Switch Mode

အပိုင်း(၇၇၉)

သံသယ

ထိုခရမ်းရောင် သစ်သားဓားက အေးစက်ကြမ်းကြုတ်သော အော်ရာတစ်ခုကို ပေးစွမ်းနေသည်။ ထိုဓားက ခရမ်းရောင်တောက်ပလျက် ရှိကာ ယင်းဖြတ်သန်းလာရောက် တစ်လျှောက် အနောက်ဘက်တွင် ခရမ်းရောင်တန်းတစ်ခုကို ချန်ထားခဲ့ပေသည်။

ထိုခရမ်းရောင်အလင်းက မိုးကြိုးကန်၏ အပြင်ဘက်တွင် ရပ်တန့်သွားခဲ့သည်။ ထိုဓားပေါ်ရှိ လူက အသက်သုံးဆယ်ခန့်ရှိမည်။ သူက အနည်းငယ် ချောမောသည့်ဘက်သို့ သန်း၏။ သို့ပေမဲ့ သူ့ဖီးနစ်မျက်လုံးတစ်စုံက အနည်းငယ်ထူးဆန်းကာ မိန်းမဆန်သည့် ခံစားချက်ကို ပေးစွမ်းလို့နေသည်။

သူက ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထား၏။ သူ့အကြည့်က ရှန်ကုန်းဟူကို ကျော်လွန်ကာ ဝမ်လင်းထံသို့ ကျရောက်သွားသည်။

ထိုလူက ချက်ချင်းပင် မြင်လိုက်ရသောမြင်ကွင်းကြောင့် မျက်လုံးသူငယ်အိမ်ပင် ကျုံ့သွားမိ၏။

ထိုလူပေါ်လာသည်နှင့် ရှန်ကုန်ဟူး၏ အသွင်ဟန်ပန်က ပိုမို၍ သုန်မှုန်လာခဲ့တော့သည်။ သူ့ဘေးရှိ မိုးကြိုးသားရဲကလည်း ဟိန်းဟောက်သံ ပြုလာကာ ကြမ်းတမ်းစွာ ကြည့်လာ၏။

ငွေရောင်ဦးချို မိုးကြိုးသားရဲက ၎င်းအကြည့်ကို ဝမ်လင်းထံကနေ ပြန်ရုပ်သိမ်းလိုက်ကာ မိန်းမဆန်သောလူထံသို့ ကြည့်လိုက်၏။ ၎င်း၏ မျက်လုံးထဲ၌ အထင်သေးဟန်နှင့် ပြည့်လာကာ ၎င်းက လှဲလှောင်းချ၍ ၎င်းပတ်လည်ရှိ မိုးကြိုးများနှင့်သာ ဆော့ကစားနေတော့၏။

သိပ်မဝေးလှသော ဂြိုဟ်သိမ်တစ်ခုပေါ်တွင်တော့ ကောင်းကင်ဘုံသက်တော်စောင့်က ထိုင်နေကာ သူက ကဲ၍ပင် လှမ်းမကြည့်ပေ။ သည်လူက သူ၏အရှင်သခင်ကို အန္တရာယ်ပေးလာလျှင်တော့ ကောင်းကင်ဘုံသက်တော်စောင့်က ကိုယ့်ကိုယ်ကိုယ် စတေး၍ပင် ချက်ချင်း တိုက်ခိုက်ပေလိမ့်မည်။ သို့ရာတွင် သူ၏ အရှင်ကို အန္တရာယ်ပေးခြင်း မရှိပါက သူ့ရှေ့ရှိလူသည် လူပေါင်း တစ်သိန်းကို သတ်ဖြတ်နေလျှင်တောင် ကောင်းကင်ဘုံသက်တော်စောင့်က တစ်လက်မမျှ ရွေ့လိမ့်မည် မဟုတ်ပေ။

ရှန်ကုန်းဟူက ပြောလိုက်၏။ “ကျန့်ကုန်းလေ့…”

အမျိုးသမီးဆန်သောလူက သူ့အကြည့်ကို ဝမ်လင်းထံမှ သူ့အကြည့်ကို သေချာ ပြန်ရုပ်သိမ်းလိုက်လေသည်။ သူ့အမြင်၌ ဝမ်လင်း၏ ကျင့်ကြံမှုအဆင့်က အာဏာတက်ခြင်းနောက်ဆုံးပိုင်းတွင်သာ ရှိသေးကာ မိုးကြိုးကန်၏ အတွင်းစက်ဝန်းနားထိ ရောက်အောင်လာနိုင်ခြင်းက တော်တော်လေး ထူးဆန်းနေသည်။ သည်လူက အံ့မခန်းရတနာတစ်ခုကို သုံးပြီး သည်နေရာကို ရောက်လာနိုင်တာ မဟုတ်လျှင်တော့ သူက သူ့အစစ်အမှန်ကျင့်ကြံမှုအဆင့်ကို ဖုံးကွယ်ထားတာ ဖြစ်ရပေမည်။

သူက မိုးကြိုးကန်အစွန်းအဖျားနားတွင် ရှိနေသော ငွေရောင်ဦးချိုမိုးကြိုးသားရဲနှင့် ရုပ်သေးတို့ကို ကြည့်လိုက်သည်။

သူက စိတ်ထဲ၌ တွေးလိုက်ပြန်သည်။ “သူက ဖုံးကွယ်ထားတဲ့ ရတနာအချို့ ရှိကို ရှိရမယ်။ သူ့ကျင့်ကြံမှုအဆင့်ကို လျှိုထားတာတော့ မဖြစ်နိုင်ဘူး။ ဒီနေရာမှာ ဘာကြောင့် မိုးကြိုးသားရဲနှစ်ကောင် ရောက်နေရတာလဲ။ ဒီလူက ကောင်းကင်ဘုံ မိုးကြိုးကျောင်းတော်ရဲ့ တမန်တော်တစ်ယောက်ပဲလား…”

တကယ်တော့ မိုးကြိုးကန်၏ အတွင်းဘက်အဝန်းသည် ကြောက်မက်ဖွယ်ကောင်းလှသည့် နေရာတစ်ခု ဖြစ်သည်။ သူ့အထည်ဒြပ်ယန် အထွတ်အထိပ်အဆင့်ဖြင့်ပင် အတွင်းဘက်သို့ ဝင်ရောက်ရန် မဖြစ်နိုင်ပေ။

“မင်းက ရှန်ကုန်းမိသားစုက ရှန်းကုန်းဟူပဲ။ စောနပိုင်းက ငါက မင်းကို ဘယ်သူမှန်း မသိသေးဘူး။ မင်းကျင့်ကြံမှုအဆင့်က အတော်လေး လျော့ကျနေတာပဲ…”

မိန်းမဆန်သောလူက ရှန်ကုန်းဟူကို ကြည့်လိုက်၏။

ရှန်ကုန်းဟူက အေးစက်စက် နှာခေါင်းရှုံ့လိုက်၏။ သူ့အသွင်ကလည်း သုန်မှုန်လျက်သာ ရှိနေည်။ သူက တည်ငြိမ်စွာ ပြောလိုက်၏။ “ဒီနေရာက မင်းအတွက် မဟုတ်ဘူး။ မင်းက ဘာကြောင့် ခုထိ မထွက်သွားသေးရတာလဲ…”

သူ့ကျင့်ကြံမှုအဆင့်က ပြန်မကောင်းသေးသော်လည်း ဝမ်လင်း သည်နေရာမှာ ရှိနေပါက သူက မိုးကြိုးကောင်းကင်ဘုံ ကျောင်းတော်၏ အရှင်သခင် ကိုယ်တိုင်ရောက်လာလျှင်ပင် ထိုသို့ လေသံဖြင့် ပြောဝံ့နေပေသည်။

ကျန့်ကုန်းလေ့က မျက်မှောင်ကြုတ်သွားကာ ဝမ်လင်းထံသို့ အလိုလို လှမ်းကြည့်မိလိုက်သည်။ သူက ဖြည်းဖြည်းချင်း ပြောလာ၏။ “စကားကြီးစကားကျယ်နဲ့…ဒီနေရာက မင်းတို့ ရှန်ကုန်းမိသားစု ပိုင်တာလား။ မင်းက အပြင်လူတစ်ယောက် ဖြစ်တဲ့ ဂျူနီယာတစ်ယောက်ကို ကျင့်ကြံဖို့ ဒီနေရာကို မခေါ်လာသင့်ဘူး…”

ရှန်ကုန်းဟူက နှာခေါင်းရှုံ့လိုက်၏။ သို့သော် သူက ပြန်ရှင်းပြမနေချေ။ သူက အေးစက်စွာ ပြောလိုက်၏။ “မင်းက အသက်ရှူချိန် သုံးကြိမ်စာအတွင်း ထွက်မသွားရင်…မင်း ထွက်သွားချင်တောင် ထွက်မသွားနိုင်တာ ဖြစ်လာနိုင်တယ်…”

သူက ကျန့်မိသားစုမှ ထိုပါရမီရှိသောလူကို အမှန်တကယ် မနှစ်သက်ပေ။ သူတို့နှစ်ယောက်၏ ခွန်အားက သိပ်မကွာခြင်းကြောင့်သာ မဟုတ်လျှင် သူတို့နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်ပြီးနေလောက်ပြီ ဖြစ်သည်။

သည်ကျန့်ကုန်းလေ့သည် သူ့စီနီယာ၏ ကျင့်ကြံမှုကို မလေးမစားနှင့် လာနှောင့်ယှက်နေလျှင် သူက သူ့ကျင့်ကြံမှုအဆင့် ထိခိုက်ထားရင်တောင်မှ တိုက်ခိုက်ရပေလိမ့်မည်။ စီနီယာက ကျန့်ကုန်းလေ့ကို ဟိုအကြည့်ဖြင့် လှမ်းကြည့်လိုက်ပါက ကျန့်ကုန်းလေ့အတွက် ပျက်စီးသွားဖို့ လုံလောက်နေပြီ မဟုတ်လား။

တကယ်တော့ သည်လူက မိုးကြိုးကောင်းကင်ဘုံ ကျောင်းတော်မှလူ မဟုတ်ပေ။ သူ့ကို သတ်လိုက်လို့ ပြဿနာတက်နိုင်မည် ဆိုရင်ပင် စီနီယာ သည်နေရာမှာ ရှိနေသ၍ ထိုအရာက သေးငယ်သော ကိစ္စတစ်ခု ဖြစ်သွားပေလိမ့်မည်။

ကျန့်ကုန်းလေ့၏ မျက်လုံးက ကျဉ်းမြောင်းသွားကာ သူက ချက်ချင်း နောက်သို့ ဆုတ်လိုက်၏။သူက သတိရှိသည့် လူတစ်ယောက် ဖြစ်ရာ သူက နောက်ဆုတ်နေရင်း သူ့အကြည့်က ဝမ်လင်းပေါ်သို့ ကျရောက်နေ၏။ သူ့စိတ်ထဲရှိ သံသယကလည်း ပိုမို၍ သန်မာလာခဲ့သည်။

“ဒီရှန်ကုန်းဟူက ဒီလိုပုံစံ ဘာကြောင့် ပြောတာလဲ။ သူ့ဒဏ်ရာရထားတာကို ငါက အလွယ်တကူ မြင်နေနိုင်တာပဲ။ ဒါက ဖြီးနေတာများလား။ သူက ဖြီးနေတာ မဟုတ်ဘူးဆိုရင်တော့ သူ့မှာ အကြောင်းပြချက်တစ်ခု ကောင်းကောင်း ရှိရမယ်။ ဒီအကြောင်းပြချက်က ဒီဂျူနီယာများ ဖြစ်နေနိုင်လား…”

ကျန့်ကုန်းလေ့က စိတ်ထဲ၌ အရာများစွာကို တွေးနေသည်။

“အသက်ရှူချိန်သုံးကြိမ်စာ ကုန်သွားပြီ…” ရှန်ကုန်းဟူက ရှုံ့တွနေကာ သူက မတ်တတ်ထရပ်လာသည်။ သူ့ခန္ဓာကိုယ်ထဲ၌ မိုးကြိုးများနှင့် ပြည့်နေသည်။ သူက ရှေ့သို့ ထိုးထွက်လာကာ မိုးကြိုးသားရဲကလည်း သူနှင့်အတူ လိုက်ပါလာသည်။ ၎င်းက ရှေ့သို့ တက်သွားရင်း ဝမ်လင်းထံသို့ အလိုလို လှမ်းကြည့်မိလိုက်၏။ ၎င်းမျက်လုံးထဲ၌ လေးစားကြောက်ရွံ့မှုတို့သာ ပြည့်နေတော့သည်။

မိုးကြိုးသားရဲ၏ ဝမ်လင်းထံသို့ ကြည့်လိုက်သောအကြည့်က ကျန့်ကုန်းလေ့ စိတ်ကို တုန်ယင်သွားစေ၏။ ရှန်ကုန်းဟူက ဉာဏ်နီဉာဏ်နက်များသည့် လူတစ်ယောက် ဖြစ်သော်လည်း မိုးကြိုးသားရဲကတော့ ကွာခြားပေ၏။

သူက သတိရှိသည့် လူတစ်ယောက်ဖြစ်သည့် အတွက် ချက်ချင်းပင် နောက်သို့ ဆက်ဆုတ်လာကာ အော်ပြောလိုက်သည်။ “ရှန်ကုန်းဟူ…ငါက ထောက်ထားတက်တဲ့ လူတစ်ယောက်ပဲ။ မင်းနဲ့ငါနဲ့ ဒီမှာ တိုက်ပွဲဖြစ်ရင် မင်းဂျူနီယာရဲ့ ကျင့်ကြံခြင်းကို နှောင့်ယှက်မိလိမ့်မယ်။ မင်းက တိုက်ချင်တယ်ဆိုရင်လည်း ငါတို့ ဒီနေနရာက ထွက်သွားပြီး ဂြိုဟ်သိမ်ဂြိဟ်မွှား ပြင်ပမှာ တိုက်ခိုက်ကြတာပေါ့…”

သည်က ဂျူနီယာဆိုသည့် နေရာတွင် အသံဖိ၍ ပြောလိုက်ခြင်းပင်။

ရှန်းကုန်ဟူ၏ အကြည့်က အေးစက်လာကာ သူက မိုးကြိုးကန်ထဲကနေ လှမ်းထွက်ကာ နှာခေါင်းရှုံ့၍ ဆိုလိုက်သည်။ “ဘာလို့ ဒုက္ခအများခံပြီး သွားနေမှာလဲ။ ဒီမှာလည်း အဆင်ပြေတယ်…”

ရှန်ကုန်းဟူက ထိုသို့ ပိုမို ပြုမူလေလေ ကျန့်ကုန်းလေ့က ပို၍ သံသယ ဝင်လာမိလေ ဖြစ်သည်။ သူက တိုက်ခိုက်ရမည့်အစား နောက်သို့သာ ဆုတ်နေ၏။ ရှန်ကုန်းဟူက သူ့ကို အတင်းတိုက်ခိုက်ဖို့ ကြိုးစားနေသည်မှာ ရှင်းလင်းနေသည်။

ဝမ်လင်းကို လှမ်းကြည့်သော မိုးကြိုးသားရဲ အကြည့်ထဲရှိ လေးစားကြောက်ရွံ့မှုအကြောင်း ပြန်တွေးကြည့်ရင် ကျန့်ကုန်းလေ့၏ စိတ်ထဲ၌ ဖြစ်နိုင်ချေ မရှိသော အတွေးတစ်ခု ပေါ်လာခဲ့သည်။ သူ့မျက်လုံးက လက်ခနဲ ဖြစ်သွားကာ သူက ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေလိုက်သည်။ထိုအခါ သူ့လက်ဝါးထက်၌ ခရမ်းရောင်မိုးကြိုးတန်းတစ်ခု ထွက်ပေါ်လာခဲ့သည်။ သူ့အောက်ရှိ ခရမ်းရောင်ဓားကလည်း အားကောင်းသော ဓားစွမ်းအင် တစ်ခုကို ထုတ်လွှတ်လာသည်။ ထိုအားနှစ်ခုက ပေါင်းစပ်၍ ပြင်းထန်သော ဖိအားတစ်ခုကို ဖြစ်တည်လာစေသည်။

ထိုဖိအားထဲ၌ မူလစွမ်းအင် ပါဝင်နေ၏။ ဦးဆုံးအသုံးပြုသည့် မန္တန်ဖြစ်သော်လည်း သူက မူလမန္တန်ကို သုံးစွဲလိုက်ပြီ ဖြစ်သည်။ ထိုအရာက ကျန့်ကုန်းလေ့သည် သည်တိုက်ပွဲ၌ အလွန် သတိထားနေကြောင်းကို သိသာစေ၏။

ရှန်ကုန်းဟူကလည်း ခြေတစ်လှမ်းလှမ်းကာ ကောင်းကင်ထက်သို့ လက်ညွှန်လိုက်သည်။ သူ့ဘေးရှိ မိုးကြိုးသားရဲကလည်း မာန်သွင်းကာ မရေမတွက်နိုင်သော မိုးကြိုးတန်းများကို ၎င်း၏ ခန္ဓာကိုယ်ထံသို့ စုစည်းလိုက်သည်။သူတို့နှစ်ယောက်က တုန်လှုပ်ဖွယ် မြင်ကွင်းတစ်ခုကို ဖန်တီးလိုက်ကြ၏။

သို့ရာတွင် ထိုအခိုက်အတန့်၌ ဝမ်လင်းသည် မျက်လုံးပွင့်လာကာ တည်ငြိမ်စွာ ပြောလိုက်၏။ “ရှန်ကုန်းဟူ…ငါက ဒီတိုက်ပွဲမှာ မင်းကို ကူညီပေးမှာ မဟုတ်ဘူး။ ဒါက မင်း ငါ့လက်အောက်မှာ သစ္စာခံတစ်ယောက် ဖြစ်ဖို့အတွက် စမ်းသပ်ချက်ပဲ။ မင်း ရှုံးတာနဲ့ မင်းရဲ့ တာအိုစိတ်ဝိညာဉ်ကို ငါ ပြန်ပေးမယ်…”

ဝမ်လင်းအသွင်က ပုံမှန်အတိုင်းပင်။ သို့သော် သူက စိတ်ထဲ၌ ကြိတ်၍ လေးပင်နေ၏။ သူက ရှန်ကုန်းဟူ ဖြစ်ဖြစ် ကျန့်ကုန်းလေ့ ဖြစ်ဖြစ် နှစ်ယောက်လုံးကို ဆန့်ကျင်နိုင်စွမ်း မရှိပေ။ ရှန်ကုန်းဟူ ကျရှုံးသွားသည်နှင့် သူ့အတွက် ဆိုးဝါးသည့် အခြေအနေတစ်ခု ဖြစ်လာနိုင်ပေသည်။

မူလတုန်းက သူသည် အေးအေးဆေးဆေး ကျင့်ကြံလို့ရသည့် နေရာတစ်ခုကို ရှာတွေ့ချင်ခဲ့သည်။ သို့သော် ကြည့်ရသည်မှာ ထိုသို့ ဖြစ်မလာနိုင်တော့ပေ။ ကျန့်ကုန်းလေ့ ထွက်ပေါ်လာသည့် အခိုက်မှာပင် ဝမ်လင်းက သည်လူနှင့် ပတ်သက်၍ ရင်ဆိုင်ရန် စဉ်းစားနေကာ ခုလို စကားများကို လှမ်းပြောခဲ့ခြင်း ဖြစ်တော့၏။

ရှန်ကုန်းဟူ၏ ခန္ဓာကိုယ်သည် တုန်ယင်သွားကာ သူ့မျက်လုံးထဲရှိ တိုက်ပွဲစိတ်ဆန္ဒသည် အကန့်အသတ်သို့ ရောက်ရှိလာ၏။ သူက ကျန့်ကုန်းလေ့ကို စူးစိုက်ကြည့်နေ၏။ သို့သော် သူက ဝမ်လင်းကိုလည်း လေးစားစွာ ပြန်ဖြေလိုက်သေးသည်။

“အရှင်သခင်…သက်သောင့်သက်သာ နေပါ။ ရှန်ကုန်းဟူက ရှုံးမှာ မဟုတ်ပါဘူး…”

ရှန်ကုန်းဟူက အသက်ဝဝရှူသွင်းကာ သူ့သိုလှောင်အိတ်ထဲမှ ဆေးလုံးများကို ထုတ်ယူ သောက်သုံးလိုက်သည်။

ကျန့်ကုန်းလေ့၏ အသွင်က ကြီးစွာ ပြောင်းလဲသွားချေသည်။ ဝမ်လင်းက ထိုစကားလုံးများကို ပြောလိုက်သည့်အခိုက်တွင် သူက ရှန်ကုန်းဟူ မျက်လုံးထဲရှိ ကြည်ညိုလေးစားမှုကို မြင်တွေ့ခဲ့ပေသည်။ သူက သည်လိုနာခံမှုမျိုးကို မြင်တွေ့လိုက်ရချိန်၌ သူက သူ့မျက်လုံးက မကောင်းတော့ဘူးလားဟုပါ တွေးလိုက်မိသေး၏။

သည့်အပြင် မိုးကြိုးသားရဲ၏ ခန္ဓာကိုယ်သည် ထိုလူ စကားပြောလိုက်သည့်အခါ၌ တုန်ယင်သွားခဲ့၏။ ကြည့်ရသည်မှာ ၎င်းက ကြောက်လန့်နေသည့်ပုံပင်။

အမှန်တော့ ထိုလူက သစ္စာခံခြင်းအကြောင်းနှင့် ပတ်သက်၍ ပြောခဲ့ခြင်း ဖြစ်နေ၏။ ထိုစကားက ကျန့်ကုန်းလေ့၏ စိတ်ကို ကြီးစွာ တုန်ခါစေ၏။

သည့်အပြင် ရှန်ကုန်းဟူ၏ ပြန်တုံ့ပြန်လိုက်မှုသည် ကျန့်ကုန်းလေ့ကို တုန်လှုပ်သွားစေကာ သူ့ခန္ဓာကိုယ်ပေါ်ရှိ အမွေးအမှင်တိုင်းကို ထောင်မတ်သွားစေပေသည်။

“အရှင်သခင်…” အလုံးစုံကောင်းကင်ကြယ် အဖွဲ့အစည်းကြီးတွင် သည်စကားလုံးသည် လွယ်လင့်တကူ ပြောလို့ရသည့် အရာ မဟုတ်ပေ။အထူးသဖြင့် သူတို့လို ဒုတိယအဆင့်ရှိ ကျင့်ကြံသူများအဖို့ပင်။

သူတို့ကိုယ်သူတို့ အားကောင်းသော တည်ရှိမှုတစ်ခုထံသို့ သစ္စာခံပြီးသည့်နောက် သူတို့သည် ထိုတစ်စုံတစ်ယောက်ကိုသာ အရှင်သခင်ဟုသုံးနှုန်းပေသည်။

ကျန့်ကုန်းလေ့သည် ရှန်ကုန်းဟူက ဟန်ဆောင်နေသည်ဟု သံသယ မဝင်တော့ပေ။ ရှန်ကုန်းဟူက အလွန်အမင်း မောက်မာလှသည့်သူသာ ဖြစ်သည်။ သူလိုလူမျိုးက အရှက်ခွဲခံရသည်ထက် သေဆုံးဖို့ကိုသာ ရွေးချယ်မည့်သူမျိုး ဖြစ်သည်။ ထို့အပြင် သူတို့နှစ်ယောက်က တိုက်ခိုက်လျှင်ပင် တစ်ယောက်နှင့်တစ်ယောက် သတ်ပစ်နိုင်ရန် ခက်ခဲလွန်းလှကာ အများဆုံး နှစ်ဦးလုံး ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားခြင်းနှင့်သာ အဆုံးသတ်သွားနိုင်သည်။

ကျန့်ကုန်းလေ့၏ မျက်လုံးထဲ၌ မယုံကြည်နိုင်ဟန် ဖြစ်နေကာ တုန်လှုပ်ကြောက်ရွံ့နေမိတော့သည်။

“ဖြစ်နိုင်တာ…ဖြစ်နိုင်တာက ဒီလူက မိုးကြိုးကန်ရဲ့ အတွင်းဘက်ကို ဝင်နိုင်တာ ရတနာတစ်ခုအပေါ်မှာ မှီခိုထားတာ မဟုတ်ဘဲ သူ့ကျင့်ကြံမှုအဆင့်ကို ဖုန်းကွယ်ထားတာလား…။ ဒီလိုသာ မဟုတ်ဘူးဆိုရင် ဒီလောက် မောက်မာလှတဲ့ ရှန်ကုန်းဟူက သူ့ကို အရှင်သခင်လို့ ဘယ်ခေါ်ပါ့မလဲ…”

ကျန့်ကုန်းလေ့သည် လေအေးတစ်ချက် ရှိုက်သွင်းမိလိုက်သည်။ သူက နောက်သို့ မြန်ဆန်စွာ ဆက်၍ ဆုတ်သည်။ သူက သူ့စိတ်ကို အမြန်ပြောင်းလဲ၍ ချက်ချင်း လှမ်းပြောလိုက်သည်။ “အစ်ကို ရှန်ကုန်းဟူ…စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့ဦး…”

ရှန်းကုန်ဟူ၏ မျက်လုံးက အေးစက်လာကာ သူ့လက်ထဲရှိ ဆေးလုံးအခွံကို ခြေမွလိုက်သည်။ ထိုဆေးလုံးအတွင်းထဲ၌ အနီရောင်ဆေးလုံးတစ်လုံးရှိနေကာ သူက ယင်းဆေးလုံးကို မျိုချလိုက်လေ၏။ သူ့အော်ရာက ပြင်းထန်လာကာ လွှမ်းမိုးနိုင်ခြင်းက ချက်ချင်း လိုက်ပါလာချေသည်။

“ကျန့်ကုန်းလေ့…ငါနဲ့တိုက်ပါ…” မာန်သွင်းသံနှင့်အတူ ရှန်ကုန်းလေ့၏ ညာလက်သည် ကောင်းကင်ထက်သို့ ညွှန်လိုက်ချေ၏။ သူ့ခန္ဓာကိုယ်ထဲမှ မူလစွမ်းအင်များက ထိုးထွက်လာခဲ့ကာ လေဟာနယ်ထဲမှ မိုးကြိုးတန်းသည် နဂါးတစ်ကောင်ကဲ့သို့ သက်ဆင်းလာချေသည်။

ထိုလှုပ်ရှားမှုက မိုးကြိုးကန်ကိုပါ သက်ရောက်သွားစေသည်။ မရေမတွက်နိုင်သော မိုးကြိုးများသည် ရှန်ကုန်းဟူထံသို့ လာရောက် စုဝေးကြသည်။

ဝမ်လင်းသည် ရှန်ကုန်းဟူ၏ မူလမန္တန်ကို တွေ့မြင်လိုက်ရချိန်တွင် သူ့မျက်လုံးက ထူးဆန်းစွာ လင်းလက်သွားသည်။ ထိုမန္တန်က အလွန်အားကောင်းလှ၏။ ၎င်းမန္တန်ထဲက လူတစ်ယောက်၏ မူလစွမ်းအင်ကို သုံးစွဲကာ ကောင်းကင်ဘုံမိုးကြိုးကို ဆင့်ခေါ်ထုတ်မှုတို့ ပါဝင်နေသည်။ သည်အရာက မူလမီးပြင်းဖိုမန္တန်ထက် တစ်စက်လေးမျှ အားမနည်းပေ။

၎င်းမန္တန်က မူလမီးပြင်းဖို မန္တန်လောက် မကြီးကျယ်သော်လည်း ယင်းမန္တန်က ပို၍ စွမ်းအားကောင်းနေသည်။

ကျန့်ကုန်းလေ့၏ အသွင်က ပြောင်းလဲသွားကာ နောက်သို့ ထပ်ဆုတ်လိုက်ပြန်သည်။ တစ်ချိန်တည်းမှာပင် သူ့ခြေထောက်က လှုပ်ရှားသွားရာ သစ်သားဓားက ပျံသန်းထွက်သွားသည်။ သူက သစ်သားဓားကို လက်ညွှန်ကာ ရှေ့သို့ ထိုးထွက်သွားစေသည်။ ခရမ်းရောင်အလင်း ဖုံးအုပ်ထားသည့် သစ်သားဓားသည် ပြင်းထန်သော တုန်ဟည်းမှုကို သယ်ဆောင်လာတော့၏။

ရှန်ကုန်းဟူ၏ မျက်လုံးထဲ၌ တိုက်ပွဲစိတ်ဆန္ဒတို့နှင့် ပြည့်လို့နေသည်။ သူက သည်တိုက်ပွဲတွင် သူ့ခွန်အားအပြည့်ကို ပြသချင်နေသည်မှာ စီနီယာက သူ့ကို စောင့်ကြည့်နေခြင်းကြောင့် ဖြစ်တော့၏။

****

Comment

Leave a Reply

Options

not work with dark mode
Reset