မီးပြင်းဖို တစ်ခု ပိုင်ဆိုင်ထားသည့် ကျင့်ကြံသူတိုင်းသည် သူတို့၏ ဆိုင်ရာ ဆိုင်ရာ မီးပြင်းဖိုများ၏ ဆွဲခေါ်ခြင်းကို ခံနေရသည်။ သူတို့က တူညီသော ကျင့်ကြံခြင်းဂြိုဟ်မှ မဟုတ်ပါက သူတို့ကြားရှိ အကွာအဝေးသည် တစ်ယောက်နှင့်တစ်ယောက် မမြင်ရနိုင်လောက်အောင် လှမ်းလို့နေသည်။
သည်အခိုက်အတန့်မှာပင် အားကောင်းသော မိုးကြိုးတန်းတစ်ခုက ကျယ်လောင်သော အသံနှင့်အတူ ဖြတ်သန်းသွားသည်။ထိုအလင်းတန်း၏ အမြန်နှုန်းက အံ့မခန်းအဆင့်သို့ ရောက်နေ၏။
ယင်းအလင်းတန်းက ကျင့်ကြံသူများစွာကို ဖြတ်ကျော်လို့သွားသည်။
တူညီသောကျင့်ကြံခြင်းဂြုဟ်မှ ကျင့်ကြံသူအားလုံးနှင့် သူတို့၏အသွင်ဟန်ပန်များသည် ကြီးစွာ ပြောင်းလဲသွားကြသည်။သူတို့က ထိုအလင်းတန်းကို အာရုံစိုက်လိုက်ချိန်၌ ဖျပ်ခနဲသာ မြင်လိုက်ရပြီး အကွာအဝေးတစ်ခုသို့ ချက်ခြင်း ပျောက်ကွယ်သွားချေသည်။
ထိုကျင့်ကြံသူများ၏ မျက်လုံးထဲ၌ စိတ်ရှုပ်ထွေးမှုနှင့်ကြောက်ရွှံ့မှုတို့ ဖြစ်သွားကြ၏။
ထိုကျင့်ကြံသူများထဲမှ တစ်ယောက်က ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “ဘာကြီး…ဒါကဘာကြီးလဲ…”
ဝမ်လင်းက ထို ဖြတ်သန်းသွားသည့် မိုးကြိုးတန်းအတွင်း၌ ရှိလို့နေသည်။ ယင်းမိုးကြိုးတန်းက မြန်ဆန်လွန်းလှသဖြင့် သူက မျက်လုံးပင် မဖွင့်နိုင် ဖြစ်ရ၏။
အခုအခြေအနေ အမြန်နှုန်းတွင် သူ့နတ်ဘုရားအာရုံကိုလည်း ဖြန့်ကျက်ဝံ့ခြင်းမရှိပေ။ သူ့ခုလက်ရှိ အမြန်နှုန်းကြောင့် သူက နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်သည်နှင့် ပြန်ရုတ်သိမ်းနိုင်ခြင်း မရှိသေးခင်မှာပင် အစိတ်အပိုင်းအချို့ ဆုံးရှုံးကာ သူ့မူလစိတ်ဝိညာဉ်ကိုလည်း ထိခိုက်သွားနိုင်လောက်သည်။
သူက အလွန်မြန်ဆန်လှ၏။ သည်ကြယ်ပျံတစ်စင်းကဲ့သို့ မြန်ဆန်လှသည့် မိုးကြိုးတန်းသည် မိုးကြိုးကောင်းကင်ဘုံနယ်မြေ ရှိရာသို့ ဝရုန်းသုန်းကား ရောက်ရှိလာသည်။ ခုမှ ပထမဆုံးအကြိမ် ရောက်ရှိလာသည့် ကျင့်ကြံသူအချို့သည် ကောင်းကင်ဘုံဂိတ်ပေါက်ကို တွေ့မြင်ရခါနီးချိန်၌ စိတ်လှုပ်ရှားနေကြ၏။ထို့နောက်မှာပင် သူတို့က ကြယ်ပျံတစ်စင်းအလင်း မိုးကြိုးတန်းတစ်ခုကို တွေ့မြင်လိုက်ရသည်။
သူတို့အားလုံးက ခဏတာ တောင့်တင်းမှင်သက်သွားကြလေ၏။
သည်ပတ်ဝန်းကျင် အခြေအနေတွင် အလွန်နည်းပါးသောလူအချို့ကသာ သူတို့၏ နတ်ဘုရားအာရုံကို ဖြန့်ကျက်ဝံ့ကြပေသည်။ သူတို့က ထိုသို့ နတ်ဘုရားအာရုံဖြင့် ဖြန့်ကျက်လိုက်သော်လည်း ထိုမြန်ဆန်လွန်းလှသည့် ကြယ်ပျံတစ်စင်းအလား မိုးကြိုးကို ထောက်လှမ်းမိလိုက်ကြခြင်း မရှိပေ။
ထိုကြယ်ပျံထဲရှိ အရာက ဘာများ ဖြစ်နေမလဲ…။ အနှီမေးခွန်းက ကျင့်ကြံသူတိုင်း၏ စိတ်ထဲ၌ အရင်ဆုံးပေါ်လာခဲ့ကြ၏။ သည့်နောက် သူတို့က မိုးကြိုးကောင်းကင်ဘုံနယ်မြေပေါ်သို့ ခြေချလာကြတော့သည်။
သည်ဗလာကင်းမဲ့နေသည့် ဟင်းလင်းပြင်၏ အဆုံးသပ်တွင် မိုးကြိုးကောင်းကင်ဘုံနယ်မြေ၏ ဂိတ်ပေါက် ရှိနေပေသည်။ ထိုဂိတ်ပေါက်က ကြီးမားသည့် မိုးကြိုးတန်းတစ်ခု ဖြစ်ကာ အဆုံးသပ်ကို မမြင်ရပေ။
ထိုမိုးကြိုးတန်းက အနီရင့်ရောင် ရှိကာ လေဟာနယ်ထဲကနေ ပေါ်လာခဲ့ကာ အခြားအစွန်းတစ်ဖက်ကလည်း လေဟာနယ်ထဲတွင် ပြန်ပျောက်ကွယ်လို့နေ၏။ ကြည့်ရသည်မှာ လေဟာနယ်ထဲ၌ ပေါ်လာခဲ့သည့် မြစ်တစ်စင်းကဲ့သို့ပင်။ သို့ရာတွင် ထိုမိုးကြိုးတန်းထံမှ မည်သည့် အသက်ဓာတ်မှ ထွက်ပေါ်နေခြင်းတော့ မရှိပေ။
အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းကြီးတွင် ထိုမိုးကြိုးအလင်းတန်းနှင့် ပတ်သတ်၍ ဒဏ္ဌာရီမျိုးစုံ ရှိ၏။ အများစု လက်ခံထားသည့် ဒဏ္ဌာရီ တစ်ခုကတော့ မူလပထမတုန်းက မိုးကြိုးကောင်းကင်ဘုံနယ်မြေသို့ သွားသည့် မည်သည့်ဂိတ်ပေါက်မှ မရှိခဲ့ဟု ဆို၏။ မိုးကြိုးကောင်းကင်ဘုံနယ်မြေ တစ်ခုလုံးက ဧရာမမိုးကြိုးကန်ကြီးဟု ဆိုကာ ဂိတ်ပေါက်မလိုခဲ့ပေ။
သည်အနီရင့်ရောင် မိုးကြိုးတန်းကတော့ ကောင်းကင်ဘုံနယ်မြေ ပြိုကျချိန်၌ ကောင်းကင်ဘုံသားများ၏ စိတ်ဝိညာဉ်များကြောင့် ဖြစ်ပေါ်ခြင်းဟု ဆိုကြသည်။ထို့နောက် ၎င်းအနီရင့်ရောင်မိုးကြိုးတန်းက ဂိတ်ပေါက်ဖြစ်လာခြင်းဟု ဆိုကြပေသည်။
ခုချိန်တွင် အနီရင့်ရောင်မိုးကြိုးတန်း၏ အောက်တွင် ကြာပွင့်သဏ္ဌာန်ထိုင်နေကြသော လူအများ ရှိလို့နေပြီ ဖြစ်သည်။ရှန်ကုန်းဟူကလည်း ထိုလူများအထဲတွင် တစ်ယောက် အပါအဝင် ဖြစ်သည်။
မိုးကြိုးကောင်းကင်ဘုံကျောင်းတော်မှ တမန်တော်များကလွဲ၍ အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းကြီးတွင် တစ်ကိုယ်တော် ကျင့်ကြံသူများက ရှားလွန်းလှ၏။ အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းတွင် ကျင့်ကြံခြင်းမိသားစုများက အုပ်ချုပ်ကြသည်ဖြစ်ရာ တစ်ကိုယ်တော် ကျင့်ကြံသူများစွာ ရှိမနေပေ။ ထိုသူတို့၏ ကျင့်ကြံမှုအဆင့်က ကြောက်မက်ဖွယ်မကောင်းပါက ရှင်သန်ဖို့အတွက် ခက်ခဲပေလိမ့်မည်။
ထို့အတွက်ကြောင့် တစ်ကိုယ်တော် ကျင့်ကြံသူအများစုသည် စွမ်းအားကောင်းသူများ ဖြစ်နေတက်ကြသည်။
မိုးကြိုးကောင်းကင်ဘုံနယ်မြေ၏ ဂိတ်ပေါက်အောက်တွင် တစ်ယောက်နှင့်တစ်ယောက် စကားစမြည် ပြောဆိုခြင်းသည် ရှားပါးကြ၏။သူတို့အားလုံးက မျက်လုံးမှိတ်လျက်သာ ကိုယ့်အာရုံနှင့်ကိုယ်နေနေကြသည်။
တစ်ခါတစ်ရံ မိုးကြိုးမီးပြင်းဖို ခေါ်ဆောင်လာသော ကျင့်ကြံသူများကလည်း ရောက်လာနေကြသည်။အရင်ဦးဆုံး ဂိတ်ပေါက်ဝသို့ ရောက်လာကြသည့်သူများသည် ကျင့်ကြံခြင်းဒုတိယအဆင့်တွင် ရှိနေကြ၏။
ရှန်ကုန်းဟူ၏ ဘေးတွင် သက်လတ်ပိုင်းလူကြီး တစ်ယောက် ထိုင်နေ၏။သူ့မျက်နှာက သွေးရောင်ကင်းမဲ့ကာ ဖြူရောနေသည်။သို့သော် သူ့မျက်လုံးများကတော့ အေးစက်နေ၏။
ထိုသက်လတ်ပိုင်းလူကြီးက ထူးဆန်းလေသံနှင့် ပြောလာသည်။ “ငါကြားခဲ့တာတော့ အမြဲမောက်မာတက်တဲ့ ရှန်ကုန်းဟူတစ်ယောက်တော့ အရှင်သခင်တစ်ယောက် ရှိနေပြီဆိုပဲ။ အစတုန်းကတော့ ငါက မယုံကြည်ခဲ့ဘူး။ဒါပေမဲ့ ခု အကိုရှန်ကုန်းဟူရဲ့ တာအိုစိတ်ဝိညာဉ် အပိုင်းတစ်ခုက ပျောက်ရှနေတာကို တွေ့မှ ဒါကအမှန် ဖြစ်နေတော့တာပဲ….။သနားစရာ ကောင်းလိုက်တာ…”
ရှန်ကုန်းဟူအသွင်က ပုံမှန်အတိုင်းပင်။ သူက ထိုသက်လတ်ပိုင်းလူကြီးကို အေးစက်စွာ ပြန်ကြည့်၍ တည်ငြိမ်စွာ ပြောလိုက်သည်။ “ရေတိုသာကြည့်တက်တဲ့လူတွေက ဉာဏ်ရည်မြင့်တဲ့လူတွေရဲ့ ရည်မှန်းချက်ကို နားမလည်နိုင်ပါဘူး…ထန်ယန်ဖန်…ငါက မင်း မဟုတ်ဘူး…”
ထန်ဟု အမည်ရသည့်လူ၏ မျက်လုံးက အေးစက်လာကာ သူက သုန်မှုန်စွာ ပြုံး၍ ပြောလိုက်သည်။ “ငါက မင်းမှာ ဘယ်လို ဉာဏ်ရည်မျိုး ရှိနေမလဲ သိမြင်ချင်မိပါတယ်…”
ရှန်ကုန်းဟူက စကားဆက်၍ မဆိုတော့ပေ။ သည်နှစ်နှစ်ဆယ်အတွင်း သူက အတော်လေး ဖိအားများခဲ့ရ၏။ ထိုဖိအားက သူ့မိသားစုနှင့် မိုးကြိုးကောင်းကင်ဘုံကျောင်းတော်မှ ရရှိခြင်းဖြစ်သည်။
ထိုအရာများအားလုံးသည် သူက ဝမ်လင်းကို သစ္စာခံလိုက်သောကြောင့် ဖြစ်ပေသည်။
သူ့မိသားစု၌ သူက သူ့အလျင်စလို ဆုံးဖြတ်ချက်ကြောင့် မာန်မဲခံခဲ့ရသည်။သူက မိုးကြိုးကောင်းကင်ဘုံကျောင်းတော်မှ တမန်တော်တစ်ယောက် ဖြစ်သော်လည်း မိသားစုအကြီးအကဲများကို ဆန့်ကျင်နိုင်ခြင်း မရှိပေ။
မိုးကြိုးကောင်းကင်ဘုံကျောင်းတော်ကလည်း သူတို့၏ တမန်တော်တစ်ယောက်သည် အခြားတစ်စုံတစ်ယောက်ကို သစ္စာခံခြင်းအား သဘောမတူပေ။ သူတို့က သိသိသာသာ မဖော်ပြသော်လည်း ရှန်ကုန်းဟူကတော့ မိုးကြိုးကောင်းကင်ဘုံကျောင်းတော်သည် သူ့အပေါ် ဖဲကြဉ်နေသည်ဟု ခံစားမိနေ၏။
ဥပမာအားဖြင့် သူ့ပါရမီဖြင့် သူက ခုချိန်တွင် သည်နေရာတွင် ရှိမနေသင့်ပေ။ သူက မိုးကြိုးကောင်းကင်ဘုံကျောင်းတော်မှ အခြားတမန်တော်များနှင့်အတူ ရှိနေရမည် ဖြစ်ကာ မိုးကြိုးကောင်းကင်ဘုံနယ်မြေသို့ အခြားလမ်းကြောင်းတစ်ခုကနေ ဝင်ရောက်ရမည် ဖြစ်သည်။
သည်နေရာတွင် ရှိနေသည့်သူများတွင် သူတစ်ယောက်တည်းကသာ တမန်တော် မဟုတ်သော်လည်း အခြားလူများက သူနှင့်အဆင့်အတန်းခြင်း မယှဉ်သာကြပေ။
ထိုသို့ တွေးမိသော်လည်း ရှန်ကုန်းဟူက နောင်တရခြင်း မခံစားရသည့်အပြင် မာန်ဝင့်မှုပါ ဖြစ်ပေါ်နေသေး၏။သူက သူမှားသည်ဟုလည်း မခံစားရဘဲ သူ့ဘဝတွင် အကောင်းဆုံး ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့သည်ဟုပင် ခံစားနေရ၏။
“မိသားစု ခေါင်းဆောင်တောင်မှ နိဗ္ဗာနသန့်စင်ခြင်းအဆင့်မှာ တစ်နေတာ။ ဒါ့ကြောင့် သူက ဂန္တဝင် တတိယအဆင့်အကြောင်းနဲ့ ပတ်သတ်ပြီး သိလား၊မသိလား ဆိုတာ ပြောနေဖို့တောင် မလိုဘူး။သူတို့မှာ ငါ့ကို လမ်းညွှန်ပေးဖို့ ဘာအရည်အချင်းများ ရှိနေကြလို့လဲ…”
ထန်ယန်ဖန်က နှာခေါင်းရှုံ့လိုက်၏။သည်ရှန်ကုန်းဟူက သူတို့မျိုးဆက်ကြားတွင် မိုးကြိုးကောင်းကင်ကျောင်းတော်၏ တမန်တော်တစ်ယောက်အဖြစ် အရင်ဦးဆုံး ဖြစ်လာခဲ့သည့်သူပင်။သို့ရာတွင် သူ့ ခြေတစ်လှမ်းအမှားကြောင့် ခုချိန်တွင် သူက ခုလိုမျိုး အခြေအနေသို့ ဆိုက်ရောက်နေရသည်။
သည်အခိုက်အတန့်မှာပင် တောက်ပသောအလင်းရောင်တစ်ခုသည် အကွာအဝေးတစ်ခု၌ ရုတ်တရက် ပေါ်လာခဲ့သည်။ချက်ခြင်းပင် မိုးကြိုးခြိမ်းသံတစ်ခုက မုန်တိုင်းတစ်ခုအလား တဟုန်ထိုး ထွက်ပေါ်လာခဲ့သည်။
ကျင့်ကြံသူအားလုံးက မျက်လုံးဖွင့်ကာ လှမ်းကြည့်လိုက်ကြသည်။ထန်ယန်ဖန်သည်လည်း ခြွင်းချက် မရှိပေ။
သူက လှမ်းမျှော်ကြည့်လိုက်ပြီးနောက် အလင်းတန်းက ရုတ်တရက် ပြင်းထန်လာကာ သည်နေရာသို့ တန်းတန်းမတ်မတ် ဦးတည်လာနေသည်။ထိုအလင်းတန်းက အံ့မခန်းနှုန်းဖြင့် နီးကပ်လာနေ၏။
သည်နေရာတွင် အားကောင်းသောကျင့်ကြံသူများ ကင်းမဲ့နေခြင်းမဟုတ်ပေ။ ထိုအလင်းတန်းကသာ မြန်ဆန်လွန်းနေခြင်း ဖြစ်၏။ သူတို့အများစုက နတ်ဘုရားအာရုံများ ဖြန့်ကျက်ကာ ထိုကြယ်ပျံတစ်စင်းအလား တိုးဝင်လာနေသည့် မိုးကြိုးနှင့် ပတ်သတ်၍ သဲလွန်စတစ်ခုခုရရန် ကြိုးစားလာကြသည်။
သို့ရာတွင် ၎င်း၏ ရူးသွပ်ဖွယ် အမြန်နှုန်းကြောင့် ကြယ်ပျံတစ်စင်းအလင်းမိုးကြိုးသည် ထိုသူတို့၏ နတ်ဘုရားအာရုံ ကျရောက်လာခြင်း မရှိသေးခင်မှာပင် နီးကပ်လာချေသည်။ ပြင်းထန်သော အားတစ်ခုကိုပါ ထိုမိုးကြိုးတန်းက သယ်ဆောင်လာသည့်အတွက် လူတိုင်း၏ မျက်လုံးများက အလေးအနက် ဖြစ်လာခဲ့ကြသည်။
၎င်းမိုးကြိုးက နီးကပ်လာသော်လည်း သည်နေရာ၌ ပုံမှန်အတိုင်း ရပ်တန့်သွားခြင်း မရှိသည့်အပြင် ပို၍ပင် မြန်ဆန်သွားသေးသည်။
လူတိုင်း၏ အကြည့်အောက်မှာပင် ထိုမိုးကြိုးတန်းက အနီရင့်ရောင်မိုးကြိုးတန်းကြီးနှင့် ရုတ်တရက် ထိတိုက်သွား၏။ ခပ်အုပ်အုပ်အသံများ ထွက်ပေါ်လာပြီးနောက် မိုးကြိုးတန်းသည် ထိုအနီရောင်မိုးကြိုးကြီးအတွင်း၌ ပျောက်ကွယ်သွားချေသည်။ ထိုအခါ လူတိုင်းသည် မှင်သက်သွားကြတော့၏။
“ဝင်တာ…ဒါက အထဲကို ဝင်ရောက်သွားတာလား…” ကျင့်ကြံသူများထဲမှ တစ်ယောက်က အထိတ်တလန့် ဆို၏။
သူသာမက လူတိုင်းနီးပါးသည် ချက်ခြင်း မတ်တပ်ထရပ်လာကာ ဂိတ်ပေါက်ဝကို စူးစိုက်ကြည့်လိုက်ကြသည်။
သူတို့အားလုံးသည် ဂိတ်ပေါက်မပွင့်ခင် အထဲသို့ ဝင်သွားသည့် တစ်စုံတစ်ယောက်ရှိသည်ဟု တစ်ခါမှ မကြားခဲ့ဖူးကြပေ။
ထန်ယန်ဖန်က မိုးကြိုးကောင်းကင်ဘုံနယ်မြေ၏ ဂိတ်တံခါးကို မှင်သက်ကြောင်ရီစွာ စူးစိုက်ကြည့်နေမိသည်။သူက ခပ်တိုးတိုး ရေရွတ်လိုက်၏။ “ဒါက ဘာလဲ…။ဒီဂိတ်တံခါး မဖွင့်ခင်မှာ တစ်စုံတစ်ယောက်က ဝင်သွားနိုင်လို့လား….”
သူက မျက်မှောင်ကြုတ်နေမိသည်။
သူတစ်ယောက်တည်းသာ ထိုကဲ့သို့ တွေးမိသည် မဟုတ်ပေ။သို့သော် လူတစ်ယောက်ကလွဲ၍ မည်သူကမျှ ကြိုးစားကြည့်ဝံ့ကြခြင်း မရှိပေ။ ထိုလူ၏ ခန္ဓာကိုယ်သည် ဖျပ်ခနဲဖြစ်သွားကာ သူ့နောက်ကနေ သူ့ကိုယ်ပွားတစ်ခုက လှမ်းထွက်လာခဲ့သည်။ သူက ရှေ့သို့ လက်ညွှန်လိုက်ရာ ထိုကိုယ်ပွားက အနီရင့်ရောင်မိုးကြိုးထံသို့ ဦးတည်သွားတော့သည်။
လူတိုင်း၏အကြည့်က ထိုကိုယ်ပွားနောက်ကနေ လိုက်ပါသွားကြသည်။သူတို့အားလုံးက ထိုကိုယ်ပွားသည် အနီရင့်ရောင်မိုးကြိုးနှင့် ထိသွားသည့်အခါ ၎င်း၏ ခန္ဓာကိုယ်က တုန်ယင်သွားကာ ချက်ခြင်းပျက်စီးသွားသည်ကို တွေ့လိုက်ရချေသည်။
တစ်ချိန်တည်းမှာပင် အနီရင့်ရောင်မိုးကြိုး၏ မိုးကြိုးတန်းတစ်ခုသည် ထိုကိုယ်ပွားကို စေလွှတ်လိုက်သော် ကျင့်ကြံသူထံသို့ ထိုးထွက်လာခဲ့ချေသည်။
ထိုကျင့်ကြံသူ၏ အသွင်က ကြီးစွာ ပြောင်းလဲသွားသည်။သူက ပုံရိပ်ယောင်ယင်အဆင့်တွင် ဖြစ်၏။ သို့သော် ထိုမိုးကြိုးနှင့် ရင်ဆိုင်ရသည့်အခါ သူ့ဦးရေပြားပင် ထုံထိုင်းသွားရကာ အသိဉာဏ်ပင် ဆုံးရှုံးလုနီးပါး ဖြစ်သွားရသည်။သူက လှည့်၍ မြန်ဆန်စွာ ပြေးတော့သည်။သို့သော် ထိုအနီရောင်မိုးကြိုးကတော့ သူ့နောက်ကနေ လိုက်ပါလာသည်။အနီရောင်မိုးကြိုးက ထိုလူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားပြီး တစ်ပတ်လှည့်လည်ပြီးနောက် ပြန်လည် ပျံသန်းထွက်လာခဲ့သည်။
ထိုကျင့်ကြံသူကတော့ တုန်ခါနေ၏။ သည့်နောက် သူ့ခန္ဓာကိုယ်တစ်ခုလုံးသည် သူ့မူလစိတ်ဝိညာဉ်နှင့်အတူ ပျက်စီးလို့သွားတော့သည်။
တိတ်ဆိတ်မှု။ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူအားလုံးသည် တိတ်ဆိတ်ငြိမ်သက်သွားကြတော့သည်။
ထိုအခိုက်အတန့်၌ ရှန်ကုန်းဟူက ခေါင်းငုံ့လိုက်သည်ကို မည်သူကမျှ သတိမပြုလိုက်မိကြပေ။ သူ့မျက်လုံးထဲ၌လည်း တုန်လှုပ်မှုနှင့် စိတ်လှုပ်ရှားမှုတို့ ပြည့်နေသည်။သူက ကြယ်ပျံအလား မိုးကြိုး ဖြတ်ကျော်သွားချိန်၌ သူ့တာအိုစိတ်ဝိညာဉ်အပိုင်းတစ်ခုကြောင့် သူ့အရှင်သခင်၏ အော်ရာကို ယင်းမိုးကြိုးထဲ၌ ခံစားမိလိုက်သည်။
“ငါ…ရှန်ကုန်းဟူက မမှားဘူး။ စီနီဘာက တကယ့်ကို အံ့မခန်းပုဂ္ဂိုလ်ပဲ…။သူက မိုးကြိုးကောင်းကင်ဘုံနယ်မြေ မပွင့်ခင်မှာတောင် ဒီလိုပုံစံနဲ့ ဝင်သွားနိုင်တယ်။ ဒီလိုကျင့်ကြံမှုအဆင့်မျိုးက တကယ့်ကို မယုံနိုင်ဖွယ် ကောင်းတယ်…”
ပွင့်လှစ်ခြင်း မရှိသေးသော မိုးကြိုးကောင်းကင်ဘုံနယ်မြေ၏ အစိတ်အပိုင်းတစ်ခုပေါ်တွင် မရေမတွက်နိုင်သော မိုးကြိုးလျှပ်စီးများ ဖုံးလွှမ်းနေသော တောင်ထွတ်တစ်ခုပေါ်တွင် လူတစ်ယောက်သည် မတ်တပ်ရပ်လျက် ရှိနေသည်။
ထိုလူက တစ်ခေါင်းလုံး ဖြူဖွေးနေကာ သူ့ဆံပင်ဖြူများက လေထဲ၌ မြောလွင့်နေသည်။ သူ့ အဖြူရောင်အဝတ်အစားများကလည်း လေထဲ၌ တဖျပ်ဖျပ် တောက်ပနေသည်။သူက လက်နောက်ပစ်ကာ တစ်စုံတစ်ခုကို မျက်မှောင်ကြုတ်၍ တွေးနေသည်။သို့ရာတွင် သူက အကွာအဝေးတစ်ခုသို့ လှမ်းကြည့်ကာ အာမောဋိတ်သံဖြင့် ခပ်တိုးတိုး ပြောလိုက်သည်။
“စိတ်ဝင်စားစရာပဲ…” ထိုအဘိုးအို၏ အကြည့်ထဲ၌ စိတ်ဝင်စားမှုတို့ ပါဝင်နေသည်။သည့်နောက် လေပြင်းတစ်ခုက တိုက်ခိုက်လာရာ သူ့ခန္ဓာကိုယ်သည် မရေမတွက်နိုင်သော ရွှေရောင်အလင်းစက်များ အဖြစ်သို့ပြောင်းလဲ၍ ထိုမိုးကြိုးတောင်ထွတ်ထိပ်ကနေ ပျောက်ကွယ်လို့သွားသည်။
ဝမ်လင်းသာ ထိုနေရာတွင် ရှိနေခဲ့ပါက သူသည် ထိုအဘိုးအို ပျောက်ကွယ်သွားချိန်၌ ‘မူလသို့ ပြန်ခြင်း’( တတိယအဆင့်)၏ အော်ရာ အငွေ့အသက်တစ်ခုရှိနေသည်ကို သိရှိပေလိမ့်မည်။