ချက်ခြင်းပင် ဝမ်လင်း၏ အမြင်အာရုံက ဝေဝါးသွားသည်။သူ့ခန္ဓာကိုယ်ကလည်း မြေပြင်ပေါ်သို့ ပြုတ်ကျလာ၏။
လီယွမ်သည်လည်း ဝမ်လင်းနှင့်ပေတစ်ရာလောက် အကွာတွင် ပြုတ်ကျလာ၏။ သူ့မျက်နှာက ဖြူရောကာ နေသည်။ ကောအမျိုးသမီး၏ မျက်နှာကတော့ သွေးရောင်ပင် မရှိတော့ပေ။ထိုအမြန်နှုန်းကို သူမခန္ဓာကိုယ်က တောင့်မခံနိုင်သည်မှာ သိသာပေသည်။
ဝမ်လင်းက မြေပြင်ပေါ်သို့ ကျရောက်လာသည်နှင့် သူ့ရင်ဘက်ထဲရှိ အလင်းလုံးထံမှ ပြင်းထန်သောနာကျင်မှုကို ခံစားလိုက်ရသည်။
သူ့ခန္ဓာကိုယ်က တုန်ယင်လို့နေ၏။ထိုခံစားချက်သည် သေမျိုးတစ်ယောက် နီရဲနေသော မီးသွေးခဲကို မျိုချလိုက်ရသကဲ့သို့ပင်။အံ့မခန်းအပူဓာတ်က သူ့ခန္ဓာကိုယ်ထဲကနေ ထွက်ပေါ်လို့နေသည်။
လီယွမ်က သူ့အသက်ရှုမှုကို ထိန်းညှိလိုက်၏။ သည့်နောက် သူက ဝမ်လင်းကို ကြည့်လိုက်ရာ သူ့မျက်လုံးက လက်ခနဲ ဖြစ်လို့သွားသည်။ သည်အခိုက်အတန့်၌ ဝမ်လင်းသည် သူ့ခန္ဓာကိုယ်ထဲ၌ မီးတောက်တစ်ခု ကျွမ်းလောင်သကဲ့သို့ အတော်လေး နာကျင်စွာ ခံစားနေရသည်။
ကောအမျိုးသမီးက ဝမ်လင်းကို စူးစိုက်ကြည့်နေရင်း သူမမျက်လုံးထဲ၌ ရက်စက်လိုသည့်အငွေ့အသက်တို့ ဖြစ်ပေါ်လာခဲ့သည်။ သူမက ဝမ်လင်း၏ ခုလက်ရှိ အခြေအနေသည် သိပ်မကောင်းလှဟု ပြောနိုင်ပေ၏။ သူမက သိုလှောင်အိတ်ထဲမှ အနက်ရောင်ဓားမြှောင်တစ်လက်ကို ထုတ်ယူလိုက်သည်။
ထိုဓားမြှောင်ပေါ်လာသည်နှင့် မရေမတွက်နိုင်သော တစ္ဆေများက ၎င်းပတ်လည်တွင် ပေါ်လာခဲ့သည်။ သည်ဓားမြှောင်က သူမ၏ မိသားစုထံကနေ အမွေဆက်ခံထားခြင်း ဖြစ်ကာ အလွန် အဆိပ်အတောက်များ၏။ ထိုဓားမြှောင်၏ အဆိပ်က အသွေးအသားများကိုပါ တိုက်စားနိုင်ကာ ဓားမြှောင်ထဲတွင် ချိပ်ပိတ်ထားသော တစ္ဆေကလည်း လူတစ်ယောက်၏ မူလစိတ်ဝိညာဉ်ကို အလွန်အန္တရာယ် ပေးနိုင်သည်။
လီယွမ်က အနည်းငယ် မျက်မှောင်ကြုတ်သွား၏။ သို့သော် သူက သူမကို မတားဆီးခဲ့ပေ။ သည်လူက ခုလိုမျိုး ပုံစံနှင့် အသက်ခံလိုက်ရပါက ဟိုနေရာသို့ သွားမည်ဆိုလျှင်ပင် သူက နောက်ဆုံးပန်းတိုင်ထိ ရောက်ရှိနိုင်လိမ့်မည် မဟုတ်ပေ။
ကောအမျိုးသမီးက သည်တစ်ကြိမ်က တစ်သက်မှာတစ်ခါသာ ရနိုင်သည့်အခွင့်ရေး ဖြစ်ကြောင်း သိနေ၏။ သူမက သည်အခွင့်အရေးကို လက်လွှတ်လိုက်ပါက နောက်ထပ် လုပ်ကြံနိုင်တော့မည် မဟုတ်ပေ။ သူမက အံတင်းတင်းကြိတ်ကာ ဓားမြှောင်ကို ကိုင်ဆောင်ထားရင်း ဝမ်လင်းထံသို့ တိုးဝင်လာရန် ခြေလှမ်းပြင်သည်။
သို့ရာတွင် သည်အခိုက်အတန့်၌ ဝမ်လင်းသည် ရုတ်တရက် မျက်လုံးဖွင့်လာ၏။ သူ့မျက်လုံးထဲ၌ မိုးကြိုးများ ရှိမနေတော့ဘဲ ထိုအစား မီးတောက်များ ပြည့်နေသည်။ သူက ဓားမြှောင်ကိုင်ဆောင်ထားသော အမျိုးသမီးကို စူးစိုက်ကြည့်ကာ ရှတတ အသံနှင့် ပြောလိုက်၏။ “ဒီဓားမြှောင်က သိပ်မဆိုးတဲ့ပုံပဲ။ နင်က ငါ့ကို လက်ဆောင်ပေးနိုင်မလား…”
ကောအမျိုးသမီးက အလွန်ထိတ်လန့်သွားကာ သူမ မျက်လုံးထဲ၌ ကြောက်လန့်မှုတို့နှင် ပြည့်လာခဲ့သည်။ သူမက နောက်သို့ ခြေလှမ်းအနည်းငယ် အလိုလို ဆုတ်သွားကာ ပြောလိုက်၏။ “ပေးပါ့မယ်…ပေးပါ့မယ်….”
ထိုသို့ ပြောလိုက်ပြီးနောက် သူမက ဓားမြှောင်ကို မြေပြင်ပေါ်သို့ အလျင်အမြန် ပစ်ချလိုက်၏။
ဝမ်လင်းက မျက်လုံးပြန်မှိတ်လိုက်သည်။ သူ မျက်လုံးပြန်ဖွင့်လာသည့်အခါ သူ့ကြည်လင်မှုကို ပြန်လည် ရရှိလာ၏။ သူ့ညာလက်ကို ဆန့်ထုတ်လိုက်ရာ မြေပြင်ပေါ်ရှိ ဓားမြှောင်က သူ့ထံသို့ ပျံသန်းလာ၏။ အနီးကပ် ကြည့်လိုက်ပြီးနောက် ဝမ်လင်းသည် သိုလှောင်အိတ်ထဲသို့ ဓားမြှောင်ကို ထည့်သိမ်းလိုက်လေသည်။
အဘိုးအို သိပ်သည်းခဲ့သော အလင်းလုံးက ဝမ်လင်း၏ ခန္ဓာကိုယ်ထဲ၌ ပေါက်ကွဲနေခဲ့ပြီ ဖြစ်သည်။ သူ့ခန္ဓာကိုယ်က လောင်မြိုက်နေသလို ခံစားနေရဆဲ ဖြစ်၏။
သို့ရာတွင် ထိုလောင်ကျွမ်းမှုက သူ့ကျင့်ကြံမှုအဆင့်ကို အန္တရာယ် မဖြစ်စေသည့်အပြင် ထိုအစား အလွန်ပင် အကျိုးရှိနေစေ၏။ ၎င်းအလင်းလုံးက လောင်ကျွမ်းနေရင်း ဝမ်လင်းသည် သူ့ကျင့်ကြံမှုမှာ ဖြည်းဖြည်းချင်း တိုးတက်လာသည်ဟု ခံစားမိနေ၏။ သူက အာဏာတက်ခြင်းအထွတ်အထိပ်အဆင့်ကို ချိုးဖျက်နိုင်ရန် တဖြည်းဖြည်း နီးကပ်လာနေသည်။
သို့သော် သည်ဖြစ်စဉ်က သူ့ကို ရူးသွားစေလောက်သည့်အထိ နာကျင်စေသည်။ကံကောင်းစွာပင် ဝမ်လင်း၏ စိတ်ခွန်အားက ခိုင်မြဲလှသည်ဖြစ်ရာ သူက နာကျင်မှုကို ကြံ့ကြံ့တောင့်ခံသည်။ အပြင်ပိုင်းတွင် အခြားလူများက မည်သည့်ပုံမှန်မဟုတ်တာကိုမှ တွေ့ရလိမ့်မည် မဟုတ်ပေ။
ဝမ်လင်းအသွင်က ပုံမှန်အတိုင်း ပြန်ဖြစ်နေ၏။ သူက တည်ငြိမ်စွာ မေးလိုက်သည်။ “လီယွမ်…မင်းပြောတဲ့နေရာက ဒီအစိတ်အပိုင်းပေါ်မှာလား…”
လီယွမ်က ဦးညွတ်၍ လေးစားစွာ ပြောလာသည်။ “စီနီယာ….ခုချိန်မှာ ဂျူနီယာက သေချာမသိသေးပါဘူး။ ငါက ဒီအစိတ်အပိုင်းရဲ့ အလယ်ကို သွားပြီး ခဏတာ လေ့လာကြည့်ဖို့ လိုပါလိမ့်မယ်…”
ဝမ်လင်းက လီယွမ်ကို တစ်ချက်ကြည့်ကာ ခေါင်းညိတ်ပြလိုက်၏။
လီယွမ်က ရှေ့သို့ ဆက်၍ ပျံသန်းသွားသည်။ ကောအမျိုးသမီးကလည်း လီယွမ်နောက်ကနေ နီးနီးကပ်ကပ် လိုက်ပါသွား၏။သို့ရာတွင် သူမသည် သူ့နောက်ကျောသို့ သတ်ဖြတ်လိုသည့် စိတ်ဆန္ဒဖြင့် ကြည့်နေသော မျက်လုံးတစ်စုံကို ခံစားမိနေဆဲပင်။
ဝမ်လင်းက သူတို့နောက်ကနေ လိုက်ပါသွား၏။ သူက ထိုအမျိုးသမီးကို မသတ်ရသည့်အကြောင်းရင်းမှာ သူမက လီယွမ်အတွက် သော့ချက်တစ်ခု ဖြစ်နေသောကြောင့်ပင်။ သူမ မိုးကြိုးကောင်းကင်ဘုံနယ်မြေသို့ ရောက်လာနိုင်စွမ်း ရှိခြင်းက လီယွမ်ကြောင့် ဖြစ်နိုင်သည်။
သူ့အစောပိုင်း ထင်မြင်ချက်အရ လီယွမ်၏ ရည်ရွယ်ချက်သည် သံဓားနှင့်အတားအဆီးများသာ ဖြစ်ပါက သူက ၎င်းတို့ကို ထိုအမျိုးသမီးထံကနေ မိုးကောင်းကင်ဘုံနယ်မြေသို့ စဝင်လာကတည်းက လွယ်လင့်တကူ ယူသွားနိုင်ပေသည်။သူ့လုပ်ဆောင်ချက်များ၌ ထိုမျှမကဘဲ ကံအကြောင်းနှင့်အကျိုးတို့လည်း ရှိနေနိုင်၏။
ဝမ်လင်းက တည်ငြိမ်လျက်ပင်။ သူက သူတို့နောက်သို့ လိုက်လာနေရင်း သူ့ခန္ဓာကိုယ်ထဲရှိ နာကျင်မှုကို တောင့်ခံနေသည်။ခုချိန်၌ သူက အဘိုးအိုနှင့် ပတ်သတ်င အလွန်ရှုပ်ထွေးမှုကို ခံစားနေမိသည်။
အခြားတစ်ဖက်တွင်လည်း သူက သူ့ကျင့်ကြံမှုအဆင့်ကို တိုးတက်စေအောင် အခွင့်အရေးပေးခဲ့သည့်အတွက် ထိုအဘိုးအိုအား ကျေးဇူးတင်မိနေ၏။ သူက ပြင်းပြင်းထန်ထန် နာကျင်မှုကို ခံစားနေရသော်လည်း သူ့ကျင့်ကြံမှုအဆင့်က ဖြည်းဖြည်းချင်း တိုးတက်နေသည်မဟုတ်လား။ နောက်ထပ်အခြားတစ်ဖက်တွင်လည်း သူက အဘိုးအိုကို သူ့မိုးကြိုးသားရဲကိုယူဆောင်ပြီး သူ့အား နှစ်ကြိမ်တိုင်တိုင် အရုပ်တစ်ရုပ်လို ဆော့ကစားခဲ့သည့်အတွက် မုန်းတီးနေမိပြန်သည်။
သက်ပြင်းကြိတ်၍ ချလိုက်ပြီးနောက် ဝမ်လင်းသည် သူ့စိတ်ကိုယ်သူ အာရုံစိုက်ကာ နာကျင်မှုကို ဖိနှိပ်ထားသည်။သူက ထိုအလင်းလုံး သူ့ရင်ဘက်ထဲသို့ ဝင်ရောက်လာပြီးနောက် သူ့ခန္ဓာကိုယ်အတွင်းပိုင်းသည် ပြောင်းလဲမှုအချို့ ဖြစ်ပွားနေသည်ဟု ခံစားမိနေသည်။
ဝမ်လင်းက ထိုနာကျင်မှုဖြစ်စဉ်က မည်မျှကြာမည်မှန်း မသိပေ။ သို့ရာတွင် သူက ထိုနာကျင်မှု ပျောက်ကွယ်သွားပြီး သူ့ခန္ဓာကိုယ်ပြောင်းလဲမှု အပြီးသပ်သွားသည်နှင့် ပထမအဆင့်ကျင့်ကြံခြင်းကို ချိုးဖျက်နိုင်လိမ့်မည်ဟု ခံစားမိနေပေ၏။
ဝမ်လင်း၏ ကျင့်ကြံမှုအဆင့်က အာဏာတက်ခြင်းအထွတ်အထိပ်အဆင့်သို့ ရောက်နှင့်နေခဲ့ပြီ ဖြစ်သည်။ သူ့နယ်ပယ်ကလည်း ကံကြမ္မာနယ်ပယ်အဖြစ် ဆင့်ကဲ တိုးတက်လာခဲ့ပြီး ဖြစ်သည်။သို့ရာတွင် သူ့တွင် အဆင့်ချိုးဖျက်ရန် မည်သည့်သဲလွန်စမှ မရှိသေး ဖြစ်နေသေးသည်။
သည်အခိုက်အတန့်၌ သူက အသက်ဝဝရှုသွင်းကာ နာကျင်မှုကို ဖိနှိပ်မထားရန် ဆုံးဖြတ်လိုက်၏။ ထိုအစား သူက နာကျင်မှုကို ပေါက်ကွဲထွက်စေလိုက်၏။ ထို့ကြောင့် သူ့ကျင့်ကြံမှု တိုးတက်သည့်အမြန်နှုန်းက ပိုတိုးလာခဲ့သည်။
လူတစ်ယောက်က အကွာအဝေးတစ်ခုမှ ကြည့်ပါက သူတို့သည် ဝမ်လင်းခန္ဓာကိုယ်ထံမှ ခပ်ဖျော့ဖျော့ မီးတောက်တစ်ခု ထွက်ပေါ်နေသည်ကို တွေ့မြင်နိုင်ပေလိမ့်မည်။အနီးကပ်ကြည့်ပါက သူ့ခန္ဓာကိုယ်ပေါ်ရှိ အသွေးအသားများထံမှ တဖျစ်ဖျစ် လောင်ကျွမ်းသံကို ကြားရပေလိမ့်မည်။
ဤအရာက အညစ်အကြေးများကို လောင်ကျွမ်းပစ်နေသကဲ့သို့ပင်။
လီယွမ်က ပျံသန်းနေရင်း သူက နောက်သို့ လှည့်မကြည့်ပေ။ သို့သော် သူ့မျက်ခုံးနှစ်ခုကြားတွင် အတားအဆီးများက တဖျပ်ဖျပ် ဖြစ်နေသည်။ သည်အတားအဆီးများကြောင့် သူက ဝမ်လင်းခန္ဓာကိုယ်၏ အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။အနည်းငယ် စဉ်းစားပြီးနောက် သူက အာရုံပြန်စိုက်လိုက်၏။ ဝမ်လင်း၏ ကျင့်ကြံမှုအဆင့်တိုးလာလေလေ သည်ခရီးစဉ်က ပို၍ ချောမွတ်လာလေ ဖြစ်ပေလိမ့်မည်။ သို့ရာတွင် သူက ဝမ်လင်းကို ပုံရိပ်ယောင်ယင်အဆင့်သို့ အမှန်တကယ် ရောက်သွားသည့်အထိတော့ ခွင့်မပြုနိုင်ပေ။ မဟုတ်လျှင် ပြဿနာများ ဖြစ်လာနိုင်ပေ၏။
လီယွမ်က စိတ်ထဲကနေ တွေးနေ၏။ “ကြည့်ရတာ ငါက အချိန်ဆက် မဆွဲနိုင်တော့မယ့်ပုံပဲ…”
အစိတ်အပိုင်း၏ အလယ်ဗဟိုတွင် တစ်လကြာမြင့်ပြီးသည့်နောက် လီယွမ်သည် သူ့ပတ်လည်ကို သေချာလေ့လာကြည့်နေ၏။ အချိန်အတန်ကြာမြင့်ပြီးနောက် သူက ခေါင်းညိတ်ကာ ပြောလာသည်။ “ဒီအစိတ်အပိုင်းနှစ်ခုကို ကြည့်လိုက်ပြီးတဲ့နောက် ငါက တားမြစ်ဧရိယာရဲ့ တည်နေရာကို ယေဘုယျ ဆုံးဖြတ်နိုင်ခဲ့ပြီ။ ဒါပေမဲ့လည်း အဲ့တာက ဒီနေရာမဟုတ်ဘူး…ဟိုအရှေ့ဘက်ပိုင်းမှာပဲ…”
လီယွမ်က လှည့်၍ ဝမ်လင်းကို ကြည့်လိုက်၏။ ဝမ်လင်းအသွင်က ပုံမှန်အတိုင်းပင်။ သူက တည်ငြိမ်စွာပင် ပြောလိုက်၏။ “လမ်းပြပါ…”
တည်နေရာကို အတည်ပြုပြီးသည့်နောက် သူတို့၏ အမြန်နှုန်းကို တင်လိုက်ကြသည်။လီယွမ်က သည်တစ်ကြိမ်၌ အချိန်ဆွဲရန် မကြိုးစားတော့ဘဲ အရှိန်မြင့်လိုက်၏။ အစိတ်အပိုင်း၏ အစွန်းပိုင်းအရောက်တွင် သူတို့က ဟင်းလင်းပြင်ထဲသို့ ဦးတည်သွားသည့် မိုးကြိုးကွင်းဆက်တစ်ခုထံသို့ နောက်ထပ် ရောက်လာကြပြန်သည်။
ကောအမျိုးသမီးက အကူအညီမဲ့ဟန်ဖြင့် နောက်ကနေ လိုက်လာရုံသာ တက်နိုင်၏။ သုံးလတာ ကြာမြင့်ပြီးသည့်နောက် သူတို့က အစိတ်အပိုင်းလေးခုကို ဖြတ်သန်းလာခဲ့ပြီး ဖြစ်သည်။သည်နေ့တွင် လီယွမ်က ရှေ့ရှိ တောင်အမြင့်ကြီးတစ်ခုကို စူးစိုက်ကြည့်နေသည်။ သူ့စိတ်လှုပ်ရှားနေမှုကိုလည်း ကောင်းစွာ ဖုန်းကွယ်ထားသေးသည်။
“တားမြစ်ခံ ဧရိယာက ဒီနေရာပဲ…”
***