“ရှေးဟောင်းနတ်ဘုရားအရေပြား…” ဝမ်လင်းအသွင်က ချက်ခြင်းနက်မှောင်သွားသည်။ သူက အရိုးစုပေါ်ရှိ ချပ်ဝတ်သားရေကို စူးစိုက်ကြည့်နေသည်။
သူက ထိုခံစားမှုကို တိတိပပ မပြောနိုင်ပေ။ သို့သော် သူက သည်ချပ်ဝတ်ကို မြင်လိုက်ရသည့်အခါ၌ ဝမ်လင်းသည် ဝမ်းနည်းမှုကို ခံစားလိုက်ရပေသည်။
သူက သေသေချာချာ ကြည့်လိုက်ပြန်၏။ သည်သားရေချပ်ဝတ်က တကယ့်ကို ရှေးဟောင်းနတ်ဘုရားတစ်ပါး၏ အရေပြားနှင့် ပြုလုပ်ထားခြင်းပင်။သူက သည်ရှေးဟောင်းနတ်ဘုရားက ကြယ်ဘယ်နှစ်လုံးအဆင့်ရှိမှန်း မသိသော်လည်း သည်သားရေချပ်ဝတ်ကို ကြည့်နေချိန်၌ သူ့မူလခန္ဓာကိုယ်ကို တွေးမိသွားသည်။
လီယွမ်က ခပ်တိုးတိုး ရေရွတ်လိုက်၏။ “အစ်ကိုရှုက ဒီဟာကို သိလား…”
ဝမ်လင်းက ခေါင်းယမ်းကာ တည်တည်ငြိမ်ငြိမ်ပင် ပြောလိုက်သည်။ “ငါ မသိပါဘူး။ ဒါပေမဲ့ ဒါက ငါ့မိတ်ဆွေတစ်ယောက် ပိုင်ဆိုင်ထားတဲ့ တစ်ခုနဲ့ တူနေတဲ့ပုံ ပေါက်နေလို့ပါ…”
လီယွမ်သည် ဆက်လက်မေးမြန်းခြင်း မရှိတော့ပေ။ သို့သော် သူက သစ်ပင်ဘေးနားရှိ အရိုးစုကို ကြည့်လိုက်ကာ စတင် စဉ်းစားကြည့်နေသည်။ အနည်းငယ် ကြာမြင့်ပြီးသည့်နောက် သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခု ပြုလုပ်ကာ သစ်ပင်ထံသို့ ညွှန်လိုက်သည်။ မက်မွန်ဆယ့်ရှစ်ခုအတားအဆီးသည် ချက်ခြင်းပင် ပေါ်ထွက်လာခဲ့ကာ သစ်ပင်ထံသို့ တိုးဝင်သွားသည်။
မက်မွန်အတားအဆီးတစ်ခုပြီးတစ်ခုသည် သစ်ပင်ပေါ်သို့ ကျရောက်သွားကြသည်။ထို့နောက် ထိုသစ်ပင်ပတ်လည်ရှိ လေဟာနယ်သည် တွန့်လာခဲ့သည်။ မရေမတွက်နိုင်သော အတားအဆီးများသည်လည်း ပေါ်ထွက်လာကာ သစ်ပင်အောက်ရှိ အရိုးစုပင် တွန့်ကြေလာခဲ့၏။
သည့်နောက်တွင်တော့ သူတို့နှစ်ယောက်ရှေ့ရှိ အရာအားလုံးသည် ရုတ်တရက် ပြိုပျက်ကျသွားသည်။
သစ်ပင်နှင့်အရိုးစုတို့သည် ပျောက်ကွယ်သွားလေသည်။လီယွမ်နှင့်ဝမ်လင်းတို့ ရှေ့တွင် ရှိနေသည့် တစ်ခုတည်းသောအရာသည် နူးညံ့သောအလင်းတစ်ခုကို ပေးစွမ်းနေသော တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်တစ်ခုသာ ဖြစ်တော့သည်။
လီယွမ်သည် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို ကြည့်ကာ ပြောလိုက်သည်။ “ဒါက ကော်းကင်ဘုံအတားအဆီးဥပဒေသ ရှစ်ခုရဲ့ တတိယမြောက် ဥပဒေသပဲ…။ဒီအတားအဆီးရဲ့ ရည်ရွယ်ချက်က အထင်မှားအောင် တံလျှပ်လို ဖြစ်အောင်ပဲ…။ငါတို့မြင်ခဲ့တဲ့ အရိုးစုက အမှန်တကယ် သစ်ပင်အောက်မှာ လှဲလှောင်းနေခဲ့တာ မဟုတ်ဘူး…”
“ဒီအရိုးစုကို တည်ကြက်လို လုပ်ပြီး လူတွေကို ဖြားယောင်းသွေးဆောင်တာပဲ။ ပြီးရင်ဒီအတားအဆီးကို အသုံးပြုပြီး သတ်ပစ်ဖို့ ဖြစ်တယ်…။ဒီလောက်နှစ်တွေအကြာမှာ လူဘယ်လောက်များများက ဒီဟာကြောင့် သေဆုံးခဲ့ရလည်း ငါ မခန့်မှန်းနိုင်ဘူး…”
ဝမ်လင်းက ခေါင်းညိတ်လိုက်သည်။ သူကလည်း ထိုအရာကို ဖြတ်မြင်နိုင်ခဲ့ပြီး ဖြစ်သည်။ အရိုးစုကသာ အမှန်တကယ် ဖြစ်နေမည်ဆိုပါက သည်လောက်နှစ်တွေကြာအောင် မပျက်အစီးပဲ ပကတိအတိုင်း ရှိနေလိမ့်မည် မဟုတ်ပေ။
“ဒါက သတ်ဖြတ်ခြင်းမန္တာန်တစ်ခုပဲ…။ကြည့်ရတာ ဒီသားရေချပ်ဝတ်က တော်တော်လေး အဖိုးတန်တဲ့ ကောင်းကင်ဘုံရတနာတစ်ခု ဖြစ်ရမယ်…”
လီယွမ်၏ မျက်လုံးက အေးစက်လာခဲ့သည်။
ဝမ်လင်းက အနည်းငယ် စဉ်းစားပြီးနောက် ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “ဒီအတားအဆီးက ကောင်းကင်ဘုံသားတွေ ကိုယ်တိုင် ချန်ခဲ့တာလား…ဒါမှမဟုတ် နောက်ပိုင်းကျမှ တစ်စုံတစ်ယောက်က ထောက်ချောက်အဖြစ် လုပ်ထားခဲ့တာလား ငါ မသိဘူး…”
လီယွမ်သည်လည်း တိတ်ဆိတ်စွာ စဉ်းစားနေသည်။ သူကလည်း သည်မေးခွန်းကို စဉ်းစားနေခြင်း ဖြစ်သည်။ထို့နောက် သူက ဖြည်းဖြည်းချင်း ပြောလာသည်။ “ဘယ်လိုပဲဖြစ်ဖြစ် ဒီအတားအဆီးကို ပထမဆုံးအကြိမ် ချိုးဖျက်တာလို့တော့ ငါ ဆုံးဖြတ်နိုင်တယ်။တကယ်တော့ ငါက ဒီအတားအဆီးကို အချိန်အတန်ကြာ သေချာလေ့လာကြည့်တော့ ဘာအရိပ်အယောင်မှ ပြတာ မတွေ့ခဲ့ဘူး…”
ဝမ်လင်း၏မျက်လုံးက အာရုံစိုက်နေကာ သူက ဖြည်းဖြည်းချင်း ပြောလာသည်။ “ဒီလောက်နှစ်တွေအကြာမှာ ဒီအတားအဆီးက တစ်ချို့တစ်လေ ပြောင်းလဲခဲ့တာများ ဖြစ်နေနိုင်လား…။ဒီလို ပြောင်းလဲခဲ့တာက အလင်းအချို့ကို အပြင်စိမ့်ထွက်စေပြီး ငါ့တို့ကို အတားအဆီးရဲ့ အတွင်းဘက်ခြမ်းကို တွေ့မြင်စေခဲ့တာလား…”
လီယွမ်က အနည်းငယ် စဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်သည်။ “အစ်ကိုရှု ပြောတဲ့အထဲမှာ တစ်ချို့တစ်လေ မှန်လောက်တယ်။ ဒီကိစ္စက အစ်ကိုရှု ပြောသလိုဖြစ်ဖို့ (၇၀) ရာခိုင်နှုန်း လောက်ရှိတယ်။ဒါ့အပြင် ဒီအတားအဆီးက ရတနာတွေကို ခိုးယူတဲ့လူတွေကို သတ်ပစ်ဖို့အတွက် တမင်ရည်ရွယ်ခဲ့တာလည်း ဖြစ်နေနိုင်တယ်…”
ဝမ်လင်းနှင့်လီယွမ်တို့သည် ပုံမှန်ထက်သာသော စိတ်နေစိတ်ထားနှင့် မြင်နိုင်စွမ်း ရှိကြသူများပင်။ သူတို့နှစ်ယောက်က အမှန်တရားနှင့် နီးစပ်နိုင်ရန် အနည်းငယ် တွက်ချင့်စဉ်းစားကာ ဆွေးနွေးကြည့်ရန်သာ လိုသည်။
သည်အခိုက်အတန့်တွင်ပင် အတားအဆီးချိုးဖျက်ခံလိုက်ရပြီးနောက် ဖြစ်ပေါ်လာသော တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်သည် မတည်မငြိမ်ဟန် ပြသလာခဲ့သည်။
မရေမတွက်နိုင်သော ဝဲကတော့ငယ်များသည် ထိုတည်နေရာရွှေ့ပြောင်းခြင်းအစီအရင်၏ အနားစွန်းတွင် ပေါ်လာခဲ့သည်။ထိုဝဲကတော့ငယ်များထံကနေ ပုံရိပ်ယောင်အချို့လည်း ထွက်ပေါ်လာသည်။ ထိုပုံရိပ်ယောင်များက အပိုင်းအစများ ဖြစ်နေသော်လည်း လူတစ်ယောက်သည် ၎င်းတို့ကို ရှေးဟောင်းအဆောက်အဦး အပျက်အစီးများအဖြစ် မြင်နိုင်ပေသည်။
ဝမ်လင်းနှင့်လီယွမ်တို့က ထိုအရာကို သတိပြုမိလိုက်ကြရာ သူတို့၏ မျက်လုံးများက ကျဉ်းမြောင်းသွားကြသည်။
လီယွမ်က ရယ်မောလိုက်၏။ “ကြည့်ရတာ အစ်ကိုရှုရဲ့ ထင်မြင်ချက်က မှန်နေတယ့်ပုံပဲ။ငါတို့နှစ်ယောက်က ဒီအစီအရင်ထဲဝင်ပြီး ဘာကြောင့် မစစ်ဆေးကြည့်ရမှာလဲ…”
ဝမ်လင်းက စကားပြောဟန် ပြင်လိုက်ရာ ပြင်းထန်သောနတ်ဘုရားအာရုံတစ်ခုသည် ပျံ့နှံ့ရောက်ရှိလာသည်။ ထိုနတ်ဘုရားအာရုံက အားကောင်းလွန်းလှ၏။
၎င်းမန္တာန်ပျံ့နှံ့လာသည့်အခါတွင် ကောင်းကင်ထက်ရှိ တိမ်စိုင်များသည် ပျံနှံ့လွင့်ပါးသွားရသည်။
လီယွမ်၏အသွင်က ပြောင်းလဲသွားသည်။ထိုနတ်ဘုရားအာရုံ လွှမ်းခြုံကျရောက်လာသည်နှင့် သူက အသက်ရှုရန်ပင် ခက်ခဲသွားသည်ဟု ခံစားလိုက်ရသည်။ ထိုနတ်ဘုရားအာရုံက အထည်ဒြပ်ရှိကာ သူ့ခန္ဓာကိုယ်ပေါ်သို့ တောင်ကြီးတစ်လုံး ဖိသိပ်ကျလာသကဲ့သို့ ဖြစ်နေသည်။
သူ့ခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များသည်လည်း ထိန်းချုပ်မှုကနေ လွတ်ကင်းသွားရကာ သွေးတစ်လုပ်အန်ထုတ်လိုက်ရသည်။ မူလက ထိုနတ်ဘုရားအာရုံသည် သိမ်းကြုံးဖြန့်ကျက်ခြင်းသာ ဖြစ်၏။ သို့သော် ၎င်းနတ်ဘုရားအာရုံက ချက်ခြင်း ပြန်လှည့်လာကာ သည်တည်နေရအား ပိတ်ဆို့လိုက်လေ၏။
ဝမ်လင်းက ပို၍ပင် တုန်လှုပ်နေသေးသည်။ သည်နတ်ဘုရားအာရုံက သူ့ကို ရင်းနှီးသလို ခံစားရစေသည်။ ထိုအခိုက်အတန့်မှာပင် သူက တုံ့ဆိုင်းနေခြင်းမရှိဘဲ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင် ရှိရာသို့ တိုးဝင်သွားသည်။
လီယွမ်၏ မျက်နှာကလည်း ဖြူရောသွား၏။ သူက သူ့အသိစိတ်ပင် ဆုံးရှုံးလုနီးပါး ဖြစ်သွားရကာ ဝမ်လင်းနောကသို့ အမြန်လိုက်ပါသွားသည်။
သူတို့နှစ်ယောက်လုံးက မူလကတည်းက တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်နှင့် သိပ်ဝေးလှခြင်း မရှိပေ။ သူတို့က အမြန်ဆန်ဆုံး ရွှေ့လျားလိုက်သည့်အတွက် အစီအရင်နှင့် နီးကပ်သွားကြသည်။ သို့ရာတွင် ထိုနတ်ဘုရားအာရုံကလည်း အသည်းအသန်ဖြစ်လာကာ သူတို့နှစ်ယောက်၏ ပေတစ်ထောင်ပတ်လည်အတွင်းသည် ရုတ်တရက် နီမြန်းလာခဲ့လေသည်။
အနီရောင်အခိုးငွေ့အမျှင်တန်းများကလည်း ရုတ်တရက် ထွက်ပေါ်လာလေသည်။ ယင်းအခိုးငွေ့မျးက စူးရှစွာ မည်ကြွေး၍ ဝမ်လင်းထံသို့ တိုးဝင်လာချေ၏။
“အတားအဆီး…” ဝမ်လင်းက လီယွမ်ကို ဆွဲခေါ်ကာ ထိုသို့ အော်ပြောလိုက်ရင်း တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ထံသို့ တဟုန်ထိုး ဆက်တိုးဝင်လာသည်။
လီယွမ်၏ လျှပ်တစ်ပြက်ဉာဏ်ကလည်း ဝမ်လင်းထက် အားနည်းလှခြင်းမရှိပေ။ ထို့ကြောင့် သူက ဝမ်လင်း ဆိုလိုသည်ကို ချက်ခြင်းနားလည်လိုက်သည်။ သူတို့နှစ်ယောက်လုံးက တိုက်ခိုက်ပါက တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ထံသို့ သွားရောက်ရာ၌ အရှိန်လျော့သွားနိုင်ပေသည်။ သည်သေရေးရှင်ရေးအခိုက်အတန့်၌ ဝမ်လင်းသည် အမြန်နှုန်းတွင် အာရုံစိုက်ကာ လီယွမ်သည် တိုက်ခိုက်ဖို့ အာရုံစိုက်ခြင်းက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
ဝမ်လင်းက သူ့ကို ဆွဲခေါ်လိုက်သည့်အခိုက်တွင် လီယွမ်သည် သူ့လက်နှစ်ဖက်ကို မြန်ဆန်စွာ လှုပ်ရှားလိုက်သည်။ ထိုအခါ မရေမတွက်နိုင်သော အတားအဆီးမျး ဖြစ်ပေါ်လာသည်။ ထိုအတားအဆီးများ ပေါ်လာသည်နှင့် ၎င်းတို့က ဆယ့်ရှစ်ခုအထိ ခွဲထွက်သွားကြ၏။
ထိုများစွာသောအတားအဆီးများ ပေါ်ထွက်လာသည်နှင့် အနီရောင်အခိုးငွေ့များမှ ထွက်ပေါ်လာနေသည် တစ္ဆေလိုအခိုးငွေ့များသည် ရပ်တန့်သွားကြသည်။ ဝမ်လင်းက လီယွမ်ကို ဆွဲကာ နောက်သို့ လှည့်မကြည့်ဘဲ အစီအရင်၏ အစွန်းနားသို့ ရောက်လာသည်။ သူက အစီအရင်ထဲသို့ ဝင်ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့၏။
ထိုအခိုက်အတန့်မှာပင် နတ်ဘုရားအာရုံထံမှ အေးစက်စက်နှာခေါင်းရှုံ့သံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထို့နောက် သည်ဧရိယာတွင် အေးစက်စက်အသံတစ်ခု ထွက်ပေါ်လာ၏။
“သွေးလေဟာနယ်…သိပ်သည်းခြင်း…”
ထိုစကားသုံးခွန်း ထွက်ပေါ်လာသည်နှင့် သည်ဧရိယာ၏ ပေတစ်ထောင်ကို အားတစ်ခုက ချက်ခြင်း ညှစ်ချေလာသည်။ လေဟာနယ်က ချက်ခြင်း အထည်ဒြပ်ဖြစ်လာကာ သည်ဧရိယာအတွင်းရှိ အရာအားလုံးကို ညှစ်ချေမွရန် ကြိုးစားလာသကဲ့သို့ ထင်ရသည်။
ဝမ်လင်းက တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ထဲသို့ ဝင်ရောက်ရန် ခြေတစ်လှမ်းသွာ လိုတော့ပေ၏။ သို့ရာတွင် သူက ခြေလှမ်းမြှောက်လိုက်ချိန်၌ တောင်ကြီးတစ်ခုလုံးသည် သူ့နောက်ကျောကို ချည်တုပ်ထားသလိုမျိုး ဖြစ်ကာ သူ့ခြေလှမ်းအား နှေးကွေးသွားစေသည်။
သူ့ခန္ဓာကိုယ်ကလည်း မရေမတွက်နိုင်သောအာားများဖြင့် ညှစ်ချေခြင်း ခံနေရသည်ဟု ခံစားနေရသည်။
ထိုစွမ်းအားက အလွန်ပြင်းထန်လှသည်။ ကောင်းကင်ဘုံ၏ ခွန်အားအလား မှတ်ရ၏။
ဝမ်လင်း၏ မျက်နှာက ဖြူရောနေကာ သူ့နှဖူးထက်၌လည်း ချွေးစေးများ ပြန်နေသည်။ သူက သူ့လက်ဖြင့် ရတနာတစ်ခုကိုပင် ထုတ်ယူပင့်မြှောက်နိုင်စွမ်း မရှိ ဖြစ်ရသည်။သူက အကွာအဝေးတစ်ခုရှိ လေဟာနယ်ထဲကနေ အနီရောင်အလင်းတန်းတစ်ခုသည် သူတို့ရှိရာနေရာသို့ လာနေသည်ကို ခပ်ရေးရေးခံစားမိသည်။ ထိုအနီရောင်အလင်းအတွင်း၌ အနီရောင်ပုံရိပ်တစ်ခုသည် မြန်ဆန်စွာ သိပ်သည်းလာခဲ့သည်။
ထိုအနီရောင်အလင်းထံကနေ မုန်တီးမှုအငွေ့အသက်တို့ ထွက်ပေါ်လို့နေ၏။ ထိုအမုန်းတရားထဲ၌ ပါဝင်နေသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒက နှိုင်းဆမရအောင်ပင် ဖြစ်တော့၏။
***