ဝမ်လင်းက ပျံ့ကျဲသွားသည့် တောင်စိတ်ဝိညာဉ်ကို ပြန်ရုတ်သိမ်းကာ တည်ငြိမ်စွာ ပြောလိုက်၏။ “ငါက သင့်ရဲ့ဒီမန္တာန်ကို လဲလှယ်ဖို့အကြောင်း ပြောနေတာ…”
အဘိုးအိုက နှာခေါင်းရှုံ့သည်။ “ဒါနဲ့ ပတ်သတ်လို့ မတွေးတော့နဲ့။ မင်းက မိုးကြိုးမီးပြင်းဖိုလည်း ရသွားပြီး ဖြစ်တဲ့အတွက် မြန်မြန် ထွက်သွားတော့…”
ဝမ်လင်း မျက်လုံးက ကျဉ်းမြောင်းသွားသည်။ထို့နောက် သူက လက်မြှောက်လိုက်ရာ အနက်ရောင်အလင်းတန်းတစ်ခုက ချက်ခြင်း ထွက်ခွာသွားသည်။အနက်ရောင်အလင်းတန်း ပေါ်လာသည်နှင့် အဘိုးအိုသည် သူ့အသက်ဓာတ် အပေါ်သို့ သက်ရောက်မှုတစ်ခု ရှိလာသည်ဟု ခံစားလိုက်ရ၏။
အနက်ရောင်အလင်းတန်းက ကျင့်ကြံခြင်းဂြိုဟ်ရှိရာသို့ တိုးဝင်သွားကာ ပျောက်ကွယ်လို့သွားသည်။သို့ရာတွင် အဘိုးအို၏ နတ်ဘုရားအာရုံက ထိုအလင်းတန်းနောက်သို့ လိုက်ပါသွားကာ သူက ထိုအနက်ရောင်အလင်တန်းသည် လွင်ပြင်ကျယ်တစ်ခုပေါ်သို့ ကျရောက်လို့သွားသည်ကို တွေ့မြင်လိုက်ရသည်။ထိုလွင်ပြင်ကျယ်ရှိ အပင်များသည် ထိုအလင်းတန်း ကျရောက်လာသည့်အခါ ချက်ခြင်း ခြောက်သွေ့သွားကာ မရေမတွက်နိုင်သော အသက်ဓာတ်အမျှင်တန်းများအဖြစ်သို့ ပြောင်းလဲ၍ ဂြိုဟ်ထံမှ ထွက်လာကာ ဝမ်လင်း ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။
ဝမ်လင်းက တည်ငြိမ်စွာ ပြောလိုက်သည်။ “ဒီမန္တာန်ကို မရဏလက်ချောင်းလို့ ခေါ်တယ်…”
အဘိုးအိုက နှာခေါင်းရှုံ့၍ ဆိုသည်။ “ငါက ပုံရိပ်ယောင်ယင်အဆင့်ကို မရောက်သေးရင်တောင် ဒီမန္တာန်က ငါ့မျက်စိကို ဖမ်းစားနိုင်မှာ မဟုတ်ဘူး…”
သူက ထိုသို့သာ အပြင်ဘက်တွင် ပြောလိုက်သော်လည်း စိတ်ထဲတွင်တော့ ထိုမန္တာန်အပေါ် တုန်လှုပ်မိနေသည်။ သူက မန္တာန်၏ စွမ်းအားကို စိတ်ဝင်စားခြင်း မဟုတ်ဘဲ အသက်ဓာတ်ကို စုပ်ယူနိုင်သည့်စွမ်းရည်ကို စိတ်ဝင်စားမိခြင်း ဖြစ်သည်။
ဝမ်လင်းက သူ့ညာလက်ကို နောက်တစ်ဖန် ထပ်မြှောက်လိုက်ရာ နတ်ဆိုးအော်ရာတစ်ခုက သူ့လက်ချောင်းထိပ်တွင် ပေါ်ထွက်လာသည်။ယင်းအော်ရာက ထိုးထွက်သွားကာ အဘိုးအိုရှေ့တွင် ရပ်တန့်သွားသည်။
“ဒီမန္တာန်က နတ်ဆိုးလက်ချောင်းပဲ။ ဒါက ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်ကို နတ်ဆိုးစွမ်းအင် အဖြစ် ပြောင်းလဲပစ်နိုင်စွမ်း ရှိတယ်။ မရဏလက်ချောင်းနဲ့ တွဲဖက်အသုံးပြုရင် ဒီမန္တာန်ရဲ့သက်ရောက်မှုက ပိုပြီး ကောင်းမွန်တယ်…”
အဘိုးအိုက သူ့ရှေ့ရှိ အနက်ရောင်အော်ရာကို စူးစိုက်ကြည့်ကာ စဉ်းစားနေသည်။သူက ညာလက်ကို ပင့်မြှောက်ကာ ၎င်းအော်ရာကို ဖမ်းယူလိုက်သည်။ သည့်နောက် သူ့နတ်ဘုရားအာရုံဖြင့် ၎င်းကို စစ်ဆေးကြည့်လိုက်သည်။အချိန်အတန်ကြာမြင့်ပြီးနောက် သူက ဝမ်လင်းကို ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “တန်လင်းဂြိဟ်က လူတွေက နတ်ဆိုးအော်ရာမန္တာန်တွေမှာ ကျွမ်းကျင်ကြတယ်လို့ ပြောလေ့ရှိကြတယ်။ ဒါ့ကြောင့် မင်းက တန်လင်းဂြိုဟ်က ဖြစ်မယ်။ ဒါပေမဲ့လည်း ဒီမန္တာန်က မထိုက်တန်သေးဘူး…”
ဝမ်လင်းက အနည်းငယ် စဉ်းစားနေသည်။ အတိတ်တုန်းက စစ်ထူနန်သည် တစ္ဆေလောကလက်ချောင်းနှင့် ပတ်သတ်၍ တော်တော်လေး အရေးထားခဲ့ပေ၏။ထို့ကြောင့် သူက ထိုမန္တာန်တွင် အပြစ်အနာဆာများ ရှိနေလျှင်ပင် လှဲလှယ်လိမ့်မည် မဟုတ်ပေ။
ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွား၏။ သူက ညာလက်ကို ပင့်မြှောက်ကာ ဖြည်းဖြည်းချင်း ပြောလာသည်။
“ဒီနောက်ဆုံးမန္တာန်က ငါ နိဗ္ဗာနဖြိုခွဲခြင်းအဆင့် စီနီယာထံကနေ သင်ယူခဲ့တာ ဖြစ်တယ်။သင်က ဒါကိုပါ စိတ်မဝင်စားသေးရင် ငါတို့ ဒီလှဲလှယ်မဲ့ကိစ္စကို မေ့လိုက်ကြတာပေါ့…”
ဝမ်လင်းက အမိန့်တစ်ခု ပေးလိုက်ရာ သူ့နောက်မှ ကောင်းကင်ဘုံသက်တော်စောင့်သည် ရွှေရောင်အလင်းတန်းတစ်ခု အဖြစ်သို့ ပြောင်းသွားကာ ကျင့်ကြံခြင်းဂြိုဟ်ရှိရာသို့ ပျံသန်းသွားသည်။
ရုပ်သေး၏ လှုပ်ရှားမှုက အဘိုးအို၏ အသွင်ကို ပြောင်းလဲသွားစေသည်။
သိပ်မကြာခင်တွင် ကောင်းကင်ဘုံသက်တော်စောင့်သည် လက်ထဲတွင် သားရဲတစ်ကောင်နှင့်အတူ ပြန်ရောက်လာခဲ့သည်။ ထိုသားရဲက အလွန်ရက်စက်ကြမ်းကြုတ်မည့်ဟန် ရှိနေကာ ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးက ဆူးချွန်များနှင့် ဖုံးလို့နေသည်။
ဝမ်လင်းက သူ့လက်ချောင်းများက ဓားဟန်အသွင် ဖြစ်ပေါ်စေလိုက်သည်။ သူက ကောင်းကင်ဘုံသက်ဖြတ်ခြင်းပညာရပ်ကို အသုံးမပြုခဲ့သည်မှာ အချိန်အတန်ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ အတိတ်တုန်းက သူ သိပ်သည်းခဲ့သော သတ်ဖြတ်ခြင်းစွမ်းအင်အမျှင်တန်းများသည် ကောင်းကင်ဘုံသက်တော်စောင့်၏ အထဲ၌ ထည့်သွင်းထားပေသည်။
သို့သော် ဝမ်လင်းသည် ကောင်းကင်ဘုံသတ်ဖြတ်ခြင်းပညာရပ်နှင့် ပတ်သတ်၍ နက်နက်နဲနဲ နားလည်မှု ရှိလို့နေဆဲသာ ဖြစ်သည်။
ဤအခိုက်အတန့်၌ သူက ခဏတာ အာရုံစိုက်လိုက်ရာ သူ့လက်ချောင်းထိပ်၌ ဓားစွမ်းအင်တစ်ခု စုစည်းလာသည်။သည့်နောက် ထိုဓားစွမ်းအင်က သားရဲပေါ်သို့ ကျရောက်သွားသည်။ထိုအခါ သားရဲက ချက်ခြင် ညီးတွားလိုက်ရသည်။ အဘိုးအို၏ မျက်လုံးက ပြူးကျယ်သွား၏။ သားရဲက ချက်ခြင်းပင် ခြောက်သွေ့လာခဲ့ကာ အရိုးစုအဖြစ်သို့ ချက်ခြင်း ပြောင်းလဲသွားသည်။
မီးခိုးရောင်အမျှင်တန်းတစ်ခုက ထိုသားရဲအလောင်းကနေ ထွက်ပေါ်လာကာ ဝမ်လင်းလက်ချောင်း ပတ်လည်၌ ထွေးခြုံလာခဲ့သည်။
ဝမ်လင်းက သူ့လက်ကို တောက်ထုတ်လိုက်ရာ မီးခိုးရောင်အခိုးငွေ့တစ်ခု ပျံသန်းထွက်သွားသည်။ထို့နောက် သူက ၎င်းမီးခိုးရောင်အခိုးငွေ့ထံသို့ လက်ညွှန်လိုက်ရာ ချက်ခြင်းပင် အသက်ဓာတ်ချိပ်တံဆိပ်အဖြစ်သို့ ပြောင်းလဲကာ အဘိုးအိုထံသို့ ပျံသန်းသွားတော့သည်။
“ဒီမန္တာန်ကို ကောင်းကင်ဘုံသတ်ဖြတ်သူ ပညာရပ်လို့ ခေါ်တယ်…”
အဘိုးအိုက လှုပ်ရှားလာ၏။ သူ့ညာလက်ကို ပင့်မြှောက်ကာ ထိုအသက်ဓာတ်ချိပ်တံဆိပ်ကို ဖမ်းယူလိုက်သည်။ထို့နောက် သူက နတ်ဘုရားအာရုံဖြင် ယင်းချိပ်တံဆိပ်ကို သေချာစစ်ဆေးကြည့်သည်။ သူက သေချာကြည့်လေ ပို၍ တုန်လှုပ်လာမိလေ ဖြစ်နေသည်။ သူ့မျက်လုံးများကပါ တောက်ပနေတော့၏။
သူ့ကျင့်ကြံမှုအဆင့်ဖြင့် သူက ကောင်းကင်ဘုံသတ်ဖြတ်ခြင်းပညာရပ်ကို ထွင်းဖောက် မြင်နိုင်စွမ်း ရှိနေပေသည်။ ထိုအသက်ဓာတ်ချိပ်တံဆိပ်သည် အကာအကွယ်ပြုနိုင်သော အရာတစ်ခု ဖြစ်နေကြောင်း သူက သိပေ၏။ မီးခိုးရောင်အခိုးငွေ့တွင်တော့ တိုက်ခိုက်နိုင်သော စွမ်းရည် ရှိနေကြောင်းကိုလည်း သူက သိနေသည်။
၎င်းက စွမ်းအား မပြင်းထန်လှသော်လည်း သည်မန္တာန်က အကြိမ်ကြိမ် အသုံးပြုနိုင်ကာ သိုလှောင်ထားနိုင်ကြောင်း သိသာပေ၏။
“ဒီအသက်ဓာတ်ချိပ်တံဆိပ်က ကောင်းကင်ဘုံသတ်ဖြတ်သူ ပညာရပ်ကနေ ဖြစ်ပေါ်လာတာ။ ဒီမန္တာန်က သတ်ဖြတ်ပြီး အသက်ဓာတ်တွေကို စုစည်းနိုင်မှုအပေါ် မူတည်တယ်။ အသက်ဓာတ်ချိပ်တံဆိပ်တွေ ပိုများလာလေလေ ပိုမိုအားကောင်းတဲ့ အကာအကွယ်ပေးနိုင်စွမ်း ရှိလာလေပဲ။ အတိတ်တုန်းက ငါ့ကို ဒီမန္တာန်သင်ပေးခဲ့တဲ့ စီနီယာ ပြောခဲ့တာကတော့ လူတစ်ယောက်ဟာ သန်းတစ်ထောင်လောက် အသက်ဓာတ်ချိပ်တံဆိပ်ပမာဏ ပိုင်ဆိုင်သွားရင် ကျင့်ကြံခြင်းဂြိုဟ်တစ်ခုလုံး ပြိုကျလာရင်တောင် အဲ့လူက အန္တရာယ်ကင်းနိုင်လိမ့်မယ်တဲ့…”
ဝမ်လင်းက လိမ်ပြောနေခြင်း မဟုတ်ပေ။ သူက မီးခိုးရောင်ရှေ့ဖြစ်ဟောသူ သူ့ကို ပြောခဲ့သည့်အတိုင်း အတိအကျ ပြန်ပြောနေခြင်းပင်။
ပထမဆုံးအကြိမ်အဖြစ် အဘိုးအို၏အသွင်က ချီတုံ့ချတုံ့ ဖြစ်လာခဲ့သည်။ သူက ထိုကောင်းကင်ဘုံသတ်ဖြတ်ခြင်း ပညာရပ်သည် မည်မျှစွမ်းအားကောင်းကြောင်း တွေ့မြင်နေရသည်။
သို့သော်လည်း သူ့တတိယမျက်လုံးမန္တာန်သည် မိသားစုအမွေအနှစ်တစ်ခု ဖြစ်နေ၏။ ထို့ကြောင့် သူက ယင်းမန္တာန်ကို အပြင်လူတစ်ယောက်အား လွယ်လင့်တကူ မပေးနိုင်ပေ။ထိုမန္တာန်၏ ဇာစ်မြစ်ကို မသိရသော်လည်း ဘိုးဘေးများက ယင်းမန္တာန်ကို မတော်တဆ ရခဲ့တာ ဖြစ်ပုံရသည်။
သည့်အပြင် သူ့မိသားစုက သည်မန္တာန်ကို ရရှိပြီးနောက် အောင်မြင်အောင် သင်ယူနိုင်ခဲ့သည့် ပထမဆုံးသူကလည်း သူသာ ဖြစ်နေ၏။
ဝမ်လင်းက စောင့်ဆိုင်းနေသည်။အဘိုးအို ချီတုံချတုံ ဖြစ်နေသည်ကို ကြည့်ကာ သူက အင်္ကျီလက်အိုးကို ခါယမ်း၍ မိုးကြိုးသားရဲနှင့်အတူ ရှေ့သို့ ထိုးထွက်လိုက်သည်။ထို့နောက် သူက ပြောလိုက်၏။ “ရောင်းရင်းကျင့်ကြံသူက ဆန္ဒမရှိမှတော့…ဒီမန္တာန်ချင်း လဲလှယ်မဲ့ ကိစ္စကို မေ့လိုက်ပါတော့…”
ထိုသို့ ပြောပြီးနောက် ဝမ်လင်းအောက်ရှိ မိုးကြိုးသားရဲသည် မိုးကြိုးတန်းအဖြစ်သို့ ပြောင်းကာ အကွာအဝေးတစ်ခုသို့ ပျံသန်းသွားချေသည်။ ကောင်းကင်ဘုံသက်တော်စောင့်ကလည်း သူတို့နောက်ကနေ နီးကပ်စွာ လိုက်ပါသွားကြသည်။
အဘိုးအိုလက်ထဲရှိ အသက်ဓာတ်မန္တာန်ကလည်း ပျက်စီးလို့သွား၏။
ဝမ်လင်းက အကွာအဝေးတစ်ခုသို့ ပျောက်ကွယ်သွားသည်ကို ကြည့်နေရင်း အဘိုးအို၏ အသွင်က ပြောင်းလဲသွားသည်။ သူက အံတင်းတင်းကြိတ်ကာ လှမ်းအော်ပြောလိုက်သည်။ “ရောင်းရင်းကျင့်ကြံသူ…ရပ်ပါဦး…။ငါက ငါ့မန္တာန်ကို သင့်ရဲ့ ကောင်းကင်ဘုံသတ်ဖြတ်ခြင်းပညာရပ်နဲ့အတူ မရဏလက်ချောင်း၊ နတ်ဆိုးလက်ချောင်း စတဲ့နှစ်ခုနဲ့ပါဆိုရင် လဲလှယ်မယ်…”
ဝမ်လင်းက ရပ်လိုက်၏။ မိုးကြိုးသားရဲက ဟိန်းသံပြုကာ နောက်ပြန်လှည့်လာသည်။ ၎င်းက အဘိုးအိုနှင့် ပေတစ်ရာ အကွာတွင် ရပ်လိက်၏။ ၎င်း၏ မျက်လုံးထဲ၌လည်း အထင်သေးဟန်တို့နှင့် ပြည့်နေသည်။
အဘိုးအိုက အံတင်းတင်းကြိတ်ကာ ပြောလိုက်သည်။ “လဲလှယ်ကြတာပေါ့…။ဒါပေမဲ့လည်း သင်က ဒီမန္တာန်ကို အပြင်လူတွေရှိ မပျံ့နှံ့စေရဘူးလို့ ကတိပေးရမယ်…”
ဝမ်လင်းက ခေါင်းညိတ်လိုက်သည်။ အချိန်ဖြုန်းမနေတော့ဘဲ သူက ကျောက်စိမ်းပြားသုံးခုကို ထုတ်ယူလိုက်ရာ သူ့မန္တာန်သုံးခု၏ အချက်အလက်များကို မှတ်တမ်းတင်လိုက်သည်။ထို့နောက် သူက ယင်းကျောက်စိမ်းပြားသုံးခုကို အဘိုးအိုထံသို့ ပစ်ပေးလိုက်သည်။
အဘိုးအိုက ထိုကျောက်စိမ်းပြားများကို စစ်ဆေးကြည့်လိုက်သည်။သူကလည်း ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူကာ တတိယမျက်လုံးမန္တာန်အတွက် နည်းလမ်းကို မှတ်တမ်းတင်ကာ ဝမ်လင်းထံသို့ ပစ်ပေးလိုက်လေသည်။ သို့ရာတွင် သူက သူ့မန္တာန်ကို အပြောင်းအလဲအနည်းငယ် လုပ်ထားခဲ့ပေသည်။လူတစ်ယောက်က ထိုမှတ်တမ်းအတိုင်းသာ ကျင့်ကြံပါက အနာဂတ်တွင် ထိုလူ့အတွက် များစွာ အန္တရာယ် ရှိလာပေလိမ့်မည်။
ဝမ်လင်းက ကျောက်စိမ်းပြားကို ဖမ်းယူကာ စစ်ကြည့်လိုက်သည်။သူက တိတ်တဆိတ်ဖြင့် မန္တာန်တစ်ခုကို အသုံးပြုကာ တတိယမျက်လုံးမန္တာန်ကို အသက်ဝင်စေလိုက်သည်။ သူက ချက်ခြင်းပင် ထိုမန္တာန်၏ အပြစ်နာဆာကို သိမြင်လိုက်၏။ သို့သော် သူက ဘာမှ ထုတ်ပြောမနေဘဲ အဘိုးအိုကို ခေါင်းညိတ်ပြလိုက်သည်။
သူက အဘိုးအိုကို ကြည့်ကာ တစ်ခုခုဆိုးရွားသလို ခံစားလိုက်ရသည်။ အနည်းငယ် တုံ့ဆိုင်းပြီးနောက် သူက ပြောလိုက်သည်။ “ရောင်းရင်းကျင့်ကြံသူ…ဒီသတ်ဖြတ်ခြင်းစွမ်းအင်တန်းကို တစ်သိန်းထက် ပိုပြီး မကျင့်ကြံတာ အကောင်းဆုံးပဲ။ မဟုတ်ရင် အန္တရာယ်ကြီးကြီးမားမား ဖြစ်နိုင်လိမ့်မယ်…”
ထိုသို့ပြောပြီးနောက် သူက အလျင်စလို ထွက်ခွာသွားတော့သည်။
အဘိုးအိုက မှင်သက်သွား၏။ သည့်နောက် သူက သူ့လက်ထဲရှိ ကျောက်စိမ်းပြားကို ငုံ့ကြည့်လိုက်မိသည်။ အနည်းငယ် စဉ်းစားပြီးနောက် သူက အခြားလူများနှင့်အတူ ကျင့်ကြံခြင်းဂြိုဟ်ရှိရာသို့ ပြန်လာသည်။ သည့်နောက် သူက ချက်ခြင်း တံခါးပိတ်ကျင့်ကြံတော့၏။ သူက နောက်တစ်လတွင် ဖွင့်လှစ်လာမည့် မိုးကြိုးကောင်းကင်ဘုံနယ်မြေအတွက် တက်နိုင်သမျှ ကြိုတင်ပြင်ဆင်ထားရမည် မဟုတ်လား။
ဝမ်လင်းက မိုးကြိုးသားရဲအပေါ်တွင် ထိုင်လျက် ရှိနေသည်။သူ့မျက်နှာထက်၌ ထူးဆန်းသောဟန်ပန် ဖြစ်ပေါ်လို့နေသည်။ သူက ခေါင်းယမ်းကာ ပြောလိုက်၏။ “ပြစ်ချက်အနာဆာ ရှိနေတဲ့ မန္တာန်သုံးခုနဲ့ တတိယအဆင့်အငွေ့အသက် ပါဝင်နေတဲ့ မန္တာန်တစ်ခုကို လဲလှယ်လိုက်တာက နည်းနည်းတော့များတယ်…နည်းနည်းတော့များတယ်…”
ဝမ်လင်းက သူ့လက်ထဲရှိ ကျောက်စိမ်းပြားကို ကြည့်လိုက်၏။ ထို့နောက် သူ့မျက်နှာက ပြုံးယောင်သမ်းလာလေသည်။
အဘိုးအိုက ထိုတတိယမျက်လုံးမန္တာန်ကို သာမန်မန္တာန်တစ်ခုလိုသာ သိနေခဲ့ပေသည်။သို့ရာတွင် ဝမ်လင်းအမြင်တွင်တော့ ထိုမန္တာန်သည် အလွန်အမင်း စွမ်းအားကောင်းကာ ‘မူလသို့ ပြန်ခြင်း’ တစ်နည်း ‘တတိယအဆင့်’၏ အငွေ့အသက်တို့ ပါဝင်နေပေသည်။
ဝမ်လင်းက တတိယအဆင့်ကို တွေ့မြင်ခဲ့ဖူးခြင်း မရှိလျှင် သူက ထိုမန္တာန်၏ အနှစ်သာရကို တွေ့မြင်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။ သူက သူ့စိတ်ထဲရှိ စိတ်ခံစားချက်ကို ဖိနှိပ်ကာ ကျောက်စိမ်းပြားကို သေချာလေ့လာကြည့်လိုက်သည်။
ဝမ်လင်းက အဘိုးအို ချန်ထားခဲ့သော အပြစ်နာဆာများကို ဂရုမစိုက်ပေ။ သူ့မှာ အချိန်လုံလုံလောက်လောက် ရှိနေသ၍ သူက ယင်းအပြစ်အနာဆာများကို ပြန်ပြုပြင်နိုင်ပေသည်။
မိုးကြိုးသားရဲက ကြယ်များကြားတွင် မြန်ဆန်စွာ ပျံသန်းလို့နေ၏။၎င်း၏ ဦးတည်ရာသည် ဝမ်လင်း၏ကျင့်ကြံခြင်းဂြိုဟ် ချင်လင်းပင် ဖြစ်သည်။
ချင်လင်းဂြိုဟ်ပေါ်ရှိ ကျင့်ကြံသူများက ဝမ်လင်းထွက်ခွာသွာသည့်အခါ ကံကောင်းသည်ဟု ခံစားမိနေကြ၏။ သို့ရာတွင် လအနည်းငယ် ကြာမြင့်ပြီးသည်နောက် ထိုစီနီယာ (ဝမ်လင်း)က ပြန်ရောက်လာကာ ဖိနှိပ်ထားမှုအော်ရာကို တစ်ဖန် ခံစားလိုက်ရပြန်တော့သည်။
ဟုန်ယွမ်တောင်ထိပ်၏ ငါးထောင်ကီလိုမီတာ ဧရိယာသည် တားမြစ်နေရာတစ်ခု ဖြစ်လာပြန်သည်။ မည်သူကမျှ ထိုနေရာသို့ ခြေလှမ်းတစ်ဝက်ပင် မချဝံ့ကြချေ။
သူ့ကိုယ်ပိုင် ကျင့်ကြံခြင်းဂြိုဟ်သို့ ပြန်ရောက်လာပြီးနောက် ဝမ်လင်းသည် သူ့အချိန်ကို တတိယမျက်လုံးမန္တာန်ကို ပြန်ပြုပြင်ခြင်း၊လေ့လာခြင်းနှင့် ကုန်ဆုံးစေတော့သည်။သူက ၎င်းမန္တာန်ကို ထိန်းချုပ်နိုင်ရန် တဖြည်းဖြည်း ကြိုးစားနေသည်။
လဝက်ကျော် ကုန်လွန်သွားခဲ့ပြန်လေပြီ။ သည် နေသာသော နေ့တစ်နေ့တွင် ကောင်းကင်ထက်၌ မည်သည့်တိမ်စိုင်တိမ်ခဲမှ ရှိမနေဘဲ အပြာရောင်သမ်းလို့နေသည်။ လေပြင်ညင်းက နွေးထွေးမှုကို ဆောင်ကြဉ်းလို့နေသည်။
ဝမ်လင်းက ဟုန်ယွမ်တောင်ထိပ်တွင် မတ်တပ်ရပ်လို့နေ၏။ သူ့လက်ထဲတွင်တော့ မိုးကြိုးမီးပြင်းဖိုတစ်ခု ရှိနေသည်။ သည်မီးပြင်းဖိုက သူ့လက်အရွယ်အစားခန့်သာ ရှိကာ မိုးကြိုးများက ၎င်းအပေါ်၌ ရွှေ့လျားကာ နေသည်။
ဝမ်လင်း၏ မျက်ခုံးနှစ်ခုကြားတွင်လည်း အဟ တစ်ခုက ပေါ်လိုက် ပျောက်လိုက် ဖြစ်ပေါ်လို့နေကာ အနီရောင်အလင်းကို ပေးစွမ်းနေသည်။ သည်အခိုက်အတန့်၌ သူက အလွန်ထူးဆန်းသည့်ဟန်ပန် ဖြစ်ပေါ်နေကာ မည်သူကမျှ သူ့ကို ကျင့်ကြံသူတစ်ယောက် အမှန်တကယ် ဖြစ်သည်ဟု ယုံကြည်ကြလိမ့်မည် မဟုတ်ပေ။ မည်သို့ပင် ကြည့်ကြည့် သူ့ပတ်လည်၌ နတ်ဆိုးမိစ္ဆာဆန်မှုတစ်ခု ရှိလို့နေသည်။
ထိုအရာများအားလုံးက သူ့မျက်ခုံးနှစ်ခုကြားရှိ အဟ ကြောင့်ဖြစ်သည်။
သိပ်မကြာခင်မှာပင် မိုးကြိုးတိမ်တိုက်များက အပြာရောင်ကောင်းကင်ထက်၌ ဖြစ်ပေါ်လာခဲ့သည်။ထို့နောက် ကောင်းကင်တစ်ခုလုံးက တိမ်တိုက်များနှင့် ဖုံးအုပ်လာခဲ့တော့သည်။
တိမ်တိုက်များအတွင်းမှ မိုးကြိုးများကလည်း ပေါက်ကွဲ ရွေ့လျားနေကာ တဝုန်းဝုန်းအသံများ ဆက်တိုက် ဖြစ်ပေါ်လို့နေသည်။ တစ်ချိန်တည်းမှာပင် ဝမ်လင်းလက်ထဲရှိ မိုးကြိုးမီးပြင်းဖိုက ထိုကောင်းကင်ထက်မှ မိုးကြိုးတိမ်တိုက်များကို တုံ့ပြန်သည်ဟန်နှင့် တဖြည်းဖြည်း သိပ်သည်းလာခဲ့သည်။
ဤအခိုက်အတန့်၌ တိမ်တိုက်များထံမှ မိုးကြိုးတန်းတစ်ခုသည် ဝမ်လင်းရှိရာသို့ သက်ဆင်းလာခဲ့တော့သည်။
ဝမ်လင်းက ထိုမိုးကြိုးကို ကြည့်နေရင်း သူ့မျက်လုံးထဲ၌ ထူးဆန်းသောအလင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။သူက မိုးကြိုးသည် မိုးကြိုးမီးပြင်းဖိုပေါ်သို့ ကျရောက် ထိမှန်နေသ၍ သူက လေဟာနယ်ကို ဖြတ်သန်းကာ မိုးကြိုးကောင်းကင်ဘုံနယ်မြေသို့ ရောက်ရှိသွားမည်ကို သိနေခဲ့သည်။
သို့ရာတွင် သူက မိုးကြိုးမီးပြင်းဖိုကို ပြန်ရုတ်သိမ်းလိုက်သည်။
“ဒါက ကောင်းကင်ဘုံမိုးကြိုး…အာ…”
ဝမ်လင်းက သူ့ကိုယ်သူ ခပ်တိုးတိုး ရေရွတ်လိုက်သည်။ထို့နောက် သူ့မျက်လုံးထဲရှိ ထူးဆန်းမှုက ပိုမိုအားကောင်းလာခဲ့သည်။မိုးကြိုးကောင်းကင်ဘုံနယ်မြေ ပွင့်လှစ်ခဲ့သည့် မရေမတွက်နိုင်သော နှစ်ပေါင်းများစွာအတွင်း သူ့လှုပ်ရှားလုပ်ဆောင်မှုက မထင်မှတ်ထားဖွယ် ဖြစ်လို့နေချေသည်။
***