မိုးကြိုးကောင်းကင်ဘုံနယ်မြေ ဖွင့်လှစ်သည့်အချိန်တွင် ကောင်းကင်ဘုံမိုးကြိုးကို ထုတ်လွှတ်ပေသည်။ကောင်းကင်ဘုံမိုးကြိုးသည် လမ်းညွှန်သူ အဖြစ် ဆောင်ရွက်ကာ မိုးကြိုးမီးပြင်းဖို ရှိသူ မှန်သမျှကို မိုးကြိုးကောင်းကင်ဘုံနယ်မြေသို့ ခေါ်ဆောင်သွားလိမ့်မည် ဖြစ်သည်။
ထိုကဲ့သို့ ဘာကြောင့် ဖြစ်သည်ကိုတော့ မည်သူကမျှ မသိကြပေ။အချို့အားကောင်းသော ကျင့်ကြံသူများက ထိုအတွက် အဖြေရှာကြည့်ကြသော်လည်း မည်မျှကြိုးစားပါစေ အဖြေမရရှိခဲ့ကြပေ။
ဤအခိုက်အတန့်၌ ဝမ်လင်းက ကောင်းကင်ဘုံမိုးကြိုး ရောက်ရှိလာချိန်တွင် သူက မိုးကြိုးမီးပြင်းဖိုကို အဝေးသို့ ပစ်လွှတ်လိုက်၏။မိုးကြိုးက ခုထိ ကျရောက်လာခြင်း မရှိသေးခင်မှာပင် တုန်ခါမြည်ဟီးသံကို ကြားနေရပေသည်။
ဝမ်လင်းမျက်လုံးထဲ၌ ထူးဆန်းသောအလင်းတစ်ခု ထွက်ပေါ်လို့နေသည်။သူ့မူလစိတ်ဝိညာဉ်ကလည်း အရူးအမူး လုပ်ဆောင်လို့နေ၏။ သူ့ခန္ဓာကိုယ်ကနေ မိုးကြိုးများပေါက်ကွဲထွက်လာကာ ပျံ့နှံ့လာခဲ့၏။ ခုလက်ရှိတွင် သူက မိုးကြိုးနှင့်လျှပ်စီးတို့၏ အရှင်ဟုပင် ထင်မှတ်ရသည်။
မိုးကြိုး ဆင်းသက်လာသည့် အခိုက်အတန့်တွင် ဝမ်လင်း၏ ခန္ဓာကိုယ်သည် တဟုန်ထိုး ထိုးထွက်သွား၏။ သူက ပါးစပ်ဟကာ ယင်းမိုးကြိုးကို ချက်ခြင်း ဝါးမြိုပစ်လိုက်ပေသည်။
သူက ထိုမိုးကြိုးကို ဝါးမြိုလိုက်ပြီးနောက် လေနှင့်တိမ်များက ပြောင်းလဲသွားကာ ကမ္ဘာတစ်ခုလုံး ဖျော့တော့သွားသလား ထင်မှတ်ရချေသည်။မိုးကြိုး၏ တောက်ပမှုကိုပါ ဝမ်လင်းက ဝါးမြိုလိုက်ခြင်းကြောင့် ဖြစ်တော့၏။
မိုးကြိုးခြိမ်းသံများက ဝမ်လင်းခန္ဓာကိုယ်ထဲကနေ ခပ်အုပ်အုပ်အသံများအဖြစ်သို့ ပြောင်းလဲ ထွက်ပေါ်လာကြသည်။ဝမ်လင်းက ထိုကောင်းကင်ဘုံမိုးကြိုးကို ဝါးမြိုလိုက်ချိန်တွင် သူ့ခန္ဓာကိုယ်က တုန်ယင်နေသည်။
သူက ကောင်းကင်ထက်မှ စွန်ပျက်တစ်ခုလို ကျဆင်းလာခဲ့ကာ မြေပြင်ပေါ်သို့ ဝုန်းကနဲ ပြုတ်ကျ၏။
သူ့ခန္ဓာကိုယ်က မြေပြင်ပေါ်သို့ ရောက်ရှိသွားသည့်အခါတွင် သူ့ခန္ဓာကိုယ်မှ မိုးကြိုးမြောက်များစွာ ထွက်ပေါ် ပျံ့နှံ့လာ၏။ ချက်ခြင်းပင် သူနှင့် ငါးကီလိုမီတာ ဧရိယာသည် မိုးကြိုးမုန်တိုင်းတစ်ခုနှင့် ပြည့်လို့သွားသည်။
မြေပြင်ထက်တွင်လည်း တွင်းနက်ကြီးတစ်ခု ဖြစ်ပေါ်လာ၏။ မိုးကြိုး၏ ပြင်းအားကြောင့် ဝမ်လင်း၏ ခန္ဓာကိုယ်က တွင်းနက်ထဲသို့ ကျရောက်နေခြင်းပင်။သူ့တစ်ကိုယ်လုံးသည်လည်း သိပ်သည်းသော မိုးကြိုးများနှင့် ပြည့်လျှံ့ကာနေ၏။ သူ့မူလစိတ်ဝိညာဉ်ကလည်း အနှီကောင်းကင်ဘုံမိုးကြိုးကို အရူးအမူး စုပ်ယူနေသည်။မိုးကြိုးမူလမန္တာန်ကိုလည်း အသက်သွင်းထားကာ ထိုမိုးကြိုးအတွင်းမှ မူလစွမ်းအင်ကို စုပ်ယူကာ နေ၏။
ကောင်းကင်ဘုံမိုးကြိုး ရောက်ရှိလာပြီးသည့်နောက်တွင် ကောင်းကင်ထက်ရှိ တိမ်ထုများသည် လွင့်ပြယ်သည့် အရိပ်လက္ခာဏာများ ပြသလာကာ စတင် ပျောက်ပျက်လာသည်။သည်အခိုက်အတန့်၌ တွင်းနက်ထဲမှ ဝမ်လင်းသည် ရုတ်တရက် မျက်လုံးပွင့်လာ၏။ သူ့မျက်လုံးထဲ၌ ပြင်းထန်သောမိုးကြိုးတို့ တလျှံလျှံ ဖြစ်နေကာ စိတ်လှုပ်ရှားဟန်တို့ ထွက်ပေါ်နေသည်။
သူက နှုတ်ခမ်းသပ်လိုက်၏။ ကောင်းကင်ဘုံမိုးကြိုးထဲရှိ မူလစွမ်းအင်သည် အလွန်ပေါများလှသည်။ ၎င်းက မိုးကြိုးကန်၏ မူလစွမ်းအင်ထက် အဆများစွာ ပိုသိပ်သည်းနေသည်။ ဝမ်လင်းက သူ့ကျင့်ကြံမှုအဆင့်ကြောင့် သိုလှောင်နိုင်သည့် မူလစွမ်းအင်ပမာဏသည် အကန့်အသတ်သို့ ရောက်နေခဲ့ပြီး ဖြစ်သည်။သို့ရာတွင် သည်ပိုလျှံလာသော မူလစွမ်းအင်က သူ့နဂိုအခြေအနေကို ပြောင်းလဲ စေခဲ့သည်။
သူက မြန်ဆန်စွာ ရွှေ့လျားလာကာ တွင်းနက်ထဲမှ တဟုန်ထိုး ထွက်ပေါ်လာခဲ့သည်။ တစ်ချိန်တည်းမှာပင် သူက သိုလှောင်အိတ်ကို ပုတ်လိုက်ရာ မိုးကြိုးမီးပြင်းဖိုက သူ့လက်ထဲ၌ ပေါ်လာချေသည်။
မိုးကြိုးမီးပြင်းဖို ပေါ်လာသည့်အခါတွင် မိုးကြိုးတိမ်တိုက်ထုများက ပျောက်ကွယ်နေရာကနေ ရပ်တန့်သွားကာ နောက်တစ်ဖန် သိပ်သည်းလာခဲ့သည်။ထို့နောက် ကောင်းကင်ဘုံမိုးကြိုးတန်းက ထပ်မံ ဆင်းသက်လာပြန်၏။
ဝမ်လင်းက ရယ်မောကာ မိုးကြိုးမီးပြင်းဖိုကို သိမ်းဆည်းလိုက်ပြန်၏။ ထိုအခါ မိုးကြိုးတန်းက သူ့ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာပြန်သည်။ ဝမ်လင်း၏ မူလစိတ်ဝိညာဉ်ထဲရှိ မူလစွမ်းအင်ပမာဏသည် အံ့မခန်း ဖြစ်နေချေကာ သူ့ မူလစိတ်ဝိညာဉ်က တောင့်ခံနိုင်ရုံမျှသာ ရှိတော့၏။
ကောင်းကင်ဘုံမိုးကြိုးကို ဝါးမြိုခြင်း…။
ကောင်းကင်ဘုံမိုးကြိုး ဒုတိယအကြိမ် ရောက်လာသည့်အခါတွင် ဝမ်လင်းခန္ဓာကိုယ်က လေထဲတွင် ရှိနေကာ သူ့ခန္ဓာကိုယ်ထံမှ မိုးကြိုးခြိမ်းသံများ တဝုန်းဝုန်း ထွက်ပေါ်နေသည်။ သူ့ခန္ဓာကိုယ်တစ်လျှောက် မိုးကြိုးများက ရွှေ့လျားကာ နေသည်။ဝမ်လင်းက ချက်ခြင်းပင် ထိုဒုတိယကြိမ် ကောင်းကင်ဘုံမိုးကြိုးကိုပါ ထပ်မံ ဝါးမြိုလိုက်ပြန်၏။
သည်တစ်ကြိမ်၌ သူက မြေပေါ်သို့ ဆောင့်ကျသည်နှင့် ချက်ခြင်း ကြာပွင့်သဏ္ဌာန် ကောက်ထိုင်လိုက်၏။ သူ့ခန္ဓာကိုယ်တစ်ခုလုံးကလည်း တုန်ခါလို့နေသည်။
သည်တစ်ကြိမ်၌ ဝမ်လင်းအတွက် ယင်းမိုးကြိုးကို စုပ်ယူနိုင်ရန် အချိန်မလောက်ဘဲ ဖြစ်နေသည်။ ကောင်းကင်ဘုံမိုးကြိုးနှစ်ခု ထွက်ပေါ်လာပြီးသည့်နောက် တိမ်တိုက်များက မတည်မငြိမ် ဖြစ်လာကာ မြန်ဆန်စွာ လွင့်ပြယ်လာသည်။ သည်တစ်ကြိမ် လွင့်ပြယ်နှုန်းက အရင်တစ်ခေါက်ထက် အဆများစွာ မြန်နေသည်။
ဝမ်လင်းက ကြာပွင့်သဏ္ဌာန်ထိုင်နေရင်း သူ့ဦးခေါင်းထက်မှ အစိမ်းရောင်အလင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုအစိမ်းရောင်အလင်း ပေါ်လာသည်နှင့် အပြာရောင်မြူလွှာတစ်ခုကပါ လိုက်ပါ ထွက်ပေါ်လာသည်။ သည့်နောက် ဝမ်လင်း၏ မူလစိတ်ဝိညာဉ်က သူ့ခန္ဓာကိုယ်ထဲကနေ ထွက်ပေါ်လာပေ၏။
သူ့မူလစိတ်ဝိညာဉ်ပေါ်လာသည်နှင့် မိုးကြိုးမီးပြင်းဖိုကလည်း သိုလှောင်အိတ်ထဲကနေ ထွက်ပေါ်လာချေသည်။ သူ့မူလစိတ်ဝိညာဉ်က မိုးကြိုးမီးပြင်းဖိုကို စုပ်ယူလိုက်သည်။ထို့နောက် တိမ်ထုများဆီသို့ တရကြမ်း တိုးဝင်သွားချေသည်။
ထိုအခါ ပျောက်ကွယ်နေသော တိမ်တိုက်ထုများက ရပ်တန့်သွားကာ နောက်တစ်ဖန် ပြန်၍ သိပ်သည်းလာပြန်သည်။ သို့ရာတွင် သည်တစ်ကြိမ်၌ ၎င်းက ဒေါသထွက်လာသလား ထင်မှတ်ရကာ ရှိရှိသမျှ မိုးကြိုးများအားလုံးနီးပါးကို စုစည်းကာ အရင်နှစ်ကြိမ် မိုးကြိုးထက် များစွာ ပြင်းထန်သော ကောင်းကင်ဘုံမိုးကြိုးတစ်ခု ဖြစ်တည်လာချေသည်။
ထိုမိုးကြိုးက တုန်ခါမြည်ဟီးကာ ဆင်းသက်လာ၏။ ယင်း မိုးကြိုး ဆင်းသက်လာသည့်အခိုက်တွင် မိုးကြိုးတိမ်တိုက်များအားလုံးသည် ၎င်းအတွင်းသို့ စုပ်ယူခြင်း ခံလိုက်ရချေသည်။
ကျယ်လောင်သော တုန်ခါမြည်ဟိန်းသံများကတော့ ဂြိုဟ်တစ်ခွင်တွင် ပဲ့တင် ထပ်နေတော့၏။ ဤအခိုက်အတန့်တွင် မည်သည့်ကျင့်ကြံသူကမျှ သူတို့၏ နတ်ဘုရားအာရုံကို ဖြန့်ကျက်ဝံ့ကြခြင်း မရှိပေ။
ဝမ်လင်း၏ မူလစိတ်ဝိညာဉ်ကလည်း လေထဲတွင် ပျံဝဲနေကာ ကြောက်မက်ဖွယ်မိုးကြိုးကို စူးစိုက်ကြည့်နေသည်။သူက မဖြစ်ညစ်ကျယ် ပြုံးလိုက်၏။
ထို ကောင်းကင်ဘုံမိုးကြိုး ဆင်းသက်လာသည်ကို ကြည့်နေရင်း ဝမ်လင်း၏ မူလစိတ်ဝိညာဉ်သည် မြန်ဆန်စွာ ရှေ့သို့ ထိုးတက်၍ ယင်းမိုးကြိုးအား ဝါးမြိုလိုက်ပြန်၏။ သို့ရာတွင် သူက မိုးကြိုး၏ တစ်ဝက်ကိုသာ ဝါးမြိုပြီးနောက် မြန်မြန်ဆန်ဆန် ပြန်ဆုတ်ခွာလာသည်။ ကောင်းကင်ဘုံမိုးကြိုးက စိတ်မာန်စိုးဟန်ဖြင့် ဒေါသတကြီး ဝမ်လင်းနောက်သို့ လိုက်ပါလာချေ၏။
သူ့မူလစိတ်ဝိညာဉ်က အလွန်လျင်မြန်စွာ မြေပြင်ပေါ်သို့ ရောက်ရှိလာပြီးနောက် မိုးကြိုးမီးပြင်းဖိုကို အဝေးသို့ ပစ်လွှတ်လိုက်သည်။ထို့နောက် သူ့မူလစိတ်ဝိညာဉ်က ဝမ်လင်း၏ ခန္ဓာကိုယ်ထဲသို့ ပြန်လည် ဝင်ရောက်သွားသည်။ထိုစဉ်မှာပင် ဝမ်လင်းက မျက်လုံးဖွင့်လာကာ သူ့ညာလက်ဖြင့် မိုးကြိုးမီးပြင်းဖိုကို ဖမ်းယူလိုက်၏။ ထိုအခါ သူ့မူလစိတ်ဝိညာဉ်နောက်သို့ လိုက်ပါလာသော ကောင်းကင်ဘုံမိုးကြိုးသည် မိုးကြိုးမီးပြင်းဖို၏ အပေါ်သို့ ကျရောက်သွားတော့သည်။
မိုးကြိုးမီးပြင်းဖိုက အရူးအမူး တဖျပ်ဖျပ် တလက်လက် ဖြစ်လာခဲ့သည်။ထိုမီးပြင်းဖိုကို ကိုင်ဆောင်ထားသော ဝမ်လင်း၏ ညာလက်ပင် ထုံထိုင်းလို့သွား၏။
ထိုအရာက သည်မိုးကြိုးသည် မည်မျှကြောက်မက်ဖွယ် ကောင်းသည်ကို ပြသနေခြင်း ဖြစ်တော့၏။
သည်အခိုက်အတန့်၌ မိုးကြိုးမီးပြင်းဖို အထက်ရှိ မိုးကြိုးဝဲကတော့သည် မြန်ဆန်စွာ လှည့်လည်လာကာ အတွင်းရှိ အရာအားလုံးကို စုပ်ယူတော့၏။ အကွာအဝေးတစ်ခုမှ ကြည့်ပါက ထိုမီးပြင်းဖိုသည် ကမ္ဘာလောကတစ်ခုလုံးကို စုပ်ယူနေသလားဟုပင် ထင်မှားစေနိုင်၏။
ချက်ခြင်းလိုလိုပင် ကြီးမားသော ဝဲကတော့ကြီးတစ်ခုက မိုးကြိုးဝဲကတော့ထဲသို့ ဝင်ရောက်သွားချေ၏။ ထိုဝဲကတော့ ပျောက်ကွယ်သွားချိန်၌ မိုးကြိုးမီးပြင်းဖိုထံမှ အက်ကွဲသံများ ထွက်ပေါ်လာကာ ၎င်းမီးပြင်းဖိုအပေါ်၌ အက်ကွဲကြောင်း တစ်ခု ဖြစ်ပေါ်လာသည်။
သည်အရာက မိုးကြိုးကောင်းကင်ဘုံနယ်မြေ စတင်ပွင့်လှစ်ကတည်းက ပထမဆုံးအကြိမ်အဖြစ် မိုးကြိုးမီးပြင်းဖို၏ အပေါ်တွင် အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်ခဲ့ခြင်းပင်။
သည်လို အဖြစ်အပျက်မျိုးသည် လွန်ခဲ့သော နှစ်ပေါင်းမရေမတွက်နိုင်ကတည်းက ခုထိ ဖြစ်ပျက်ခဲ့ဖူးခြင်းမျိုး မရှိခဲ့ပေ။ မိုးကြိုးမီးပြင်းဖို၏ ပမာဏသည် အမြဲလိုလို တူတူဖြစ်ကာ ၎င်းတို့သည် အဖျက်စီးခံရခြင်း၊ပျောက်ရှသွားခြင်းတို့ လုံးဝ မဖြစ်ခဲ့ပေ။မိုးကြိုးကောင်းကင်ဘုံ နယ်မြေ ပွင့်လာသည့် အချိန်တိုင်း ၎င်းမီးပြင်းဖိုများက လေဟာနယ်ထဲကနေ ထွက်ပေါ်လာတက်ကာ သည့်နောက် လေဟာနယ်ထဲသို့ ပြန်လည် ရောက်ရှိသွားတက်ပေသည်။သည်လိုနှင့် ၎င်းတို့က နောက်တစ်ကြိမ် ထပ်ပေါ်လာလျှင်လည်း မီးပြင်းဖိုအရေအတွက်က အတူတူသာ ဖြစ်နေခဲ့၏။
သို့ရာတွင် ခုချိန်၌ ထိုအရာများအားလုံးက စတင် ပြောင်းလဲလာတော့မည်ဟု ထင်မြင်နေရသည်။
ဝမ်လင်း မျက်နှာက ခါးသီးမှုတို့နှင့် ပြည့်နေ၏။ သူက တရားလွန် လုပ်ခဲ့မိပြီဟု ခံစားနေရ၏။ သူက ကောင်းကင်ဘုံမိုးကြိုးသည် မိုးကြိုးမီးပြင်းဖို အပေါ်မှာ သက်ရောက် ပျက်စီးမှု ရှိနေနိုင်သည်ကိုလည်း မသိခဲ့ပေ။၎င်းမီးပြင်းဖိုက ပျက်စီးသွားပါက ဝမ်လင်းသည် မိုးကြိုးကောင်းကင်ဘုံနယ်မြေသို့ ဝင်ရောက်ခြင်းကို တားဆီးကောင်းတားဆီးလာနိုင်ပေသည်။
“ဒီမီးပြင်းဖိုက မပျက်စီးသင့်ဘူး…”
တကယ်တော့ သည်မိုးကြိုးမီးပြင်းဖိုသည် မိုးကြိုးကောင်းကင်ဘုံနယ်မြေမှ တစ်စုံတစ်ခုပင် မဟုတ်လား။
ဝမ်လင်းက မိုးကြိုးမီးပြင်းဖိုသည် မိုးကြိုးတိမ်တိုက်များကို စုပ်ယူနေသည်ကို မှင်သက်စွာ ငေးကြည့်နေမိစဉ် ယင်းမီးပြင်းဖိုအပေါ်၌ ပိုပို များပြားသော အက်ကွဲကြောင်းများကလည်း ပေါ်ထွက်လာကာ နောက်ဆုံးတွင် ကွဲကြေသွားချေသည်။
မိုးကြိုး မီးပြင်းဖိုက မရေမတွက်နိုင်သောအစိတ်အပိုင်းများအဖြစ်သို့ ကွဲကြေသွားသည်။သို့သော် အစိတ်အပိုင်းတစ်ခုချင်းစီက တစ်ခုနှင့်တစ်ခု ချိတ်ဆက်မှု ရှိနေကြဆဲပင်။
ဝမ်လင်းက စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းမှုတ်ထုတ်လိုက်သည်။ ၎င်း၏အစိတ်အပိုင်းများ ရှိနေသ၍ သည်မီးပြင်းဖိုက ပြန်ပြုပြင်နိုင်ကောင်းပေသည်။
သို့ရာတွင် အစိတ်အပိုင်းများအဖြစ် ကွဲထွက်သွားပြီးနောက် ၎င်းတို့သည် နောက်တစ်ဖန် ပျက်စီးသွားကြပြန်သည်။ သည်တစ်ခါ၌ အစိတ်အပိုင်းများက ဖုန်မှုန့်များအဖြစ်သို့ ရောက်ရှိသွားကြသည်။
မိုးကြိုးကောင်းကင်ဘုံနယ်မြေ ပွင့်သည့်အချိန်ကတည်းက ယခုလို မိုးကြိုးမီးပြင်းဖို ပျက်စီးသွားခြင်းသည် ပထမဆုံးအကြိမ်ဖြစ်နေ၏။
အမှန်ဆို မိုးကြိုးမီးပြင်းဖိုများသည် အလွန်ဖျက်စီးဖို့ ခက်ခဲလွန်းလှသည်။ ဒုတိယအဆင့်ကျင့်ကြံခြင်းနယ်ပယ်မှာ ရှိနေသောလူများအဖို့ပင် ယင်းမီးပြင်းဖိုကို ဖျက်စီးရန် တော်တော်ခက်ခဲပေလိမ့်မည်။ အကယ်၍သာ လူတစ်ယောက်က ၎င်းမီးပြင်းဖိုကို ထိုသို့ ဖျက်စီးနိုင်ခဲ့မည် ဆိုရင်ပင် မည်သည့်အကျိုးအမြတ်မှ မရဘဲ အားသွန်ခွန်စိုက် လုပ်လိမ့်မည် မဟုတ်ပေ။
ဝမ်လင်း၏ ခါးသက်သက်အပြုံးက ပို၍ သန်မာလာခဲ့သည်။
မိုးကြိုးမီးပြင်းဖို ပျက်စီးသွားသည့်အခါတွင် ၎င်းအထဲရှိ မိုးကြိုးများအားလုံးသည် ဝုန်းကနဲ ပေါက်ကွဲထွက်လာ၏။ အံ့မခန်း တိုင်းဆ၍ မရသော မိုးကြိုးက တဟုန်ထိုး ထွက်လာကာ ဝမ်လင်းအား ဝန်းရံသွားသည်။ ထိုမိုးကြိုးက သူ့ကို ကောင်းကင်ထက်သို့ အံ့မခန်းအမြန်နှုန်းဖြင့် ကောင်းကင်ထက်သို့ ဆွဲခေါ်သွားချေသည်။
သည်အမြန်နှုန်းက အလွန့်အလွန်မြန်ဆန်လှ၏။
အခြားသူများကို မီးပြင်းဖိုများက မိုးကြိုးကောင်းကင်ဘုံကျောင်းတော်ထံသို့ ဦးဆောင် ခေါ်သွားသည့် အမြန်နှုန်းသည် နှေးသည်ဟု ဆိုရပေမည်။
ချက်ခြင်းလိုလိုပင် သည် ရူးသွပ်နေသည့် မိုးကြိုးက လေဟာနယ်ကို ထွင်းဖောက်ကာ ဝမ်လင်းနှင့်အတူ ပျောက်ကွယ်သွားတော့၏။ သည်အမြန်နှုန်းက ဖော်ပြ၍ပင် မရပေ။သည်လေဟာနယ်ထဲမှ ထွင်းဖောက်လာသည့်အခါ ရောက်ရှိလာသည့် ဟင်းလင်းပြင်သည် အခြားသာမန် ဟင်းလင်းပြင်များနှင့် မတူညီပေ။ ဝမ်လင်းက ဖျပ်ခနဲ ဖျပ်ခနဲ မိုးကြိုး ခေါ်ဆောင်ရာသို့ သွားနေရကာ သူ့ပတ်ဝန်းကျင်ကိုပါ မြင်နိုင်စွမ်း မရှိ ဖြစ်ရသည်။
လမ်းတစ်လျှောက်၌ အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းကြီးမှ ကျင့်ကြံသူအများစု ရှိနေကြ၏။ သူတို့က ကိုယ်တိုင် ပျံသန်းနေကြခြင်းမဟုတ်။မိုးကြိုးမီးပြင်းဖိုများက သူတို့ကို ကောင်းကင်ဘုံဂိတ်ပေါက်ဝသို့ အလိုလို ခေါ်ဆောင်သွားနေခြင်းပင်။
***