Switch Mode

အပိုင်း(၇၉၅)

ဓားထိပ်ဖျား

ဝမ်လင်းက လီယွမ်ကို မချိုပြုံး ပြုံး၍ ကြည့်သည်။သူ့အကြည့်က ဓားသွားတစ်စင်းအလား လီယွမ်၏ စိတ်ထဲထိ ထွင်းဖောက်သွားသည်။

လီယွမ်က ကြောက်လန့်တုန်လှုပ်ဟန် မပြဘဲ ထိုအစား သူက ပို၍ပင် တည်ငြိမ်လာခဲ့သည်။သူက လေးစားစွာ ပြောလိုက်၏။ “စီနီယာက ဂျူနီယာ ဘာကြောင့် အဲ့နေရာကို သွားပြီး အတားအဆီးတွေကို ကိုယ်တို မချိုးဖျက်လဲ သိချင်နေရမယ်…”

ဝမ်လင်းက လီယွမ်ကို ကြည့်နေသည်။သည်လူ၏ ဉာဏ်ရည်ဉာဏ်သွေးက သာမန်တော့ မဟုတ်ပေ။ သူက ထိုနှစ်ယောက်စကားပြောဆိုသည်ကို ကြားခဲ့ကတည်းက သည်လူသည် အမျိုးသမီး၏ မိသားစုမှ သူ့ကို ကယ်တင်ထားခြင်း ဖြစ်ကြောင်း သိနေခဲ့သည်။သို့သော် တန်ဖိုးအနေဖြင့် သူ့အသက်ဓာတ်စိတ်ဝိညာဉ်ကို အပ်နှံ့ထားရလေ၏။

လီယွမ်၏ အသွင်က ပုံမှန်အတိုင်း ဖြစ်နေ၏။ ထို့နောက် သူက အသနားခံသည့်အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။

“ဂျူနီယာရဲ့ အစောပိုင်းနေ့ရက်တွေတုန်းက မိုးကြိုးကောင်းကင်ဘုံနယ်မြေ မပြိုကျခင်က နယ်မြေနဲ့ ပတ်သတ်ပြီး တားမြစ်ထားတဲ့ ဧရိယာနဲ့ ပတ်သတ်တဲ့ မြေပုံတစ်ခုကို ရှာတွေ့ခဲ့ပါတယ်။ ဂျူနီယာက ဒီနေရာဟာ ခုထိ ရှိနေလိမ့်ဦးမယ်လို့ ယုံကြည်တယ်။အဲ့နေရာမှာ ရှိတဲ့အတားအဆီးတွေကိုလည်း ချိုးဖျက်နိုင်ဖို့ ဂျူနီယာက (၇၀)ရာခိုင်နှုန်းလောက် ယုံကြည်ချက် ရှိပါတယ်…”

ဝမ်လင်းအသွင်က ပြောင်းလဲသွားခြင်း မရှိပေ။ သူက စကားလည်း မဆိုသေးပေ။

“ဂျူနီယာသာ မမှားရင် အဲ့တားမြစ်နေရာမှာ မူလကိရိယာတွေ လည်း ရှိနေလိမ့်မယ်။ အဲ့နေရာက မူလကိရိယာတွေက မူလအတိုင်း မပျက်မယွင်း ရှိနေတယ်။ အတားအဆီးတွေကို ဖယ်ရှားမယ်ဆိုရင် စီနီယာက ဒီမူလကိရိယာတွေရဲ့ တစ်ဝက်ကို ယူဆောင်နိုင်ပါတယ်…”

လီယွမ်ဘေးရှိ အမျိုးသမီးက ပါးစပ်ဟလိုက်သည်။ သို့သော် သူမက စကားမဆိုတော့ဘဲ တိတ်တိတ်သာ နေလိုက်၏။

ဝမ်လင်းက လီယွမ်ကို ကြည့်နေသည်။ အချိန်အတန်ကြာပြီးနောက် သူက ပြုံး၍ ခေါင်းညိတ်လိုက်သည်။ “ကောင်းပြီ…ဒါပေမဲ့…”

ဝမ်လင်းက စကားပြောဟန် ပြင်လိုက်ရင်း သူ့ညာလက်ကို ရုတ်တရက် ပင့်မြှောက်ကာ ရှေ့သို့ ဆန့်ထုတ်၏။ အမျိုးသမီး၏ ခန္ဓာကိုယ်သည် ချက်ခြင်း တုန်ယင်သွားကာ သူမခန္ဓာကိုယ်ထဲမှ တစ္ဆေလိုအရိပ်တစ်ခုက သုံးလက်မခန့် ဆွဲထုတ်ခြင်း ခံလိုက်ရလေ၏။

ထိုအရာက အလွန်မြန်ဆန်စွာ ဖြစ်ပျက်သွားခြင်းပင်။ အမျိုးသမီး၏ မျက်နှာက သေလောက်အောင် ဖြူရောသွားသည်။ သူမ၏ စွမ်းအင်များစွာ ဆုံးရှုံးသွားသကဲ့သို့ ဖြစ်၏။

“ငါက လုံခြုံမှုအတွက် ကြိုတင်ကာကွယ်တဲ့အနေနဲ့ စိတ်ဝိညာဉ်တစ်ခုကို ရယူထားဖို့ လိုအပ်တယ်…”

ထိုအရိပ်က အလင်းလုံးတစ်ခုအဖြစ် သိပ်သည်းသွားကာ ဝမ်လင်းက ၎င်းကို သူ့သိုလှောင်အိတ်ထဲသို့ ထည့်သိမ်းလိုက်၏။

လီယွမ်၏အသွင်ဟန်ပန်က ပုံမှန်အတိုင်းပင်။ သို့သော် သူ့စိတ်ထဲတွင်တော့ ဗြောင်းဆန်နေ၏။ သူက သည်လူ၏ ဉာဏ်ရည်ဉာဏ်သွေးသည် သူ့ထက် အောက်မကျသည်ကို သိနေ၏။ သည်လူက သူ့စိတ်ဝိညာဉ်အစား အမျိုးသမီး၏ စိတ်ဝိညာဉ်ကို ထုတ်ယူရန် ဆုံးဖြတ်ခဲ့ပေသည်။ ဖြစ်နိုင်သည်က သည်လူက တစ်ခုခုကို ဖြတ်မြင်နိုင်စွမ်း ရှိနေသည်လား။

“ဒါ့အပြင် ငါက မင်း အသုံးပြုခဲ့တဲ့ မင်းရဲ့အတားအဆီးကို ဖုန်းကွယ်တဲ့ နည်းလမ်းကိုလည်း စိတ်ဝင်စားတယ်…”

ဝမ်လင်းအကြည့်က လီယွမ်ပေါ်သို့ ကျရောက်လာ၏။

လီယွမ်က အနည်းငယ် စဉ်းစားပြီးနောက် ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူလိုက်သည်။ ထို့နောက် အချိန်အတန်ကြာ ထိုကျောက်စိမ်းပြားပေါ်၌ အမှတ်သား ပြုလုပ်နေသည်။ ထို့နောက် ၎င်းကျောက်စိမ်းပြားကို ဝမ်လင်းထံသို့ ပေးကာ ပြောလိုက်သည်။ “စီနီယာက စိတ်ဝင်စားတယ် ဆိုတော့လည်း ဂျူနီယာက တွန့်တိုမနေတော့ပါဘူး…”

ဝမ်လင်းက ကျောက်စိမ်းပြားကို ဖမ်းယူလိုက်၏။ ၎င်း ကျောက်စိမ်းပြားကို နတ်ဘုရားအာရုံဖြင့် စစ်ဆေးကြည့်ပြီးနောက် သူက မျက်မှောင်ကြုတ်သွားသည်။

သည်အခိုက်အတန့်၌ လီယွမ်က ခေါင်းငုံ့နေသော်လည်း သူက ဝမ်လင်းမျက်မှောင်ကြုတ်သွားသည်ကို တွေ့မြင်လိုက်ပေသည်။သူက စိတ်ထဲ၌ တွေးလိုက်မိသည်။ “ဒီကျင့်ကြံသူက ထူးဆန်းပြီး တော်တော်လေး အသိဉာဏ်ကြွယ်ဝတယ်။ ဒါမှ မဟုတ်ရင် သူဟာ စောစောက အတားအဆီးကို ဖြတ်မြင်နိုင်စွမ်း ရှိမှာ မဟုတ်ဘူး။ ဒါပေမဲ့လည်း သူက ဘယ်လောက်ပဲ အသိကြွယ်ဝနေပါစေ သူက ငါ့အတားအဆီးနည်းလမ်းကို ဖြတ်မြင်နိုင်စွမ်း ရှိမှာ မဟုတ်ဘူး…”

သူ့အတားအဆီးများ၏ အရင်းမြစ်အကြောင်းတွေးမိနေရင်း လီယွမ်သည် ထိုင်းမှိုင်းမှုကို ခံစားလိုက်ရ၏။

ဝမ်လင်းက သည်အတားအဆီးကို အမှန်ပင် နားမလည်ပေ။ သူ့အတားအဆီးများအပေါ် နားလည်မှုနှင်ပင် သူက ကျောက်စိမ်းပြားထဲရှိ အတားအဆီးများကို ပထမဆုံး မြင်ရချိန်၌ သူက ခေါင်းအစခြေအဆုံး မပြောနိုင်ဟု ခံစားလိုက်ရ၏။ သည်အတားအဆီးက သူ သိရှိခဲ့သော အတားအဆီးများနှင့် သိသာစွာ ခြားနားနေသည်။ ၎င်းအတားအဆီးများက ကောင်းကင်ဘုံအတားအဆီးများပင် မဖြစ်နိုင်လောက်ပေ။

သူက ကျောက်စိမ်းပြားအတွင်းကို စတင်လေ့လာချိန်၌ ရုပ်တုဆယ်ခု ပေါ်လာခဲ့သည်။သူက ၎င်းတို့ကို နားလည်ရန် စိတ်သန်လိုက်သည်နှင့် ၎င်းရုပ်တုတို့သည် စတင်၍ တစ်ခုနှင့်တစ်ခု ထပ်လာကာ သူ့စိတ်ကို လှုပ်ခါစေသည်။

ဝမ်လင်းက သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်၏။သူက ထိုအတားအဆီးကို ဖြတ်မြင်နိုင်စွမ်း မရှိသော်လည်း အတွင်းရှိ သူနှင့် သိပ်မစိမ်းသောတစ်စုံတစ်ခုကို ရှာတွေ့နိုင်အောင် လုပ်နိုင်ပေသည်။ ဝမ်လင်းက အတာအဆီးနည်းလမ်းပါဝင်သော ကျောက်စိမ်းပြားကို ပြန်သိမ်းဆည်းကာ ဖြည်းညင်းစွာ ပြောလိုက်သည်။ “လမ်းပြချေ…”

လီယွမ်က ခပ်သွက်သွက်ခေါင်းညိတ်လိုက်၏။ သူက ကောလို့ခေါ်တွင်သည့် အမျိုးသမီး၏ ဘေးနားသို့ ရေက်ရှိသွားသည်။သို့ရာတွင် ထိုအမျိုးသမီးက သူ့ကို လက်ဝှေ့ယမ်းကာ ဓားစွမ်းအင်တန်းတစ်ခုပေါ်သို့ ခုန်တက်လိုက်သည်။သည့်နောက် အကွာအဝေးတစ်ခုထံသို့ ပျံသန်းသွားတော့သည်။

လီယွမ်က စိတ်ထဲမထားပေ။ သူက ဝမ်လင်းကို လက်နှစ်ဖက်ယှက်၍ လေးစားသမှု ပြုပြီးနောက် အလင်းတန်းတစ်ခုသည် သူ့ခြေထောက်အောက်တွင်ပေါ်လာခဲ့သည်။သည့်နောက် သူက ကောင်းကင်ထက်သို့ ပျံသန်းသွားလေသည်။

ဝမ်လင်းက သူတို့နောက်ကနေ မနှေးမမြန်လိုက်ပါသွား၏။သူ့က လီယွမ်ကို သေချာလေ့လာနေရင်း သူ့မျက်လုံးက တဖျပ်ဖျပ် တောက်ပနေသည်။

“သူ ပြောတဲ့စကားတွေထဲမှာ အမှန်ကော၊အများကော ရောထွေး ပါဝင်နေတယ်။ သူက ငါ့ကို အရင်ဆုံးစမြင်ကတည်းက ဒီကိစ္စတွေအားလုံးကို တွက်ချက်ခဲ့တာလား ငါ သိချင်မိတယ်။ ဒီလိုသာ အမှန်ဆိုရင် သူ့ရဲ့အကြံအစည်နဲ့ ဉာဏ်ရည်က တော်တော်နက်နဲလိမ့်မယ်…”

ဝမ်လင်းက အခြားလူများကို အမြဲ သံသယထားတက်သူ ဖြစ်သည်။ လီယွမ်က ပုံမှန်အတိုင်းဟု ထင်ရသော်လည်း ဝမ်လင်းသည် သူနှင့်ပတ်သတ်၍ ထူးဆန်းမှုတစ်ခုခုကို ခံစားနေရမြဲ ဖြစ်၏။

“သူငါ့ကို ပြောတာတွေ အားလုံးက အမှန်ဆိုရင် ငါက ဒီကိစ္စကို မေ့ပေးလို့ရတယ်။ ဒါပေမဲ့ ငါ့အတွက် ဆိုးကျိုးဖြစ်စေမယ့် အလိမ်အညာတစ်ခုပါတာနဲ့ ငါက ဒီနှစ်ယောက်လုံးကို သတ်ပစ်ရလိမ့်မယ်….”

ကောလို့ ခေါ်သည့် အမျိုးသမီးသည် မကျေမချမ်း ဖြစ်နေ၏။ သို့သော် သူမက ဝမ်လင်းကိုတော့ မကျေမနပ်ဖြင့် မမဲဝံ့ပေ။သို့ရာတွင် သူမ၏ စိတ်ထဲတွင်တော့ လီယွမ်အား အတော်လေး မုန်းနေမိ၏။

“လီယွမ်ရဲ့ အတားအဆီးများကသာ ပြဿနာ တစ်ခုခုမရှိခဲ့ရင် ဒီလူ့ကို ဘယ်လိုလုပ် စွဲဆောင်နိုင်ပါ့မလဲ။ငါက ငါ့ကောင်းကင်ဘုံတစ္ဆေနဲ့ ဆက်သွယ်မှုတစ်ခု ဖန်တီးရရုံပဲ ရှိသေးတယ် ဒါကို ဒီလူက ရယူသွားခဲ့ပြီ…”

“ဒါ့အပြင် ဒီလူက သူ့လုံခြုံမှုလို့ ဆိုပြီး လီယွမ်ရဲ့ စိတ်ဝိညာဉ်မဟုတ်ဘဲ ငါ့ စိတ်ဝိညာဉ်ကို ဘာကြောင့်ယူသွားရတာလဲ…”

သူမက ထိုအကြောင်းကို တွေးမိလေလေ လီယွမ်ကို ပို၍ မုန်းတီးမိလေ ဖြစ်နေသည်။

သည်အခိုက်အတန့်တွင် လီယွမ်သည် အမျိုးသမီးဘေးနားသို့ ပျံသန်းလာ၏။ သူက ခေါင်းငဲ့၍ ကြည့်က ပြောလိုက်သည်။ “ငါမှတ်မိသလောက်တော့ အဲ့နေရာက ဒီအစိတ်အပိုင်းပေါ်မှာ မဟုတ်ဘူး။ငါတို့က အဲ့နေရာကို ရှာတွေ့ဖို့ဆို မိုးကြိုးဧရိယာကို ဖြတ်ကျော်ဖို့ လိုအပ်တယ်…”

ကောလို့ခေါ်သည့် အမျိုးသမီးက အေးစက်စက်နှာခေါင်းရှုံ့လိုက်၏။ သူမက စကားတော့မဆိုပေ။ သို့ရာတွင် လီယွမ်၏အသံက သူမ၏ စိတ်ထဲတွင် ရုတ်တရက် ပေါ်လာခဲ့သည်။

“သခင်မကော…ငါက ငါ့နတ်ဘုရားအာရုံပေါ်မှာ အတားအဆီးတွေ ထွေးခြုံထားတယ်။ ဒါ့ကြောင့် သူက ငါတို့ပြောတာကို မကြားနိုင်ဘူး။ဒီလူက အစောပိုင်းက ငါတို့ပြောခဲ့တာကို ကြားခဲ့တယ်။ ဒါ့ကြောင့် သူက ငါ့အသက်စိတ်ဝိညာဉ်ဟာ နင်တို့ရဲ့ မိသားစုလက်ထဲမှာဆိုတာ သိနေခဲ့တယ်။ သူက နင့်ကို ထိန်းချုပ်နိုင်သရွှေ့ သူက ငါတို့နှစ်ယောက်လုံးကို ထိန်းချုပ်နိုင်တာ ဖြစ်တယ်…”

“ဒါပေမဲ့လည်း သခင်မက စိတ်အေးအေး နေနိုင်ပါတယ်။ ငါက နင့်ရဲ့အသက်စိတ်ဝိညာဉ်ကို ပြန်ထုတ်ယူဖို့အတွက် နည်းလမ်းတစ်ခု သေချာပေါက် ရှာပေးမှာပါ…”

လီယွမ်၏အသံက အလွန်သတိထားနေ၏။ သို့သော် သူ့အသံက ပြတ်သားခိုင်မာမှု ရှိနေ၏။ကောလို့ခေါ်သည့် အမျိုးသမီးသည် အေးစက်စက်နှာခေါင်းရှုံ့လိုက်သော်လည်း သူမစိတ်ထဲတွင်တော့ အများကြီး ပိုတည်ငြိမ်လာခဲ့သည်။အနည်းဆုံးတော့ သူမက လီယွမ်၏ ရှင်းပြမှုကို ယုံကြည်သွားသည့်ပုံပင်။

ရက်အတော်အတန်ကြာမြင့်ပြီးသည့်နောက် သူတို့သုံးယောက်သည် အစိတ်အပိုင်းအစွန်းနားသို့ ရောက်လာခဲ့ကြသည်။မိုးကြိုးအမျှင်တန်းများသည် ချိန်းကြိုးများကဲ့သို့ ဆက်သွယ်နေကာ အမှောင်ထုနှင့် ချိတ်ဆက်နေသည်။

သူတို့က အစိတ်အပိုင်း၏ အစွန်းနားသို့ ရောက်လာသည်နှင့် လီယွမ်က လှည့်၍ လေးစားစွာ ပြောလာသည်။ “စီနီယာ…ဒီမိုးကြိုးချိန်းဆက်မှာ မိုးကြိုးစွမ်းအား အများကြီး ပါဝင်ပါတယ်။ အားကောင်းတဲ့ ကျင့်ကြံသူတွေတောင် ဒီမိုးကြိုးတွေနဲ့ ပတ်သတ်ပြီး တော်တော်လေး သတိထားရပါတယ်။စီနီယာ ကျေးဇူးပြုပြီး ဂရုစိုက်ပါ…”

ထိုအစွန်းနားတွင် ရပ်နေရင်း လူတစ်ယောက်သည် မိုးကြိုးကောင်းကင်ဘုံနယ်မြေ၏ ခွန်အားနှင့်တော်ဝင်ထည်ဝါမှုကို တွေ့ကြုံနိုင်ပေသည်။သည်နေရာကို အပျက်အစီးမျိုးကြိုးနယ်မြေ ဖြစ်သည်ဟုလည်း လူတစ်ယောက် ခံစားနိုင်ပေ၏။

အပေါ်ကနေ ကြည့်ပါက သည်အစိတ်အပိုင်း၏အစွန်းနားသည် တံတောင်ဆစ်ချိုးပုံစံ မညီမညာ ရှိနေသည်။ ဧရာမလက်တစ်စုံက သည်အစိတ်အပိုင်းများကို ဆွဲဖြဲထားသကဲ့သို့ ဖြစ်၏။ အစွန်းနားရှိ ပဲ့ကြေနေသောအလွှာများသည် အောက်ဘက်သို့ ဆန့်ထွက်နေသည်။မျက်စိဖြင့်လည်း အဆုံးသပ်ကို မမြင်ရဘဲ အဆုံးမရှိသည့် လေဟာနယ် ဟင်းလင်းပြင်ကြီးတစ်ခုကဲ့သို့ ဖြစ်နေ၏။

သည်အစိတ်အပိုင်းက လေဟာနယ်ထဲ၌ မြောလွင့်နေသကဲ့သို့ ဖြစ်၏။

မိုးကြိုးများက တစ်ခုနှင့်တစ်ခုထပ်နေကာ လေဟာနယ်ထဲသို့သာ ဦးတည်နေသည်ဟု ထင်ရသော်လည်း ဝမ်လင်းသည် သည်မိုးကြိုးများက အခြားတစ်ဖက်ရှိ အစိတ်အပိုင်းတစ်ခုနှင့် ချိတ်ဆက်ထားသည်ကို စိတ်ကူးကြည့်နိုင်ပေ၏။

မိုးကောင်းကင်ဘုံနယ်မြေတစ်ခုလုံးသည် သည်လိုမိုးကြိုးများဖြင့် ချိန်းကြိုးတစ်ခုအသွင် ချိတ်ဆက်လို့နေခြင်းပင်။

လူတစ်ယောက်က အပေါ်စီးကနေ ကြည့်ပါက မိုးကြိုးကောင်းကင်ဘုံနယ်မြေရှိ အစိတ်အပိုင်းများအားလုံးသည် သည်မိုးကြိုးချိန်းဆက်များနှင့် တွယ်ချိတ်ဆက်ထားသည်ကို တွေ့မြင်ရမည် ဖြစ်သည်။သည်အစိတ်အပိုင်းများအားလုံးကိုလည်း ဧရာမလက်တစ်စုံက ဆုတ်ဖြဲထားသကဲ့သို့ ထင်ရသည်။

ဝမ်လင်းက စိတ်ထဲကနေ သက်ပြင်းချမိ၏။ သူက မိုးကောင်းကင်ဘုံနယ်မြေတွင်လည်း သည်လိုလက်တစ်စုံက ဆုတ်ဖြဲထားမှုကို တွေ့မြင်ခဲ့ဖူးသည်။ သည်မြင်ကွင်းက သူ့ကို လွန်ခဲ့သော မရေမတွက်နိုင်သောနှစ်ပေါင်းများစွာက ပျက်စီးနေခြင်း မရှိသေးသော ကောင်းကင်ဘုံနယ်မြေကို ခုလိုမျိုး ပြိုလဲပျက်စီးသွားစေဖို့ မည်သို့ ဖြစ်ပျက်ခဲ့သည်ကို ခန့်မှန်းကြည့်မိစေသည်။

ထို့နောက်တွင် အနည်းငယ် စဉ်းစားပြီးသည့်နောက် ဝမ်လင်းသည် အာရုံစိုက်ကာ လီယွမ်နှင့် ကောအမျိုးသမီးကို ကြည့်လိုက်သည်။

“မင်းတို့နှစ်ယောက်က ဒီမိုးကြိုးကွင်းဆက်ကို ဘယ်လို ဖြတ်ကျော်မလဲ…”

လီယွမ်က ဝမ်လင်းကို အနီးကပ် လေ့လာကြည့်နေရာ သူတို့က သည်အစိတ်အပိုင်း၏ အစွန်းနားသို့ ရောက်လာသည့်အခါတွင် ဝမ်လင်းထံမှ စိတ်ရှုပ်ထွေးနေဟန်တစ်ခု ဖြစ်ပေါ်သွားသည်ကို တွေ့လိုက်မိ၏။ ထို့ကြောင့် လီယွမ်သည် သည်လူက မိုးကြိုးကောင်းကင်ဘုံနယ်မြေသို့ ခုမှ ပထမဆုံးအကြိမ် ရောက်ဖူးသည်ဟု ခန့်မှန်းလိုက်၏။

ဝမ်လင်း၏ မေးခွန်းကို ကြားလိုက်သည့်အခါ လီယွမ်သည် လေးလေးစားစား ပြန်ဖြေလိုက်သည်။ “မိုးကြိုးကွင်းဆက်တွေကို ဖြတ်သွားဖို့က အမျိုးသမီးကော အပေါ်မှာ မူတည်ပါတယ်…”

အမျိုးသမီးကောက နှာခေါင်းရှုံ့ကာ သူမ၏ သိုလှောင်အိတ်ကို ပုတ်လိုက်သည်။ထိုအခါ အနက်ရောင်သံဓားတစ်လက်က ပျံသန်းထွက်လာ၏။ သည်ဓားက အလွန်သာမန်ဆန်ကာ ထူးခြားမှု ရှိမနေပေ။

သို့ရာတွင် ၎င်းဓားပေါ်လာသည့်အခါတွင် ဝမ်လင်းသည် လီယွမ်၏ မထိန်းချုပ်နိုင်သော စိတ်လှုပ်ရှားမှု အရိပ်အယောင်ကို တွေ့မြင်လိုက်ရ၏။သို့သော် လီယွမ်က သူ့စိတ်လှုပ်ရှားမှုကို မြန်ဆန်စွာ ပြန်ဖုံးကွယ်လိုက်သည်။သူ့ စိတ်လှုပ်ရှားမှု ပျောက်ကွယ်သွားသည်နှင့် လီယွမ်က ဝမ်လင်းထံသို့ မပြတ်ကြည့်နေတော့သည်။

ဝမ်လင်းက သူ့ကို သတိပြုမိသွားဟန် မရဆိုသည်ကို သိလိုက်မှ သူက အနည်းငယ် စိတ်သက်သာရာ ရသွား၏။

ကောအမျိုးသမီး၏ အကြည့်က သံဓားပေါ်တွင်သာ ကျရောက်နေသည်။သူမက သူမ၏လျှာကို အနည်းငယ်ကိုက်ကာ သွေးအချို့ကို ထွေးထုတ်လိုက်သည်။ သည့်နောက် သူမလက်က လှုပ်ရှားသွားကာ ထိုသွေးဖြင့် စာလုံးတစ်လုံးကို ရေးဆွဲလိုက်သည်။ထိုစာလုံးနှင့် တူညီသောစာလုံးက သူမ၏ နှဖူးထက်၌ ပေါ်လာခဲ့သည်။ ထို့နောက် သူမ ရေးဆွဲလိုက်သော စာလုံးက သံဓားပေါ်သို့ ကျရောက်သွားသည်။

ဓားက တုန်ယင်က အလင်းတစ်ခု လှည့်လည် ပျံ့နှံ့လာသည်။လီယွမ်က သူ့စိတ်ထဲရှိ ဂနာမငြိမ်မှုကို ဖိနှိပ်ထားကာ ထိုအလင်းထဲသို့ ခြေချကာ ဓားပေါ်သို့ ကျရောက်သွားသည်။သူက ထူးဆန်းသောအနေထားနှင့် မတ်တပ်ရပ်နေ၏။ သူက ဓားထိပ်ဖျားတွင် ရှိနေခြင်းပင်။သူက ဝမ်လင်းကို ကျောခိုင်းထားလျက် ရှိနေ၏။ သူ့မျက်နှာပေါ်တွင်တော့ လွမ်းဆွတ်ဟန် အငွေ့အသက်တို့ ဖြစ်ပေါ်နေသည်။

လီယွမ်က ခြေချလိုက်သည့်အခိုက်တွင် ဝမ်လင်း၏ မျက်လုံးက ကျဉ်းမြောင်းသွားသည်။ သူက သူ့ခြေထောက်ကို စူးစိုက်ကြည့်နေ၏။ ဝမ်လင်းက တစ်ခုခုကို သတိပြုမိသွားသည့်ပုံ ရသည်။လျှပ်စီးက သူ့မျက်လုံးထဲ၌ တဖျပ်ဖျပ် လင်းလက်သွားသည်။

ကောအမျိုးသမီးက မျက်မှောင်ကြုတ်နေ၏။ထို့နောက် သူမက ရှေ့သို့ ခြေချကာ ဓားရိုးပေါ်သို့ ကျရောက်သွားသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset