လီယွမ်က ဝမ်လင်းကို ကြည့်လိုက်သည်။ သူ့စိတ်ထဲ၌ သံသယ ဝင်နေ၏။ သည်လူက အခြေအနေတစ်ခုလုံးကို နားလည်နေခဲ့ပါက ဘာကြောင့် သူသည် ခုလောက် ယုံကြည်မှု ရှိနေရသနည်း။ သည်ကိစ္စက ထူးဆန်းနေ၏။
အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီးသည့်နောက် လီယွမ်သည် အချိန်ဖြုန်းမနေတော့ပေ။ သူက ရှေ့သို့ တိုးထွက်လာသည်။ ဖျပ်ခနဲပင် အတားအဆီးတစ်ခု ပေါ်လာ၏။ သည်အတာအးဆီးက ရုတ်တရက် ဆယ့်ရှစ်ခုထိ ခွဲထွက်သွားသည်။ သို့ရာတွင် ထို အတားအဆီးဆယ့်ရှစ်ခုက ပြိုပျက်မည့် အသွင် ဖြစ်ပေါ်နေသည်။ ၎င်းတို့က ထိန်းချုပ်ကိုင်တွယ်ရန် အလွန်ခက်ခဲမည့်ဟန် ပေါ်နေ၏။ သို့ရာတွင် သည်လို ပျက်စီးနိုင်ဖွယ် ဖြစ်နေသည့် လက္ခဏာက လုံးဝ မသိသာလှပေ။
လီယွမ်၏ ပတ်လည်ရှိ အတားအဆီးများကြောင့် ထိုပုံရိပ်ယောင်ဆယ့်ရှစ်ခု ရုပ်တုများသည် ရုပ်ပိုင်းအသွင် ဖြစ်တည်လာကြသည်။ ထိုရုပ်တု ဆယ့်ရှစ်ခုက ဝမ်လင်းထံသို့ ကောင်းကင်ဘုံနတ်ဘုရားများအလား တိုးဝင်သွားကြသည်။
၎င်းတို့က ဝမ်လင်းကို ချက်ခြင်းပင် ဝန်းရံလာကြသည်။
“ဒါက မက်မွန်အတားအဆီးဆယ့်ရှစ်ခုပဲ… သေချာ ကြည့်ချေ…”လီယွမ်၏ မျက်လုံးက အေးစက်လာကာ သူက ညာလက်ကို လေထဲသို့ ညွှန်လိုက်၏။
ဝမ်လင်းက သက်တောင့်သက်သာပင် ပြောလိုက်သည်။ “ကိုယ့်ဆရာရဲ့ သွေးမျိုးဆက်ကို သတ်တဲ့လူက ဘာအရှက်သိက္ခာမှ ရှိမှာမဟုတ်ဘူး။ လီယွမ်…မင်းက မင်းဆရာရဲ့ မျိုးဆက်တွေရဲ့ သွေးကို စတေးခဲ့တဲ့အချိန်မှာ မင်းဆရာရဲ့ ရုပ်တုက ဝမ်းနည်းမှုကို မခံစားရဘူးလား။ မင်းက မင်းဆရာရဲ့ ညာလက်က ချိပ်တံဆိပ်ကို လှည့်ကြည့်ဝံ့ရဲ့လား…”
“ငါ့ယုံကြည်မှုကို ပျက်ပြားအောင် လုပ်ဖို့ မကြိုးစားပါနဲ့။ ငါ လုပ်သမျှ အရာအားလုံးက ငါ့အရှင်သခင်ကို ပြန်ရှင်သန်နိုင်အောင် လုပ်နေတာ ဖြစ်တယ်။ဒါက မင်းလိုမျိုးကလေးက ဘယ်နားလည်နိုင်ပါ့မလဲ…” လီယွမ်၏ မျက်လုံးက သုန်မှုန်နေသည်။
ဝမ်လင်းက သူ့ကိုယ်ပိုင်ခန့်မှန်းမှုများက သေချာနေမှန်း သိလိုက်ပေပြီ။ ကောဟန်က ကျောက်ရုပ်တုအဖြစ် ထွင်းထုထားသည့် ကောင်းကင်ဘုံသား၏ မျိုးဆက်ပင်။အတိတ်တုန်းက လီယွမ်၏ဘိုးဘေးက ကောမိသားစုဘိုးဘေးနှင့်အတူ ရောက်လာခဲ့ရပေမည်။ အချို့အကြောင်းရင်းများကြောင့် လီယွမ်၏ဘိုးဘေးက သေဆုံးသွားခဲ့ကာ ရတနာသုံးခုသည် ကောမိသားစုဘိုးဘေး၏ ယူဆောင်ခြင်းကို ခံလိုက်ရပေမည်။
သို့ရာတွင် ဝမ်လင်း ရှုပ်ထွေးနေမိသော တစ်ခု ရှိနေသေး၏။ သို့သော် လီယွမ်က ကောင်းကင်ဘုံသက်တော်စောင့်ကို သိခြင်းနှင့် ရပ်တန့်ခြင်းမန္တာန်၏ နာမည်ကို သိနေသည့်အခါတွင်တော့ ဝမ်လင်းသည် အလင်းပွင့်ကာ အရာအားလုံးကို နားလည်သွားခဲ့သည်။
“မင်းက မင်းဘယ်သူလဲဆိုတာတောင် မမှတ်မိတော့တဲ့ပုံပဲ…မင်းက လီယွမ် မဟုတ်ဘူး…” ဝမ်လင်းအသံက ထူးဆန်းနေ၏။သူက ထိုသို့ပြောနေရင်း ကောင်းကင်ဘုံရုပ်တု ဆယ့်ရှစ်ခုက သူ့ထံသို့ တရကြမ်း လာနေ၏။
ဝမ်လင်းက သိုလှောင်အိတ်ကို ပုတ်လိုက်ရာ သူ့လက်ထဲသို့ တောင်အသွင်ကျောက်တုံးက ရောက်ရှိလာ၏။ ထိုကျောက်တုံးက တဖြည်းဖြည်းဖြင့် တောင်အသေးစားတစ်ခုအထိ အရွယ်ကြီးမားလာခဲ့ကာ ရှေးဟောင်းအော်ရာကို ပေးစွမ်းနေသည်။ဝမ်လင်းက သူ့လက်ဖြင့် ထိုတောင်ကို ရိုက်လိုက်ရာ တောင်၏ စိတ်ဝိညာဉ်ကို ထွက်ပေါ်လာစေသည်။
ဝမ်လင်းက ထိုတောင်၏ စိတ်ဝိညာဉ် အဝန်းအဝိုင်းထဲတွင် မတ်တပ်ရပ်နေသည်။သူ့မျက်လုံးများက တောက်ပနေ၏။
“လီယွမ်က လီမိသားစုရဲ့မျိုးဆက်တစ်ယောက်ပဲ။ သူက သူ့ဘဝတစ်ခုလုံးကို သူ့မိသားစုရဲ့ ကျွန်အမှတ်အသားကို ဖြေလျှော့နိုင်ဖို့အတွက် ကြိုးပမ်းခဲ့တယ်။ ဒါပေမဲ့လည်း မင်းကတော့ ဆန့်ကျင်ဘက်တွေဘဲ လုပ်နေတယ်။ မင်းက ကျွန်အမှတ်အသားကို ဖြေလျှော့နိုင်ဖို့ မလုပ်တဲ့အပြင် ကျွန်အမှတ်အသားရှိတဲ့လူတိုင်းရဲ့ စိတ်ဝိညာဉ်တွေကို အသုံးပြုစတေးပြီး မင်းဆရာကို အသက်ပြန်ရှင်နိုင်အောင် လုပ်နေတာ။ဒါတွေအကုန်လုံးရဲ့ အဓိကအချက်က မျိုးဆက်သွေးပဲ ဒီမျိုးဆက်သွေးကို အသုံးပြု ကမ်းလှမ်းပြီး ဒီရုပ်တုထဲမှာ ချိပ်ပိတ်ထားတဲ့ စိတ်ဝိညာဉ်ကို နိုးထစေချင်နေတာပဲ။ မင်းက ဘယ်လိုကောင်မျိုးလဲ…”
လီယွမ်၏မျက်လုံးက အေးစက်လာ၏။ သူက သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေကာ ဝမ်လင်းထံသို့ လက်ညွှန်လိုက်သည်။ ကောင်းကင်ဘုံရုပ်တု ဆယ့်ရှစ်ခုက တုန်ခါလာကာ မက်မွန်ပန်းဆယ့်ရှစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ဝမ်လင်းပတ်လည်တွင် မြန်ဆန်စွာ လှည့်ပတ်လာစေသည်။
ထိုလှည့်ပတ်မှုက ဝမ်လင်းကို ဗဟိုပြု၍ ဝဲကတော့တစ်ခုကို ဖြစ်လာစေသည်။ ထိုဝဲကတော့က ကြောက်မက်ဖွယ်အော်ရာကို ပေးစွမ်းနေသည်။
ဝမ်လင်းအသွင်က တည်ငြိမ်လျက်သာ ရှိနေသည်။သူက လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေလိုက်ရာ အတားအဆီးတစ်ခုက ချက်ခြင်း ပေါ်ထွက်လာသည်။ ထိုအတားအဆီးက ဖျပ်ခနဲလင်းလက်သွားပြီး ဆယ့်ရှစ်ခုအဖြစ်သို့ ကွဲထွက်သွားသည်။ သို့သော် ထိုအထဲက ခြောက်ခုကတော့ ပုံရိပ်ယောင်များသာ ဖြစ်လို့နေသေးသည်။
ဖျပ်ခနဲပင် ထိုအတားအဆီးဆယ့်ရှစ်ခုက မက်မွန်ပန်းဆယ့်ရှစ်ခုထံသို့ ပျံသန်းသွားသည်။ ထိုအခါ မက်မွန်ပန်းဆယ့်ရှစ်ခုသည် လှည့်ပတ်နေရာက တန့်သွား၏။ တစ်ချိန်တည်းမှာပင် ဝမ်လင်းက သိုလှောင်အိတ်ကို ပုတ်လိုက်ရာ ကောင်းကင်ဘုံဓားက သူ့လက်ထဲ၌ ပေါ်လာသည်။
ကောင်းကင်ဘုံဓားကို ကိုင်စွဲထားရင်း ဝမ်လင်းမျက်လုံးက အေးစက်လာခဲ့ကာ သူက ခုတ်ပိုင်းချသည်။
ကောင်းကင်ဘုံခုတ်ပိုင်းခြင်း…။
ဓား ကျဆင်းလာသည့်အခတွင် ပတ်ဝန်းကျင်သည် အေးခဲသွားသည်ဟု ထင်ရသည်။
ဘန်း…ဘန်း…ဘန်း…။
မက်မွန်ပန်းဆယ့်ရှစ်ပွင့်၌ သုံးပွင့်က ချက်ခြင်း ပျက်စီးသွားသည်။ ဝမ်လင်းက ခြေတစ်လှမ်းလှမ်းကာ မက်မွန်ပန်းဆယ့်ရှစ်ပွင့်ကြောင့် ဖြစ်ပေါ်နေသော ဝဲကတော့ထဲကနေ လှမ်းထွက်လာသည်။
“မင်းက ကောင်းကင်ဘုံသားရဲ့ လက်အောက်ခံ ကျေးကျွန်ရဲ့ စိတ်ဝိညာဉ်တစ်ခုပဲ။ ကျေးကျွန်အမှတ်အသားကို လီမိသားစုအပေါ်မှာ ခပ်နှိပ်လိုက်တည်းက သူတို့ကလည်း ကောင်းကင်ဘုံသားရဲ့ ကျေးကျွန်ဖြစ်လာခဲ့ကြပြီး မင်းအမိန့်ကို လိုက်နာကြရတယ်…”
“မင်းက လီယွမ် မဟုတ်တဲ့အပြင် လွန်ခဲ့တဲ့ နှစ်သောင်းချီက ရတနာသုံးခုကို စုဆောင်းခဲ့တဲ့ လီမိသားစုဘိုးဘေးလည်း မဟုတ်ပြန်ဘူး။ မင်းက ကျေးကျွန်အမှတ်အသားနဲ့ ပေါင်းစပ်ပြီး လီမိသားစုထဲမှာ ပြန်လည်မွေးဖွားလာတဲ့လူ သပ်သပ်ပဲ…”
ဝမ်လင်းက ထိုသို့ ပြောနေရင်းဖြင့် ဝဲကတော့ထဲကနေ လှမ်းထွက်လာခဲ့သည်။ သူ့မျက်လုံးများက တောက်ပနေ၏။
ဝမ်လင်းက အေးစက်စွာ ပြောလာပြန်သည်။ “မင်းက လွန်ခဲ့တဲ့ နှစ်သောင်းချီတဲ့ အချိန်တုန်းက ပထမဆုံးအကြိမ် ပြန်မွေးဖွားလာခဲ့တဲ့အတွက်ကြောင့် ကောမိသားစုက မင်းကို နာခံအောင် လုပ်နိုင်ခဲ့တာပဲ ဖြစ်တယ်။ ဒီနေ့ မင်းက နှစ်သောင်းချီကြာပြီးတဲ့နောက် ဒုတိယအကြိမ် ပြန်မွေးဖွားလာတဲ့အချိန်မှာလည်း ကောမိသားစုကို လိုက်နာအောင် လုပ်နေနိုင်တုန်းပဲ။ ဒါတွေအကုန်လုံးက မင်းကိုယ်မင်း မှန်တယ်ထင်တဲ့ စိတ်နဲ့ မင်းဆရာကို အသက်ပြန်ရှင်အောင်လုပ်မယ်ဆိုတဲ့ မောင်းနှင်မှုကြောင့်ပဲ ဖြစ်တယ်…”
“မင်းက အခြားလူတွေကိုသာ လှည့်စားနိုင်လိမ့်မယ်။ ဒါပေမဲ့ ငါ့ကိုတော့ မရဘူး။ ပြန်လည်မွေးဖွားခြင်းစက်ဝန်းနဲ့ ပတ်သတ်နေသ၍ ငါ ဖြတ်မြင်နိုင်စွမ်း မရှိတဲ့အရာ မရှိဘူး…”
လီယွမ်က တိတ်ဆိတ်စွာ စဉ်းစားနေသည်။သူက ဝမ်လင်း၏ စကားများကို ကြားလိုက်ရသည့်အခါ သူ့စိတ်ထဲ၌ ခုခံနေရမှုတစ်ခု ပေါ်လာခဲ့သည်။ လီယွမ်၏ မျက်နှာထက်၌ ရုန်းကန်နေရဟန် ဖြစ်ပေါ်နေသည်။ဝမ်လင်း၏ မျက်လုံးက ကျဉ်းမြောင်းသွားသည်။ သူက သည်အချိန်ကို စောင့်နေခြင်းပင်။ သည်အခိုက်အတန့်၌ ကောင်းကင်ဘုံစိတ်ဝိညာဉ်က မြူလုံးတစ်ခုအဖြစ် သိပ်သည်းသွားကာ ကျောက်ရုပ်တုထံသို့ ပစ်သွင်းသွားလေသည်။
တစ်ချိန်တည်းမှာပင် ဝမ်လင်းက ကောင်းကင်ထက်သို့ လက်ညွှန်လိုက်သည်။အတွေးတစ်ချက်ဖြင့်ပင် ကျာပွတ်အရိပ်တစ်ခု ပေါ်ထွက်လာသည်။ ကံကြမ္မာကျာပွတ်က တဝီဝီအသံဖြင့် ထွက်ပေါ်လာခဲ့ခြင်းပင်။ယင်းကျာပွတ် ထွက်ပေါ်လာသည်နှင် ဝမ်လင်းက ဖမ်းယူကာ ရှေ့သို့ ထိုးထွက်လာပြီး ကျာပွတ်ကို ကြမ်းတမ်းစွာ ဝှေ့ယမ်းလိုက်သည်။
ဘန်း…။
ကျာပွတ်က မြန်ဆန်လှ၏။ ၎င်းကျာပွတ်ရိုက်ချက်က အသွေးအသားနှင့် မူလစိတ်ဝိညာဉ်အပေါ်သို့ မဟုတ်ဘဲ ကံကြမ္မာအကြောင်းနှင့် အကျိုးပေါ်သို့သာ ဖြစ်လေသည်။
ကျာပွတ်က ရုန်းကန်နေဟန်ရသည့် လီယွမ်ပေါ်သို့ ကျရောက်လာသည့်အခါတွင် သူ့ခန္ဓာကိုယ်သည် တုန်ယင်သွားကာ သူက နောက်သို့ အမြန်ဆုတ်သည်။
“မင်းရဲ့အသွေးအသားကတောင် မင်းကိုယ်မင်း ငြင်းပယ်နေတယ်။ ဒါက ဘာလို့လဲဆိုတော့ မင်းရဲ့ စိတ်ဝိညာဉ်ဟာ လီမိသားစုက မဟုတ်လို့ပဲ…”
ဝမ်လင်းက နောက်ထပ်မာန်သွင်းလိုက်သည်။ သူ့မျက်လုံးက ထူးဆန်းသောအလင်းတစ်ခု ဖြစ်ပေါ်နေ၏။ သူက နောက်ထပ် ခြေတစ်လှမ်း လှမ်းလိုက်ကာ လီယွမ်ထံသို့ လက်ညွှန်လိုက်လေသည်။
ရပ်တန့်ခြင်းမန္တာန်…။
လီယွမ်က နောက်ဆုတ်နေရာကနေ ရုတ်တရက် တန့်သွားသည်။ ကံကြမ္မာကျာပွတ်က သူ့အား နောက်တစ်ဖန် လွှမ်းခြုံလာပြန်၏။
လီယွမ်၏ ခန္ဓာကိုယ်က နောက်တစ်ကြိမ် တုန်ယင်သွားသည်။ သူ့မျက်နှာက ကြမ်းကြုတ်ဟန် ဖြစ်ပေါ်လာလေ၏။
ဝမ်လင်းက ကျာပွတ်ဖြင့် ဆက်လက် ရိုက်နှက်ရန်ဟန်ပြင်သည်။ သို့သော် သူက ရုတ်တရက် ရပ်တန့်လိုက်၏။ ရပ်တန့်လိုက်ခြင်းသည် လီယွမ်မျက်နှာပေါ်ရှိ ရုန်းကန်နေရမှုက ရုတ်တရက် ပျောက်ကွယ်သွားခြင်းကြောင့် ဖြစ်လေသည်။
လီယွမ်၏ ခန္ဓာကိုယ်က မြန်ဆန်စွာ နောက်ဆုတ်သွားကာ တောင်စိတ်ဝိညာဉ်ထံသို့ တဟုန်ထိုး ဦးတည်သွားသည်။ သူ့လက်ထဲ၌လည်း အတားအဆီးတစ်ခုပေါ်လာကာ သူက ၎င်းကို တောင်စိတ်ဝိညာဉ်ပေါ်သို့ ဖိချလိုက်သည်။ ထို့နောက် သူက ဝမ်လင်းကို ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလာသည်။ “ငါ မမှားဘူး…”
လီယွမ်၏စကားကို တုံ့ပြန့်လိုက်သည့်အလား ကျောက်ရုပ်တု၏ ပြိုကျပျက်စီးမှုက ပိုပြင်းထန်လာခဲ့သည်။ကျောက်ရုပ်တုပတ်လည်ရှိ မီးတောက်ထဲမှ မကျေမချမ်းမှုအားလုံးနှင့် အဖြူရောင်အလင်းအားလုံးသည်လည်း ကျောက်ရုပ်တု၏ စုပ်ယူခြင်းကို ခံလိုက်ရပြီ ဖြစ်သည်။ထိုအနီရောင်မီးတောက်ပင် ကျောက်ရုပ်တု၏ စုပ်ယူခြင်းခံလိုက်ရသည့်အလား ဖြည်းဖြည်းချင်း ကျုံ့လာခဲ့လေသည်။
“ငါ ငါ့ဆရာရဲ့စိတ်ဝိညာဉ်ကို လွတ်လပ်သွားစေပြီး ပြန်လည်မွေးဖွားခြင်းစက်ဝန်းထဲ ဝင်နိုင်အောင်ပဲ လုပ်ချင်ခဲ့တာ။ ငါ မမှားဘူး…မမှားဘူး။ ဆရာရဲ့မျိုးဆက်တွေက သေဆုံးသွားရတယ်ဆိုရင်တောင် ငါက မမှားဘူး…”
လီယွမ်၏အသံက ပို၍ တည်ငြိမ်လာသည်။သူက ဝမ်လင်းကို စူးစိုက်ကြည့်နေရင်း သူ့ညာလက်ကို မျက်ခုံးနှစ်ခုကြားထဲသို့ ပင့်မြှောက်လိုက်သည်။ ထိုအခါ သူ့လက်ထဲ၌ အနက်ရောင်လိုင်းတစ်ခု ဖြစ်ပေါ်လာသည်။
ထိုအနက်ရောင်လိုင်းက ကောင်းကင်ဘုံသက်တော်စောင့်ကို ချုပ်နှောင်ပစ်သည့်တစ်ခုနှင့် တူတူပင်။ သို့ရာတွင် ၎င်းလိုင်းက ပေါ်လာသည်နှင့် ပျက်စီးဟန် အရိပ်လက္ခဏာ ပြသလာခဲ့သည်။
ဝမ်လင်းက သည်အရာကို သတိပြုမိပေသည်။သူက တည်ငြိမ်လျက်ပင်။ အစောပိုင်း ကျာပွတ်နှင့် နှစ်ကြိမ်တိုင် တိုက်ခိုက်ခဲ့ခြင်းက လီယွမ်၏စိတ်ကို အပေါက်တစ်ခု ဖြစ်သွားစေခဲ့ပေသည်။သည်လူက သူသံသယရှိနေသော ကျွန်အမှတ်အသားထဲ၌ ကျန်နေခဲ့သည့် စိတ်ဝိညာဉ်သပ်သပ်သာ ဖြစ်နေတော့၏။
“သင်က လွန်ခဲ့တဲ့နှစ်သောင်းချီက ပထမဆုံးအကြိမ်အဖြစ် ပြန်လည်မွေးဖွားလာတုန်းက ဘာကြောင့် ကျရှုံးခဲ့လဲ ငါမသိပေမဲ့လည်း ဒီတစ်ကြိမ်မှာလည်း သင်က သင့်ဆရာကို ပြန်နိုးထလာနိုင်အောင် လုပ်ဖို့ ယုံကြည်ချက် ရှိမနေပြန်ဘူး…။ မဟုတ်ရင် သင်က ငါ့ကို ဒီကို ခေါ်လာဖို့ ဘယ်စိတ်ဝင်စားပါ့မလဲ…”
“သင် စိတ်ဝင်စားတဲ့အရာက ငါ့ရဲ့ ရပ်တန့်ခြင်း မန္တာန်မဟုတ်ဘူး။ ဒါပေမဲ့လည်း…ဒါက…ကံကြမ္မာကျာပွတ်တော့ ဖြစ်တယ်…”
ဝမ်လင်း၏ ညာလက်ထဲ၌ ကံကြမ္မာကျာပွတ်က ဖျပ်ခနဲ လင်းလက်နေသည်။
လီယွမ်က ဝမ်လင်းလက်ထဲရှိ ကံကြမ္မာကျာပွတ်ကို ကြည့်ကာ သူ့မျက်လုံးထဲကနေ ထူးဆန်းသောအလင်းတစ်ခု ဖြစ်ပေါ်နေသည်။ သူက ဖြည်းဖြည်းချင််း ပြောလိုက်၏။ “မင်း တော်တယ်….။ ဟုတ်တယ်….။ ငါလိုချင်တာက ဒီပြန်လည်မွေးဖွားခြင်းစက်ဝန်းရဲ့ စွမ်းအားနဲ့ ကံကြမ္မာနယ်ပယ် ပါဝင်နေတဲ့ ဒီကျာပွတ်ပဲ။ ဒါနဲ့ဆိုရင် ငါက ဒီကိစ္စအတွက် ယုံကြည်မှု (၉၀)ရာခိုင်နှုန်းလောက် ရှိနေပြီ…”
ထိုသို့ပြောပြီးနောက် သူက ညာလက်ကို ဝမ်လင်းထံသို့ ညွှန်လိုက်သည်။အနက်ရောင်မျဉ်းလိုင်းများက အနားစွန်းတစ်ခုစီ ချိတ်ဆက်ကာ စက်ဝန်းအသွင်ဖြစ်ပေါ်၍ ဝမ်လင်းထံသို့ ပျံသန်းတိုးဝင်လာသည်။
ဝမ်လင်းက အလျင်အမြန် နောက်ဆုတ်၏။ သူက ကြောက်ရွှံ့ခြင်းတော့ မရှိပေ။ သူ့ပြီးခဲ့သော လုပ်ဆောင်မှုများက သူ့နောက်ဆုံးထင်မြင်ချက်ကို သေချာအောင် လုပ်နေခြင်းပင်။
သူက သည်နောက်ဆုံးထင်မြင်ချက် သေချာပြီ ဆိုသည်နှင့် သည်နေရာကနေ ထွက်ခွာသွားနိုင်ရန် တစ်ရာရာခိုင်နှုန်း ယုံကြည်ချက် ရှိပေသည်။
သူက ကံကြမ္မာကျာပွတ်နှင့် ပတ်သတ်၍ လီယွမ်၏ အဖြေကို ကြားလိုက်ရချိန်တွင် သူ့ထင်မြင်ချက်အား အတည်ပြုနိုင်သွားပေသည်။အနက်ရောင်မျဉ်းလိုင်းက နီးကပ်လာသည်နှင့် ဝမ်လင်းကလည်း နောက်သို့ ပိုမြန်ဆန်စွာ ဆုတ်နေသည်။
“မင်းက လွန်ခဲ့တဲ့နှစ်သောင်းချီက ပထမဆုံး ပြန်လည်မွေးဖွားလာတဲ့နောက်မှာ ကျရှုံးခဲ့ကတည်းက ခုလို ဒုတိယအကြိမ် ပြန်လည်မွေးဖွားလာတဲ့အချိန်မှာလည်း ကျရှုံးနေဦးမှာပဲ…”
“ဒါဟာ ဘာကြောင့်လဲဆိုတော့ မင်းရဲ့ ဆရာကိုယ်တိုင် ပြန်လည်ရှင်သန်ဖို့ ဆန္ဒမရှိတော့လို့ပဲ…”
“ပါးစပ် ပိတ်ထားစမ်း…” သည်တစ်ကြိမ်က ပထမဆုံးအကြိမ်အဖြစ် လီယွမ် အပြင်းအထန် စိတ်လှုပ်ရှားသွားခြင်းပင်။ သူ့မျက်လုံးထဲ၌ သတ်ဖြတ်လိုခြင်းများ ပြည့်လာသည်။သူက ရှေ့သို့ တဟုန်ထိုး တက်ကာ သူ့ညာလက်ကို ဝှေ့ယမ်းလိုက်သည်။ ထိုအခါ သူ့လက်ဝါးထက်၌ သုံးခုထက်ပိုသော အနက်ရောင်မျဉ်းလိုင်းများ ပေါ်လာတော့သည်။ ထိုမျဉ်းလိုင်းသုံးခသည် ဓားသုံးလက်အသွင် ဖြစ်ပေါ်၍ ဝမ်လင်းထံသို့ ထိုးထွက်သွားသည်။
ဝမ်လင်းက ရယ်မောလိုက်၏။ အဖြူရောင်အလင်းတန်းတစ်ခုက သူ့ပါးစပ်ထဲကနေ ထွက်ပေါ်လာခဲ့သည်။ ထိုအလင်းတန်းက တောင်နှင့်မြစ်အကာအရံ ပါဝင်သော အကာအရံမျက်နှာပြင် တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။
သည်တစ်ကြိမ်က ပထမဆုံးအကြိမ်အဖြစ် ဝမ်လင်း တောင်နှင့်မြစ်အကာအရံကို အသုံးပြုလိုက်ခြင်းပင်။ လီယွမ်က သူနှင့်ပုံရိပ်ယောင်ယင်ကျင့်ကြံသူတို့၏ တိုက်ပွဲကို မြင်တွေ့ခဲ့ရသည်ဆိုလျှင်ပင် သူ့တွင် သည်အကာအရံရှိကြောင်း သိနေလိမ့်မည် မဟုတ်ပေ။
တောင်နှင့်မြစ်အကာအရံ ပေါ်လာသည်နှင့် တောင်နှင့်မြစ်ပန်းချီကားက ဝမ်လင်းပတ်လည်၌ ပေါ်လာသည်။ ခုလက်ရှိတွင် ဝမ်လင်းက ပန်းချီကားထဲ၌ ရှိနေသလိုမျိုးပင်။ အနက်ရောင်လိုင်းများက တောင်နှင့်မြစ်အကာအရံထဲသို့ ချက်ခြင်း ဝင်ရောက်လာရာ ပန်းချီကားအတွင်း၌ အစက်အပြောက်များအဖြစ်သို့ ပြောင်းလဲ၍ ဝမ်လင်းထံသို့ ဖြည်းဖြည်းချင်း ရွှေ့လျားလာနေသည်။
‘လွန်ခဲ့တဲ့နှစ်သောင်းချီတဲ့အချိန် ဒီလိုနေ့မှာလည်း မင်းက ဒီနေရာကို ကောမိသားစုက တစ်ယောက်ယောက်နဲ့အတူ ရတနာသုံးခုကို ယူပြီး လာခဲ့တယ် မဟုတ်လား။ အတိတ်တုန်းက မင်းမအောင်မြင်ခဲ့ရတဲ့ အကြောင်းရင်းဟာ မင်းဆရာက ဒီလိုနည်းလမ်းအသုံးပြုပြီး သူ နိုးထာလာချင်တဲ့ စိတ်ဆန္ဒ မရှိလို့ပဲ။ မင်းဆရာရဲ့ ကျေးကျွန်တစ်ယောက်အနေနဲ့ မင်းက မမှားဘူးလို့ ထင်နေတုန်းလား…”
ဝမ်လင်းအသံက တောင်နှင့်မြစ်ပန်းချီကားထဲကနေ ထွက်ပေါ်လာသည်။ သူ့အသံထဲ၌ မိုးကြိုး၏ခွန်အားကိုပါ သယ်ဆောင်ထားသေးသည်။ ထိုအသံက လီယွမ်၏ နားထဲသို့ ပဲ့တင်တုန်ဟီးလေသည်။
လီယွမ်၏ ခန္ဓာကိုယ်က တုန်ယင်သွားကာ သူ့မျက်နှာပေါ်၌ နောက်တစ်ဖန် ရုန်းကန်နေရဟန် ဖြစ်ပေါ်လာပြန်သည်။
ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွားသည်။ သူက လက်ညှိုးတစ်ချက် ညွှန်လိုက်ရာ ကံကြမ္မာကျာပွတ်သည် နောက်တစ်ဖန် ပေါ်လာပြီးနောက် လီယွမ်ထံသို့ ရိုက်ချလာလေသည်။
ဝမ်လင်း မျက်လုံးက တောက်ပနေကာ သူက အော်ပြောလိုက်၏။ “မင်းဆရာရဲ့ ရုပ်တုကို လှည့်ကြည့်လိုက်ပါ။ မင်းဆရာရဲ့ မျက်လုံးအောက်မှာ ဘာရှိနေလဲ…”
ကံကြမ္မာကျာပွတ်က လေဟာနယ်ကို ထိုးခွင်း၍ လီယွမ်ပေါ်သို့ ကျရောက်လာကာ သူ့ခန္ဓာကိုယ်အား တုန်ယင်သွားစေသည်။တောင်ထိပ်ဖျားပေါ်ရှိ သူ့ဆရာ၏ ရုပ်တုထံမှ ထူးဆန်းသောအားတစ်ခု ထွက်ပေါ်လာသည်ဟု ထင်မှတ်ရကာ ထိုအားက လီယွမ်ကို နောက်သို့ လှည့်မကြည့်ကြည့်အောင် လုပ်နေတော့သည်။
***