Switch Mode

အပိုင်း(၈၀၄)

အဖြေ မရှိဘူး…

လီယွမ်နောက်သို့ လှည့်လိုက်သည့်အခါတွင် ရုတ်တုသည် အနီရောင်မီးတောက်ကို လုံးဝ စုပ်ယူပြီးသွားခဲ့ပြီ ဖြစ်သည်။ ရုပ်တုပေါ်ရှိ အက်ကွဲကြောင်းများထံကနေလည်း အနီရောင်အလင်းတန်းများ ထွက်ပေါ်လာနေကြသည်။ ထိုအနီရောင်အလင်းက သွေးနံ့ကို သယ်ဆောင်လာ၏။ ထိုသွေးနံ့က ကောဟန်ထံကနေ ဖြစ်ပေါ်လာခြင်းသာ။

ထိုအနီရောင်အလင်းတန်းက ပြင်းထန်သောအော်ရာတစ်ခု ပါဝင်သည်ဟု ထင်မှတ်ရကာ စာလိပ်ထံသို့ ပျံ့နှံ့လာသည်။သို့ရာတွင် သည်အခိုက်အတန့်၌ ရုပ်တု၏ မျက်လုံးအောက်တွင် မြောက်များစွာသော အက်ကွဲကြောင်းများ ဖြစ်ပေါ်လာသည်။ ထိုအက်ကွဲကြောင်းများထံကနေလည်း အနီရောင်အလင်းတစ်ခုထွက်ပေါ်လာသည့်အခါ ပုံရိပ်ယောင်တစ်ခု ရှိနေ၏။ ထိုပုံရိပ်ယောင်က ယင်းကောင်းကင်ဘုံရုပ်တုက သွေးမျက်ရည်ကျဆင်းနေသည်ဟု ထင်ရသကဲ့သို့ ဖြစ်သည်။

“ငါ…မှား…ခဲ့ပါတယ်…” လီယွမ်က ကျောက်ရုပ်တုကို စူးစိုက်ကြည့်နေရင်း ခပ်တိုးတိုး ရွတ်ဆိုလိုက်သည်။ သူ့မျက်လုံးထဲ၌ စိတ်ရှုပ်ထွေးမှုတို့နှင့် ပြည့်နေခဲ့သည်။

ဝမ်လင်း၏ မျက်လုံးများက‌ အေးစက်နေသည်။သည်လီယွမ်က အန္တရာယ်များလှခြင်း မရှိပေ။ သူ့အာဏာတက်ခြင်းအထွတ်အထိပ်အဆင့်ကို ဝမ်လင်းက လွယ်လင့်တကူ အနိုင်ယူနိုင်ပေသည်။ သို့ရာတွင် လီယွမ်၏ခန္ဓာကိုယ်ထဲကနေ ပြင်းထန်သောအော်ရာတစ်ခု ထွက်ပေါ်နေခဲ့သည်။ ထိုအော်ရာ၏ ရင်းမြစ်က ကျွန်အမှတ်အသားပင် ဖြစ်တော့သည်။

ထိုအော်ရာကြောင့်သာ သည်လူက အမြဲလိုလို ထူးဆန်းအံ့ဖွယ်အော်ရာကို ပေးစွမ်းနေခြင်း ဖြစ်၏။

ဝမ်လင်းက ထိုစွမ်းအားကို အတော်လေး သတိထားပေသည်။ သူက ကျောက်ရုပ်တုအောက်၌ လီယွမ်အရာအားလုံးကို ရှင်းပြခဲ့ကတည်းက ထိုကျွန်အမှတ်အသား၏ စွမ်းအားကို သတိပြုမိခဲ့ပေသည်။

သည့်အပြင် ဝမ်လင်းက ကောဟန် မသေဆုံးခင် ရုပ်တုကို ထူးဆန်းစွာ ကြည့်သွားသည်ကို တွေ့မြင်ခဲ့စဉ်က သူသည် တစ်ခုခုကို သိရှိသွားသလိုလည်း ခံစားမိခဲ့သည်။

တကယ်တော့ ကောမိသားစုက သည်ရုပ်တုအဖြစ် တည်ရှိနေသော ကောင်းကင်ဘုံသား၏ မျိုးဆက်ပင်။ လီမိသားစုကတော့ အမှန်တကယ် အပြစ်ကင်းခဲ့ပုံရ၏။ လီမိသားစု၏ ဘိုဘေးများသည် သည်နေရာသို့ အရဲစွန့်ဝင်လာခဲ့ကာ ကျွန်အမှတ်အသားကို လက်ခံခဲ့ရခြင်းက သူတို့မိသားစုတစ်ခုလုံးကို ကျဆင်းသွားစေခဲ့ခြင်း ဖြစ်သည်။ထိုမိသားစု၏ မျိုးဆက်မျိုးဆက်များ၏ လျော့ကျလာသော ကျင့်ကြံခြင်းနှင့် သက်တမ်းတို့က သည်ဖျက်စီးလို့မရနိုင်သည့် ကောင်းကင်ဘုံသား စိတ်ဝိညာဉ်ကို ပြန်ကောင်းမွန်ရန် အခွင့်ရလာခဲ့ခြင်းလည်း ဖြစ်သည်။

လီမိသားစုက အမှန်ပင် ကျွန်အမှတ်အသားကို အမှန်ပင် ပုန်ကန်လိုခဲ့သည်။ သို့သော် သူတို့၏ ပုန်ကန်မှုက အကြိမ်တိုင်း ကျရှုံးခဲ့ရသည်မှာ သိသာပေသည်။လွန်ခဲ့သော နှစ်သောင်းချီက လီမိသားစုဘိုးဘေးတစ်ယောက်သည် ကျွန်အမှတ်အသားကို ဖျောက်ဖျက်နိုင်ရန်အတွက် အခွင့်အရေးတစ်ခု ရရှိခဲ့သည်။ သို့ရာတွင် ကျွန်အမှတ်အသားသည် ၎င်း၏ ဆရာသခင်အတွက် နှစ်ထောင်ပေါင်းများစွာ ထောက်ပံ့ပေးလာခြင်းကနေ ကျွန်အမှတ်အသားထဲရှိ စိတ်ဝိညာဉ်သည် နိုးထလာနိုင်ရန် လုံလောက်စေခဲ့ပေသည်။ထိုအရာက လီမိသားစု၏ ပါရမီရှင်ဘိုးဘေး မည်သို့ ထွက်ပေါ်လာခဲ့ခြင်းလည်း ဖြစ်ပေသည်။

သို့သော် အမှန်တော့ ထိုလီမိသားစုဘိုးဘေးသည် လီမိသားစုကို ကျွန်အမှတ်အသားကနေ ဖြေလျှော့နိုင်ရန် ပြောခဲ့သည့်အချိန်တုန်းက သူသည် တကယ့်တကယ်တော့ သူ့အရှင်သခင်ကို ပြန်လည်အသွင်သွင်းလိုခြင်းသာ ဖြစ်နေတော့သည်။

အစက ဝမ်လင်းသည် လွန်ခဲ့သောနှစ်သောင်းချီက ကျရှုံးခဲ့မှုသည် ကောမိသားစု၏ ပြဿနာဟု တွေးထင်ခဲ့သေးသည်။ သို့သော် လီယွမ်က သူ့ကို လာရှာခဲ့သည့်အကြောင်း တွေးမိသည့်အခါတွင်တော့ သူက အခြားကောက်ချက်တစ်ခုကို ရလာခဲ့လေ၏။

လီယွမ်၏ ပြင်ဆင်မှုမျာသည် ပြီးပြည့်စုံလုနီးပါး ဖြစ်ခဲ့၏။ သူက မိုးကြိုးကောင်းကင်ဘုံနယ်မြေသို့ မဝင်ရောက်လာခင်က ဝမ်လင်းနှင့်တွေ့ရန် အစီအစဉ် ချမှတ်ထားခဲ့ခြင်း မရှိပေ။ ဝမ်လင်းက ကျောက်ရုပ်တုကို တွေ့မြင်ခဲ့သည့်အချိန်က သူသည် လီနှင့်ကောမိသားစုတို့ကြားရှိ ကံကြမ္မာကို နားလည်သွားခဲ့သည်။

သည်လီယွမ်က ဝမ်လင်း ပုံရိပ်ယောင်ယင်အဆင့်ကျင့်ကြံသူနှင့် တိုက်ခိုက်ခဲ့စဉ်က ကံကြမ္မာကျာပွတ်ကိုလည်း တွေ့မြင်ခဲ့ရပေမည်။ ထို့အတွက်ကြောင့်လည်း လီယွမ်က သူ့ကို ရွေးချယ်ခဲ့ခြင်း ဖြစ်လေ၏။

ကံကြမ္မာကျာပွတ်သည် ကံတရားအပေါ်၌ သက်ရောက်နိုင်စွမ်း ရှိသည် မဟုတ်လား။

လွန်ခဲ့သောနှစ်သောင်းချီက ကျရှုံးမှုသည် ကောင်းကင်ဘုံသား၏ ကျေးကျွန်၊ရတနာသုံးခု သို့မဟုတ် ကောမိသားစုကြောင့် မဟုတ်ပေ။ ထိုသို့ကျရှုံးခဲ့ရခြင်းက ကောင်းကင်ဘုံသား ကိုယ်တိုင်သည် သည်လိုနည်းလမ်းဖြင့် အသက်ပြန်ရှင်သန်လိုသည့် စိတ်ဆန္ဒမရှိခြင်းကြောင့် ဖြစ်တော့၏။ ကောင်းကင်ဘုံသားသည် သူ့စိတ်ဝိညာဉ်ကို ချိပ်ပိတ်ထားမှုကို ပြေလျှော့နိုင်ရန် သူ့မျိုးဆက်များ၏ အသက်ကို ပေးစပ်စေဖို့ စိတ်ဆန္ဒ မရှိခဲ့ခြင်း မည်လေ၏။

ကံကြမ္မာအကြောင်းရင်းက ကောင်းကင်ဘုံသားရုပ်တုကို အသက်ပြန်ရှင်ခြင်း ဖြစ်သည်။ သို့သော် ကံကြမ္မာအကျိုးဆက်ကတော့ ကောင်းကင်ဘုံသား၏ စိတ်ဝိညာဉ်ခုခံမှုကို ဖယ်ရှားနိုင်ရန် ဖြစ်တော့၏။

သို့သော် ကောင်းကင်ဘုံသား တစ်ယောက်၏ စိတ်ဝိညာဉ်က မည်သို့ ရိုးရှင်းနိုင်ပါ့မည်နည်း။ ဝမ်လင်းက ကံကြမ္မာကျာပွတ်ကို အသုံးပြုခဲ့လျှင်ပင် သူက ၎င်းစိတ်ဝိညာဉ်ထဲသို့ပင် ဆွဲခေါ်ခြင်း ခံသွားရနိုင်၏။ သူက အသက်ရှင်နိုင်ပါ့မလားပင် သေချာ သိရမည် မဟုတ်ပေ။

အကယ်၍ ဝမ်လင်း ထွက်ပေါ်လာခြင်း မရှိလျှင်ပင် လီယွမ်သည် ပထမအကြိမ်ကျရှုံးမှုအတွက် အခြားနည်းလမ်းများကို အသုံးပြုဦးမည် ဖြစ်၏။ သို့ရာတွင် လီယွမ်က ထိုနည်းလမ်းများသည် အောင်မြင်နိုင်မလား သေချာ ယုံကြည်မှု ရှိမနေပေ။သို့သော် သူ့တွင် ဝမ်လင်း၏ ကံကြမ္မာကျာပွတ်အကူအညီသာ ရပါက အောင်မြင်ဖို့ (၉၀)ရာခိုင်နှုန်းထိ ယုံကြည်မှု ရှိနေ၏။

ဝမ်လင်းက သည်လီယွမ်သည် သူ့သိုလှောင်အိတ်ထဲရှိ ကံကြမ္မာကျာပွတ်နှင့် ကံတရားချင်း ဆက်နွှယ်နေလိမ့်မည်ဟု ခန့်မှန်းကြည့်ခဲ့သည်။

သည့်အပြင် ကောမိသားစုကလည်း လွန်ခဲ့သော နှစ်သောင်းချီက ရတနာသုံးခုကို ပြန်ရရှိဖို့ နည်းလမ်းမျိုးစုံအသုံးပြုခဲ့သေး၏။ သူတို့၏ ပန်းတိုင်သည် လီမိသားစု၏ ကျွန်အမှတ်အသား ဒုတိယအကြိမ် ပြန်လည်မွေးဖွားလာမည်ကို စောင့်ဆိုင်းရန် ဖြစ်လေတော့၏။ထိုကောမိသားစုက ကောင်းကင်ဘုံသား၏ မျိုးဆက်များ ဖြစ်နေသည် မဟုတ်လား။

ထို့အတွက်ကြောင့်လည်း လီယွမ် ကောမိသားစုထံ သွားခဲ့သည့်အချိန်က အရာရာသည် ချောမွတ်နေခဲ့ခြင်း ဖြစ်တော့၏။ သို့ရာတွင် လီယွမ်သည် ကောဟန်နှင့်လမ်းတစ်လျှောက် ဆက်ဆံပုံကို ကြည့်ကာ သူ့စိတ်နေစိတ်ထားက တောက်လျှောက် ပြောင်းလဲနေသည်ကို ပြန်အမှတ်ရလိုက်၏။ ထို့ကြောင့် ဝမ်လင်းက သူ့ကိုယ်ပိုင်ထင်မြင်ချက်တစ်ခုကို အတည်ပြုလိုက်နိုင်တော့သည်။ တကယ်တော့ လီယွမ်၏ အစစ်အမှန် စိတ်ဝိညာဉ်သည် ခုထိ သေဆုံးခြင်း မရှိသေးဘဲ တည်ရှိနေဆဲ ဖြစ်၏။

တိတိကျကျဆိုပါက အခုလီယွမ်၏ ခန္ဓာကိုယ်ထဲရှိ စိတ်ဝိညာဉ်ပင်။ သို့သော် သည်စိတ်ဝိညာဉ်က ဘက်နှစ်ခု ဖြစ်နေ၏။ တစ်ခုသည် အစစ်အမှန်လီယွမ် ဖြစ်ကာ အခြားတစ်ခုကတော့ ကျွန်အမှတ်အသားထဲရှိ ကြွင်းကျန်နေသော စိတ်ဝိညာဉ် ဖြစ်လေတော့၏။

သည်စိတ်ဆန္ဒနှစ်ခု၏ ပဋိပက္ခကြောင့် လီယွမ်သည် သူ့မိသားစု၏ အတားအဆီးများကို စွမ်းအားအပြည့် မသုံးနိုင်ခဲ့ခြင်း ဖြစ်လေ၏။ လီယွမ်က အတားအဆီးတစ်ခုကို အသုံးပြုလိုက်သည့်အခါတိုင်း ထိုအတားအဆီးက ပျက်စီးပြိုပျက်တော့မည့် လက္ခဏာကို ပြသလာခဲ့ခြင်း ဖြစ်တော့၏။ထို့အတွက်ကြောင့်လည်း သူအသုံးပြုခဲ့သည့် မက်မွန်ဆယ့်ရှစ်ခုနှင့် ပျက်သုဉ်းခြင်းအတားအဆီးကနေ ဖြစ်ပေါ်လာသည့် အနက်ရောင်လိုင်းတို့သည် ထုတ်ဖော်လိုက်ချင်းချင်း ပြန်ပြိုလဲပျက်စီးမည့် လက္ခဏာကို ပြသခဲ့ခြင်း ဖြစ်တော့သည်။

ထိုအရာများအားလုံးကို နားလည်ပြီးသည့်နောက် ဝမ်လင်းသည် တောင်နှင့်မြစ်ပန်းချီကားအတွင်း၌သာ ရှိနေရင်း လီယွမ်ကို စူးစိုက် ကြည့်နေလေသည်။

သူက သည်လီယွမ်သည် သနားစရာကောင်းလှသူအဖြစ် ခံစားမိနေသည်။

သူက သူ့အရှင်သခင် ပြန်အသက်ရှင်ဖို့အတွက် အရာအားလုံးကို လုပ်ဖို့ ဆန္ဒရှိနေသည့် သစ္စာရှိ ကျေးကျွန်တစ်ယောက်သာ ဖြစ်နေသည် မဟုတ်လား။

လီယွမ်က ကျောက်ရုပ်တုကို ကြည့်ကာ မြေပေါ်သို့ ဒူးထောက်ချလိုက်တော့၏။

“သခင်…ငါ…ငါက တကယ်မှားခဲ့တာလား…”

ထိုအခိုက်အတန့်၌ ရုပ်တုပေါ်တွင် ပိုပိုများသော အက်ကွဲကြောင်းများ ပေါ်လာခဲ့သည်။ အက်ကွဲကြောင်းများထဲကနေ ထွက်ပေါ်နေသည့် အနီရောင်အလင်းကလည်း ပိုသိပ်သည်းလာခဲ့သည်။ထိုရုပ်တု၏ မျက်လုံးအောက်ရှိ အနီရောင်အလင်းသည်လည်း စုစည်းလာကာ အစစ်အမှန်သွေးမျက်ရည်ကဲ့သို့ပင် ထင်မြင်လာရသည်။

“သခင်က ဘာကြောင့် ပြန်နိုးထဖို့ ဆန္ဒမရှိရတာလဲ။ငါက ဓားရိုးပေါ်မှာ ဗလာကင်းမဲ့နေရာကို မမြင်ချင်ရုံပါ။ သခင်က အမြဲ အဲ့ဓားရိုးပေါ်မှာ ရပ်နေပြီး ငါက ဓားထိပ်ဖျားမှာ ရပ်လို့ သင်နဲ့အတူ ကောင်းကင်နှင့်မြေကြီးကို တိုက်ပွဲဝင်ချင်လို့ပါ…”

လီယွမ်က သူ့ကိုယ်သူ ပြောနေ၏။ သူ့မျက်လုံးထဲ၌လည်း ဝမ်းနည်းမှုနှင့် ပြည့်လို့နေသည်။

ဝမ်လင်းက တောင်နှင့်မြစ်ပန်းချီကားအတွင်းကနေ သည်မြင်ကွင်းကို တိတ်ဆိတ်စွာ စောင့်ကြည့်နေသည်။သူ့တွင် လီယွမ်နှင့် ရန်ငြှိုးအကြီးအကျယ် ရှိမနေခဲ့သည် မဟုတ်လား။ သူက သက်ပြင်းချကာ ကံကြမ္မာကျာပွတ်ကို ပြန်သိမ်းဆည်းလိုက်လေသည်။

ကျောက်တုံးပေါ်ရှိ အက်ကွဲကြောင်းများကလည်း ပိုပို၍ များပြားလာကာ ကျေးကျွန်နှင့်အတူ ရှိနေသော ကျောက်တုံးဓားပေါ်တွင်ပင် ထိုအက်ကွဲကြောင်းများက ဖုံးလွှမ်းလာသည်။ ထိုအက်ကွဲကြောင်းထဲကနေ ထွက်ပေါ်လာသည့် အနီရောင်အလင်းက ကောင်းကင်တစ်ဝက်ထိ စိုးမိုးလာလေသည်။

ကျောက်ရုပ်တုက အနီရောင်အလင်းကို ပိုမို ထုတ်လွှတ်လာပြီးနောက် အထက်သို့ ဖြည်းဖြည်းချင်း ဆန်တက်သွားကာ စာလိပ်သည် ထိုအလင်းကို စုပ်ယူလေ၏။

အစပိုင်း၌ စာလိပ်က အနီရောင်အလင်းကို ဖြည်းဖြည်းချင်း စုပ်ယူနေသော်လည်း နောက်ပိုင်းတွင် မြန်သထက် မြန်လာခဲ့သည်။

ထိုအနီရောင်အလင်းက ကျောက်ရုပ်တုထဲကနေ မြန်ဆန်စွာ ဆွဲထုတ်ယူခြင်း ခံနေရ၏။ သည်မြင်ကွင်းက လီယွမ်၏ မျက်လုံးထဲ၌ စိတ်ခံစားချက်များ ဖြစ်ပေါ်သွားစေသည်။

“သခင်…”

ရုပ်တုထံမှ အနီရောင်အလင်းက ဖြည်းဖြည်းချင်း မှိန်ဖျော့လာတော့၏။

နောက်ဆုံးတွင် ကျောက်ရုပ်တုထံမှ နောက်ဆုံးအနီရောင်အလင်းက စာလိပ်ထဲသို့ ဝင်ရောက်သွားချိန်ပ ရုပ်တုတစ်ခုလုံးသည် တုန်ခါလာခဲ့သည်။၎င်းရုပ်တုက စိတ်ဝိညာဉ်မရှိတော့ဘဲ သာမန်အတိုင်း ဖြစ်လာသည်ဟု ထင်ရတော့သည်။

အနီရောင်အလင်းအားလုံးကို စုပ်ယူထားသော စာလိပ်သည် တောက်ပသောအလင်းတစ်ခုကို ထုတ်လွှတ်လာသည်။စာလိပ်၏ ထောင့်စွန်း၌ မီးတောက်တစ်ခု ပေါ်လာကာ ဖြည်းဖြည်းကြီး ကြီးမားလာခဲ့သည်။ ထိုစာလိပ်၏ အနားစွန်းကနေ စတင် လောင်ကျွမ်းလာသည်။

အနားစွန်းတစ်ခုထဲက ကွက်လောင်ကျွမ်းခြင်း မဟုတ်ဘဲ အနားစွန်းအားလုံးက တစ်ပြိုင်နက်တည်း လောင်ကျွမ်းခြင်းပင်။ ထိုလောင်ကျွမ်းနေသော စာလိပ်ကနေ အစိမ်းရောင်အခိုးငွေ့ ထွက်ပေါ်လာခဲ့ကာ ထိုအခိုးငွေ့က လွင့်ပြယ်သွားခြင်း မရှိပေ။

လီယွမ်သည် ထိုမြင်ကွင်းကို ကြည့်နေရင်း သူ့မျက်လုံးထဲရှိ စိတ်ခံစားချက်က ပိုပြင်းထန်လာခဲ့သည်။

ဝမ်လင်းမျက်လုံးကလည်း ကျဉ်းမြောင်းသွားကာ သူက သေချာကြည့်လို့နေသည်။

စာလိပ်က အစွန်းဖျားနားကနေ အလယ်အထိ ဖြည်းဖြည်းချင်း လောင်ကျွမ်းလာသည်။ ထိုအခိုက်အတန့်၌ ကျောက်ဓားရိုးပေါ်ရှိ ကောင်းကင်ဘုံသားသည် စိတ်ဝိညာဉ်တစ်ခု ပိုင်ဆိုင်လာသည့်အလား လောင်ကျွမ်းနေသောစာလိပ်အတွင်း တလက်လက် တဖျပ်ဖျပ် တောက်ပနေသည်။

အဆုံးသပ်၌ မီးတောက်သည် စာလိပ်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။သိပ်မကြာခင်တွင် ထိုစာလိပ်သည် ပြာပုံဘဝသို့ ရောက်သွားကာ လေနှင့်အတူ လွင့်ပါးသွားလေသည်။

ထိုစာလိပ်လောင်ကျွမ်းမှုကြောင့် ဖြစ်ပေါ်လာခဲ့သော အစိမ်းရောင်အခိုးငွေ့ကတော့ လေနှင့်အတူ လွင့်ပြယ်သွားခြင်းမရှိဘဲ လေထဲ၌ မြောလွင့်နေသည်။ ထို့နောက် ထိုအခိုးငွေ့က လူတစ်ယောက်၏ ပုံပန်းအသွင်အဖြစ် ခပ်ရေးရေး ဖွဲ့တည်လာသည်။

ထိုလူပုံရိပ်က အလွန်မပီဝိုးဝဝါးနိုင်လှကာ သူ့ပုံပန်းသွင်ပြင်ကိုပင် ကောင်းကောင်းမမြင်ရပေ။ သို့ရာတွင် ထိုအစိမ်းရောင်အခိုးငွေ့ကနေ ဖြစ်တည်လာသည့် လူ၏ ခြေထောက်အောက်တွင် ဓားတစ်လက် ဖြစ်တည်နေသည်ကို ကောင်းစွာ မြင်တွေ့ခဲ့သည်။ ထိုလူကတော့ ဓားရိုးပေါ်တွင် မတ်တပ်ရပ်နေခဲ့သော လူပင် ဖြစ်တော့သည်။

ထိုဓားရိုးပေါ်တွင် မတ်တပ်ရပ်နေသောလူက လေထဲသို့ ခုန်တက်ကာ သူ့လက်ကို ညင်သာစွာ ဝှေ့ယမ်းကာ လီယွမ်ကို ဆင့်ခေါ်သည်။

မြေပြင်ပေါ်တွင် ရှိနေသော လီယွမ်၏ ခန္ဓာကိုယ်သည် တုန်ယင်လာခဲ့သည်။ လီယွမ်၏ နှဖူးပေါ်တွင်လည်း ရှုပ်ထွေးသောစာလုံးတစ်ခု ပေါ်လာခဲ့၏။ ထိုစာလုံးက ကျွန်အမှတ်အသားပင် ဖြစ်လေ၏။ ထိုအမှတ်အသားက တလက်လက် ဖြစ်သွားပြီးနောက် ကျွန်အမှတ်အသားထဲရှိ ကြွင်းကျန်နေသော စိတ်ဝိညာဉ်သည်လည်း ကောင်းကင်ထက်သို့ ပျံသန်းတက်သွားကာ ဓားအဖျားပေါ်၌ ကျရောက်သွားသည်။

ထို့နောက် အစိမ်းရောင်အခိုးငွေ့က ကောင်းကင်ထက်သို့ ထိုးတက်ကာ သဲလွန်စမရှိ ပျောက်ကွယ်သွားတော့သည်။

ယခု ဖြစ်ပျက်ခဲ့သော အရာအားလုံးသည် ပုံရိပ်ယောင်တစ်ခုကဲ့သို့ ထင်မှတ်ရသည်။ အစစ်အမှန်လား၊အတုအယောင်လား တကယ်တည်ရှိရဲ့လားလည်း ရေရေရာရာ မရှိခဲ့သော အိပ်မက်တစ်ခုအလားပင်။

ဝမ်လင်းက စိတ်ဝိညာဉ် ဆုံးရှုံးသွားပြီ ဖြစ်သော ကျောက်ရုပ်တုကို သေချာကြည့်ကာ သူ့အသွင်က အနည်းငယ် စိတ်ရှုပ်ထွေးဟန် ပေါက်‌နေသည်။ထို့နောက် သူ့အကြည့်က ရုပ်တု၏ ညာလက်ရှိ ချိပ်တံဆိပ်အပေါ်သို့ ရောက်သွားသည့်အခါတွင် သူက မိန်းမောတွေဝေသွားသည်။

သည်တစ်ခါ၌ ဝမ်လင်းက ပုံရိပ်ယောင်ကမ္ဘာတွင် တူညီသောရှေးဟောင်းကောင်းကင်ဘုံနယ်မြေတွင်ပင် ဖြစ်ကာ ကောင်းကင်ဘုံဓားသည် ကောင်းကင်ထက်သို့ ပျံသန်းတက်သွားသည်။ ထိုဓားပေါ်တွင်လည်း လူနှစ်ယောက် ရှိနေသည်။ သို့သော် သည်တစ်ကြိမ်၌ ထိုဓားရိုးပေါ်ရှိ ကောင်းကင်ဘုံသားထံမှ ထွက်ပေါ်လာသည့်စကားသည် အရင်မြင်ကွင်းတုန်းကနှင့် ခြားနားသွားခဲ့ပြီ ဖြစ်သည်။

“ငါက သေသွားပြီ…။ငါ့စိတ်ဝိညာဉ်ကလည်း ငြိမ်းသေသွားခဲ့ပြီ…”

ကျောက်ရုပ်တုသည် မရေမတွက်နိုင်သော ကျောက်စကျောက်နများအဖြစ်သို့ ပျက်စီးသွားလေတော့၏။

အတိတ်တုန်းက ကောင်းကင်ဘုံသားသည် သေဆုံးခဲ့ကာ ဖြစ်ပျက်ခဲ့သမျှသည် ကျေးကျွန်စိတ်ဝိညာဉ်ကြောင့် ဖြစ်ပေါ်လာခဲ့သည် အထီးကျန်အိပ်မက်တစ်ခုမျှသာလား…။ သို့မဟုတ် စောနက ဝမ်လင်း ခန့်မှန်းခဲ့သလိုမျိုးလား…။

ဝမ်လင်းက ထိုမေးခွန်းအချို့အတွက် ကျေနပ်လောက်သော အဖြေ သူ့တွင် ရှိမနေခဲ့ပေ။

အဖြေမရှိပေ…။ အစိမ်းရောင်အခိုးငွေ့ကပင် အစစ်အမှန်လား၊ အတုအယောင်လည်း ပြောဖို့ နည်းလမ်း မရှိတော့ပေ။ ဝမ်လင်းက သူ သိနေခဲ့သော အရာအားလုံးကို တွေးထင်ခဲ့သည်။ သို့သော် သူက အစိမ်းရောင်အခိုးငွေ့ကို မြင်လိုက်ရချိန်၌ အရာအားလုံးသည် အတုအယောင် ဖြစ်သည်ဟုလည်း ခံစားလိုက်ရသည်။

ဖြစ်နိုင်သည်က ကြွင်းကျန်နေသော ကျေးကျွန်၏ စိတ်ဝိညာဉ်ကသာ အမှန်တကယ်ဖြစ်သည်ဟူသော အချက်ကသာ တစ်ခုတည်းသော သူသိသည့် အဖြေ ဖြစ်နေနိုင်ပေသည်။

သည်နေ့မှ စ၍ မိုးကြိုးကောင်းကင်ဘုံနယ်မြေတွင် အစိမ်းရောင်အခိုးငွေ့နှင့် ပြုလုပ်ထားသော ဓားတစ်လက် အပိုရှိလာတော့မည်။ ထိုဓားထိပ်ဖျားပေါ်၌ မတ်တပ်ရပ်နေသော ပုံရိပ်တစ်ခုက ထာဝရ တိုင်အောင် တည်ရှိတော့မည်လား…။

“ဒါက ဘယ်နေရာလဲ…” လီယွမ်၏ ပါးစပ်ကနေ အားပျော့သောအသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ယခုအချိန်၌ လီယွမ်သည် လီမိသားစု၏ လီယွမ်စစ်စစ် ဖြစ်သွားကာ သူ့စိတ်ဝိညာဉ်ထဲ၌လည်း ကျွန်အမှတ်အသား မရှိတော့ပေ။သူက မြေပြင်ပေါ်တွင် လှဲလျောင်းလျက် ရှိနေသည်။ သူက သူ့ပတ်လည်သို့ ကြည့်လိုက်ပြီးသည့်နောက် သူ့အကြည့်က ဝမ်လင်းပေါ်သို့ ကျရောက်လာတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset