ဝမ်လင်းကို မိုးကြိုးကောင်းကင်ဘုံနယ်မြေထံသို့ ဦးဆောင်ခေါ်သွားနေသော ကြယ်ပျံတစ်စင်းအလား မြန်ဆန်လွန်းလှသည့် မိုးကြိုးသည် အနီရင့်ရောင်မိုးကြိုးနှင့် ထိတိုက်သွားသည့်အခိုက်တွင် ပို၍ပင် ရူးသွပ်ဖွယ်ကောင်းလာခဲ့သည်။၎င်းအထဲရှိ မိုးကြိုးပမာဏသည် ကြောက်မက်ဖွယ်အဆင့်သို့ ရောက်နေ၏။
ယင်းမိုးကြိုးက ဝမ်လင်းခန္ဓာကိုယ်ထဲသို့ အရူးအမူး တိုးဝင်နေသည်။အသက်တစ်ချက်ရှုစာအချိန်လောက်မှာပင် ယင်းမိုးကြိုးက ဝမ်လင်း၏ ခန္ဓာကိုယ်ကို ထုံထိုင်းသွားစေကာ ဝမ်လင်း၏မူလစိတ်ဝိညာဉ်ကိုလည်း ချုပ်နှောင်သွားသည်။
ထိုဖြစ်စဉ်က အလွန်မြန်ဆန်လှသဖြင့် ဝမ်လင်းက တွေးကြည့်ချိန်ပင် မရလိုက်ချေ။သူ့ခန္ဓာကိုယ်တစ်ခုလုံးက အေးခဲတောင့်တင်းသွား၏။ ကြယ်ပျံတစ်စင်းအလား မိုးကြိုးက အနီရင့်ရောင်မိုးကြိုးနှင့် ထိမှန်သွားချိန်တွင်တော့ သူက မိုးကြိုးကောင်းကင်ဘုံနယ်မြေထဲသို့ ခေါ်ဆောင်သွားခြင်း ခံလိုက်ရပြီ ဖြစ်သည်။
ဝမ်လင်းက သူ့ပတ်ဝန်းကျင်ကိုပင် စစ်ဆေးကြည့်နိုင်ခြင်း မရှိပေ။ကြယ်ပျံတစ်စင်းအလား မိုးကြိုးက လေထဲကို ထိုးခွင်းကာ မြေပြင်ပေါ်သို့ တိုက်ရိုက် ကျရောက်လာပြီး အစိတ်အပိုင်းအကျိုးအပဲ့များစွာကို ဖြစ်သွားစေသည်။မြေပြင်ထက်၌လည်း ဖုန်များထောင်းထောင်းထ သွားချေ၏။
အချိန်အတန်ကြာပြီးမှ ထိုဖုန်ထုကြီးက ဖြည်းဖြည်းချင်း အထိုင်ပြန်ကျသွား၏။
မြေပြင် အစိတ်အပိုင်းတစ်ခု၏ အရှေ့ဘက်ပိုင်းရှိ မျက်နှာပြင်ပေါ်တွင် အပေါ်ကြီးတစ်ပေါက် ဖြစ်နေခြင်းက ဖြစ်ပျက်ခဲ့သမျှကို အမှန်ဖြစ်သည်ဟု သက်သေပြနေတော့သည်။
အစိမ်းရောင်အခိုးငွေ့များက ထိုတွင်းပေါက်ထဲကနေ ထွက်နေကြသည်။ လေအတိုက်တွင် ထိုအစိမ်းရောင်အခိုးငွေ့များက လွင့်ပြယ်သွားကြ၏။
ထိုတွင်းပေါက်၏ အစွန်းသပ်နားရှိ မြေပြင်တွင် မိုးကြိုးများက လှုပ်ရှားသက်ဝင်နေသည်။
ထိုတွင်းနက်ထဲရှိ အောက်ခြေတွင်တော့ ဝမ်လင်းက လှဲလျောင်းလို့နေ၏။ သူ့ဒွာရကိုးပေါက်ကနေ သွေးများ စိမ့်ထွက်နေကာ သူ့ခန္ဓာကိုယ်၏ အစိတ်အပိုင်းများသည်လည်း အပေါ်မှ ပြုတ်ကျလာသော အားကြောင့် ဒဏ်ရာရရှိနေသည်။သူက အလွန်သနားစရာ ကောင်းသောအခြေအနေသို့ စိုက်ရောက်နေချေ၏။
သည်မိုးကြိုး ကောင်းကင်ဘုံနယ်မြေက မိုး ကောင်းကင်ဘုံနယ်မြေထက် ပိုမို တည်တည်ငြိမ်ငြိမ် ရှိလှသော်လည်း ပျက်စီးပြိုကျနေမှုများကတော့ ရှိလို့နေဆဲသာ ဖြစ်သည်။ ခြေလှမ်းတစ်ရာ ကွာတိုင်း ပျက်စီးပြိုကျနေသော နေရာတစ်ခု ရှိလို့နေသည်။
ကြယ်ပျံတစ်စင်းအလားမိုးကြိုးကြောင့် အစိတ်အပိုင်းနေရာက ပို၍ပင် မတည်မငြိမ် ဖြစ်လာခဲ့ရသည်။ဝမ်လင်းကြောင့် မျက်နှာပြင်ထက်၌ တွင်းပေါက်တစ်ခု ဖြစ်သွားပြီး မကြာခင်မှာပင် ထိုတွင်းပေါက်၏ အနားစွန်းများသည် စတင် ပြိုကျလာသည်။
အဖြူရောင်ဝတ်စုံနှင့်အဘိုးအိုသည် လေဟာနယ်ထဲကနေ ထွက်ပေါ်လာသည့်ဟန် ရ၏။ သူက တွင်းပေါက်ရှိသော မြေပြင်နားသို့ ရောက်ရှိလာကာ ငုံ့၍ကြည့်လိုက်ပြီးနောက် ပြုံး၍ ဆိုသည်။ “ငါ အသက်ရှင်ခဲ့တာ အချိန်ကြာလှနေခဲ့ပြီ။ မိုးကြိုးကောင်းကင်ဘုံနယ်မြေကို ဒီလို လောဘတကြီး ဝင်ရောက်လာတဲ့လူကို ခုမှ ပထမဆုံး မြင်ဖူးတော့တယ်….။အယ်…”
ထိုအဘိုးအို၏ မျက်လုံးက ကျဉ်းမြောင်းသွားသည်။သူက သေချာထပ်မံကြည့်ရှုလိုက်ပြီးနောက် ခပ်တိုးတိုး ရွတ်ဆိုလိုက်သည်။ “ဒီကောင်လေးရဲ့ မူလစိတ်ဝိညာဉ်က ဒီလိုအားကောင်းတဲ့မိုးကြိုးဖိအားကို ပေးစွမ်းနေတယ်။ဒါ့အပြင် သူ့ခန္ဓာကိုယ်ကလည်း မိုးကြိုးနဲ့ ပြုလုပ်ထားတာ။ဘာလဲဟ…သူက လူသားလား…ဒါမှမဟုတ် စိတ်ဝိညာဉ်တစ်ခုလား…။ ဒီလိုသာ ဆက်လုပ်နေရင် သူက အနှေးနဲ့အမြန် မိုးကြိုးစိတ်ဝိညာဉ် ဖြစ်လာနိုင်လိမ့်မယ်…”
“ဒါပေမဲ့လည်း သူ့ပြုတ်ကျသွားတဲ့နေရာက နည်းနည်းတော့ ထူးဆန်းနေတယ်။ ထားလိုက်ပါလေ…ဒီအဘိုးအိုက သူ့ကို မြင်တွေ့ပြီးသွားပြီ ဆိုမှတော့ ငါတို့နှစ်ယောက်က ကံစပ်တယ်လို့ ဆိုလိုတာပဲ…”
အဘိုးအို၏ အကြည့်ထဲ၌ စိတ်ဝင်စားဟန်တို့ ပေါ်ထွက်နေသည်။သူက ညာလက်ကို ပင့်မြှောက်ကာ မြေကြီးထက်သို့ ဖိချလိုက်သည်။ အလင်းတန်းတစ်ခုက မြေပြင်ထက်တွင် ဖြတ်သန်းသွားသည်။သည့်နောက် အဘိုးအို၏ ခန္ဓာကိုယ်သည် ဖျပ်ခနဲ ပျောက်ကွယ်သွားချေ၏။
ထိုအဘိုးအိုနှင့် ကံစပ်ခဲ့သည့်သူများစွာ ရှိခဲ့ဖူး၏။သို့သော် ထိုသူများသည် အကူအညီမဲ့စွာနှင့်သာ အဆုံးသပ်ခဲ့ကြရပေသည်။
အချိန်က ဖြည်းဖြည်းချင်း ကုန်ဆုံးနေ၏။ မြေအောက်အနက်ထဲတွင် ဝမ်လင်းသည် ဖြည်းဖြည်းချင်း မျက်လုံးပွင့်လာခဲ့သည်။သူက အလွန်နာကျင်လို့နေ၏။ သူ့မူလစိတ်ဝိညာဉ်ပင် ကောင်းမွန်စွာ မလုပ်ဆောင်နိုင်သေးပေ။
ဝမ်လင်းက မချင့်ပြုံးပြုံးကာ သူ့ပတ်ပတ်လည်ကို ကြည့်လိုက်သည်။သူ့ပတ်ပတ်လည်ကို ကြည့်လိုက်ပြီးသည့်နေက် ဝမ်လင်းက ထိုင်ဖို့ကြိုးစားကာ မျက်လုံးမှိတ်၍ စတင်ကျင့်ကြံလေသည်။
သူက သူ့မူလစိတ်ဝိညာဉ်ကို ဖြည်းဖြည်းချင်း ပြန်အသက်သွင်းနေ၏။ သူ့ကိုယ်ပိုင်မိုးကြိုးနှင့် သဟဇာတ မဖြစ်သော မိုးကြိုးအမျှင်တန်းတစ်ခုကို တွေ့လိုက်ရ၏။ ထိုမိုးကြိုးသည် သူ့မူလစိတ်ဝိညာည်က ကောင်းမွန်စွာ မလုပ်နိုင်ခြင်းကြောင့် ဖြစ်ပေါ်လာခဲ့ရခြင်းပင်။
ပတ်ဝန်းကျင်တစ်ခုလုံးက လုံးလုံး တိတ်ဆိတ်ကာ နေသည်။ဝမ်လင်းကလည်း သူ့ကျင့်ကြံမှုထဲ၌ နစ်မြုပ်နေ၏။ သည်အခိုက်အတန့်တွင် ကောင်းကင်ဘုံသက်တော်စောင့်က သူ့အရိပ်ထဲကနေ ထွက်လာခဲ့ကာ ဝမ်လင်းနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်ချကာ သူ့အား ကာကွယ်ပေးနေ၏။
ရက်အချို့က ဖျပ်ခနဲ ကုန်ဆုံးသွားခဲ့သည်။ဝမ်လင်းက မျက်လုံး ပြန်ဖွင့်လာကာ ပါးစပ်အပြည့် လေမှုတ်ထုတ်ပစ်လိုက်၏။ ယင်းမှုတ်ထုတ်လိုက်သော လေထဲ၌ မိုးကြိုးအငွေ့အသက်တို့ ပါဝင်နေသည်။
“နောက်ကျရင် ငါက ဒီလိုပုံစံ စွန့်စားကြည့်လို့ မဖြစ်တော့ဘူး…။ကံကောင်းစွာနဲ့ ငါ့မူလစိတ်ဝိညာဉ်ကို အနှောက်အယှက်ပေးနိုင်တဲ့ မိုးကြိုး ပမာဏက သိပ်မများလို့။ မဟုတ်ရင် ငါက ဒါကို အချိန်တိုအတွင်း စွန့်ထုတ်နိုင်မှာ မဟုတ်ဘူး…”
တမူကွဲသည့်မိုးကြိုးကို ထုတ်ပယ်ပြီးသည့်နောက် ဝမ်လင်း၏ ဒဏ်ရာများသည် စတင် ကောင်းမွန်လာသည်။ သူ့မူလစိတ်ဝိညာဉ်ကိုလည်း ကုသပြီး ဖြစ်၏။ သူ့ခန္ဓာကိုယ်သည် ထိခိုက်ခံရသော်လည်း ထိုအရာက သူ့ကျင့်ကြံမှုအပေါ် သက်ရောက်နိုင်ခြင်း မရှိပေ။ဝမ်လင်းက သူ့အပေါ်ရှိ မြေကြီးထုကို ကြည့်သည်။ထို့နောက် သူက ရှေ့တည့်တည့်သို့သာ ဆက်လျှောက်လို့သွားတော့သည်။
“ငါက မိုးကြိုးကောင်းကင်ဘုံနယ်မြေကို ရောက်လာခဲ့တာက ဒီနေရာမှာ မိုးကောင်းကင်ဘုံနယ်မြေနဲ့ ဘယ်လိုမျိုး ခြားနားတဲ့ အရာတွေ ရှိမလဲ သေချာ သိချင်လို့ပဲ…”
ဝမ်လင်း ခန္ဓာကိုယ်က အလင်းတန်းတစ်ခု အဖြစ်သို့ ပြောင်းလဲသွားကာ သူ့အထက်ရှိ ဖုန်မှုန့်ထုနှင့် တွေ့ဆုံသွားသည်။ထိုဖုန်မှုန့်ထုထံမှ အလင်းတစ်ခု ဖျပ်ခနဲ ထွက်ပေါ်လာခဲ့သည်။သူက သံနံရံတစ်ခုကို ဝင်စောင့်မိသကဲ့သို့ ဝုန်းကနဲ နောက်ပြန်ကန် ထွက်လာသည်။
သူက မြေပေါ်သို့ သက်ဆင်းလိုက်ပြီးနောက် ဝမ်လင်းသည်နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားရသည်။သူ့မျက်လုံးထဲ၌လည်း ကြောက်လန့်မှုတို့ ဖြစ်ပေါ်လာခဲ့သည်။
“ဒီ…ဒီဖုန်တွေက မူလစွမ်းအင် ပါဝင်နေတယ်…” ဝမ်လင်းက အသက်ဝဝရှုသွင်းလိုက်၏။ သူ့မျက်လုံးထဲ၌ လျှပ်စီးများနှင့် ပြည့်လာခဲ့သည်။ သူက အနီးကပ် သေချာ ကြည့်လိုက်သည့်အခါ သူ့အသွင်က နက်မှောင်လို့သွား၏။
“ဒီမူလစွမ်းအင်က သဘာဝအလျောက် ဖြစ်ပေါ်နေတာမဟုတ်ဘဲ တစ်ယောက်ယောက်က မန္တာန်တစ်ခု အသုံးပြုထားတာပဲ။တစ်စုံတစ်ယောက်က ငါ့ကို ထွက်မသွားစေချင်ဖူး ဖြစ်နေတယ်…”
ဝမ်လင်းမျက်လုံးများက အေးစက်လာခဲ့သည်။
သူက ပြုတ်ကျလာသည့်အချိန်တွင် ဒဏ်ရာရခဲ့သော်လည်း သူ့ပတ်ဝန်းကျင်ကိုတော့ အနည်းနဲ့အများဆိုသလို သတိထားခဲ့သည်သာ ဖြစ်သည်။ သည်မြေပြင်က ပုံမှန်ထက် အနည်းငယ် မာကျောသော်လည်း ရပ်တန့်တားဆီးခြင်း စွမ်းရည်တော့ ရှိမနေခေဲ့ပေ။
သို့ရာတွင် အခု သည်မြေပြင်ထက်ရှိ ဖုန်မှုန့်ထုက ပြောင်းလဲသွားခဲ့ကာ ဝမ်လင်းကို တုန်လှုပ်စေနေ၏။
ဝမ်လင်းက အနည်းငယ် စဉ်းစားကြည့်နေ၏။ ထို့နောက် အတွေးတစ်ချက်ဖြင့်ပင် သူ့အရိပ်ထဲမှ ကောင်းကင်ဘုံသက်တော်စောင့်က ထွက်ပေါ်လာခဲ့သည်။၎င်းက အမျိုးမျိုးသောဦးတည်ရာနေရာများကို ချိုးဖျက်ကြည့်ရန် ကြိုးစားလေ၏။
သို့သော် ရှေ့တည့်တည့်နေရာကလွဲ၍ ကျန်သည့်နေရာများသည် ဖြတ်ကျော်၍ မရနိုင်အောင် ဖြစ်လို့နေသည်။
ဝမ်လင်းအသွင်က ပို၍ပင် သုန်မှုန်လာခဲ့သည်။ သူက သည်အရာသည် လူတစ်ယောက်က ဖန်တီးပြုလုပ်ထားကြောင်း ပို၍ သေချာသိလာခဲ့သည်။ သူ့ကို မြင်တွေ့ခဲ့သော တစ်စုံတစ်ယောက်က သည်နေရာတွင် သူ့ကို လှောင်ပိတ်ထားစေချင်ကာ ထွက်ခွာနိုင်ရန်အတွက် ရှေ့တည့်တည့်က လမ်းတစ်ခုကိုသာ ချန်ထားခဲ့ပေသည်။ ဆိုလိုသည်က ဝမ်လင်းသည် ဘေးဘယ်ညာသို့ သွားနိုင်ခြင်း မရှိဘဲ သူ့ရှေ့တည့်တည့်သို့သာ သွားနိုင်သည်ဟူ၍ပင်။
ဝမ်လင်းက တိတ်တဆိတ် စဉ်းစားနေ၏။သူက ဒဏ်ရာကုသရန် ရက်အတန်အကြာ အသုံးပြုခဲ့ကာ မိုးကြိုးကောင်းကင်ဘုံနယ်မြေက ဖွင့်လှစ်ပြီလား မသိပေ။ သူက သူ့အား ဘေးဘယ်ညာသို့ သွားလို့မရအောင် တားဆီးထားသည့် မန္တာန်အား အသုံးပြုသူကိုလည်း ကောက်ချက်ချနိုင်စွမ်းမရှိ ဖြစ်နေသည်။
“ဒါပေမဲ့လည်း ဒီလူက ကောင်းကင်ဘုံနယ်မြေရဲ့ အစိတ်အပိုင်းတစ်ခုကိုတောင် ပိတ်လှောင်ထားနိုင်နေတယ်။ ဒီလူရဲ့ ကျင့်ကြံမှုအဆင့်က ရိုးရှင်းမှာ မဟုတ်တာကို ငါ စိုးရိမ်ထိတ်လန့်မိတယ်။ ဒါပေမဲ့ ဘာကြောင့် သူက ငါ့ကို ရှေ့တည့်တည့်ကိုပဲ သွားစေချင်တဲ့ ရည်ရွယ်ချက် ရှိနေရတာလဲ။ ဒီနည်းလမ်းက အဓိပ္ပာယ်မရှိဘူး…။ဒီလူက ငါ့ကို ရန်မူချင်ရင် တိုက်ရိုက်လာတိုက်ခိုက်ရုံပဲကို…”
ဝမ်လင်းက စဉ်းစားနေ၏။ သူ့မျက်လုံးက တလက်လက်ဖြစ်နေသည်။ ထို့နောက် သူက သူ့ရှေ့တည်တည့်ရှိ လမ်းကြောင်းကို ကြည့်လိုက်သည်။
“ရှိစေတော့…ဒီနေရာမှာ နေနေရင် အဓိပ္ပာယ် မရှိဘူး။ ရှေ့မှာ ဘာထူးဆန်းတာများ ရှိနေမလဲ သွားကြည့်ရုံပေါ့…”
ဝမ်လင်းက သိုလှောင်အိတ်ထဲမှ ကောင်းကင်ဘုံစုတ်တံကို ထုတ်ယူကာ ဆွဲကိုင်လိုက်လေ၏။
စုတ်တံကို ကိုင်ဆောင်ထားရင်း သူ့မျက်ခုံးနှစ်ခုကြားကနေ အနီရောင်အလင်းတန်းအမျှင်တစ်ခုက ထွက်ပေါ်လာခဲ့သည်။ထိုအရာက သူ့ကို နတ်ဆိုးမိစ္ဆာတစ်ပါးလို ဖြစ်စေ၏။ သည့်နောက် သူက ညာလက်ဖြင့် ချိတ်တံဆိပ်တစ်ခု ဖန်တီးလိုက်ရာ ကောင်းကင်ဘုံလေပြင်းတစ်ခု ချက်ခြင်း ပေါ်ထွက်လာပြီး သူ့ရှေ့ရှိ ဖုန်မှုန်များကို လမ်းရှင်းပေးသွားကာ လျှောက်လမ်းတစ်ခု ပေါ်ထွက်လာချေသည်။
ဝမ်လင်းက နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်ရာ မည်သည့်နေရာသို့ ဦးတည်မှန်းမသိရသော လမ်းကြောင်းများစွာ ရှိနေသည်ကို တွေ့လိုက်ရ၏။ သူ့နတ်ဘုရားအာရုံက ထိုလမ်းကြောင်း၏ အဆုံးသပ်ကို ရှာတွေ့နိုင်စွမ်း ရှိမနေပေ။
အနည်းငယ်စဉ်းစားပြီးနောက် ဝမ်လင်းက ရှေ့သို့ ထိုးတက်သွားသည်။သူက ရှေ့သို့ သွားနေရင်း နတ်ဘုရားအာရုံကိုလည်း ဖြန့်ကျက်ကာ ထွက်ပေါက်ကို ရှာနေ၏။ သူက ဥမင်လမ်းများအတွင်း တဟုန်ထိုး ဖြတ်သန်းလာနေရင်းဖြင့် ဘေးဘယ်ညာကို ထွင်းဖောက်နိုင်ရန် ကြိုးစားသည်။သို့သော် သူက ထိုးထွက်နိုင်စွမ်း မရှိပေ။
သူက ရှေ့တည့်တည့်သို့ ရွှေ့လျားနေရင်း သူ့မျက်လုံးက ကျဉ်းမြောင်းသွားသည်။သူ့နတ်ဘုရားအာရုံက ရှေ့နားတွင် ထွက်ပေါက်တစ်ခုကို တွေ့လိုက်ပေ၏။ ဝမ်လင်းက သူ့အရှိန်ကို မြင့်ကာ ထွက်ပေါက်ထံသို့ ဦးတည်သွား၏။
သို့ရာတွင် သူက ထွက်ပေါက်ကို ရှာရသည်မှာ လွယ်ကူနေသဖြင့် အနည်းငယ်တော့ သံသယဖြစ်လို့နေ၏။
“ဒီနေရာက မန္တာန်ကြောင့်မဟုတ်ဘဲ…မိုးကြိုးကြောင့်များ ဖြစ်ပေါ်နေတာများလား…”
ဝမ်လင်းက စတင်စဉ်းစားကာ အရှိန်လျော့ချလိုက်သည်။
ထိုအခိုက်အတန့်၌ သူ တွေ့မြင်ထားသည့် ထွက်ပေါက်အပေါ်တွင် ဖျပ်ခနဲ လင်းလက်သွားသည်။ ထိုအလင်း ပေါ်လာသည့်အခါ ထွက်ပေါက်သည်လည်း ချက်ခြင်း ပျောက်ကွယ်သွားတော့၏။
ဝမ်လင်းက မှင်သက်သွားကာ သူ့အသွင်ကလည်း ပိုမို၍ သုန်မှုန်လာခဲ့သည်။အနည်းငယ် စဉ်းစားပြီးသည့်နောက် သူက အေးစက်စက်နှာခေါင်းရှုံ့ကာ ထွက်ပေါက်ရှိရာသို့ ဦးတည်သွားတော့သည်။သူက ထွက်ပေါက်သို့ ရောက်လာခဲ့ကာ အချိန်အတန်ကြာ လှည့်ပတ် ကြည့်နေသည်။သူက မည်သည့်စကားမှ မဆိုဘဲ အခြားလမ်းဆုံတစ်ခုထံသို့ ဦးတည်သွားသည်။
သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်ထားကာ ဥမင်လမ်းကြောင်းတစ်ခုစီကို သေချာ ရှာဖွေကြည့်နေသည်။ နာရီဝက်ခန့် ကြာလာပြီးသည့်နောက် နောက်ထပ် ထွက်ပေါက်တစ်ခုကို တွေ့လိုက်ပြန်သည်။ ထိုထွက်ပေါက်ထံမှ မိုးခိုးရောင်အလင်းတစ်ခု ထွက်ပေါ်နေကာ ထိုထွက်ပေါက်က မျက်နှာပြင်ပေါ်သို့ ဦးတည်နေမှန်း သိသာနေ၏။
ဝမ်လင်းက တုံ့ဆိုင်းခြင်းမရှိဘဲ ယင်းထွက်ပေါ်ထံသို့ တိုက်ရိုက် ဦးတည်သွားသည်။
သူက မြန်ဆန်စွာသာ ရွှေ့လျား၍ တည်နေရာရွှေ့ပြောင်းခြင်း မပြုပေ။ သူက ထွက်ပေါ်နားသို့ ခဏနှင့် ရောက်ရှိလာ၏။ သူက ထွက်ပေါ်နှင့် ပေတစ်ရာခန့်သို့ ရောက်သည့်အခါ ရှေ့သို့ တဟုန်ထိုး တက်သွားသည်။
သို့သော် ထိုအခိုက်အတန့်မှာပင် ထိုထွက်ပေါက်ထံမှ အဖြူရောင်အလင်း ဖျပ်ခနဲ လင်းလက်သွားကာ ယင်းထွက်ပေါက်သည်လည်း ပျောက်ကွယ်သွားပြန်၏။
ဝမ်လင်းက နောက်ထပ် ထွက်ပေါက်တစ်ခုနှင့် လွဲချောသွားပြန်လေပြီ။သူက လက်သီးတင်းတင်းစုပ်ကာ သုန်မှုန်စွာ ရှိနေ၏။ သည့်နောက် ဝမ်လင်းက ခေါင်းမော့လိုက်၏။သူ့မျက်လုံးအကြည့်က မြေပြင်ထုကို ထွင်းဖောက်သွားသလား မှတ်ထင်ရသည်။သူက အသက်အနည်းငယ် ခပ်ဝဝရှုသွင်းပြီးသည့်နောက် ပြန်လှည့်၍ ထွက်ခွာလာပြန်သည်။
“ဒီနေရာက မန္တာန်တစ်ခုနဲ့ ဖန်တီးထားတာပဲ ဖြစ်ရမယ်…”
ဝမ်လင်းက သုန်မှုန်စွာဖြင့် အတောမသပ်နိုင်သော ဥမင်လမ်းကြောင်းများကို ဖြတ်သန်းသွားလာနေရင်း အစောပိုင်းက သူ့တည်ငြိမ်မှုပင် စိုးရိမ်ပူပန်မှုအဖြစ်သို့ ပြောင်းလာခဲ့သည်။သည်ထွက်ပေါက်များကို တစ်ယောက်ယောက်က ထိန်းချုပ်နေသည်မှာ ရှင်းလင်းနေ။ ထိုသူက သူ့ကို ထွက်ပေါက်ကို တွေ့မြင်စေသော်လည်း မထွက်ခွာစေနိုင်အောင် ပြုလုပ်နေပေသည်။
သူက စိုးရိမ်ပူပန်ကာ အလျင်စလို ဖြစ်လာခဲ့ပါက သည်နေရာကနေ ထွက်ခွာရန် ပိုမိုခက်ခဲပေလိမ့်မည်။
သည်အချိန်မှာပင် မိုးကြိုးကောင်းကင်ဘုံနယ်မြေ၏ တစ်နေရာတွင် အဘိုးအိုတစ်ယောက်သည် လက်နောက်ပစ်လျက် ရှိနေ၏။သူက ပြုံး၍ ဆိုသည်။ “ဒီအဘိုးအိုနဲ့ ကံစပ်တဲ့လူ ပေါ်မလာတာ တော်တော်ကြာမြင့်နေခဲ့ပြီပဲ။ဒီဂျူနီယာက ခုနစ်ရက်အတွင်း အဲ့နေရာကနေ ထွက်ခွာနိုင်ရင် သူက ငါနဲ့ ကံပိုစပ်တယ်လို့ ဆိုလိုတာပဲ။ ဒီကောင်လေးက ခုနစ်ရက်အတွင်း ထွက်လာနိုင်ဖို့ ငါ တကယ်မျှော်လင့်မိတယ်။ ဒီမိုးကြိုးကောင်းကင်ဘုံနယ်မြေမှာ ဒီအဘိုးအိုနဲ့ ကံစပ်တဲ့လူတွေအတွက် တော်တော်လေး သင့်တော်လှတဲ့ စိတ်ဝင်စားစရာ နေရာတွေအများကြီး ရှိတယ်…”
သုံးရက်တာကာလက ဖျပ်ခနဲ ကုန်ဆုံးသွား၏။ဝမ်လင်းက မြေအောက် ဥမင်လမ်းကြောင်းများအတိုင်း သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်၍ ဆက်လက်လှုပ်ရှား သွားလာနေသည်။သူက နာရီဝက်တစ်ကြိမ်လောက် ထွက်ပေါက်တစ်ခုကို ရှာတွေ့နေသော်လည်း ထိုနေရာနားသို့ ရောက်သွားသည်နှင့် ယင်းထွက်ပေါက်က ပျောက်ပျောက်သွားပေသည်။
သုံးရက်တာ ကုန်ဆုံးပြီးသည့်နောက် သူက မြေအောက်လမ်းကြောင်းအားလုံးကို လျှောက်လှမ်းပြီးသွားခဲ့ပြီ ဖြစ်သည်။ထို့အတွက်ကြောင့် သူ့စိတ်ထဲ၌ မြေပုံတစ်ခု ပေါ်လာခဲ့ချေသည်။
သူက သည်နေရာကနေ ထွက်ခွာရန်အတွက် နည်းလမ်းတစ်ခုကိုလည်း ရှာတွေ့ခဲ့သေးသည်။
***