Switch Mode

အပိုင်း(၇၈၄)

မီးပြင်းဖိုကို လုယူခြင်း…

ချင်လင်းဂြိုဟ်၏ အနောက်မြောက် လူသူကင်းမဲ့သည့် ကွင်းပြင်ကျယ်ကြီးအထက်တွင် ကောင်းကင်ဘုံကျောက်စိမ်းပြားများဖြင့် အစီအရင်ကြီးတစ်ခုကို တည်ဆောက်ထားသည်။

ဝမ်လင်းသည် ထိုအစီအရင်၏ အလယ်တွင် ထိုင်ကာ ကျင့်ကြံနေသည်။သူ အသက်ရှုသွင်းလိုက်တိုင်း မြောက်များစွာသော ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များကို သူ့ခန္ဓာကိုယ်ထဲသို့ စုပ်ယူလို့နေသည်။

ထိုဖြစ်စဉ်က ထပ်ခါထပ်ခါ ဖြစ်လို့နေ၏။ သူ့ခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များသည် ဖြည်းဖြည်းချင်း သိပ်သည်းလာနေသည်။

အာဏာတက်ခြင်းနောက်ဆုံးအထွတ်အထိပ်အဆင့်သည် ကျင့်ကြံသူများအဖို့ အလွယ်တကူ ရောက်နိုင်သော အဆင့်မဟုတ်ပေ။ ထိုသို့ မရောက်နိုင်ရခြင်းက နယ်ပယ် သို့မဟုတ် ကောင်းကင်ဘုံကျောက်စိမ်းပြားများကြောင့် မဟုတ်ပေ။ မူလစွမ်းအင်ကြောင့်သာ ဖြစ်လေ၏။

လူတစ်ယောက်က အာဏာတက်ခြင်းအဆင့်သို့ တက်လှမ်းချိန်၌ သူ၏ မူလစိတ်ဝိညာဉ်ထဲသို့ မူလစွမ်းအင်ပေါင်းစပ်မှုက မလုံလောက်လျှင် ထိုသူက အာဏာတက်ခြင်းအဆင့်သို့ ရောက်ရှိနိုင်မည် ဖြစ်သော်လည်း ထိုအဆင့်၏ အထွတ်အထိပ်ကိုတော့ မရောက်ရှိနိုင်ပေ။

ထို့ကြောင့် မူလစွမ်းအင်သည် ကျင့်ကြံခြင်းပထမအဆင့် တစ်နည်း အာဏာတက်ခြင်းအထွတ်အထိပ်အဆင့်သို့ ရောက်ရှိရန်အတွက် သော့ချက်ဟုပင် ပြောနိုင်သည်။

ဝမ်လင်းက မိုးကြိုးကန်တွင် ကျင့်ကြံပြီးသည့်နောက် သူ့မူလစိတ်ဝိညာဉ်ထဲရှိ မူလစွမ်းအင်က အကန့်အသတ်ထိ ရောက်လာနိုင်ခဲ့ပေသည်။ထို့အတွက်ကြောင့် သူက ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များကို စုပ်ယူနေရင်း အာဏာတက်ခြင်းအထွတ်အထိပ်အဆင့်သို့ ဖြည်းဖြည်းချင်း တက်လှမ်းနေတော့သည်။

သို့ရာတွင် အာဏာတက်ခြင်းအထွတ်အထိပ်အဆင့်သို့ ရောက်ရှိရန် လိုအပ်သည့် ကောင်းကင်ဘုံကျောက်စိမ်းပြားပမာဏသည် ကြောက်မက်ဖွယ် များပြားလွန်းလှသည်။တစ်နှစ်တာ စုပ်ယူပြီးသည့်နောက် ဝမ်လင်းက ကောင်းကင်ဘုံကျောက်စိမ်းပြား အားလုံးကို သုံးစွဲခဲ့ပြီး ဖြစ်သည်။သည့်နောက် သူက ချက်ခြင်းပင် ကောင်းကင်ဘုံအရည်စက်ကို ထုတ်ကာ သောက်ချလိုက်၏။

ကောင်းကင်ဘုံအရည်စက်က သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည့်အခါ ဝမ်လင်း၏ ခန္ဓာကိုယ်ထံမှ အဖြူရောင်မြူလွှာတစ်ခုအား ပေးစွမ်းလာ၏။

တစ်ချိန်တည်းမှာပင် ဝမ်လင်းခန္ဓာကိုယ်ထဲ၌ ကောင်းကင်ဘုံအရည်စက်သည် မြောက်များစွာသော ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များကို ပေးစွမ်းလာ၏။

ထိုအခါ အတွေးတစ်ချက်ဖြင့်ပင် ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များက သူ့အော်ရာနှင့်အတူ ရွှေ့လျားလာခဲ့တော့၏။ထိုအရာက အာဏာတက်ခြင်းနောက်ဆုံးအထွတ်အထိပ်အဆင့်ပင် ဖြစ်၏။

ချင်လင်းဂြိုဟ်ပေါ်သို့ ရောက်လာပြီး ဆယ့်ကိုးနှစ်နှင့်ရှစ်လ အကြာတွင်တော့ ဝမ်လင်းသည် အာဏာတက်ခြင်းနောက်ဆုံးအထွတ်အထိပ်အဆင့်သို့ ရောက်ရှိလာနိုင်ခဲ့လေပြီ။

ဝမ်လင်းက ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လာခဲ့၏။

“နှစ်တစ်ထောင် ကျင့်ကြံပြီးတဲ့နောက်မှာ ငါက ကျင့်ကြံခြင်းပထမအဆင့်ရဲ့ ပြီးပြည့်စုံတဲ့အဆင့်ကို ရောက်လာနိုင်ခဲ့ပြီ…”

ဝမ်လင်းက စိတ်လက်ချမ်းမြေ့နေကာ သူ့နှုတ်ခမ်းထောင့်၌ အပြုံးတစ်ခု တွဲခိုနေသည်။

လွန်ခဲ့သော နှစ်တစ်ထောင်ကို ပြန်ပြောင်းကြည့်ပါက သူသည် ဟုန်ယွီကလန်၏ သာမန်လူတစ်ယေက်သာ ဖြစ်ခဲ့သည် မဟုတ်လား။ သို့သော် ခုချိန်၌ သူ့ကျင့်ကြံမှုအဆင့်က ပထမအဆင့်၏ အထွတ်အထိပ်သို့ ရောက်လာခဲ့ပေပြီ။

ဝမ်လင်းက မတ်တပ်ထရပ်မလာသေးဘဲ သိုလှောင်အိတ်ထဲမှ ရွှေရောင်ကောင်းကင်ဘုံစုတ်တံကို ထုတ်ယူလိုက်သည်။ ဝမ်လင်း ၎င်းကို သူ့လက်ထဲ၌ ကိုင်ကာ စုတ်ချက်များကို ရေးစွဲလိုက်၏။

အရင်သူ့အကန့်အသတ်က စုတ်ချက်ခုနစ်ခုသာ ဖြစ်သည်။ ခုချိန်တွင်တော့ သူက စုတ်ချက်ရှစ်ခုထိ ရေးဆွဲထုတ်ဖော်လာနိုင်ခဲ့ပြီ ဖြစ်သည်။ထိုစုတ်ချက်ကြောင့် ဖြစ်ပေါ်လာသည့် စာလုံးများထံမှ တောက်ပသောအလင်းသည် လူတစ်ယောက်၏ စိတ်ကို တုန်ယင်သွားနိုင်ပေသည်။

“စုတ်ချက်ရှစ်ခုရဲ့ စွမ်းအားက စုတ်ချက်ခုနစ်ခုရဲ့ အထက်မှာရှိတဲ့ အဆင့်တစ်ခုပဲ…” ဝမ်လင်းမျက်လုံးက အေးဆေးလို့နေ၏။

သူက စုတ်တံကို ပြန်သိမ်းဆည်းလိုက်ရာ စာလုံးလည်း ပျောက်ကွယ်သွား၏။ စာလုံးများထဲသို့ ထည့်သွင်းထားသည့် သူ့နတ်ဘုရားအာရုံ တစ်စိတ်တစ်ပိုင်းသည်လည်း ဝမ်လင်းခန္ဓာကိုယ်ထဲသို့ ပြန်ဝင်ရောက်လာ၏။

ဝမ်လင်းက မတ်တပ်ထရပ်ကာ ရှေ့သို့ ခြေလှမ်းလိုက်၏။ သည့်နောက် သူက ပျောက်ကွယ်သွားချေသည်။

လဝက်ခန့်ကြာမြင့်ပြီးနောက် မိုးကြိုးတန်းတစ်ခုသည် ချင်လင်းဂြိုဟ်ကနေ ကောင်းကင်ထက်သို့ တန်းတန်းမတ်မတ် ပျံသန်းတက်သွားခဲ့သည်။ ဝမ်လင်းက မိုးကြိုးသားရဲပေါ်၌ ထိုင်နေကာ မျက်လုံးမှိတ်ထားလျက် ရှိ၏။

ချင်လင်းဂြိုဟ်ပေါ်ရှိ ကျင့်ကြံသူများအားလုံးက ခေါင်းမော့၍ ကြည့်လိုက်ကြသည်။ သူတို့မျက်လုံးထဲ၌ လေးစားသည့်ဟန်ပန် ဖြစ်နေသည့်အပြင် အနည်းငယ်လည်း စိတ်သက်သာရာရသွားခဲ့ကြသည်။ ဝမ်လင်းထွက်ခွာသွားသည်နှင့် သူတို့အပေါ်၌ ကျရောက်နေသော မမြင်ရသည့် ဖိအားကပါ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားခဲ့ပေသည်။

မထွက်ခွာသွားခင် ဝမ်လင်းက လွန်ခဲ့သောဆယ်နှစ်က စိုက်ပျိုးခိုင်းခဲ့သည့် ကောင်းကင်ဘုံတက်ခြင်းသစ်သီးမျးကိုပါ ခူးဆွတ်သွားခဲ့သည်။ သည့်အပြင် မကျေမချမ်းအော်ရာလှိုင်းကိုလည်း စုဆောင်းသွားခဲ့သေး၏။

မိုးကြိုးသားရဲက ကြယ်များကြား ဖြတ်သန်းရင်း ခရီးဆန့်နေ၏။

ချင်လင်းဂြိုဟ်က ဝမ်လင်းအတွက် လှိုဏ်ဂူတစ်ခုလိုသာ ဖြစ်သည်။သူက မိုးကြိုးမီးပြင်းဖို ရပြီးသည့်အခါ သည်နေရာသို့ ပြန်လာပေလိမ့်မည်။ သူက သည်နေရာကနေ မိုးကြိုးကောင်းကင်ဘုံနယ်မြေသို့ ဝင်ရောက်ခြင်းသည် သူ့အတွက် လုံခြုံမှု ပိုရှိပေလိမ့်မည်။

မိုးကြိုးသားရဲက အာကာသဟင်းလင်းပြင်ထဲ၌ ပျံသန်းနေရင်း ဝမ်လင်းသည် မျက်လုံးဖွင့်လာကာ စတင်စဉ်းစားကြည့်သည်။

သူက ကောင်းကင်ဘုံနယ်မြေသို့ သွားလိုပါက မိုးကြိုးမီးပြင်းဖိုတစ်ခု ရရှိရန် လိုအပ်ပေသည်။ထိုမီးပြင်းဖို မရှိပါက မိုးကြိုးကောင်းကင်ဘုံနယ်မြေထဲသို့ ဝင်ရောက်နိုင်မည့် နည်းလမ်း ရှိလိမ့်မည် မဟုတ်ပေ။ဝမ်လင်းက ထိုအရာကို သိနေပေ၏။

သို့ရာတွင် အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းက မဟာမိတ်ကြယ်အဖွဲ့အစည်းနှင့် မတူညီပေ။ မီးပြင်းဖိုများက အဆင်ပြေသလို ကျချင်သလို ကျရောက်ခြင်း မရှိပေ။ ထိုမီးပြင်ဖိုများအားလုံးကို မိုးကြိုးကောင်းကင်ဘုံကျောင်းတော်က စုစည်းထားခြင်းသာ ဖြစ်သည်။ထို့နောက်တွင်တော့ မိုးကြိုးကောင်းကင်ဘုံကျောင်းတော်က သတ်မှတ်ထားသော ကျင့်ကြံခြင်းမိသားစုတိုင်းသို့ သင့်တော်သော မီးပြင်းဖို ပမာဏ ပေးအပ်ခြင်း ဖြစ်သည်။

ခုချိန်က မိုးကြိုးကောင်းကင်ဘုံနယ်မြေ ဖွင့်လှစ်ရန် သုံးလသာ လိုတော့ပေသည်။ ထို့အတွက်ကြောင့် ကျင့်ကြံခြင်းမိသားစုအားလုံးက သူတို့၏ ဆိုင်ရာဆိုင်ရာ မိုးကြိုးမီးပြင်းဖိုများကို ရရှိကြမည့် အချိန်ပင်။ ဝမ်လင်းက ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်လိုက်၏။

“ငါ့မှာ မိုးကြိုးမီးပင်းဖို တစ်ခု မရှိတော့ လုယူရတော့မှာပေါ့…”

ဝမ်လင်းက သူ့ညာလက်ဖြင့် မိုးကြိုးသားရဲဦးခေါင်းကို ပုတ်လိုက်သည်။မိုးကြိုးသားရဲက ပျော်ရွှင်မြူးတူးဟန် ဟိန်းသံပြုတော့၏။

အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းကြီး၏ တောင်ပိုင်းနယ်မြေတွင် ရှန်ကုန်းဟူ ပေးထားခဲ့သော ကျောက်စိမ်းပြား၏ အကူအညီဖြင့် ဝမ်လင်းသည် ကျင့်ကြံခြင်းဂြိုဟ်တစ်ခုကို ရှာတွေ့ခဲ့ပေသည်။ထိုဂြိုဟ်ပေါ်ရှိ မိသားစုနှစ်ခုသည် မိုးကြိုးကောင်းကင်ဘုံနယ်မြေ ဖွင့်လှစ်ချိန်တိုင်း မီးပြင်းဖို တစ်ခု သို့မဟုတ် နှစ်ခုကို ရတက်ပေသည်။ ပို၍ အရေးကြီးသည်က ထိုမိသားစုနှစ်ခုတွင် အာဏာတက်ခြင်းအထွတ်အထိပ်အဆင့်သို့ ကျော်လွန်နေသည့် တစ်စုံတစ်ယောက် ရှိနေခြင်းပင်။

ထိုဂြိုဟ်ပေါ်သို့ ရောက်ရှိလာပြီးနောက် ဝမ်လင်းက သူ့နတ်ဘုရားအာရုံဖြင့် စစ်ဆေးကြည့်လိုက်သည်။သူက ကျင့်ကြံခြင်းမိသားစုနှစ်ခုလုံး၏ ခေါင်းဆောင်နှစ်ယောက်သည် သည်ဂြိုဟ်တွင် ရှိမနေကြောင်း သိလိုက်သည်။ သူက ကြယ်များကြား၌ အထိုင်ချကာ မျက်လုံးမှိတ်၍ ကျင့်ကြံလိုက်တော့၏။

အချိန်က ဖြည်းဖြည်းချင်း ကုန်ဆုံးလာခဲ့သည်။ မိုးကြိုးကောင်းကင်ဘုံနယ်မြေ ပွင့်မလာခင်တစ်လ အလိုတွင် အလင်းတန်းဆယ်ခုကျော်သည် ဝမ်လင်းရှိရာသို့ တိုးဝင်လာနေ၏။

ထိုသူများထဲမှ တစ်ယောက်က ပုံရိပ်ယောင်ယင်အဆင့်တွင် ရှိနေကာ ကျန်သည့်သူများကတော့ အာဏာတက်ခြင်းအဆင့်နှင့် စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်တို့တွင် ရှိလို့နေကြသည်။ သူတို့က မြန်ဆန်စွာ တိုးဝင်လာနေကြရင်း ရုတ်တရက် ရပ်တန့်လိုက်၏။ သူတို့အားလုံး၏ အကြည့်က ဝမ်လင်းပေါ်သို့ ကျရောက်လာကြသည်။

ပုံရိပ်ယောင်ယန်အဆင့် ကျင့်ကြံသူက တခေါင်းလုံး ဆံပင်များ ဖြူဖွေးနေကာ မျက်လုံးများ တောက်ပလျက် ရှိသည်။သူ့ခန္ဓာကိုယ်ထဲရှိ မူလစွမ်းအင်က သိပ်များပြားလှခြင်း မရှိသည့်အပြင် မတည်မငြိမ် ဖြစ်လို့နေသေးသည်။ သူက ပုံရိပ်ယောင်ယင်အဆင့်သို့ ရောက်ရှိသည်မှာ သိပ်မကြာသေးကြောင်း သိသာပေ၏။ သူက ရှေ့သို့ တိုးလှမ်းလာကာ ဝမ်လင်းကို သေချာကြည့်လိုက်၏။ သူ့မျက်လုံးထဲ၌ မသေချာမရေရာဖြစ်မှုတို့ ထွက်ပေါ်လာခဲ့သည်။

အဘိုးအိုက မေးလိုက်၏။ “တမန်တော်အရှင်က ကျန့်ထန်ဂြိုဟ်ကို ဘာကြောင့် ရောက်လာခဲ့ရပါသလဲ…”

ဝမ်လင်းက မျက်လုံးဖွင့်လာ၏။ သူက မျက်မှောင်အနည်းငယ် ကြုတ်သွားသည်။ သူက တည်ငြိမ်စွာ မေးလိုက်၏။ “မင်းတို့အားလုံးက မိုးကြိုးမီးပြင်းဖို သွားယူပြီး ပြန်လာကြတာလား…”

အဘိုးအိုအသွင်က‌ ပြောင်းလဲသွား၏။ သူက ပြောလိုက်သည်။ “မှန်ပါတယ်….တမန်တော်အရှင်က ဘာလိုချင်များလဲ…။ကျေးဇူးပြု၍ ပြောပါ…”

ဝမ်လင်းက တည်ငြိမ်စွာပင် ပြောလိုက်သည်။ “ငါက မိုးကြိုးမီးပြင်းဖို တစ်ခု လိုချင်တယ်…”

အဘိုးအိုက ဝမ်လင်းကို အချိန်အတန်ကြာ ကြည့်နေပြီးနောက် ရယ်မောလိုက်၏။ သူ့ရယ်သံထဲ၌ မောက်မာမှုတို့ ပါဝင်နေသည်။သူက လှမ်းအော် ပြောလိုက်၏။ “မိုးကြိုးကောင်းကင်ဘုံကျောင်းတော်ကို သွားခဲ့တဲ့ ဒီခရီးစဉ်မှာ ငါက တစ်စုံတစ်ယောက်ဟာ မိုးကြိုးကောင်းကင်ဘုံကျောင်းတော်ရဲ့ တမန်တော်အဖြစ် ဟန်ဆောင်နေတယ်လို့ ကြားသိခဲ့ရတယ်။ အစကတော့ ငါက ဒါဟာ အဓိပ္ပာယ်မရှိဘူးလို့ ထင်ခဲ့တယ်။ ဒါပေမဲ့ ဒီနေ့ ဒီအဘိုးအိုက မင်းကို တွေ့လိုက်တဲ့နောက် မင်းက တမန်တော်ဟန်ဆောင်ထားတဲ့လူ ဆိုတာ ဆုံးဖြတ်လိုက်နိုင်ပြီ…”

“အို…” ဝမ်လင်းအသွင်က ပုံမှန်အတိုင်းပင်။သူက အဘိုးအိုကို တည်ငြိမ်စွာသာ ကြည့်နေသည်။

အဘိုးအိုက နှာခေါင်းရှုံ့၍ ဆိုသည်။ “မိုးကြိုးကောင်းကင်ဘုံကျောင်းတော်ရဲ့ ဘယ်တမန်တော်ကများ လက်အောက်ခံ မိသားစုတွေ မရှိပဲ နေပါ့မလဲ။တမန်တော် တစ်ယောက်အနေနဲ့ မိုးကြိုးမီးပြင်းဖို ရဖို့က ရိုးရှင်းတဲ့ ကိစ္စပဲ။ ဒါ့အပြင် ငါက တောင်ပိုင်းနယ်မြေရဲ့ တမန်တော်အားလုံးနဲ့ တွေ့ဆုံဖူးတယ်။ ဒါပေမဲ့ မင်းကိုတော့ လုံးလုံး မသိဘူး…”

“ပိုပြီး အရေးကြီးတာက တမန်တော်အားလုံးက မိုးကြိုးကောင်းကင်ဘုံ ကျောင်းတော်မှာ စုစည်းနေကြတယ်။ မိုးကြိုးကောင်းကင်ဘုံနယ်မြေ ဖွင့်တဲ့အထိ သူတို့က ထွက်လာကြမှာ မဟုတ်ဘူး…”

ဝမ်လင်းက ခေါင်းညိတ်လိုက်၏။ သူက အချိန်ဆက်၍ ဖြုန်းမနေတော့ပေ။ သူ့နောက်ရှိ အရိပ်က ဖျပ်ခနဲ လှုပ်ရှားလာကာ ကောင်းကင်ဘုံသက်တော်စောင့် ပေါ်ထွက်လာ၏။ ၎င်းက ရှေ့သို့ ခြေတစ်လှမ်းလှမ်းကာ လက်သီးတစ်လုံး ပစ်သွင်းလိုက်ချေသည်။

ထိုလက်သီးချက်က အသံပေါက်ကွဲမှုများကို ဖြစ်ပေါ်စေကာ အဘိုးအိုထံသို့ တန်းတန်းမတ်မတ် တိုးဝင်သွားသည်။

အဘိုးအိုအသွင်က ပြောင်းလဲသွား၏။ သူက ဝမ်လင်းသည် အာဏာတက်ခြင်းအထွတ်အထိပ်အဆင့်ဟုသာ တွေးထင်ခဲ့မိပေသည်။ ဝမ်လင်းအောက်ရှိ မိုးကြိုးသားရဲကိုပင် အတုအယောင် ဖြစ်သည်ဟု သူက တွေးနေခဲ့ခြင်းပင်။ သူက ဝမ်လင်းတွင် ခုလိုမျိုး ရုပ်သေးတစ်ခု ရှိနေလိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားမိပေ။

အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီးနောက် အဘိုးအိုက ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေကာ ရှေ့သို့ လက်ညွှန်လိုက်၏။ အနက်ရောင်မီးတောက်တစ်ခုက သူ့လက်ထဲတွင် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ဖျပ်ခနဲပင် မီးတောက်က ထိုးထွက်သွားကာ မရေမတွက်နိုင်သော မီးပွားများအဖြစ် သည်ဧရိယာကို လွှမ်းခြုံသွားသည်။

သူ့မိသားစုဝင်များက နောက်ဆုတ်ကာ အကွာအဝေးတစ်ခုကနေ စောင့်ကြည့်နေကြသည်။

ကောင်းကင်ဘုံသက်တောင်စောင့်က ထိုမီးပွားများကို မထီမဲ့မြင်ပြုကာ ၎င်း၏ခန္ဓာကိုယ်ပေါ်သို့ ဒီအတိုင်း ကျရောက်စေလိုက်သည်။ ၎င်း၏ အရှိန်က နှေးသွားခြင်း မရှိသည့်အပြင် ပို၍ပင် မြန်ဆန်စွာ ရွှေ့လျားသွားသေး၏။ လက်သီးချက်က လေထုကို ခွင်းကာ တဝီဝိ ထွက်ပေါ်လာကာ ခြေတစ်လှမ်းဖြင့် ၎င်းက အဘိုးအို ရှေ့သို့ ရောက်ရှိလာသည်။ ထိုလက်သီးချက်ကလည်း ဟင်းလင်ပြင်ကို ဖြတ်၍ အဘိုးအိုထံသို့ တိုးဝင်လာသည်။

အဘိုးအိုအသွင်က အနည်းငယ် ပြောင်းလဲသွား၏။ သူက ချက်ခြင်း နောက်ဆုတ်သည်။ တစ်ချိန်တည်းမှာပင် သူက ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေလိုက်ရာ မီးတောက်အကာအရံ တစ်ခုက သူ့ခန္ဓာကိုယ် ရှေ့တွင် ပေါ်လာလေ၏။ ကောင်းကင်ဘုံသက်တော်စောင့်၏ လက်သီးချက်ကလည်း မီးတောက်အကာအရံ ပေါ်သို့ ကျရောက်လာခဲ့ကာ ပေါက်ကွဲသံ ထွက်ပေါ်လာ၏။

အက်ကွဲကြောင်းများက မီးတောက်အကာအရံပေါ်တွင် ချက်ခြင်း ထွက်ပေါ်လာပြီးနောက် ၎င်းက ပျက်စီးလို့သွားသည်။

အဘိုးအိုကလည်း ဖြူရောသော မျက်နှာနှင့် နောက်ဆုတ်သွားသည်။ကောင်းကင်ဘုံသက်တော်စောင့်ကလည်း နောက်သို့ ခြေခုနှစ်လှမ်းခန့် ပြန်ဆုတ်လိုက်ရ၏။ မီးတောက်နက်များက ဖြည်းဖြည်းချင်း ၎င်း၏ လက်မောင်းကို လောင်ကျွမ်းကာ ခန္ဓာကိုယ်ပေါ်သို့ ပျံ့နှံ့သွားသည်။

“ငါက မိုးကြိုးမီးပြင်းဖိုတစ်ခုပဲ လိုချင်တယ်…” ဝမ်လင်းက အဘိုးအိုကို တည်ငြိမ်စွာ ကြည့်လိုက်သည်။

အဘိုးအိုကလည်း ဝမ်လင်းကို စူးစိုက် ကြည့်နေသည်။ ရုပ်သေးထံမှ ထွက်ပေါ်လာသည့် လက်သီးချက်က သူ့ကို ကြီးစွာ တုန်လှုပ်စေခဲ့ပေသည်။ သူက မူလမန္တာန်များကိုသာ အသုံးမပြုပါက ထိုရုပ်သေးကို အနိုင်ယူရန် မဖြစ်နိုင်တော့ပေ။

“ဒီလို ရုပ်သေးမျိုး ရှိတဲ့ လူတစ်ယောက်အနေနဲ့ သူက လုံးဝ သာမန်ဟုတ်မှာ မဟုတ်ဘူး။ ဒါပေမဲ့လည်း ငါက မီးပြင်းဖိုကို သူ့ရှိ လက်လွှဲပေးလိုက်တာနဲ့ ငါ့တို့ ကျန့်မိသားစုက မျက်နှာပျက်ရလိမ့်မယ်…”

အဘိုးအိုက အကျပ်ရိုက်လို့နေ၏။

ဝမ်လင်းက အချိန်ဖြုန်းမနေလိုတော့ပေ။ သည်လူ၏ ကျင့်ကြံမှုအဆင့်က သူ့ခန့်မှန်းထားသလို မဟုတ်သော်လည်း သည်အဘိုးအိုသည် ပုံရိပ်ယောင်ယင်အဆင့်သို့ ဝင်ရောက်ခါစသာ ဖြစ်သေး၍ တည်ငြိမ်နေခြင်း မရှိသေးပေ။ ဝမ်လင်း၏ အာဏာတက်ခြင်း အထွတ်အထိပ်အဆင့်၊ သူ့မန္တာန်များနှင့် ရတနာများကို တွဲဖက်အသုံးပြုလိုက်ပါက ထိုအဘိုးအိုနှင့် တိုက်ခိုက်ဖို့က သူ့အတွက် ခက်ခဲလှခြင်း မရှိပေ။

သူက သိုလှောင်အိတ်ကို ထုတ်ယူလိုက်ရာ တောင်ပုံစံ ကျောက်တုံးတစ်ခု ထွက်ပေါ်လာ၏။ သည်ကျောက်တုံးက တဖြည်းဖြည်းဖြင့် ကြီးမားသည့် တောင်တစ်ခု ဖြစ်လာခဲ့သည်။ယင်းတောင်ထံကနေ ပေါကြွယ်ဝသာ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များနှင့် ဖိအားတစ်ခုကို ပေးစွမ်းလို့နေသည်။

ဝမ်လင်းက သူ့ညာလက်ကို ထိုတောင်ပေါ်သို့ ဖိချလိုက်၏။ ထိုအခါ တောင်က ချက်ခြင်း တုန်ခါလာခဲ့သည်။ သည့်နောက် ရှေးဟောင်းအော်ရာတစ်ခုက သူ့ညာလက်အောက်တွင် စုစည်းလာခဲ့သည်။ သူက လက်မြှောက်လိုက်ချိန်တွင် မြူခိုးများက လက်သီးစုပ်ခန့်အရွယ်သို့ ဖြစ်တည်လာခဲ့သည်။

အဘိုးအိုက ထိုမြင်ကွင်းကို တွေ့သည့်အခါ သူ့အသွင်က ကြီးစွာ ပြောင်းလဲသွားတော့၏။ သူ့မျက်လုံးထဲ၌ ထိတ်လန့်ဟန် ဖြစ်ပေါ်လာကာ သူက အံအားသင့်ဟန်ဖြင့် ပြောလာ၏။ “စိတ်ဝိညာဉ် ထုတ်ယူခြင်း မန္တာန်….။မင်းက ပထမအဆင့်ကျင့်ကြံခြင်းရဲ့ အထွတ်အထိပ်အဆင့်ပဲ ရှိသေးတယ်။ မင်းက ဒီမန္တာန်ကို ဘယ်လိုလုပ် သုံးစွဲနိုင်ရတာလဲ…”

ဝမ်လင်းက သူ့ညာလက်ကို ရှေ့သို့ တွန်းထုတ်လိုက်ရာ မြူခိုးထုက အဘိုးအိုထံသို့ ချက်ခြင်း ပျံသန်းထွက်သွားသည်။တစ်ချိန်တည်းမှာပင် ဝမ်လင်းကလည်း ရှေ့သို့ ထိုးတက်လာခဲ့သည်။သူက မြူခိုးထုနောက်ကနေ ကပ်၍ လိုက်ပါ်လာခဲ့သည်။ သူက ညာလက်ကို ပင့်မြှောက်ကာ သူ့လက်ထဲတွင် မိုးကြိုးတန်းတစ်ခုကို စုစည်း ဖြစ်ပေါ်စေလိုက်၏။ မိုးကြိုးသံ ကြယ်များကြား၌ ရုတ်တရက် ထွက်ပေါ်လာခဲ့ကာ ဝမ်လင်းလက်ထဲ၌ အစစ်အမှန်မိုးကြိုးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ခုချိန်၌ ဝမ်လင်းက မိုးကြိုးနှင့်လျှပ်စီးများကို ထိန်းချုပ်သည့် ကောင်ကင်ဘုံသား တစ်ယောက်ကဲ့သို့ ဖြစ်နေ၏။ သူက အဘိုးအိုထံသို့ လျှောက်လှမ်းလာချေသည်။

အဘိုးအိုအသွင်က ကြီးစွာ ပြောင်းလဲသွားကာ သူက နောက်သို့ ထပ်မံ ဆုတ်လိုက်သည်။ သူ့လက်နှစ်ဖက်လုံးဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေကာ သူ့မျက်ခုံးနှစ်ခုကြားသို့ ညွှန်လိုက်၏။ သူ့မျက်ခုံးနှစ်ခုကြားရှိ နေရာက ရုတ်တရက် ထူးဆန်းစွာ ရွှေ့လျားကာ မျက်ခုံးနှစ်ခုကြားတွင် တတိယမြောက်မျက်လုံးတစ်ခု ပေါ်လာသကဲ့သို အဟတစ်ခု ဖြစ်ပေါ်လာခဲ့တော့သည်။

ထိုတတိယမျက်လုံးက ကြက်သွေးရောင်ရှိကာ ထိုအဘိုးအို၏ ခန္ဓာကိုယ်အနှံ့သို့ ပျံ့နှံ့ လှည့်ပတ်လာသည်။

ထိုအဖြစ်က သူ့ကို အလွန်နာကျင်စေ၏။ သူ့ခန္ဓာကိုယ်က နာကျင်မှုနှင့် ပြည့်နေသည့်အခိုက်မှာပင် ထို တတိယမျက်လုံးက ဖြည်းဖြည်းချင်း ပွင့်လာ၏။ အဘိုးအိုက မာန်သွင်းကာ ဝမ်လင်းကို စူးစိုက်ကြည့်လိုက်သည်။ထို့နောက် သူ့လက်နှစ်ဖက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေကာ သူ့နားအောက်သို့ ညွှန်လိုက်၏။

ချက်ခြင်းပင် သူ့မျက်ခုံးနှစ်ခုကြားရှိ တတိယမျက်လုံးက ရုတ်တရက် ပွင့်လာခဲ့သည်။ ယင်းမျက်လုံးထဲမှ အနီရောင်အလင်းတစ်ခု ထွက်ပေါ်လာကာ စတင် ပျံ့နှံ့လာ၏။

ဝမ်လင်းအသွင်က ပြောင်းလဲသွားသည်။ထိုလူ၏ မန္တာန်က အလွန်ထူးဆန်းလှ၏။ သူက ရှေ့သို့ တိုးနေသည့် အရှိန်ကို လျော့ချလိုက်သည်။ ထိုအခိုက်အတန့်မှာပင် တောင်စိတ်ဝိညာဉ်က နီးကပ်သွားကာ တတိယမျက်လုံးကလည်း လုံးဝ ပွင့်လာခဲ့တော့သည်။

ထိုအနီရောင်အလင်းအတွင်း၌ တောင်စိတ်ဝိညာဉ်က မြန်ဆန်စွာ ကွယ်ပျောက်လာခဲ့၏။ ထိုအဖြစ်က ဝမ်လင်း၏ မျက်လုံးကို ကျဉ်းမြောင်းသွားစေသည်။ သူက သူ့လက်ထဲရှိ မိုးကြိုးတန်းကို တုံ့ဆိုင်းခြင်းမရှိ ပစ်လွှတ်လိုက်၏။

မိုးကြိုးတန်းက အဘိုးအိုထံသို့ တန်းတန်းမတ်မတ် တိုးဝင်သွားသည်။ အဘိုးအိုက မူလမန္တာန်၏ စွမ်းအားကို အပြည့်အဝ အသုံးပြုနိုင်စွမ်း မရှိပေ။ အကြောင်းမူကား သူသည် ပုံရိပ်ယောင်ယင်အဆင့်ကို လွန်ခဲ့သော နှစ်နှစ်ကမှ ရောက်ရှိခဲ့ကာ လုံလောက်သော မူလစွမ်းအင် ကင်းမဲ့နေခြင်းကြောင့် ဖြစ်လေ၏။

ထို့အတွက်ကြောင့် တတိယမျက်လုံးထံမှ အနီရောင်အလင်းတန်းသည် အသက်ရှုချိန်သုံးကြိမ်စာ လောက်သာ ကြာမြင့်ကာ အလိုလို ပြန်ပိတ်သွားကာ ပျောက်ကွယ်သွားသည်။

လျှပ်စီးမိုးကြိုးနှင့် တောင်စိတ်ဝိညာဉ်တို့က လုံးဝ ပျောက်ကွယ်သွားခြင်း မရှိသေးဘဲ ရှိကာ နီးကပ်လာစဉ် အဘိုးအိုအိုက အံတင်းတင်းကြိတ်မိလိုက်၏။ ထို့နောက် သူက သိုလှောင်အိတ်ထဲမှ တစ်စုံတစ်ခုကို ထုတ်ယူ၍ သူ့ခေါင်းထက်သို့ ပင့်တင် မြှောက်ပြလိုက်၏။

ဝမ်လင်း၏ ဘယ်လက်က ရှေ့သို့ ဆန့်ထုတ်သွားကာ သူက အဘိုးအိုလက်ထဲရှိ အရာကို လှမ်းယူလိုက်သည်။ ထိုပစ္စည်းကတော့ မိုးကြိုးမီးပြင်းဖိုပင်။

မိုးကြိုးမီးပြင်းဖိုက သိမ်းဆည်းပြီးသည့်နောက် ဝမ်လင်းက ထွက်ခွာသွားခြင်း မပြုသေးပေ။ သူ့မျက်လုံးထဲ၌ ထူးဆန်းသောအကြည့်တစ်ခု ပေါ်လာကာ အဘိုးအိုထံသို့ ကြည့်နေသည်။သည့်နောက် သူက ဖြည်းဖြည်းချင်း မေးလိုက်၏။

“သင် ငါ့အပေါ်မှာ အသုံးပြုခဲ့တဲ့ မန္တာန်ကို လဲလှယ်နိုင်မလား…”

***

Comment

Leave a Reply

Options

not work with dark mode
Reset