Switch Mode

အပိုင်း(၇၉၃)

နတ်ဆိုးမိစ္ဆာကြာပွင့်

မိုးကြိုးကောင်းကင်ဘုံနယ်မြေသည် မဟာမိတ်ကြယ်အဖွဲ့အစည်းကြီး၏ မိုးကောင်းကင်ဘုံနယ်မြေထက် များစွာ ပိုကြီးမားသည်။တိတိကျကျဆိုပါက မိုးကြိုးကောင်းကင်ဘုံနယ်မြေသည် မိုးကောင်းကင်ဘုံနယ်မြေထက်လည်း မပျက်မယွင်း ပိုရှိလေ၏။ အစိတ်အပိုင်းများထဲမှ တစ်ခု၏ အနားစွန်းတွင်လည်း မိုးကြိုးများ ပေးစွမ်းနေသော တောင်တစ်လုံး ရှိလေသည်။

ကောင်းကင်က နက်မှောင်နေကာ မိုကြိုးများက တောင်ပေါ်သို့ အဆက်မပြတ် ကျဆင်းလျက် ရှိသည်။မိုးကြိုးသံများကလည်း နေရာအနှံ့ပင်။

ထိုတောင်၏ အလယ်တွင် လှိုဏ်ဂူတစ်ခု ရှိလေ၏။ ဝမ်လင်းက ထိုလှိုဏ်ဂူထဲတွင် ကြာပွင့်သဏ္ဌာန် ထိုင်နေကာ သူ့ဒဏ်ရာများကို ကုစားနေသည်။

ကောင်းကင်ဘုံသက်တော်စောင့်ကလည်း လှိုဏ်ဂူ၏ ဝင်ပေါက်တွင် ကျင့်ကြံနေသည်။

သည်နေ့တွင် ဝမ်လင်းက မျက်လုံးဖွင့်လာခဲ့၏။ သူ့ရှေ့တွင် မတူညီသော ပုံပန်းအသွင် ရှိသည့် အပိုင်းအစ ဆယ်ခုကျော်က လေထဲတွင် မြောနေသည်။

ဝမ်လင်းက စတင် စဉ်းစားကြည့်၏။ သူက မိုးကြိုးကောင်းကင်ဘုံနယ်မြေမှ ခုလိုမျိုး မူလကိရိယာကို မြင်တွေ့ခဲ့ဖူးခြင်း မရှိပေ။သို့ရာတွင် သူက သည်အပိုင်းအစများသည် မူလကိရိယာ ဖြစ်လိမ့်မည်ဟု ခုနစ်ဆယ်ရာခိုင်နှုန်းလောက် ခန့်မှန်းနိုင်ပေသည်။

ဝမ်လင်းက ညာလက်ကို မြှောက်ကာ အပိုင်းအစများထဲမှ တစ်ခုကို ယူလိုက်သည်။ယင်းအပိုင်းအစကို သေချာကြည့်လိုက်ပြီးနောက် သူက ပြန်ချလိုက်သည်။ထို့နောက် နောက်ထပ်အပိုင်းအစတစ်ခုကို ထပ်ကောက်ယူလိုက်သည်။သည်လိုနည်းဖြင့် အပိုင်းအစတစ်ခုချင်းစီကို သူ့စိတ်ထဲ၌ ရေးထွင်းထားလိုက်သည်။ ထို့နောက် သူက မျက်လုံးမှိတ်လိုက်၏။

ထိုပုံစံက သူ အတားအဆီးများကို ကောက်ချက်ချ ဆင်ခြင် ခြင်းနှင့်တူသည်။ ဝမ်လင်းက သူ့စိတ်ထဲတွင် အပိုင်းအစများကို တဖြည်းဖြည်း ပေါင်းစပ် ပုံဖော်ကြည့်နေ၏။

နာရီဝက်ခန့် ကုန်လွန်သွားပြီးနောက် ဝမ်လင်းက မျက်လုံးဖွင့်လာခဲ့သည်။သူက သူ့ရှေ့ရှိ အပိုင်းအစများကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်၏။

“ဒီအပိုင်းအစတွေက ပြီးပြည့်စုံတဲ့ ရတနာတစ်ခုဖြစ်ဖို့ မဖြစ်နိုင်သေးဘူး။ အချို့အစိတ်အပိုင်းတွေ ပျောက်နေသေးတယ်…”

ခဏတာ စဉ်းစားပြီးနောက် ဝမ်လင်းက လက်ဝှေ့ယမ်းလိုက်သည်။ ထိုအခါ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်သည် ထိုအစိတ်အပိုင်းများကို ဝန်းရံသွားကာ စတင်လှုပ်ရှားလာ၏။ထို့နောက် ယင်းအစိတ်အပိုင်းများသည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်သွားကာ ပန်းအိုးအသွင် ဖြစ်ပေါ်လာသည်။

သို့သော် ထိုအစိတ်အပိုင်းတစ်ခုချင်းစီ၌ အက်ကွဲရာ များ ရှိလို့နေလေသည်။ သည့်အပြင် ပန်းအို၏ တစ်ခြမ်းက အစိတ်အပိုင်းများ ကင်းမဲ့နေကာ ပြီးပြည့်စုံမှု ရှိမနေပေ။

ခဏတာကြည့်ရှုပြီးသည့်နောက် ဝမ်လင်းသည် သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ အစိတ်အပိုင်းများက တစ်ဖက်ပြန်ကွာကျသွားသည်။ထို့နောက် သူက ၎င်းတို့ကို သိုလှောင်အိတ်ထဲသို့ သိမ်းဆည်းထားလိုက်၏။

“ဒီရှုဖန်ဟန်က ပုံရိပ်ယောင်ယင်အဆင့် ကျင့်ကြံသူတစ်ယောက်ပဲ ။ဒါဆို ဘာကြောင့်များ သူ့မှာ သိုလှောင်အိတ်တစ်လုံး ရှိမနေရတာလဲ…”

ထိုကိစ္စကို ဝမ်လင်းက ရှုဖန်ဟန်အား သတ်လိုက်ပြီးသည့်နောက် ပဟေဠိ ဖြစ်နေပေသည်။

ရှုဖန်ဟန် သေဆုံးသွားပြီးနောက် သူ့ခန္ဓာကိုယ်သည် ပျောက်ကွယ်သွားခဲ့သည်။ဝမ်လင်းက နတ်ဘုရားအာရုံကို ဖြန့်ကျက်ကာ သူ့သိုလှောင်အိတ်ကို ရှာကြည့်သော်လည်း မတွေ့ခဲ့ရပေ။

“ဒီလူရဲ့ ကျင့်ကြံမှုအဆင့်က မြင့်မားတယ်။သူက ဒီမိုးကြိုးကောင်းကင်ဘုံနယ်မြေကို လာတဲ့ခရီးစဉ်မှာ ရတနာတွေ မပြင်ဆင်လာခဲ့ဖူးဆိုရင်တောင် ဆေးလုံးအချို့တော့ ကြိုပြင်ဆင်လာမှာပဲ။ ဒါ့အပြင် သူက ဒီနေရာမှာ အကျိုးအမြတ်ပစ္စည်းတစ်ခုခုရခဲ့ရင် ဒါတွေကို သူ့လက်ထဲမှာပဲ ကိုင်ထားလိမ့်မှာ မဟုတ်ဘူး…”

ဝမ်လင်းက မျက်မှောင်ကြုတ်ကာ စဉ်းစားကြည့်နေ၏။

“ငါ မသိတဲ့ အကြောင်းရင်းအချို့ ရှိရမယ်။ ဒါမှမဟုတ် သူ့ရှိမှာ အပြင်လူတွေ မသိနိုင်တဲ့ သိုလှောင်တဲ့နည်းလမ်းတစ်ခု ရှိနေရမယ်…”

ဝမ်လင်း မျက်လုံးက လက်ခနဲ ဖြစ်သွား၏။ သူက တစ္ဆေလောကမြစ်အတွင်းရှိ မိစ္ဆာကြာပွင့်အကြောင်း တွေးလိုက်မိပေသည်။

“ဖြစ်နိုင်တာက…” ဝမ်လင်း မျက်လုံးက တောက်ပနေ၏။ အတွေးတစ်ချက်ဖြင့်ပင် တစ္ဆေလောကမြစ်က သူ့ပတ်လည်တွင် ပေါ်လာခဲ့သည်။ တစ္ဆေလောကမြစ်သည် သူ့တာအိုကြောင့် ဖြစ်ပေါ်ခြင်း ဖြစ်သည်။ထို့ကြောင့် သူက ၎င်း၏ အရွယ်အစားကို လိုသလို ပြောင်းလဲနိုင်ပေ၏။ ဝမ်လင်းက ညာလက်ဖြင့် တစ္ဆေလောကမြစ်ကို ရိုက်လိုက်ရာ မကျေမချမ်းစိတ်ဝိညာဉ်များက ရှုဖန်ဟန်၏ မိစ္ဆာကြာပွင့်ကို တွန်းထုတ်ပေးလာသည်။

ထိုကြာပွင့်ကို စူးစိုက်ကြည့်နေရင်း သူ့မျက်လုံးက တောက်ပနေ၏။ သည်ကြာပွင့်က တစ္ဆေလောကမြစ်အတွင်းကနေ ကြာရှည်စွာ ထွက်ခွာနိုင်ခြင်း မရှိပေ။ မဟုတ်လျှင် ပျောက်ကွယ်သွားပေလိမ့်မည်။

ခုချိန်တွင် မိစ္ဆာမီးတောက်က ငြိမ်းသေနေခဲ့ပြီး ဖြစ်ကာ တုံးတိတိကြာပွင့်အဖြစ်သာ ရှိနေတော့၏။ ဝမ်လင်းက သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခု ဖြစ်ပေါ်စေကာ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များကို သူ့မျက်လုံးထဲ၌ စုစည်းလိုက်၏။

သူက ကြာပွင့်ကို ကြည့်လိုက်သည်။

ကြာပွင့်အတွင်း၌ မပီမပြင်အော်ရာ တစ်ခုရှိနေသည်။ ထိုအော်ရာက သေဆုံးသွားခြင်း မရှိသေးဘဲ ဖြည်ဖြည်းချင်း လှည့်ပတ်နေ၏။ဝမ်လင်းက ၎င်းအော်ရာကို ကြည့်လိုက်ချိန်တွင် လှည့်ပတ်မှုသည် အရှိန်မြင့်လာခဲ့သည်။သူက ကြာပွင့်အတွင်းကနေ အသံတစ်ခုကိုပင် ခပ်ရေးရေး ကြားနေရ၏။

ဝမ်လင်း၏ မျက်လုံးက အေးစက်လာခဲ့သည်။သူက အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏။ သူက သူ့အကြည့်ကို ပြန်ရုတ်သိမ်းခြင်း မရှိသည့်အပြင် ထိုထူးဆန်းသောအော်ရာကိုပါ ထွက်လာစေလိုက်သည်။ အနက်ရောင်အခိုးငွေ့တစ်ခု ထွက်ပေါ်လာကာ ချက်ခြင်းလိုလို နတ်ဆိုးမိစ္ဆာအသွင်သို့ ပြောင်းလဲကာ ဝမ်လင်းကို ဝါးမြိုရန် ကြိုးစားလာသည်။

နတ်ဆိုးမိစ္ဆာက ဝမ်လင်းကို ဝါးမြိုရန် ကြိုးစားလာသည့်အခိုက်တွင် ၎င်း၏ ခန္ဓာကိုယ်သည် တုန်ယင်သွား၏။ ၎င်းက အကြောက်တလန့် အော်ဟစ်ကာ ကြာပွင့်ထဲသို့ ပြန်ဝင်ရန် ချက်ခြင်း ကြိုးပမ်းလိုက်သည်။

သို့သော် ၎င်းက နောက်ကျသွားခဲ့လေပြီ။

ဝမ်လင်း၏ မူလစိတ်ဝိညာဉ်သည် ထိုးထွက်လာကာ မိုးကြိုးများပေါက်ကွဲ ထွက်စေပြီး ၎င်းနောက်သို့ လိုက်ဖမ်းသည်။သူက နတ်ဆိုးမိစ္ဆာကို တိုက်ရိုက် ဖမ်းဆုပ်လိုက်၏။ နတ်ဆိုးမိစ္ဆာက စိုးရိမ်ကြောက်လန့်စွာ အော်သံပြုနေရင်းဖြင့်ပင် ဝမ်လင်း၏ ခန္ဓာကိုယ်ထဲသို့ ဆွဲသွင်းခြင်း ခံလိုက်ရချေသည်။

“ငါက ပျံ့ကျဲနတ်ဆိုးမိစ္ဆာကိုတော့ သန့်စစ်မပစ်နိုင်ဘူး။ ဒါပေမဲ့လည်း ဒီလို နတ်ဆိုးမိစ္ဆာအငယ်စားလောက်ကတော့ ငါ့ရှေ့မှာ ရပ်နေဖို့ အခွင့်အရေးတောင် မရှိနိုင်ဘူး…”

ဝမ်လင်းက အကြောက်အကန်အော်ဟစ်နေသော နတ်ဆိုးမိစ္ဆာကို မိုးကြိုးနှင့် နစ်မြုပ်စေလိုက်သည်။အော်သံက တဖြည်းဖြည်း အားနည်းသွားကာ နောက်ဆုံးတွင် ပျောက်ကွယ်သွားလေ၏။ နတ်ဆိုးမိစ္ဆာက သူ့မူလစိတ်ဝိညာဉ်၏ ဝါးမြိုခြင်းကို ခံလိုက်ရချေသည်။

သာမန်ကျင့်ကြံသူများက အခုလိုစွမ်းရည်မျိုး မပိုင်ဆိုင်ကြပေ။ပုံမှန်အားဖြင့် သည်လိုနည်းလမ်းက နတ်ဆိုးလမ်းစဉ်ကျင့်ကြံသော အချို့နည်းလမ်းများမှ လာခြင်း ဖြစ်သည်။သို့သော် ဝမ်လင်းကတော့ ဝိညာဉ်ဝါးမြိုသူ တစ်ယောက်မဟုတ်လား။

နတ်ဆိုးမိစ္ဆာကို ဝါးမြိုပြီးသည့်နောက် ဝမ်လင်း၏ မျက်လုံးက မိစ္ဆာစွမ်းအင် အရိပ်အယောင်ဖြင့် နက်မှောင်တောက်ပလာခဲ့သည်။ သို့သော် သူ့မျက်လုံးထဲ၌ မိုးကြိုးများက တဖျပ်ဖျပ်ဖြင့် မိစ္ဆာစွမ်းအင်ကို ပတ်သယ်ပေးနေသည်။ဝမ်လင်းက ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။

သူက နှုတ်ခမ်းသပ်လိုက်သည်။ သည်အခိုက်အတန့်တွင် သူက သူ့မူလစွမ်းအင်သည် ပြန်ကောင်းမွန်လာရုံသာမက အနည်းငယ်ပင်တိုးလာသည်ဟု ခံစားလိုက်ရ၏။

အနက်ရောင်အခိုးငွေ့ ပျောက်ကွယ်သွားပြီးနောက် ကြာပွင့်အတွင်း၌ ထပ်မံ၍ ဝိုးဝဝါး ဖြစ်မနေတော့ပေ။ ဝမ်လင်း ကြာပွင့်ထဲရှိ နေရာလွတ်တစ်ခုကို တွေ့မြင်လိုက်ရ၏။ ထိုကြာပွင့်အတွင်း၌ ကြယ်လင်သော သလင်းပုတီးစေ့လေးခု ရှိနေသည်။သို့ရာတွင် ထိုပုတီးစေ့များက မတည်မငြိမ် ဖြစ်နေကာ အချိန်မရွေး ပျက်စီးတော့မည့်ဟန် ရသည်။

သည်အခိုက်အတန့်၌ ဝမ်လင်း ကြည့်နေရင်းဖြင့်ပင် သလင်းပုတီးစေ့တစ်ခုက ပျက်စီး ပျောက်ကွယ်သွား၏။

အခြားသလင်းပုတီးစေ့များကပါ လိုက်ပါ ပျက်စီးတော့မလို ဖြစ်လာသည်ကို ကြည့်ကာ ဝမ်လင်းသည် သူ့ညာလက်ကို ဆန့်ထုတ်ကာ ပုတီးစေ့နှစ်ခုကို ဖမ်းယူလိုက်၏။ သူက တတိယမြောက် ပုတီးစေ့ကို ဖမ်းယူဟန် ပြင်လိုက်စဉ်မှာပင် ယင်းပုတီးစေ့က ပျက်စီးသွားတော့၏။

ဝမ်လင်းမျက်လုံးက တလက်လက် ဖြစ်နေသည်။သူက သူ့ညာလက်ကို ပြန်ရုတ်သိမ်းလိုက်သည်။ ကြာပွင့်ထဲကနေ ထုတ်ယူပြီးသည့်အခါ ပုတီးစေ့များသည် ပျက်စီးနေရာကနေ ရပ်တန့်သွား၏။ဝမ်လင်းက နတ်ဘုရားအာရုံဖြင့် ပုတီးစေ့ထဲသို့ ဝင်ကြည့်လိုက်ရာ သူက ချက်ခြင်း တုန်လှုပ်သွားမိတော့သည်။

“စိတ်ဝင်စားစရာ မန္တာန်တစ်ခုပဲ….တာအို ဖြစ်ပေါ်ခြင်းကို အသုံးပြုပြီး သိုလှောင်အိတ် ပြလုပ်တာ….”

ဝမ်လင်းက အသက်ဝဝရှုသွင်းလိုက်၏။ သူက ရှုဖန်ဟန်တွင် သိုလှောင်အိတ် ဘာကြောင့် မရှိသည်ကို နားလည်သွားခဲ့သည်။

“ လူတစ်ယောက်ရဲ့ တာအိုကို အသုံးပြုပြီး ကိုယ်ပိုင်နေရာလွတ်တစ်ခု ဖြစ်ပေါ်စေတာ။ အဲ့နေရာလွတ်မှာပဲ တန်ဖိုးရှိတဲ့ပစ္စည်းတွေကို ထားတာက တော်တော်လေး အကာအကွယ် ပေးနိုင်တာပဲ။ ဒီမန္တာန်က တကယ် လက်တွေ့ကျတယ်…”

ကြာပွင့်က သလင်းပုတီးစေ့များနှင့် အနက်ရောင်အခိုးငွေ့တို့ကို ဆုံးရှုံးပြီးသည့်အခါ ၎င်းသည် မြန်ဆန်စွာ ခြောက်သွေ့လာသည်။ထို့နောက် ထိုကြာပွင့်သည် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားလေ၏။

ဝမ်လင်းက သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်သည်။သူက သလင်းပုတီးစေ့များထဲမှ တစ်ခုကို ခွဲခြေလိုက်ရာ ဆေးပုလင်းတစ်ခု ပေါ်လာ၏။ ထိုပုလင်းကို ဖယောင်းနှင့် ပိတ်ဆို့ထားသည့်အတွက် ယင်းပုလင်းက တစ်ခါမှ မဖွင့်ရသေးကြောင်းကို ဆိုလိုနေသည်။ ထိုပုလင်းပေါ်တွင်လည်း ရှု ဟုသည့် မျိုးရိုးစာလုံးကို ရေးထွင်းထားသေးသည်။

ဖယောင်းကို ဖျက်စီးလိုက်သည့်အခါ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင် ရနံ့သည် လှိုင်ထွက်လာကာ လူတစ်ယောက်၏ စိတ်နှင့်ကိုယ်ကို သက်တောင့်သက်သာ ဖြစ်စေ၏။ထိုပုလင်းထဲ၌ ဆေးလုံးတစ်လုံးတည်းသာ ရှိနေသည်။ ဝမ်လင်းက ထိုဆေးလုံး၏ သက်ရောက်မှုကို မသိသော်လည်း ယင်းဆေးလုံးက သာမန်တော့ မဟုတ်နိုင်ချေ။

ထိုဆေးလုံးကို အချိန်အတန်ကြာ ကြည့်ပြီးသည့်နောက် ဝမ်လင်းသည် ဆေးလုံးကို ပြန်သိမ်းဆည်းကာ နောက်ထပ် သလင်းပုတီးစေ့တစ်ခုကို ခွဲခြေလိုက်ပြန်သည်။ထိုအခါ ဖျပ်ခနဲ လင်းလက်သွားမှုနှင့်အတူ အဆောင်တစ်ခု ပေါ်လာ၏။ ထိုအဆောင်က သာမန်အတိုင်း ဖြစ်ကာ ထူးထူးခြားခြား ဘာမှ ရှိမနေပေ။

၎င်းအဆောင်အပေါ်၌ ပြဒါးအသုံးပြုကာ‌ ရေးဆွဲထားသော ရိုးရှင်းသည့် စာလုံးတစ်လုံးသာ ရှိလို့နေသည်။

“ဒါကဘာလဲ…” ဝမ်လင်းက မှင်သက်သွားသည်။သူက ထိုအဆောင်ကို ကောက်ယူကာ အနီးကပ် သေချာကြည့်လိုက်သည်။ထိုအဆောင်က အဆင့်နိမ့်ကျင့်ကြံသူများ အသုံးပြုသော အဆောင်များနှင့် တူနေ၏။

“ရှုဖန်ဟန်က ဒါကို သူ့တာအိုထဲမှာတောင် ထည့်သိမ်းထားတာ ဖြစ်တဲ့အတွက် ဒီအဆောင်က သာမန် မဟုတ်နိုင်ဘူး…”

ဝမ်လင်းမျက်လုံးက ကျဉ်းမြောင်းသွားသည်။သူက ၎င်းအဆောင်ကို သေချာလေ့လာကြည့်ပြီးသည့်နောက်လည်း မည်သည့်သဲလွန်စကိုမျှ ရှာမတွေ့ပေ။

အနည်းငယ်စဉ်းစားပြီးသည့်နောက် သူက ထိုအဆောင်ကို ပြန်သိမ်းကာ ၎င်းနှင့်ပတ်သတ်၍ ဆက်လက်မတွေးတော့ပေ။ထို့နောက် သူ့ခန္ဓာကိုယ်က ဖျပ်ခနဲ လှုပ်ရှားသွားကာ လှိုဏ်ဂူထဲကနေ ထိုးထွက်သွားသည်။ ကောင်းကင်ဘုံသက်တော်စောင့်ကလည်း သူ့နောက်ကနေ လိုက်ပါကာ သူ့အရိပ်ထဲတွင် ပြန်ပုန်းခိုသွား၏။

သည်မိုးကြိုးတောင်၏ ရှေ့တည့်တည့်သည် သည်အစိတ်အပိုင်း၏အစွန်း ဖြစ်သည်။သည်အစိတ်အပိုင်းအစွန်း၌ မိုးကြိုးကွင်းပြင် တစ်ခု ရှိနေ၏။

“မိုးကောင်းကင်ဘုံနယ်မြေမှာတုန်းက တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်တွေ ရှိသေးတယ်။ဒါပေမဲ့လည်း မိုးကြိုးကောင်းကင်ဘုံနယ်မြေမှာတော့ မိုးကြိုးကသာ အားကောင်းတဲ့ တည်နေရာရွှေ့ပြောင်းပေးတဲ့အရာတွေ ဖြစ်နေတယ်။ဒါ့ကြောင့် လှည့်လည်သွားလာခြင်းက လူတစ်ယောက်ခြေထောက်ရဲ့ စွမ်းအားပေါ်ပဲ မှီတည်တော့တယ်…”

ဝမ်လင်းက စဉ်းစားနေ၏။ သူက ယခုအစိတ်အပိုင်းကနေ ထွက်သွားရန် အလျင်မလိုပေ။ သူက ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်လှိုင်း တုန်ခါမှု ရှိနေသော မည်သည့်နေရာကိုမဆို သေချာရှာဖွေကြည့်နေ၏။

ဝမ်လင်းက ပျံသန်းနေရင်း သူ့အသွင်က ရုတ်တရက် ပြောင်းလဲသွားသည်။သူ့ရှေ့တည့်တည့်ကနေ ဓားစွမ်းအင်တန်းနှစ်ခုသည် သူ့ထံသို့ ပျံသန်းလာနေ၏။ ထိုဓားစွမ်းအင်တန်းနှစ်ခု၏ အပေါ်တွင် အမျိုးသား တစ်ယောက်နှင့် အမျိုးသမီးနှစ်ယောက်တို့ ရှိနေ၏။

အမျိုးသားက အပြာရင့်ရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ အသက်သုံးဆယ်ပတ်လည်ခန့်ရှိသည်။ သူ့ရုပ်ရည်ကလည်း သာမန်မျှသာ။ အမျိုးသမီးကတော့ အသက်နှစ်ဆယ့်ရှစ် ပတ်လည်လောက်ရှိကာ သူမ၏ ရုပ်ရည်က ချောမောလှသော်လည်း သူမ၏ မျက်လုံးများက မကောင်းဆိုးဝါးဆန်မှုမကို ပြသနေသည်။

သည်နှစ်ယောက်က ပျံသန်းနေရင်း သူတို့က ဝမ်လင်းကို သတိပြုမိသွားကြ၏။ သို့သော် သူတို့က ရပ်တန့်ခြင်း မပြုပေ။သူတို့က နတ်ဘုရားအာရုံဖြင့် ဖြန့်ကျက်ကြည့်လိုက်ရာ ဝမ်လင်းသည် အာဏာတက်ခြင်းနောက်ဆုံးအထွတ်အထိပ်အဆင့်သာ ဖြစ်ကြောင်း ခပ်ရေးရေးအာရုံခံမိသည်။သူတို့နှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက်ကြည့်ကာ စကားတစ်ခွန်းမှ မဆိုတော့ဘဲ အဝေးသို့ ထွက်သွားတော့၏။

ဝမ်လင်းကလည်း ထိုလူနှစ်ယောက်သည် အာဏာတက်ခြင်းအထွတ်အထိပ်အဆင့်တွင်သာ ရှိသေးကြောင်း သိလိုက်ပေ၏။

သူတို့နှစ်ယောက်၏ မူလစိတ်ဝိညာဉ်ထဲတွင်တော့ သူလိုမျိုး မူလစွမ်းအင် များများစားစား ရှိမနေပေ။

သူတို့နှစ်ယောက်လုံးက ဘာပြဿနာမှ မဖြစ်လိုဟန်နှင့် ခပ်မြန်မြန် ပြန်ထွက်ခွာသွားကြပေသည်။ဝမ်လင်းက တစ်ချက်သာ ကြည့်လိုက်ပြီးနောက် သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်သည်။ ထို့နောက် မြေပြင်ထက်ကို ဆက်လက်ကြည့်ရှုနေသည်။

မိုးကြိုးကောင်းကင်ဘုံနယ်မြေဖွင့်သည်မှာ အကြိမ်များစွာ ရှိနေခဲ့ပြီ ဖြစ်သည်။ထို့ကြောင့် တစ်ကြိမ်စီတိုင်းတွင်လည်း ရိတ်သိမ်းနိုင်သည့်အကျိုးအမြတ်က နည်းပါးလာခဲ့ပြီ ဖြစ်သည်။

ဝမ်လင်းက မိုးကောင်းကင်ဘုံနယ်မြေတွင်လည်း အတွေ့အကြုံ ရှိခဲ့ဖူး၏။ထို့ကြောင့် သူ့အတွက် ပို၍ လွယ်ကူစေသည်။ ဖျပ်ခနဲပင် တစ်လကုန်သွားလေပြီ။ ဝမ်လင်းက ကျင့်ကြံသူ သုံးလေးငါးယောက်လောက်နှင့်သာ တွေ့ဆုံခဲ့ရသေးသည်။

သူတို့ကြားတွင် သူက မည်သည့်ပုံရိပ်ယောင်ယင်အဆင့်ကျင့်ကြံသူကိုမျှ မတွေ့ရပေ။ အများစုက အာဏာတက်ခြင်းအဆင့်တွင်သာ ရှိကာ တစ်ယောက်ဆိုလျှင် စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်၌သာ ရှိသေး၏။

ဝမ်လင်းက တစ်လတိတိ သုံး၍ အစိတ်အပိုင်းတစ်ခုလုံးကို သေချာ ရှာဖွေ့ကြည့်ခဲ့သော်လည်း မည်သည့်အရာကိုမျှ တွေ့ရှိခဲ့ခြင်း မရှိပေ။ အနည်းငယ် စဉ်းစားပြီးနောက် သူက ရှာဖွေခြင်းကို ရပ်တန့်လိုက်၏။ သည့်နောက် သူက သည်အစိတ်အပိုင်းအပေါ်သို့ စရောက်လာခဲ့သည့်နေရာသို့ အရှိန်အမြင့်ဆုံးနှင့် ပျံသန်းသွားတော့သည်။

သည်နေ့တွင် ဝမ်လင်းက ပျံသန်းနေရင်း သူ့မျက်လုံးက ရုတ်တရက် ကျဉ်းမြောင်းသွား၏။အကွာအဝေးတစ်ခုရှိ မြေပြင်ထက်တွင် အတားအဆီးအစီအရင်တစ်ခုက ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။

ထိုအတားအဆီးက ဖုန်းကွယ်နေသော်လည်း ဝမ်လင်းလို အတားအဆီးနှင့်ပတ်သတ်၍ ဆရာတစ်ဆူအဖို့ မြင်ရဖို့က လွယ်လှပေသည်။သူသည် အစောပိုင်းတုန်းက သည်နေရာကို ဖြတ်သန်းလာတုန်းက အတားအဆီးတစ်ခု မရှိကြောင်းကို ကောင်းကောင်းမှတ်မိနေခဲ့သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset