အနည်းငယ် ကြည့်ရှုပြီးသည့်နောက် ဝမ်လင်းက မြေပေါ်သို့ ခြေချလိုက်သည်။ထိုအတားအဆီးက သိပ်ကြီးမားလှခြင်းမရှိဘဲ ပေထောင်ချီလောက်သည ကျယ်ပြန့်သည်။သည်အတားအဆီးနှင့် ပတ်သတ်၍ အံ့ဩဖွယ်ရာတစ်ခုက ၎င်းသည် အနီးအနားရှိတောင်နှင့် ရောထွေးယှက်တင် ဖြစ်နေခြင်းပင်။ ထို့ကြောင့် ၎င်းအတားအဆီးသည် အတော်လေး ဖုံးကွယ်နေသလို ဖြစ်နေ၏။
ဝမ်လင်းသည် အစောပိုင်းတုန်းက သည်နေရာတွင် မည်သည့်အတားအဆီးမှ မရှိကြောင်းကို ယုံကြည်မှုမရှိဘူးဆိုလျှင်ပင် သူက သည်အတားအဆီးကို လွယ်လွယ်နှင့် လွဲချောမိလိမ့်မည် မဟုတ်ပေ။ပို၍ အရေးကြီးသည်က ထိုအတားအဆီးထံကနေ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင် ပေးစွမ်းနေခြင်း ဖြစ်၏။
“ဒီအတားအဆီးက ပတ်ဝန်းကျင်ရဲ့ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်ထဲမှာ နစ်မြုပ်နေတယ်။ ဒါက တော်တော်လေး အံ့အားသင့်ဖွယ်ပဲ။ ဒါပေမဲ့လည်း ဒီကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်မှာ အပြစ်အနာဆာ တစ်ခု ရှိနေတယ်။တကယ်တော့ ဒါက မတူညီတဲ့ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင် အမျိုးအစားနှစ်ခုလို ဖြစ်နေတာပဲ။ ဒါ့ကြောင့် အချိန်တိုအတွင်း ဒီစွမ်းအင်နှစ်ခုက တစ်ခုနဲ့တစ်ခု လုံးဝ ပေါင်းစပ်သွားနိုင်ဦးမှာ မဟုတ်ဘူး…”
ဝမ်လင်းက သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်သည်။ သည့်နောက် သူ့စိတ်ထဲတွင် အတားအဆီးကို ဆင်ခြင်ကြည့်နေ၏။ သူက ရှေ့သို့ ခြေလှမ်းရန် ပြင်လိုက်ပြီးမှ ရုတ်တရက် စိတ်ထဲတွင် တစ်စုံတစ်ခုကို တွေးမိလိုက်သည်။
“နေပါဦး…။ ဒီလို ကောင်းမွန်တဲ့အတားအဆီးမှာ ဒီပုံစံချိုယွင်းချက် ရှိမနေသင့်ဘူးမလား…။ ဒီအတားအဆီးကို ချမှတ်နိုင်တဲ့ လူရဲ့ အရည်အချင်းနဲ့ဆိုရင် ဒီလူက ခုလိုမျိုးအမှားကို မပြုလုပ်သင့်ဘူး…”
ဝမ်လင်းက မျက်မှောင်အနည်းငယ် ကြုတ်သွားသည်။သူက သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်ကာ သဲလွန်စများ ရှာကြည့်၏။ သူက အနည်းငယ် စဉ်းစားပြီးသည့်နောက် ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “ထူးဆန်းလိုက်တာ။ ဒီနေရာမှာ အတားအဆီးအော်ရာတစ်ခု ရှိနေပေမဲ့ ငါက ဘာအတားအဆီးမှ မမြင်ရဘူး။ ဖြစ်နိုင်တာက ငါက အရာဝတ္ထုတွေကိုများ ကြည့်နေမိတာလား…”
အချိန်က ဖြည်းဖြည်းချင်း ကုန်ဆုံးနေသည်။ တစ်နာရှိ ကြာမြင့်ပြီးသည့်နောက် အတားအဆီးနှင့် ပေတစ်ရာအကွာရှိ တောင်ဘေးတွင် လှိုင်းတွန့်တစ်ခု ပေါ်လာကာ လူနှစ်ယောက်သည် လှမ်းထွက်လာခဲ့သည်။ထိုနှစ်ယောက်သည် ဝမ်လင်းနှင့် လွန်ခဲ့သော တစ်လက တွေ့ဆုံခဲ့သည့် အမျိုးသားနှင့်အမျိုးသမီးတို့ ဖြစ်ကြသည်။
အမျိုးသမီးဖြစ်သူက ဝမ်လင်းပျောက်ကွယ်သွားသော နေရာသို့ စူးစိုက်ကြည့်ကာ မကျေမနပ် ပြောလာသည်။ “နင့်အတားအဆီးက အစစ်အမှန်နဲ့အတူ အတုအယောင်အဖြစ် နစ်မြုပ်ပြောင်းလဲနိုင်ပြီး ဒီအစိတ်အပိုင်းအပေါ်က ကျင့်ကြံသူအားလုံးကို စွဲဆောင်နိုင်တယ်လို့ နင်မပြောခဲ့ဖူးလား။ ဒါဆို ဟိုလူ့ကို ဘာလို့ အရူးလုပ်လို့မရတာလဲ…”
သူမဘေးရှိ အမျိုးသားက အနည်းငယ် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ “ဒီလူက အမှန်တကယ် ထွက်မသွားတာလည်း ဖြစ်နိုင်တာပဲ။ ငါတို့က ခုလိုမျိုး အလျင်စလို လူလုံးမပြသင့်ဘူး…”
အမျိုးသမီးက အေးစက်စွာ ပြောလိုက်သည်။ “နင် ရှောင်လွှဲဖို့ ကြိုးစားမနေနဲ့။ ငါက နင့်ကို မေးနေတဲ့ မေးခွန်းက သပ်သပ်ပဲ…”
အမျိုးသားက သက်ပြင်းချကာ ခပ်တိုးတိုး ဆိုသည်။ “သူက ဒါကို ဖြတ်မြင်သွားနိုင်တာများလား…”
“အခြားလူတွေကို အမြင့်ကြီး လျှောက်မတွေးနေနဲ့။ ဒီလူက သူ့ကိုယ်သူ ဒီနေရာမှာ အတားအဆီးတစ်ခုတောင် မမြင်ရပါလားလို့ ပြောခဲ့တာ နင် မကြားလိုက်ဘူးလား။ အစကတည်းက ငါနင့်ကို အပြစ်အနာဆာတွေ ခပ်များများ ချန်ထားဖို့ ပြောခဲ့သားပဲ…။ ဒါပေမဲ့ နင်က ကိုယ်မှန်တယ် ထင်နေခဲ့တာလေ…”
အမျိုးသမီးက ပို၍ မကျေမနပ်ဖြစ်လာကာ သူမ၏ လေသံကလည်း ပိုဆိုးလာခဲ့၏။
အမျိုးသားဖြစ်သူ၏ မျက်လုံးထဲ၌ အထင်သေးလှောင်ပြောင်ဟန် ဖြစ်ပေါ်နေ၏။ သို့သော် သူက ထိုအရာကို ကောင်းကောင်း ဖုံးကွယ်ထားသည်။ သူက ပွင့်ပွင့်လင်းလင်း ပြောလိုက်၏။ “မိုးကြိုးကောင်းကင်ဘုံနယ်မြေကို ရောက်လာတဲ့ ကျင့်ကြံသူတွေက အချိန်အကြာကြီး ကျင့်ကြံခဲ့တဲ့လူတွေပဲ။ သူတို့အားလုံးက ပါးနပ်ကြတယ်။ ငါက အပြစ်အနာဆာ ခပ်များများ ပိုထားခဲ့ရင်တောင် ဘယ်သူကမှ ဒါကို ယုံကြည်မှာ မဟုတ်ဘူး။ ငါက ဘာပြစ်ချက်မှ မထားခဲ့ရင်တော့ ဒုတိယအဆင့်ကကျင့်ကြံသူတွေရောက်လာရင်တောင် သူတို့က ဒီအတားအဆီးကို တွေ့မြင်မှာ မဟုတ်ဘူးလို့ ငါ ယုံကြည်တယ်…”
အမျိုးသမီးဖြစ်သူ၏ မျက်လုံးထဲ၌ သတ်ဖြတ်ချင်စိတ်အငွေ့အသက် ဖြစ်ပေါ်သွားသည်။ သူမက အေးစက်စွာ ပြုံး၍ ပြော၏။ “လီယွမ်…နင်က သတ္တိသိပ်ကောင်းနေတယ်ပေါ့။ နင်က ငါ့ကျင့်ကြံတဲ့အချိန်ဟာ တိုတောင်းသေးတယ်လို့ ပြောနေတာလား…”
အမျိုးသားက အချိန်အတန်ကြာ စဉ်းစားပြီးသည့်နောက် လေးစားစွာ ပြောလိုက်သည်။ “ငါ့စိတ်ဝိညာဉ်က သခင်မရဲ့မိသားစု လက်ထဲမှာပါ။ ငါက ဘယ်လိုလုပ် အဲ့လို ပြောဝံ့ပါ့မလဲ…”
အမျိုးသမီးက အေးစက်စွာ ပြောလိုက်ပြန်သည်။ “နင်က ဒါကို မှတ်မိတာ ကောင်းတယ်။ ငါ့အဘိုးအိုကသာ နင့်ကို သနားပြီး ဆေးလုံး မပေးခဲ့ရင် နင်က လွန်ခဲ့တဲ့နှစ်တစ်ရာ လောက်ကတည်းက နင့်ဒဏ်ရာကြောင့် သေနေခဲ့ပြီ…”
လီယွမ်က ခါးသက်သက်အသွင် ဖြစ်ပေါ်နေကာ သူက သက်ပြင်းချမိ၏။ သူ့အသွင်က ရုတ်တရက် ပြောင်းလဲသွားကာ သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “ငါ့အတားအဆီးထဲကို မြန်မြန် ပြန်ရအောင်။ တစ်ယောက်ယောက် လာနေပြီ…”
သူက ထိုသို့ပြောလိုက်ရင်းဖြင့် ရှေ့သို့ ခြေချလိုက်သည်။ အမျိုးသမီးက ပို၍ မြန်သေး၏။ သူကလည်း လှိုင်းတွန့်ကြားထဲသို့ ခြေချလိုက်ပေသည်။ သူတို့နှစ်ယောက်က လှိုင်းတွန့်ကြားထဲသို့ ဝင်ရောက်သွားသည့်နောက် ထိုလှိုင်းတွန့်ကလည်း ပြန်ပျောက်ကွယ်သွားတော့၏။ လူတစ်ယောက်က နတ်ဘုရားအာရုံဖြင့် စစ်ဆေးကြည့်မည်ဆိုလျှင်ပင် သူတို့အားလုံးက သာမန်ကျောက်တုံးတစ်တုံးကိုသာ တွေ့မြင်ပေလိမ့်မည်။
ဓားစွမ်းအင်တန်းတစ်ခုက အကွာအဝေးတစ်ခုကနေ ရောက်လာကာ သည်ဧရိယာနားတွင် ဆင်းသက်လာ၏။ ထို့နောက် ထိုအလင်းတန်းက ပျောက်ကွယ်သွားကာ သက်လတ်ပိုင်းလူကြီး၏ အသွင် ဖြစ်ပေါ်လာသည်။သည်လူက အတားအဆီးကို စူးစိုက်ကြည့်ကာ အံ့အားသင့်နေသည်။ အချိန်အတန်ကြာ သတိထားကြည့်ပြီးသည့်နောက် သူ့မျက်လုံးက လက်ခနဲ ဖြစ်သွားကာ နတ်ဘုရားအာရုံကို ဖြန့်ကျက်ကြည့်လိုက်၏။ သူက ပုံမှန်မဟုတ်တာကို ဘာမှ မတွေ့ရပေ။သူ့မျက်လုံးထဲကနေ ထူးဆန်းသောအလင်း တစ်ခု ထွက်ပေါ်လို့နေသည်။
သူက အနည်းငယ် စဉ်းစားပြီးနောက် နောက်သို့ ခြေလှမ်းအနည်းငယ် ပြန်ဆုတ်သည်။သည့်နောက် သိုလှောင်အိတ်ကို ပုတ်လိုက်၏။ ထိုအခါ အဖြူရောင်အလင်းတန်းတစ်ခုက ချက်ခြင်း ထိုးထွက်လာသည်။ ၎င်းက ဘေးတစ်ဘက်သို့ ကျရောက်လာသည့်အခါ သစ်သား ရုပ်သေးအဖြစ်သို့ ပြောင်းလဲသွား၏။
ထိုရုပ်သေးထံမှ အဖြူရောင်အလင်းတို့ကို ပေးစွမ်းနေသည်။
သက်လတ်ပိုင်းလူက သူ့လက်ဖြင့် ချိပ်တံဆိပ်များကို ဖြစ်ပေါ်စေကာ သူ့ကိုယ်သူ ခပ်တိုးတိုး ရေရွတ်သည်။ သည့်နောက် လက်ညွှိုးညွှန်လိုက်ရာ သစ်သားရုပ်သေးက ဖြည်းဖြည်းချင်း ရွှေ့လျားလာသည်။၎င်းက တဖြည်းဖြည်း အစစ်အမှန်လူသားတစ်ယောက်နှင့် ပိုတူလာခဲ့၏။ ၎င်းက အတားအဆီးထဲသို့ ခုန်ဝင်သွားခဲ့လေသည်။ အနည်းငယ် လျှောက်လှမ်းပြီးသည့်နောက် သက်လတ်ပိုင်းလူကြီ၏ မျက်လုံးက လက်ခနဲ ဖြစ်သွားကာ သူက အော်ပြောလိုက်သည်။ “ပေါက်ကွဲစမ်း…”
ရုပ်သေး၏ ခန္ဓာကိုယ်က ပေါက်ကွဲထွက်သွား၏။ ထိုပေါက်ကွဲပျက်စီးမှုမှ တုန်ခါလှိုင်းသည် မြန်ဆန်စွာ ပျံ့နှံံသွားကာ အတားအဆီးကို ဖျက်စီးရာ ဖုံးကွယ်နေသောအတားအဆီးတွင် အပေါက်တစ်ခု ထွက်ပေါ်လာ၏။
သက်လတ်ပိုင်းလူကြီး၏ မျက်လုံးထဲ၌ ကျေနပ်ဟန်တို့ ဖြစ်ပေါ်လာ၏။ သူက သိုလှောင်အိတ်ထဲမှ နောက်ထပ် ရုပ်သေးတစ်ခုကို ထုတ်ယူလိုက်ပြန်သည်။ သက်လတ်ပိုင်းလူကြီး၏ ထိန်းချုပ်မှုအောက်၌ ထိုရုပ်သေးသည် အပေါက်ထဲသို့ ဝင်ရောက်သွားချေသည်။
သိပ်မကြာခင်တွင် သက်လတ်ပိုင်းလူကြီး၏ မျက်လုံးထဲ၌ ကျေနပ်ပျော်ရွှင်ဟန်တို့ ဖြစ်ပေါ်လာကာ သူက ထိုအပေါက်ထဲသို့ ချက်ခြင်း ခုန်ဝင်လိုက်လေသည်။ သူက အထဲသို့ ဝင်လိုက်သည်နှင့် ချက်ခြင်း အကြောက်အကန် အော်ဟစ်လိုက်ရကာ သူ့မူလစိတ်ဝိညာဉ်သည် ထိုအပေါက်ထဲကနေ ထွက်ပေါ်လာပြီး ကြောက်ရွှံ့လို့နေသည်။ သို့ရာတွင် သူက အပြင်သို့ ပြန်ထွက်လာပြီးပြီးချင်းမှာပင် အစိမ်းရောင်အရိပ်တစ်ခုသည် ထိုးထွက်လာကာ သူ့အား အပေါက်ထဲသို့ ပြန်ဆွဲယူသွား၏။
အတားအဆီးနှင့် ပေတစ်ရာအကွာတွင် လှိုင်းတွန့်တစ်ခုက ထပ်မံပေါ်လာပြန်၏။ ထို့နောက် လီယွမ်နှင့်အမျိုးသမီးတို့သည် လှမ်းထွက်လာကြသည်။ အတာအဆီးပေါ်ရှိ အပေါက်ကို ကြည့်ကာ လီယွမ်သည် သက်ပြင်းချကာ ခေါင်းယမ်းမိသည်။ အမျိုးသမီးကတော့ စိတ်လှုပ်ရှားဟန်နှင့် ပြည့်နေသည်။ သူမကတော့ အတားအဆီးရှိရာသို့ လှမ်းလျှောက်သွားကာ အပေါက်ထဲသို့ ညာလက်ကို ထိုးသွင်းဆန့်တန်းလိုက်သည်။ သည့်နောက် သူမက နူးညံ့စွာ ပြောလိုက်၏။ လိမ်လိမ်မာမာနေပါ။ ဒီတစ်ကြိမ် ထပ်စားပြီးရင် ငါတို့က နေရာပြောင်းကြမယ်။ “ဒီတစ်ကြိမ်မှာတော့ မိုးကြိုးကောင်းကင်ဘုံနယ်မြေမှာ ငါက နင့်ရဲ့ စားချင်စိတ်ကို အပြည့်ဖြည့်ပေးမယ်…”
“စိတ်ဝင်စားစရာပဲ…” သိပ်မဝေးသောနေရာကနေ ဝမ်လင်း၏ ပုံရိပ် ထွက်ပေါ်လာသည်။သူက လုံးဝ ထွက်ခွာသွားခြင်းမရှိဘဲ ပုံရိပ်ယောင်တစ်ခုကို အသုံးပြု၍ ဖုံးကွယ်နေခဲ့ခြင်းပင်။ထို့ကြောင့် သူက ပြပွဲကောင်းတစ်ခုကို တွေ့မြင်ခဲ့ပေသည်။
အမျိုးသမီးအသွင်က ပြောင်းလဲသွားကာ သူမက နောက်သို့ လှည့်၍ ဝမ်လင်းကို စူးစိုက်ကြည့်သည်။ သူမက မျက်မှောင်ကြုတ်ကာ စကားပြောဟန် ပြင်လိုက်စဉ် လီယွမ်သည် ရှေ့သို့ လှမ်းတက်လိုက်သည်။ သူက ဝမ်လင်းထံသို့ လက်နှစ်ဖက်ယှက်ကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “ရောင်းရင်းကျင့်ကြံသူ…စောနတုန်းက ငါတို့က သင့်ကို အတားအဆီးကိစ္စနဲ့ နှောင့်ယှက်ခဲ့ပါတယ်…။ခုချိန်မှာတော့…”
“နင်က သူနဲ့ ဘာတွေ အချိန်ဖြုန်းနေတာလဲ။ ဒီလူရဲ့ ကျင့်ကြံမှုအဆင့်က ငါတို့နဲ့ တူတူပဲ။ ငါတို့နှစ်ယောက်ပေါင်းတိုက်ရင် ငါတို့က သူ့ကို ငါ့ အချစ်တော် အတွက် အစာ ကျွေးပစ်လို့ရတယ်…”
အမျိုးသမီးက အေးစက်စွာ နှာခေါင်းရှုံ့ကာ ရှေ့သို့ တိုးဝင်လာခဲ့သည်။သူမက သိုလှောင်အိတ်ကို ပုတ်လိုက်ရာ ငှက်မွှေးယပ်တောင်တစ်ခု ပေါ်လာ၏။ ထိုယပ်တောင်က ကြမ်းကြုတ်သော သတ်ဖြတ်ခြင်းစိတ်ဆန္ဒနှင့်အတူ ဝမ်လင်းထံသို့ ပျံသန်းလာသည်။
လီယွမ်က ခါးသက်သက်ပြုံးကာ သူ့လက်ဖြင့် ချိတ်တံဆိပ်တစ်ခုကို ဖြစ်စေလိုက်ရာ အတားအဆီးများ ချက်ခြင်း ပေါ်လာ၏။ ထိုအတားအဆီးများက တစ်ခုနှင့်တစ်ခု ပေါင်းစပ်သွားကာ ဝမ်လင်းကို စတင်တိုက်ခိုက်လာကြသည်။
ဝမ်လင်းအသွင်က တည်ငြိမ်လျက်ပင်။သူက ပထမအဆင့်ကျင့်ကြံသူများ၏ ထိပ်ဆုံး၌ ရှိသူဟု ယူဆ၍ ရသူ မဟုတ်လား။ သည်အခိုက်အတန့်၌ သူက ရှေ့သို့ ထိုးထွက်ကာ ဖျပ်ခနဲ လက်တောက်ထုတ်လိုက်၏။ ထိုအခါ မိုးကြိုးတန်းတစ်ခုက ထိုးထွက်သွားသည်။ထိုမိုးကြိုးတန်းက ငှက်မွှေးယပ်တောင်ကို ထိမှန်သွား၏။ မိုးကြိုးက ပျောက်ကွယ်သွားသလို ယပ်တောင်သည်လည်း ခုခံနိုင်စွမ်းမရှိ ပျက်စီးသွားရသည်။သိုးကြိုးက ပျောက်ကွှေးယပ်တောင်ကို ထိမျိတ်တတအထကြည့်လိုက်၏ျတေ
သူမ၏ လက်နက်ရတနာဖျက်စီးခံလိုက်ရခြင်းကြောင့် အမျိုးသမီး၏ ခန္ဓာကိုယ်သည် တန်ပြန်ဒဏ်ကို ခံလိုက်ရာ ပြင်းထန်စွာ တုန်ခါသွား၍ သွေးတစ်လုပ်အန်ထုတ်လိုက်ရသည်။ ထို့နောက် သူမက နောက်သို့ ခြေလှမ်းများစွာ ဆုတ်သွားရ၏။ သူမမျက်နှာပေါ်တွင် ကြောက်လန့်မှုတို့နှင့် ပြည့်နေသည်။
ဝမ်လင်းက ရှေ့သို့ ခြေတစ်လှမ်းသာ လှမ်းလာခဲ့ခြင်း ဖြစ်သည်။ ယပ်တောင်အစား ဝမ်လင်းသည် လီယွမ်၏ အတားအဆီးပေါ်၌ ပို၍ အာရုံစိုက် စိတ်ဝင်စားနေမိသည်။ ထိုအတားအဆီးက ဆယ့်ရှစ်ခုထိ ခွဲထွက်သွားကာ တစ်ခုနှင့်တစ်ခု ထပ်၍ ချိတ်ဆက်နေသည်။
သည်အတာအးဆီးက တော်တော် ထူးဆန်း၏။ဝမ်လင်း မျက်လုံးက တလက်လက် ဖြစ်နေသည်။ သူက သူ့လက်ကို မြှောက်လိုက်၏။ သူ့မူလစိတ်ဝိညာဉ်ထဲရှိ မိုးကြိုးက နောက်တစ်ဖန် ပေါ်လာကာ ဧရာမလက်ဝါးအသွင် ဖြစ်တည်လာသည်။ထိုလက်ဝါးက တစ်ခုနှင့်တစ်ခု ထပ်၍ ချိတ်ဆက်နေသော အတားအဆီးဆယ့်ရှစ်ခုပေါ်သို့ တိုက်ရိုက် ကျရောက်သွားသည်။
ပေါက်ကွဲသံများ ဖြစ်ပေါ်သွားပြီးနောက် အတားအဆီး(၁၈)ခုသည် တစ်ခုပြီးတစ်ခု ပျက်စီးသွားရသည်။ ၎င်းတို့သည် လက်ဝါး၏စွမ်းအားကို မခုခံနိုင်ပေ။ အတားအဆီးများအာလုံး ပျက်စီးသွားသည့်နောက် လက်ဝါးက ပျောက်ကွယ်သွားခြင်း မရှိသေးဘဲ လီယွမ်၏ ရင်ဘက်ပေါ်သို့ ကျရောက်လာခဲ့သည်။
လီယွမ်က သွေးအန်လိုက်ရ၏။ သူ့မျက်နှာက ဖြူရောသွားကာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရသည်။ သူက ဝမ်လင်းကို မယုံကြည်နိုင်ဟန် စူးစိုက် ကြည့်နေမိသည်။
သည်အခိုက်အတန့်၌ ဝမ်လင်းသည် ဒုတိယခြေလှမ်း လှမ်းလိုက်ကာ ထိုနှစ်ယောက်ကို ကျော်လွန်သွားသည်။ သူက အတားအဆီးရှိရာနားသို့ ရောက်ရှိသွားကာ ၎င်းအပေါ်ရှိ အပေါက်ကို ကြည့်လိုက်သည်။
ထိုအပေါက်ထဲ၌ အစိမ်းရောင်ယင်စွမ်းအင်ထုတစ်ခု ရှိနေသည်။ဝမ်လင်းက အပေါက်ထဲသို့ ငုံ့ကြည့်လိုက်သည့်အခိုက်တွင် ယင်စွမ်းအင်က ပျံသန်းထွက်လာကာ အရိုးခေါင်းအသွင် ဖြစ်ပေါ်၍ အစိမ်းရောင်တောက်ပမှုကို ပေးစွမ်းကာ ဝမ်လင်းကို ဝါးမြိုပစ်ရန် တရကြမ်း တိုးဝင်လာသည်။
ဝမ်လင်း မျက်လုံးက ထူးဆန်းသောအလင်းတစ်ခု ဖြစ်ပေါ်လာကာ သူက တိုးညင်းစွာ ပြောလိုက်သည်။ “ကောင်းကင်ဘုံတစ္ဆေ…”
သည်အခိုက်အတန့်တွင် အမျိုးသမီးက လှမ်းအော်လိုက်သည်။ “သူ့ကို ဝါးမြိုပစ်လိုက်…”
ကောင်းကင်ဘုံတစ္ဆေကြောင့် ဖြစ်ပေါ်နေသည့် အရိုးခေါင်းသည် အစိမ်းရောင်အလင်းကို ပေးစွမ်းနေ၏။ ၎င်းက ဝမ်လင်းထံသို့ တရကြမ်း တိုးဝင်လာစဉ်တွင် ဝမ်လင်းမျက်ခုံးနှစ်ခုကြားတွင် ဖျပ်ခနဲ လင်းလက်သွားကာ ကံကြမ္မာကျာပွတ်က ရုတ်တရက် ထွက်ပေါ်လာသည်။
ထိုကျာပွတ် ထွက်ပေါ်လာသည်နှင် ၎င်းက ကောင်းကင်ဘုံတစ္ဆေကို ချက်ခြင်း လွှမ်းခြုံထွေးလိုက်သည်။ ကောင်းကင်ဘုံတစ္ဆေက အထိတ်တလန့်အော်ဟစ်လိုက်ရာ ၎င်း၏ ခန္ဓာကိုယ်ကနေ အစိမ်းရောင်အခိုးငွေ့များစွာ ထုတ်လွှတ်လာသည်။ ၎င်းက နောက်သို့ ပြန်ဆုတ်ဟန် ပြင်လိုက်၏။ သို့သော် ဝမ်လင်းက မည်သို့ လွှတ်ပေးနိုင်ပါ့မည်နည်း။ ကံကြမ္မာကျာပွတ်သည် ချက်ခြင်း ကောင်းကင်ဘုံတစ္ဆေကို လွှမ်းခြုံသွားကာ ဆွဲယူလိုက်၏။ ထို့နောက် ဝမ်လင်းက စိတ်ဝိညာဉ်တစ်ကုဋေအလံကို ထုတ်ယူကာ ကောင်းကင်ဘုံတစ္ဆေကို ထိုအလံထဲသို့ ချက်ခြင်း ပစ်ထည့်လိုက်သည်။
“ဒီဟာနဲ့ဆိုရင် ဒုတိယမြောက် ကောင်းကင်ဘုံသက်တော်စောင့်ကို သန့်စင်မွန်းမံနိုင်ဖို့ အခွင့်အရေးက အရမ်းများသွားပြီး…” ဝမ်လင်းက နောက်ပြန်လှည့်ကာ လီယွမ်နှင့်အမျိုးသမီးတို့ထံသို့ ကြည့်လိုက်၏။
အမျိုးသမီးအသွင်က အလွန်ကြောက်လန့်နေသည့်ဟန် ရသည်။သူမက သည်လူသည် သူမ၏ မိသားစု နှစ်ပေါင်းများစွာ မြှင့်တင်ထားသည့် ကောင်းကင်ဘုံတစ္ဆေကို ခုလိုမျိုး အလွယ်တကူ ဖမ်းယူသွားနိုင်လိမ့်မည်ဟု စိတ်ကူး၍ပင် မကြည့်မိပေ။
လီယွမ်၏ အသွင်ကလည်း ခြောက်ချားနေ၏။ သူက ဝမ်လင်း၏ ဘေးနားတွင် ကျာပွတ်တစ်ခု ထွက်ပေါ်လာသည်ကို မြင်တွေ့ခဲ့ပေသည်။သူက လေအေးတစ်ချက်ရှိုက်သွင်းကာ စိတ်ရှုပ်ထွေးဟန်နှင့် ပြောလိုက်၏။ “စီနီယာ…ငါတို့နှစ်ယောက်က…”
“မင်းတို့နှစ်ယောက်က အတားအဆီးတစ်ခု လုပ်ပြီး လူတွေကို ပိတ်လှောင်ဖို့ လုပ်တာက ငါနဲ့ ဘာမှ မဆိုင်ဘူး။ ဒါပေမဲ့လည်း မင်းတို့နှစ်ယောက်က ငါ့ကို အလျင်စလို တိုက်ခိုက်ချင်နေခဲ့တဲ့အတွက် ငါက လွယ်လွယ်တော့ ခွင့်လွှတ်မပေးနိုင်ဘူး…”
ဝမ်လင်း၏ စကားများက အမျိုးသမီး၏ခန္ဓာကိုယ်ကို တုန်ယင်သွားစေသည်။လီယွမ်က စိတ်ထဲ၌ သက်ပြင်းချနေမိသည်။
သူက အနည်းငယ် စဉ်းစားပြီးနောက် ဝမ်လင်းကို ကြည့်ကာ လေးစားစွာ ပြောလိုက်သည်။ “စီနီယာ…ဒီကိစ္စက ငါတို့အမှားပါ။ ဒီဂျူနီယာက အတားအဆီးတွေ တည်ရှိတဲ့ လျှို့ဝှက်နေရာတစ်ခုကို သိပါတယ်။ အဲ့နေရာမှာ ကောင်းကင်ဘုံရတနာတွေတောင် ရှိနေနိုင်လောက်တယ်။ ဂျူနီယာက ဒီကိစ္စကို ပြေလည်ဖို့အတွက် ဒီနေရာနဲ့ ကမ်းလှမ်းချင်ပါတယ်…”
သူ့ဘေးရှိ အမျိုးသမီးကတော့ စကားတစ်ခွန်းမှ မဟ ဝံ့တော့ပေ။
***