်းသောအရာက သူ့သမီးသာ ဖြစ်ချေတော့၏။
“ခွေးကောင်လေး ဝမ်လင်း…မင်းက နောက်တစ်ကြိမ်ဆို ငါ့လက်က မလွတ်နိုင်တော့ပါဘူး…”
သည့်နောက် သွေးဘိုးဘေးသည် ခြေတစ်လှမ်းဖြင့် ပျောက်ကွယ်သွားချေသည်။
သွေးဘိုးဘေးသည် မိုးကြိုးကောင်းကင်ဘုံနယ်မြေသို့ ရောက်ရှိလာကတည်းက သူက မည်သည့်ရတနာကိုမျှ ရှာဖွေခြင်းမပြုဘဲ တက်နိုင်သမျှ ခပ်မြန်မြန် အစိတ်အပိုင်းနယ်မြေ များစွာသို့ သွားလာနေခဲ့၏။ သူ ရောက်ရှိသွားသည့် အစိတ်အပိုင်းတိုင်းတွင်လည်း သူက နတ်ဘုရားအာရုံဖြင့် စစ်ဆေးကြည့်ပြီးနောက် ပြန်ပြန်ထွက်ခွာသွားသည်။
ကောင်းကင်သည် မှိန်ဖျော့ကာ အတားအဆီးအလင်းက ရံဖန်ရံခါ လင်းလက်နေသည်။
မြေပြင်ထက်တွင်လည်း တောင်ကုန်းများ ရှိနေကာ တောင်ကြားတစ်ခုလည်း ရှိနေ၏။ ပတ်ဝန်းကျင်တစ်ခုလုံးသည် တိတ်ဆိတ်လွန်းနေသည်။
ကောင်းကင်ထက်၌ လေဟာနယ်အက်ကြောင်းများက အဆက်မပြတ် ပေါ်နေကာ အေးစက်သော တဝီဝီလေပြင်းကို ထုတ်လွှတ်နေသည်။
သည်နေရာတွင် ထိုလေပြင်းသံ တစ်ခုသာ ရှိလေ၏။
သည်နေရာတွင် ပေတစ်ရာခန့်ရှိသော စင်မြင့်ပလ္လင်တစ်ခုလည်း ရှိနေကာ ယင်းပလ္လင်သည် အက်ကွဲကြောင်းများစွာနှင့် ထိခိုက်ပျက်စီးနေသည်။
သည်အခိုက်အတန့်၌ ပလ္လင်၏ ထိပ်ပိုင်းရှိ အပြန့်နေရာပေါ်တွင် ပုံရိပ်နှစ်ခု ပေါ်လာခဲ့သည်။
ဝမ်လင်းက သုန်မှုန်သောအသွင်ဟန်ပန်ဖြင့် ခြေလှမ်းထွက်လိုက်၏။စောနပိုင်းက သူသည် သေခြင်းတရားနှင့် အလွန်နီးကပ်ခဲ့ရသည် မဟုတ်လား။
“သွေးဘိုးဘေး…” ဝမ်လင်းက မျက်မှောင်ကြုတ်နေသည်။
သည်အခိုက်အတန့်မှာပင် လီယွမ်သည်လည်း တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ထဲကနေ လှမ်းထွက်လာသည်။ သူ့ပါးစပ်ထောင့်မှ သွေးများစီးကျလို့နေ၏။ သူက ချက်ခြင်းပင် ထိုင်ချကာ စတင် ကျင့်ကြံလိုက်သည်။
ဝမ်လင်းက စဉ်းစားနေရင်း သူလည်း ထိုင်ချကာ လီယွမ်အား ကာကွယ်ပေးထားသည်။ တစ်ချိန်တည်းမှာပင် သူက သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်ကာ သည်ဧရိယာကို လေ့လာကြည့်လိုက်သည်။
သိပ်မကြာခင်မှာပင် သူက သူ့နတ်ဘုရားအာရုံကို ပြန်ရုတ်သိမ်းလိုက်၏။ သူ့အသွင်ဟန်ပန်က ပိုမို သုန်မှုန်သွားခဲ့သည်။ ကောင်းကင်ထက်ရှိ လေဟာနယ်အက်ကွဲကြောင်းများသည် နတ်ဘုရားအာရုံကို ဝါးမြိုနိုင်နေသည်။သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်သည်နှင့် ၎င်းက သည်လေဟာနယ်အက်ကွဲကြောင်းများအား စွဲဆောင်သလို ဖြစ်သွားစေသည်။
“ဒီနေရာက ဒီလိုဖြစ်နေတယ် ဆိုပေမဲ့လည်း အနည်းဆုံးတော့ လုံခြုံသေးတယ်…”
ဝမ်လင်းက အကွာအဝေးတစ်ခုရှိ တောင်ကြားကို တိတ်တဆိတ် ကြည့်နေရင်း စတင်စဉ်းစားကြည့်နေသည်။
“ဒီသွေးဘိုးဘေးက အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းကို တကယ် ရောက်လာနိုင်ခဲ့တာပဲ။ သူ ပေါ်လာတဲ့အချိန်မှာ သူက ငါ့ကို စကားပြောဖို့အခွင့်အရေး တစ်ခုတောင် မပေးဘဲ ချက်ခြင်း ဖမ်းဆီးဖို့ ကြိုးစားခဲ့တယ်။သူက သူ့သမီးယောင်ရှင်းရွှယ် ရှိတဲ့နေရာကို သိနိုင်ဖို့အတွက် ငါ့စိတ်ဝိညာဉ်ကို ရှာဖွေချင်နေတာပဲ…”
ဝမ်လင်းက သိုလှောင်အိတ်ကို ထိလိုက်သည်။
“ငါက ယောင်ရှင်းရွှယ်ကို ပြန်ပေးလိုက်ရင်…ဒီသွေးဘိုးဘေးက ငါ့နောက်ကို ဆက်လိုက်လာဦးမှာလား…”
ဝမ်လင်းက တစ်ချက်တွေးလိုက်သည်။ ထိုအခါ ကောင်းကင်ဘုံသက်တော်စောင့်သည် သူ့အရိပ်ထဲကနေ လှမ်းထွက်လာကာ လီယွမ်ကို စောင့်ကြပ်ပေးနေ၏။ ထို့နောက် သူက သူ့လက်ကို ဝှေ့ယမ်းကာ ပတ်ဝန်းကျင်ကို ဖြတ်ပိုင်းချ၏။ ထိုသို့ပြုလုပ်ပြီးသည့်နောက် သူက သိုလှောင်အိတ်ထဲမှ အတားအဆီးလုံး တစ်ခုကို ထုတ်ယူလိုက်၏။ ၎င်းအလုံးက လူတစ်ယောက်၏ အရွယ်အစားထိ ကြီးထွားလာခဲ့သည်။
ထိုအတားအဆီးအလုံး ပွင့်သွားသည့်အခါ၌ ယောင်ရှင်းရွှယ်၏ အသွင်ဟန်ပန် ထွက်ပေါ်လာခဲ့သည်။သူမက ကြာပွင့်သဏ္ဌာန်ထိုင်လျက် ရှိနေ၏။သည်အခိုက်အတန့်၌ သူမက မျက်လုံးဖွင့်လာခဲ့ကာ ဝမ်လင်းကို မြင်လိုက်ချိန်၌ ခဏတာ စိတ်ရှုပ်ထွေးးဟန် ပေါ်လာခဲ့သည်။ သို့သော် ခဏအတွင်းမှာပင် သူမက ပြန်တည်ငြိမ်သွား၏။
သူမက မည်သည့်စိတ်ခံစားချက်မှ မရှိဟန်နှင့် ဝမ်လင်းကို တည်ငြိမ်စွာ ကြည့်နေ၏။ အချိန်အတန်ကြာမြင့်ပြီးနောက် သူမက လှောင်ပြုံးပြုံးကာ ပြောလာခဲ့သည်။ “ငါက ငါ့အဖေရဲ့ သွေးမန္တာန်ကို ခံစားမိတယ်…..။ဒါ့အပြင် ငါက နင့်ကြောက်လန့်နေမှုကိုလည်း ခံစားမိသေးတယ်…”
“နင်က ငါ့ကို လွှတ်ပေးချင်နေတာလား။ ဒါမှမဟုတ် နင်က ငါ့ကို ငါ့အဖေရှိ နင့်ကို မသတ်ဖို့ တောင်းဆိုပေးစေချင်တာလား…။ဝမ်လင်း…ငါ ပြောတာ မှန်တယ်မလား…”
“ငါက ငါ့အဖေကို နင့်အသက်ကို ချမ်းသာပေးထားဖို့ ပြောမှာပါ။ ဘာလို့လဲဆိုတော့ ငါက နင့်ကို လွယ်လွယ်သေခွင့် မပြုနိုင်လို့ပဲ…” ယောင်ရှင်းရွှယ်မျက်လုံးထဲရှိ တည်ငြိမ်မှုက ပျောက်ကွယ်သွားကာ နက်ရှိုင်းသောအမုန်းတရားတစ်ခု အစားထိုးဝင်လာခဲ့သည်။
ဝမ်လင်းက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ “နင့်ကို လွှတ်ပေးတာ ဖြစ်စေ၊မလွှတ်ပေးတာ ဖြစ်စေ ဘယ်လိုပဲလုပ်လုပ် ငါ့ကံတရားက တူတူပဲ…”
ယောင်ရှင်းရွှယ်က ဝမ်လင်းကို ကြည့်ကာ အေးစက်စွာ ပြောလာသည်။ “နင်က ငါ့ကို မသတ်ပစ်ဝံ့ပါဘူး။ ဘာလို့လဲဆိုတော့ ငါ့ကိုသတ်တာက ငါ့ကို လွှတ်ပေးတာနဲ့ တူတူ ဖြစ်နေလို့ပဲ။ နင်က ငါ့ကို တစ်နေရာမှာ ချိပ်ပိတ်ထားရင်လည်း နင်က ငါ့အဖေရဲ့ ထာဝရလိုက်ဖမ်းတာကို ခံရလိမ့်မယ်။ တစ်နေ့မှာ ငါ့အဖေက နင့်ကို ရှာတွေ့ရင် ငါ လွတ်မြောက်နိုင်လိမ့်မယ်…”
ဝမ်လင်းက ယောင်ရှင်းရွှယ်ကို ကြည့်နေရင်း သူ့မျက်လုံးက အေးစက်လာခဲ့သည်။ သူက အတားအဆီးအနည်းငယ်ကို ထပ်မံ ဖြစ်ပေါ်စေကာ ယောင်ရှင်းရွှယ်၏ ခန္ဓာကိုယ်ပေါ်သို့ နေရာချလိုက်သည်။ အတားအဆီးလုံးက အလင်းလုံးတစ်ခုအဖြစ်သို့ နောက်တစ်ဖန် ပြန်ကျုံ့သွားသည်။ဝမ်လင်းက ၎င်းကို သူ့သိုလှောင်အိတ်ထဲသို့ ပြန်ထည့်သိမ်းလိုက်၏။
ထို့နောက် သူက မတ်တပ်ထရပ်ကာ အကွာအဝေးတစ်ခုသို့ ကြည့်၍ စဉ်းစားနေသည်။
“နင့်ကို လွှတ်ပေးဖို့၊ မလွှတ်ပေးဖို့က ငါ့အပေါ်မှာ မူမတည်ဘူး။ နင့်အဖေ သွေးဘိုးဘေးပေါ်မှာပဲ မူတည်လိမ့်မယ်…””
ဝမ်လင်းမျက်လုံးက ရက်စက်ကြမ်းကြုတ်နေသည်။ ထို့နောက် သူက လီယွမ်ကို ကြည့်လိုက်၏။
ခဏတာကြာမြင့်ပြီးသည့်နောက် လီယွမ်သည် မျက်လုံးပွင့်လာခဲ့သည်။ သူက လေအပြည့်ရှိုက်သွင်းလိုက်၏။ သူက မျက်လုံးဖြည်းဖြည်းချင်း ပွင့်လာကာ သူ့မျက်လုံးထဲ၌ ကြောက်ရွှံ့မှုတို့ ရှိနေသည်။ သူက မေးလိုက်၏။ “အစ်ကိုရှု….ဒီလူက ဘယ်သူလဲ…”
ဝမ်လင်းက သက်ပြင်းချလိုက်၏။သူက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီးသည့်နောက် လီယွမ်ထံသို့ လက်နှစ်ဖက်ယှက်ကာ ပြောလိုက်သည်။ “ငါက ဒီကိစ္စမှာ အစ်ကိုလီကို ဝန်ပိစေခဲ့ပါတယ်။ဒီလူ့ကို သွေးဘိုးဘေးလို့ခေါ်တယ်။ သူ့ကျင့်ကြံမှုအဆင့်ကလည်း အလွန်မြင့်မားပြီး သူနဲ့ငါ့ကြားမှာ ရန်ငြှိုးအချို့ ရှိနေခဲ့တယ်။ သင်နဲ့ငါက ထွက်ခွာတဲ့အခါကျရင် အစ်ကိုလီက အရင်ဆုံးထွက်သွားသင့်တယ်…”
လီယွမ်က ညစ်ကျယ်ကျယ်ပြုံးလိုက်မိသည်။ သူက ပြောလာ၏။ “အစ်ကိုရှု…ဒီလူရဲ့ ကျင့်ကြံမှုအဆင့်က သာမန် ဒုတိယအဆင့်ကျင့်ကြံခြင်း မဟုတ်ဘူး။ငါ့ပျက်သုဉ်းခြင်းအတားအဆီးက အဆင့်လေးမှာ ရောက်နေခဲ့ပြီး ဖြစ်တယ်။ ဒါပေမဲ့ ငါက ဒါကို ငါ့အတားအဆီးနှလုံးသားနဲ့ တွဲသုံးတာတောင်မှ သူက လွတ်မြောက်နိုင်စွမ်း ရှိနေတုန်းပဲ။ ငါ ကြောက်မိတာက ဒီလူရဲ့ကျင့်ကြံမှုအဆင့်က နိဗ္ဗာနကြိုမြင်ခြင်းအဆင့်ကို ကျော်လွန်နေမှာကိုပဲ…။အနည်းဆုံး သူက နိဗ္ဗာနသန့်စင်ခြင်းအဆင့်မှာ ရှိလိမ့်မယ်။ သူ့ကျင့်ကြံမှုအဆင့်နဲ့ ဆိုရင် ဒါက အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းကြီးရဲ့ ထိပ်ဆုံးအလွှာမှာ ရှိနေလိမ့်မယ်။ အစ်ကိုရှုက ဘယ်လိုများ ဒီလိုလူကို စော်ကားမိခဲ့တာလဲ…။ငါ့ပျက်သုဉ်းခြင်းအတားအဆီးက အဆင့်ခုနစ်ကို ရောက်ခဲ့မယ်ဆိုရင်တော့ ငါက ဒီလူ့ကို ချိပ်ပိတ်ကောင်း ချိပ်ပိတ်နိုင်လိမ့်မယ်…”
ဝမ်လင်းက တည်ငြိမ်စွာပင် ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “အစ်ကိုလီ…အရင်ဆုံး ငါတို့ ဒီနေရာရဲ့ ထွက်ပေါက်ကို ရှာကြတာပေါ့။ ဒီကိစ္စကို ငါတို့အပြင်ပြန်ထွက်ပြီးမှ ပြောကြမယ်…”
လီယွမ်က သက်ပြင်းချလိုက်၏။ အနည်းငယ် စဉ်းစားပြီးသည့်နောက် သူက ပြောလိုက်သည်။ “ဒီလူရဲ့ ကျင့်ကြံမှုအဆင့်က မြင့်မားပေမဲ့လည်း ငါတို့က သူ့ကို သွားမစရင် သူ့ကို ရှောင်ရှားဖို့ ဘာနည်းလမ်းမှ မရှိတာတော့ မဟုတ်ဘူး။ထားလိုက်ပါတော့လေ…အစ်ကိုရှု ပြောသလိုပဲ ထွက်ပေါက်ကို အရင်ရှာကြတာပေါ့…”
သူက ထိုသို့ပြောလိုက်ပြီးနောက် မတ်တပ်ထရပ်ကာ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည်။
ဝမ်လင်းက အကွာအဝေးတစ်ခုရှိ တောင်ကြားကို ကြည့်ကာ ပြောလိုက်သည်။ “အစ်ကိုလီ…သင်က သင့်နတ်ဘုရားအာရုံကို ဖြန့်ကျက်လို့မရဘူး။ ဒီနေရာမှာ နတ်ဘုရားအာရုံကို ဝါးမြိုနိုင်တဲ့ လေဟာနယ်အက်ကြောင်းတွေ ရှိတယ်…”
လီယွမ်၏မျက်လုံးက ထူးဆန်းသောအလင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ သူက ပလ္လင်ထက်ကနေ ခုန်ဆင်းကာ ဖုန်မှုန့်အချို့ကို လက်တစ်ဆုပ်စွာ ကောက်ယူလိုက်သည်။ အနီးကပ်သေချာကြည့်လိုက်ပြီးနောက် သူက ရှေ့သို့ ဆက်ရွှေ့လျားကာ အပင်တစ်ပင်ပေါ်သို့ ခုန်တက်လိုက်ပြန်သည်။ သစ်ကိုင်းတစ်ခုကို ချိုးလိုက်ပြီးသည့်နောက် သူ့ပါးစပ်နားတွင် တေ့ကြည့်လိုက်သည်။ သူ့မျက်လုံးထဲရှိ ထူးဆန်းသောအလင်းကလည်း ပိုအားကောင်းလာခဲ့၏။
“အစ်ကိုရှု…ငါ့ကို သင့်ရဲ့ ရုပ်သေး ငှားပါလား…” လီယွမ်က လေထဲသို့ ဖြည်းဖြည်းချင်း တက်သွားရာ လေဟာနယ်အက်ကြောင်းများက လေထဲ၌ ချက်ခြင်း ပေါ်လာခဲ့ကာ သူ့ကို ဝါးမြိုဟန် ပြင်လာသည်။
ဝမ်လင်းမျက်လုံးက တလက်လက် ဖြစ်နေ၏။ သူက လီယွမ်၏ လုပ်ဆောင်ချက်များကို တွေ့မြင်သည့်အခါ လီယွမ်သည် တစ်ခုခုကို ရှာဖွေနေသည်ဟု ခံစားမိနေသည်။ အတွေးတစ်ချက်ခြင့်ပင် ကောင်းကင်ဘုံသက်တော်စောင့်က လီယွမ်အနားသို့ ကျရောက်သွားသည်။
အက်ကွဲကြောင်းတစ်ခု ပေါ်လာသည်နှင့် ကောင်းကင်ဘုံသက်တော်စောင့်က ချက်ခြင်း လက်သီးတစ်လုံး ပစ်သွင်းလိုက်ပြီး ဝဲကတော့တစ်ခုကို ဖန်တီးကာ အက်ကြောင်းနှင့် ပေါင်းစပ်ရောထွေးသွားစေသည်။
လီယွမ်က ကောင်းကင်ထက်သို့ ပိုပိုမြင့်တက်လာလေ လေဟာနယ်အက်ကြောင်းများကလည်း ပိုမို ပေါ်လာလေ ဖြစ်နေသည်။ ကောင်းကင်ဘုံသက်တော်စောင့်က လီယွမ်ဘေးနား၌ ရှိနေကာ အက်ကွဲကြောင်းများကို တိုက်ခိုက်ပေးနေသည်။
လီယွမ်က လေထဲသို့ မြင့်တက်လာရင်း သူက အကွာအဝေးတစ်ခုထံသို့ ကြည့်လိုက်သည်။ သူ့မျက်လုံးထဲ၌ တုန်လှုပ်မှု၊မယုံကြည်နိုင်ဖြစ်မှုတို့နှင့် ပြည့်လို့နေသည်။
သည်အခိုက်အတန့်၌ ပုံမှန်ထက်ကြီးမားသော အက်ကွဲကြောင်းတစ်ခုက သူ့အောက်တွင် ပေါ်လာခဲ့၏။ ထိုအက်ကွဲကြောင်းက ရုတ်တရက် ပြင်းထန်သော စုပ်အားတစ်ခုကို ထုတ်လွှတ်ကာ လီယွမ်အား ဝါးမြိုရန် ကြိုးစားလာသည်။
လီယွမ်၏အသွင်က ပြောင်းလဲသွား၏။ သူ့ဘေးတွင်လည်း ပိုမိုများပြားသော အက်ကြောင်းများ ရှိနေ၏။ ထိုများစွာသောအက်ကွဲကြောင်းများ ကြောင့် ကောင်းကင်ဘံဒသက်တော်စောင့်ပင် လုံလောက်အောင် မမြန်ဆန်နိုင်တော့ပေ။ သူတို့နှစ်ယောက်က အခက်အခဲကျရောက်နေတော့၏။
ဝမ်လင်းက ရှေ့သို့ လှမ်းထွက်ကာ သိုလှောင်အိတ်ထဲမှ တောင်နှင့်မြစ်အကာအရံကို ထုတ်ယူသည်။ထိုတောင်နှင့်မြစ် ပန်းချီကားသည် ကောင်းကင်ကို ရုတ်တရက် ဖုံးအုပ်သွားကာ လေဟာနယ်အက်ကြောင်းများစွာကို စုပ်ယူလိုက်၏။ ဝမ်လင်းက ထိုအခွင့်အရေးကို အသုံးပြုကာ ရှေ့သို့ ထိုးတက်သွား၍ လီယွမ်ကို ပြန်ဆွဲယူလိုက်သည်။
လီယွမ်၏ အောက်ရှိ အက်ကွဲကြောင်းကြီးက သူတို့နှစ်ယောက်အား ဝါးမြိုဟန် တာဆူလိုက်သည့်အခိုက်တွင် သူတို့နှစ်ယောက်နှင့် ကောင်းကင်ဘုံသက်တော်စောင့်တို့သည် မြေပြင်ပေါ်သို့ ပြန်ရောက်ရှိသွားကြသည်။
ကောင်းကင်ထက်ရှိ ပန်းချီကားသည် သေးငယ်သောအပေါက်များစွာ ပေါ်လာကာ ထိခိုက်ပျက်စီးသွးသည်ဟု ထင်ရ၏။ ဝမ်လင်းအသွင်က အလေးအနက် ဖြစ်လာကာ သူက သူ့ညာလက်ကို ဝှေ့ယမ်းလိုက်သည်။ထိုအခါ ကောင်းကင်ထက်ရှိပန်းချီကားက ပျောက်ကွယ်သွားလေ၏။ အကာအရံကလည်း သူ့လက်ထဲသို့ ပြန်ရောက်လာခဲ့ကာ ဝမ်လင်းသည် ၎င်းကို သိုလှောင်အိတ်ထဲသို့ ပြန်ထည့်သိမ်းလိုက်လေ၏။
“အစ်ကိုရှု…သင်က ဒီနေရာကို သိလား…” လီယွမ်၏မျက်နှာထက်၌ စိတ်လှုပ်ရှားမှုတို့ ပေါ်ထွက်နေကာ သူ့မျက်လုံးထဲ၌လည်း မယုံကြည်နိုင်ဟန်တို့ ဖြစ်ပေါ်နေသည်။သက အသက်ဝဝရှုသွင်းကာ စိတ်လှုပ်ရှားဟန်ဖြင့် ပြောလာသည်။ “အစ်ကိုရှု…ကောင်းကင်ဘုံသားတွေက သိုလှောင်အိတ်တွေကို အသုံးပြုခဲလှတယ်။ အများအားဖြင့် သူတို့က သူတို့ရဲ့ကိုယ်ပိုင်နေရာလွတ်ကို ဖွင့်လှစ်ထားတက်ကြတယ်။ ကောင်းကင်ဘုံသားတွေ သေသွားတာတောင် ဒီနေရာလွတ်တွေက ပျက်စီးသွားတာ မရှိဘူး။ ဒါပေမဲ့လည်း အဲ့နေရာလွတ်တွေကို ထပ်မံဖွင့်လှစ်ဖို့က အလွန်ပဲ ခက်ခဲလှတယ်…”
ဝမ်လင်းက မှင်သက်သွားကာ သူ့အသွင်ကလည်း ချက်ခြင်း ပြောင်းလဲသွားသည်။ သူက မေးလိုက်၏။ “အစ်ကိုလီ ဆိုလိုတာက ငါတို့ ခုရောက်နေတဲ့နေရာဟာ ကောင်းကင်ဘုံသားတစ်ယောက်ရဲ့ သိုလှောင်နေရာလွတ်ထဲမှာပေါ့…”
လီယွမ်က ရယ်မောလိုက်၏။ သူ့မျက်လုံးထဲ၌ ပို၍ စိတ်လှုပ်ရှားဟန်နှင့် ပြည့်လာခဲ့ကာ သူက ခေါင်းညိတ်ပြလိုက်သည်။ “ဟုတ်တယ်….ဒီနေရာက တော်တော်လေး ရှေးကျလှပြီး အာ့ကြောင့်လည်း နေရာလွတ်လေဟာနယ်က မတည်မငြိမ်ဖြစ်လာပြီး အက်ကွဲကြောင်းတွေ ပေါ်နေခဲ့တာ။ မဟုတ်ရင် ငါတို့က ဒီနေရာကို ဝင်ရောက်နိုင်ခဲ့မှာ မဟုတ်ဘူး…”
“ဒီနေရာမှာရှိတဲ့ ဖုန်မှုန့်တွေက အပြင်ဘက်ကနေ ရွှေ့လာခဲ့တာ။ ဒီနေရာမှာ ရှိတဲ့ တောင်တွေ သစ်ပင်တွေကလည်း အပြင်ဘက်ကနေ ဒီကို ရောက်လာခဲ့တာပဲ…”
ဝမ်လင်းမျက်လုံးက ထူးဆန်းသောအလင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ သူက ဖြည်းဖြည်းချင်း ပြောလိုက်၏။ “အစ်ကိုလီ…တကယ်လို့ ဒီနေရာလွတ်က ပြိုကျပျက်စီးသွားမယ်ဆိုရင် အထဲမှာ ရှိတဲ့ အရာအားလုံးက တစစီဖြစ်သွားမှာ မလား…”
လီယွမ်က မှင်သက်သွားကာ သူက ခေါင်းညိတ်ပြလိုက်သည်။ “ဟုတ်တယ်….ဒီနေရာက အပြင်ဘက်မှာ ရှိတဲ့ အစိတ်အပိုင်းမြေနဲ့ မတူဘူး။ ဒီနေရာက ပျက်စီးပြိုကျသွားတာနဲ့ ပြင်းထန်သောအားတစ်ခုက ဒီအထဲမှာ ရှိတဲ့အရာအားလုံးကိုပါ ပြိုပျက်စီး စေလိမ့်မယ်။ ဘာတစ်ခုမှ ကျန်ခဲ့မှာ မဟုတ်ဘူး။ ဒါပေမဲ့လည်း အစ်ကိုရှုက အေးအေးဆေးဆေးနေနိုင်ပါတယ်။ ဘာလို့လည်းဆိုတော့ ပြင်ပကနေ ကြားဖြတ်နှောင့်ယှက်မှုမရှိရင် ဒီနေရာက ပျက်စီးသွားမှာ မဟုတ်ပါဘူး။ အန်….ဒါမှမဟုတ်…သင်…သင်က…”
လီယွမ်က ပြောနေရင်းဖြင့် စိတ်ထဲတွင် တစ်စုံတစ်ခုကို တွေးမိလိုက်ခြင်းပင်။ သူက လေအေးတစ်ချက် ရှိုက်သွင်းမိလိုက်သည်။
ဝမ်လင်းမျက်လုံးက အေးစက်လာကာ သူက ခပ်တိုးတိုး ပြောလိုက်၏။
“ဒီနေရာက ဒီလိုဖြစ်တော့ ငါတို့ဟာ သွေးဘိုးဘေးနဲ့ ရင်ဆိုင်နိုင်ဖို့ ထောင်ချောက်တစ်ခု ချမှတ်နိုင်လောက်တယ်…”
***