Switch Mode

အပိုင်း(၇၈၀)

ငါက ခြိမ်းခြောက်နိုင်စွမ်း ရှိတယ်မလား…

ရှန်ကုန်းဟူက မာန်သွင်းလိုက်၏။ သူက ဒဏ်ရာရထားသဖြင့် သူ့လက်က အနည်းငယ် တုန်ယင်နေသည်။ သူက အနည်းငယ် ပြန်ကောင်းလာကာ မိုးကြိုးကောင်းကင်ဘုံ ကျောင်းတော်၏ ဆေးလုံးအကူအညီဖြင့် သူ့ဒဏ်ရာများကို ဖိနှိပ်ထားကာ ထိုအခိုက်အတန့်၌ သူ့စွမ်းအား၏ အထွတ်အထိပ်သို့ ပြန်ရောက်ရှိလာခဲ့သော်လည်း သည်မန္တန်ကို အသုံးပြုရန် မလုံလောက်သေးပေ။

သူက အံတင်းတင်း ကြိတ်လိုက်၏။ သူ့ညာလက်က ရုတ်တရက် အောက်ကျသွားသည်။ ရုတ်တရက် ကောင်းကင်ထက်၌ အံ့မခန်းခွန်အားဖြင့် နတ်ဘုရားပြစ်ဒဏ် လျှပ်စီးတစ်ခု ပေါ်လာခဲ့သည်။

ကျန့်ကုန်းလေ့၏ အသွင်က သုန်မှုန်သွား၏။ သူ့လက်ဖြင့် ချိပ်တံဆိပ်များစွာကို ဖြစ်ပေါ်စေကာ သူ့ခန္ဓာကိုယ်၏ အသက်ဓာတ်ကို ထွေးထုတ်ကာ သစ်သားဓားပေါ်သို့ ကျရောက်စေလိုက်သည်။ သစ်သားဓားက တဝီဝီ မြည်ဟိန်းလာကာ အားကောင်းသော ဓားစွမ်းအင်ကို ထုတ်လွှတ်၍ နတ်ဘုရားပြစ်ဒဏ်ထံသို့ တိုက်ရိုက် တိုးဝင်သွားသည်။

ထိုနှစ်ခု ထိပ်တိုက် တွေ့ဆုံသည့်အခါ တုန်လှုပ်မြည်ဟည်းသံ ပေါက်ကွဲမှုတစ်ခုက သည်ဧရိယာတွင် ပျံ့နှံ့သွားခဲ့သည်။ လျှပ်စီးများကလည်း ပျက်စီးလာကာ သစ်သားဓားကလည်း နောက်သို့ ဆက်တိုက် ဆုတ်လာသည်။ ကြွင်းကျန်နေသော မူလစွမ်းအင်များက အကန့်အသတ်သို့ ရောက်လာကာ ဂြိုဟ်သိမ်ဂြိုဟ်မွှားများစွာကို ပျက်စီးသွားစေသည်။

ကျန့်ကုန်းလေ့၏ ခန္ဓာကိုယ်က တုန်ယင်သွားကာ သူက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရသည်။ သူ့အသွင်ကလည်း ဖြူရော်သွားကာ သူက ရှန်ကုန်းလေ့ကို သုန်မှုန်စွာ စူးစိုက်ကြည့်နေသည်။ သူက ဒေါသထွက်လာခဲ့ချေပြီ။ ခုချိန်တွင် သူ့မျက်လုံးထဲ၌လည်း တိုက်ပွဲစိတ်ဆန္ဒနှင့် ပြည့်လာခဲ့တော့၏။

ရှန်ကုန်းဟူကလည်း နောက်သို့ ဆုတ်သွားရကာ မိုးကြိုးကန်ထဲသို့ ပြန်ရောက်ရှိသွားသည်။ သူ့ပါးစပ်ထောင့်မှ သွေးများ စီးကျလာနေ၏။ သူက ကျန့်ကုန်းလေ့ကို ကြည့်၍ ပြုံးလိုက်သည်။ “ငါက မင်းရဲ့ အခြောက်မျက်နှာကို တွေ့နေရတာ အဆင်မပြေဘူး။ ဒါပေမဲ့ မင်းမှာ အရည်အချင်းအချို့ ရှိနေလိမ့်မယ်လို့ ငါ မမျှော်လင့်ထားမိဘူး…”

ဝမ်လင်းမျက်လုံးက တလက်လက် ဖြစ်နေ၏။ သူက ထိုတိုက်ပွဲကို သေချာ လေ့လာဆန်းစစ်ကြည့်နေရင်း ဉာဏ်အလင်းအချို့ ရရှိလာခဲ့သည်။ သူက ထိုအထည်ဒြပ်ယန်အဆင့် နှစ်ယောက်၏ မူလမန္တန်များကို တစ်ချက်တောင် ခုခံနိုင်လိမ့်မည် မဟုတ်ပေ။

သို့ရာတွင် သူက ရှန်းကုန်ဟူ၏ မူလမန္တန်သည် မပြည့်မစုံ ဖြစ်နေသည်ကို သိမြင်ခဲ့၏။ နတ်ဘုရားပြစ်ဒဏ်၏ စွမ်းအားက သည့်ထက်ပို၍ သန်မာလာသင့်ပေသည်။

တကယ်တော့ တတိယအဆင့်၏ ကမ္ဘာကို ရှုမြင်ပြီးသည့်နောက် သူက မိုးကြိုးကန်၏ အတွင်းပိုင်းသို့ လှမ်းမလာခင်တွင် မိုးကြိုးဥပဒေသကို ရေးတေးတေး သိမြင်နိုင်ခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် သူက ရှန်းကုန်ဟူ၏ မန္တန်ရှိ ပြဿနာအချို့ကို တွေ့မြင်သည်မှာ အံ့အားသင့်စရာ မဟုတ်တော့ချေ။

သည်လို အဖြစ်အပျက်မျိုးသည် သေမျိုးကမ္ဘာ၏ သိုင်းလောကတွင်လည်း ရှိသည်သာ။ ထိုသိုင်းလောက၌ သိုင်းပညာမတတ်သော လူတစ်ယောက်သည် များစွာသော သိုင်းကျမ်းနည်းစနစ်များကို ဖတ်ထားဖူးလျှင် ထိုလူသည် သိုင်းပညာရှင်များ အသုံးပြုသော သိုင်းကွက်များ၏ ချို့ယွင်းချက်ကို ထောက်ပြနိုင်ပေသည်။ သို့သော် သူကိုယ်တိုင်ကတော့ လက်တွေ့သုံးစွဲတိုက်ခိုက်နိုင်ခြင်း မရှိပေ။

ဝမ်လင်း၏ အခုအခြေအနေသည်လည်း ဤကဲ့သို့ အခြေအနေမျိုး ဖြစ်သည်။ သူ့မျက်လုံးက လက်ခနဲ ဖြစ်သွားကာ သူက ပြောလာသည်။ “ရှန်ကုန်းဟူ…မင်းရဲ့ မူလမန္တန်မှာ မိုးကြိုးစွမ်းအား ပါဝင်နေတယ်။ ဒါပေမဲ့ မိုးကြိုးစိတ်ဝိညာဉ် မပါဝင်ဘူး။ မင်းရဲ့တာအိုက မိုးကြိုးနဲ့ ပေါင်းစပ်ထားပေမဲ့လည်း မလုံလောက်သေးဘူး။ မိုးကြိုးစွမ်းအား အပေါ်မှာ မင်းရဲ့ယုံကြည်မှု ကင်းမဲ့နေသေးတယ်…”

ရှန်ကုန်းဟူက မှင်တက်သွားသည်။ သည်စကားများကို ကြားဖူးသည်မှာ သူ့အတွက် ပထမဆုံးအကြိမ် မဟုတ်တော့ပေ။ မိုးကြိုးကောင်းကင်ဘုံကျောင်းတော်၏ အရှင်နှင့် မိသားစု၏ အကြီးအကဲများသည်လည်း ထိုကဲ့သို့ ပြောခဲ့ဖူးကြပေသည်။ သို့ရာတွင် ဝမ်လင်းထံမှ ထိုစကားလုံးများကို ထပ်မံ ကြားလိုက်ရသည့်အခါ သူက စိတ်ရှုပ်ထွေးသွားမိ၏။ သူက လေးစားစွာ မေးလိုက်သည်။ “အရှင်သခင်…ငါ့ကို လမ်းညွှန်ပေးပါ…”

ရှန်ကုန်းဟူသာမက အကွာအဝေးတစ်ခုတွင် ရှိနေသော ကျန့်ကုန်းလေ့သည်လည်း မှင်တက်သွားမိသည်။ သူ့စိတ်ထဲရှိ အခြေအမြစ်မရှိသော သံသယက ပို၍ ပြင်းထန်လာခဲ့သည်။ သူသည်လည်း ရှန်ကုန်းဟူလိုမျိုး ပြဿနာတစ်ခု ရှိနေခဲ့ပေသည်။

ကျန့်မိသားစု အကြီးအကဲသည်လည်း သူ့ကို ထိုကဲ့သို့ ပြောခဲ့ဖူးသည်။ သို့သော် ထိုအရာသည် အကြီးအကဲများက အမှန်တကယ် နားလည်ခြင်းတော့ မဟုတ်ပေ။ သူတို့က ဆက်လက် ရှာဖွေကြည့်နေရဆဲသာ ဖြစ်သည်။ ထို့ကြောင့် သူတို့က သူတို့၏ ဂျူနီယာများကို သူတို့ကိုယ်တိုင်ပင် မှန်လား၊ မှားလား သေချာမသိသော ထင်မြင်ချက်ကို မည်သို့ သင်ပေးနိုင်ကြမည်နည်း။ သူတို့က သည်အတိုင်း ထင်မြင်ချက်သာ ပေးနိုင်ကြပေသည်။

သူတို့ပေးသည့် ထင်မြင်ချက်က မှန်လျှင် အဆင်ပြေသေးသည်။ သို့သော် သူတို့ မှားသွားရင်ကော…။

တကယ်တော့ အစစ်အမှန်လမ်းကြောင်းနှင့် နှိုင်းယှဉ်ကြည့်ပါက သူတို့၏ လမ်းကြောင်းသည် မှန်လား၊ မှားလား မည်သူမျှ မသိကြပေ။တတိယအဆင့်သို့ ရောက်သည့်သူသာ လမ်းကြောင်း အမှန်အမှားကို သိနိုင်ပေသည်။

သို့ရာတွင် ဝမ်လင်းကတော့ ထိုအကြီးအကဲများနှင့် မတူပေ။ သူက တတိယအဆင့်ကို မြင်တွေ့ခဲ့ဖူးပြီး ဖြစ်ကာ သူက ကျင့်စဉ်၊ မန္တန်များ၏ လားရာဖြစ်စဉ်ကို သိနေခဲ့ပေသည်။ ထို့ကြောင့် သူက သူပြောခဲ့သည့် ရှန်းကုန်ဟူ၏ မူလမန္တန်၏ လိုအပ်ချက်သည် အမှန်ဖြစ်ကြောင်း သိနေခဲ့ပေသည်။

ခုလက်ရှိ မြင်ကွင်းက ထူးခြားဆန်းကြယ်နေသည်။ ရှန်ကုန်းဟူနှင့် ကျန့်ကုန်းလေ့တို့က မွန်းစတားဆန်သော တိုက်ပွဲစိတ်ဆန္ဒတို့နှင့် ပြည့်နေကြသည်။ သို့သော် သူတို့က ဆက်လက် မတိုက်ခိုက်ကြတော့ပဲ ထိုအစား ဝမ်လင်းထံသို့သာ အာရုံစိုက်၍ ကြည့်နေသည်။

သူတို့နှစ်ယောက်၏ အကြည့်က ခြားနားနေ၏။ ရှန်ကုန်းဟူ၏ အကြည့်ထဲ၌ မျက်ကန်းကြည်ညိုခြင်းများ ပြည့်နေကာ ကျန့်ကုန်းလေ့၏ အကြည့်ထဲတွင်တော့ သံသယနှင့် ပြည့်နေသည်။

ဝမ်လင်းက စကားဆက်၍ မဆိုပေ။ သည်လိုအရာမျိုးက လွယ်လင့်တကူ ပါးစပ်ဖြင့် ရှင်းပြလို့ရသည် မဟုတ်ပေ။ လူတစ်ယောက်၏ နားလည်သဘောပေါက်မှုပေါ်သာ မူတည်နေပေ၏။

စဉ်းစားနေရင်းဖြင့် ဝမ်လင်းသည် သူ့ညာလက်ကို ပင့်မြှောက်ကာ လေထဲသို့ လက်မနှင့်လက်ညှိုးကို ပူး၍ ညွှန်လိုက်၏။ သူ့လက်ဝါးထဲသို့ မိုးကြိုးအမျှင်တန်းတစ်ခု ကျရောက်လာခဲ့၏။ ရှန်ကုန်းဟူနှင့် ကျန့်ကုန်းလေ့တို့၏ အမြင်တွင် ထိုစွမ်းအားက အားကောင်းလှခြင်း မရှိပေ။

သို့ရာတွင် ဆက်တိုက်ဖြစ်လာသော အဖြစ်အပျက်က သူတို့နှစ်ယောက်လုံးကို ပင့်သက်ရှိုက်မိသွားစေသည်။ ဝမ်လင်းက မိုးကြိုးအမျှင်တန်းကို စူးစိုက်ကြည့်နေကာ သူ့ညာလက်ကို ဝှေ့ယမ်းလိုက်သည်။ မိုးကြိုးအမျှင်တန်းက ပျောက်ကွယ်သွားကာ ဖျတ်ခနဲ အလင်းတစ်ခုသာ ကျန်ခဲ့တော့၏။

ထိုဖျတ်ခနဲအလင်းကလည်း ခဏတာအတွင်း ပျက်စီးသွားခဲ့သည်။ ဝမ်လင်းက သူ့မျက်လုံးကို မှိတ်ကာ မျက်လုံးထဲရှိ ပင်ပန်းသွားမှုကို ဖုံးကွယ်လိုက်၏။ ခုလက်ရှိ အခြေအနေကသာ အလွန်အန္တရာယ်များလှခြင်း မရှိပါက သူက သည်လိုမျိုး လုပ်ဆောင်ပြလိမ့်မည် မဟုတ်ပေ။

ဝမ်လင်းက မျက်လုံးမှိတ်ထားရင်း ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “မင်း…နားလည်လား..”

“မူလ…မူလသို့ ပြန်ရောက်ခြင်း…” ရှန်ကုန်းဟူ မျက်လုံးက အလွန်တောက်ပနေ၏။ သူ့ခန္ဓာကိုယ်က စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေသည်။ သူက ဝမ်လင်းကို လေးစားစွာ ဦးညွှတ်လိုက်သည်။ ဝမ်လင်းအပေါ် သူ့ကြည်ညိုလေးစားမှုက အလွန်မြင့်မားလာခဲ့သည်။

သူက ရုတ်တရက် ဉာဏ်အလင်းတစ်ခု ရရှိခဲ့ပေသည်။ သူက ကျန့်ကုန်းလေ့ဘက်သို့ တောက်ပသော မျက်လုံးများဖြင့် လှည့်ကြည့်ကာ ပြောလာသည်။ “ငါတို့ ထပ်တိုက်ကြတာပေါ့…”

သည်အခိုက်အတန့်၌ ကျန့်ကုန်းလေ့၏ ဦးရေပြားသည် ထုံထိုင်းသွားကာ ဝမ်လင်းအပေါ် သူ့ထင်မြင်ချက် သံသယသည်လည်း အထွတ်အထိပ်သို့ ရောက်ရှိလာခဲ့သည်။သူက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ကာ ဝမ်လင်းကို ဦးညွှတ်၍ လေးစားစွာ ပြောလာသည်။ “ဒီဂျူနီယာက ကျန့်ကုန်းလေ့ပါ။ ငါက စီနီယာ ဒီမှာ ကျင့်ကြံနေတာ မသိပါဘူး။ အစောပိုင်းက ငါက စီနီယာကို နှောင့်ယှက်မိပါတယ်။ စီနီယာက ငါ့ကို ခွင့်လွှတ်ပေးဖို့ မျှော်လင့်မိပါတယ်။ ဂျူနီယာ ခုချက်ချင်း ထွက်သွားပါတော့မယ်…”

သူက ရှန်ကုန်းဟူထံသို့လည်း မနာလိုစွာ ကြည့်လိုက်သည်။ သူက ရှန်ကုန်းဟူလို မောက်မာလွန်းသည့်လူက အခြားတစ်ယောက်ကို ဘာကြောင့် သစ္စာခံခဲ့သည်ကို သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။

ကျန့်ကုန်းလေ့က လက်နှစ်ဖက်ယှက်၍ ပြောလာသည်။ “ဂုဏ်ပြုပါတယ်…အစ်ကို ရှန်ကုန်း…”

ရှန်ကုန်းဟူက မည်သည့်စကားမှ မဆိုဘဲ ကျန့်ကုန်းလေ့ထံသို့သာ အေးစက်စွာ ကြည့်နေသည်။

“ကျန့်ကုန်းလေ့က ထိုအကြည့်ကို စိတ်ထဲမထားပေ။ သူက ရယ်မော၍ ပြောလိုက်၏။ အစ်ကိုရှန်ကုန်း…ငါက မိုးကြိုးကောင်းကင်ဘုံကျောင်းတော်က ဆင့်ခေါ်မှုစာအုပ်ကို လက်ခံရရှိခဲ့တယ်။ အနာဂတ်မှာ သင်နဲ့ငါက မိုးကြိုးကောင်းကင်ဘုံကျောင်းတော်ရဲ့ တမန်တော်တွေ အတူ ဖြစ်လာကြလိမ့်မယ်…”

သူက ဝမ်လင်းထံသို့ နောက်တစ်ကြိမ် ဦးညွှတ်လိုက်ပြီးနောက် ပြန်လှည့်၍ ထွက်ခွာသွားတော့သည်။

ရှန်ကုန်းဟူက သူ့ကို မတားဆီးပေ။

ဝမ်လင်းက တည်ငြိမ်စွာ မေးလိုက်သည်။ “ဆင့်ခေါ်မှုစာအုပ်က ဘာလဲ…”

ရှန်ကုန်းလေ့သည် ဝမ်လင်းရှိရာသို့ ပြန်လှည့်၍ လေးလေးစားစား ပြောလိုက်သည်။ “ဒီဆင့်ခေါ်မှုစာအုပ်က မိုးကြိုးကောင်းကင်ဘုံကျောင်းတော်ရဲ့ ဆက်သွယ်ရေးတုံကင်ပါ။ မိုးကြိုးကောင်းကင်ဘုံ ကျောင်းတော်ရဲ့ တမန်တော်တစ်ယောက် ဖြစ်လာဖို့ ယာထားခံထားရတဲ့ လူတစ်ယောက်ဟာ ဒီဆင့်ခေါ်မှုစာအုပ်ကို လက်ခံရရှိပါတယ်…”

“မိုးကြိုးကောင်းကင်ဘုံနယ်မြေ မဖွင့်ခင် သုံးလအလိုမှာ မိုးကြိုးကောင်းကင်ဘုံခန်းမက သူတို့ရဲ့ တမန်တော်တွေကို သတ်မှတ်လိမ့်မယ်။ တမန်တော်တစ်ယောက်ယောက် ပျောက်ကွယ်နေတာ ရှိရင် ယာထားခံရတဲ့လူတွေထဲက အဲဒီလွတ်နေတဲ့ နေရာအတွက် တစ်ယောက်နဲ့တစ်ယောက် ယှဉ်ပြိုင်ရလိမ့်မယ်။ ကျန့်ကုန်းလေ့ရဲ့ ကျင့်ကြံမှုအဆင့်နဲ့ဆိုရင် မတော်တဆတစ်ခုခုသာ မဖြစ်ခဲ့ရင် သူက ဒီတစ်ကြိမ် အနိုင်ရနိုင်လိမ့်မယ်…”

ဝမ်လင်းက ခေါင်းညိတ်လိုက်၏။ သည့်နောက် သူက စကားဆက်၍ မဆိုတော့ပဲ မိုးကြိုးကို ဆက်၍ စုပ်ယူကာ မူလစွမ်းအင် အဖြစ်သို့ ပြောင်းလဲလိုက်လေသည်။

ရှန်ကုန်းဟူ၏ မျက်လုံးထဲ၌ စိတ်လှုပ်ရှားမှုတို့နှင့် ပြည့်နေသည်။ သူက အစောပိုင်းတုန်းက ဉာဏ်အလင်းအချို့ ရရှိခဲ့ပြီး ဖြစ်ကာ မိုးကြိုးကန်ထဲ၌ ချက်ချင်းထိုင်ချကာ စတင် ကျင့်ကြံတော့သည်။

အချိန်က ဖြည်းဖြည်းချင်း ကုန်ဆုံးလာခဲ့သည်။ မျက်စိတစ်မှိတ်အတွင်း ရှစ်နှစ်တာကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ စောစောပိုင်းနှစ်နှစ်ပါ ထည့်တွက်ပါက ဆယ်နှစ်တာ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ ဝမ်လင်းကိုယ်ထဲရှိ မူလစွမ်းအင်သည် မိုးကြိုးမူလမန္တန်ကို အသုံးပြု၍ မိုးကြိုးထဲမှ မူလစွမ်းအင်ကို စုပ်ယူကာ တဖြည်းဖြည်းချင်း ခိုင်မာလာခဲ့သည်။ သူ့မူလစိတ်ဝိညာဉ်က ခုချိန်၌ ပြည့်ဝလာပြီ ဖြစ်ကာ ဆက်လက်၍ စုပ်ယူနိုင်ခြင်း မရှိတော့ပေ။

ထိုသို့ဖြစ်ရခြင်းက ဝမ်လင်းသည် သူ့ကျင့်ကြံမှုအဆင့်က လုံလောက်အောင် မြင့်မားခြင်း မရှိသောကြောင့်ဟု သိပေသည်။ ဒုတိယအဆင့်သို့ ဝင်ရောက်ပြီးမှသာ သူက မူလစွမ်းအင်ကို ဆက်လက် စုပ်ယူနိုင်ပေလိမ့်မည်။ ခုချိန်၌ သူ့အတွက်အရေးကြီးဆုံးက သူ့ကိုယ်ပိုင်ကျင့်ကြံမှုအဆင့်ကို ချိုးဖျက်နိုင်ရန် ဖြစ်သည်။

သူက မတ်တတ်ထရပ်ကာ သူ့ပတ်လည်ရှိ မိုးကြိုးများကို ကြည့်လိုက်သည်။ ဆယ်နှစ်တာကာလသည် သူ့ကို မိုးကြိုးနှင့် ပတ်သက်၍ ပိုကောင်းကောင် းနားလည်လာခဲ့စေပေသည်။ သူက မိုးကြိုး၏ မူလဇာစ်မြစ်ကိုပါ ခပ်ရေးရေး မြင်လာနိုင်ခဲ့သည်။

သူ့ခန္ဓာကိုယ်က ရွေ့လျားသွားကာ ဝမ်လင်းသည် မိုးကြိုးကန်၏ အနက်ပိုင်းကနေ ထွက်ခွာလာခဲ့သည်။

ရှန်ကုန်းဟူကိုတော့ ဝမ်လင်းက လွန်ခဲ့သော သုံးနှစ်ကတည်းက ထွက်သွားစေခဲ့သည်။ သည်လူက သူ့ကို အတော်လေး ကြည်ညိုလေးစားနေသော်လည်း ဝမ်လင်းက သက်သောင့်သက်သာ မခံစားရပေ။ ရှန်ကုန်းဟူ ထွက်ခွာမသွားခင် သူက ကျောက်စိမ်းပြားတစ်ခု ထားခဲ့ပေ၏။

ငွေရောင်ဦးချိုမိုးကြိုးသားရဲက ဝမ်လင်းအနားသို့ ရောက်လာခဲ့သည်။ ဝမ်လင်းက မိုးကြိုးသားရဲ အပေါ်သို့ တက်ထိုင်ကာ မိုးကြိုးအလင်းတန်းအဖြစ်သို့ ပြောင်း၍ သည်နေရာကနေ ပျံသန်းထွက်ခွာလာတော့သည်။ ကောင်းကင်ဘုံ သက်တော်စောင့်ကလည်း ဝမ်လင်း၏ အရိပ်ထဲသို့ ပြန်ဝင်ရောက်သွားခဲ့ပြီ ဖြစ်သည်။

မိုးကြိုးကန်ထဲ၌ ဆယ်နှစ်တာ မိုးကြိုးများကို စုပ်ယူနေခြင်းကြောင့် မိုးကြိုးသားရဲ၏ အမြန်နှုန်းကလည်း တိုးတက်လာခဲ့ပေသည်။ ၎င်းက ဂြိုဟ်သိမ်ဂြိုဟ်မွှား ကွင်းပြင်ကို ဖြတ်သန်း၍ ကြယ်များကြားသို့ ခရီးနှင်လာခဲ့သည်။

ဝမ်လင်းက ကောင်းကင်ဘုံပုတီးစေ့သည် ပြောင်းလဲသွားခဲ့ပြီ ဖြစ်ကြောင်း သိနေခဲ့ပြီး ဖြစ်သည်။ ထိုပုတီးစေ့ထဲရှိ စိတ်ဝိညာဉ်သုံးခုအပေါ် သက်ရောက်မှု မရှိရုံသာမက ထိုစိတ်ဝိညာဉ်များက အရင်ထက်ပင် ပိုတောက်ပလာခဲ့သေးသည်။

“နောက်နှစ် နှစ်ဆယ်မှာ ဖွင့်တော့မဲ့ မိုးကြိုးကောင်းကင်ဘုံ နယ်မြေကို ငါ သွားကို သွားရမယ်။ ဒါပေမဲ့ ခုချိန်မှာတော့ ငါက ငါ့ကျင့်ကြံမှုအဆင့် တိုးတက်အောင် နေရာတစ်ခု ရှာမှ ဖြစ်မယ်။ ဒါ့အပြင် ကောင်းကင်ဘုံဆန့်ကျင်ခြင်း ပုတီးစေ့ကလည်း ပြောင်းလဲသွားပြီ ဖြစ်တဲ့အတွက် ဒြပ်စင်ငါးခုရဲ့စွမ်းအားကို ဆက်မလိုတော့ဘူး။ ဒါကြောင့် ဒီပုတီးစေ့နဲ့ ပတ်သက်လို့ လိုအပ်ချက်က ဘာများလဲ…”

ဝမ်လင်းက မိုးကြိုးသားရဲအပေါ်တွင် ထိုင်လျက် စဉ်းစားကြည့်နေသည်။

ကောင်းကင်ဘုံဆန့်ကျင်ခြင်း ပုတီးစေ့သည် ယင်နှင့်ယန်ဟူ၍ ပိုင်းခြားထားခဲ့သည်။ ထိုယင်နှင့်ယန်သည် ပေါင်းစပ်နေခြင်း မရှိပေ။ ထိုအဖြစ်က ဝမ်လင်းကို စိတ်ရှုပ်ထွေးစေသည်။

“နေနဲ့လ…ယင်နဲ့ယန်…” ဝမ်လင်းက စဉ်းစားနေရင်း မိုးကြိုးသားရဲကလည်း ကြယ်များပြည့်နှက်နေသော အာကာသ ဟင်းလင်းပြင်ထဲတွင် ပျံသန်းလို့နေသည်။ အချိန်မည်မျှကြာသွားမှန်း မသိပြီးနောက် ဝမ်လင်းက သိုလှောင်အိတ်ထဲမှ ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူလိုက်သည်။

ထိုကျောက်စိမ်းပြားက ရှန်ကုန်းဟူ ထားခဲ့ခြင်းပင်။ ထိုကျောက်စိမ်းပြားသည် အလုံးစုံကောင်းကင်ကြယ် အဖွဲ့အစည်းကြီး၏ တောင်ပိုင်းနယ်မြေတစ်ခုလုံး၏ အသေးစိတ်ကို ဖော်ပြထားသော ကြယ်မြေပုံတစ်ခု ဖြစ်သည်။

သူ့ရှေ့ရှိ နေရာကို တောင်ပိုင်းနယ်မြေ၏ မြေရိုင်းလွင်ပြင်တစ်ခုဟု ယူဆနိုင်၏။ ထိုနေရာတွင် ကျင့်ကြံခြင်း ဂြိုဟ်အများစုသည် ထူးထူးထွေထွေ ဖြစ်မနေပေ။ အားကောင်းသော ကျင့်ကြံသူများက ထိုနေရာများသို့ လာရောက်ခဲ့သည်။

သို့ရာတွင် ထိုနေရာရှိ ဂြိုဟ်များပေါ်တွင် သေမျိုးများနှင့် အဆင့်နိမ့်ကျင့်ကြံခြင်း မိသားစုများ နေထိုင်ကြပေသည်။

“လာမဲ့နှစ်နှစ်ဆယ်အတွင်းမှာ ငါက မိုးကြိုးကောင်းကင်ဘုံ နယ်မြေကိုသွားမဲ့ ခရီးစဉ်အတွက် ကြိုတင် ပြင်ဆင်ထားရမယ်။ ဒါ့အပြင် ငါ့မန္တန်အချို့ကိုလည်း ပြန်ညှိယူပြုပြင်ရဦးမယ်။ ငါ့မန္တန်အများစုက ငါ တွေ့မြင်ခဲ့တဲ့ တတိယအဆင့်နဲ့ လိုက်ဖက်သင့်တင့်လှခြင်း မရှိဘူး။ ငါက ဒီမန္တန်တွေကို ဒီအတိုင်း ဆက်သုံးစွဲနေရင် ငါလျှောက်တဲ့လမ်းကြောင်းက မှားသွားနိုင်တယ်။ ဒါ့အပြင် ငါတစ္ဆေလောကမြစ်ကို မြန်မြန် စုဆောင်းနိုင်ဖို့အတွက် မကျေမချမ်း စိတ်ဝိညာဉ်တွေ လိုအပ်နေတယ်။ ဒီတော့ ခုက အလုံးစုံကောင်းကင်ကြယ် အဖွဲ့အစည်းထဲမှာ ငါ့ကိုယ်ပိုင်ဂြိုဟ်တစ်ခု ရှိရတော့မဲ့ အချိန်ပဲ…”

ဝမ်လင်းက စဉ်းစားနေရင်း သူ့မျက်လုံးက တလက်လက် ဖြစ်လို့နေသည်။ သူ့ရှေ့တွင် အစုတ်အပဲ့ဂြိုဟ်တစ်ခု ရှိနေသည်။ ထိုဂြိုဟ်က အသက်ဓာတ်များနှင့် ပြည့်နေ၏။ ဆိုလိုသည်က ထိုဂြိုဟ်တွင် သေမျိုးတော်တော်များများ နေထိုင်ကြသည်ဟူ၍ပင်။

ဝမ်လင်းက မိုးကြိုးသားရဲပေါ်ကနေ ဆင်းသက်လိုက်သည်။ သူက ထိုသို့ ပြုလုပ်လိုက်သည်နှင့် ၎င်းမိုးကြိုးသားရဲသည် သနားစဖွယ် ညည်းညူလိုက်ကာ မတက်သာပဲ စစ်ရထားထဲသို့ ပြန်ဝင်ကာ ဝမ်လင်းသိုလှောင်အိတ်ထဲသို့ ဝင်ရောက်လိုက်ရတော့သည်။

သူက သူ့ရှေ့ရှိ ဂြိုဟ်ရှိရာသို့ သွားရန် ပြင်လိုက်စဉ်တွင် ဝမ်လင်းအသွင်က ရုတ်တရက် ပြောင်းလဲသွားသည်။ သူ့သိုလှောင်အိတ်ထဲရှိ ကောင်းကင်ဘုံဓားထံကနေ အားကောင်းသော တုန်ခါမှုတစ်ခု ထွက်ပေါ်လာသည်။ ထိုတုန်ခါမှုထဲ၌ ပြင်းထန်သော အော်ရာတစ်ခုနှင့် ရှေးဟောင်း ဓားစိတ်ဆန္ဒတစ်ခု ပါဝင်နေသည်။

“ဓားစိတ်ဆန္ဒ…မင်းဘိုးဘိုးရှုက မင်းကို သိမ်းပိုက် စိုးမိုးပစ်မယ်။ ခုချိန်ကစပြီး ငါကသာ အစစ်အမှန် ဓားစိတ်ဝိညာဉ်ပဲ။ ငါဟာ တကယ်ခြိမ်းခြောက်နိုင်တဲ့သူပဲ…တကယ့်ကို ခြိမ်းခြောက်နိုင်တယ်…”

******

Comment

Leave a Reply

Options

not work with dark mode
Reset