ရှုဖန်ဟန်၏ ခန္ဓာကိုယ်သည် ကျာပွတ်ထိမှန်သွားသည့်အခိုက်၌ အေးစက်မှုကို ခံစားလိုက်ရသည်။သူ့စိတ်ထဲ၌လည်း အတွေးများက ဗြောင်းဆန်ကုန်ကြသည်။ထိုအတွေးများက သူ့ခန္ဓာကိုယ်ထဲ၌ အလွန်အမင်း မတည်မငြိမ်မှုကို ဖြစ်တည်လာစေသည်။သူက တစ်စစီဆွဲဆုတ်ခံရသကဲ့သို့ ခံစားလိုက်ရ၏။
သူ့ခြေလှမ်းများကလည်း အလိုလိုနှေးကွေးလာကာ သူ့တာအိုပင် မတည်မငြိမ် ဖြစ်လာခဲ့သည်။
သူက ထိုကျာပွတ်၏ ကြောက်မက်ဖွယ်စွမ်းအားကို စိတ်ကူးကြည့်၍ပင် မစွမ်းသာ ဖြစ်ရသည်။ထိုအခိုက်အတန့်၌ ဝမ်လင်းသည် ရှေ့သို့ ထိုးတက်လာခဲ့သည်။သူက ရှုဖန်ဟန်ထံသို့ သွားရောက်ခြင်းမဟုတ်ဘဲ ရှုဖန်ဟန်၏ ကြာပွင့်ထံသို့ ဦးတည်သွားခြင်းသာ ဖြစ်၏။
သည်အခိုက်အတန့်၌ ဝမ်လင်း၏ ဆံပင်များက လေမတိုက်ဘဲ ဝဲလွင့်နေကာ သူ့ဝတ်စုံကလည်း လေထဲ၌ တဖျပ်ဖျပ် ဖြစ်နေသည်။သူ့မျက်လုံးများက တောက်ပနေ၏။ သူ့မျက်နှာက ဖြူရောနေသော်လည်း သူ့ထံကနေ သာမန်ထက်ထူးကဲသော အော်ရာတစ်ခုကို ပေးစွမ်းနေချေသည်။
ရှုဖန်ဟန်၏ တာအိုကြာပွင့်ထိပ်တွင် မတ်တပ်ရပ်နေရ်း ဝမ်လင်းသည် နောက်လှည့်ကြည့်သည်။ သူက ရှုဖန်ဟန်ကို စူးရှစွာ ကြည့်လိုက်သည်။
သူက ကြာပွင့်ပေါ်၌ မတ်တပ်ရပ်နေခြင်းသည် ရှုဖန်ဟန်၏ တာအိုပေါ်တွင် မတ်တပ်ရပ်နေခြင်းနှင့် တူညီပေ၏။ထိုအပြုအမူက အစစ်အမှန်အားဖြင့် မည်သည့်သက်ရောက်မှုမှ မရှိသော်လည်း လူတစ်ယောက်၏ စိတ်ကို အံ့မခန်းတိုက်ခိုက်မှုတစ်ခု ဖြစ်နေသည်။
ရှုဖန်ဟန်က သူ့စိတ်ထဲရှိ ဗြောင်းဆန်သွားသောအတွေးများကို နောက်ဆုံးတွင် ပြန်ဖိနှိပ်နိုင်သွားသည်။သူ့တာအိုနှလုံးသားကလည်း အားနားသွားခဲ့လေပြီ။သူက ဝမ်လင်း သူ့ကြာပွင့်ပေါ်၌ မတ်တပ်ရပ်နေသည်ကို တွေ့မြင်သည့်အခါ သူ့အသွင်က ချက်ခြင်း ဖြူရောသွားလေ၏။
ဝမ်လင်းက စကားတစ်ခွန်းမှ မဆိုဘဲ ရှုဖန်ဟန်ထံသို့သာ အေးစက်စက် စူးစိုက်ကြည့်နေသည်။သူက အင်္ကျီလက်အိုးကို ဝှေ့ယမ်းကာ ကြာပွင့်ပေါ်၌ ထိုင်ချလိုက်၏။ သည်အခိုက်အတန့်၌ တစ္ဆေလောကမြစ်၏ စွမ်းအားက ပိုမို သိပ်သည်းလာခဲ့ကာ ကြာပွင့်အား ချက်ခြင်းလိုလို ဝန်းရံလာခဲ့သည်။
ရှုဖန်ဟန်က တာအိုတိုက်ပွဲတွင် ရှုံးနိမ့်သွားခဲ့လေပြီ။ သူ့အသွင်က ဖြူရောသွားကာ သွေးတစ်လုပ်အန်ထုတ်လိုက်ရ၏။ သည့်နောက် သူက မဖြစ်ညစ်ကျယ်ပြုံး၍ နောက်သို့ ချက်ခြင်း ဆုတ်သည်။တစ်ချိန်တည်းမှာပင် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေလိုက်သည်။ သူ့ခန္ဓာကိုယ်ထဲရှိ မူလစွမ်းအင်က သူ့လက်နှစ်ဖက်တွင် လာရောက် စုဝေးလေ၏။
“ငါ့မှာ မူလမန္တာန်တစ်ခု ကျန်သေးတယ်….မူလဖြစ်ပေါ်မိစ္ဆာနတ်ဘုရား…”
ရှုဖန်ဟန်၏ မျက်နှာက ကြမ်းကြုတ်လာခဲ့သည်။သူက သည် နာမည်ပင် မသိရသော ရန်သူကို အလွန်မုန်းတီနေခဲ့ပြီ ဖြစ်သည်။
မူလစွမ်းအင်က သူ့လက်တွင် စုစည်းလာ၏။ ထို့နောက် အနက်ရောင်နတ်ဆိုးမိစ္ဆာမီးတောက်က သူ့လက်နှစ်ဖက်ကြားတွင် ရုတ်တရက် ပေါ်လာခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် နတ်ဆိုးမိစ္ဆာမီးတောက်က မူလစွမ်းအင်တော်တော်များများကို စုပ်ယူခဲ့ကာ ကြီးမားစွာ ချဲ့ထွင်လာ၏။ ၎င်းက ထူထဲသော အနက်ရောင်အခိုးအငွေ့ကို ပေးစွမ်းလာကာ ယင်းအခိုးငွေ့က ဦးချိုတစ်ချောင်း နတ်ဆိုးမိစ္ဆာတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားသည်။၎င်း၏ ပုံပန်းသွင်ပြင်က ပျဲ့ကျဲနတ်ဆိုးနှင့် အလားသဏ္ဌာန်တူ၏။သို့သော် ၎င်းသည် ပျံ့ကျဲနတ်ဆိုးမိစ္ဆာလောက်တော့ သန်မာလှခြင်း မရှိပေ။
ဝမ်လင်းစိတ်ထဲ၌ သေရေးရှင်ရေး အာရုံသိ ဖြစ်ပေါ်လာ၏။ဝမ်လင်းက သူ့ညာလက်ဖြင့် ကြာပွင့်ကို ရိုက်ချလိုက်၏။ထို့နောက် သူက ကြာပွင့်ပေါ်ကနေ ခုန်ဆင်းလိုက်သည်။သည့်နောက်တွင် သူ့ညာလက်ဖြင့် သူ့မျက်ခုံးနှစ်ခုကြားသို့ ဖိနှိပ်လိုက်သည်။သူက နတ်ဆိုးမိစ္ဆာထံသို့ တိုက်ရိုက်တိုးဝင်သွားချေ၏။
သူ့အမြန်နှုန်းက အံ့မခန်းပင်။ သူက နီးကပ်လာသည့်အခါ သူ့မျက်ခုံးနှစ်ခုကြား၌ တတိယမြောက်မျက်လုံး ပေါ်လာခဲ့ကာ ပြင်းထန်သော အနီရောင်အလင်းတစ်ခုကို ထုတ်လွှတ်လာ၏။ထိုအနီရောင်အလင်းက ပျံ့နှံ့သွားခြင်း မရှိဘဲ စုစည်းကာ နေသည်။ခုချိန်တွင် ဝမ်လင်းသည် နတ်ဆိုးတစ်ပါး အသွင် ဖြစ်ပေါ်နေသည်ဟု ထင်ရ၏။
နတ်ဆိုးမိစ္ဆာပေါ်လာသည့် အခိုက်တွင် ၎င်းက ဟိန်းသံပြုကာ ရှုဖန်ဟန်၏ ပုခုံးကို ကိုက်လိုက်၏။ထို့နောက် သူ့ကို လေထဲသို့ ဆွဲယူကာ ဝါးမြိုပစ်လိုက်၏။
၎င်းက ရှုဖန်ဟန်ကို ထိုသို့ ပြုလုပ်ပြီးသည့်နောက် ခေါင်းလှည့်လာကာ ဝမ်လင်းအား စူးစိုက်ကြည့်သည်။ထို့နောက် ၎င်းသည် လက်သည်းများကို ဝှေ့ယမ်းကာ ဝမ်လင်းထံသို့ တိုးဝင်လာချေ၏။ထိုလက်သည်းများက ကောင်းကင်နှင့်မြေကြီးကိုပင် ဆွဲဆုတ်ပစ်တော့မလား ထင်မှတ်ရကာ စူးရှကျယ်လောင်သံကို ထုတ်လွှတ်နေ၏။
သည်အခိုက်အတန့်၌ ဝမ်လင်းမျက်နှာပေါ်ရှိ သွေးကြောများက ဖောင်းကြွလာခဲ့သည်။ သူ့မျက်ခုံးနှစ်ခုကြားရှိ တတိယမျက်လုံးက ပွင့်လာခဲ့ကာ ယပ်တောင်အသွင် အလင်းတန်းတစ်ခုကို ထုတ်လွှတ်လာ၏။
ထိုနတ်ဆိုးမိစ္ဆာ၏ ခန္ဓာကိုသည် ချက်ခြင်းပင် ယပ်တောင်အသွင် အနီရောင်အလင်းတန်းနှင့် ထိတွေ့သွား၏။ထိုအခါ ယင်းနတ်ဆိုးမိစ္ဆာ၏ ခန္ဓာကိုယ်မှာ အလင်းကြောင့် ထွင်းဖောက်မတက် ကြည်လင်ပြတ်သွားလာခဲ့၏။နတ်ဆိုးမိစ္ဆာ၏ အထဲ၌ သန္ဓေသားကဲ့သို့ ရှိနေသော ရှုဖန်ဟန်ကိုပင် မြင်လာရချေသည်။
မိစ္ဆာလက်သည်းများက နီးကပ်လာသည့်အခါ ဝမ်လင်းသည် ညာလက်ကို ၎င်းနတ်ဆိုးမိစ္ဆာထံသို့ ညွှန်ကာ အော်ပြောလိုက်၏။ “ရပ်တန့်ခြင်း…”
ရပ်တန့်ခြင်းမန္တာန်သည် ကြီးမားသောအားတစ်ခုကဲ့သို့ သက်ဆင်းလာကာ ထိုအခိုက်အတန့်၌ ကမ္ဘာတစ်ခုလုံး ရပ်တန့်သွားသည်။ နတ်ဆိုးမိစ္ဆာသည်လည်း ချွင်းချက်မရှိ ရပ်တန့်သွားရ၏။ ထိုအရာက ဝမ်လင်းအတွက် အလွန်ကောင်းမွန်လှသော အခွင့်အရေးတစ်ရပ် ဖြစ်သွားသည်။
ခုချိန်၌ နတ်ဆိုးမိစ္ဆာသည် အနီရောင်အလင်းတန်းနှင့် လုံးဝ ဝန်းရံထားခြင်း ခံနေရကာ ၎င်း၏ ခန္ဓာကိုယ်သည် အနက်ရောင်အခိုးငွေ့မြောက်များစွာကို ပေးစွမ်းကာ နေသည်။၎င်းက ထိတ်လန့်ဖွယ် ညီးညူသံများကို ထုတ်လွှတ်နေကာ ၎င်း၏ အော်ငြီးသံများက အလွန်ပြင်းထန်လှသည်။ နတ်ဆိုးမိစ္ဆာ၏ ခန္ဓာကိုယ်ထဲတွင် ငြိမ်သက်နေသော ရှုဖန်ဟန်ပင် မျက်လုံးဖွင့်လာခဲ့၏။
ဝမ်လင်းအသွင်က ဖြူရောနေ၏။သူက တတိယမျက်လုံးထံမှ အနီရောင်အလင်းကို အချိန်အတန်ကြာ ထိန်းသိမ်းထားနိုင်စွမ်း မရှိပေ။ ထိုသို့ ဖြစ်ရသည့် အကြောင်းရင်းမှာ ထိုမန္တာန်သည် မူလစွမ်းအင်များစွာ အသုံးပြုရခြင်းကြောင့် ဖြစ်၏။ဝမ်လင်းက အသက်နှစ်ကြိမ်ရှုစာကြာအောင်သာ တတိယမြောက်မျက်လုံးကို ထိန်းသိမ်းထားနိုင်ကာ ထို့နောက်တွင် ယင်းအနီရောင်အလင်းက ပျောက်ကွယ်သွားမည် ဖြစ်သည်။
သို့သော် ထိုအခိုက်အတန့်၌ ဝမ်လင်းသည် သိုလှောင်အိတ်ထဲကနေ ကောင်းကင်ဘုံဓားကို ထုတ်ယူလိုက်၏။သည့်နောက် သူက ဓားကို ပင့်မြှောက်၍ ခုတ်ပိုင်းချသည်။
“ကောင်းကင်ဘုံခုတ်ပိုင်းခြင်း ဓားချက်…”
မိုးခြိမ်းသံသည် ကောင်းကင်နှင့်မြေကြီးအနှံ ပဲ့တင်ထပ်လာခဲ့သည်။သည်ခုပ်ပိုင်းခြင်းသည် စွမ်းအား မပါဝင်ပေ။သို့သော် ကမ္ဘာလောက၏ ဥပဒေသ ပါ၏။
သည်ခုတ်ပိုင်းမှုက ရှုလီကောကိုလည်း သူ့အပိုင်းသူလုပ်ဆောင်ခွင့် ရသွားစေ၏။ သိပ်သည်းသောဓားစိတ်ဆန္ဒသည် ကမ္ဘာလောက၌ ပြည့်နှက်လာခဲ့သည်။
ကောင်းကင်ဘုံဓားက ကျဆင်းပြီးသွားခဲ့လေပြီ။ သို့သော် နတ်ဆိုးမိစ္ဆာကတော့ ဒဏ်ရာရရှိခဲ့ခြင်း မရှိပေ။နတ်ဆိုးမိစ္ဆာ၏ အထဲ၌ ရှိနေသော ရှုဖန်ဟန်၏ မျက်လုံးက လက်ခနဲ ဖြစ်သွားသည်။ သို့ရာတွင် ဤအခိုက်အတန့်၌ နတ်ဆိုးမိစ္ဆာ ဖြစ်စေ ရှုဖန်ဟန် ဖြစ်စော နှစ်ယောက်လုံးသည် တစ်လက်မပင် ရွှေ့လျား၍ မရတော့ပေ။
ခဏတာကြာမြင့်ပြီးသည့်နောက် နတ်ဆိုးမိစ္ဆ၏ အပေါ်၌ အက်ကွဲကြောင်းများ ပေါ်လာခဲ့ကာ ထိုအက်ကွဲကြောင်းများထဲကနေ နတ်ဆိုးမိစ္ဆာစွမ်းအင်များက လွတ်ထွက်လာသည်။နတ်ဆိုးမိစ္ဆာစွမ်းအင် လွင့်ပြယ်သွားပြီးနောက် ရှုဖန်ဟန်သည် ထွက်ပေါ်လာခဲ့ချေသည်။
ထိုအခါ ရှုဖန်ဟန်သည် သေဆုံးသွားခဲ့ပြီ ဖြစ်သည်။
ဝမ်လင်းပါးစပ်ထောင့်ကနေ သွေးများစီးကျနေသည်။ပုံရိပ်ယောင်အဆင့် ကျင့်ကြံသူကို သတ်ဖို့က အမှန်တကယ် ခက်ခဲလှပေသည်။ဝမ်လင်းက ကောင်းကင်ဘုံဓားကို ပြန်သိမ်းယူကာ မြေပြင်ထက်သို့ ဆန့်ထုတ်လိုက်သည်။သူက တစစီဖြစ်နေသော ရတနာအပိုင်းအစများကို စုစည်းလိုက်သည်။ထို့နောက် သူက အလျင်အမြန် ထွက်ခွာသွားတော့သည်။
တစ္ဆေလောကမြစ်အတွင်းရှိ နတ်ဆိုးမိစ္ဆာကြာပွင့်ကတော့ အချို့အကြောင်းပြချက်များကြောင့် ပျောက်ကွယ်သွားခြင်း မရှိသေးပေ။၎င်းကြာပွင့်က တစ္ဆေလောကမြစ်၏ စုပ်ယူခြင်းခံလိုက်ရကာ ဖြည်းဖြည်းခြင်း သန့်စင်ခံနေလေသည်။
သူက ထိုအဖြစ်ကို သတိပြုမိသည့်အချိန်တွင် ဝမ်လင်းသည် တွေးတောနေသည့်အသွင် ဖြစ်ပေါ်နေသည်။
“ငါက တာအိုရဲ့ ရုပ်ပိုင်းအသွင် သရုပ်သကန်ကို လက်နက်ရတနာတစ်ခုအဖြစ် သန့်စင်လို့ရနိုင်မလား သိချင်မိတယ်…”
ဝမ်လင်းက ပျံသန်းနေရင်း နတ်ဘုရားအာရုံကို ဖြန့်ကျက်ထားသည်။ ပြီးခဲ့သော တိုက်ပွဲက ကျင့်ကြံသူအချို့ကို စွဲဆောင်နိုင်မည်မှာ သေချာသလောက် ရှိပေသည်။ထို့ကြောင့် ဝမ်လင်းက မြန်ဆန်စွာ ပျံသန်းနေခြင်း ဖြစ်သည်။သူက ကီလိုမီတာ သောင်းချီသို့ ရောက်လာပြီးသည့်အထိ ရပ်တန့်ခြင်း မရှိသေးပေ။
သည်အစိတ်အပိုင်းက အလွန်ကြီးမားကျယ်ပြန့်သည်။မိုးကောင်းကင်ဘုံနယ်မြေရှိ အစိတ်အပိုင်းနေရာများထက်လည်း ပို၍ တည်တည်မြဲမြဲ ရှိလေသည်။ ပြီးခဲ့သော တိုက်ပွဲကသာ မိုးကောင်းကင်ဘုံနယ်မြေတွင် ဖြစ်ပွားခဲ့ပါက ခုလောက်ဆို အစိတ်အပိုင်းများစွာက ပျက်စီးပြိုကျနေလောက်ပြီ ဖြစ်သည်။
ဝမ်လင်းက သုံးရက်ဆက်တိုက် ပျံသန်းလာသည်။ထို့နောက်တွင်သူက သူ့ရှေ့၌ အစွန်းတစ်ခုကို တွေ့မြင်လိုက်ရသည်။ထိုအစွန်းနားတွင် သူက ရပ်တန့်ကာ ဘေးပတ်လည်သို့ ကြည့်လိုက်သည်။ သိပ်မဝေးသော နေရာတွင် မိုးကြိုးများနှင့် ပြည့်နေသော တောင်တစ်ခု ရှိလို့နေ၏။
ဝမ်လင်းက ထိုတောင်သို့ တိုက်ရိုက် ပျံသန်းသွားသည်။သူက ကောင်းကင်ဘုံဓားကို အသုံးပြုကာ ထိုတောင်ပေါ်၌ လှိုဏ်ဂူတစ်ခုပြုလုပ်လိုက်၏။ထို့နောက် သူက ထိုလှိုဏ်ဂူထဲ၌ ထိုင်ချကာ ကျင့်ကြံရန်ပြင်သည်။
ရှုဖန်ဟန်နှင့် တိုက်ပွဲအတွင်း ဝမ်လင်းက ကောင်းကင်ဘုံခုတ်ပိုင်းခြင်းနှင့် တတိယမျက်လုံးတို့ကို အသုံးပြုခဲ့ရသည့်အတွက် သူ့ခန္ဓာကိုယ်ထဲရှိ မူလစွမ်းအင်များကို ထုတ်ငင်သုံးစွဲခဲ့ရပေသည်။သို့ရာတွင် သူက ကောင်းကင်ဘုံမိုးကြိုးတန်း နှစ်ခုနှင့်တစ်ဝက်ကို ဝါးမြိုခဲ့ပြီး ဖြစ်ကာ ထိုမိုးကြိုးတန်းကို သန့်စင်ရခြင်း မရှိသေးဘဲ သူ့ခန္ဓာကိုယ်ထဲ၌သာ ဆက်လက် သိမ်းဆည်းထားလျက် ရှိနေသည်။သူက ၎င်းတို့ကို မြန်ဆန်စွာ သန့်စင်၍ တိုက်ပွဲတွင် အသုံးပြုခဲ့သော မူလစွမ်းအင်များကို ပြန်ကောင်းမွန်လာအောင် ပြုလုပ်လိုက်၏။
သည့်အပြင် သည်နေရာက မိုးကြိုးကောင်းကင်ဘုံနယ်မြေ ဖြစ်၏။ထို့ကြောင့် သည်နေရာရှိ အပင်များနှင့်တောင်တန်းများအပါအဝင် အရာအားလုံးသည် မိုးကြိုးဓာတ် ပါဝင်နေပေ၏။ သည်နေရာက ဝမ်လင်းအတွက် တော်ဝင်မြေတစ်ခုကဲ့သို့ ဖြစ်နေကာ သည်နေရာတွင် ကျင့်ကြံခြင်းက အပြင်ထက် ပိုမြန်ဆန်ပေသည်။
သူက ရေထဲက ငါးတစ်ကောင်အလား။
ကျင့်ကြံနေရင်း ဝမ်လင်းက တစ္ဆေလောကမြစ်ထဲကနေ ကြာပွင့်ကို ထုတ်ယူလိုက်သည်။ထိုကြာပွင့်က တုံးတိ ဖြစ်လို့နေသည်။ထိုကြာပွင့်က တစ္ဆေလောကမြစ်ထဲကနေ ထွက်ပေါ်လာသည့်အခိုက်တွင် ပျောက်ကွယ်တော့မည့် အရိပ်လက္ခဏာ ပြသလာသည်။
ဝမ်လင်းက ထိုကြာပွင့်ကို လေ့လာကြည့်ပြီးနောက် တစ္ဆေလောကမြစ်အတွင်းသို့ ပြန်ထည့်သွင်းလိုက်သည်။
ထို့နောက် သူ စုဆောင်းယူခဲ့သော အပိုင်းအစများအား ထုတ်ယူလိုက်သည်။ ထိုအပိုင်းအစများကို စုပေါင်းကြည့်ခြင်းအားဖြင့် ပန်းအိုးအသွင် ရတနာတစ်ခုဖြစ်ကောင်း ပြောနိုင်ပေသည်။
ယင်းအပိုင်းအစများထံမှ ထွက်ပေါ်နေသည့် ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင် တုန်ခါလှိုင်းက တော်တော်လေး ထူးဆန်းနေသည်။ကြည့်ရသညမှာ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်နှင့် တူသော်လည်း မဟုတ်သည့်ပုံပင်။
ဝမ်လင်းက ၎င်းတို့ကို ကြည့်နေရင်း စဉ်းစားနေသည်။ထို့နောက် သူ့မျက်လုံးက ရုတ်တရက် ကျဉ်းမြောင်းသွား၏။ သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “ဒါက ပျက်စီးနေတဲ့ မူလကိရိယာ ဖြစ်နေနိုင်လား…”
ထိုအခိုက်အတန့်၌ သွေးနီရောင်အလင်းတန်းတစ်ခုသည် အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းကြီးတွင် ဖြတ်၍ ပျံသန်းနေ၏။ထိုအနီရောင်အလင်းတန်း၏ အဆုံးသပ်နားသည် အနီရင့်ရောင်ဂြိုဟ်တစ်ခု ဖြစ်လေသည်။
ထိုဂြိုဟ်က အလွန်ကြီးမားကာ ထူးဆန်းသောအော်ရာကို ပေးစွမ်းနေသည်။ထိုအော်ရာကို ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်၊ နတ်ဆိုးမိစ္ဆာစွမ်းအင် သို့မဟုတ် နတ်ဆိုးစွမ်းအင်ဟူ၍ သေချာဆုံးဖြတ်၍ မရပေ။
ထိုဂြိုဟ်က တည်ငြိမ်နေခြင်းမဟုတ်ဘဲ ဖြည်းဖြည်းချင်း ရွေ့လျားလို့နေသည်။
အနီရောင်အလင်းတန်းက ထိုဂြိုဟ်၏ ရှေ့တွင် ရပ်တန့်သွားသည်။ထို့နောက် လူတစ်ယောက်၏ အသွင် ပေါ်ထွက်လာ၏။ ထိုလူက အနီရောင်ဆံပင်၊ အနက်ရောင်မျက်ခုံး ပိုင်ဆိုင်ထားကာ အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။သူက အလွန်ချောမောကာ အသက်လေးဆယ်ခန့်ဟု ထင်ရ၏။
သူက ပတ်ဝန်းကျင် အာကာသဟင်းလင်းပြင်နှင့် အနီရင့်ရောင်ဂြိုဟ်ကို ကြည့်နေ၏။ သူ့အကြည့်ထဲ၌ တမ်းတလွမ်းဆွတ်ဟန်တို့ ပါဝင်နေသည်။သူက လက်နှစ်ဖက်ယှက်ကာ လေးစားစွာ ပြောလိုက်၏။ “ယောင်လျိုတန်ရဲ့သား…ယောင်ခုန်က မိသားစုရှိ ပြန်လာပါတယ်…”
ပတ်ဝန်းကျင်သည် လုံးဝ တိတ်ဆိတ်နေသည်။အချိန်အတန်ကြာပြီးနောက် ထိုအနီရင့်ရောင်ဂြိုဟ်က ရုတ်တရက် ရပ်တန့်သွားကာ ဂြိုဟ်အတွင်းကနေ ခပ်ရှရှအသံ တစ်ခု ထွက်ပေါ်လာ၏။
“မင်းရဲ့အဖေက မိသားစုကနေ ထွက်ခွာသွားချိန်တုန်းက သူ့မျိုးဆက် ဘယ်လောက်ပဲ ဆင့်ပွားရှိလာပါစေ သူတို့အားလုံးက ဘယ်တော့မှ မိသားစုရှိ ပြန်မလာဘူးလို့ မပြောခဲ့ဘူးလား…”
ယောင်ခုန်က သက်ပြင်းချမိ၏။အမှန်တကယ်တော့ သူက သူ့အဖေသူ့အတွက် ထားခဲ့သော အလုံးစုံကောင်းကင်ကျောက်တုံးကို အသုံးပြုကာ အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းထံသို့ ပြန်မလာလိုခဲ့ပေ။
သို့ရာတွင် သူက အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းသို့ ပြန်မလာပါကလည်း စိတ်အေးလက်အေး နေရလိမ့်မည် မဟုတ်ပေ။ ထိုသို့ဖြစ်ရသည့်အကြောင်းရင်းကတော့ သူ့သမီးဖြစ်သူ ယောင်ရှင်းရွှယ်ကြောင့် ဖြစ်လေ၏။အမှန်တော့ သည်လူက သွေးဘိုးဘေးပင် ဖြစ်တော့၏။
“ငါ…” သူက စကားပြောဟန် ပြင်လိုက်စဉ်မှာပင် ခပ်ရှရှအသံက ကြားဖြတ်ဝင်လာ၏။
“ဒီနေရာကနေ ထွက်သွားပြီး မင်းအဖေရွေးချယ်ခဲ့တဲ့ မဟာမိတ်ကြယ်အဖွဲ့အစည်းကို ပြန်ပါ။ ငါ့ ယောင်မိသားစုမှာ ယောင်လျိုတန်ဆိုတဲ့ နာမည် မရှိဘူး…”
ထိုအသံထဲ၌ ဆုံးဖြတ်ချက် ပြတ်သားခြင်းတို့ ပါနေသည်။
သွေးဘိုးဘေးက လက်သီးတင်းတင်းဆုပ်ကာ ပြောလိုက်သည်။ “အဘိုး…ငါ့တစ်ဦးတည်းသောသမီး ယောင်ရှင်းရွှယ်က မဟာမိတ်ကြယ်အဖွဲ့အစည်းမှာ အဖမ်းခံခဲ့ရပြီး ဒီနေရာကို ခေါ်လာခြင်း ခံခဲ့ရပါတယ်။သူမ သေသလား ရှင်သလားတောင် မသိရပါဘူး။ သူမက ယောင်မိသားစုရဲ့ သွေးစီးဆင်းနေတဲ့သူပါ…”
ခပ်ရှရှအသံက တိတ်ဆိတ်သွားသည်။အချိန်အတန်ကြာမြင့်ပြီးနောက် ရှေးဟောင်းသက်ပြင်းချသံ တစ်ခု ထွက်ပေါ်လာသည်။
“ယောင်ရှင်းရွှယ်…” ထိုခေါ်လိုက်သည့်အသံက အလွန်နူးညံ့၏။ ခဏအကြာတွင် အသံတစ်ခု ဖြည်းဖြည်းချင်း ထွက်ပေါ်လာ၏။
“ငါက သူမဟာ မိုးကြိုးကောင်းကင်ဘုံနယ်မြေထဲမှာ ရှိလိမ့်မယ်လို့ တွက်ချက်မိတယ်။ မင်းသွားပြီး ငါ့ရဲ့ မြစ်ကို ပြန်ခေါ်လာခဲ့ပါ။ ငါ့တုန်ကင်နဲ့အတူ မိုးကြိုးကောင်းကင်ဘုံကျောင်းတော်ကို သွားပါ။ သူတို့က မင်းကို မိုးကြိုးကောင်းကင်ဘုံနယ်မြေထဲ ပို့ပေးလိမ့်မယ်။ မင်း နောက်ကျသွားရင်တော့ သူတို့လည်းမင်းကို မိုးကြိုးကောင်းကင်ဘုံနယ်မြေထဲ ပို့ပေးနိုင်စွမ်း ရှိတော့မှာ မဟုတ်ဘူး…”
***