ငါးနှစ်တာက ဖျတ်ခနဲ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ ချင်လင်းဂြိုဟ်ပေါ်ရှိ ကျင့်ကြံသူအားလုံးသည် မည်သည့်ကျင့်ကြံမှုအဆင့် ဖြစ်ပါစေ သည်ငါးနှစ်အတွင်း အတော်လေး အလှုပ်ရှုပ်သွားခဲ့ကြသည်။ ကျန်းရှင်ဟိုင်က အချိန်အတန်ကြာ စဉ်းစားကြည့်ပြီးနောက် ဝမ်လင်း၏ တောင်းဆိုမှုကို ကွယ်ဝှက်မထားရန် ဆုံးဖြတ်ခဲ့သည်။ သူက ဝမ်လင်း၏ တောင်းဆိုမှုကို ကျင့်ကြံခြင်းမိသားစုတိုင်း သိအောင် သတင်းဖြန့်ခဲ့၏။
ကျန်းမိသားစုကတော့ ဝမ်လင်း၏ တမန်တော်များဟူသည့် ပုံရိပ်ကို ရရှိခဲ့ကြ၏။
သည်ငါးနှစ်အတွင်း ကျင့်ကြံသူအများစုသည် သေမျိုးများ ရှိရာသို့ လှည့်လည်သွားလာခဲ့ကြကာ သူတို့၏ မကျေမချမ်းမှုကို စုဆောင်းခဲ့ကြ၏။ထိုမကျေမချမ်းမှု အော်ရာက သေမျိုးတိုင်းလိုလိုတွင် တည်ရှိကာ ပမာဏသာ ကွာခြားပေ၏။
ချင်လင်းဂြိုဟ်ပေါတွင် သေမျိုးများက မြောက်မြားစွာ နေထိုင်ကြ၏။ ငါးနှစ်တာကာလအတွင်း၌ စုဆောင်းမိသည့် မကျေမချမ်းမှုက (၄၀) ရာခိုင်နှုန်းပင် မပြည့်သေးပေ။ အချိန်တစ်ဝက်တိတိ ကုန်ဆုံးလာသည်ခဲ့သည်ကို ကြည့်ရင်း ကျန်းရှင်ဟိုင်က စိတ်ပူပန်လာခဲ့၏။ သို့ရာတွင် အခုအရာကပင် သူတို့၏ အမြန်ဆုံး စုဆောင်းနိုင်သည့်နှုန်း ဖြစ်နေသည်။
သူကိုယ်တိုင်ပင် သေမျိုးကမ္ဘာသို့ သွားရောက်၍ စုဆောင်းခဲ့သေး၏။ သူ့မိသားစုရှိ အနည်းဆုံး ချီစုဆောင်းခြင်းအဆင့် အလွှာငါးသို့ ရောက်သည့်လူတိုင်းကလည်း စုဆောင်းရန် စေလွှတ်ခဲ့ရသည်။
သည်ငါးနှစ်အတွင်း ဝမ်လင်းက တောင်ထိပ်ပေါ်တွင် ထိုင်ကာ သူ့ရတနာများကို သန့်စင်နေခဲ့ပေ၏။
သူ သန့်စင်ခဲ့သည့် တစ်ခုက သူ့မူလစိတ်ဝိညာဉ်ထဲရှိ တောင်နှင့်မြစ်အကာအရံပင် ဖြစ်သည်။ ၎င်းက ပြင်းပြင်းထန်ထန် ထိခိုက်ထားခဲ့ခြင်း ဖြစ်သည်။ ဝမ်လင်း၏ မူလစိတ်ဝိညာဉ်ထဲ၌ မိုးကြိုးသည် ယင်းအကာအရံကို ပေါင်းစပ်ကာ ပြုပြင်ပေးနေခဲ့သည်။
ထို့အပြင် ကောင်းကင်ဘုံတောင်လည်း ရှိသေးသည်။ တောင်ပေါ်ရှိ အက်ကွဲကြောင်းကြောင့် တောင်စိတ်ဝိညာဉ်ကို ထုတ်ယူရာ၌ မတည်မငြိမ် ဖြစ်လာခဲ့ရသည်။ ဝမ်လင်းက သူ့မူလစိတ်ဝိညာဉ်ထဲရှိ စွမ်းအင်ကို အသုံးပြုကာ ၎င်းတောင်ကို ဖြည်းဖြည်းချင်း ပြန်ပြုပြင်နေခဲ့သည်။
အနီရောင်လိပ်ပြာ၏ အပြာရောင်နှင်းဆီပန်းနှင့် ပေါင်းစပ်သွားသည့် သရဖူကိုတော့ ဝမ်လင်းက အချိန်အတန်ကြာ လေ့လာကြည့်ခဲ့သော်လည်း ယင်သရဖူအကြောင်းကို ဖြတ်မြင်နိုင်စွမ်း မရှိခဲ့ပေ။
သည်ရတနာသုံးခုက သူ သိပ်မကြာသောအချိန်ကမှ ရရခဲ့ခြင်း ဖြစ်သည်။ သူက ၎င်းတို့ကို သန့်စင်နေရင်းဖြင့်ပင် အချိန်တချို့ယူကာ သူ သိမြင်ထားခဲ့သည့် တတိယအဆင့် လမ်းကြောင်းနှင့်ပါ ပေါင်းစပ်ပေးနေခဲ့သည်။ သူက သူ့သိုလှောင်အိတ်ထဲမှ သာမန်ရတနာအချို့ကိုလည်း ထုတ်ယူခဲ့သေး၏။
ထိုထဲက တစ်ခုက စိတ်ဝိညာဉ်ကျာပွတ်ပင်။
သည်ကျာပွတ်က ဝမ်လင်းနှင့် ရှိနေသည်မှာ အချိန်အလွန်ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ၎င်း၏ စွမ်းအားသည် ဆိုးကျိုး၊ ကောင်းကျိုးကို သိသာစွာ ပိုင်ဆိုင်ထားသည်။ အရင်တုန်းက ဝမ်လင်းသည် ၎င်းကို အရေးကြီးသည့် တစ်ခုအဖြစ် မမြင်နိုင်ခဲ့ပေ။ သို့သော် ခုချိန်၌ သူက ထိုကျာပွတ်နှင့်ပတ်သက်၍ တော်တော်လေး အလေးထားကြည့်နေ၏။
ဝမ်လင်းက သူ့လက်ထဲရှိ စိတ်ဝိညာဉ်ကျာပွတ်ကို ကြည့်လိုက်ကာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “ငါ့ရတနာတွေ အားလုံးထဲမှာ…ဉာဏ်ရည်ချင်းယှဉ်ရင် ဒီကျာပွတ်က ကောင်းကင်ဘုံဓား ဒါမှမဟုတ် လခြမ်းကွေးဓားသွားတို့ကို မယှဉ်နိုင်ဘူး…။ ခုခံမှုမှာဆိုရင်လည်း စိတ်ဝိညာဉ်တစ်ကုဋေအလံ ဒါမှမဟုတ် တောင်နဲ့မြစ်အကာအရံကို မယှဉ်နိုင်ဘူး။ စွမ်းဆောင်ရည်မှာ ဆိုရင်လည်း ဒီကျာပွတ်က ကောင်းကင်ဘုံတောင် ဒါမှမဟုတ် နတ်ဘုရားသတ်ဖြတ်ခြင်း စစ်ရထားကို မယှဉ်နိုင်ပြန်ဘူး။ ဒါပေမဲ့ ဒီကျာပွတ်ရတနာ တစ်ခုတည်းမှာသာ ငါ မြင်တွေ့ခဲ့တဲ့ တတိယအဆင့်ရဲ့ အော်ရာပါနေတယ်…။ ဒီကျာပွတ်က တကယ့်ကို ထူးဆန်းနေတယ်…”
သည်ကျာပွတ်က သာမန်ဟုသာ ထင်ရသည်။ သို့သော် ကောင်းကင်ဘုံတစ္ဆေက ၎င်းကျာပွတ်ကို မြင်တွေ့ခဲ့ချိန်၌ ၎င်း၏ အသိဉာဏ်ကိုပင် ဆုံးရှုံးလုနီးပါး ဖြစ်သွားခဲ့ရဖူးသည်။ ဆိုလိုသည်က ၎င်းသည် သည်စိတ်ဝိညာဉ်ကျာပွတ်ကို သိနေသည်ဟူ၍ပင်။
“မူလစိတ်ဝိညာဉ်တွေကို ထုတ်ယူတာက တာအိုအရင်းအမြစ်နဲ့ တစ်ပြေးတည်း ဖြစ်တယ်။ ခန္ဓာကိုယ်ကို ကံကြမ္မာရဲ့ ကံအကြောင်း၊ မူလစိတ်ဝိညာဉ်ကို ကံအကျိုးလို့တောင် ယူဆနိုင်တယ်။ ဒီကျာပွတ်က ကံကြမ္မာတာအိုရဲ့ စိတ်ဝိညာဉ်ပိုင်းကို သန့်စင်ထားတဲ့ ရတနာတစ်ခုပဲ…”
ဝမ်လင်းက စဉ်းစားကြည့်နေရင်း သူ့မျက်လုံးများက တောက်ပနေသည်။
သူ့နယ်ပယ်သည် သေခြင်းရှင်ခြင်း နယ်ပယ်ကနေ ကံကြမ္မာနယ်ပယ်ထဲသို့ တဖြည်းဖြည်း ပြောင်းလဲလာခဲ့ပြီ ဖြစ်သည်။ သည်ကံကြမ္မာနယ်ပယ်က အလွန် ကျယ်ပြန့်လွန်းလှသည်။ ဝမ်လင်းက ထိုနယ်ပယ်၏ အစွန်းအဖျားကိုသာ ထိတွေ့နိုင်စွမ်း ရှိသေး၏။ သို့သော် သူက ယင်းနယ်ပယ်၏ လေးနက်ထည်ဝါမှုကို ခံစားမိရပေသည်။
“ခုလက်ရှိ ငါ့ရဲ့ ကံကြမ္မာနယ်ပယ်အပေါ် နားလည်သဘောပေါက်မှုက တစ္ဆေလောကမြစ်လိုမျိုး အစစ်အမှန်တစ်ခုကို မဖန်တီးနိုင်သေးဘူး။ ဒါပေမဲ့လည်း တတိယအဆင့်ကို တွေ့မြင်ပြီးတဲ့နောက်မှာ ငါက နားလည်မှုအချို့ ရရှိခဲ့တယ်…”
(ဘာသာပြန်သူမှတ်ချက်…ဝမ်လင်းသည် တစ္ဆေလောကမြစ်ကို သူ့သေခြင်းရှင်ခြင်းနယ်ပယ်ဖြင့် အစစ်အမှန် ဖြစ်လာသည့်အထိ ဖန်တီးနိုင်ခဲ့ပေသည်။)
ဝမ်လင်းက ညာလက်ဖြင့် စိတ်ဝိညာဉ်ကျာပွတ်ကို ပွတ်သပ်လိုက်သည်။ သူ့မျက်လုံးများက ပို တောက်ပသည်ထက် တောက်ပလာခဲ့သည်။
သူက ကံကြမ္မာနယ်ပယ်ဖြင့် အစစ်အမှန်အရာဝတ္ထုလိုမျိုး မဖန်တီးနိုင်ခင်တွင် ကံကြမ္မာတာအိုထည့်သွင်း ပါဝင်နေသည့် အရာမျိုး၏ စွမ်းအားကို အသုံးပြုနိုင်မည့် နည်းလမ်းကို စဉ်းစားကြည့်နေသည်။
“စိတ်ဝိညာဉ်ကျာပွတ်ကို အသုံးပြုပြီးတော့ ကံကြမ္မာနယ်ပယ်ကို ကူညီ သိပ်သည်းစေတာက အလုပ်ဖြစ်လောက်တယ်…”
ဝမ်လင်းက စဉ်းစားပြီးနောက် ချက်ချင်း ဆုံးဖြတ်ချက်ချ၏။ အခြား တစ်စုံတစ်ယောက်ဆိုလျှင် ထိုသို့ ဆုံးဖြတ်ချက်ချနိုင်ရန် တွန့်ဆုတ်နေပေလိမ့်မည်။ ထိုသို့ဖြစ်ရခြင်းက သူတို့သည် ထိုရွေးချယ်မှုက မှန်သလား သို့မဟုတ် သူတို့၏ နားလည်မှုကို ထိခိုက် ဟန့်တားသွားနိုင်သလား သေချာ မသိရှိခြင်းကြောင့် ဖြစ်သည်။
သို့ရာတွင် ဝမ်လင်းကတော့ မတူပေ။ သူက သူ့ရှေ့ရှိ လမ်းကြောင်းကို ရှင်းရှင်းလင်းလင်း သိမြင်နေခဲ့ပြီး ဖြစ်သည်။ သူက ထိုသို့ စိတ်ဝိညာဉ်ကျာပွတ်ကို အသုံးပြုခြင်းသည် အများဆုံးမှ သူ့နယ်ပယ်အပေါ် အနည်းငယ်သာ သက်ရောက်နိုင်မှန်း သိနေခဲ့၏။ သူ့အတွက် ကြီးကြီးမားမား ပြဿနာဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။
အနည်းငယ် စဉ်းစားပြီးနောက် ဝမ်လင်း မျက်လုံးက လက်ခနဲ ဖြစ်သွားကာ သူက စိတ်ဝိညာဉ်ကျာပွတ်ကို ကောက်ယူလိုက်သည်။
“ငါက ဒီကျာပွတ်ကို ငါ့နယ်ပယ်ရဲ့ တန်ဆာပလာအဖြစ် ပြုလုပ်ရမယ်…”
ဝမ်လင်း မျက်လုံးထဲမှ ထူးဆန်းသော အလင်းတစ်ခု ထွက်ပေါ်လာသည်။ သည့်နောက် သူက ကျာပွတ်ကို သူ့ပေါင်ပေါ်တွင် တင်လိုက်သည်။ထို့နောက် သူက မျက်လုံးမှိတ်ကာ ၎င်းကို သေချာ သန့်စင်တော့၏။
သူ့စိတ်က ထိုရတနာနှင့် ချိတ်ဆက်ထားကာ သူ့နယ်ပယ်ကလည်း ယင်း ရတနာထဲသို့ ဖြည်းဖြည်းချင်း ဝင်ရောက်နေခဲ့သည်။
အချိန်က နောက်ထပ်သုံးနှစ် ကုန်ဆုံးသွားခဲ့ပြန်လေပြီ။
ဝမ်လင်းက ချင်လင်းဂြိုဟ်ပေါ်သို့ ရောက်သည်မှာ ရှစ်နှစ် ရှိလာခဲ့ပြီ ဖြစ်သည်။ သည်ရှစ်နှစ်အတွင်း သူက တောင်ပေါ်ကနေ တစ်ဖဝါးမှ ထွက်ခွာခဲ့ခြင်း မရှိပေ။ တကယ်တော့ ကျန်းရှင်ဟိုင်ကလွဲ၍ ဂြိုဟ်ပေါ်ရှိ မည်သူကမျှ သူ့ကို မြင်တွေ့ဖူးကြခြင်း မရှိပေ။
သို့ရာတွင် ချင်လင်းဂြိုဟ်၏ ပိုင်ရှင်၊ ဘိုးဘေး ဆိုသည့်အရာက ထိုကျင့်ကြံသူများ၏ စိတ်ထဲ၌ တဖြည်းဖြည်း ပိုလေးလံသည်ထက် လေးလံလာခဲ့ကြသည်။
ထိုအနက်ရောင်မြူများ ဝန်းရံထားသည့်တောင်သည် ကျင့်ကြံသူအများ၏ စိတ်နှလုံးကို အေးစက်စေခဲ့သည်။ သို့သော် အချို့ ရူးမိုက်မိုက် ကျင့်ကြံသူများလည်း ရှိကြသည်သာ။ ထိုသူတို့က ချင်လင်းဂြိဟ်၏ အရှင်ဟုခေါ်ဆိုသည့် သည်နေရာ၏ ခွန်အားကို စမ်းသပ် ကျူးကျော်လာကြ၏။
ထိုသူများအားလုံးသည် မြူလွှာထဲသို့ ဝင်သည်နှင့် ချက်ချင်းပင် အနက်ရောင်မြူ၏ ဝါးမျိုခြင်းကို ခံလိုက်ရပေသည်။ ထို့အတွက်ကြောင့် နောက်နောင်တွင် သည်မြူထဲသို့ မည်သူကမျှ ထပ်မံ မဝင်လာရဲအောင် သတိပေးသလို ဖြစ်လာခဲ့၏။
သေမျိုးများကတော့ ထိုမျှ ဒုက္ခမရောက်ကြပေ။ သူတို့က အနက်ရောင်မြူကို မြင်လိုက်ချိန်တွင် အန္တရာယ်နှင့် ပြည့်နေကြောင်း သိကြ၏။ ထို့ကြောင့် သူတို့အားလုံးက ထိုနေရာသို့ မဝင်ရောက်ကြပေ။
သည်သုံးနှစ်အတွင်း ဝမ်လင်းက သူ့ရတနာများ သန့်စင်ခြင်းအပေါ်တွင်သာ အာရုံစိုက်ထားသည်။ ဆူညံပူညံလုပ်သူဟူ၍ ရှုလီကော တစ်ယောက်သာ ရှိသည်။ သူက ဝမ်လင်း ချိပ်ပိတ်ထားသော သိုလှောင်အိတ်ထဲရှိ ချိပ်တံဆိပ်ကို ဖျက်ဆီးနေခဲ့သည်။ သူက သိုလှောင်အိတ်ထဲမှ ထွက်လာနိုင်ခြင်း မရှိသော်လည်း အမြဲလိုလို အထဲကနေ မြည်တွန်တောက်တီးနေသည်။
သည်နေ့တွင် ဝမ်လင်း ပေါင်ပေါ်ရှိ စိတ်ဝိညာဉ်ကျာပွတ်သည် ကံကြမ္မာနယ်ပယ်ထဲသို့ ပေါင်းစပ်သွားခဲ့ပြီ ဖြစ်သည်။ ထို့အတွက်ကြောင့် သူက ၎င်းကျာပွတ်ကို နတ်ဘုရားအာရုံဖြင့် ပိုမိုလွယ်ကူစွာ ထိန်းချုပ်လာနိုင်ခဲ့သည်။ တစ်ချိန်တည်းမှာပင် ကံကြမ္မာနယ်ပယ်၏ စိတ်ဝိညာဉ်ပိုင်းဆိုင်ရာနှင့် ပေါင်းစပ်သွားမှုကြောင့် စိတ်ဝိညာဉ်ကျာပွတ်က ပိုမို၍ စွမ်းအားကောင်းလာခဲ့သည်။
ထိုအခိုက်အတန့်မှာပင် ထူးဆန်းသော အသံတစ်ခုက နောက်ထပ် ပေါ်လာပြန်၏။
“ကောင်လေး ဝမ်လင်း…မင်းက မင်းဘိုးဘိုးရှုကို မလွှတ်ပေးပဲ နေဝံ့တယ်ပေါ့။ ငါက ခုချိန်မှာ စွမ်းအားကောင်းနေပြီ။ ဒါကြောင့် မင်းက ငါ့ကို အပြင်ကို ထပ်ပြီး မလွှတ်ပေးဝံ့တာပဲ။ အေးအေးဆေးဆေးနေနှင့်ဦး။ ဒီအဘိုးအိုက မင်းကို ခု မဆန့်ကျင်သေးပါဘူး။ ငါက ခုတွေးနေတာ…မင်းကို ငါ့နောက်လိုက် လုပ်ခိုင်းရင် ကောင်းမလားလို့…။ ငါတို့နှစ်ယောက်ရဲ့ အဆင့်အတန်းက ပြောင်းလဲသွားလိမ့်မယ်…ငါက မင်းရဲ့ အရှင်သခင် ဖြစ်လာလိမ့်မယ်…”
ရှုလီကော၏ မောက်မာသောအသံက သိုလှောင်အိတ်ထဲကနေ ထွက်လာပြန်သည်။
ဝမ်လင်းက မျက်မှောင်ကြုတ်လိုက်သည်။ သူက ရှုလီကောနှင့် ပတ်သက်၍ ဖြေရှင်းရန် အချိန်မပေးနိုင်ခြင်းကြောင့်သာ မဟုတ်လျှင် ခုလောက်ဆို သည်ကောင့်ကို ပညာပေးနေခဲ့ပြီး ဖြစ်သည်။ ရှုလီကောက သည်အရာကို နားမလည်ဘဲ သူက ပိုပို၍ ရောင့်တက်လာခဲ့သည်။
ဝမ်လင်းမျက်လုံးက အေးစက်လာ၏။ သူက သိုလှောင်အိတ်ကို ပုတ်ကာ အေးစက်စွာ ပြောလိုက်သည်။ “ခု ထွက်လာခဲ့စမ်း…”
“အို…မင်းက မင်းဘိုးဘိုးရှုကို ဒီလိုမျိုး ပြောဝံ့တယ်ပေါ့။ ကောင်လေးဝမ်လင်း..မင်းက အခြေအနေကို နားမလည်သေးဘူး။ ငါက အရင် ရှုလီကော မဟုတ်တော့ဘူးကွ…”
ရှုလီကောက အသံက ထွက်ပေါ်လာပြီးနောက် အနက်ရောင်မြူတစ်ခုကပါ သူနှင့်အတူ ထွက်ပေါ်လာသည်။ သည်မြူထဲ၌ ဓားစွမ်းအင်တို့ ပြည့်နေသည်။ ထိုမြူများက လေထဲ၌ပင် ရှုလီကော၏ ပုံပန်းသွင်ပြင်အဖြစ် ပြောင်းလဲသွား၏။
သူက ပေါ်လာသည်နှင့် ကျယ်လောင်စွာ ရယ်မော၍ ပြောလိုက်သည်။ “ငါ ရှုလီကောရဲ့နေ့ရက် ရောက်လာခဲ့ပြီ။ ကောင်းကင်ဘုံက မျက်စိကန်းမနေဘူးကွ။ နောက်ဆုံးတော့ ငါက ခေါင်းမော့ရင်ကောနိုင်စွမ်း ရှိလာခဲ့ပြီ…”
ဝမ်လင်းက ရှုလီကောကို အေးစက်စွာသာ ကြည့်နေပြီး စကားမဆိုပေ။
ရှုလီကောက သူ့စကားဆုံးသွားသည်နှင့် ဝမ်လင်းကို လှမ်းကြည့်လိုက်သည်။ သည်အခိုက်အခန့်တွင် သူက မောက်မာလွန်းသည့်အသွင် ဖြစ်ပေါ်နေသည်။ သည့်နောက် သူ့ခန္ဓာကိုယ် တစ်ခုလုံးသည် ကျုံ့လာကာ လေထဲ၌ပင် ဓားကြီးတစ်လက်အသွင် ဖြစ်ပေါ်လာသည်။
သည်ဓားက ကောင်းကင်ဘုံဓားနှင့် အတိအကျတူ၏။ ၎င်းက ထိုးထွက်လာသည့်အခါ ပြင်းထန်သောဓားစွမ်းအင်က ပေါက်ကွဲထွက်လာသည်။ သည်ဓားစွမ်းအင်ထဲ၌ ရှေးဟောင်းဓားစိတ်ဆန္ဒ ပါဝင်နေပေ၏။ ထိုအရာက တုန်လှုပ်စရာပင်။
သူက ဓားကြီးအဖြစ် ဝမ်လင်းထံသို့ တိုက်ရိုက် တိုးဝင်လာခဲ့ကာ ချက်ချင်း နီးကပ်လာ၏။
ဝမ်လင်းမျက်လုံးများက အေးဆက်နေဆဲပင်။ ရှုလီကော နီးကပ်လာသည်ကို ကြည့်နေရင်း ဝမ်လင်းက လှုပ်ရှားခြင်း မပြုပေ။ သို့သော် သူ့ ပေါင်ပေါ်ရှိ စိတ်ဝိညာဉ်ကျာပွတ်ကတော့ လေထဲသို့ ပျံတက်သွား၏။ ထူးဆန်းအံ့ဖွယ်အော်ရာတစ်ခုက ပျံ့နှံ့လာကာ ပေတစ်ထောင်ဧရိယာကို ချက်ချင်း ဝန်းရံသွားသည်။
ရှုလီကောက ထိုအော်ရာကို အရှင်းလင်းဆုံး ခံစားမိရသည့်သူ ဖြစ်သည်။ သူက အာမေဋိတ်သံ ပြုမိကာ သူအသွင်ပြောင်းထားသည့် ဓားကြီးကပါ မတည်မငြိမ် ဖြစ်လာခဲ့သည်။ သို့ရာတွင် ထိုဓားက ပိုမိုများပြားသော ဓားစွမ်းအင်များကို ထုတ်လွှတ်လာပြန်သည်။ သူက ထိုအော်ရာအားကို ခုခံနေသည်မှာ သိသာပေ၏။
သည်အခိုက်အတန့်၌ ဝမ်လင်း၏ အသံက ဖြည်းဖြည်းချင်း ပဲ့တင်ထပ်လာခဲ့တော့သည်။
“ဒီကမ္ဘာလောကထဲမှာ ရှိတဲ့ အရာအားလုံးက ကံတရားကနေ လွတ်မြောက်ဖို့ ခက်ခဲလွန်းလှတယ်။ ကံကြမ္မာရဲ့ အကြောင်းနဲ့အကျိုးက နေရာတိုင်းမှာ ဖြစ်နေခဲ့တာ…”
စိတ်ဝိညာဉ်ကျာပွတ်က တဖျတ်ဖျတ် ဖြစ်နေကာ ကံကြမ္မာတံခါးကို ဖွင့်ဟလိုက်သကဲ့သို့ ပေါက်ကွဲမှုတစ်ခုကို ဖန်တီးလိုက်လေသည်။
စိတ်ဝိညာဉ် ကျာပွတ်က အစွန်းနှစ်ဖက်ကို ချိတ်ဆက်ကာ စက်ဝန်းတစ်ခုကဲ့သို့ ဖြစ်ပေါ်၏။ ရှုလီကော၏ ဓားကြီးက ထိုစက်ဝန်းထဲသို့ ကျဆင်းသွားကာ မြန်ဆန်စွာ ပျောက်ကွယ်လာချေသည်။
“ကံကြမ္မာအကျိုးဆက်ရဲ့ အရင်းမြစ်က ကံကြမ္မာ အကြောင်းရင်းပဲ…” ဝမ်လင်းအသံက ထပ်မံ ထွက်ပေါ်လာသည်။
ကြီးမားလှသည့် ဓားကြီး၏ ပျောက်ကွယ်လာမှုက ချက်ချင်းလိုလို ဖြစ်လာခဲ့ခြင်းပင်။ ယင်းဓားက အနက်ရောင်မြူအဖြစ်သို့ ပြန်ပြောင်းလဲသွားတော့၏။ ထိုအနက်ရောင်မြူထဲ၌ ရှုလီကော၏မျက်နှာ ပေါ်လာခဲသည်။ သူ့မျက်နှာက အလွန်အမင်း ကြောက်လန့်မှုတို့နှင့် ပြည့်လို့နေသည်။
“သခင်…သခင်…ငါ မှားခဲ့ပါတယ်။ ဒီကောင်ရှုက မှားခဲ့ပါတယ်။ ဒီတစ်ကြိမ်က တကယ့်ကို မှားခဲ့တာပါ။ ငါ့ကို အသက်ရှင်ခွင့်ပေးပါ။ ကျေးဇူးပြုပြီး ဒီတစ်ကြိမ် ခွင့်လွှတ်ပေးပါ…”
ရှုလီကောက ချက်ချင်းပင် တောင်းပန်ခယ လာသည်။ သူ့အသံထဲ၌ အလွန်အင်း ထိတ်လန့်ကြောက်ရွံ့နေမှုတို့ ပါဝင်နေသည်။
ဝမ်လင်း မျက်လုံးများက အေးစက်နေကာ သူက ရှုလီကောကို ကြည့်လိုက်သည်။ ရှုလီကော၏ အနက်ရောင်မြူကလည်း စက်ဝန်းထဲ၌ မြန်ဆန်စွာ ပျောက်ကွယ်လာနေသည်။ ဝမ်လင်းက တည်ငြိမ်စွာ ပြောလိုက်၏။ “မင်းက ရှေးဟောင်းဓားစိတ်ဆန္ဒကို အမွေရခဲ့တာလဲ ငါ့ကြောင့်ပဲ။ ဒါကြောင့် ဒီအကျိုးအမြတ်ကို ငါ ပိုင်ဆိုင်တယ်…”
ရှုလီကောက သူ့ခန္ဓာကိုယ်ကနေ ဖြစ်ပေါ်နေသည့် အနက်ရောင်မြူကပါ မြန်ဆန်စွာ ပျောက်ကွယ်လာနေသည်ကို တွေ့သည့်အခါ အလွန် ကြောက်လန့်သွားသည်။ သူက ချက်ချင်းပင် တောင်းပန်လိုက်ပြန်သည်။ “သခင်…ငါမှားခဲ့တာ သိပါတယ်။ ငါက ဘယ်တော့မှ ထပ်ပြီး မပုန်ကန်တော့ပါဘူး။ ဒါ့အပြင်…ဒါ့အပြင် သင်က ငါ့ကို မကောင်းဆိုးဝါးအဖြစ် ပြောင်းလဲခဲ့တာပါ။ သင့်ကြောင့်သာ မဟုတ်ရင် ဒီနေ့မှာ ငါဆိုတာ ရှိလာမှာတောင် မဟုတ်ဘူး။ ဒါမှန်တယ်မလား…သခင်…။ ဒါကရော ကံတရား မဟုတ်ဘူးလား…”
ရှုလီကောက စကားပြောနေရင်း တော်တော်လေး စိုးရိမ်ပူပန်နေမိသည်။ သူက လုံးဝ ပျောက်ကွယ်သွားမှာကို ကြောက်ရွံ့နေမိ၏။
သူ့စိတ်ထဲ၌လည်း နောင်တပြင်းစွာ ရနေမိသည်။
“ငါက ဒီမိစ္ဆာကောင်ကို ဘယ်တော့မှ မပုန်ကန်သင့်ဘူး။ ဒီလောက်နှစ်တွေအတွင်းမှာ ငါက ပုန်ကန်လိုက်တိုင်း ဘယ်တုန်းကမှ မအောင်မြင်ခဲ့ဘူး။ ရှုလီကော…အာ…ရှုလီကော…မင်းရဲ့ မှတ်ဉာဏ်တွေက တော်တော် ဆိုးသွားတာပါလား….။ ဒီဝမ်ဆိုတဲ့ မကောင်းဆိုးဝါးက ငါ့ထက်တောင် ပိုပြီး မကောင်းဆိုးဝါး ဆန်တယ်ဆိုတာ မင်းက မေ့နေခဲ့တာလား…..”
ရှုလီကောက ဝမ်လင်း သူ့ကို အခွင့်ရေးတစ်ခုပေးရန် ဆုတောင်းနေမိတော့သည်။
ဝမ်လင်းက ပြုံး၍ ပြောလိုက်၏။ “ဒါက မင်းရဲ့ကံတရားပဲ…ငါ့ကံတရား မဟုတ်ဘူး…”
******