“မိုးကြိုးကန်ရဲ့ ပိုနက်တဲ့အပိုင်းမှာ စုပ်ယူရင် ငါ့အမြန်နှုန်းကို မြင့်တက်စေနိုင်လိမ့်မယ်။ ငါက အစွန်းအဖျားမှာပဲနေနေရင် မိုးကြိုးကို ဆယ်ဆလောက် ပိုစုပ်ယူတယ် ဆိုရင်တောင် ရလဒ်ကတော့ တူတူပဲ ဖြစ်နေလိမ့်မယ် …”
ဝမ်လင်းက မိုးကြိုးကန်၏ အလယ်သို့ ဆက်လှမ်းကာ သွားနေရင်း စဉ်းစားနေသည်။
သူ့ခြေလှမ်းတိုင်းက တုန်ခါမှုလှိုင်းတစ်ခုကို မိုးကြိုးကန်၌ ဖြစ်ပေါ်သွားစေသည်။ သူ့ခြေလှမ်းက မရေမတွက်နိုင်သော မိုးကြိုးများကို ဆွဲဆောင်သလို ဖြစ်နေ၏။
ဝမ်လင်းက စိတ်အာရုံစိုက်ထားကာ သူ့မျက်လုံးထံမှ လျှပ်စီးတို့ကို ပေးစွမ်းလို့နေသည်။ သူ့မူလစိတ်ဝိညာဉ်သည် ခုချိန်၌ သူ့စိတ်နှလုံးကဲ့သို့ ဖြစ်နေ၏။ သူ့နှလုံးခုန်သံထဲ၌ပင် မိုးကြိုးနှင့် ပြည့်နေတော့သည်။
သူ့ခန္ဓာကိုယ်ကလည်း မိုးကြိုးနှင့် ပြုလုပ်ထားခြင်းဖြစ်၏။ ထို့ကြောင့် သူ့မူလစိတ်ဝိညာဉ်က မိုးကြိုးကို ထုတ်လွှတ်သည့်အချိန်တိုင်း သူ့ခန္ဓာကိုယ်သည် မိုးကြိုးများနှင့် အတားအဆီးမရှိ ပြည့်နေတော့သည်။ မိုးကြိုးက သူ့ခန္ဓာကိုယ်အနှံ့ ရွေ့လျားနေကာ ပေါက်ကွဲမှုများကို ဆက်တိုက် ဖြစ်ပေါ်စေသည်။
ဝမ်လင်းက နောက်ထပ် ခြေတစ်လှမ်း လှမ်းလိုက်ပြန်သည်။
မိုးကြိုးကန်ထဲ၌ မိုးကြိုးမုန်တိုင်းတစ်ခုသည် ချက်ချင်း ပေါ်ထွက်လာကာ မိုးကြိုးပမာဏများစွာကို ဆွဲဆောင်လာသည်။ မိုးကြိုးတန်းများက အဆက်မပြတ်ကျဆင်းလာကာ သက်ရှိအားလုံးကို ရှေ့ဆက်မသွားနိုင်အောင် ကာဆီးထားသလို ဖြစ်နေသည်။
သည်မိုးကြိုးထဲ၌ အားကောင်းသော မိုးကြိုးခွန်အားတစ်ခု ပါဝင်နေသည်။ နှိုင်းယှဉ်ကြည့်ပါက ဝမ်လင်း၏ မူလစိတ်ဝိညာဉ်ထဲရှိ မိုးကြိုးခွန်အားသည် လမင်းကို အန်တုသည့် ပိုးစုန်းကြူးလို ဖြစ်နေပေသည်။
“ဒီနေရာက အလွန်ထူးဆန်းလွန်းတယ်။ ဒီနေရာမှာ ရှိတဲ့ မိုးကြိုးခွန်အားက တော်တော်လေး အံ့အားသင့်ဖွယ် ကောင်းလှတယ်…”
ဝမ်လင်းက ခြေလှမ်းလိုက်တိုင်း မိုးကြိုးကန်အနှံ့တွင် ပေါက်ကွဲမှုများ ပဲ့တင်ထပ်ကုန်ကြသည်။
သူက ရပ်တန့်ခြင်းမရှိဘဲ ခြေဆယ်လှမ်း ဆက်လှမ်းလာခဲ့သည်။ ခြေလှမ်းတိုင်းတွင် မိုးကြိုးက ပို၍ ကြမ်းတမ်းလာခဲ့လေ၏။
ဝမ်လင်းက နောက်ထပ် တစ်လှမ်း ဆက်လှမ်းနိုင်ခြင်း မရှိတော့ပေ။ ခုလက်ရှိတွင် သူက မိုးကြိုးကန်၏ အစွန်းပိုင်းတွင်သာ ရှိလို့နေသေးသည်။ သို့သော် သူ့မူလစိတ်ဝိညာဉ်သည် ရှေ့ရှိ မိုးကြိုးများကို ဆက်လက် မခုခံနိုင်တော့ပေ။ သူက နောက်ထပ် တစ်လှမ်း လှမ်းလိုက်ပါက သူ့မူလစိတ်ဝိညာဉ်သည် ဒဏ်ရာရသွားနိုင်သည်ဟု ခံစားမိနေသည်။
“ငါ့မူလစိတ်ဝိညာဉ်က ရှေးဟောင်းမိုးကြိုးနဂါးရဲ့ တစ်ဝက်တိတိကို ဝါးမျိုခဲ့ပြီး ငါ့ခန္ဓာကိုယ်ဟာလည်း မိုးကြိုးနဲ့ ပြုပြင် တည်ဆောက်ခဲ့တာ ဖြစ်တယ်။ ငါ့တစ်ကိုယ်လုံးက အစစ်အမှန်မိုးကြိုးနဲ့ ကွာခြားမှု မရှိသလောက်ပဲ။ ဒါပေမဲ့လည်း ငါက ဒီနေရာမှာ ရပ်မှ ဖြစ်တော့မယ်။ ဒီနေရာမှာ ရှိတဲ့ မိုးကြိုးက တော်တော်လေးကို စွမ်းအားကောင်းလွန်းလှတယ်….”
ဝမ်လင်းက သူ့စိတ်ထဲ၌ ဝန်လေးနေမိ၏။ သူက စတင်စဉ်းစားနေသည်။
သိပ်မဝေးသော နေရာတွင် ရှိနေသော ရှန်ကုန်းဟူက မျက်မှောင်ကြုတ်သွားကာ သူ့မျက်လုံးထဲ၌ စိတ်ပျက်ဟန် အရိပ်အမြွက်တို့ ဖြစ်ပေါ်လာသည်။ သူ့မျက်လုံးထဲရှိ ကြည်ညိုနေမှုပင် ဝမ်လင်းကို ကြည့်နေရင်း လျော့ပါးလာခဲ့သည်။ သူက တွေးလိုက်မိ၏။ “ဒါမဟုတ်သေးဘူး။ စီနီယာရဲ့ ကျင့်ကြံမှုအဆင့်နဲ့ဆိုရင် ဒီနေရာမှာ ဘာကြောင့် ရပ်နေရမှာလဲ။ ဖြစ်နိုင်တာက…” သူ့မျက်လုံးက လက်ခနဲ ဖြစ်သွား၏။
သူ့ဘေးရှိ မိုးကြိုးသားရဲကိုယ်လည်း အနီးကပ်ကြည့်လိုက်ပါက ၎င်းမျက်လုံးထဲရှိ ကြောက်ရွံ့မှုက အနည်းငယ် လျော့ပါးလာသည်ကို တွေ့ရပေမည်။
ငွေရောင်ဦးချို မိုးကြိုးသားရဲကတော့ လှုပ်ရှားခြင်းပင် မပြုပေ။ သူက ထိုရလဒ်ကို ကြိုသိနေသကဲ့သို့ ဆက်လက်၍ ကျင့်ကြံလို့သာ နေသည်။
ဝမ်လင်းက ထိုနေရာတွင် ဆက်လက် မတ်တတ်ရပ်နေလေလေ ရှန်ကုန်းဟူ၏ စိတ်ပျက်မှုက ပိုပြင်းထန်လာလေ ဖြစ်သည်။ သူက သက်ပြင်းမှုတ်ထုတ်လိုက်သည်။ သူက သူသစ္စာခံထားသော သူ၏ အားကောင်းသော မန္တန်တစ်ခုကို ကြည့်လိုနေခြင်းသာ ဖြစ်၏။ သို့သော် ကံမကောင်းစွာနှင့် သူက မည်သည့်အရာကိုမျှ မြင်တွေ့ရခြင်း မရှိပေ။
ထို့အတွက်ကြောင့် ဝမ်လင်းအပေါ် သူ့ကြည်ညိုနေမှုက တော်တော်လေး လျော့ကျလာခဲ့ပေသည်။
“ခြေလှမ်းတစ်ရာက ခုချိန်မှာ ငါ့ခွန်အားနဲ့ ဖြတ်ကျော်နိုင်တဲ့အရာ မဟုတ်ပေမဲ့လည်း ငါကျင့်ကြံမှုအဆင့်က နိဗ္ဗာနကြိုမြင်ခြင်းအဆင့်ကို ချိုးဖျက် ရောက်ရှိတာနဲ့ ဒါက ငါ့အတွက် ဘာမှမဟုတ်တော့ဘူး။ ဒါပေမဲ့လည်း စီနီယာတစ်ယောက်အနေနဲ့ ဘယ်လိုလုပ် ဒီလောက်ပဲ သန်မာသင့်ပါ့မလဲ…”
ရှန်ကုန်းဟူ၏ အသွင်က သုန်မှုန်လာခဲ့တော့သည်။ သူက သေသေချာချာ စတင် စောင့်ကြည့်လာခဲ့သည်။
ဝမ်လင်းက သူ့ရှေ့ရှိ မိုးကြိုးကန်ကို ကြည့်နေ၏။ ထိုအခိုက်အတန့်၌ သူက အရာအားလုံးကို မေ့နေသကဲ့သို့ပင်။ သူ့ပတ်လည်ရှိ အရာအားလုံးကလည်း ပျောက်ကွယ်သွားကာ မိုးကြိုးကန်တစ်ခုသာ သူ့အတွက် တည်ရှိတော့သည်။
အချိန်မည်မျှကြာသွားမှန်း မသိပြီးနောက် အချိန်ကိုပါ မေ့နေပြီးနောက် အရာအားလုံးကို မေ့နေပြီးနောက် ဝမ်လင်း ခန္ဓာကိုယ်သည် လှုပ်ရှားလာခဲ့သည်။
သူက ရှေ့သို့ ပေါ့ပေါ့ပါးပါး ဆက်လျှောက်လိုက်သည်။ သူ့ခြေလှမ်းများက အလွန်ပေါ့ပါးနေလေ၏။ သူ့ခြေထောက်အောက်၌ပင် မိုးကြိုးတန်းတစ်ခုက ခြေချလိုက်တိုင်း ဖြစ်ပေါ်လာနေသည်။
သူက မိုးကြိုးတန်းပေါ်သို့ ခြေချနင်းနေသကဲ့သို့ပင် ထင်မှတ်ရသည်။
ရှန်ကုန်းဟူ၏ မူလတုန်းက ပျောက်ကွယ်နေသော ကြည်ညိုမှုက ပြန်ဖြစ်ပေါ်လာကာ သူ့သုန်မှုန်နေသော အသွင်ကလည်း မှင်တက်လာသည်။သူက ဉာဏ်အလင်းအချို့ကို ရလိုက်သည်ဟု ထင်မှတ်ရသည်။ သို့သော် သူက ၎င်းကို နားမလည်ပေ။
ချပ်ဝတ်နှင့်မိုးကြိုးသားရဲကလည်း မှင်တက်သွားချေ၏။ ၎င်း၏ မျက်လုံးက ဝမ်လင်းကို ကြည့်နေရင်း ကျဉ်းမြောင်းသွားသည်။
ဝမ်လင်းအသွင်က ပုံမှန်အတိုင်း အေးအေးဆေးဆေးသာ ရှိနေ၏။ သူ့မျက်လုံးများက ခြေလှမ်းနေရင်း ဗလာကင်းမဲ့နေသည်။
အစကနေ အဆုံးထိ ဝမ်လင်းက အလွန်ပေါ့ပါးစွာ ရှေ့သို့ ဆက်လျှောက်သွားနေခဲ့သည်။ သူ ခြေလှမ်းလိုက်တိုင်းတွင်လည်း မိုးကြိုးတန်းတစ်ခုက သူ့ခြေထောက်အောက်တွင် ပေါ်လာနေခဲ့သည်။
ရှန်ကုန်းဟူက မျက်လုံးအပြူးသား ဖြစ်လို့နေ၏။ သူ့မျက်လုံးထဲ၌ အံ့အားသင့် တုန်လှုပ်ခြင်းနှင့် ပြည့်နေကာ သူက လေအေးတစ်ချက် ရှိုက်သွင်းမိလိုက်သည်။ သူ့စိတ်ပျက်နေမှုသည်လည်း ချက်ချင်း ပြန်ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ သူက ဝမ်လင်းကို စူးစိုက်ကြည့်နေရင်း သူ့မျက်လုံထဲရှိ မှင်တက်နေမှုက ပိုပို အားကောင်းလာခဲ့သည်။
သူ့အမြင်တွင် တစ်ကြိမ်ဆိုလျှင် တိုက်ဆိုင်သည်၊ နှစ်ကြိမ်၊ သုံးကြိမ်ဆိုလျှင်ပင် တိုက်ဆိုင်ခြင်း သို့မဟုတ် ကံကောင်းခြင်း ဖြစ်နေနိုင်သေး၏။ သို့သော် ဝမ်လင်း၏ ခြေလှမ်းတိုင်းတွင် သူ့ခြေထောက်အောက်၌ မိုးကြိုးတန်းက ပေါ်လာနေခဲ့သည်။
ဤအရာက တိုက်ဆိုင်ခြင်း သို့မဟုတ် ကံကောင်းခြင်းဆိုသည့် စကားများနှင့် ဆက်၍ ရှင်းပြနိုင်တော့မည် မဟုတ်ပေ။ ထိုအရာက သူ့စိတ်ကူးနိုင်မှုထက် ကျော်လွန်နေသည်။
သည်အခိုက်အတန့်၌ သူ့အမြင်တွင် ဝမ်လင်းသည် ကမ္ဘာလောကထဲရှိ မိုးကြိုးအားလုံး၏ အရှင်သခင် ဖြစ်နေသည်ဟု ထင်နေမိသည်။ မိုးကြိုးကန်၏ ထူးဆန်းသော ပြုမူပုံက ဝမ်လင်းကို ကြိုဆိုနေသည်မှာ ရှင်းလင်းနေသည်ဟု သူက ထင်မြင်နေမိသည်။
“ကြိုဆိုတာ…ဟုတ်တယ်…ဒါက သူ့ကို ကြိုဆိုနေတာပဲ…” သည်အခိုက်အတန့်၌ သူ့ခန္ဓာကိုယ်ထဲ၌ စိတ်လှုပ်ရှားမှုက မုန်တိုင်း ထန်နေတော့သည်။
သူက နှစ်နှစ်တိတိ ထိုသို့သော မန္တန်များကို မြင်ရဖို့ စောင့်ဆိုင်းနေခဲ့ပြီး ဖြစ်သည်။
သူ့ဘေးရှိ ချပ်ဝတ်နှင့် မိုးကြိုးသားရဲသည် ရုတ်တရက် ခေါင်းမော့ကြည့်လာ၏။ ထိုမိုးကြိုးသားရဲ၏ စိတ်ထဲတွင် ကြောက်ရွံ့လေးစားမှုက နောက်တစ်ဖန် ပေါ်လာပြန်သည်။ မိုးကြိုးအပေါ် နားလည်မှု၌ မိုးကြိုးသားရဲသည် ၎င်း၏ သခင်ထက် သာလွန်ပေ၏။ ၎င်း၏အမြင်တွင် မိုးကြိုးကန်သည် ဝမ်လင်းကို ကြိုဆိုနေခြင်း မဟုတ်ပေ။ ၎င်းက ဝမ်လင်း၏ ခြေလှမ်းတိုင်းသည် မိုးကြိုးကန်ပေါ်ရှိ ပင်မသွေးကြောနေရာသို့ ချနင်းနေခြင်း ဖြစ်သည်ဟု ထင်မြင်နေမိသည်။
သိပ်မဝေးသော နေရာတွင်ရှိနေသော တစ်ခါမျှ ကဲမကြည့်သော ငွေရောင်ဦးချို မိုးကြိုးသားရဲပင် ရုတ်တရက် လှဲလျောင်းနေရာကနေ ထရပ်လာခဲ့သည်။ ၎င်းက ဝမ်လင်းထံသို့ စူးစိုက်ကြည့်နေရင်း ဘယ်တုန်းကမျှ မဖြစ်ခဲ့ဖူးသော ကြောက်ရွံ့မှုနှင့် ပြည့်လို့နေတော့သည်။
ဝမ်လင်းအမြင်တွင် သူက မိုးကြိုးကန်ဟူ၍ ဆက်လက် မမြင်တော့ပဲ အလင်းတန်းများ ပေါ်လိုက် ပျောက်လိုက်ဟုသာ မြင်နေခဲ့ပေသည်။ သူ ခြေချလိုက်သည့် အခါတိုင်းတွင် သူက တောက်ပသော အလင်းပေါ်သို့ ကျရောက်လို့သွားစမြဲ ဖြစ်နေ၏။
သူက သူ့စိတ်နှလုံးထဲရှိ ဉာဏ်အလင်းကို ရရှိနေသကဲ့သို့ ထင်မှတ်ရသည်။ သူက တစ်လှမ်းပြီးတစ်လှမ်း လှမ်းနေကာ အရာရာကို မေ့နေသည့်ပုံ ပေါ်သည်။
ရှန်ကုန်းဟူ၏ ခန္ဓာကိုယ်သည် တုန်ယင်နေသည်။ သူက မျက်တောင်တစ်ချက်မျှ မခတ်ဝံ့သလို ဖြစ်နေသည်။ သူက ဖြစ်ပျက်နေသည် တစ်ခဏကိုပင် လွတ်မသွားလိုပေ။ သူက သူ့ရှေ့တွင် ဖြစ်ပျက်နေသမျှကိုပင် မယုံကြည်နိုင် ဖြစ်နေသည်။ ဝမ်လင်းက မြန်သည်ထက် မြန်လာခဲ့သည်။ သို့သော် သူ ခြေလှမ်းတိုင်းတွင် သူ့ခြေထောက်အောက်တွင် မိုးကြိုးတန်းက ပေါ်လာခဲ့သည်သာ ဖြစ်သည်။
အဆုံးသတ်တွင် ဝမ်လင်း၏ခန္ဓာကိုယ်က မိုးကြိုးများ တဖျတ်ဖျတ် တောက်ပမှုကို ပေးစွမ်းလာခဲ့ချေသည်။ သည့်နောက် ပြင်းထန်သော မိုးကြိုးမုန်တိုင်းတစ်ခုက သူ့ပတ်လည်တွင် အထိုင်ချလာခဲ့သည်။ သူက ကြမ်းတမ်းသော မိုးကြိုးလှိုင်းများကြားတွင် တည်ငြိမ် ခိုင်မြဲနေတော့၏။
“သိပ်ကြောက်ဖို့ ကောင်းတယ်…ဒါ…ဒါက အစစ်အမှန်မိုးကြိုးမန္တန်ပဲ…။ အစစ်အမှန် မိုးကြိုးမန္တန်ပဲ…”
ရှန်ကုန်းဟူ၏ မျက်လုံးထဲရှိ ကြည်ညိုမှုသည် တိုးပွားသည်ထက် တိုးလာခဲ့ချေသည်။ သူ့နှလုံးက ခုန်ပေါက်ကာ ရင်ဘတ်ပင် နိမ့်ချည်မြင့်ချည် ဖြစ်နေတော့သည်။
ဝမ်လင်းအပေါ်သူ့ကြည်ညိုမှုသည် အဆင့်သစ်တစ်ခုသို့ပင် ရောက်ရှိလာခဲ့ကာ မျက်ကန်းယုံကြည်မှုဟုပင် ယူဆနိုင်ပေသည်။
သူ့ဘေးရှိ မိုးကြိုးသားရဲသည်လည်း ပြင်းပြင်းထန်ထန် လှုပ်ခါနေ၏။ ၎င်းခံစားနေရသည့် လေးစားကြောက်ရွံ့မှုသည် ပိုပြင်းထန်လာခဲ့သည်။မိုးကြိုးအပေါ် ၎င်း၏ ခံစားချက်သည် ရှန်ကုန်းဟူထက်ပို၍ လေးနက်ထည်ဝါပေသည်။ ၎င်းက ဝမ်လင်းသည် မိုးကြိုးများ၏ မူလဘူတဟုပင် တွေးထင်နေမိသည်။ ၎င်း၏ စိတ်ဝိညာဉ်ထဲမှ လာသည့် လေးစားကြောက်ရွံ့မှုသည် ၎င်းကို လုံးလုံးလျားလျား အညံ့ခံအောင် ပြုလုပ်နေတော့သည်။
သည်အခိုက်အတန့်၌ ဝမ်လင်းသည် ၎င်းသားရဲကို ရှန်ကုန်းဟူကို တိုက်ခိုက်ပါဟု ပြောလိုက်လျှင် ၎င်းမိုးကြိုးသားရဲသည် သူ့သခင်ကို တုံ့ဆိုင်းခြင်းမရှိ တိုက်ခိုက်ပေလိမ့်မည်။
ဝမ်လင်း၏ ငွေရောင်ဦးချို မိုးကြိုးသားရဲက ပို၍ပင် တုန်လှုပ်နေ၏။ ၎င်းက ဝမ်လင်းကို စူးစိုက် ကြည့်နေရင်း မယုံကြည်နိုင်ဟန် ဖြစ်နေသည်။ ၎င်း၏ခန္ဓာကိုယ်တစ်ခုလုံးကလည်း ၎င်း၏ အသိဉာဏ်အမွေအနှစ်ထဲရှိ မှတ်ဉာဏ်များကြောင့် တုန်ယင်လို့နေတော့သည်။
သည်အခိုက်အတန့်၌ ဝမ်လင်းက ခြေလှမ်းရာကနေ ရပ်တန့်လိုက်ရာ သူ့ရှေ့ရှိ ထူးဆန်းသော မြင်ကွင်းသည် ပျောက်ကွယ်သွားတော့သည်။ သူ့ခန္ဓာကိုယ် ရပ်တန့်သွားသည့် အခိုက်မှာပင် ဝမ်လင်းသည် သတိပြန်ဝင် နိုးထလာချေသည်။
သူ့မျက်လုံးထဲ၌ စိတ်ရှုပ်ထွေးမှုတို့ ရှိနေကာ အချိန်အတန်ကြာမှ သူက ပုံမှန် ပြန်ဖြစ်လာခဲ့သည်။ သည်အရာက မိုးကြိုးအပေါ် သူ့နားလည်မှုကို ပိုမို၍ လေးနက် ထည်ဝါလာစေခဲ့သည်။ သူက အခု ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးသည် သူ တွေ့မြင်ခဲ့သည့် တတိယအဆင့်နှင့် ဆက်နွှယ်နေကြောင်းကို သိနေပေသည်။ သည်တတိယအဆင့်ကို တွေ့မြင်မှုသည် သူ့တိုက်ခိုက်ခြင်းစွမ်းအားကို မတိုးတက်စေသော်လည်း ၎င်းက မည်သည့်ကောင်းကင်ဘုံမန္တန်၊ ရတနာနှင့် မဆို ပို၍ပို၍ အရေးကြီးပေသည်။
ထိုသိမြင်မှုက ပုရွတ်ဆိတ်တစ်ကောင်သည် လူသားကမ္ဘာရှိ မြို့ကြီးပြကြီးများကို တွေ့မြင်ခဲ့ပြီးနောက် ၎င်း၏ နေထိုင်ရာ တွင်းထဲသို့ ပြန်ရောက်သည့်အချိန်၌ ထိုပုရွတ်ဆိတ်သည် ပုရွတ်ဆိတ်ကမ္ဘာနှင့် လူသားကမ္ဘာနှစ်ခုကြားရှိ ကွာခြားမှုကို သတိပြုမိခြင်းနှင့် ဆင်တူနေပေသည်။
ဝမ်လင်းသည်လည်း ခုလက်ရှိတွင် ထိုသို့ ခံစားမိနေခြင်းပင်။
သူက ပုံမှန်ပြန်ဖြစ်လာသည်နှင့် သူ့ကိုယ်သူ မိုးကြိုးကန်၏ အတွင်းနက်ပိုင်းသို့ ရောက်နေသည်ကို တွေ့လိုက်ရသည်။ သူက အလယ်နှင့် အလှမ်းကွာနေသေးသော်လည်း ထိုအကွာအဝေးသည် ပြောပလောက်အောင် မဟုတ်တော့ပေ။
သည်အခုနေရာပတ်လည်ရှိ မိုးကြိုးများက မိုးကြိုးကန်၏ အစွန်အဖျားရှိ မိုးကြိုးများထက် များစွာ သိပ်သည်းနေပေသည်။ သည်နေရာရှိ မိုးကြိုးများအားလုံးသည် မူလစွမ်းအင်ပမာဏများစွာ ပါဝင်နေ၏။ ဝမ်လင်းက ထိုင်ချကာ မိုးကြိုးမျှင်တစ်ခုကို စုပ်ယူလိုက်လေသည်။
ထိုမိုးကြိုးအမျှင်တန်းက သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာချိန်တွင် သူ့ကို ချက်ချင်း တုန်ယင်သွားစေ၏။ ပြင်းထန်သောအားတစ်ခုက သူ့ကို လှုပ်ခါလိုက်စေသကဲ့သို့ပင်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးက ထုံထိုင်းမှုကို ခံစားလိုက်ရကာ သူ့မူလစိတ်ဝိညာဉ်သည်လည်း တဖြည်းဖြည်းချင်း ငြိမ်သက်လာခဲ့သည်။
ရှန်ကုန်းဟူသည် သူ့အကြည့်ကို ပြန်ရုပ်သိမ်းလိုက်သည်။ ဝမ်လင်းအပေါ် သူ့ကြည်ညိုလေးစားမှုသည် အထွတ်အထိပ်သို့ ရောက်နေခဲ့လေပြီ။ သူသည် စောစောပိုင်းက ဉာဏ်အလင်းအချို့ကို ရရှိနိုင်ခဲ့၏။ ထို့ကြောင့် သူက အလွန်စိတ်လှုပ်ရှားနေမိသည်။ သူက ထိုင်ချ၍ ထိုဉာဏ်အလင်းကို ကျင့်ကြံရန် ဟန်ပြင်လိုက်စဉ် ရုတ်တရက် မျက်မှောင်ကြုတ်သွားသည်။ သူ့မျက်လုံးများက အေးစက်လာကာ သူက အကွာအဝေးတစ်ခုရှိ ဂြိုဟ်သိမ်ဂြိုဟ်မွှား ကွင်းပြင်ထံသို့ ကြည့်လိုက်လေသည်။
သိပ်မကြာခင်တွင် ခရမ်းရောင် အလင်းတန်းတစ်ခုသည် ပျံသန်းလာခဲ့တော့၏။ ထိုအလင်းတန်း အတွင်း၌ သစ်သားဓားတစ်လက် ရှိနေသည်။ ထိုသစ်သားဓားပေါ်၌ လူတစ်ယောက်က မတ်တတ်ရပ်လျက် လိုက်ပါလာသည်။
“ဒီနေရာက တော်တော်လေး အသက်ဝင်နေတာပဲ…”
လှောင်ပြောင်သော အသံတစ်ခုသည် တဖြည်းဖြည်းချင်း ရောက်ရှိလာချေသည်။
*****