“ငါပြုတ်ကျလာတဲ့အချိန်မှာ ဒီနေရာက ပြိုကျခဲ့တယ်။ ဆိုလိုတာက ဒီနေရာက မတည်မငြိမ် ရှိတယ် ဆိုတာပဲ။ဒီနေရာက အားကောင်းတဲ့မန္တာန်တစ်ခုနဲ့ ချိပ်ပိတ်ထားတာဆိုရင်တောင်မှ ကောင်းကင်ဘုံနယ်မြေရဲ့ ပြိုကျနေမှုကို တောင့်ခံနိုင်စွမ်း မရှိဘူး…”
ဝမ်လင်းက သူထွက်သွားလို့ရနိုင်လောက်မည့် ဥမင်လမ်းကြောင်းထဲ၌ နေ၍ တွက်ချက်နေခဲ့သည်။
တိတိကျကျဆိုပါက သူအခု ရှိနေသောနေရာက ဥမင်လမ်းကြောင်းအားလုံးနှင့် ချိတ်ဆက်မှု ရှိနေသော စုံမှတ်တစ်ခုလို ဖြစ်နေသည့်နေရာလည်း ဖြစ်နေသည်။
ထွက်ပေါက်တွေ ပေါ်လာပြီးတော့ ငါ့ကို စွဲဆောင်ပြီး ပြန်ပြန်ပျောက်သွားတာက ငါ့ကို စိတ်မရှည်၊ ကသိကအောက် ပို ဖြစ်စေခဲ့တယ်။ဒီလူကတော်တော် စိတ်ပျက်ဖို့ကောင်းတဲ့လူပဲ…”
ဝမ်လင်းမျက်လုံးထဲ၌ အေးစက်မှုအငွေ့အသက်အချို့ ဖျပ်ခနဲ ဖြတ်သန်းသွားသည်။
သူက အခုလိုမျိုး အခြားတစ်ယောက်၏ အရူးလုပ်ခြင်းကို ခံရဖို့ မည်သို့ ဆန္ဒရှိပါ့မည်နည်း။ ခုချိန်တွင် သူက သည်အကြံအစည်ကို သူ့ကိုယ်ပိုင်ခွန်အားဖြင့် ချိုးဖျက်ပစ်ရပေတော့မည်။
ဝမ်လင်းက ခေါင်းမော့ကာ သူ့အထက်ရှိ ဖုန်ထုများကို ကြည့်လိုက်သည်။ထို့နောက် သူက သိုလှောင်အိတ်ကို ပုတ်လိုက်ရာ စစ်ရထားထွက်ပေါ်လာပြီးနောက် မိုးကြိုးသားရဲ အဖြစ်သို့ ပြောင်းလဲသွားသည်။မိုးကြိုးသားရဲက ပေါ်လာသည်နှင့် ဟိန်းသံ ပြုလုပ်လိုက်၏။ ၎င်းက ဝမ်လင်းနှင့် ချိတ်ဆက်နေသည် ဖြစ်ရာ ဝမ်လင်းအမိန့်ပေးသည်ကို စောင့်မနေတော့ဘဲ မိုးကြိုးပမာဏများစွာကို ၎င်း၏ ခန္ဓာကိုယ်အနှံ့စီးဆင်းစေကာ ငွေရောင်ဦးချိုထက်၌ စုစည်းလေသည်။
ထိုအခိုက်အတန့်၌ ၎င်း၏ ငွေရောင်ဦးချိုက တောက်ပမှုကို ပေးစွမ်းနေသည်။ထို့နောက်တွင် မိုးကြိုးသားရဲသည် ဥမင်လမ်းကြောင်းအထက်ရှိ ဖုန်မှုန့်ထုထံသို့ တဟုန်ထိုး တိုးဝင်သွားသည်။
ပြင်းထန်သော တုန်ဟီးမှုတစ်ခုက ဥမင်လမ်းကြောင်းများ အနှံ့ပျံ့နှံ့သွားလေ၏။
မိုးကြိုးသားရဲ၏ ခန္ဓာကိုယ်သည်လည်း နောက်သို့ ပြန်ကန်ထွက်လာခဲ့သည်။ ပြင်းထန်သော တုန့်ကန်မှုကို ၎င်းက ခုခံနိုင်ခြင်းမရှိပေ။ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီးသည့်နောက် ၎င်း၏ ခန္ဓာကိုယ်သည် တုန်ယင်နေခဲ့သည်။သို့သော် ၎င်း မျက်လုံးထဲ၌ တိုက်ပွဲဆန္ဒနှင့် ပြည့်နှက်လာကာ အလျော့မပေးသောအကြည့်တစ်ခု ဖြစ်ပေါ်လာ၏။
ထိုအခိုက်အတန့်၌ ဝမ်လင်း၏ အရိပ်ထဲမှ ကောင်းကင်ဘုံသက်တော်စောင့်သည်လည်း ထွက်ပေါ်လာခဲ့သည်။၎င်း၏ ခန္ဓာကိုယ်က ရွှေရောင်လွှမ်းနေကာ မိုးကြိုးသားရဲ တိုက်ခိုက်ခဲ့သော နေရာသို့ လက်သီးတစ်လုံး ပစ်သွင်းလိုက်လေ၏။
ဘုန်း…။ မြေပြင်ပေါက်ကွဲသံများ ထွက်ပေါ်လာခဲ့ကာ ပြင်းထန်သောတုန်ခါမှုကို ဖြစ်ပေါ်စေသည်။
ကောင်းကင်ဘုံသက်တော်စောင့်၏ ခန္ဓာကိုယ်သည် မာကြောလှ၏။ ထို့ကြောင့် ၎င်းက လက်သီးတစ်ချက်ကို ပြန်ရုတ်သိမ်းပြီးသည်နှင့် နောက်ထပ်တစ်လုံး ထပ်ပစ်သွင်းကာ ပို၍ တုန်ခါလာစေ၏။ တန်ပြန်အားကလည်း ပို၍ သိပ်သည်းလာခဲ့သည်။လက်သီးငါးလုံးက ထိုးသွင်းပြီးသည့်နာက် ကောင်းကင်ဘုံသက်တော်စောင့်က နောက်ဆုတ်လာရသည်။၎င်း ပတ်လည်ရှိ ရွှေရောင်အလင်းကလည်း မှိန်ဖျော့လာကာ ၎င်း၏ အော်ရာက မတည်မငြိမ် ဖြစ်လာခဲ့သည်။
ဝမ်လင်းမျက်လုံးများက တည်ငြိမ်နေ၏။ သူ ရွေးချယ်တိုက်ခိုက်ခိုင်းသော နေရာသည် မှားယွင်းခြင်း မရှိပေ။ ကောင်းကင်ဘုံသက်တောင်စောင့် နောက်ဆုတ်လိုက်သည့်အခိုက်အတန့်တွင် ဝမ်လင်းက ရှုလီကောကို နှိုးဆွကာ ကောင်းကင်ဘုံဓားကို ထုတ်ယူလိုက်၏။ကောင်းကင်ဘုံဓားက ရှုလီကော၏ ဆဲဆိုမာန်သွင်းမှုနှင့်အတူ ရှေ့သို့ ထိုးထွက်သွားချေသည်။
မိုးကြိုးသားရဲ၊ ကောင်းကင်ဘုံသက်တော်စောင့်။ ကောင်းကင်ဘုံဓားတို့၏ ဆက်တိုက် တိုက်ခိုက်မှုများက အစိတ်အပိုင်းကို ပို၍ တုန်ခါလာစေသည်။အထူးသဖြင့် ဝမ်လင်းရှိနေသော ဥမင်လမ်းကြောင်းကိုပင် ဖြစ်၏။ သည်ဥမင်လမ်းကြောင်းက အခြားလမ်းကြောင်းများနှင့် ချိတ်ဆက်ထားသည် ဖြစ်သည့်အတွက်ကြောင့် အခြားဥမင်လမ်းကြောင်းများကပါ လိုက်ပါ တုန်ခါလာခဲ့တော့သည်။
ဝမ်လင်းက မာန်သွင်းလိုက်၏။ ထို့နောက် ချိပ်တံဆိပ်တစ်ခု ဖြစ်ပေါ်စေကာ သူ့ခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များက မြင့်တက်လာခဲ့သည်။သူ့မူလစိတ်ဝိညာည်ကလည်း မိုးကြိုးကို ပေးစွမ်းနေကာ သူ့လက်ထဲ၌ မိုးကြိုးတစ်ခု စုစည်းလာ၏။ သူက ထိုမိုးကြိုးကို ပစ်လွှတ်လိုက်၏။ မိုးကြိုးသားရဲကလည်း မာန်သွင်းကာ ထိုမိုးကြိုးနှင့်အတူ လိုက်ပါ တိုးဝင်သွားသည်။
ကောင်းကင်ဘုံသက်တော်စောင့်ကလည်း နောက်ကနေ လိုက်ပါသွား၏။
အစိတ်အပိုင်းတစ်ခုလုံးက ပြင်းပြင်းထန်ထန် စတင် တုန်ခါလာခဲ့တော့သည်။သည်အခိုက်အတန့်၌ ပြင်းထန်သော တုန်ခါမှုသည် ဥမင်လမ်းကြောင်းကို ပျက်စီးသွားစေဖို့ ဖြစ်လာတော့သည်။
ဥမင်လမ်းကြောင်းတစ်ခု ပျက်စီးမှုက ဆက်တိုက်ချိတ်ဆက်မှု ရှိနေသည်။ထို့အတွက်ကြောင့် သည်ဥမင်လမ်းကြောင်းနှင့် ချိတ်ဆက်နေသော အခြားဥမင်လမ်းကြောင်းများသည်လည်း ချက်ခြင်းပျက်စီးသွားတော့သည်။ ထိုပျက်စီးမှုက ပျံ့နှံ့လာကာ များစွာသော ဖုန်မှုန့်ထုများက ပြိုဆင်းကျလာသည်။သို့ရာတွင် မူလစွမ်းအင် အရိပ်အမြွက်တစ်ခုကတော့ ပေါ်လာခဲ့ကာ ပတ်ဝန်းကျင်ဧရိယာကို လွှမ်းခြုံထားစမြဲ ဖြစ်နေ၏။
မူလစွမ်းအင်အမျှင်တန်းများက အလွန်သိပ်သည်းနေရာ ပိုင်းဖြတ်ရန် မလွယ်ပေ။ သို့ရာတွင် အမျှင်တန်းများ ပိုင်းဖြတ်ခံရချိန်တိုင်း၌ အလင်းတံခါးတစ်ခု ပေါ်လာခဲ့တော့၏။
ဝမ်လင်းက မျက်မှောင်ကြုတ်သွားသည်။သူက ဥမင်လမ်းကြောင်း ပျက်စီးသွားသည့်နောက် ထိုမန္တာန်သည် ဆက်လက် တည်ရှိနေလိမ့်မည်ဟု မထင်ထားမိခဲ့ချေ။
သို့ရာတွင် ဖုန်မှုန့်ထု အတားအဆီး မရှိတော့သည့်အတွက် ဝမ်လင်းအတွက် နာရီဝက်တစ်ခါ ပေါ်လာတက်သည့် ဝင်ပေါက်သို့ ထွက်ခွာရန်ပို၍ လွယ်ကူလာခဲ့သည်။
နောက်ထပ် အလင်းတံခါးတစ်ခု ပေါ်လာသည့်အခါတွင် ဝမ်လင်းခန္ဓာကိုယ်က ဖျပ်ခနဲ ဖြစ်သွားကာ ထိုတံခါးကနေ အမြန်ဆုံးနှုန်းနှင့် ထိုးထွက်လာခဲ့ချေသည်။ ကောင်းကင်ဘုံသက်တော်စောင့်နှင့် မိုးကြိုးသားရဲတို့ကလည်း သူနှင့် နီးကပ်စွာ လိုက်ပါလာ၏။
သူက ထွက်လာသည်နှင့် ရပ်တန့်ခြင်းမပြုဘဲ လေဟာနယ်ထဲသို့ ခြေချကာ အသက်ဝဝရှုသွင်းလိုက်လေ၏။
‘ဒီလူရဲ့ ရည်ရွယ်ချက်က ဘာလဲ။ သူက ငါ့ကို သတ်ချင်ရင် ခုလိုမျိုး မန္တာန်နဲ့ ခက်ခက်ခဲခဲ လုပ်နေစရာ မလိုဘူး။သူက ငါ့ကို ပိတ်လှောင်ထားချင်ရင်လည်း ဒီလိုမျိုး တံခါးတွေကို ပျောက်ကွယ်သွားအောင် ရိုးရိုးရှင်းရှင်း လုပ်နေစရာ မလိုဘူး…။ဒါပေမဲ့လည်း…ဘာကြောင့်များ…”
ဝမ်လင်းက ခေါင်းငုံ့၍ မြေပြင်သို့ ပြန်ကြည့်လိုက်သည်။ထိုနေရာ၌ မူလစွမ်းအင်အမျှင်တန်းများနှင့် လွှမ်းခြုံ ပိတ်လှောင်ထားသော နေရာတစ်ခုက ရှိလို့နေဆဲပင်။
အနည်းငယ် စဉ်းစားပြီးသည့်နောက် ဝမ်လင်း မိုးကြိုးသားရဲနှင့် ကောင်းကင်ဘုံသက်တော်စောင့်ကို ပြန်သိမ်းဆည်းလိုက်သည်။သူက သူ့အောက်ရှိ မူလစွမ်းအင်အမျှင်တန်းများကို ကြည့်မိချိန်၌ သူ့ဦးရေပြားပင် တင်းကျပ်သွားသည်ဟု ခံစားလိုက်ရလေ၏။
ဝမ်လင်းက သူ့ပတ်လည်ကို ကြည့်ကာ စတင် စဉ်းစား၍ ခပ်တိုးတိုး ရွတ်ဆိုလိုက်သည်။ “ဒီနေရာက မိုးကြိုးကောင်းကင်ဘုံနေရာပဲ…”
“ကောင်းကင်ဘုံကျောက်စမ်းပြားတွေက ဒုတိယအဆင့်ကို ခြေချပြီး ဖြစ်တဲ့ ကျင့်ကြံသူတွေအတွက် သိပ်အရေးမပါတော့ဘူး။တကယ်တော့ ဒုတိယအဆင့်မှာရှိတဲ့ ကျင့်ကြံသူတွေက မူလစွမ်းအင်ကိုပဲ အာရုံစိုက်ကြတာ…”
ထိုမေးခွန်းက သူ မူလစွမ်းအင်နှင့် ပတ်သတ်၍ ရှာတွေ့ခဲ့မိချိန်ကတည်းက သူ့စိတ်ထဲတွင် အနည်ထိုင်နေခဲ့ပေသည်။သူက ဒုတိယအဆင့်ရှိကျင့်ကြံသူများက မိုးကြိုးကောင်းကင်ဘုံနယ်မြေသို့ ဘာကြောင့် အသည်းအသန်လာလိုနေသည်ကို တွေးကြည့်နေမိသည်။
ရှန်ကုန်းဟူနှင့် တွေ့ဆုံပြီးခဲ့သည့်နောက် ဝမ်လင်းသည် အချို့ခန့်မှန်းမှုများ ပြုလုပ်ခဲ့ကာ တစ်ခုခုကို နားလည်လာခဲ့ပေသည်။
ကောင်းကင်ဘုံကျောက်စိမ်းပြားများအပြင် ကောင်းကင်ဘုံဆေးလုံးနှင့်ရတနာများသည် မိုးကြိုးကောင်းကင်ဘုံနယ်မြေ၌ ရှိပေသည်။၎င်းနယ်မြေ ဖွင့်လှစ်ခဲ့ချိန်၌ အချို့သည် ယူဆောင်သွားခြင်း ခံရပြီ ဖြစ်သော်လည်း ကြွင်းကျန်သောအရာများကတော့ ရှိလို့နေဆဲသာ ဖြစ်သည်။
လူတစ်ယောက်က တစ်ခုခုကို ရှာတွေ့နိုင်ဖို့က ထိုသူ၏ ကံကောင်းမှုပေါ်တွင် မူတည်ပေ၏။ ပြောကြသည်က သည်နေရာတွင် ပြီးပြည့််စုံသော ကောင်းကင်ဘုံမန္တာန်များပင် ရှိသည်ဟူ၍ပင်။ကောင်းကင်ဘုံမန္တာန်အများစုက မပြည့်မစုံ ဖြစ်နေသော်လည်း အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းကြီး၏ ကျင့်ကြံသူများကတော့ သည်နေရာတွင် အပြည့်အစုံ ကောင်းကင်ဘုံမန္တာန်များ ရှိကိုရှိရမည်ဟု ယုံကြည်နေကြပေသည်။
သည့်အပြင် သည်နေရာ၌ နောက်ထပ် အဓိကအကြောင်းရင်းတစ်ခုလည်း ရှိနေသေး၏။ထိုအကြောင်းရင်းက မိုးကြိုးကောင်းကင်ဘုံနယ်မြေတွင် ပကတိအတိုင်း မပျက်စီးသေးသော ကောင်းကင်ဘုံသားတို့၏ ခန္ဓာကိုယ်အလောင်းများ ရှိသည်ဟူ၍ပင်။
လူတစ်ယောက် ထိုကောင်းကင်ဘုံသား အလောင်းတစ်လောင်းကို ရှာတွေ့နိုင်ပါက၊ သို့မဟုတ် သဲလွန်စတစ်ခု ရှာတွေ့နိုင်မည် ဆိုရင်ပင် ယင်းအလောင်းကို မိုးကြိုးကောင်းကင်ဘုံကျောင်းတော်သို့ ရောင်းချနိုင်ပေသည်။သဲလွန်စများက တိကျပါက ထိုသူသည် အကျိုးအမြတ်များစွာ ရရှိပေလိမ့်မည်။
ကောင်းကင်ဘုံသား၏ အလောင်းကို ကိုယ်တိုင်ရှာတွေ့ကာ မိုးကြိုးကောင်းကင်ဘုံကျောင်းတော်သို့ လက်လွှဲနိုင်ပါက ရရှိလာနိုင်မည့် အကျိုးအမြတ်သည် အံ့မခန်း ဖြစ်ပေလိမ့်မည်။
ထိုသို့သော ကောင်းကင်ဘုံသားတစ်ယောက်၏ အလောင်းကို ရရှိနိုင်သည့်သူသည် မိုးကြိုးကောင်းကင်ဘုံကျောင်းတော်၏ မြင့်မြတ်သောအကြီးအကဲဆယ်ယောက်ထဲမှ တစ်ယောက်၏ တပည့် ဖြစ်လာနိုင်ပေလိမ့်မည်။ ထိုချိန်မှစ၍ ထိုသူသည် အခြားသူများ၏ အထက်တွင်ရှိကာ သူ့အနာဂတ်သည်လည်း အကန့်အသတ် ရှိတော့မည် မဟုတ်ပေ။
သည်အရာများအားလုံးအပြင် အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်း၏ ဒုတိယအဆင့်မှ ကျင့်ကြံသူများကို အမှန်တကယ်စွဲဆောင်နိုင်သော အရာက မူလစွမ်းအင်တွင်းများပင် ဖြစ်တော့၏။
လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းခန့်က ကျင့်ကြံသူတစ်ယောက်သည် အတော်အသင့်သာ ကောင်းမွန်တော့သော မူလစွမ်းအင်တွင်း တစ်ခုကို ရှာတွေ့ခဲ့ဖူးသည်ဟု ဆိုသည်။ထိုကျင့်ကြံသူက အာဏာတက်ခြင်းအဆင့်တွင်သာ ရှိသေးသော်လည်း ထိုမူလစွမ်းအင်တွင်းနက်ထဲတွင် ကျင့်ကြံပြီးသည့်နောက် သူက ပထမအဆင့်ကို ကြမ်းတမ်းစွာ ချိုးဖောက်၍ ဒုတိယအဆင့်သို့ ရောက်ရှိခဲ့သည်ဟူ၍ပင်။
အချို့အကြောင်းရင်းများကြောင်း သည်သတင်းက ပျံ့နှံ့သွားခဲ့ကာ ကျင့်ကြံသူတိုင်းကို သည် မူလစွမ်းအင်တွင်း အား အရူးအမူး ရှာကြရန် ဖြစ်လာခဲ့စေသည်။
မူလစွမ်းအင်တွင်း မည်သို့မည်ပုံ ဖြစ်ပေါ်သည်ကိုတော့ မည်သူကမျှ မသိကြပေ။
မူလစွမ်းအင်တွင်းထဲ၌ မူလစွမ်းအင် မြောက်များစွာ ရှိပေ၏။ မူလစွမ်းအင်က အလွန်ပေါကြွယ်ဝလှသဖြင့် သန့်စင်မွန်းမံ၍ စုပ်ယူရန်ပင် မလိုပေ။ လူတစ်ယောက်က ဒုတိယအဆင့် ကျင့်ကြံမှုတွင်မရှိလျှင်တောင်မှ သူတို့က ထိုစွမ်းအင်ကို စုပ်ယူကာ ကျင့်ကြံနိုင်ပေသည်။
ထိုအမျိုးမျိုးသော အကြောင်းအရာများက မရေမတွက်နိုင်သောလူများထံသို့ ပျံ့နှံ့သွားကာ မိုးကြိုးကောင်းကင်ဘုံနယ်မြေတွင် လာရောက်စုစည်းစေတော့၏။
မူလစွမ်းအင်တွင်းအပြင် အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းရှိ ကျင့်ကြံသူများ၏ အခေါ်အရ ‘မူလစွမ်းအင်ကိရိယာ’ ဟူ၍လည်း ရှိသေး၏။ ထိုကိရိယာထဲ၌ ပါဝင်နေသော စွမ်းအင်က ကောင်းကင်ဘုံကျောက်စိမ်းပြားထဲရှိ စွမ်းအင်နှင့် ခြားနားလှ၏။ ပထမအဆင့်ကျင့်ကြံသူများက ယင်းစွမ်းအင်ကို စုပ်ယူလျှင် ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင် ဖြစ်လာပေလိမ့်မည်။ သို့သော် ဒုတိယအဆင့်ရှိ ကျင့်ကြံသူက စုပ်ယူလျှင်တော့ မူလစွမ်းအင် ဖြစ်လာနိုင်ပေသည်။
ဝမ်လင်းက သည်နေရာသို့ ရောက်လာချင်ရသည်မှာ ထိုထိုသော အကြောင်းရင်းများကြောင့် ဖြစ်တော့၏။ သူက သည်လိုအရာမျိုးကို မိုးကောင်းကင်ဘုံနယ်မြေတွင် ဘာကြောင့်မကြားခဲ့ရဖူးလဲကိုလည်း သံသယရှိနေပေ၏။
“ငါ့ကျင့်ကြံမှုအဆင့်က မလုံလောက်သေးဘူး ဖြစ်နေတယ်…”
ဝမ်လင်းက သက်ပြင်းချလိုက်၏။ သည့်နောက် သူ့ခန္ဓာကိုယ်တစ်ခုလုံးသည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ ထွက်ခွာသွားရန် ပြင်သည်။သည်အခိုက်အတန့်မှာပင် သူ့အောက်ဘက်ရှိ မူလစွမ်းအင်အမျှင်တန်းများက ရုတ်တရက် ပြိုကျပျက်စီးသွားကာ သဲလွန်စမရှိ ပျောက်ကွယ်သွားတော့သည်။
ဝမ်လင်းက ရပ်တန့်ကာ ထိုမြင်ကွင်းကို စူးစိုက်ကြည့်နေသည်။
သည်အခိုက်အတန့်၌ ပြိုကျနေသောမြေပြင်ထံမှ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင် တုန်ခါမှုလှိုင်းတစ်ခု ခပ်ဖျော့ဖျော့ ထွက်လာနေသည်။မီးခိုးဖြူရောင်သမ်းနေသော အပိုင်းအစတစ်ခုသည် ဖုန်မှုန့်များကြားကနေ တစ်ဝက်တစ်ပျက် ထွက်ပေါ်လာခဲ့သည်။
ထိုအရာထံကနေ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်တုန်ခါမှုလှိုင်း ထွက်ပေါ်နေခြင်း ဖြစ်လေ၏။
မိုးကြိုးကောင်းကင်ဘုံနယ်မြေ၏ တစ်နေရာရှိ အစိတ်အပိုင်းတစ်ခုပေါ်တွင် အဘိုးအိုသည် လက်နောက်ပစ်ကာ သူ့ရှေ့ရှိ မြင့်မားသောတောင်ကြီးကို ငေးမောကြည့်နေ၏။ သူက နှုတ်ခမ်းသပ်လိုက်ကာ ရှေ့သို့ ဆက်လျှောက်ဟန် ပြင်လိုက်သည်။ သို့သော် သူက တစ်ခုခုကို ထောက်လှမ်းမိသွားဟန်ဖြင့် ရုတ်တရပ် ရပ်တန့်လိုက်သည်။ထို့နောက် သူက ရယ်မော ပြောဆိုလိုက်၏။
“ဒီကောင်လေးက ဖြတ်လမ်းနည်းသုံးပြီး ထွက်လာနိုင်တာပဲ…မဟုတ်ရင် သူက ခုနစ်ရက်အတွင်း ထွက်လာနိုင်မှာ မဟုတ်ဘူး။ဒါပေမဲ့လည်း သူက ဖြတ်လမ်းနည်းသုံးခဲ့ပေမဲ့ ဘာထိခိုက်မှုမှ မဖြစ်ခဲ့ဘူး။မင်းက ဒီအဘိုးအိုနဲ့ ကံစပ်တဲ့ ဖြစ်လာချင်တော့လည်း ဒီအဘိုးအိုက သနားသဖြင့် သဘောတူရတော့မှာပေါ့…”
“ဒါပေမဲ့လည်း ခုပိုအရေးကြီးတဲ့ ကိစ္စလေးတွေ ရှိသေးတယ်။ဒီအဘိုးအိုက ဒီကိစ္စကို အောင်မြင်နိုင်ဖို့အတွက် နှစ်သောင်းနဲ့ချီပြီး သတ္တုပစ္စည်းတွေ ပြင်ဆင်ထားခဲ့ရတာ။ ငါက ဒီတောင်ရဲ့ စိတ်ဝိညာဉ်ကို ထုတ်ယူပြီး မဟာအလုံးစုံကောင်းကင်အစီအရင်မှာ နေရာချပြီးတာနဲ့ ငါ ပြန်လာပြီး မင်းကို လာရှာမယ်…”
အဘိုးအို၏ မျက်လုံးထဲ၌ စိတ်လှုပ်ရှားဟန် ဖြစ်ပေါ်နေသည်။သူ့အတွေ့အကြံဖြင့် ခုလိုမျိုး စိတ်လှုပ်ရှားမှု အလွန်တရာ ဖြစ်ခဲလှ၏။သူ့ဘဝကို စိတ်လှုပ်ရှားမှုတစ်ခုခု ဖြစ်စေသည်ဆိုရင် ထိုအရာက သူနှစ်ထောင်ပေါင်းများစွာ ကြိုးကြိုးစားစား လုပ်ထားသည့် ကြောက်မက်ဖွယ်သည်အစီအစဉ်သာ ဖြစ်ပေလိမ့်မည်။
အဘိုးအိုက ရယ်မောပြောဆိုပြီးနောက် သူ့ရှေ့ရှိ မြင့်မားသောတောင်ရှိရာသို့ ခြေလှမ်းလိုက်သည်။
“ဒီအဘိုးအိုက အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းမှာ နံပါတ်တစ်ပုဂ္ဂိုလ် ဖြစ်လာလိမ့်မယ်။ဒီအစီအစဉ် ပြီးပြည့်စုံသွားတာနဲ့ ငါက အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းအနှံ့ကို လွှမ်းခြုံနိုင်ပြီး ဒီသောက် အရှင်ကျုံးရွှမ်ကို အုတ်ဂူတစ်ခုတောင် မရှိစေဘဲ သတ်ပစ်ရမယ်…”
ဝမ်လင်းကတော့ မြေပြင်ထက်သို့ ခပ်ဖြည်းဖြည်း ဆင်းသက်လာကာ သူ့လက်ကို ဆန့်ထုတ်၍ မြေပြင်ထက်မှ အရာကို ဆွဲယူလိုက်သည်။ထိုအရာက ပြီးပြည့်စုံခြင်း မရှိဘဲ ပန်းအိုးအကွဲတစ်ခုကဲ့သို့သာ ဖြစ်နေသည်။
ဝမ်လင်းမျက်လုံးများက တောက်ပနေကာ သူက မြေပြင်ထက်ကို ကြည့်နေသည်။သူက မြေပြင်ထက်မှ ပိုမိုများပြားသော တုန်ခါလှိုင်းများ ထွက်ပေါ်လာနေသည်ကို ခပ်ရေးရေး ခံစားမိနေသည်။
“ငါက ဒါကို စောနပိုင်းက ဘာကြောင့် သတိမပြုမိရတာလဲ….။ဒီနေရာ ပျက်စီးသွားပြီးမှသာ ငါက ထောက်လှမ်းနိုင်တာ ဖြစ်ရမယ်…”
ဝမ်လင်းက သူ့လက်ထဲရှိ ပစ္စည်းကို ကြည့်ကာ စဉ်းစားနေ၏။
ထိုအခိုက်အတန့်မှာပင် အလင်းတန်းတစ်ခုသည် ထိုးခွင်း ရောက်ရှိလာ၏။ သည်အလင်းတန်းက အနက်ရောင်ရှိကာ နတ်ဆိုးမိစ္ဆာစွမ်းအင်ကို သယ်ဆောင်ထားသည်။ ထိုအနက်ရောင်အလင်းက တစ်စုံတစ်ခုကို သတိပြုမိဟန်ရကာ ဝမ်လင်းထံသို့ တိုက်ရိုက် တိုးဝင်လာနေသည်။
မိစ္ဆာစွမ်းအင်ထဲ၌ သတ်ဖြတ်ခြင်းစိတ်ဆန္ဒနှင့် မောက်မာမှုတို့ ပါဝင်နေ၏။
“ရှေ့က ဂျူနီယာ….မင်းလက်ထဲကဟာကို ထားခဲ့ပြီး ခုချက်ခြင်း ထွက်သွားစမ်း…။မလိုက်နာရင် သေရမယ်…”
***