ဓားထိပ်ဖျားတွင် မတ်တပ်ရပ်နေသောသူကလည်း ကောင်းကင်ထက်သို့ ထိုးတက်သွားသည်။ လေပြေတစ်ခုက ထိုလူ့ကို ရိုက်ခတ်သွားကာ သူ့ခန္ဓာကိုယ်က တုန်ယင်သွား၏။ ထို့နောက် သူက ရုတ်တရက် ပြိုလဲကာ အောက်သို့ ပြုတ်ကျသည်။
ဓားကလည်း ဝမ်းနည်းဟန် တွန့်ကျူး၍ ကောင်းကင်ထက်ကနေ ကျဆင်းလာပြီး တောင်ထိပ်တစ်ခုပေါ်တွင် ထိုးစိုက်သွားသည်။ထိုအခါ တောင်၏ အနားစွန်းကြီးတစ်ခုပင် ပဲ့ကျသွားခဲ့သည်။
ပျက်စီးကြေမွသွားသော ကျောက်စကျောက်နများသည် ထိုဓားပတ်လည်၌ စုဝေးသွားကြရာ မျက်စိတစ်မှိတ်အတွင်း ဓားက ကျောက်ရုပ်တုအဖြစ်သို့ ပြောင်းလဲသွား၏။ ထိုကျောက်ရုပ်တုအပြင် ၎င်းဓားပိုင်ရှင်၏ ရုပ်တုကပါ ပေါ်လာခဲ့လေသည်။
ထို့နောက် ပျက်စီးနေသော ကျောက်စကျောက်နများက စုစည်းလာကာ ဓားထိပ်ဖျားပေါ်တွင် ရှိခဲ့သော အစေခံ၏ပုံရိပ်ကလည်း ဖြည်းဖြည်းချင်း ဖြစ်ပေါ်လာခဲ့သည်။
ထိုကျောက်တုံးရုပ်တုများက အလွန်အကြမ်းထည် ဆန်လှ၏။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ ၎င်းတို့သည် ပို၍ ထင်ရှားပြတ်သားလာခဲ့သည်။
ထိုကျောက်ရုပ်တုထံမှ ချိပ်တံဆိပ်သည် ဝမ်လင်း၏ စိတ်အာရုံကို သိမ်းပိုက်သွား၏။ ထိုချိပ်တံဆိပ်ကနေ သူ့မျက်လုံးထဲသို့ အားကောင်းသောအလင်းတစ်ခု ထုတ်လွှတ်နေသည်။ ထိုရုပ်တု၏ မျက်လုံးထဲ၌ ဉာဏ်ရည်အချို့ ပြသလာသကဲ့သို့ ဖြစ်သည်။
“ငါ့သွေးမျိုးဆက်နဲ့အတူ နောက်မျိုးဆက်တွေက အတားအဆီးကို ဖြေလျှော့ပြီး ငါ့ကို နိုးထစေရမယ်….။ တကယ်လို့ မင်းမှာ ဒီလိုလုပ်ဖို့ လုံလောက်တဲ့စွမ်းအား မပိုင်ဆိုင်ထားရင် ဒီကိစ္စကို မင်း နောက်မျိုးဆက်ကို ဆက်ပြီး အသိပေးထားရမယ်…”
ထိုစကားစု ထွက်ပေါ်လာသည့်အခိုက်တွင် ဝမ်လင်း၏ စိတ်ကို သိမ်းပိုက်ထားသော အမှတ်အသားခပ်နှိပ်မှုသည် အမြစ်တွယ်လာခဲ့သည်။
ကံကောင်းစွာဖြင့် ဝမ်လင်းခန္ဓာကိုယ်ထဲက နာကျင်မှုသည် သူ့စိတ်ကို လှုံ့ဆော်ပေးလိုက်ရာ မိန်းမောနေရာကနေ အထိတ်တလန့် အသိပြန်ဝင်လာ၏။ သူက ချက်ခြင်းပင်နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ကာ မျက်လုံးမှိတ်လိုက်သည်။
တစ်ချိန်တည်းမှာပင် လောင်ကျွမ်နေသောစွမ်းအား တစ်ခုက သူ့ခန္ဓာကိုယ်ထဲ၌ ပြည့်နှက်နေကာ သူ့စိတ်ထဲရှိ အမှတ်အသားခပ်နှိပ်ခံရမှုကို လွင့်ပြယ်သွားစေသည်။
သူက သတိပြန်ဝင်လာသည်နှင့် မျက်လုံးဖွင့်လိုက်၏။ သူ့မျက်လုံးထဲ၌ မှင်သက်မှုတို့နှင့် ပြည့်နေခဲ့သည်။သူက အသက်ဝဝရှုသွင်းကာ နောက်သို့ ပိုဆုတ်သွားသည်။ သည်ကျောက်တုံးက အလွန်ထူးဆန်းနေသည်။ သို့သော် သူ့နှစ်ပေါင်းတစ်ထောင် ကျင့်ကြံခြင်း အတွေ့အကြုံကြောင့် သူက အချို့ခန့်မှန်းမှုများကို လုပ်လိုက်နိုင်ပေသည်။
ထိုရုပ်တုထံမှ ချိပ်တံဆိပ်သည် ကောင်းကင်ဘုံမန္တာန်တစ်ခုဖြစ်မည်မှာ သိသာပေ၏။ ထိုမန္တာန်က အမွေအနှစ်အမျိုးအစားပင် ဖြစ်နေနိုင်သည်။ သို့ရာတွင် အချိန်ကုန်လာသည်နှင့်အမျှ ၎င်းမန္တာန်၏စွမ်းအားက ကျဆင်းလာခဲ့သည်။သို့သော် ကျွန်အမှတ်အသားကတော့ မျိုးဆက်များစွာထိ တည်တံ့လို့နေသေးသည်။
သို့ရာတွင် ကမ္ဘာပေါ်၌ အချိန်ကို လွန်ဆန်နိုင်သည့် မန္တာန်ဟူ၍ မရှိပေ။သည်ကောင်းကင်ဘုံမန္တာန်က အရင်တုန်းက အလွန်အမင်း အားကောင်းလှမည် ဖြစ်သော်လည်း အချိန်ကြာလာသည်နှင့်အမျှ အားနည်းသထက် အားနည်းလာခဲ့ပေသည်။
သို့သော် မည်သို့ပင်ဖြစ်စောကာ ဝမ်လင်း၏ ခန္ဓာကိုယ်ထဲ၌ လောင်ကျွမ်းနေခြင်းသာ မရှိလျှင် သူ့အတွက် ပြန်လည် သတိဝင်လာနိုင်ဖို့က အတော်လေး ခက်ခဲပေဦးမည်။ သို့ရာတွင် ဝမ်လင်းကို စိတ်ရှုပ်ထွေးစေသည်က ကျွန်အမှတ်အသား ပျောက်ကွယ်သွားခြင်းသည် လောင်ကျွမ်းအား ကြောင့် မဟုတ်ခြင်းပင်။ ထိုလောင်ကျွမ်းအားက ကျွန်အမှတ်အသားကို ပျက်စီးစေဖို့ တွန်းအား ဖြစ်စေသော်လည်း အမှတ်အသား ပျောက်ကွယ်သွားခြင်းက ၎င်းကိုယ်တိုင်ပင် ဖြစ်လို့နေသည်။
လီယွမ်က ကျောက်ရုပ်တုကို ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်၏။ “အစ်ကိုရှု…သင်… ဒါကို ခံစားမိလား…”
“အစ်ကိုရှု စိတ်အေးအေးနေပါ။ ဒီကျွန်အမှတ်အသားက သင့်ကို ကျွန်အဖြစ် ခပ်နှိပ်မှာ မဟုတ်ပါဘူး။ ဒါက လူတစ်ယောက်အပေါ်မှာ ခပ်နှိပ်ပြီးသား ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ငါ့ဘိုးဘေးတွေက သူတို့ရဲ့ နည်းလမ်းတွေနဲ့ အတားအဆီးတွေကို ချိုးဖျက်ပြီး တောင်ထိပ်ကို ရောက်ရှိခဲ့ကြတယ်။ အဲ့အချိန်ကစပြီး…သူတို့က ဒီကောင်းကင်ဘုံသားရဲ့ ကျေးကျွန်တွေ ဖြစ်လာခဲ့ကြတယ်။ ဒီဘိုးဘေးတွေရဲ့ နောက်မျိုးဆက်တွေကလည်း ကျွန်အမှတ်အသား ရှိလို့နေခဲ့တယ်…”
လီယွမ်က ရုပ်တုကို ကြည့်နေရင်း ဝမ်လင်းကို ခပ်တိုးတိုး ပြောပြနေခြင်း ဖြစ်သည်။
လီယွမ်က ထပ်ပြောလိုက်၏။ “ဒီကောင်းကင်ဘုံသား ရုပ်တုက မဖျက်စီးနိုင်ဘူး…”
သူက ညာလက်ကို ပင့်မြှောက်ကာ ရုပ်တုပေါ်သို့ ဖိချလိုက်သည်။ ထိုအခါ ရုပ်တုပေါ်၌ မရေမတွက်နိုင်သော အက်ကွဲကြောင်းများ ဖြစ်ပေါ်ကာ ချက်ခြင်းပင် ရုပ်တုက အပိုင်းပိုင်း ဖြစ်သွားလေသည်။
သို့ရာတွင် ၎င်းရုပ်တုက ပျက်စီးသွားချင်းချင်းမှာပင် ထိုအပိုင်းအစများက ပြန်လည် စုစည်း၍ ပုံမှန်ရုပ်တုအတိုင်း ပြန်ဖြစ်လို့သွားလေ၏။
“အစ်ကိုရှု…သင်တွေ့တယ်မလား…” လီယွမ်က ဝမ်လင်းထံသို့ လှည့်ကြည့်လိုက်သည်။
ဝမ်လင်းအသွင်က အလေးအနက်ဖြစ်လာကာ သူက ခေါင်းညိတ်လိုက်၏။
လီယွမ်က ခါးသီးစွာ ပြုံး၍ ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “လွန်ခဲ့တဲ့အချိန်တွေတုန်းက ငါတို့လီမိသားစုဟာ အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းထဲမှာ ရှေးဟောင်းကျင့်ကြံခြင်းမိသားစု ခြောက်ခုထဲက တစ်ခု အပါအဝင် ဖြစ်တယ်။ ငါ့မိသားစုက အတားအဆီးအစီအရင် တာအိုကို ကျင့်ကြံကြတယ်။မျိုးဆက်တိုင်းမှာလည်း ပထမအဆင့်ကို ချိုးဖျက်ပြီး ဒုတိယအဆင့်ကို ရောက်သွားနိုင်တဲ့လူတွေ ရှိခဲ့တယ်…”
“အတိတ်တုန်းက လီမိသားစုဟာ အထွတ်အထိပ်မှာ ရှိခဲ့တဲ့ မိသားစုပဲ…”
“ဒါပေမဲ့လည်း ငါ့ဘိုးဘေးတွေက ဒီနေရာကို ဝင်လာပြီးတဲ့နောက်မှာတော့ နောက်မျိုးဆက်တွေထဲက ဘယ်သူကမှ ပထမအဆင့်ကျင့်ကြံခြင်းကို မချိုးဖျက်နိုင်ကြတော့ဘူး။ အာဏာတက်ခြင်းအထွတ်အထိပ်အဆင့်ကသာ အကန့်အသတ် ဖြစ်ခဲ့တယ်…”
“ဒါ့အပြင် ငါတို့ရဲ့ သက်တမ်းကလည်း လျော့နည်းလာခဲ့တယ်။ ကျင့်ကြံခြင်းအဆင့်တူ နယ်ပယ်မှာဆိုရင်လည်း ငါတို့လီမိသားစုက အခြားလူတွေရဲ့ သက်တမ်းရဲ့ သုံးဆယ်ရာခိုင်နှုန်းပဲ ရှင်သန်နိုင်ကြတယ်…ဒါတွေအားလုံးက ကျွန်အမှတ်အသားကြောင့်ပဲ…” လီယွမ်က ရုတ်တရက် ပြန်လှည့်ကာ ရုပ်တုထံသို့ အလွန်မုန်းတီးဟန်ဖြင့် စူးစိုက်ကြည့်လိုက်သည်။ချက်ခြင်းပင် သူ့မျက်နှာပေါ်၌ အောက်မေ့တမ်းတမှုက အစားထိုးပေါ်လာပြန်သည်။ လီယွမ်၏ မျက်နှာပေါ်၌ ရုန်းကန်နေရပုံ ပေါ်လေ၏။
ဝမ်လင်းမျက်လုံးက တည်ငြိမ်လျက်ပင် ရှိနေသည်။ သူက ဘေးတစ်ဖက်တွင် ရပ်နေရင်း တိတ်ဆိတ်စွာ ရှိနေ၏။
သိပ်မကြာခင်တွင် လီယွမ်၏ ခန္ဓာကိုယ်က ချွေးများဖြင့် ရွှဲနစ်လာခဲ့သည်။ ရုတ်တရက် သူက ချက်ခြင်းလိုလို ပိုအသက်ကြီးသွားဟန် ပေါ်သည်။ သူ့လက်ဖြင့် အကိုင်းအခတ်များစွာကို ဖြစ်ပေါ်စေပြီးနောက် လီယွမ်က ၎င်းတို့ကို သူ့မျက်ခုံးနှစ်ခုကြားထဲသို့ နေရာချလိုက်သည်။ ထိုအကိုင်းအခတ်များက မရေမတွက်နိုင်သော အတားအဆီးများကြောင့် ဖြစ်ပေါ်နေခြင်းပင်။ ၎င်းတို့ သူ့မျက်ခုံးနှစ်ခုကြားသို့ ခပ်နှိပ်သွားသည်နှင့် လီယွမ်၏မျက်လုံးက ဖြည်းဖြည်းချင်း ပြန်လည် ကြည်လင်လာခဲ့သည်။
လီယွမ်က လေအပြည့်မှုတ်ထုတ်လိုက်၏။ သူက ခါးသီးစွာ ပြောလာသည်။ “အစ်ကိုရှု….ငါက အရမ်း စိတ်ခံစားချက် ပေါ်တဲ့အခါဆိုရင် ဒီကျွန်အမှတ်အသားကို ထိန်းချုပ်ဖို့ အတော်လေး ခက်ခဲလာတတ်တယ်…”
“ဒီကျွန်အမှတ်အသားကြောင့် ငါတို့လီမိသားစုက တဖြည်းဖြည်းချင်း လျော့ပါးလာခဲ့တယ်။ မိသားစုဝင်တွေကလည်း တစ်ယောက်ပြီးတစ်ယောက် သေဆုံးခဲ့ကြပြီး သူတို့ရဲ့ ကျင့်ကြံမှုအဆင့်ကလည်း ပထမအဆင့်မှာပဲ တစ်ဆို့နေခဲ့တော့တယ်။ ဒီလိုနဲ့ သူတို့ရဲ့ အတိတ်က တောက်ပကျော်ကြားမှုကို ဖြည်းဖြည်းချင်း ဆုံးရှုံးလာခဲ့ကြရတယ်…”
“လွန်ခဲ့တဲ့ နှစ်သောင်းချီတဲ့အချိန်က ငါတို့လီမိသားစုမှာ ပြိုင်ဘက်ကင်းပါရမီရှင်တစ်ယောက် ပိုင်ဆိုင်ခဲ့တယ်။ သူ့ရဲ့ အရည်အချင်းက ဘိုးဘေးတွေအားလုံးထက်လည်း သာလွန်တယ်။ သူက အတားအဆီးနဲ့ပတ်သတ်ပြီး ကြောက်ဖို့ကောင်းလောက်အောင် နားလည်နိုင်စွမ်း ရှိတယ်။ ငါတို့ လီမိသားစုက ကျွန်အမှတ်အသားသာ မခပ်နှိပ်ခံခဲ့ရရင် သူက လီမိသားစုထဲမှာ အသန်မာဆုံး လူတစ်ယောက်တောင် ဖြစ်လာနိုင်လိမ့်မယ်…”
“အဲ့ဒီဘိုးဘေးရဲ့ ကျင့်ကြံမှုအဆင့်က အာဏာတက်ခြင်းအထွတ်အထိပ်အဆင့်မှာ တစ်နေပေမဲ့လည်း အတားအဆီးအစီအရင်တွေအပေါ်မှာ သူ့ရဲ့ ထိန်းချုပ်နိုင်မှုကြောင့် ဒုတိယအဆင့်က ကျင့်ကြံသူတွေတောင် သူ့ကို ဂရုမစိုက်ဘဲ ရန်မစဝံ့ခဲ့ကြဘူး။ ငါတို့ လီမိသားစုရဲ့ ကျွန်အမှတ်အသားကို ဖျက်စီးနိုင်ဖို့အတွက် သူက သူ့သက်တမ်းအကန့်အသတ်ကို သုံးစွဲခဲ့ပြီး အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းကနေ ထွက်ခွာသွားခဲ့တယ်။ သူက အတားအဆီးပေါ်မှာ ကျွမ်းကျင်တဲ့လူတွေရှိကို ကျွန်အမှတ်အသား ဖျက်စီးနိုင်လိုနိုင်ငြား မျှော်လင့်ချက်နဲ့ သွားရောက်လည်ပတ်ခဲ့တယ်…”
“အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းထဲမှာ သူက အားကောင်းတဲ့ကျင့်ကြံသူတစ်ယောက်ရှိက စာလိပ်တစ်ခုနဲ့ သူ့အတားအဆီးတွေကို လဲလှယ်ခဲ့တယ်။ လေကောင်းကင်ဘုံနယ်မြေအောက်မှာ ရှိတဲ့ တိမ်မှုန့်ကြယ်အဖွဲ့အစည်းကြီးထဲမှာလည်း မိသားစုရဲ့ စုဆောင်းထားတဲ့အရာတွေနဲ့ သံလိုက်အိမ်မြှောင်ကို လဲလှယ်ခဲ့သေးတယ်…”
သူ့သက်တမ်း မကုန်ဆုံးခင် အချိန်လေးမှာ သူက အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းဆီ ပြန်လာခဲ့ပြီး လီမိသားစုထံ ပြန်ရောက်လာခဲ့တယ်။ လီမိသားစုရဲ့ မိသားစုဝင်တစ်ဝက်တိတိက သူတို့ရဲ့ သက်တမ်းကို လက်လျော့ပြီး သံဓားတစ်လက် သန့်စင်မွန်းမံဖို့အတွက် သူတို့ရဲ့ စိတ်ဝိညာဉ်တွေကို ကောင်းကင်ဘုံသားရဲ့ စိတ်ဝိညာဉ်ကို တုပနိုင်ဖို့ အသုံးပြုခဲ့ကြတယ်…”
“ဒီစိတ်ဝိညာဉ်တွေက သံလိုက်အိမ်မြှောင်ထဲမှ သိပ်သည်းထားခဲ့တယ်။ နောက်ဆုံးမှာတော့ ဒါကို စာလိပ်နဲ့အတူ ချိပ်ပိတ်လိုက်တယ်။ ဒီဘိုးဘေးရဲ့ သက်တမ်းက အဆုံးသပ်ခါနီးချိန် ရောက်လာတဲ့အခါမှာ မိုးကြိုးကောင်းကင်ဘုံနယ်မြေကလည်း ပွင့်လာခဲ့တယ်။ သူက လီမိသားစုရဲ့ မျှော်လင့်ချက်တွေကို သယ်ဆောင်ရင်း ဒီရတနာသုံးကို ယူပြီး မိုးကြိုးကောင်းကင်ဘုံနယ်မြေထဲကို ဝင်ရောက်ခဲ့တယ်…”
“ဒါပေမဲ့လည်း ကံမကောင်းစွာနဲ့ အဲ့ဘိုးဘေးရှိကနေ ဘာ သတင်းမှ မကြားရတော့ဘူး။ အဲ့အချိန်ကစပြီး လီမိသားစုကလည်း မျှော်လင့်ချက် ပျက်သုန်းပြီး ထပ်ပြီး လျော့ပါးလာတော့တယ်။ မိသားစုဝင်တွေကလည်း တစ်ယောက်ပြီး တစ်ယောက် သေဆုံးသွားခဲ့ကြတယ်။ ဒီကျွန်အမှတ်အသားက ပြန်လည်မွေးဖွားခြင်းစက်ဝန်းတစ်ခုပြီး တစ်ခု ပြီးဆုံးတဲ့ထိ ကျိန်ဆိုထားတာနဲ့တူတယ်။ ဒါ့ကြောင့်လည်း ငါတို့လီမိသားစုက ဒီကျွန်အမှတ်အသားကနေ ဘယ်တော့မှ လွတ်မြောက်နိုင်မှု မရှိကြတော့ဘူး…။ဒီကနေ့မှာ ငါအပါအဝင် လီမိသားစုဟာ သုံးယောက်ပဲ ကျန်ရှိတော့တယ်…”
လီယွမ်၏အသံက ဝမ်းနည်းမှုတို့နှင့် ပြည့်နေသည်။ သူက ရုတ်တရက်လှည့်ကာ သုန်မှုန်စွာ ပြောလာ၏။ “လွန်ခဲ့တဲ့ နှစ်တစ်ထောင်က ငါ့အဖေက ဒီသံဓားကို ကံထောက်မပြီး တွေ့မြင်ခဲ့တယ်။ တကယ်တော့ ငါတို့ ဘိုးဘေးနဲ့ ပတ်သတ်တဲ့ ကိစ္စက နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်တဲ့အတွက် ငါတို့မှာ ဘာဖြစ်ခဲ့လဲဆိုတာကိုလည်း မဆုံးဖြတ်နိုင်ခဲ့တော့ဘူး…။
ဒါပေမဲ့ ဒီသံဓားက ငါတို့မိသားစုရဲ့ စိတ်ဝိညာဉ်တစ်ဝက်တိတိနဲ့ မွမ်းမံသန့်စင်ခဲ့တာ ဖြစ်တယ်. ငါ့အဖေက ဒီဓားကို တစ်ချက်ခြင်လိုက်တာနဲ့ မိသားစုဝင်တွေရဲ့ မကျေမချမ်းမှုနဲ့ ဒေါသတို့ကို ဖြတ်မြင်နိုင်ခဲ့တယ်…”
လီယွမ်က သူ့ညာလက်ကို ဆန့်ထုတ်လိုက်ရာ အလင်းတစ်ခု ဖျပ်ခနဲ ဖြစ်ပေါ်ကာ ဝဲကတော့တစ်ခု ပေါ်ထွက်လာခဲ့သည်။ ထိုဝဲကတော့ လှည့်လည်နေရင်းဖြင့်ပင် ကောဟန်၏ ကြောက်လန့်နေသောအသွင်က ပေါ်လာခဲ့တော့သည်။
သူမ၏ ခန္ဓာကိုယ်ကလည်း ဝဲကတော့ထဲကနေ ရုပ်တု၏ အောက်ခြေထံသို့ ဆွဲပစ်လွှတ်ခြင်း ခံလိုက်ရသည်။
“ဒီသံဓားကို ပိုင်ဆိုင်ခဲ့တဲ့ မိသားစုရဲ့ မျိုးရိုးနာမည်က ကော ဖြစ်တယ်…”
လီယွမ်၏မျက်လုံးများက ရက်စက်ကြမ်းကြုတ်လာကာ အမုန်းတရားနှင့် ပြည့်လို့နေသည်။
“ဟိုးအတိတ်နေ့တုန်းက ငါတို့လီမိသားစု သန်မာချိန်တုန်းက ဆိုရင် ကောမိသားစုလိုအရာမျိုးကို ဖျက်စီးဖို့က ငါ့လက်တစ်ချက် တောက်ထုတ်လိုက်ရုံနဲ့ ရတယ်။ ဒါပေမဲ့လည်း ခုချိန်မှာက ငါ့လီမိသားစု ကျင့်ကြံမှုက အာဏာတက်ခြင်းအထွတ်အထိပ်အဆင့်မှာ တစ်ဆို့နေခဲ့ကြတယ်။ အတားအဆီးတွေရဲ့ အကူအညီနဲ့ဆိုရင်တောင် ငါတို့က ဒုတိယအဆင့် ကျင့်ကြံသူနှစ်ယောက်ရှိတဲ့ ကောမိသားစုကို အနိုင်ယူနိုင်မှာ မဟုတ်ဘူး…”
“နှစ်အတော်အတန် ကြာပြီးတဲ့နောက်မှာတာ့ ငါက ကောမိသားစုရှိ ပုံဖျက် အယောင်ဆောင်ပြီး သွားခဲ့တယ်။အဲ့နောက်မှာ ငါက အရာအားလုံးကို ရှာတွေ့ခဲ့တယ်…”
လီယွမ်က ကောင်းကင်ထက်သို့ ခါးခါးသီးသီး မော့ကြည့်လိုက်လေသည်။
“ကောမိသားစုက လွန်ခဲ့တဲ့အချိန်တွေကတည်းက ငါတို့မိသားစုရဲ့ နောက်ခံကို သိကြတယ်။ ဒါပေမဲ့လည်း သူတို့က အတိတ်က အကြောင်းကို ဘာမှ ပြန်မဟတော့ဘဲ ကောဟန်ရယ်၊ ရတနာသုံးခုရယ်ကို ငါနဲ့အတူ မိုးကြိုးကောင်းကင်ဘုံနယ်မြေကို စေလွှတ်ခဲ့တာပဲ…”
“သူတို့က ဘာမှ မပြောဘူးဆိုရင်တောင် ငါ့ဉာဏ်ရည်အရ ငါက အတိတ်တုန်းက ဖြစ်ပျက်ခဲ့ပုံကို ခန့်မှန်းနိုင်ခဲ့တယ်…”
လီယွမ်၏မျက်လုံးက ကောဟန်ထံသို့ ရက်စက်ဟန်ဖြင့် စူးစိုက်ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “ဒီနေ့ ငါက ငါ့ဘိုးဘေးရဲ့ ဆန္ဒတွေကို အပြီးသပ်နိုင်ဖို့ ရောက်လာခဲ့တာ။ ဒါပေမဲ့ ဒါမတိုင်ခင်မှာ အတိတ်က ငါ့ဘိုးဘေးတွေ ခံစားခဲ့ရတဲ့ နှစ်သောင်းနဲ့ချီတဲ့ မျှော်လင့်ချက်မဲ့မှုကို ချွေးသိပ်နိုင်ဖို့အတွက် နင့်ရဲ့ သွေး လိုအပ်တယ်…”
လီယွမ်က ထိုသို့ ပြောလိုက်ရင်း သူ့ညာလက်ကို ဆန့်ထုတ်ကာ ကောဟန်ကို ချက်ခြင်း ဖမ်းယူလိုက်သည်။ သူ့လက်ဖြင့် သူမ၏ နှဖူးကို ကိုင်ဆောင်ထားသည်။ ကောဟန်၏ မျက်လုံးထဲ၌ မျှော်လင့်ချက်မဲ့မှုတို့နှင့် ပြည့်နှက်လို့နေသည်။ သူမက တစ်ခုခု ပြောချင်နေဟန် ရသည်။ သို့သော် အဆုံးသပ်၌ သူမသည် ဘာစကားမှ မဆိုနိုင်တော့ပေ။
ဝမ်လင်းက မျက်မှောင်ကြုတ်ကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “ရောင်းရင်းကျင့်ကြံသူလီ…လီမိသားစုနဲ့ ကောမိသားစုကြားက ကိစ္စက ငါနဲ့ ဘာမှ မဆိုင်ဘူး။ ဒါကို ဘာကြောင့်များ သင့်က ဒီနေရာထိ ငါ့ကို ခေါ်လာခဲ့ရတာလဲ…”
လီယွမ်က ဝမ်လင်းထံသို့ လှည့်ကာ တည်ငြိမ်စွာ ပြောလိုက်၏။ “ငါက အကိုရှုဟာ ပုံရိပ်ယောင်ယင်အဆင့် ကျင့်ကြံသူတစ်ယောက်နဲ့ တိုက်ခိုက်နေတာကို ငါ့အတားအဆီးအစီအရင်တွေကနေ တစ်ဆင့် တွေ့မြင်ခဲ့တယ်။အစ်ကိုရှုရဲ့ မန္တာန်တွေထဲက တစ်ခုက ငါ့အတွက် တော်တော်လေး အသုံးဝင်တယ်။ အစ်ကိုရှုက စိတ်သက်သက်သာသာ နေပါ။ ငါက အစ်ကိုရှုဆီက အလကားသပ်သပ် အကူအညီတောင်းမှာ မဟုတ်ပါဘူး။ ဒီကိစ္စသာ ပြီးမြောက်သွားရင် ငါက အစ်ကိုရှုကို အတုံ့အလှဲ့အနေနဲ့ ငါ့မိသားစုရဲ့ ပျက်သုဉ်းခြင်းအတားအဆီးနဲ့အတူ မက်မွန်ဆယ့်ရှစ်ခုအတားအဆီးတို့ကို ပေးပါ့မယ်…။ခုချိန်မှာတော့ ငါက အစ်ကိုရှု စိတ်ရှည်ပေးဖို့ တောင်းဆိုချင်ပါတယ်။ ငါက အရင်ဆုံး ငါ့မိသားစုစိတ်ဝိညာဉ်တွေကို စတေးပူဇော်မှု တစ်ခု ပြုလုပ်ရမှာမို့ပါ…”
ထို့နောက် လီယွမ်၏ မျက်လုံးက အမုန်းတရားနှင့် ပြည့်နှက်လာကာ သူ့ခန္ဓာကိုယ်ကနေ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များလည်း မြင့်တက်လာခဲ့ပြီး ကောဟန်ထံသို့ တရကြမ်း တိုးဝင်လာခဲ့သည်။ အမျိုးသမီး၏ အသွင်က ခါးသီးနေသည်။ သို့သော် သူမ၏ မျက်လုံးများကတော့ အလွန်ကြည်လင်နေ၏။ သူမက အနောက်ရှိ ရုပ်တုကို အားတင်းကာ ကြည့်လိုက်သည်။ ထိုတစ်ချက် ကြည့်လိုက်ပြီးသည့်နောက် သူမက တစ်စုံတစ်ခုကို နားလည်သွားခဲ့ပေသည်။ သူမက ပါးစပ်ဟကာ တစ်စုံတစ်ခုကို ပြောဟန် ပြင်လိုက်၏။သို့သော် ကောဟန်သည် ထိုအခွင့်အရေးကို ဘယ်တော့မှ ရနိုင်တော့မည် မဟုတ်ပေ။
သူမ၏ခန္ဓာကိုယ်က သွေးမြူများအဖြစ်သို့ ပေါက်ကွဲထွက်သွားကာ ရုပ်တုအား ဖုံးလွှမ်းသွားသည်။ သူမ၏ မူလစိတ်ဝိညာဉ်ပင် ရုပ်တု၏ စုပ်ယူခြင်းကို ခံလိုက်ရပြီးနောက် ပျောက်ကွယ်သွားလေသည်။
လီယွမ်က သူ့လက်ကို အောက်သို့ ပြန်ချကာ စိတ်ရှုပ်ထွေးဟန်ဖြင့် စဉ်းစားကာနေသည်။အချိန်အတန်ကြာမြင့်ပြီးနောက် သူက သက်ပြင်းချကာ ပြောလာသည်။ “ဘိုးဘေး…သင့်မိသားစုဝင် လီယွမ်က သင်စခဲ့တဲ့အရာကို အပြီးသပ်ပေးတော့မှာပါ…”
***