Switch Mode

အပိုင်း(၇၉၀)

တန်လင်းဂြိုဟ်ရဲ့ ရှုမိသားစု

ထိုအသံနှင့်အတူ မိစ္ဆာမီးတောက်တစ်ခုက ကောင်းကင်တစ်ခုလုံးကို ဖုံးအုပ်လာခဲ့သည်။ထိုအနက်ရောင်မီးတောက်မှ ထုတ်လွှတ်သည် အပူဓာတ်သည် လူတစ်ယောက်၏ မူလစိတ်ဝိညာဉ်ကိုပင် လောင်ကျွမ်းသွားစေနိုင်သည်။

ကောင်းကင်သည်လည်း နတ်ဆိုးမိစ္ဆာစွမ်းအင်နှင့် ပြည့်နှက်လာကာ မီးတောက်များက မိုးမုန်တိုင်းတစ်ခုကဲသို့ စတင် ဖြစ်ပေါ်လာခဲ့သည်။မိုးအငွေ့အသက်ကို သယ်ဆောင်လာသော မိစ္ဆာစွမ်းအင်များက လေနှင့်အတူ မြေပေါ်သို့ ရိုက်ခတ်လာသည့်အခါ ပို၍ပင် မွန်းစတား ဆန်လာခဲ့၏။လူတစ်ယောက်က အကွာအဝေးတစ်ခုမှ ကြည့်ပါက ထိုမိစ္ဆာစွမ်းအင်သည် ဦးချိုတစ်ခုနှင့် ကြီးမားသည် တစ္ဆေအသွင် ဖြစ်ပေါ်နေသည်ကို တွေ့ရပေမည်။

ခရမ်းရောင်ဝတ်စုံနှင့် လူငယ်တစ်ယောက်က ထိုတစ္ဆေဦးခေါင်းထက်၌ ပေါ်လာ၏။ သူ့မျက်လုံးများက သွေးဆာနေမှုကို ပေးစွမ်းနေကာ ဆံပင်အနက်များက သူ့နောက်ကျောဘက်သို့ ဝဲလွင့်နေ၏။သူက တစ္ဆေပေါ်ကနေ ခုန်ဆင်းကာ မြေပေါ်သို့ ဦးတည်လိုက်၏။

ဝမ်လင်းက မြေပြင်ပေါ်တွင် ရပ်နေကာ ကောင်းကင်ထက်သို့ တည်ငြိမ်စွာ ကြည့်နေ၏။သူက သူ့ညာလက်ကို ဝှေ့ယမ်းလိုက်ရာ အကျိုးအပဲ့အရိုးက သူ့သိုလှောင်အိတ်ထဲသို့ ရောက်ရှိသွားချေသည်။

မိစ္ဆာတစ္ဆေက မျက်လုံးမှိတ်လျက် ရှိနေကာ ၎င်းအပေါ်ရှိ လူငယ်က ဝမ်လင်းကို အောက်သို့ ငုံ့ကြည့်၍ အေးစက်စွာ ပြောလိုက်၏။

“မင်းက သေချင်နေတာပဲ…”

သူက လှုပ်ရှားခြင်း မပြုပေ။သို့သော် သူ့အနီးအနားပတ်လည်ရှိ မိုးမုန်တိုင်း၏ မိုးစက်များက မြန်ဆန်စွာ သိပ်သည်းလာကာ တဟုန်ထိုး ထိုးထွက်သွားခဲ့သည်။ထိုမိုးက မြှားများအလား လေထုကို ထွင်းဖောက်လာကာ ဝမ်လင်းထံသို့ တဝီဝီ ပျံသန်းတိုးဝင်လာချေသည်။

ထိုလူငယ်က ပုံရိပ်ယောင်ယင်အဆင့်တွင် ရှိပေသည်။သူက ပုံရိပ်ယောင်ယင်အဆင့်၏ အထွတ်အထိပ်သို့ မရောက်သေးသော်လည်း အလယ်အဆင့်လောက်တွင် ရှိနေပေ၏။

ထို့အပြင် သူ့မိစ္ဆာမန္တာန်များက သူ့ကို ပို၍ ကြမ်းကြုတ်အောင် ပြုလုပ်နေတော့သည်။

မိုးကနေ ဖြစ်ပေါ်လာသည့် မြှားများထဲ၌ ကြမ်းကြုတ်သော သတ်ဖြတ်ခြင်းစိတ်ဆန္ဒတစ်ခု ပါဝင်နေသည်။ဝမ်လင်း၏ မျက်လုံးက အေးစက်လာခဲ့သည်။သူက နောက်သို့ ခြေလှမ်းများစွာ ဆုတ်လိုက်၏။ သည့်နောက် သူ့လက်ကို ဆန့်ထုတ်လိုက်ရာ မိုးကြိုးများက ရှေ့တည့်တည့်သို့ ပေါက်ကွဲထွက်သွာကြသည်။ တစ်ချိန်တည်းမှာပင် မိုးကြိုးလုံးများ ဖြစ်ပေါ်လာခဲ့သည်။ယင်းမိုးကြိုးလုံးများက တစ်ခုနှင့်တစ်ခု လျှပ်စီးများနှင့် ချိတ်ဆက်ထားကြသည်။

လက်ညှိုးတစ်ချက်ညွှန်လိုက်မှုနှင့်အတူ သည်မိုးကြိုးလုံးများက မြှားများထံသို့ တိုးဝင်သွားကြသည်။ မိုးကြိုးလုံးများက မြှားများနှင့် နီးကပ်သွားချိန်၌ ချက်ခြင်း ပေါက်ကွဲထွက်သွားကြသည်။ပြင်းထန်သော ပေါက်ကွဲမှုက မြှားများကို ချက်ခြင်း ပျောက်ကွယ်သွားစေ၏။ မရေမတွက်နိုင်သော မြှားများသည် ဝမ်လင်းနှင့် ပေတစ်ရာ အကွာတွင် အားလုံး ပျောက်ကွယ်သွားကြသည်။

တစ္ဆေဦးခေါင်းထိပ်မှ လူငယ်သည် တည်ငြိမ်စွာ ပြောလိုက်၏။ “နည်းနည်းစိတ်ဝင်စားစရာပဲ…”

သို့ရာတွင် သူ့စကားမဆုံးသေးခင်မှာပင် ဝမ်လင်းက နောက်သို့ ဆုတ်သွားခြင်းမရှိသည့်အပြင် ရှေ့သို့ တိုးဝင်လာ၏။ သူက မြေအောက်ဥမင်ထဲ၌ ပိတ်လှောင်ခံထားရကတည်းက ဒေါသထွက်နေခဲ့သည်ဖြစ်ရာ ထိုလူငယ်က ခုလိုတိုက်ခိုက်လာသည့်အတွက် သူ့ဒေါသက ပိုဆိုးလာခဲ့၏။ လူတိုင်းက သူ့ကို သူတို့ဆန္ဒရှိသလို တိုက်ခိုက်နိုင်သည်ဟု ထင်မှတ်နေသလား။

ထိုလူငယ်က အထည်ဒြပ်ယန်အဆင့်တွင် ရှိနေလျှင်တော့ ဝမ်လင်းက အနည်းငယ် တုံ့ဆိုင်းကာ နောက်ဆုတ်ရန် ရွေးချယ်မိပေလိမ့်မည်။ သို့ရာတွင် သူသည် အရင်ကတည်းက ပုံရိပ်ယောင်ယင်အဆင့် ကျင့်ကြသူများကို သတ်ပစ်ခဲ့ဖူးပြီးသား ဖြစ်သည် မဟုတ်လား။ ဝမ်လင်းက တစ္ဆေရှိရာသို့ တိုက်ရိုက် လှမ်းဝင်လာ၏။

“ငါ့ရှေ့မှာ နတ်ဆိုးမိစ္ဆာမန္တာန် အသုံးပြုနေတာလား။ ငါက ပျံ့ကျဲနတ်ဆိုးမိစ္ဆာနဲ့တောင် ယှဉ်တိုက်လာခဲ့ဖူးတယ်ကွ…”

ခြေတစ်လှမ်းဖြင့်ပင် ဝမ်လင်းက လေထဲသို့ တက်လှမ်းသွား၏။ ထို့နောက် သူက ညာလက်ကို ပင့်မြှောက်ကာ သူ့မူလစိတ်ဝိညာဉ်ကို အသက်သွင်း၏။ သူ့ခန္ဓာကိုယ်ကနေ များစွာသောမိုးကြိုးများ ထွက်ပေါ်လာကာ သူ့ညာလက်တွင် လာရောက်စုစည်းကြသည်။

အပြာရောင်မိုးကြိုးလုံးတစ်ခုက ရုတ်တရက် ပေါ်လာ၏။၎င်းမိုးကြိုးလုံး ပေါ်လာသည့်အခိုက်တွင် ပတ်ဝန်းကျင်သည် ရုတ်တရက် ပြောင်းလဲသွားချေသည်။

သည်နေရာက မိုးကြိုးကောင်းကင်ဘုံနယ်မြေ ဖြစ်၏။ထို့ကြောင့် မိုးကြိုးများ ကင်းမဲ့နေခြင်း မရှိပေ။ ဝမ်လင်း၏ မိုးကြိုးလုံး ပေါ်ထွက်လာသည်နှင့် မြေပြင်ထက်တွင် မိုးကြိုးအမျှင်တန်းများ ပေါ်ထွက်လာကာ ကောင်းကင်ကိုပါ သက်ရောက်လာသည်ဟု ထင်မှတ်ရသည်။မရေမတွက်နိုင်သော မိုးကြိုးအမျှင်တန်းများသည် ထိုမိုးကြိုးလုံး၏ စွဲဆောင်ခြင်းကို ခံလိုက်ရချေ၏။

ထိုမိုးကြိုးလုံးကို ကိုင်ဆောင်ထားရင်း ဝမ်လင်းသည် ရှေ့သို့ ခုန်ဝင်သွားကာ မိုးကြိုးလုံးကို တွန်းထုတ်လိုက်သည်။

မိုးကြိုးလုံးက တစ္ဆေပေါ်ရှိ လူငယ်ထံသို့ တရကြမ်း တိုးဝင်သွားချေသည်။

လူငယ်၏ အသွင်က အနည်းငယ် ပြောင်းလဲသွား၏။ သူ့မျက်လုံးထဲရှိ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒကလည်း ပို၍ သန်မာလာခဲ့သည်။သူ့က ချိပ်တံဆိပ်များစွာကို မြန်ဆန်စွာ ဖြစ်ပေါ်စေကာ မိုးကြိုးလုံးနီးကပ်လာသည့်အခိုက်၌ ဟစ်ကြွေးလိုက်၏။ “နတ်ဆိုးမိစ္ဆာ…ဝါးမြိုခြင်း…”

ဝိုးဝဝါးဖြစ်နေသော မိစ္ဆာတစ္ဆေထံကနေ သွေးဆာနေသော မိစ္ဆာအလင်းတန်းနှစ်ခု ရုတ်တရက် ဖြစ်ပေါ်လာသည်။ထို့နောက် ယင်းအလင်းတန်းက မိုးကြိုးလုံးကို ဝါးမြိုလာချေ၏။

“ဒီလို အားနည်းတဲ့မိုးကြိုးက ငါ့နတ်ဆိုးမိစ္ဆာမီးတောက် အသုံးပြုရဖို့အတွက် အရည်အသွေး မပြည့်မှီဘူး…”

လူငယ်က သူ့ညာလက်ကို မြှောက်ကာ မိုးများကို စုစည်းလိုက်၏။ မိုးစက်များက သူ့လက်ထဲ၌ လှည့်လည် လှုပ်ရှားလာ၏။

ထို့နောက် ချက်ခြင်းပင် လှံရှည်တစ်ခု ဖြစ်ပေါ်လာသည်။ယင်းလှံက မိုးစက်များကြောင့် ဖြစ်ပေါ်လာခြင်းသာ။ ထိုလှံက အနက်ရောင်ရှိ၏။ ထို့နောက် လူငယ်သည် သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ ရေကန့်လန့်ကာ တစ်ခုက သိပ်သည်းသော နတ်ဆိုးမိစ္ဆာစွမ်းအင်နှင့်အတူ ဝမ်လင်းထံသို့ တိုးဝင်သွားချေ၏။

ဝမ်လင်းက သိုလှောင်အိတ်ထဲက ကောင်းကင်ဘုံတောင်ကို ထုတ်ယူလိုက်၏။ ၎င်းတောင် သူ့လက်ထဲတွင် ပေါ်လာသည်နှင့် ၎င်း၏အရွယ်အစားသည် တောင်တစ်ခုလောက်ထိ ကြီးမားလာချေသည်။

ရေကန့်လန့်ကာ ရောက်ရှိလာသည့်အခိုက်တွင် ဝမ်လင်းသည် သူ့ညာလက်ကို ထိုတောင်ပေါ်သို့ ဖိချလိုက်၏။ သူက လက်ပြန်မြှောက်လိုက်သည့်အခါတွင် တောင်၏ စိတ်ဝိညာဉ်သည် ဆွဲထုတ်ယူခြင်း ခံလိုက်ရသည်။

ဝမ်လင်းက သူ့လက်ကို လုံးဝ ပြန်မြှောက်ယူပြီးသည့်အခါတွင် တောင်၏စိတ်ဝိညာဉ်သည် သူ့လက်ထဲ၌ မြူလုံးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ ရှေးဟောင်းအော်ရာကို ပေးစွမ်းနေတော့သည်။

ဝမ်လင်း၏ ခန္ဓာကိုယ်သည် လျှပ်စီးများနှင့် အလားသဏ္ဌာန်တူနေ၏။ သူက မြန်ဆန်စွာ လှုပ်ရှားလိုက်သည့်အခိုက်တွင် မိုးခြိမ်းသံကို ဖြစ်ပေါ်သွားစေသည်။သူ့လက်ထဲ၌ မြူလုံးကို ကိုင်ဆောင်ထားရင်း ဝမ်လင်းသည် ရေကန်လန့်ကာ နီးကပ်လာသည့်အခါ သူ့ညာလက်ကို ဆန့်ထုတ်လိုက်လေ၏။ထိုရေစက်များက သူ့ခန္ဓာကိုယ်ထဲသို့ ထွင်းဖောက်ဝင်သွားကာ မရေမတွက်နိုင်သော အေးစက်စက် နတ်ဆိုးဆန်သော ရေစက်များအဖြစ်သို့ ပြောင်းလဲသွားပြီး ဝမ်လင်းအား ဝန်းရံသွားချေ၏။

သို့ရာတွင် ယင်းရေစက်များက ဝမ်လင်းအား ဝန်းရံသွားပြီးပြီးချင်းမှာပင် သူ့လက်ထဲရှိ မြူလွှာက ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင် မြောက်များစွာ တုန်ခါမှုကို ပေးစွမ်း၍ ဝမ်လင်းကို ရေကန့်လန့်ကာအား ဖြတ်ကျော်သွားစေနိုင်သည်။ချက်ခြင်းပင် သူက ရှေ့သို့ ထိုးတက်သွားကာ တစ္ဆေပေါ်ရှိ လူငယ်ထံသို့ မြူလုံးကို ဖိချလိုက်ချေ၏။

ထိုမြူလွှာပေါ်လာသည့်အခါတွင် လူငယ်၏အသွင်က ရှုံ့တွသွားသည်။သူက ချက်ခြင်းပင် လက်ထဲရှိ လှံရှည်ကို ပစ်လွှတ်လိုက်သည်။ထိုလှံက လေထုကို ထိုးခွင်းကာ မြူလွှာကို ဖောက်ထွက်လာ၏။

ဝမ်လင်းက မြူလွှာကို ပစ်လွှတ်ပြီးသည့်နောက် ရပ်တန့်ခြင်းမရှိဘဲ ရှေ့သို့ ဆက်တိုးလာကာ အော်ပြောလိုက်၏။ “ပျံ့ကျဲစမ်း…”

မြူလုံးက ရုတ်တရက် ပျံ့နှံ့သွားကာ သိပ်သည်းသော မြူလွှာတစ်ခု ဖြစ်လာ၍ လှံတစ်ခုလုံးကို ဖုံးအုပ်သွားသည်။လူငယ်၏အသွင်က ပြောင်းလဲသွား၏။သူက မန္တာန်တစ်ခုအသုံးပြုရန် ပြင်လိုက်သည်။

ထိုအခိုက်မှာပင် ဝမ်လင်း၏ မျက်လုံးက အေးစက်လာကာ သူက အော်ပြောလိုက်သည်။ “မိုးကြိုး…ပေါက်ကွဲစမ်း…”

တစ္ဆေ၏ ဝါးမြိုခြင်းကို ခံထားရသော မိုးကြိုးလုံးက ပျောက်ကွယ်သွားချင်းမရှိသေးပေ။ ဝမ်လင်းက ထိုသို့ အော်လိုက်သည်နှင့် တစ္ဆေ၏ခန္ဓာကိုယ်အတွင်း၌ ပြင်းထန်သောမိုးကြိုးက ပေါက်ကွဲထွက်သွားချေသည်။

တစ္ဆေ၏ကိုယ်အတွင်း၌ အပြာရောင်အလင်းတစ်ခု ချက်ခြင်း ပေါ်ထွက်လာခဲ့သည်။ ထိုအလင်းက တောက်ပသထက်တောက်ပလာခဲ့၏။ နောက်ဆုံးတွင် မိုးကြိုးတုန်ဟီးသံများ ဆက်တိုက်ထွက်ပေါ်လာကာ မရေမတွက်နိုင်သော မိုးကြိုးများသည် တစ္ဆေ၏ ခန္ဓာကိုယ်ကနေ ပေါက်ကွဲထွက်လာချေသည်။ ၎င်း၏ ကြီးမားသော ပုံရိပ်ယောင်ခန္ဓာကိုယ်သည် လုံးဝ ပျက်စီးသွားတော့၏။

လူငယ်၏ အသွင်က ပို၍ပင် သုန်မှုန်သွားခဲ့သည်။ တစ္ဆေပျက်စီးသွားပြီး ခဏ၌ လူငယ်သည် တစ္ဆေ၏ခန္ဓာကိုယ်အပျက်အစီးထဲကနေ ထွက်ပေါ်လာခဲ့သည်။သို့ရာတွင် ဝမ်လင်းက အနားသို့ ရောက်လာနေပြီ ဖြစ်၏။ ဝမ်လင်း၏ အရိပ်သည် ဖျပ်ခနဲ လှုပ်ရှားသွားကာ ကောင်းကင်ဘုံသက်တော်စောင့်က မြန်ဆန်စွာ လှမ်းထွက်လာသည်။

လူငယ်၏အမြင်၌ ဝမ်လင်းသည် နှစ်ကိုယ်ခွဲသွားသကဲ့သို့ ထင်မှတ်လိုက်သည်။ ကောင်းကင်ဘုံသက်တော်စောင့်၏ ခန္ဓာကိုယ်က ရွှေရောင်တောက်ပနေကာ ယင်းရွှေရောင်က သူ့ညလက်သို့ စီးဆင်းသွား၏။

သည့်နောက် ၎င်းက လက်သီးတစ်လုံး ပစ်သွင်းလာတော့သည်။

ဝမ်လင်း၏ ကျင့်ကြံမှုအဆင့်က အာဏာတက်ခြင်းအထွတ်အထိပ်အဆင့်သို့ ရောက်လာသည့်အခါတွင် သူ့အရိပ်ထဲ၌ ရှိနေသော ကောင်းကင်ဘုံသက်တော်စောင့်ကို အရင်လိုမျိုး လွယ်လင့်တကူ တွေ့မြင်နိုင်တော့မည် မဟုတ်ပေ။

သည်အရာများအားလုံးက အလွန်မြန်ဆန်စွာ ဖြစ်ပျက်သွားခဲ့ခြင်းပင်။မြန်လွန်းသဖြင့် လူငယ်က တွေးကြည့်ရန်ပင် အချိန်မရှိလိုက်ချေ။သူက အာဏာတက်ခြင်းနောက်ဆုံး အထွတ်အထိပ်အဆင့် ကျင့်ကြံသူတစ်ယောက်က ယခုလို ပြင်းထန်သောမီးတောက်ကို ဖန်တီးနိုင်ကာ တောင်၏စိတ်ဝိညာဉ်ကို ထုတ်ယူနိုင်လိမ့်မည်ဟု မျှော်လင့်မထားမိပေ။သူ့ကို တုန်လှုပ်အသွားစေဆုံးက ရုပ်သေးထံမှ လက်သီးချက် ဖြစ်နေတော့၏။

ထိုလက်သီးချက်က ပြင်းထန်လှ၏။ ထိုလက်သီးချက်ထံမှ တောက်ပနေသည့် ရွှေရောင်အလင်းက သူ့ကိုယ်ပေါ်သို့ ကျရောက်လာသည့်အခါတွင် သူ့မူလစိတ်ဝိညာဉ်ပင် နာကျင်မှုကို ခံစားလိုက်ရသည်။

ထိုလက်သီးချက်က ကောင်းကင်ဘုံသက်တော်စောင့်၏ အထွတ်အထိပ်စွမ်းအား ဖြစ်သည်။ယင်းလက်သီးချက်က ထိုလူငယ်ပေါ်သို့ တိုက်ရိုက် ကျရောက်လာခဲ့တော့သည်။

ဆက်တိုက်ဖြစ်ပျက်သွားသော တိုက်ခိုက်မှုများက သူ့ကို ပြင်ဆင်ချိန်မရရှိစေလိုက်ပေ။ လူငယ်က သေရေးရှင်ရေးအခြေအနေကို ခံစားမိလိုက်ကာ နောက်သို့ ချက်ခြင်း ဆုတ်လိုက်သည်။ ထိုလက်သီးချက်က သူ့ဦးရေပြားကိုပင် တင်းကျပ်သွားစေသည်။

သူက နော်ကသို့ မဆုတ်ဘဲ ထိုလက်သီးချက်၏ ထိမှန်ခြင်းကို ခံလိုက်ရပါက သူ့ပုံရိပ်ယောင်ယင်အဆင့် ကျင့်ကြံမှုဖြင့်ပင် သေဆုံးသွားနိုင်ပေသည်။

လူငယ်နောက်သို့ အလျင်အမြန် လက်မတင်လေး ဆုတ်သွားသည့်အခိုက်တွင် ကောင်းကင်ဘုံသက်တော်စောင့်၏ လက်သီးချက်က ပေါက်ကွဲထွက်သွား၏။ လူငယ်က သူ့လျှာကို ကိုက်ကာ တုံ့ဆိုင်းခြင်းမရှိ မူလစွမ်းအင်ပါဝင်သော သွေးအဆီအနှစ်ကို ထွေးထုတ်လိုက်ရ၏။

သူ့အသွင်ကလည်း ကြမ်းကြုတ်လာကာ သူက အော်ဟစ်ပြောဆိုသည်။

“တန်လင်း အကာအရံ…”

ထိုအခါ လူငယ်၏ ရှေ့တွင် သွေးမြူတစ်ခု စုဝေးလာကာ ကောင်းကင်ဘုံသက်တော်စောင့်၏ လက်သီးချက်ကို ပိတ်ဆို့ပေးလိုက်ချေသည်။

ထိုလက်သီးချက်က သွေးမြူပေါ်သို့ ကျရောက်သွားသည့်အခါတွင် အစိတ်အပိုင်းတစ်ခုလုံးကို တုန်ခါစေသော အသံတစ်ခု ထွက်ပေါ်သွားလေ၏။ ထိုအသံက တုန်ခါလှိုင်းများကိုပါ ဖြစ်သွားစေခဲ့သည်။

လေထဲသို့ ဖုန်မှုန့်အစများက လွင့်တက်လာကာ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင် တုန်ခါမှုကို ပေးစွမ်းနေသော အပျက်အစီးအကျိုးအပဲ့များပင် ပေါ်လာခဲ့ချေသည်။

သွေးမြူက ပျောက်ကွယ်သွား၏။ ရုပ်သေးကလည်း အောက်သို့ ပြန်ပြုတ်ကျကာ ခြေလှမ်းများစွာ ဆုတ်လိုက်ရ၏။ သည့်အပြင် ၎င်း၏ ရွှေရောင်အလင်းများကလည်း လုံးဝ ပျောက်ကွယ်သွားသည်။၎င်းက ၎င်း၏ စွမ်းအားကုန်ကို အသုံးပြုလိုက်သည့်အလား ထင်မှတ်ရသည်။

၎င်း၏ ခန္ဓာကိုယ်ကပင် သတိထားကြည့်လျှင် အနည်းငယ် တုန်ခါနေသည်ကို တွေ့ရပေမည်။

သတ်ဖြတ်ချက်စိတ်အပြည့်ဖြင့် လူငယ်သည် မြေပြင်ထက်သို့ တဟုန်ထိုး လွင့်စင်သွားကာ မြေကြီးပေါ်သို့ ကျရောက်သွားသည်။သူ့အထက်တွင်လည်း ပြင်းထန်သော အနက်ရောင် မိစ္ဆာမီးတောက်ကို ထုတ်လွှတ်နေသော ပုံရိပ်ယောင် ကြာပွင့်နက်တစ်ခုက ပေါ်ထွက်လာ၏။

“နှစ်ပေါင်းငါးထောင်အတွင်း…မင်းက ငါ ရှုဖန်ဟန်ကို…”

သူ့စကားမဆုံးသေးခင်မှာပင် ကျယ်လောင်သော ပေါက်ကွဲသံတစ်ခုက တောင်စိတ်ဝိညာဉ်ကနေ ဖြစ်ပေါ်နေသည့် မြူလွှာထဲကနေ ထွက်ပေါ်လာခဲ့သည်။သည့်နောက် မြူများက လွင့်ပါးသွားကာ အမျှင်တန်းများအဖြစ် ကောင်းကင်ဘုံတောင် ထံသို့ ပြန်ရောက်ရှိသွားကြသည်။ ထိုမြူလွှာထဲ၌ ရှိနှင့်ခဲ့သော လှံက ၎င်း၏ စွမ်းအားကို ဆုံးရှုံးသွားကာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ မိုးစက်များကလည်း မြေပြင်ပေါ်သို့ ကျဆင်းသွားခဲ့ပြီး ဖြစ်သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset