Switch Mode

အပိုင်း(၈၀၀)

ဓားထိပ်ဖျား နှင့် ဓားရိုး

“ငါ သင့်ရဲ့ မက်မွန်ဆယ့်ရှစ်ခုအတားအဆီး နည်းလမ်းကို လိုချင်တယ်…”

ဝမ်လင်းက မက်မွန်ဆယ့်ရှစ်ခုအတားအဆီးနည်းလမ်းသည် ရှေးဟောင်းအချိန်တွေတုန်းက အလွန်ကျော်ကြားခဲ့မှန်း သိပေ၏။ သို့သော် ထိုနည်းလမ်းက အလွန်လျှို့ဝှက်လှ၏။ အပြင်လူများ ဘယ်တော့မှ သင်ကြားနိုင်ကြခြင်း မရှိပေ။ တပည့်များအတွက်တော့ သူတို့၏ အဆင့်အတန်းပေါ် မူတည်၍ မက်မွန်ကိုးခုအထိ သင်ကြားနိုင်ကြပေသည်။ ဆရာကသာလျှင် အပြည့်အစုံ မက်မွန်ဆယ့်ရှစ်ခုထိ သိပေသည်။

ယနေ့ခေတ်တွင် ထိုအတားအဆီးနည်းလမ်းက ပျောက်ဆုံးနေခဲ့သည်မှ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ များစွာသော အတားအဆီးပညာရှင်များက ထိုအတွက် မချင့်မရဲ ဖြစ်ကြရသည်။

ပထမဆုံးအကြိမ်အဖြစ် ဝမ်လင်းသည် ထိုအတားအဆီးနည်းလမ်းအကြောင်းကို နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေတွင် ကြားခဲ့ဖူးခြင်း ဖြစ်သည်။ သူက လီယွမ် လက်လှုပ်ရှားလိုက်သည့်အခါတွင်အတားအဆီးဆယ့်ရှစ်ခုကို မြင်တွေ့ခဲ့ကတည်းက ထိုနည်းစနစ်ကို သံသယ ဝင်ခဲ့ခြင်းပင်။

ပုန်းကွယ်စေနိုင်သည့်အတားအဆီးနှင့် ပတ်သတ်သော ကျောက်စိမ်းပြားကို လီယွမ်ထံက ရရှိခဲ့ချိန်၌ ထိုကျောက်စိမ်းပြားကို စစ်ဆေးကြည့်ရာ ရုပ်တု ဆယ့်ရှစ်ခု ပါရှိသည်ကို တွေ့ရှိခဲ့ရခြင်းက သူ့သံသယထင်မြင်ချက်ကို ပိုတိုးလာစေခဲ့သည်။

ထိုရုပ်တုများက မက်မွန်ပန်းများ ဖူးပွင့်ပုံနှင့်အလွန်ခြားနားနေ၏။ ထိုအခိုက်၌ ဝမ်လင်းက စိတ်ရှုပ်ထွေးခဲ့ရသေးသည်။ သို့သော် သူက သေချာစဉ်းစားကြည့်မိသည့်အခါ အချို့သဲလွန်စများကို တွေ့မြင်နိုင်ခဲ့ပေသည်။

သူက ယခုလို ထိုအတားအဆီးအကြောင်း ထုတ်ဖော်ပြောခြင်းက လီယွမ်ကို စမ်းသပ်လိုက်ခြင်းလည်း ဖြစ်သည်။ လီယွမ်က ငြင်းဆန်လျှင် ဝမ်လင်းက သည်အတားအဆီးနှင့် ပတ်သတ်၍ စိတ်ဝင်စားတော့မည် မဟုတ်ပေ။ ဝမ်လင်းက တိုက်ခိုက်မလား၊ ထွက်သွားမလားက သူ့အတွေးတစ်ချက်သာ လိုပေသည်။

သည်အရာက ဝမ်လင်း လီယွမ်နှင့်ကောအမျိုးသမီးတို့နှစ်ယောက်နောက်သို့ တစ်လမ်းလုံး လိုက်လာရခြင်း၏ အဓိကအကြောင်းရင်း ဖြစ်သည်။ မူလကိရိယာအတွက် သပ်သပ်ဆိုလျှင် ဝမ်လင်းက ခုချိန်ထိ သူတို့နောက်သို့ လိုက်လာခဲ့လိမ့်မည် မဟုတ်ပေ။

သို့ရာတွင် သည်လီယွမ်က အလွန်ထူးဆန်းလှ၏။ ဝမ်လင်းက သည်လူသည် အာဏာတက်ခြင်းအထွတ်အထိပ်အဆင့်တွင် ရှိနေသည်ကိုပင် သိပ်မသေချာ မရေရာ ဖြစ်ရသည်။ထို့ကြောင့်လည်း ဝမ်လင်းက သည်နေရာသို့ ရောက်လာသည့်အထိ လမ်းတစ်လျှောက်တွင် လှုပ်ရှားဆောင်ရွက်မှု မရှိခဲ့ခြင်းပင်။

ဝမ်လင်းက သူတို့နောက်ဆုံးပန်းတိုင် ရောက်ရှိပြီးမှသာ ခုလို လှုပ်ရှားလာခဲ့ခြင်း ဖြစ်တော့၏။

လီယွမ်က အနည်းငယ် စဉ်းစားပြီးနောက် ပြုံး၍ ဆိုလာသည်။ “မက်မွန်ဆယ့်ရှစ်ခု အတားအဆီးတင်ပဲလား…အကိုရှုက ဒါကို လိုချင်တယ် ဆိုရင်လည်း ငါက ပျော်ပျော်ကြီး လက်ခံရမှာပေါ့…”

သူက သိုလှောင်အိတ်ကို ပုတ်လိုက်ရာ ကျောက်စိမ်းပြားတစ်ခု ထွက်ပေါ်လာသည်။ ထိုကျောက်စိမ်းပြားကို သူ့မျက်ခုံးနှစ်ခုကြားသို့ ခဏတာ နေရာချပြီးနောက် ဝမ်လင်းထံသို့ ပစ်ပေးလိုက်သည်။

“ဒါက မက်မွန်ဆယ့်သုံးခု အတားအဆီးပဲ။ ငါက ကျန်တဲ့ငါးခုကို ငါတို့ တောင်ထိပ်ကို ရောက်ပြီးရင် ပေးပါ့မယ်…”

ဝမ်လင်းက ကျောက်စိမ်းပြားကို ဖမ်းယူကာ စစ်ဆေးကြည့်လိုက်သည်။ သူ့အသွင်က ပုံမှန်သာ ဖြစ်သော်လည်း သူ့နှလုံးသားကတော့ ခုန်ပေါက်နေ၏။ ထိုကျောက်စိမ်းပြားထဲ၌ မည်သည့်မန္တာန်မှ ရှိမနေဘဲ ရုပ်တု ဆယ့်သုံးခုနှင့် စုစုပေါင်း မက်မွန်ပန်းပွင့်ဆယ့်သုံးခုတို့သာ ရှိလို့နေသည်။

အစကနေ အဆုံးထိ ကောအမျိုးသမီးက တိတ်ဆိတ်လို့နေသည်။ ဖြစ်ပျက်နေသည့်အရာရာက သူမနှင့် မသတ်ဆိုင်သလို ရှိနေ၏။ သူမက သူမရှေ့ရှိ တောင်ကိုသာ မိန်းမောစွာ ကြည့်နေသည်။

“အစ်ကိုရှု…ဒီမက်မွန်ဆယ့်ရှစ်ခုက အတားအဆီးတစ်ခုကိုပဲ ငါ သိတာ မဟုတ်ဘူး။ သင်က မဟာအတားအဆီးလေးခုကိုကော သိလား…”

လီယွမ်က တောင်ထံသို့ ပြန်မျက်နှာမူကာ စတင်၍ လျှောက်လှမ်းသွားသည်။ ကြည့်ရသည်မှာ သူက ဝမ်လင်း ထိုကျောက်စိမ်းပြားကို ယူ၍ ထွက်သွားမည်ကို မစိုးရိမ်သည့်ဟန် ဖြစ်ပေါ်နေသည်။

ကျောက်စိမ်းပြားကို သိမ်းဆည်းလိုက်ပြီးနောက် ဝမ်လင်သည်လည်း တောင်ထိပ်ရှိရာသို့ လျှောက်လှမ်းသွားသည်။သူ့မျက်လုံးက တည်ငြိမ်လျက် ရှိနေ၏။

“ပြောကြတာက လောကကြီး စတင် မွေးဖွားလာတုန်းက လောကရဲ့ ဥပဒေသတွေကလည်း အတူတူ ဖြစ်ပေါ်လာခဲ့တယ်တဲ့။ ဟိုး လွန်ခဲ့တဲ့ အလွန့်အလွန် ကြာမြင့်ခဲ့တဲ့ အချိန်တွေတုန်းက ဥပဒေသက အစိတ်အပိုင်းကိုးပိုင်း ခွဲထွက်သွားတယ်တဲ့ ဒီဥပဒေသတွေထဲက တစ်ခုကတော့ အတားအဆီးပဲ ဖြစ်တယ်။ ဒါကို အစီအရင်လို့လည်း ခေါ်ကြတယ်။ နာမည်ဘယ်လိုပဲကွဲကွဲ ဒါက အဓိပ္ပာယ်တူတူပါပဲ…”

“ကောင်းကင်၊မြေကြီး၊ အံ့ဖွယ်၊နဲ့ အဝါ တို့က အတားအဆီးတွေရဲ့ အဆင့်လေးခု အဖြစ် အချိန်အတန်ကြာတဲ့အထိ ဖြစ်ခဲ့တယ်…”

လီယွမ်က နောက်သို့ ပြန်လှည့်ခြင်း မရှိဘဲ တောင်ထိပ်ထံသို့သာ ဆက်လျှောက်သွားသည်။ကောအမျိုးသမီးက သူ့နောက်ကနေ လိုက်ပါလာခဲ့သည်။သူမက မိန်းမောနေသည့်အသွင်သာ ရှိနေသည်။

“ဒါပေမဲ့လည်း ဒီအတားအဆီးလေးခုရဲ့ အထက်မှာ နောက်ထပ် အဆင့်တစ်ခု ရှိနေသေးတယ်။ ငါတို့ကတော့ ဒီအဆင့်ကို လေဟာနယ် လို့ခေါ်တယ်။ လေဟာနယ်အဆင့်က မဟာအတားအဆီးလေးခု အဖြစ် ခွဲထွက်သွားတယ်။ဒီတောင်မှာက လေဟာနယ်အဆင့်အတားအဆီးလေးခုထဲက ပျက်သုန်းခြင်အတားအဆီး ရှိလို့နေတယ်။ ဘယ်သူကမှလည်း ဒီတောင်ရဲ့ အထွတ်အထိပ်ကို မရောက်နိုင်ခဲ့ကြဘူး။ ဘာလို့လဲဆိုတော့ ဒီတောင်ထိပ်ဖျားက အဆုံးမရှိလို့ပဲ…”

လီယွမ်၏ အသံက ဝမ်လင်းနားထဲသို့ ဖြည်းဖြည်းချင်း ဝင်ရောက်လာနေသည်။

“အစ်ကိုရှုက ငါဟာ ဘာကြောင့် ဒါတွေကို သိနေရလည်းဆိုတာ ဒွိဟ ဖြစ်နေမှာပဲ…”

လီယွမ်က ကျောက်တုံးအစွန်းတစ်ခုပေါ်သို့ လှမ်းတက်လိုက်သည်။ထို့နောက် သူ့ညာလက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေပြီးနောက် လေဟာနယ်ထဲသို့ ဖိချလိုက်သည်။

ထိုဖိချမှုက တောင်တစ်ခုလုံးကို တဖျပ်ဖျပ် ဖြစ်စေကာ ပြင်းပြင်းထန်ထန် တုန်ခါစေသည်။တောင်တစ်ခုလုံးက ကျယ်လောင်သော တုန်ဟီးသံနှင့်အတူ တစ်ဝက်တိတိ ကျုံ့သွားခဲ့သည်။

လူတစ်ယောက်က တောင်ထိပ်ဖျားကို မြင်နိုင်ရခြင်း မရှိသေးသော်လည်း တောင်ထိပ်က ပို၍ နိမ့်ကျလာသည်ကတော့ သိသာပေသည်။

လီယွမ်က ဝမ်လင်းဘက်သို့ လှည့်ကြည့်ကာ အပြုံးတုပြုံးကာ မေးလိုက်၏။

“အစ်ကိုရှု..သင့်မှာ မေးစရာတစ်ခုခုရှိလား…”

ဝမ်လင်းက လီယွမ်ကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်၏။ “မင်းက စကားများလွန်းတယ်…”

လီယွမ်က မျက်မှောင်ကြုတ်သွားသည်။ သို့သော် ချက်ခြင်းပင်သူက ပြုံး၍ နောက်ပြန်လှည့်ကာ ဆက်သွားသည်။ သူက စကားပြောခြင်းကို ရပ်တန့်လိုက်ကာ သူ့မျက်လုံးထဲ၌ အောက်မေ့မှုတို့ ပြည့်လို့နေ၏။ သည်တောင်ပေါ်ရှိ အပင်တိုင်းကပင် သူနှင့် ရင်းနှီးနေသည်ဟု ထင်ရသည်။

သူတို့က တောင်လယ်သို့ ရောက်လာချိန်တွင် လီယွမ်က၏ ညာလက်သည် ပိုမိုရှုပ်ထွေးသော ချိပ်တံဆိပ်များကို ဖြစ်ပေါ်စေလိုက်ပြန်ကာ လေဟာနယ်ထဲသို့ ဖိချသည်။ တောင်က နောက်တစ်ဖန်တုန်ခါကာ ထပ်၍ ကျုံ့လာပြန်သည်။ ဝမ်လင်းက တောင်ထိပ်ကို ခပ်ရေးရေး မြင်လိုက်ရသည့်အခါ သူ့မျက်လုံးသူငယ်အိမ်ပင် ကျုံ့သွားခဲ့သည်။

လီယွမ်က ချိပ်တံဆိပ်များကို ဆက်လက် ဖြစ်ပေါ်နေစေသည်။ထိုအချိန်မှာပင် ဝမ်လင်းနားထဲသို့ အသံတစ်သံ ခပ်တိုးတိုး ဝင်လာခဲ့သည်။

“စီနီယာ…ငါ့ကိုယ်ကယ်ပါ။ ဒီလူက ရူးနေပြီ…။သူက…”

ထိုအသံက ကောအမျိုးသမီးထံကနေ ထွက်ပေါ်လာခြင်း ဖြစ်သည်။ သို့သော် သူမက စကားပြောလို့ မပြီးသေးခင်မှာပင် လီယွမ်သည် သူမကို အေးစက်စွာ ကြည့်လိုက်သည့်အတွက် စကားတန့်လို့သွားသည်။

“ကောဟန်…နင်က ဘာပြောချင်တာလဲ ပြောချင်တာ ရှိရင် တဲ့ပြောပါ။ နတ်ဘုရားအာရုံ အသုံးပြုဖို့ မလိုဘူး…”

လီယွမ်၏ အသံက အေးစက်နေကာ လှောင်ပြောင်ဟန်တို့ ပါဝင်နေသည်။ တောင်ပေါ်သို့ ရောက်လာသည့်နောက် သူက အရင်နှင့် လုံးဝခြားနားသောသူ တစ်ယောက် ဖြစ်လာခဲ့တော့သည်။

ကောဟန်က အနည်းငယ် စဉ်းစားပြီးနောက် အံတင်းတင်းကြိတ်သည်။ သည့်နောက် သူမက ဝမ်လင်းအနားရောက်သည့်အထိ တိုးလာခဲ့သည်။ထိုသို့ပြုလုပ်ခြင်းက သူမအတွက် လုံခြုံသည်ဟု ခံစားရသည့်အလားပင်။

“ငါက နင့်ကို ဘယ်သူမှန်း သိနေတယ်။ နင်က ငါ့မိသားစုရှိကို မတော်တဆ ရောက်လာခဲ့တာ မဟုတ်ဘူး။ နင်က ရည်ရွယ်ချက်ရှိရှိ ရောက်လာခဲ့တာ…”

ကောဟန်က မသေချင်သေးချေ။ သူမက စိတ်ထဲ၌ အဖြေကို သိနေရင်တောင် အသက်ရှင်ဖို့ အခွင့်ရေးရလိုရငြား တိုက်ခိုက်ရပေမည်။

လီယွမ်က ပြုံး၍ ခေါင်းညိတ်သည်။ “မှန်တယ်…”

ကောဟန်၏ မျက်နှာက ဖြူရောသွားကာ သူမက ဆက်ခနဲ ပြောလိုက်သည်။ “ဘာကြောင့် ငါ ဖြစ်ရတာလဲ။ နင့်ဆရာရဲ့ ပစ္စည်းတွေကို ယူသွားတဲ့လူက ငါ မဟုတ်ဘူး၊ ငါ့ ကောမိသားစုရဲ့ဘိုးဘေးတွေလေ…”

လီယွမ်၏ မျက်လုံးများက အေးစက်လာခဲ့ကာ သူက ပြုံး၍ ပြောသည်။ “ဘာလို့လဲဆိုတော့ နင်က အဲ့သူခိုးရဲ့ တိုက်ရိုက်မျိုးဆက် ဖြစ်နေလို့လေ။ ကောမိသားစုတစ်ခုလုံးထဲမှာ နင်တစ်ယောက်ပဲ သူ့ရဲ့ တိုက်ရိုက်မျိုးဆက် ဖြစ်နေတာကို…”

ကောဟန်၏ မျက်လုံးထဲ၌ ကြောက်လန့်မှုတို့ ဖြစ်ပေါ်လာကာ သူမက သိုလှောင်အိတ်ကို ထုတ်ယူကာ အော်ပြောလိုက်သည်။ “ငါက ခု နင့်ကို အကုန်လုံး ပြန်ပေးမယ်။ ဒီထဲမှာ စာလိပ်၊ သံဓားနဲ့ သံလိုက်အိမ်မြှောင် သုံးခုလုံးပါတယ်။ ငါ ဒါတွေအကုန်လုံး နင့်ကို ပြန်ပေးမယ်။ ငါ့ကို လွှတ်ပေးဖို့ တောင်းပန်ပါတယ်…”

လီယွမ်က ထိုသိုလှောင်အိတ်ကို လက်ခံလိုက်သည်။ သူ့မျက်လုံးထဲ၌ စိတ်ရှုပ်ထွေးဟန်တို့ ပေါ်လာသည်။ ထို့နောက် သူက သိုလှောင်အိတ်ကို ပုတ်လိုက်ရာ စောနက အရာသုံးခု ထွက်ပေါ်လာခဲ့သည်။ ပထမဆုံးတစ်ခုက သံဓား၊ ဒုတိယတစ်ခုက ရိုးစင်းသော သံလိုက်အိမ်မြှောင်တစ်ခုနှင့် နောက်ဆုံးတစ်ခုက ရှေးဟောင်းစာလိပ်တစ်လိပ် ဖြစ်နေသည်။

လီယွမ်က စာလိပ်ကို ကောက်ယူကာ တစ်ချက်လှုပ်၍ ဖွင့်ကြည့်လိုက်သည်။ သူက စာလိပ်ထဲရှိ ပန်းချီကားကို စူးစိုက်ကြည့်နေရင်း သူ့မျက်လုံးထဲ၌ လွမ်းဆွတ်အောက်မေ့မှုတို့ဖြင့် ပြည့်လို့နေတော့သည်။

ထိုပန်းချီကား၏ မျက်နှာပြင်အပိုင်းကတော့ တောင်တစ်ခုပင်။ သည်တောင်က အလွန်မြင့်မားလှကာ တိမ်တိုက်များနှင့် ပြည့်လို့နေသည်။ ထိုတောင်ကို အခြေပြု၍ ကောင်းကင်ထက်သို့ ဦးတည်နေသော ဓားတစ်လက်လည်း ရှိနေသည်။

ထိုဓား၏ ဓားရိုးပေါ်တွင် လူတစ်ယောက် မတ်တပ်ရပ်နေသည်။ထို့အပြင် ဓားထိပ်ဖျားတွင်လည်း ပုံရိပ်တစ်ခုက မတ်တပ်ရပ်လျက် ရှိနေသေးသည်။သည်လူ၏နောက်ကျောက လီယွမ်နှင့် ဆင်တူနေသည်။

ဝမ်လင်းမျက်လုံးက တလက်လက် ဖြစ်နေသည်။ သူက လီယွမ်ကို ကြည့်ကာ စိတ်ထဲ၌ သံသယတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ထိုပန်းချီကားက ကောင်းကင်ဘုံနယ်မြေ မပျက်စီးခင်က ဖြစ်မည်မှာ သိသာပေသည်။ ထိုသို့သာ ဖြစ်ပါက သည်လီယွမ်သည် ကောင်းကင်ဘုံသား တစ်ယောက်များ ဖြစ်နေနိုင်လား။

ဝမ်လင်းက လေအေးတစ်ချက် ရှိုက်သွင်းမိသွားသည်။ သို့သော် သူက ထိုအရာသည် အစစ်အမှန်မဟုတ်ဟုလည်း ခံစားနေရသည်။

လီယွမ်က သက်ပြင်းချကာ စာလိပ်ကို ပြန်သိမ်းဆည်းလိုက်၏။ ထို့နောက် သူက ဓားနှင့်သံလိုက်အိမ်မြှောင်တို့ကိုလည်း ပြန်သိမ်းလိုက်သည်။ သည့်နောက် သူက ကောဟန်ကို ကြည့်၍ တည်ငြိမ်စွာ ပြောလာသည်။ “သွားလေ…”

ထိုသို့ပြောပြီးနောက် သူက တောင်ထိပ်ရှိရာသို့ လှည့်၍ လမ်းဆက်လျှောက်သွားသည်။

ကောဟန်၏ မျက်နှာက ဖြူရောနေ၏။ သူမက အံတင်းတင်းကြိတ်ထားသည်။ သူမက သူ့နောက်သို့ လိုက်ပါခြင်း မပြုတော့ဘဲ တောင်အောက်သို့ အမြန်ဆုံးနှုန်းဖြင့် ဆင်းသွားတော့သည်။

ဝမ်လင်းအသွင်က မပြောင်းမလဲပင်။ သူက ရှေ့သို့ ဆက်လျှောက်နေသည်။

လီယွမ်ကတော့ ကောဟန်ထွက်သွားသည်ကို စိတ်ထဲမထားပေ။ သူက ရှေ့သို့သာ ဆက်၍ လျှောက်နေသည်။

“အစ်ကိုရှုမှာ သံသယတွေအများကြီး ရှိနေမှာပေါ့။ ဒါပေမဲ့ ကျေးဇူးပြုပြီး မမေးပါနဲ့ဦး။ ငါတို့ တောင်ထိပ်ကို ရောက်ရင် ငါက ငါ့ဘာသာ ပြောပြမှာပါ…”

လီယွမ်၏ အသံက နည်းနည်းတော့ ထူးဆန်းနေသည်။

ဝမ်လင်းက စကားပြန်ပြောမနေတော့ဘဲ လီယွမ်နှင့်အတူ တောင်ထိပ်သို့ ဆက်တက်လာသည်။

လမ်းတစ်လျှောက်တွင် အတားအဆီးအားလုံးသည် လီယွမ်၏ လက်ဝှေ့ယမ်းမှုဖြင့် ပျက်စီးကုန်ကြပေသည်။သူအသုံးပြုသော အတားအဆီးများ နည်းလမ်းများကလည်း ပိုပို၍ ရှုပ်ထွေးလာခဲ့ကာ တောင်ကိုလည်း ပိုကျုံ့လာစေသည်။

တောင်က ပိုကျုံ့လာတိုင်း တောင်ထိပ်ကလည်း ပိုနီးကပ်လာတော့သည်။ တဖြည်းဖြည်းဖြင့် တောင်ထိပ်က မြင်ကွင်းထဲသို့ ရောက်လာခဲ့တော့သည်။

တောင်ထိပ်ပေါ်၌ ကြီးမားသည့် ကျောက်ရုပ်တုကြီး တစ်ခု ရှိနေသည်။ထိုရုပ်တုက သက်လတ်ပိုင်းလူကြီးတစ်ယောက်၏ သွင်ပြင်ကို ထွင်းထုထားခြင်းပင်။ သူ့ဘေးတွင်တော့ ဓားပျံတစ်လက်လည်း ရှိနေသည်။ ထိုဓားပျံထိပ်ဖျား၌ လူတစ်ယောက်က မတ်တပ်ရပ်လို့နေ၏။

လီယွမ်က ထိုကျောက်ရုပ်တုကို တွေ့မြင်သည့်အခါ ပို၍ စိတ်လှုပ်ရှားသွားကာ အလိုလို အရှိန်မြင့်လိုက်သည်။ သူက ရှေ့သို့ တဟုန်ထိုး ထိုးတက်သွားကာ မျက်စိတစ်မှိတ်အတွင်းမှာပင် ရုပ်တုဘေးနားသို့ ရောက်လာခဲ့တော့သည်။ ပေတစ်ရာလောက် ရှိသော ရုပ်တု၏ ရှေ့တွင် မတ်တပ်ရပ်နေရင်း သူ့မျက်လုံးထဲ၌ ဝမ်းနည်းမှုနှင့် ပြည့်လို့နေတော့သည်။

ဝမ်လင်းသည်လည်း တောင်ထိပ်သို့ ရောက်လာကာ ကျောက်ရုပ်တုကို ကြည့်လိုက်သည်။ ထိုကျောက်ရုပ်တုထံမှ သဘာဝကျသော ခံစားချက်တစ်ခု ဖြစ်ပေါ်နေ၏။ ၎င်းက ခမ်းနားမြင့်မြတ်မှုကို ပေးစွမ်းနေသည်။ထို့အတူ ၎င်းက အတားအဆီး၏ အရိပ်အမြွက်ကိုပါ ပေးစွမ်းနေသေး၏။

ထိုရုပ်တု၏ ညာလက်ဖြင့် ရိုးစင်းသောချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်ထားဟန် ရသည်။သို့သော် အနီးကပ်သေချာကြည့်ပါက ထိုချိပ်တံဆိပ်သည် တုန်လှုပ်ဖွယ် ရှုပ်ထွေးလှလေသည်။ ဝမ်လင်းအကြည့်က ၎င်းပေါ်သို့ ကျရောက်သွားသည့်အခါ သူ့စိတ်က တုန်ယင်သွားသည်။ထူးဆန်းအံ့ဖွယ်အားတစ်ခုက သူ့စိတ်ဝိညာဉ်ကို ဆွဲခေါ်ဖို့ ကြိုးစားနေသကဲ့သို့ ဖြစ်လာသည်။

မရေမတွက်နိုင်သော ဓားလေတိုးသံများက သူ့နားထဲသို့ ဝင်လာခဲ့ကာ သူ့အမြင်ကလည်း မှုန်ဝါးလာ၏။ သူက သူ့ပတ်လည်ကို ကြည့်လိုက်ရာ အမျိုးမျိုးလက်နက်များကို ကိုင်ဆောင်ထားသော မရေမတွက်နိုင်သည့် ကောင်းကင်ဘုံသားများကို တွေ့မြင်နေသည်။သူတို့က ကောင်းကင်ထက်သို့ ထိုးတက်သွားကြကာ ကောင်းကင်ဘုံနှင့် တိုက်ပွဲ တစ်ခု ဖြစ်တော့သည်။

ထိုကောင်းကင်ဘုံသားများက မိုးကြိုးများ တဖျပ်ဖျပ် တလက်လက်ကို ပေးစွမ်းနေသည်။ သူတို့က လက်မြှောက်လိုက်သည့်အခါတိုင်း မိုးကြိုးတန်းများက ကောင်းကင်ထက်သို့ ထိုးတက်သွားကြသည်။

သို့သော် ကောင်းကင် လုံးဝ ဗလာကင်းမဲ့နေ၏။ သည်ကောင်းကင်ဘုံသားများနှင့် တိုက်ခိုက်နေသော ရန်သူဟူ၍လည်း မရှိပေ။ သို့သော် ကောင်းကင်ဘုံသားများကတော့ တစ်ယောက်ပြီး တစ်ယောက် ပေါက်ကွဲ ထွက်ကုန်ကြသည်။

သည်ထူးဆန်းသောမြင်ကွင်းက ဝမ်လင်း၏စိတ်ကို တုန်လှုပ်စေလေသည်။ ထိုအခိုက်အတန့်၌ ကောင်းကင်ဘုံသားတစ်ယောက်က ကောင်းကင်ဘုံသားအုပ်ထဲကနေ ပျံသန်းထွက်လာသည်။ သူ့ဓားက ခရမ်းရောင်မိုးကြိုးနှင့် ဖုံးအုပ်နေကာ လူတစ်ယောက်သည် ထိုဓား၏ ဓားအိမ်ပေါ်တွင် မတ်တပ်ရပ်နေသည်။ ထိုလူက သက်လတ်ပိုင်းအရွယ် ကျောက်ရုပ်တုနှင့် တူတူပင် ဖြစ်နေသည်။

သည့်အပြင် ဓားထိပ်ဖျားပေါ်တွင်လည်း လူတစ်ယောက် ရှိနေသည်။ သိုသော် ထိုလူကတော့ လီယွမ်နှင့် မတူပေ။

ဓားက ထိုးထွက်သွားသည့်အခါ၌ ကောင်းကင်ဘုံသားအားလုံးသည် ပြန့်ကျဲကုန်ကြသည်။ ထိုဓား၏ ဓားစွမ်းအင်ကို တစ်ချက်ကြည့်မိရုံဖြင့်ပင် ဝမ်လင်း၏ စိတ်ဝိညာဉ်က တုန်ယင်သွားလေသည်။

ထိုအခိုက်အတန့်၌ သူက သည်ပုံရိပ်ယောင်မြင်ကွင်းထဲကနေ အသံတစ်သံကို ကြားလိုက်ရသကဲ့သို့ ရှိ၏။

“ငါ အသက်ရှင်နေသ၍ စိတ်ဝိညာဉ်က သေဆုံးသွားမှာ မဟုတ်ဘူး…”

ထိုအသံ ထွက်ပေါ်လာသည့်အခါတွင် ဓားရိုးပေါ်တွင် မတ်တပ်ရပ်နေသောသူသည် ပျက်စီးသွားကာ ဓားထိပ်ဖျားပေါ်တွင် ရပ်နေသော အစေခံကျွန်သာ ကျန်ခဲ့တော့သည်။ သူက ဗလာကင်းမဲ့သွားသော ဓားရိုးကို စူးစိုက်ကြည့်နေသည်။

ထိုကျေးကျွန်ဖြစ်သူ၏ မျက်လုံးထဲကနေ အလွန်အမင်းဝမ်းနည်းမှုတို့ ထွက်ပေါ်လာသည်။ ဓားရိုးပေါ်ရှိ သူ့ဆရာက သူကောင်းကင်အလားပင်။ ခု သူ့ကောင်းကင်ကြီးက ပျက်စီးသွားပြီ ဖြစ်သည့်အတွက် ဓားရိုးပေါ်တွင် မည်သူမျှ ရှိမနေတော့ပေ။

ခုချိန်မှစ၍ သည်လောကတွင် ဓားနှင့်သူသာ ကျန်ရစ်ပေတော့မည်။

သူက ကောင်းကင်ထက်သို့ သေချင်သောစိတ်ဆန္ဒနှင့် မော့ကြည့်လိုက်သည်။ သူက ဓားဖျားပေါ်ကနေ ခုန်ဆင်းချကာ သူ့ဆရာ၏ လမ်းစဉ်အတိုင်း လိုက်၍ ကောင်းကင်ထက်သို့ ထိုးတက်သွားသည်။

“ဆရာသခင် သေသွားမှတော့…ဒီကျေးကျွန်ကလည်း လိုက်ပါရမှာပေါ့…”

***

Comment

Leave a Reply

Options

not work with dark mode
Reset