ဝမ်လင်းက သိုလှောင်အိတ်ထဲသို့ ငုံ့ကြည့်လိုက်ရင်း သူ့အသွင်က ထူးဆန်းသွားသည်။ သိုလှောင်အိတ်ထဲ၌ မောက်မာသော အော်ရာတစ်ခုနှင့်အတူ ဓားစွမ်းအင် စိတ်ဆန္ဒတစ်ခုက ပေါက်ကွဲထွက်လို့နေသည်။
“အလှလေးလင်ဇီ…နင်က ခုထိ ဒီအရှင်ရှုကို ခွင့်မလွှတ်သေးဘူး။ ဟက်…ဟက်…ငါက ခုချိန်မှာ ခြိမ်းခြောက်နိုင်စွမ်း ရှိနေပြီနော်…”
ရှုလီကော၏ မောက်မာသောအသံက သိုလှောင်အိတ်ထဲကနေ ထွက်ပေါ်လာသည်။ သိုလှောင်အိတ်က ပြင်းပြင်းထန်ထန် တုန်ယင်နေလို့နေကာ ရှေးဟောင်းအချိန်တုန်းမှ အားတစ်ခုက ထိုးထွက်လာနေသကဲ့သို့ ထင်ရသည်။
ထိုအားက အထွတ်အထိပ်သို့ ရောက်လာသည့်အခိုက်တွင် ဝမ်လင်းက သိုလှောင်အိတ်ကို ခပ်ပြင်းပြင်း ရိုက်ထည့်လိုက်သည်။ ရှုလီကော၏ အသံက ချက်ချင်း အားနည်းသွားတော့၏။
သိပ်သည်းသော ဓားစိတ်ဆန္ဒပင် ဖိနှိပ်ခံလိုက်ရကာ ပျံ့နှံ့လာနိုင်ခြင်း မရှိတော့ပေ။
“အို…အလှလေးလင်းဇီ…နင်က ခုထိ အခြေအနေကို နားမလည်နိုင်သေးဘူး။ ဒီအရှင်က နင့်ကို အပြစ်မတင်ပါဘူးလေ။ ဒီအရှင်က အရင်တုန်းက ရှုလီကော မဟုတ်တော့ဘူး။ ဒီအရှင်က အခု ရှေးဟောင်းဓားစိတ်ဆန္ဒကို အမွေဆက်ခံထား…”
သူ့စကားမဆုံးသေးခင်မှာပင် ဝမ်လင်းက ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေကာ သိုလှောင်အိတ်ထံသို့ ညွှန်လိုက်၏။ ရှုလီကော၏ အသံက ရုတ်တရက် ရပ်တန့်သွားသည်။
ဝမ်လင်းက မျက်မှောင်ကြုတ်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။ “ဆူညံလွန်းတယ်…”
သည့်နောက် သူက သူ့ရှေ့ရှိ အစုတ်အပဲ့ဂြိုဟ်ထံသို့ ဦးတည်သွားတော့သည်။ အဝေးမှကြည့်ပါက ထိုဂြိုဟ်တစ်ခုလုံးသည် အပြာရောင်ဖုံးလွှမ်းနေသည်။ ၎င်းဂြိုဟ်ထံမှ ထွက်ပေါ်လာသည့် အသက်ဓာတ်သည် သန်မာလှကာ ထိုနေရာ၌ သေမျိုးအများအပြား နေထိုင်သည်မှာ သိသာနေ၏။
ဝမ်လင်းက ထိုဂြိုဟ်ရှိရာသို့ မြန်ဆန်စွာ တိုးဝင်လာနေ၏။
ထိုဂြိုဟ်၏ လေထုက ပါးလွှာကာ ဝမ်လင်းက ထိုလေထုကို တိုက်ရိုက် ဖြတ်သန်းလာသည်။ သူက ထိုဂြိုဟ်၏ ကောင်းကင်ထက်သို့ ရောက်ရှိလာသည့်အခါ အောက်သို့ ငုံ့ကြည့်လိုက်ရာ စိတ်ရှုပ်ထွေးဟန် ဖြစ်ပေါ်သွားသည်။
သည်နေရာက ဟင်္သာပြဒါးဂြိုဟ်နှင့် ဆင်တူလွန်းလှသည်။ ၎င်းဂြိုဟ်က ပုံပန်းသွင်ပြင် ဆင်တူခြင်းသာမက ခံစားမှုနှင့်အော်ရာပင် ဆင်တူနေခဲ့သည်။
ဝမ်လင်းက သူ့နတ်ဘုရားအာရုံဖြင့် ဂြိုဟ်တစ်ခုလုံးကို ဖြန့်ကြက် စစ်ဆေးကြည့်လိုက်သည်။ သည်နေရာ၌ ကျင့်ကြံသူများ ရှိကြပေ၏။ သို့သော် အားအကောင်းဆုံး ကျင့်ကြံသူများသည်ပင် စဦးစိတ်ဝိညာဉ်အဆင့်တွင် ရှိကြသည်။ စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်း အဆင့်ကျင့်ကြံသူ တစ်ယောက်ပင် ရှိလို့မနေချေ။
သူက အနည်းငယ် စဉ်းစားကြည့်လိုက်၏။ သူက ထိုဂြိုဟ်ပေါ်ရှိ အမြင့်ဆုံးတောင်ထိပ်ကို ရွေးချယ်ရန် ဆုံးဖြတ်လိုက်သည်။ သူက ထိုတောင်ကို နေရာသတ်မှတ်ပြီးသည်နှင့် ထိုနေရာသို့ တိုက်ရိုက် ပျံသန်းသွားသည်။
ချင်လင်းဂြိုဟ်ပေါ်တွင် ဟုန်ယွီတောင်သည် အမြင့်ဆုံး ဖြစ်သည်။ ထိုနေရာရှိ စိတ်ဝိညာဉ်စွမ်းအင်က ပါးလှပ်လှသော်လည်း အံ့ဘနန်းမြင်ကွင်းကို ရရှိနိုင်၏။ လူတစ်ယောက်က ထိုတောင်ထိပ်ပေါ်ကနေ ကမ္ဘာလောကြီးကို ကြည့်မြင် ခံစားနိုင်ပေသည်။
ချင်လင်းဂြိုဟ်ပေါ်တွင် ကျင့်ကြံခြင်းမိသားစု များစွာ ရှိသည်။ သေမျိုးနိုင်ငံ တစ်ခုစီ တစ်ခုစီတိုင်းတွင် အနည်းဆုံး ကျင့်ကြံခြင်းမိသားစု တစ်စု သို့မဟုတ် နှစ်စု ရှိနေကြသည်သာ ဖြစ်သည်။
သည်ဟုန်ယွီတောင်ထိပ်ကို စဦး စိတ်ဝိညာဉ်အဆင့်များစွာ ပိုင်ဆိုင်ထားသည့် ကျန်းမိသားစုက ပိုင်ဆိုင်ပေသည်။ ပုံမှန်အားဖြင့် ကျန်းမိသားစုထဲရှိ စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူများသည် သူတို့၏ သက်တမ်း ကုန်ဆုံးခါနီးချိန်တွင် သည်နေရာသို့ ရောက်လာကာ တံခါးပိတ်ကျင့်ကြံပြီး ကောင်းကင်နှင့်မြေကြီးကို နားလည်အောင် လုပ်ကြပေသည်။
သည်နေ့တွင် ကျန်းမိသားစုမှ စဦးစိတ်ဝိညာဉ်အဆင့်တွင် အချိန်ကြာမြင့်စွာ တစ်ဆို့နေသော မိသားစုခေါင်းဆောင် ကျန်းရှင်ဟိုင်က တောင်ထိပ်သို့ လမ်းလျှောက်လို့လာနေသည်။ သူ့ခန္ဓာကိုယ်တွင်လည်း သေဆုံးခြင်းအော်ရာတို့ ပြည့်နေသည်။
သူက သူ့ခန္ဓာကိုယ်သည် ဖြည်းဖြည်းချင်း အားနည်းလာနေသည်ကို ခံစားမိနေ၏။ တောင်ထိပ်ပေါ်သို့ တက်နေသော သူ့ခြေလှမ်းများပင် ခက်ခဲလာခဲ့သည်။ ဟုန်ယွီတောင်ထိပ်ပေါ်၌ ကြီးမားသော ကျောက်တုံးစင်္ကြံတစ်ခု ရှိနေသည်။ ကျောက်ရှင်းဟိုင်က တောင်ထိပ်သို့ ရောက်လာသည့်အခါ သူ့မျက်လုံးက ရုတ်တရက် ကျဉ်းမြောင်းလို့သွားသည်။ သူက ထိုကျောက်စင်္ကြံပေါ်၌ ထိုင်နေသည့် လူတစ်ယောက်ကို တွေ့မြင်လိုက်ရလေသည်။
ထိုလူက အဖြူရောင်ဝတ်စုံနှင့် လူငယ်တစ်ယောက်ဖြစ်ကာ သူ့အနက်ရောင်ဆံပင်များက လေထဲ၌ မျောလွင့်နေသည်။ သူ့အဝတ်အစားများကလည်း လေနှင့်အတူ တဖျတ်ဖျတ် လွင့်လို့နေသည်။ ကျန်းရှင်ဟိုင်၏ အမြင်တွင် ထိုလူသည် မတည်ရှိနေသည့်အလား။
သူက ထိုလူငယ်ကို သူ့နတ်ဘုရားအာရုံဖြင့် ထောက်လှမ်းနိုင်ခြင်း မရှိဘဲ သူ့မျက်လုံးဖြင့်သာ မြင်နိုင်ပေသည်။ ထိုသန်မာမှုက သူ့ကို နောက်သို့ ခြေလှမ်းအနည်းငယ် အလိုလို ဆုတ်သွားစေသည်။
ထိုအနက်ရောင်ဆံပင်နှင့် လူငယ်က သူ့ဘက်သို့လှည့်လာခြင်း မရှိပေ။ သူက မိုးကုပ်စက်ဝိုင်းစွန်းရှိ နေဝင်ချိန်ကိုသာ ငေးမောကြည့်နေရင်း တည်ငြိမ်စွာ ပြောလာခဲ့သည်။ “ဒီနေရာက မဆိုးဘူးပဲ…”
သည်ရိုးရှင်းသောစကားထဲ၌ မည်သည့်စွမ်းအားမှ ပါဝင်မနေခဲ့ပေ။ သို့သော် ထိုအသံက ကျန်းရှင်းဟိုင်နားထဲသို့ ကျရောက်လာသည့်အခါ သူ့ချည့်နဲ့နေသော ခန္ဓာကိုယ်သည် အားမာန်တက်ကြွမှုနှင့် ပြည့်နှက်သွားခဲ့သည်။ ထို့အပြင် သည်အသံက ကျန်းမိသားစု၏ ခေါင်းဆောင်ဟူသည့် သူ့ပုံရိပ်ကိုလည်း အလိုလို ဖိနှိပ်ပြီး ဖြစ်နေသည်။
သူက အလိုလိုခေါင်းငုံ့လိုက်သည်။ သူ့မျက်လုံးထဲ၌ ကြောက်လန့်မှုတို့နှင့် ပြည့်နေသည်။ သည်အရာက အော်ရာ၏ သက်ရောက်မှုကြောင့်မှန်း သူက သိနေသည်။ သူက သေမျိုးအင်ပါယာများနှင့် သွားတွေ့သည့်အခါ ထိုသူများက သူ့အော်ရာကြောင့် အလိုလိုခေါင်းငုံ့ခဲ့ရသည် မဟုတ်လား။
သည်အခိုက်အတန့်တွင် သူကလည်း အလိုလို ခေါင်းငုံ့မိသွားခြင်းပင်။
“ကံမကောင်းစွာနဲ့ ဒီလိုတောင်ကို မင်းတို့က သင်္ချိုင်းတစ်ခုလို အသုံးပြုနေတယ်…”
အနက်ရောင်ဆံပင်နှင့်လူငယ်က ခေါင်းယမ်းကာ သူ့ညာလက်ကို ဝှေ့ယမ်းလိုက်သည်။ ထိုတောင်က ချက်ချင်း တုန်ယင်လာကာ သည်နေရာတွင် မရေမတွက်နိုင်သော နှစ်ပေါင်းများစွာကတည်းက စုစည်းလာခဲ့သည့် သေဆုံးခြင်းအော်ရာသည် သဲလွန်စမရှိ ပျောက်ကွယ်သွားချေသည်။
တောင်တစ်ခုလုံးက နောက်ထပ် အသစ်တစ်ဖန် မွေးဖွားလာသကဲ့သို့ ထင်မှတ်ရသည်။ ထိုတောင်က အသက်ဓာတ်နှင့် ပြန်လည် ပြည့်တင်းလာသည်ဟု ထင်ရလေသည်။
ကျန်းရှင်ဟိုင်က သူ့ရှေ့ရှိ မြင်ကွင်းကို ကြည့်ကာ မှင်တက်နေမိသည်။ သူ့မျက်နှာပေါ်တွင်လည်း စိတ်လှုပ်ရှားမှုနှင့် ပြည့်လို့နေသည်။ တုံ့ဆိုင်းခြင်းမရှိသူက မြေပေါ်သို့ ဒူးထောက်ချကာ လေးစားစွာ ပြောလိုက်သည်။ “ဂျူနီယာကျန်းရှင်ဟိုင်က စီနီယာကို နှုတ်ဆက်ပါတယ်။ စီနီယာက ဒီဟုန်ယွီတောင်ထိပ်ကို သဘောကျတယ်ဆိုရင် ဂျူနီယာက ဒီတောင်ထိပ်ကို စီနီယာအတွက် ချက်ချင်း လက်ဆောင်ပေးပါ့မယ်…”
“ဟုန်ယွီတောင်ထိပ်…” သည်အနက်ရောင်ဆံပင်နှင့် လူငယ်ကတော့ ဝမ်လင်းပင် ဖြစ်သည်။ သူက ကျန်းရှင်ဟိုင်ဘက်သို့ လှည့်ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “မင်းသက်တမ်းက ကုန်ခါနီးနေပြီ။ ဒါက ငါ့စွမ်းအားနဲ့တောင် ပြောင်းလဲပေးဖို့ အတော်ခက်ခဲလိမ့်မယ်…”
ကျန်းရှင်ဟိုင်က ခါးသက်စွာ ပြုံး၍ လေးလေးစားစား ပြောလိုက်သည်။ “စီနီယာက ငါ့ကို နားလည်မှု လွဲနေပါပြီ။ ဂျူနီယာက ကာင်းကင်ဘုံရဲ့ ဆန္ဒကို နားလည်ပါတယ်။ မသေခင် အချိန်လေးမှာ စီနီယာလို အားကောင်းတဲ့ ကျင့်ကြံသူတစ်ယောက်နဲ့ တွေ့ရတာနဲ့တင် ဂျူနီယာက နောင်တမရတော့ပါဘူး…။ ဒီတောင်ကို မပြောနဲ့…စီနီယာကသာ လိုချင်ရင် ဒီချင်လင်းဂြိုဟ်တစ်ခုလုံးကို လက်ဆောင်အဖြစ် ပေးမှာပါ…”
ဝမ်လင်းက သူ့ညာလက်ဖြင့် စိတ်ဝိညာဉ်စွမ်းအင်တန်းတစ်ခုကို ကျန်းရှင်ဟိုင်၏ မျက်ခုံးနှစ်ခုကြားထဲသို့ ပို့လွှတ်လိုက်သည်။ သည့်နောက် သူက တိုးညင်းစွာ ပြောလိုက်သည်။ “ငါက မင်းရဲ့ဘဝကို ပြောင်းလဲမပေးနိုင်ဘူး။ ဒါပေမဲ့ မင်းရဲ့ စိတ်ဝိညာဉ်စွမ်းအင်ကို လောင်ကျွမ်းပစ်ပြီး မင်းသက်တမ်းကို ဆယ်နှစ်လောက် ဆွဲဆန့်နိုင်ဖို့တော့ ငါ လုပ်ပေးလိုက်မယ်…”
သူက စိတ်ဝိညာဉ်စွမ်းအင်တန်းကို ပို့လွှတ်လိုက်သည့်အချိန်၌ ဝမ်လင်းသည် သက်ပြင်းချမိသည်။ သည်မန္တန်သည် သူက တတိယအဆင့်ကို တွေ့မြင်ပြီးသည့်နောက်မှ အသုံးပြုနိုင်သည့်အရာ ဖြစ်သည်။သူကသာ သည်မန္တန်ကို အရင်တုန်းက အသုံးပြုနိုင်ခဲ့ပါက လီမူဝမ်သည် ကောင်းကင်ဘုံဆန့်ကျင်ခြင်း ပုတီးစေ့ထဲသို့ ထည့်သွင်းထားခြင်း ခံရလိမ့်မည် မဟုတ်ပေ။
ကျန်းရှင်ဟိုင်၏ မျက်ခုံးနှစ်ခုကြားသို့ မန္တန်ကျရောက်သွားချိန်၌ သူ့ခန္ဓာကိုယ်က တုန်ယင်သွားကာ သူ့ခန္ဓာကိုယ်ထဲမှ စိတ်ဝိညာဉ်စွမ်းအင်ထဲရှိ အသက်ဓာတ်ကိုလည်း ခံစားလိုက်ရသည်။ သူက အသက်ဝဝရှူသွင်းလိုက်မိ၏။ သူက ဝမ်လင်းကိုကြည့်၍ လေးစားစွာ ပြောလိုက်သည်။ “ကျေးဇူးတင်ပါတယ်…စီနီယာ…။ စီနီယာက ဘာအမိန့်ပဲပေးပေး ဂျူနီယာက အကောင်းဆုံး လုပ်ဆောင်ပေးပါ့မယ်…”
ကျန်းမိသားစု၏ ခေါင်းဆောင် ဖြစ်လာသူအဖို့ သူက ဉာဏ်နည်းလှခြင်း မရှိပေ။ သည်ကမ္ဘာပေါ်တွင် မည်သည့်အရာကမျှ အလကား မရနိုင်ဟု သူက သိ၏။
သူက ဝမ်လင်းသည် သည်တောင်က မဆိုးလှဟု ပြောလိုက်သည့်အခါတွင် ချက်ချင်းပင် ထိုတောင်ကို လက်ဆောင်ပေးခဲ့သည် မဟုတ်လား။ ဝမ်လင်းလို ကျင့်ကြံမှုအဆင့်မျိုးဖြင့် ထိုပုံစံမျိုးဖြင့် ပြောဆိုခြင်းကပင် အများကြီး သက်ညှာမှုပါနေပေ၏။ သူက သည်တောင်ကို လိုချင်လျှင် ထိုသို့ ပြောနေစရာမလိုဘဲ ချက်ချင်း သိမ်းပိုက်ပစ်နိုင်စွမ်း ရှိပေသည်။
ကျန်းရှင်ဟိုင်က သည်လူသည် ချင်လင်းဂြိုဟ်မှ မဟုတ်ကြောင်း ခန့်မှန်းမိ၏။ သူက အပြင်ဘက်မှ လာခဲ့သူ ဖြစ်ရပေမည်။ အာကာသဟင်းလင်းပြင်ကို ဖြတ်သန်းလာနိုင်သူအဖို့ ထိုလူ၏ ကျင့်ကြံမှုအဆင့်က အနည်းဆုံး စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း အဆင့်တွင် ရှိနေရပေမည်။
ဝမ်လင်းက ကျန်းရှင်ဟိုင်ကို တည်ငြိမ်စွာ ကြည့်၍ ပြောလိုက်သည်။ “ငါ မင်းကို သေမျိုးကမ္ဘာရဲ့ မကျေမချမ်းမှုကို စုဆောင်းနိုင်ဖို့ အချိန်ဆယ်နှစ် ပေးလိုက်မယ်။ ပိုများလေ ကောင်းလေပဲ။ မင်းလုပ်ဆောင်မှုကို ငါကျေနပ်မယ် ဆိုရင် ဒီဂြိုဟ်မှာ ငါ ရှိနေသ၍ မင်းရဲ့ကျန်းမိသားစုက ဘယ်တော့မှ မပျောက်ကွယ်သွားစေရဘူး…။ ခု သွားတော့…”
ကျန်းရှင်ဟိုင်က လေပြင်းတစ်ချက် တိုက်ခတ်သွားသည်ဟု ခံစားလိုက်ရ၏။ သူ့ရှေ့တွင် ထုထဲသော မြူလွှာတစ်ခုသာ ရှိ၍ လေတိုးသံများက နားထဲ၌ တဝီဝီ ဖြစ်သွားသည်။ သူက အမြင်အာရုံ ပြန်ရသည့်အခါတွင် တောင်ခြေသို့ ရောက်နှင့်လို့နေသည်။
သူက ဖြစ်ပျက်ခဲ့သမျှကို အိပ်မက်တစ်ခုလို ခံစားနေမိသည်။ သူက သူ့မျက်ခုံးနှစ်ခုကြားသို့ ထိကြည့်လိုက်သည့်အခါတွင် သူ့ခန္ဓာကိုယ်ထဲရှိ အသက်ဓာတ်ကို ခံစားမိလိုက်သည်။ သူက အသက်ဝဝရှူသွင်းလိုက်၏။ သူ့မျက်လုံးများက စိတ်လှုပ်ရှားမှုနှင့် ပြည့်နေကာ သူက တောင်ရှိရာသို့ ဦးညွှတ်လိုက်သည်။ ထို့နောက် သူက ပြန်ထွက်ခွာလာခဲ့တော့သည်။
“ငါက စီနီယာတောင်းဆိုသမျှကို အကောင်းဆုံး လုပ်ရမယ်…” ကျန်းရှင်ဟိုင်က အလင်းတန်းတစ်ခု အဖြစ်သို့ ပြောင်း၍ ကျန်းမိသားစုရှိရာသို့ ဦးတည်သွားတော့သည်။
ကျန်းရှင်ဟိုင်ကို စေလွှတ်ပြီးသည့်နောက် ဝမ်လင်းက အနည်းငယ် စဉ်းစားကာ စိတ်ဝိညာဉ်တစ်ကုဋေအလံကို ထုတ်ယူလိုက်သည်။ သူက တောင်ပေါ်၌ ထိုပေသုံးဆယ်ခန့် ရှည်သည့်အလံကို ထိုးစိုက်လိုက်သည်။
ထိုအလံက လေနှင့်အတူ တဖျတ်ဖျတ် လွင့်နေကာ စိတ်ဝိညာဉ်အပိုင်းအစများစွာ ပျံသန်းထွက်လာခဲ့ပြီး တောင်ထိပ်တစ်ခုလုံးကို ဖုံးလွှမ်းသွားတော့၏။ ပင်မစိတ်ဝိညာဉ်သုံးခုကလည်း ထွက်ပေါ်လာခဲ့ကာ သည်ဧရိယာကို လွှမ်းခြုံသွားသည်။ တောင်တစ်ခုလုံးက သိပ်သည်းသော အနက်ရောင်မြူတို့နှင့် ဖုံးအုပ်သွားတော့သည်။
ဝမ်လင်းက သူ့ညာလက်ကို ဝှေ့ယမ်းလိုက်ရာ ပြင်းထန်သော အားတစ်ခုက တောင်ရှိရာသို့ ရုတ်တရက် ထိုးထွက်လာသည်။ သည့်နောက် ပေါက်ကွဲသံများ ထွက်ပေါ်လာပြီးသည့်နောက် လိုဏ်ဂူကြီးတစ်ခုက တောင်ပေါ်၌ ပေါ်လာခဲ့တော့သည်။
ဝမ်လင်းက သူ့ညာလက်ညှိုးကို ရှေ့သို့ညွှန်လိုက်ရာ ကောင်းကင်ဘုံမန္တန်တစ်ခုက ထိုးထွက်သွားပြီး ဂူတံခါးဝတွင် ရေးထွင်းခတ်နှိပ်သွားသည်။ ကောင်းကင်ဘုံမန္တန်၏ တည်ရှိမှုက ပြင်းထန်သော ဖိအားတစ်ခုကို ဖန်တီးထားသည်။
ထိုအရာများအားလုံးကို ပြုလုပ်ပြီးသည့်နောက် ဝမ်လင်းသည် ထိုင်ချကာ သူ့နတ်ဘုရားအာရုံကို ချင်လင်းဂြိုဟ်တစ်ခုလုံးသို့ နောက်တစ်ကြိမ် ဖြန့်ကြက်လိုက်သည်။ သည်တစ်ကြိမ်၌ သူက နတ်ဘုရားအာရုံဖြင့် သတင်းစကား ပို့လွှတ်လိုက်ခြင်း ဖြစ်သည်။
“ဒီနေ့ကစပြီး ဒါက ငါ့ကျင့်ကြံမှုဂြိုဟ်ပဲ။ ဟုန်ယွီတောင်ထိပ်ရဲ့ ငါးထောင်ကီလိုမီတာ ပတ်လည်က တားမြစ်နေရာ ဖြစ်တယ်။ ကျူးကျော်လာတဲ့ ဘယ်သူမဆို သနားညှာတာမှာ မဟုတ်ဘူး…”
ဝမ်လင်း၏ နတ်ဘုရားအာရုံက မိုးခြိမ်းသံအလား ဂြိုဟ်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။ သူ့အသံက ကျင့်ကြံသူတိုင်း၏ နားထဲသို့ ဝင်ရောက်သွားကာ သူတို့၏အသွင်ကို ကြီးစွာ ပြောင်းလဲသွားစေသည်။
သို့ရာတွင် မည်သည့်တစ်ဦးတစ်ယောက်ကမျှ ထိုအသံကို မခုခံဝံ့ပေ။
သည်ကနေ့မှစ၍ ချင်လင်းဂြိုဟ်သည် ပိုင်ရှင်ရှိလာခဲ့ပြီ ဖြစ်သည်။ ထိုပိုင်ရှင်ကတော့ ဝမ်လင်းမည်၏။
ချင်လင်းဂြိုဟ်ပေါ်တွင် ဝမ်လင်းက အထွတ်အထိပ် တည်ရှိမှုဖြစ်သည်။ သူက သွေးဂြိုဟ်ပေါ်တွင် သေခြင်းရှင်ခြင်းကို ဆုံးဖြတ် ထိန်းချုပ်ထားသော သွေးဘိုးဘေးလိုမျိုး ဖြစ်လာ၏။ သူက ထျန်ယွမ်ဂြိုဟ်ပေါ်တွင် အထွတ်အထိပ်ပုံရိပ် ဖြစ်သူ ရှေ့ဖြစ်ဟောသူလိုမျိုး ဖြစ်လာခဲ့သည်။
******