အခန်း (၆) : တာအိုနှလုံးသား
ဝမ်ဝေ့က ဂိုဏ်းချုပ်ခန်းမဆီ လျှောက်လာရင်း ဒီကမ္ဘာအကြောင်း စုဆောင်းထားသမျှ အကြောင်းအရာများကို ပြန်လည် တွေးတောနေသည်။
သူ ကျင့်ကြံရေးအကြောင်း သင်ယူပြီးသည်နှင့် ဒီမျိုးဆက်အတွက် ကောင်းကင်အလိုဆန္ဒ ထမ်းရွက်သူဖြစ်ဖို့ ဆုံးဖြတ်လိုက်တော့သည်။
ကမ္ဘာကူးလာသည့် အဖွဲ့ဝင် တစ်ယောက်အနေနှင့် သူလည်း ထိပ်ဆုံးသို့ သွားရမည်။
သူ့ကမ္ဘာတူ လူများကြား မည်သူကများ အတိုင်းအထက်လွန် အားကောင်းလာတာမျိုး မရှိဘဲ နေလို့လဲ … မည်သူကများ လှပတဲ့ အင်မော်တယ် ဇနီးသည်များစွာ မရှိဘဲ နေလို့လဲ …
ဝမ်ဝေ့အတွက် ကျေနပ်စရာအကောင်းဆုံး တစ်ခုမှာ သူ့နောက်ခံ ဖြစ်၏။ သူက အလယ်ပိုင်း ချီလင်ကုန်းမြေ၏ အားအကောင်းဆုံး ဂိုဏ်းတစ်ခု ဖြစ်သည့် တာအိုအခွင့်အလမ်းဂိုဏ်းမှ ဂိုဏ်းချုပ်၏ သား ဖြစ်ပေသည်။
ကုန်းမြေငါးခုအနက် အလယ်ပိုင်း ချီလင် ကုန်းမြေက အားအကောင်းဆုံး ဖြစ်သလို ယှဉ်ပြိုင်မှုအများဆုံးလည်း ဖြစ်သည်။ ဝိညာဉ်ချီလည်း အသိပ်သည်းဆုံး ဖြစ်သလို ဧကရာဇ်မျိုးနွယ် ပေါ်ထွက်ရာလည်း အများဆုံး ဖြစ်၏။
ဧကရာဇ်မျိုးနွယ်ဆိုသည်မှာ မဟာဧကရာဇ်ကို ပြုစုပျိုးထောင်ပေးနိုင်သည့် ဂိုဏ်း သို့မဟုတ် အဖွဲ့အစည်းကို ဆိုလိုခြင်း ဖြစ်သည်။
နောက်ပိုင်း ဝမ်ဝေ့က သူ့မိခင်ဖြစ်သူ မိသားစုပင် ဧကရာဇ်မျိုးနွယ် ဖြစ်ကြောင်း သိလိုက်ရသည်။ နောက်ခံအရ လူတစ်ချို့သာ သူ့ကို ယှဉ်နိုင်လိမ့်မည်။
သို့သော်လည်း ဝမ်ဝေ့က မောက်မာလာခြင်းမျိုး မရှိချေ။ တကယ်တော့ သူ မွေးဖွားလာစဉ်အခါ ပေါ်ထွက်ခဲ့သည့် ရောင်ဝါများက သူ့အား ဖိအားအောက် ကောင်းကောင်းလုပ်ဆောင်ဖို့ လှုံ့ဆော်မှု ပေးနေသည်။
သူ့အပေါ် မျှော်လင့်ချက် အမြောက်အများ ရှိသည် မဟုတ်ပါလော။
ယနေ့ သူက ဧကရာဇ်လမ်းစဉ် ပထမဆုံး လျှောက်လှမ်းဖို့အတွက် ဂိုဏ်းအတွင်း အရေးပါသူများနှင့် တွေ့ဆုံရမည်။ ဝမ်ဝေ့ အစည်းအဝေးခန်းမဆီ ရောက်သည့်အခါ သူ့အဖေ အပါအဝင် လူများစွာက သူ့အား စောင့်ဆိုင်းနေကြသည်။
ဝမ်ဝေ့က အကြီးအကဲနှင့် သူ့ဖခင်ဖြစ်သူကို ကြည့်လိုက်သည်။ ထိုစဉ် သူ့အဖေက အိမ်မှာ မြင်တွေ့နေကျ သဘောကောင်းသည့် ဖခင်တစ်ဦး မဟုတ်တော့ဘဲ ဂိုဏ်းတစ်ဂိုဏ်းလုံးကို အုပ်ချုပ်နေသည့် စွမ်းအားကြီး ကျင့်ကြံသူတစ်ယောက်လို ဖြစ်နေသည်။
သူက လွှမ်းမိုးနိုင်စွမ်းကြီးလှ၏။ ဝမ်ဝေ့က တိတ်တခိုး လေးစားမိနေသည်။
ဝမ်ဝေ့ ရောက်လာသည့်အခါ အားလုံးက သူ့ကို အာရုံစိုက်ထားကြသောကြောင့် အခန်းထဲရှိ လေထုက ပို၍ တင်းကျပ်လာသလို ဖြစ်လာသည်။ ထိုလူများက မည်သည့် အရှိန်အဝါမှ ထုတ်လွှတ်မနေသော်လည်း သူတို့အကြည့်ခံရသည်မှာ ကြောက်စရာကောင်းလှသည်။
ထို့အပြင် အခန်းထဲရှိ လူများက အားကောင်းသည့် ကျင့်ကြံဆင့် ရှိကြသလို အဆင့်အတန်းလည်း မြင့်မားကြသည်။ သာမန်လူတစ်ယောက်က သူတို့အကြည့်ကို ဘယ်လိုခံနိုင်ရည်ရှိမည်နည်း။
တကယ်တော့ ဝမ်ဝေ့က ဒီအစည်းအဝေးအား အာရုံစိုက်ထားသည့် နောက်ထပ် အံ့ဖွယ်အသိစိတ်တချို့ ရှိနေသေးကြောင်း သတိပြုမိလေသည်။ သူ့အဘိုးဖြစ်သူနှင့် တောင်အနောက်ဘက်တွင် နေထိုင်ကြသော အကြီးအကဲချုပ်များသာ ဖြစ်လိမ့်မည်။
ဝမ်ဝေ့က သူ့အားကောင်းလှသည့် ဝိညာဉ်ကြောင့် ထူးထူးဆန်းဆန်း ပါရမီတချို့ ရှိထားလေသည်။ တစ်ခုမှာ သူက စတင် မကျင့်ကြံရသေးသော်လည်း အံ့ဖွယ်အသိစိတ်ကို သတိပြုမိနိုင်ခြင်း ဖြစ်၏။
ဝမ်ဝေ့က ဧကရာဇ်ဖြစ်လာဖို့အတွက် အားကောင်းသည့် ဝိညာဉ်က သူ့အကြီးမားဆုံးနှင့် အဓိကအားကိုးရာ ဖြစ်သည်။ သို့သော်လည်း ထိုတစ်ခုတည်းဖြင့် မလုံလောက်ကြောင်း သိထား၏။
သို့သော် အကြီးအကဲများ၏ စစ်ဆေးမှုအောက်တွင် ဝမ်ဝေ့က တည်ငြိမ်နေဆဲ ဖြစ်သည်။ အတိတ်ဘဝတုန်းက သူ့သူဌေးနှင့် ရင်ဆိုင်ရသည့်အခါ မှင်သေသေ မျက်နှာထားမျိုးကို ထိန်းထားနိုင်ရန် လေ့ကျင့်ထားခဲ့သည်။
“သခင်လေးက ဒီအစည်းအဝေးအတွက် ဘာလို့များ ခေါ်လိုက်တာပါလဲ ” အစီအရင်ခန်းမ၏ မဟာအကြီးအကဲက မေးလိုက်သည်။
သူ ဦးဆုံးပြောလိုက်သည့် အကြောင်းအရင်းမှာ သူက ယခင်ရှစ်နှစ်အတွင်း ဝမ်ဝေ့နှင့် အရင်းနှီးဆုံး ဖြစ်၍ ဖြစ်သည်။ သူသာလျှင် မကဘဲ ဆေးဝါးခန်းမ၊ လက်ဖွဲ့အဆောင်ခန်းမနှင့် မွမ်းမံသန့်စင်ရေး ခန်းမမှ မဟာအကြီးအကဲများလည်း ပါကြသည်။
ဝမ်ဝေ့က အချိန်အများစုကို သူတို့ကို လေ့လာရင်း ကုန်ဆုံးလေ့ရှိသောကြောင့် သူတို့က ရင်းနှီးနေလေပြီ။ ဝမ်ဝေ့က ထိုနယ်ပယ်များအား လေ့လာခြင်းမှာ အနာဂတ် သူ့အုတ်မြစ်အတွက် အလွန်အရေးပါသည့် အကြံတစ်ခုကို ဖော်ဆောင်နိုင်ဖို့အတွက် ဖြစ်သည်။ ထို့ကြောင့် သူက ထိုခန်းမမှ လူများနှင့် ရင်းနှီးလာခြင်း ဖြစ်၏။
ဝမ်ဝေ့က ခန်းမထဲ လျှောက်လာပြီးနောက် ဦးညွှတ်ကာ ပြောလိုက်သည်။
“ ဂိုဏ်းချုပ်၊ မဟာအကြီးအကဲတို့၊ အကြီးအကဲတို့ မင်္ဂလာပါခင်ဗျ … ကျွန်တော်က ဒီနေ့ အကူအညီတောင်းဖို့ ခေါ်လိုက်ရတာပါ ”
ထိုသို့ပြောပြီးနောက် ဝမ်ဝေ့က ခဏတာ ရပ်ကာ အခြေအနေ ထိန်းညှိကာ စကားလုံး အထားအသိုကို သေချာဂရုစိုက်ပြီး ဆက်ပြောလိုက်သည်။
“ မဟာဧကရာဇ်မြောက်များစွာရဲ့ ဒဏ္ဍာရီလာ အကြောင်းအရာ ဇာတ်ကြောင်းတွေကို ဖတ်ပြီးတဲ့နောက်မှာ မဟာဧကရာဇ် ဖြစ်လာဖို့အတွက် အဓိက လိုအပ်တာ ဘာလဲလို့ ကိုယ့်ဘာသာ မေးခွန်းထုတ်လာမိတယ် … ”
ဝမ်ဝေ့ စကားကို ကြားပြီး နားထောင်နေသည့်လူများက အံ့ဩသွားကြသည်။ သူတို့အတွက် သခင်ငယ်လေးက ကျင့်ကြံဖို့ အသက်အရွယ် မရောက်သေးသည့် နှပ်တွဲလဲ ကလေးသူငယ်တစ်ယောက်သာ ဖြစ်၏။ သို့သော် သူက သူတို့ဘဝတွင် အမြင့်မားဆုံး ရောက်နိုင်သည့် အကြီးမြတ်ဆုံး နယ်ပယ်အဆင့်အကြောင်းကို ပြောနေလေသည်။
သူတို့က ကိုးရို့ကားယား နိုင်သော်လည်း မနှောင့်ယှက်ဘဲ ဆက်ပြောခိုင်းလိုက်ကြသည်။
ထို့နောက် ဝမ်ဝေ့၏ အသံသာ ခန်းမကျယ်ထဲ ပျံ့လွှင့်လာသည်။
“ ဧကရာဇ် ဖြစ်လာဖို့ ပါရမီထူးလိုလား။ မဟုတ်သေးဘူး … သာမန်ပါရမီလောက်နဲ့ မဟာဧကရာဇ်တွေက ကောင်းကင်ရွေးချယ်ခံတွေကို အနိုင်ယူသွားပြီး အရိုက်အရာ အောင်မြင်သွားတာတွေလည်း မနည်းဘူး။
ပါရမီ မဟုတ်ဘူးဆိုရင် အရင်းအမြစ်လား … အဲဒါလည်း မဟုတ်ပြန်ဘူး။ တချို့ဧကရာဇ်တွေက ချို့တဲ့ခဲ့တယ်။ သူတို့ဘာသာ မှီခိုပြီး အရင်းအမြစ်တွေကို ရယူရင်း နောက်ခံပိုကောင်းတဲ့ တခြားသူတွေဆီကနေ အရိုက်အရာ လုယူနိုင်ခဲ့တာပဲ …
ဒါဆိုရင် စွမ်းအားကြီး ကျင့်စဉ်နဲ့ တာအိုကျင့်စဉ်လား … အဲဒါလည်း မဟုတ်သေးဘူး။ ဧကရာဇ်အများစုက သာမန်ကျင့်စဉ်လောက်ပဲ ကျင့်ကြံခဲ့ရတယ်။ အဲဒီနောက် သူတို့ရဲ့ ကိုယ်ပိုင် ကြိုးစားအားထုတ်မှုနဲ့ အဲဒီကျင့်စဉ်တွေကို ဧကရာဇ်အဆင့် ကျင့်စဉ်အဖြစ် ပြောင်းလဲစေခဲ့တယ်။
အဲဒါဆို ကြိုးစားတာက သော့ချက်လား … ကြိုးစားအားထုတ်မှုသာ မရှိရင် ကောင်းကင်အလိုဆန္ဒကို ထမ်းဆောင်ဖို့ မပြောနဲ့ … သူတော်စင်အဆင့်တောင် ရောက်နိုင်မှာ မဟုတ်ဘူး။ ကျင့်ကြံရေးက ရွက်လွှင့်နေရသလိုပဲ … ရှေ့ကိုမလှော်ရင် နောက်ပြန်ရောက်သွားမှာပဲ …
အဲဆို အဖြေက ကံကောင်းမှုများလား … ဒါပေမဲ့ ကံကောင်းမှုဆိုတာ ကောင်းကင်က စီမံပေးထားတဲ့ ပုံရိပ်ယောင်ပဲ။ ကျွန်တော်တို့ ကျင့်ကြံသူတွေက ကောင်းကင်ဘုံ နည်းလမ်းတွေပေါ် သက်ရောက်မှု မဖြစ်စေနိုင်ဘူး …
ဒီလိုဆို အဖြေက ဘာလဲ …
ကျွန်တော့်အမြင်အရတော့ ဒီမေးခွန်းရဲ့ အဖြေက ယိမ်းယိုင်မှုမရှိတဲ့ တာအိုနှလုံးသားလို့ ထင်တယ်။ ခိုင်မာမြဲမြံတဲ့ တာအိုနှလုံးသား ရှိထားမှ ဘယ်လိုအခက်အခဲမျိုးတွေ့တွေ့၊ ဘယ်လိုစိတ်ပျက်အားငယ်စရာမျိုး ကြုံကြုံ အကုန်ကျော်ဖြတ်နိုင်လိမ့်မယ်။ ခိုင်မာမြဲမြံတဲ့ တာအိုနှလုံးသားဆိုတာက အခက်အခဲ အတားအဆီး ဘယ်လောက်ရှိပါစေ တာအိုရဲ့ အမှန်တရား နောက်လိုက်မဲ့ စိတ် ရှိတာပဲ …
ကျင့်ကြံရေးက ခါးသီးတဲ့ ပင်လယ်ထဲ ရွက်လွှင့်နေရသလိုပဲ … ခန္ဓာကိုယ်က လှေ ဖြစ်ပြီးတော့ ဝိညာဉ်က ရွက်တိုင်ပဲ။ ကျင့်ကြံရေးက လေ … ဒါပေမဲ့ တာအိုနှလုံးသားက တခြားကမ်းခြေဆီ ခေါ်ဆောင်သွားမဲ့ သံလိုက်အိမ်မြောင်ပဲ …
ကျင့်ကြံရေးက ကောင်းကင်ဘုံကို သွေဖယ်တဲ့ လမ်းစဉ်ဆိုတော့ ကြီးကျယ်တဲ့ တာအိုနှလုံးသား မရှိဘဲ ကောင်းကင်အလိုဆန္ဒကို ဘယ်လိုထမ်းဆောင်ပြီးတော့ သူတို့ဘာသာ ဧကရာဇ်လို့ ဘယ်လို ထုတ်ဖော်ပြောမလဲ”
သူ့စကားအဆုံးတွင် ဝမ်ဝေ့ခန္ဓာကိုယ်မှ ကြီးကျယ်ခမ်းနားသည့် အရှိန်အဝါတစ်ခု ထွက်လာသည်။ သူ့နောက်တွင် သူ့ဆီ ဦးညွှတ်နေကြသည့် သက်ရှိများစွာကို ငုံ့ကြည့်နေသည့် ဧရာမပုံရိပ် ပုံရိပ်ကြီး ဝေဝါးဝါး ပေါ်ထွက်လာသည်။ သူက အားကောင်းကာ စွမ်းအားကြီးလှ၏။
ကံဆိုးစွာဖြင့် ထိုပုံရိပ်က ပုံရိပ်ယောင်မျှ ဖြစ်ပြီး မကြာခင် လွှင့်ပျယ်သွားလေသည်။
အခန်းထဲရှိ လူများနှင့် တိတ်တဆိတ် စောင့်ကြည့်နေသော လူများက ထိုပုံရိပ်ကို မြင်ကာ တုန်လှုပ်အံ့အားသင့်သွားကြသည်။ ထို့နောက် သူတို့က အလွန်စိတ်လှုပ်ရှားလာကြ၏။ သူတို့က ထိုအရိပ်ပုံရိပ်၏ ဆိုလိုရင်းကို သေချာသိထားကြသည်။
ဤသည်မှာ ဧကရာဇ်ငယ် လက္ခဏာတစ်ခု ဖြစ်၏။ ဝမ်ဝေ့က ထိုပုံရိပ်ကို အပြည့်အဝ မဖွဲ့စည်းနိုင်သေးသော်လည်း အလားအလာရှိခြင်းက လုံလောက်သည်ထက် ပိုနေလေပြီ။
ဧကရာဇ်ငယ်ဆိုတာ ဘာလဲ …
သူတို့ သတ်မှတ်ထားသည့် နယ်ပယ်အဆင့် မရောက်ခင် မဟာဧကရာဇ်၏ စွမ်းဆောင်ရည်နှင့် လုပ်ဆောင်နိုင်စွမ်းတို့ကို ထုတ်ပြနိုင်သည့် တစ်စုံတစ်ယောက် ဖြစ်သည်။ ဧကရာဇ်ငယ် ဂုဏ်ပုဒ်ကို လူတိုင်းအား ပေးခြင်း မဟုတ်ပေ။
မဟာဧကရာဇ်အများစုပင် သူတို့ငယ်ရွယ်စဉ်အခါက ထိုဂုဏ်ပုဒ်မျိုး မရှိခဲ့ပေ။ ရှိသည့်လူများကား သူတို့တာအိုကို သက်သေပြကာ ကောင်းကင်အလိုဆန္ဒကို ထမ်းဆောင်ပြီး ဧကရာဇ်များကြားမှ အကျော်ဇေယျ ဖြစ်လာကြသည်။ ဧကရာဇ်များကြားတွင်ပင် အားနည်းသူနှင့် အားကြီးသူ ပြန်ခွဲခြားထား၍ ရသည် မဟုတ်ပါလော။
ဧကရာဇ်ငယ် ဖြစ်ခြင်းက ဧကရာဇ် ဖြစ်လာလိမ့်မည်ဟု ဆိုလိုခြင်းတော့ မဟုတ်ပေ။ အဓိက ပြိုင်ပွဲဝင်တစ်ယောက် ဖြစ်ကြောင်းသာ ဆိုလိုလေသည်။
တာအိုအခွင့်အလမ်းဂိုဏ်းအတွက် ဝမ်ဝေ့က ဧကရာဇ်ငယ် ပါရမီ ထုတ်ပြလိုက်သောကြောင့် ပိုမို ယုံကြည်ချက်ရှိလာကြသည်။
သူတို့အားလုံးက ဒီမျိုးဆက် ကောင်းကင်အလိုဆန္ဒအတွက် အများကြီး ပုံအောထားကြသည်။
good
good
good
good
good
Good
good
Good