Switch Mode

အပိုင်း(၇၉၇)

ငါ စွမ်းအားထည့်တာ ဘယ်လောက်များသွားတာလဲ

ဝမ်လင်းအသွင်က သုန်မှုန်သွားတော့သည်။ သူက မိုးကြိုးကွင်းဆက်ကို လက်ထဲတွင် ကိုင်ဆောင်ထားသော အဘိုးအိုကို တွေ့မြင်လိုက်သည့်အခါ သူ့မျက်လုံးသူငယ်အိမ်ပင် ကျုံ့လို့သွား၏။သူ့စိတ်ထဲ၌ ထိတ်လန့်မှုတို့ ပြည့်လာသည်။ ဝမ်လင်းလို မိုးကြိုးမူလစိတ်ဝိညာဉ်နှင့် မိုးကြိုးခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည့်သူပင် သည်လိုမျိုး မိုးကြိုးကွင်းဆက်ကို ကိုင်ဆွဲထားနိုင်ခြင်း မရှိပေ။

သူက အဘိုးအို၏ ကျင့်ကြံခြင်းအဆင့်နှင့် ပတ်သတ်၍ မည်သည့်သဲလွန်စကိုမှ မမြင်နိုင်ချေ။သို့သော် သူက ထိုအဘိုးအို၏ ကျင့်ကြံမှုအဆင့်သည် အလွန်မြင့်မားလိမ့်မည်ကို စိတ်ကူးကြည့်နိုင်၏။ ထို့အပြင် သူက ထိုအဘိုးအိုထံကနေ မူလသို့ပြန်ခြင်း အာရုံ (တတိယအဆင့်ကျင့်ကြံခြင်း)ကို ခပ်ရေးရေး ခံစားမိနေသည်။

ဝမ်လင်းက နောက်သို့ ခြေလှမ်းအနည်းငယ် အလိုလို ဆုတ်မိသွားသည်။သူက ထိုအဘိုးအိုနှင့် ရင်းနှီးနေခြင်း မရှိပေ။ ထို့ကြောင့် အဘိုးအို ပြောနေသည့် ကံစပ်သည့်သူသည် သူ မဖြစ်နိုင်ပေ။ သူ့အကြည့်က အနောက်ရှိ လီယွမ်ပေါ်သို့ ကျရောက်သွား၏။

လီယွမ်ကလည်း အလွန်အံ့အားသင့်နေ၏။ သူက ဝမ်လင်း၏လှုပ်ရှားမှုကို တွေ့မြင်လိုက်သည့်အခါ ဝမ်လင်းသည်လည်း ထိုအဘိုးအိုနှင့် မသိကြောင်း ခန့်မှန်း မိလိုက်၏။ အဘိုးအိုပြောသည့် ကံစပ်သည့်သူက သူကိုယ်တိုင်များ ဖြစ်နေနိုင်မလား။ သူက အဘိုးအိုကို သေချာကြည့်ကာ ဝေခွဲမရ ဖြစ်နေသည်။ သူက တလေးတစား ပြောလိုက်၏။ “စီနီယာ…သင် ပြောတဲ့လူက ဘယ်သူများလဲ…”

အဘိုးအိုက ထူထဲသောမြူလွှာထဲကနေ လှမ်းထွက်လာပြီးနောက် လီယွမ်ကို စူးစိုက်ကြည့်လိုက်သည်။ ထို့နောက် သူက ဝမ်လင်းကို လက်ညှိုးထိုးကာ မကျေမနပ် လေသံနှင့် ပြောလိုက်၏။ “ကောင်လေး…ဒီအဘိုးအိုပြောတဲ့ ကံစပ်တဲ့လူက မင်းပဲ…။ဒီကို လာခဲ့…”

ဝမ်လင်း၏ မျက်လုံးက ကျဉ်းမြောင်းသွားသည်။ သူက ပြောလိုက်၏။ “ငါက အရင်တုန်းက စီနီယာနဲ့ တစ်ခါမှ မဆုံခဲ့ဖူးပါဘူး။ ငါတို့က ဘယ်လိုများ ကံစပ်ပါ့မလဲ…”

အဘိုးအိုက ဝမ်လင်းကို အနည်းငယ် သေချာကြည့်လိုက်ပြီးနောက် ပြုံး၍ ပြောလာသည်။ “မင်း မေ့သွားပြီလား။ ဒီအဘိုးအိုရဲ့ မြေအောက်ဥမင်ထောင်ကနေ လွတ်လာတဲ့လူတိုင်းက ဒီအဘိုးအိုနဲ့ ကံစပ်တာပဲ…”

ဝမ်လင်းအသွင်က ချက်ခြင်း ပြောင်းလဲသွား၏။ သူက အဘိုးအိုကို ကြည့်ကာ စဉ်းစားဟန် ပြု၍ ပြောလိုက်၏။ “ဒီတော့ ဥမင်လမ်းကြောင်းတွေကို နေရာချခဲ့တာ စီနီယာပေါ့။ စီနီယာက ဘာကြောင့် အဲ့လိုလုပ်ခဲ့လဲတော့ ငါ မသိဘူး…”

အဘိုးအို၏အသွင်က စိတ်မရှည်ဟန် ဖြစ်လာကာ သူက ရှေ့သို့ လှမ်းလာ၏။ ထို့နောက် သူက ဝမ်လင်းထံသို့ လက်ဆန့်တန်းကာ ပြောလိုက်သည်။ “အပိုတွေ ပြောမနေနဲ့…။ ဒီအဘိုးအိုက မင်းကို ကံစပ်တဲ့လူလို့ ပြောရင် မင်းက ငါနဲ့ ကံစပ်တယ်…”

ဝမ်လင်းအသွင်က သုန်မှုန်သွား၏။ သူက နောက်သို့ အမြန်ဆုတ်သည်။ သူက အဘိုးအို၏ ကျင့်ကြံမှုအဆင့်ကို ဖြတ်မြင်နိုင်စွမ်း မရှိပေ။ ထို့ကြောင့် သူက ယှဉ်တိုက်နိုင်မည် မဟုတ်ဘဲ ထွက်ပြေးရန် တစ်လမ်းသာ ရှိလေ၏။

အဘိုးအိုက လှောင်ပြုံးပြုံးကာ သူ့လက်ကို ဆန့်ထုတ်လိုက်၏။ ချက်ခြင်းပင် ငါးကီလိုမီတာ ဧရိယာအတွင်းတွင် ပြင်းထန်သောအားတစ်ခုနှင့် ပြည့်လာခဲ့၏။သည်အားက အလွန်သန်မာလွန်းကာ အံ့မခန်း မူလစွမ်းအင်များ ပါဝင်လေသည်။

လက်တစ်ချက် ဖမ်းဆုပ်လိုက်ရုံက ဝမ်လင်း၏ အသွင်ကို ဖြူရောသွားစေသည်။သူက လှုပ်ရှား၍ မရတော့သည်ကို သိလိုက်၏။ သူက အဘိုးအို၏ လက် သူ့ထံသို့ ရောက်လာသည်ကိုသာ စောင့်ကြည့်ရန် တက်နိုင်တော့သည်။

သူ့မျက်လုံးက အလွန်တောက်ပနေ၏။ အဘိုးအို၏လက် နီးကပ်လာသည့်အခါ သူက သူ့လျှာကို ကိုက်ထည့်လိုက်သည်။ သည့်နောက် သူက သွေးအချို့ကို ထွေးထုတ်ပြီးနောက် အဆီအနှစ်သွေးကို မြိုချလိုက်ပြီး နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေအတွင်း၌ အရပ်ပုပုအဘိုးအိုထံမှ သင်ယူခဲ့သော လွတ်မြောက်ခြင်းမန္တာန်ကို အသက်သွင်းလိုက်လေသည်။ ထိုအဆီအနှစ်သွေးက သူ့ခန္ဓာကိုယ်ထဲ၌ အတွင်းစက်ဝန်းတစ်ခုလို ဖြစ်ပေါ်လာခဲ့သည်။

ထိုစက်ဝန်းက လှုပ်ရှားလာသည့်အခါ သူ့ခန္ဓာကိုယ်သည် ပြေလျော့သွားကာ ဖျပ်ခနဲ ပျောက်ကွယ်သွားလေ၏။ သူက အကွာအဝေးတစ်ခုတွင် ပြန်ပေါ်လာခဲ့ကာ နောက်ပြန်မလှည့်ဘဲ လွတ်မြောက်အောင် ထွက်ပြေးတော့၏။

အဘိုးအိုက အံ့အားသင့်ဟန် ဖြစ်သွားသည်။ သူ့မျက်လုံးထဲ၌ စိတ်ဝင်စားမှု အရိပ်အယောင် ဖြစ်ပေါ်လာကာ ပြုံး၍ ဆိုသည်။

“သူက ဒီအဘိုးအိုနဲ့ တကယ်ကံစပ်တဲ့လူပဲ။ သူက ကိုယ့်ကိုယ်ကို ထိခိုက်စေပြီး လွတ်မြောက်အောင် ထွက်ပြေးနိုင်တဲ့ အံ့မခန်းမန္တာန်တစ်ခုကိုတောင် သိနေသေးတယ်…”

ထို့နောက် သူ့လက်ကို ပြန်ရုတ်သိမ်းကာ ဟင်းလင်းပြင်ထဲသို့ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်၏။

စောစောက ဖမ်းဆုပ်မှုသည် သူ့စွမ်းအား၏ ဆယ်ရာခိုင်နှုန်းကိုသာ အသုံးပြုခဲ့ခြင်း ဖြစ်သည်။ ခုချိန်တွင် သူက ပို၍ အလေးအနက်ထားလာကာ သူ့လက်ဝါးထဲ၌ သူ့စွမ်းအား၏ နှစ်ဆယ်ရာခိုင်နှုန်းကို ထည့်သွင်းထား၏။ သည်လက်ဝါးချက်ကြောင့် လေဟာနယ်က တွန့်လိမ်သွားကာ စုတ်ဖြဲခံလိုက်ရသည့်အလားပင်။လှိုင်းတွန့်များပင် ပေါ်လာခဲ့သည်။

ထို့နောက် အဘိုးအိုက ပြောလိုက်၏။ “ပြန်ပြောင်း စီးဆင်းခြင်း…”

မျက်စိတစ်မှိတ်အတွင်းမှာပင် ဟင်းလင်းပြင် တစ်ခုလုံးသည် တဖျပ်ဖျပ် ဖြစ်သွားကာ အရာအားလုံး ပြောင်းလဲသွားသကဲ့သို့ပင်။ ဝမ်လင်း မျက်လုံးကလည်း ဝေဝါးသွား၏။ သူ့ခန္ဓာကိုယ်က နောက်သို့ အမြန် ပြန်ရွှေ့လာခဲ့သည်။

သူက အမြင်အာရုံ ပြန်ရလိုက်ချိန်၌ အဘိုးအိုနှင့် ပေသုံးဆယ်အကွာတွင် ရှိနေလေ၏။ သူ့နှဖူးထက်၌လည်း ချွေးများဖြင့် အေးစက်နေသည်။သည်လိုမန္တာန်မျိုးက သူ စိတ်ကူးနိုင်သည်ထက် ကျော်လွန်နေသည်။

အဘိုးအိုက ဝမ်လင်းကို ကြည့်၍ ပြုံးကာ မေးလိုက်သည်။ “မင်းက ဘာကြောင့် မပြေးတော့တာလဲ…”

ဝမ်လင်းက အနည်းငယ် စဉ်းစားပြီးနောက် လက်နှစ်ဖက်ယှက်ကာ လေးစားစွာ ပြောလိုက်၏။ “စီနီယာက ဘာလိုချင်မှန်း ငါ မသိပါဘူး။ ဒါပေမဲ့ ဂျူနီယာရဲ့ ကျင့်ကြံမှုအဆင့်က စီနီယာရဲ့လိုအပ်ချက်နဲ့ ကိုက်ညီဖို့ လုံလောက်အောင် မမြင့်မားပါဘူး…”

အဘိုးအို၏ အကြည့်က ဝမ်လင်း၏ သိုလှောင်အိတ်ပေါ်သို့ ကျရောက်သွားသည်။ သူက ပြောလိုက်၏။ “ပြဿနာမရှိဘူး။ မင်းက ငါ့ကို မကူညီနိုင်ပေမဲ့ မင်းသိုလှောင်အိတ်ထဲက မိုးကြိုးသားရဲကတော့ လုပ်နိုင်လိမ့်မယ်။ ဒီမိုးကြိုးသားရဲကို ဒီအဘိုးအိုရှိ ခဏငှားပါ။ ပြီးရင် ငါက မင်းကို ပြန်ပေးမယ်…”

ဝမ်လင်းက ကြိတ်၍ သက်ပြင်းချမိသည်။သူက ထိုအဘိုးအိုသည် သူ့သိုလှောင်အိတ်ထဲသို့ မည်သို့မည်ပုံ ကြည့်လိုက်မှန်း သူ မသိပေ။သူက သိုလှောင်အိတ်ကို ပုတ်လိုက်ရာ မိုးကြိုးသားရဲ ထွက်ပေါ်လာ၏။ မိုးကြိုးသားရဲ ထွက်ပေါ်လာသည်နှင့် ၎င်းက ဟိန်းဟောက်ခြင်း မပြုနိုင်ခင်မှာပင် အဘိုးအို၏ တရွတ်တိုက် ဆွဲခေါ်ခြင်းကို ခံလိုက်ရသည်။ အဘိုးအိုက ပြုံး၍ ပြောလာ၏။ “သိပ်ကောင်းတယ်။ ဒီကောင်က ငွေရောင်ဦးချိုမိုးကြိုးသားရဲပဲ။ သိပ်ကောင်းတယ်…။ ကောင်လေး…ဒီအဘိုးအိုက ဒီမိုးကြိုးသားရဲကို ယူရုံတင်မကဘဲ ကောင်းကင်ဘုံမိုးကြိုးကျောင်းတော်က တမန်တော်တိုင်းရဲ့ မိုးကြိုးသားရဲကိုပါ အချိန်ခဏကြာအောင် ဒီအဘိုးအို ယူထားရလိမ့်မယ်…”

မိုးကြိုးသားရဲက အလွန်တုန်လှုပ်ကြောက်လန့်နေ၏။ သည်လိုပုံစံမျိုးက မိုးကြိုးသားရဲအတွက် ပထမဆုံးအကြိမ်ပင်။

အဘိုးအို ထွက်ခွာသွားတော့မည်ကို ကြည့်ကာ ဝမ်လင်းက အံတင်းတင်းကြိတ်၍ ကျယ်လောင်စွာ လှမ်းပြောလိုက်၏။ “စီနီယာရဲ့ ကျင့်ကြံမှုအဆင့်နဲ့ စီနီယာက ဂျူနီယာ ပိုင်ဆိုင်တာကို ခုလိုမျိုး ယူသွားတာလား…”

အဘိုးအိုက ရပ်တန့်ကာ ဝမ်လင်းထံသို့ လှည့်ကြည့်လာသည်။ သူက ပြုံးလိုက်၏။ သူ့မျက်လုံးထဲ၌ အသိအမှတ်ပြုဟန်တစ်ခု ဖြစ်ပေါ်သွားသည်။

“မင်းက လျော်ကြေးလိုချင်နေတာလား….။စိတ်ဝင်စားစရာပဲ…။ ဒါပေမဲ့ ငါက မင်းရဲ့ မိုးကြိုးသားရဲကို အလကား အသုံးမချပါဘူး…”

သူက ဝမ်လင်းကို ကြည့်၍ ပြောလိုက်သည်။

“မင်းရဲ့ ကျင့်ကြံမှုအဆင့်က အမှိုက်သာသာပဲ။မိုးကြိုးစိတ်ဝိညာဉ်နဲ့ မိုးကြိုးခန္ဓာကိုယ်…ဒါက ဘာလဲ။ ဒီအဘိုးအိုက မင်းကို ကူညီခွင့်ပြု…”

အဘိုးအိုက သူ့ညာလက်ကို ဆန့်ထုတ်လိုက်သည်။ သူ့လက်ထဲ၌ အမှုန်အမွှားများစွာ စုဝေးလာကာ သူက အလင်းလုံးတစ်ခုကို ဖြစ်ပေါ်စေလိုက်သည်။ထို့နောက် သူက ထိုအလင်းလုံးထဲသို စွမ်းအင်တစ်ခုကို ထွေးထုတ်လိုက်ကာ ပစ်လွှတ်လိုက်၏။ ထိုအလင်းလုံးက ဝမ်လင်းထံသို့ တိုက်ရိုက် တိုးဝင်သွားသည်။

ထိုအလင်းလုံးက ဝမ်လင်းအတွက် ရှောင်နိုင်ဖို့ငှာ မြန်ဆန်လွန်းလှသည်။ ထို့ကြောင့် ၎င်းအလင်းလုံးသည် သူ့ရင်ဘက်ပေါ်သို့ တိုက်ရိုက် တိုးဝင်သွား၏။

ထိုသို့ပြုလုပ်ပြီးသည့်နောက် အဘိုးအိုသည် သူ့အင်္ကျီလက်အိုးကို ဝှေ့ယမ်းကာ ရယ်မောလိုက်၏။ “မင်းတို့အားလုံးကို ဒီနေရာကို ချိုးဖျက်နိုင်မှာ မဟုတ်ဘူး။ ဒါ့ကြောင့် မင်းတို့ကို တွန်းပို့ပေးလိုက်မယ်…”

ထိုအခါ ပြင်းထန်သောအားတစ်ခုပေါ်လာပြီး ထိုအားက ဝမ်လင်း၊လီယွမ်နှင့် ကောအမျိုးသမီးတို့ကို ဆွဲခေါ်ကာ ပျောက်ကွယ်သွားတော့သည်။

“ဒီသံဓားက နည်းနည်း ရင်းနှီးနေသလိုပဲ။ ထားလိုက်ပါတော့လေ….။ခုလက်ရှိ ကိစ္စက ပိုအရေးကြီးနေတယ်။ ဒါ့ကြောင့် ငါက ဒီဓားနဲ့ ပတ်သတ်ပြီး တွေးမနေတော့ဘူး…”

အဘိုးအိုက သူ့လက်ထဲရှိ မိုးကြိုးသားရဲကို ကြည့်လိုက်သည်။ သူက ပို၍ ကြည့်လေလေ ပို၍ ကျေနပ်လေ ဖြစ်နေသည်။ သူက ပြုံး၍ ပြောလိုက်၏။ “ဟုတ်ပြီ…ဒီအဘိုးအိုက မန္တာန်အချို့ အသုံးပြုပြီးတဲ့နောက် ဒီမိုးကြိုးသားရဲကလည်း မိုးကြိုးကွင်းဆက်ချိန်းကို ဆွဲယူနိုင်စွမ်း ရှိလာလိမ့်မယ်…”

မိုးကြိုးသားရဲက အဘိုးအိုကို သေချာ ကြည့်နေသည်။၎င်း၏ နှလုံးက မြန်ဆန်စွာ ခုန်ပေါက်နေ၏။ ၎င်းက အသံတစ်သံပင် မထွက်ဝံ့ချေ။

အဘိုးအို၏ ခန္ဓာကိုယ်က ဖျပ်ခနဲ မိုးကြိုးသားရဲနှင့်အတူ ပျောက်ကွယ်သွားလေသည်။ သို့ရာတွင် သူက ပျောက်ကွယ်ခါနီးအခိုက်၌ ဝမ်လင်းတို့ ပျောက်ကွယ်သွားသော နေရာသို့ ကြည့်ကာ ခပ်တိုးတိုး ရေရွတ်လိုက်သေးသည်။ “ဒီအလင်းလုံးထဲကို ငါ ထည့်လိုက်တဲ့ စွမ်းအားက နည်းနည်းများ များသွားသလား။ ဒီကောင်လေးက အဆင်ပြေနေသင့်တယ်။ သူက မသေဘူးဆိုရင်တော့ ဒီအဘိုးအိုနဲ့ အမှန်တကယ် ကံစပ်လို့ပဲ…”

အဘိုအိုက ရှေ့သို့ ခြေလှမ်းကာ သဲလွန်စမရှိ ပျောက်ကွယ်သွားတော့၏။

ဝမ်လင်းတို့ သုံးယောက်အုပ်စုကိုတော့ အဘိုးအိုက မြူလွှာထုထဲသို့ ဖြတ်သန်း စေလွှတ်လိုက်သည်။ ခုလက်ရှိ၌ သူတို့သုံးယောက်က မြူလွှာကြား၌ တဝီဝီ ဖြတ်သန်းလို့နေသည်။ သည်လိုအမြန်နှုန်းမျိုးက ဖော်ပြ၍ပင် မစွမ်းသာပေ။

***

Comment

Leave a Reply

Options

not work with dark mode
Reset