အခန်း(၆)

အခန်း (၆)  :  မျိုးစေ့

ဝမ်ချင်းလင်က ရှေ့တိုးလာသည်။ မြေပေါ်ရှိ သွေးကန်ကြီးကို ကြည့်လိုက်ကာ သူ့အိတ်ထဲမှ လက်ကျန် သွေးအနီမိုနီနှစ်ခုကို ရေထဲ ချထားလိုက်ပြီးနောက် သူ့သစ်သားစွမ်းရည်ကို အသုံးပြုကာ သွေးများကို စုပ်ယူစေလိုက်သည်။ သိပ်မကြာခင် သွေးအနီမိုနီတို့က ဒူးလောက်အရွယ်အထိ ကြီးထွားလာကြသည်။ ထိုနှစ်ခုအပြင် နောက်ထပ် စိုက်စရာ သွေးအနီမိုနီ အသစ် မရှိသေးပေ။

ဝမ်ချင်းလင်က ဓားမြောင်ကို ဆုပ်ကိုင်ကာ သူ့လက်ကောက်ကို လှီးဖြတ်လိုက်ပြီး သွေးများကို သန္ဓေပြောင်း ဝက်သွေးကန်ထဲ တစက်ချင်း ချပေးလိုက်သည်။ သူ့သွေးက မျိုးစေ့လိုမျိုး ဖြစ်၏။ တစ်စက်ပြီး တစ်စက် သွေးအနီမိုနီများက သွေးများကို စုပ်ယူရင်း အလျှင်အမြန် ကြီးထွားလာလေသည်။ ထင်ထားသည့်အတိုင်း သွေးအနီမိုနီ ကြီးထွားမှုက သူ့သွေးနှင့် ဆက်စပ်နေလေသည်။

ဝမ်ချင်းလင်က ထိုအကြောင်းအရာ ပတ်သတ်နေပုံကို အပြည့်အဝ မသိသော်လည်း သူ သိထားသည်က နောင်အနာဂတ်၌ ဗိုက်ဟောင်းလောင်းနေစရာ မလိုတော့ကြောင်းသာ ဖြစ်၏။

သန္ဓေပြောင်း ဝက်ကြီးတွင် သွေးများစွာ ရှိလေသည်။ ဝမ်ချင်းလင်က သွေးအနီမိုနီ၏ ကြီးထွားမှု ကန့်သတ်ချက်အကြောင်း မသိထားဘဲ သူ့သစ်သားစွမ်းရည်ဖြင့် သူတို့ ကြီးထွားလာမှုကို မြင့်တင်ဖို့ ဆုံးဖြတ်လိုက်သည်။ သွေးအနီမိုနီက ပိုမို ကြီးထွားလာကာ လူသားတစ်ရပ်စာ အမြင့်ရောက်သွားသည့်အခါ၌ပင် မရပ်သွားသေးပေ။

ဝမ်ချင်းလင်က သတိတကြား ဖြစ်လာသည်။ သူက အနီမိုနီ၏ ကြီးထွားမှုကို အရှိန်မမြင့်ရဲတော့ပေ။ ဤသို့ ကြီးမားလှသည့် သွေးအနီမိုနီက ကြည့်ရတာ နည်းနည်းကြောက်ဖို့ ကောင်းလှသည်။ လက်တံများက အချိန်မရွေး တိုက်ခိုက်တော့မည့်အလား လေထဲ ခုန်ပေါက်နေလေ၏။

“ လက်တံထိပ်လေးက ဘာလေးလဲ ” ကျန်းလန်က ပုံမှန်မဟုတ်မှုကို ထုတ်ပြောလိုက်သည်။ လက်တံတစ်ခုချင်းစီ၌ ထိပ်ဖျားတွင် ပင်ပေါင်ဘောလုံးအရွယ်လောက်ရှိသည့် အနက်ရောင်အလုံးလေး ရှိနေသည်။

ဝမ်ချင်းလင်က သူ့စွမ်းအားကို ထပ်သုံးဖို့ ကြိုးစားလိုက်သည်။ ထိုအနက်ရောင်အလုံးလေးများက ဖြည်းဖြည်းချင်း ပိုကြီးထွားလာသည်။ သူတို့က လူသားလက်သီးဆုပ်လောက် ကြီးလာသည့်အခါ အလိုလို မြေပေါ် ပြုတ်ကျလာလေသည်။

ကျန်းလန်က တစ်ခုကို ကောက်ယူလိုက်ပြီး အထဲကို ခွဲကြည့်လိုက်သည့်အခါ မျိုးစေ့များနှင့်တူသည့် အနက်ရောင်အစေ့လေးတွေကို တွေ့လိုက်ရသည်။

ထိုအနက်ရောင်အလုံးကို ဖွင့်လိုက်သည့်အခါ သွေးကန်ထဲ အနက်ရောင်အစေ့များစွာ ပြုတ်ကျသွားကာ နောက်ထပ် သွေးအနီမိုနီအသစ်များ မြန်မြန်ဆန်ဆန် ပေါက်ရောက်လာသည်။

ဇွန်ဘီသုံးယောက် “ ….. ”

ဆိုတော့ သူတို့ သွေးအနီမိုနီရဲ့ မျိုးစေ့ ရလိုက်တာလား …

အနက်ရောင်အစေ့များစွာကို ကြည့်နေရင်း စိတ်ထဲတွင် ပျော်နေမိသည်။

သူတို့မျက်နှာထားများက မျက်နှာသေကြီးနှင့်  ဖြစ်နေသော်ငြား ….

သုံးယောက်လုံး အနက်ရောင်အစေ့များကို သိမ်းဆည်းထားလိုက်ပြီး နောင်မှ စိုက်ပျိုးဖို့ ကြံစည်လိုက်ကြသည်။

သန္ဓေပြောင်း ဝက်၏ သွေးအားလုံး စုပ်ယူခံလိုက်ရပြီး တစ်စက်တစ်လေပင် အလေအလွှင့် မဖြစ်ခဲ့ရပေ။

ဝမ်ချင်းလင်က တူညီသည့် သစ်သားစွမ်းရည်ကို သွေးအနီမိုနီများအပေါ် အသုံးပြုလိုက်ပြီးနောက် သူ ယူလာသည့် နှစ်ခုသာ လူသားအရွယ် ဖြစ်လာပြီး သီးနိုင်ကြောင်း သိလိုက်ရသည်။ အခြားသော သွေးအနီမိုနီမျာက တစ်မီတာမျှသာ ကြီးထွားပြီး ရပ်တန့်သွားကြသည်။ အသီးအပွင့်လည်း မရှိကြပေ။

ထူးခြားနေသည့် သွေးအနီမိုနီနှစ်ခုကို ကြည့်လိုက်ပြီး ကျန်းလန်က သူတို့အား “ဧကရီ သွေးအနီမိုနီ” ဟု အမည်ပေးခဲ့သည်။ နောင်၌ သူတို့က သွေးအနီမိုနီများအတွက် သူတို့အပေါ် မှီခိုရပေမည်။

ပြောရလျှင် ထိုသွေးအနီမိုနီများက အတော်လေး မှော်ဆန်လှသည်။ လတ်လတ်ဆတ်ဆတ် သွေးထောက်ပံ့ပေးလိုက်သည့်အခါ ကြီးထွားလာကြပြီး သွေးနှင့်မြေကြီးမရှိလျှင်ပင် ခြောက်သွေ့မသွားကြပေ။

ဤသို့အစားအစာများစွာဖြင့် ဇွန်ဘီသုံးယောက်က ထရပ်ကားတစ်စီး ယူလိုက်ကြသည်။ သန္ဓေပြောင်း ဝက်နှင့်သွေးအနီမိုနီများစွာကို ထည့်လိုက်ပြီးနောက် သူတို့က အိမ်ပြန်လာလိုက်ကြသည်။

ဧကရီ သွေးအနီမိုနီနှစ်ပင်က ကျန်းလန်၏ စိတ်အားထက်သန်မှုကို လက်ခံရရှိလိုက်ကြသည်။ သူမက သွေးအနီမိုနီတစ်ခုချင်းစီတွင် အစိမ်းရောင် ပိုးသားဖြင့် ဖဲပွင့်ပုံ ချည်နှောင်ပေးထား၏။ အခြားသော သွေးအနီမိုနီများအတွက်မူ အစားအစာအဖြစ် ကံကြမ္မာကိုသာ လက်ခံလိုက်သင့်သည်။

သွေးအနီမိုနီများက အသက်ဝင်နေပြီး မသောင်းကြမ်းကြပေ။ သူတို့က သန္ဓေပြောင်း ဝက်သားကို စားချင်နေကြ၏။

သန္ဓေပြောင်း ဝက်က အတော်လေး ကြီးမားလေသည်။ မိသားစုဝင် သုံးယောက်အတူတူ သန္ဓေပြောင်းဝက်ကို ကိုင်တွယ်ရန် နောက်ကျသည့်အထိ နေခဲ့ကြရသည်။ အရင်ဦးစွာ သူတို့ အသားနှင့်အရိုးကို ခွဲထုတ်လိုက်ပြီး အသားကို အတုံးလှီးကာ ရေခဲခဲထားလိုက်သည်။ ရေခဲသေတ္တာတစ်လုံးတည်းဖြင့် မလောက်သောကြောင့် အသားနှင့်အရိုးအားလုံးကို သိမ်းဆည်းဖို့ နောက်ထပ် ရေခဲသေတ္တာနှစ်လုံး ထပ်ရှာခဲ့ရသည်။

ကံကောင်းစွာဖြင့် သူတို့က လျှပ်စီးမီးရရှိသည့် ဗီလာတစ်လုံးကို တွေ့လိုက်ကြသည်။ သူတို့ညစာက ဝက်နံရိုးစွတ်ပြုတ် ဖြစ်၏။ အရသာက သွေးအနီမိုနီအောက် နိမ့်ကျသော်လည်း အရသာရှိနေဆဲ ဖြစ်၏။

ထင်ထားသည့်အတိုင်း သူတို့က အသားကိုသာ စားနိုင်လေသည်။

ယခု အစားအစာကိစ္စ ပြေလည်သွားပြီဖြစ်၍ စတင် အလုပ်လုပ်ကြရမည်။ ဆေးခန်းတွင် ဘာစီးပွားရေးမှ မရှိသည်မှာ နှမြောစရာကောင်းလှသည်။ သက်ရှိအားလုံး ရောက်မလာကြသလို ဇွန်ဘီများကလည်း လာရကောင်းမှန်း မသိကြပေ။

စီးပွားရေးက စိတ်ဓာတ်ကျဖွယ်အတိ ဖြစ်နေသည်။

ဝမ်ချင်းလင်က သူ့လက်ထဲမှ ဇွန်ဘီအမြုတေအားလုံး စုပ်ယူလိုက်ပြီးနောက် သူ့အင်အား တိုးပွားလာကြောင်း ခံစားလိုက်ရသည်။ ဤသည်မှာ စွမ်းရည်အသုံးပြုသူအနေနှင့် သူ့အလေ့အထ ဖြစ်၏။ စွမ်းရည်ပိုင်ရှင်များက သူတို့စွမ်းအား တိုးပွားလာစေရန် အမြုတေအတွင်းမှ စွမ်းအားကို တိုက်ရိုက်စုပ်ယူနိုင်ကြသည်။

လင်းမြို့က အလွန်တရာ အန္တရာယ်များလှသည်။ ဇွန်ဘီမြို့တော်ဟု အလကားခေါ်ဝေါ်ခြင်း မဟုတ်ပ။ သူတို့က ဇွန်ဘီ သားသတ်သမားအဆင့်ကိုပင် အလွယ်လေး ရှာတွေ့နိုင်သည်။

အရေးကြီးဆုံးအချက်က ဤသားသတ်သမားသည် သူ့ကိုပင် စိန်ခေါ်ရဲနေသည်။ အဆင့်တစ် သက်ရှိပုံစံဖြစ်သော်လည်း သတ္တိကောင်းနေလေ၏။ ဝမ်ချင်းလင်က နောင်ကျ သူတို့သာ အဆင့်မြင့်သည့် သန္ဓေပြောင်းသက်ရှိနှင့် တွေ့လာလျှင် သူတို့တစ်မိသားစုလုံး အသားတုံး ဖြစ်သွားမည်ကို စိုးထိတ်လာမိသည်။ သူ့အင်အားကို တိုးပွားအောင် လုပ်ဖို့ လိုအပ်နေလေပြီ။

အမြုတေ ရရှိဖို့က ပြဿနာကြီးတစ်ရပ် ဖြစ်နေ၏။

ဇွန်ဘီသုံးယောက်က ထိုအကြောင်းအား အသည်းအသန် ဆွေးနွေးခဲ့ကြသည်။ နောက်ဆုံးတွင် မိသားစုခေါင်က ဆေးခန်းဖွင့်သည်နှင့် အခကြေးငွေအဖြစ် အမြုတေကို လက်ခံဖို့သာ ဆုံးဖြတ်လိုက်သည်။

လူနာမရှိရင်ရော …

သူတို့က အရင်စရှာကြတာပေါ့ … သူတို့ဆီ လာတဲ့အထိ အမြဲထိုင်မစောင့်နေနိုင်ပေ။

မိသားစုဝင် သုံးယောက်က ဆေးခန်းအဝင်ဝ၌ ရပ်ကာ လူနာရှာဖို့ အသင့်ဖြစ်နေကြလေပြီ။ ထိုရလဒ်ကြောင့် အနီးအနားရှိ ဇွန်ဘီအားလုံးက သူတို့အား ရှောင်ကွင်းသွားကြလေသည်။

ကျန်းလန်က သူ့သားအား ကြည့်လိုက်ပြီး  “သားက ဒီမှာမရှိသင့်ဘူး ”

ဝမ်ချင်းလင်က ရွေးချယ်စရာမရှိဘဲ ရုံးဆီ ပြန်လာလိုက်ရသည်။

သူ ထွက်သွားသည်နှင့် ဇွန်ဘီများက နောက်ဆုံးတွင် ဆေးခန်းအနား ဖြတ်သန်းသွားလာကြတော့သည်။

ကျန်းလန်က တစ်ယောက်ကို ဆွဲလိုက်ကာ  “ ဟေး အလှလေး မျက်နှာအလှပြင်ချင်လား။ မျက်နှာပေါ်က ပုတ်တာတွေက တော်တော်ဆိုးရွားနေပြီ။ ဒီမှာ အမြုတေ တစ်ရာလောက်နဲ့ နုပျိုမှုကို ပြန်လည် အစားယူလို့ရတယ်နော် … စမ်းကြည့်ချင်လား ”

အလှလေး ဇွန်ဘီ၏ မျက်နှာတွင် ထုံထုံထိုင်းထိုင်း အမူအယာတို့ ရှိနေပြီး ဗလာကျင်းနေ‌သော အကြည့်တို့ဖြင့် ကျန်းလန်လက်ထဲမှ ရုန်းကာ ဖြည်းဖြည်းချင်း ထွက်သွားလေသည်။

ကျန်းလန်က နောက်မှ လှမ်းအော်လိုက်သေး၏  “အမြုတေဆယ်လုံးလောက်ဆိုရင်လည်း အဆင်ပြေပါတယ် ”

ဝမ်ကျန်းကလည်း နောက်ထပ် ဇွန်ဘီတစ်ကောင်၏ ရှေ့၌ ပိတ်ရပ်ကာ  “ ဟေး ခန့်ချောအစ်ကိုကြီး ငါ ပြောတာ နားလည်တယ်မလား။ ငါ့လိုမျိုး ခန့်ချောကြီး ဖြစ်မလာချင်ဘူးလား။ ငါတို့ဆေးခန်းက မင်းရဲ့ အိပ်မက် အမှန်ဖြစ်လာအောင် ကူညီပေးနိုင်တယ် ”

ခန့်ချောကြီး ဇွန်ဘီက ဝမ်ကျန်းက ပြန်လည် တဂီးဂီးပြန်အော်လိုက်သည်။

ဝမ်ကျန်း  “ ခင်ဗျားက ဇွန်ဘီ ဖြစ်နေပြီကို ဒေါသထွက်နေစရာ မလိုပါဘူး ”

နောက်ရက်များအထိ လာရောက်အားပေးသူ မရှိလာချေ။

ကျန်းလန်က ပြောလိုက်သည်  “ ဇွန်ဘီတွေက ဦးနှောက်ပြန်ကောင်းဆေးရည်ကို သောက်ဖို့ လိုနေပြီ။ သူတို့မှာ ဦးနှောက်မရှိရင် ငါတို့ ဘယ်လိုလုပ် ဆက်သွယ်လို့ ရမှာလဲ ”

ဝမ်ကျန်း  “ ဦးနှောက်ပြန်ကောင်းဆေးရည်လောက်နဲ့ အလုပ်မဖြစ်လောက်ဘူး။ ဦးနှောက်အစားထိုးဖို့ လိုအပ်နေပြီ ”

ကျန်းလန်က တစ်ခုခု အမှတ်ရသွားဟန်ဖြင့်  “ သား မင်းက ဇွန်ဘီတွေကို ထိန်းချုပ်နိုင်တယ်မလား။ မင်းစကားကို သူတို့နားလည်နိုင်မလား ”

ဝမ်ချင်းလင်က ရုတ်တရက် ထရပ်ကာ ရုံးခန်းမှ ထွက်လာလိုက်သည်။

ကျန်းလန်နှင့် ဝမ်ကျန်းတို့လည်း လိုက်လာကြပြီးနောက် ကြောင်အမ်းသွားကြသည်။

ဆေးခန်းအဝင်ဝ၌ ဇွန်ဘီအကြီးတစ်ကောင်နှင့် အသေးတစ်ကောင် ရှိနေလေသည်။ ဇွန်ဘီအကြီးက ခြေတစ်ဖက် ထော့ကျိုးနှင့် ကုတ်အဖြူကို ဝတ်ဆင်ထားလေသည်။ သူ့လက်ထဲတွင် ဗလာအကြည့်တို့ဖြင့် ငါးနှစ်၊ ခြောက်နှစ်အရွယ် မိန်းကလေးတစ်ယောက် ပါလာသည်။

ဝမ်ချင်းလင်က ထိုဇွန်ဘီကို ပြန်အမှတ်ရလိုက်သည်။ ဤသည်မှာ လော့ဖုန်းကြွယ်ထံ ဆေးပို့ပေးဖို့ သူ ထိန်းချုပ်ခဲ့သည့် ဇွန်ဘီ ဖြစ်ပေသည်။


Comment

Leave a Reply

Options

not work with dark mode
Reset