ရှန်ကုန်းဟူ၏ တာအိုစိတ်ဝိညာဉ်ကို ခံစားနေရင်း ဝမ်လင်းအသွင်က ပုံမှန်အတိုင်း ရှိနေသည်။ သည်လူ၏ ကျင့်ကြံမှုနယ်ပယ်က လင်းထျန်ဟူနှင့် ဆင်တူ၏။ သို့သော် သူတို့နှစ်ယောက်၏ နယ်ပယ်ကြား ကွာခြားမှုတို့ ရှိပေသည်။ သို့ရာတွင် ဝမ်လင်းက ရှန်ကုန်းဟူ၏ ဘဝအတွေ့အကြုံများကို နားမလည်သောကြောင့် သူ့နယ်ပယ်ပုံရိပ်ကို ပြည့်ပြည့်စုံစုံ ရရှိနိုင်စွမ်း မရှိပေ။
“မိုးကြိုးကောင်းကင်ဘုံနယ်မြေ ပွင့်ဖို့ ဘယ်လောက် ကြာဦးမှာလဲ…” ဝမ်လင်းက တည်ငြိမ်စွာ ပြောလိုက်သည်။ သူ့မျက်လုံးကို အနည်းငယ်ပင် မှေးစင်းလိုက်သည်။
ရှန်ကုန်းဟူက လေးစားစွာ ပြောလိုက်သည်။ “ဆယ်နှစ်ကျော်ပဲ လိုပါတော့တယ် …။ အဲဒီကျရင် လူတစ်ယောက်က မိုးကြိုးမီးပြင်းဖိုကို အသုံးပြုပြီး ဝင်ရောက်နိုင်ပါတယ် …”
ဝမ်လင်းက အနည်းငယ် စဉ်းစားလိုက်သည်။ သူက မိုးကြိုးကောင်းကင်နယ်မြေကို တော်တော်လေး စိတ်ဝင်စားမိနေသည်။ သူက မိုးကောင်းကင်ဘုံနယ်မြေသို့ ဝင်ရောက်ခဲ့စဉ်က မည်သည့် ကောင်းကင်ဘုံ ကျောက်စိမ်းပြားကိုမှ စုပ်ယူနိုင်ခဲ့ခြင်း မရှိသေးပေ။ သို့ရာတွင် ခုတစ်ကြိမ်တွင်တော့ သူက စုပ်ယူနိုင်မည် ဖြစ်၏။ မိုးကြိုးကောင်းကင်ဘုံ နယ်မြေသို့ သွားမည့်ခရီးစဉ်က သူ့ကျင့်ကြံမှုအဆင့်ကို ပြီးပြည့်စုံသွားစေနိုင်၏။
“ကောင်းကင်ဘုံနယ်မြေက ပျက်စီးသွားခဲ့ပြီ။ ကောင်းကင်ဘုံနယ်မြေထဲကို ဝင်ရောက်ဖို့အတွက် အတားအဆီးက ဘာများဖြစ်မလဲ…” ဝမ်လင်းက ရှန်ကုန်းဟူကို ကြည့်နေ၏။ သူ့မျက်လုံးများက တောက်ပလို့နေသည်။
ရှန်ကုန်းဟူက မှင်တက်သွား၏။ ခဏတာ တုံ့ဆိုင်းသွားပြီးနောက်မှ သူက ဝမ်လင်းစကားကို အခြေခံကာ ထင်မြင်ချက်အချို့ ပြုလုပ်နိုင်ခဲ့၏။
ဝမ်လင်းက တည်ငြိမ်စွာဖြင့် ပြောလိုက်၏။ “ဒီအဘိုးအိုက အလုံးစုံကောင်းကင်ကြယ် အဖွဲ့အစည်းက မဟုတ်ဘူး…”
ရှန်ကုန်းဟူ စိတ်ထဲရှိ ယောက်ယက်ခတ်သွားသည့် အတွေးများက ပျောက်ကွယ်သွားချေ၏။
“စီနီယာ…အလုံးစုံကောင်းကင်ကြယ် အဖွဲ့အစည်းရဲ့ မိုးကြိုးကောင်းကင်ဘုံနယ်မြေက ပြင်းပြင်းထန်ထန် ထိခိုက်ပျက်စီးနေခြင်း မရှိပါဘူး။ အထဲကို ဝင်ရောက်နိုင်ဖို့ ကျင့်ကြံမှု ကန့်သတ်ချက်ကတော့ အာဏာတက်ခြင်း နောက်ဆုံးအဆင့် ပါ။ ဒါပေမဲ့လည်း မိုးကြိုးကောင်းကင်ဘုံနန်းတော်မှာ ဒုတိယအဆင့် ကျင့်ကြံသူတွေပါ အထဲကို ဝင်ရောက်နိုင်မဲ့ နည်းလမ်းတစ်ခု ရှိနေပါတယ်။ ဒါပေမဲ့ မိုးကြိုးကောင်းကင်ဘုံနယ်မြေထဲမှ သူတို့အတွက် ကန့်သတ်ချက်က နိဗ္ဗာနကြိုမြင်ခြင်း အစောပိုင်းအဆင့်ထက် ပိုလွန်ပြီး သူတို့ရဲ့ ခွန်အားကို အသုံးပြုလို့မရပါဘူး…”
ဝမ်လင်းက ခေါင်းညိတ်ပြကာ နောက်ထပ် အချက်အလက်အနည်းငယ် ထပ်မေးလိုက်၏။ သည်မိုးကြိုးကောင်းကင်ဘုံ နယ်မြေက မိုးကောင်းကင်ဘုံနယ်မြေနှင့် ဆင်တူပေသည်။ တကယ်တော့ လွန်ခဲ့သည့် မရေမတွက်နိုင်သော နှစ်ပေါင်းများစွာတုန်းက မိုးနှင့်မိုးကြိုးကောင်းကင်ဘုံနယ်မြေများသည် ရှေးဟောင်း ကောင်းကင်ဘုံနယ်မြေသို့ သွားရောက်သည့် လမ်းကြောင်းများ ဖြစ်ကြပေသည်။
မိုးကြိုးကောင်းကင်ဘုံ နယ်မြေနှင့် ပတ်သက်၍ အချက်အလက်ကို သိရပြီးနောက် ဝမ်လင်းက ရှန်ကုန်းဟူကို တည်ငြိမ်စွာ ကြည့်၍ ပြောလိုက်သည်။ ထားလိုက်ပါတော့။ “မင်းက ဒီနေရာမှနေပြီး ကျင့်ကြံနိုင်တယ်။ ဒါပေမဲ့ ဒီအဘိုးအိုကို မနှောင့်ယှက်မိပါစေနဲ့…”
ရှန်ကုန်းဟူက ခပ်သွက်သွက် ခေါင်းညိတ်လိုက်သည်။ သူက သည်နေရာသို့ ရောက်လာရသည့် ရည်ရွယ်ချက်ကိုက ကျင့်ကြံဖို့ ဖြစ်၏။ သို့သော် ခုချိန်၌ သူက အပြင်းအထန် ဒဏ်ရာရထားကာ သူ့ကျင့်ကြံမှုအဆင့်ကလည်း လျော့ကျနေသည်။ သည့်အပြင် သူ့ဒဏ်ရာများကို ကုသဖို့ကလည်း အချိန်အတန်ကြာ ယူရဦးမည် ဖြစ်၏။ သူက မိုးကြိုးကောင်းကင်ဘုံနယ်မြေ ဖွင့်သည့်အချိန်တွင် တတ်နိုင်သမျှ အမြန်ပြန်ကောင်းအောင် လုပ်ရပေမည်။
ဝမ်လင်းက သူ့ကို သည်နေရာတွင် နေခွင့်ပြုလိုက်သည့်နောက် သူက ချက်ချင်းပင် စိတ်ထဲကနေ ကျေးဇူးတင်မိသွားသည်။ အမှန်တော့ ပုံမှန်ဆို ခုလိုမျိုး ဖြစ်နေလိမ့်မည် မဟုတ်ပေ။ သို့သော် သူက သူ့စိတ်နှလုံးထဲကနေ ဝမ်လင်းကို အလိုလို အညံ့ခံနေမိ၏။ သူက ဝမ်လင်း၏ အကြည့်ကို လုံးဝ လေးစားကြောက်ရွံ့မိနေသည်။
ဝမ်လင်းက သူ့အကြည့်ကို ပြန်ရုပ်သိမ်းကာ ရှန်ကုန်းဟူနှင့် ပတ်သက်၍ အာရုံမစိုက်တော့ချေ။ သူက နောက်လှည့်၍ မိုးကြိုးကန်အနက်ပိုင်းထဲသို့ လှမ်းလျှောက်သွား၏။
အစပိုင်း၌ ရှန်ကုန်းဟူက သတိမမူမိသေးချေ။ သို့သော် သိပ်မကြာခင်တွင် သူက သက်ပြင်းချလိုက်၏။ ထိုသို့ မိုးကြိုးကန် အနက်ပိုင်းထဲသို့ သွားရောက်ဖို့က အမှန်တကယ် ကျင့်ကြံမှုအဆင့် မြင့်မားမှသာ ဖြစ်နိုင်၏။ သူ့မိုးကြိုးကပင် သာမန်မဟုတ်ပေ။ သို့သော် သူက သူ့ကျင့်ကြံမှုအဆင့်ဖြင့်ပင် သည်မိုးကြိုးကန်၏ အနက်ပိုင်းသို့ ခြေလှမ်းငါးဆယ်သာ သွားနိုင်၏။ နောက်ထပ် ခြေတစ်ဝက်ပင် ထပ်၍ လှမ်းနိုင်ခြင်း မရှိတော့ပေ။
သူက ဝမ်လင်းကို လိုက်ကြည့်နေရာ ဝမ်လင်းသည် မိုးကြိုးကန်ထဲသို့ ခြေလှမ်းတစ်ရာလောက်ထိ လှမ်းလျှောက်သွားပြီးမှ ထိုင်ချလိုက်သည်ကို တွေ့မြင်လိုက်ရတော့၏။
ရှန်ကုန်းဟူက အသက်ဝဝရှူသွင်းလိုက်၏။ သူ့မျက်လုံးထဲ၌ ကြည်ညိုလေးစားခြင်းတို့ ဖြစ်ပေါ်လို့နေသည်။ ဒဏ်ရာရထားခြင်းကြောင့် သူက မိုးကြိုးကန်ထဲသို့ ခြေလှမ်းဆယ်လှမ်းခန့်သာ သွားနိုင်ကာ ဆက်၍ မသွားနိုင်တော့ပေ။ ထိုနေရာ၌ သူက အလျင်အမြန် ထိုင်ချကာ မိုးကြိုးမူလမန္တန်ကို စတင်ကျင့်ကြံတော့၏။
သူ့မိုးကြိုးသားရဲသည်လည်း ခြေလှမ်းအနည်းငယ် တိုးလာသည်။ ၎င်းက ဝမ်လင်းရှိရာသို့ လှမ်းကြည့်လိုက်သေးသည်။ ၎င်း၏ မျက်လုံးထဲ၌ ကြောက်ရွံ့မှုများနှင့် ပြည့်နေသည်။
၎င်းက ခုလောက်ထိ ကြောက်လန့်မှုမျိုး ဘယ်တုန်းကမှ မခံစားခဲ့ဖူးပေ။
၎င်းက လှဲချရန် ပြင်လိုက်စဉ် အဝေးမှ ဟိန်းသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ဝမ်လင်း၏ မိုးကြိုးသားရဲက ဖြည်းဖြည်းချင်း လျှောက်လှမ်းလာနေကာ ရှန်ကုန်းဟူ၏ မိုးကြိုးသားရဲကို ကြမ်းကြုတ်စွာ ကြည့်လိုက်သေး၏။
ရှန်ကုန်းဟူ၏ မိုးကြိုးသားရဲသည် နောက်သို့ ဆုတ်သွားကာ အနားသို့ မကပ်ဝံ့ပဲ ဖြစ်နေသည်။ ၎င်း၏ မာနသည် ဝမ်လင်းအကြည့်ကြောင့် လုံးဝ ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။ မဟုတ်လျှင် ၎င်းက ခုလိုမျိုးပုံစံ အညံ့ပေးလိမ့်မည် မဟုတ်ပေ။
ငွေရောင်ဦးချို မိုးကြိုးသားရဲသည် ၎င်း၏ ခေါင်းကို ခါယမ်းကာ မြူးထူးစွာ ဆက်လျှောက်သွားသည်။ ၎င်းက မိုးကြိုးကန်ထဲသို့ ခြေဆယ်လှမ်းခန့် ဆက်သွားကာ လှဲချ၍ မိုးကြိုးကို စုပ်ယူလေသည်။
အကွာအဝေးတစ်ခု၌ ကောင်းကင်ဘုံသက်တော်စောင့်သည် ဂြိုဟ်သိမ်တစ်ခုပေါ်၌ ထိုင်လျက် ရှိနေသည်။ ၎င်း၏ မျက်လုံးများက တလက်လက် ဖြစ်နေကာ တစ်ချက်တစ်ချက် ရှန်ကုန်းဟူကို ကြည့်နေသည်။
ခြေလှမ်းတစ်ရာသည် ဝမ်လင်း၏ အကန့်အသတ်ပင်။ ခုလိုမျိုး ခြေလှမ်းတစ်ရာ လှမ်းနိုင်ခြင်းသည် တတိယအဆင့်ကို တွေ့မြင်ခဲ့ဖူးသဖြင့် သူ့စိတ်ဝိညာဉ်သည် တိုးတက်သွားစေခြင်းကြောင့် ဖြစ်သည်။
သူက မိုးကြိုးကန်၏ ခြေလှမ်းတစ်ရာတွင် ထိုင်ချကာ သူ့ခန္ဓာကိုယ်ထဲသို့ မိုးကြိုးများ စုပ်ယူနေခဲ့သည်။ သည်မိုးကြိုးမူလမန္တန်သည် မိုးကြိုးကို ထုတ်ယူကာ ယင်းမိုးကြိုးထဲမှ မူလစွမ်းအင်ကို အဆက်မပြတ် သန့်စင်နေခြင်း ဖြစ်သည်။
အချိန်ကုန်လာသည်နှင့်အမျှ အရပ်မျက်နှာအနှံ့မှ မိုးကြိုးများစွာသည် ဝမ်လင်း၏ခန္ဓာကိုယ်ဖြင့် စုပ်ယူခြင်းကို ခံလာရသည်။ မိုးကြိုးမူလမန္တန်ကို လုပ်ဆောင်နေရင်း ၎င်းက မိုးကြိုးထဲမှ မူလစွမ်းအင်ကို ဖြည်းဖြည်းချင်း ထုတ်ယူကာ သူ့မူလစိတ်ဝိညာဉ်ကို ထောက်ပံ့ပေးနေ၏။
ဝမ်လင်းခန္ဓာကိုယ်ထဲ၌ အလွန်သက်သောင့်သက်သာ ဖြစ်သော ခံစားချက်တစ်ခုသည် ဖြည်းဖြည်းချင်း ပေါ်လာခဲ့သည်။
ဝမ်လင်းက ကျောက်ရီ၏ အာဏာတက်ခြင်း သလင်းကျောက်ကြောင့် အာဏာတက်ခြင်းအဆင့်သို့ ရောက်လာခဲ့သည့်အတွက် ဝမ်လင်း၏ မူလစွမ်းအင်သည် ကျင့်ကြံသူအများစုထက် ပိုများနေပေသည်။ ဆိုလိုသည်က သူ့လမ်းကြောင်းက ပို၍ ချောမွတ်နေသည်ဟူ၍ပင်။ သို့သော် သူက မိုးကြိုးတာအိုပညာရှင်နှင့် တိုက်ပွဲတွင် ကောင်းကင်ဘုံခုတ်ပိုင်းခြင်း ဓားချက်ကို အသုံးပြုခဲ့သည့်အတွက် မူလစွမ်းအင်အများအပြားကို ထုတ်ငင်သုံးစွဲခဲ့ရပေသည်။ ထို့အတွက်ကြောင့် သူက သူ့မူလစွမ်းအင်များသည် သူ့ကျင့်ကြံမှု၏ အစွန်းအဖျားသို့ လျော့ကျသွားခဲ့ရသည်။
ပထမအဆင့်ကျင့်ကြံသူများအဖို့ မူလစွမ်းအင်သည် ပြန်လည်ကောင်းမွန်ဖို့ အလွန်ခက်ခဲလှသည့် အရာ ဖြစ်သည်။ ဝမ်လင်းတွင် မိုးကြိုးမူလစိတ်ဝိညာဉ်သာ မရှိပါက သူက ထိုမူလစွမ်းအင် သုံးစွဲခဲ့ရမှုအပေါ် တစ်ဘဝလုံး နောင်တ ရမိနေပေလိမ့်မည်။
မူလစွမ်းအင်က ဝမ်လင်းထံသို့ ဝင်ရောက်ကာ သူ့မူလစိတ်ဝိညာဉ်ကို အားသစ်ဖြစ်နေရင်း သူ့မူလစိတ်ဝိညာဉ်သည် ဖြည်းဖြည်းချင်း ပြန်ကောင်းမွန်လာနေသည်။
ထိုဖြစ်စဉ်က နှေးလွန်းလှသည်။ ဝမ်လင်းက သူ့လက်ဖြင့် ချိတ်တံဆိပ်တစ်ခု ပြုလုပ်ကာ လှုပ်ခါလိုက်၏။ မိုးကြိုးလှိုင်းပမာဏများစွာသည် ချက်ချင်း ပျံ့နှံ့သွားကာ မူလထက် ဆယ်စများသည့် မိုးကြိုးများက ဝမ်လင်းထံသို့ ချက်ချင်း တိုးဝင်လာကြသည်။
ဝမ်လင်းက အသက်ဝဝရှူသွင်း၍ စတင်သန့်စင်နေတော့သည်။
ဝမ်လင်း၏ လုပ်ဆောင်မှုက ပေါက်ကွဲမှုများကို ဆက်တိုက် ဖြစ်ပွားသွားစေကာ ရှန်ကုန်းဟူကို ကျင့်ကြံနေရာကနေ နိုးထလာစေသည်။သို့ရာတွင် သူက ဝမ်လင်းကို မြင်လိုက်သည့်အချိန်တွင် သူ့မျက်လုံးသူငယ်အိမ်က ကျုံ့လို့သွား၏။
“သူက စီနီယာတစ်ယောက် ဖြစ်ဖို့ ထိုက်တန်တယ်။ သူက ခြေလှမ်းတစ်ရာအကွာမှာတောင် ဒီလောက်များပြားတဲ့ မိုးကြိုးတွေကို ဆွဲဆောင်ဝံ့တယ်။ ငါသာ အဲဒီနေရာမှာဆိုရင် ငါ့အသွေးအသားတွေက ဒီမိုးကြိုးဒဏ်ကို ခံနိုင်မှာ မဟုတ်ဘူး။ ငါ့မူလစိတ်ဝိညာဉ်တောင် ထိခိုက်သွားနိုင်တယ်…”
ရှန်ကုန်းဟူ၏ မျက်လုံးက တလက်လက်ဖြစ်နေကာ စိတ်လှုပ်ရှားမှုနှင့် ပြည့်လို့နေသည်။
“ကြည့်ရတာ ငါလည်း ပိုပြင်းပြင်းထန်ထန်လုပ်ဖို့ လိုနေပြီ…” ရှန်ကုန်းဟူက ပိုများသော မိုးကြိုးပမာဏကို သူ့ခန္ဓာကိုယ်ရှိရာသို့ ဆွဲဆောင်လိုက်၏။ သူ့ခန္ဓာကိုယ်က တုန်ယင်သွားကာ ချက်ချင်းပင် ထိုမိုးကြိုးများကို စုပ်ယူလေသည်။
ဝမ်လင်းက မိုးကြိုးမူလမန္တန်ကို အသက်သွင်းလိုက်ရာ သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည့် မိုးကြိုးပမာဏသည် အရင်ထက် ဆယ်ဆ ပိုများလာခဲ့သည်။ ထိုတိုးပွားလာသော မိုးကြိုးများအောက်တွင် သူ့မူလစိတ်ဝိညာဉ်ကလည်း တဖြည်းဖြည်းချင်း ပိုမြန်မြန်ဆန်ဆန် ကောင်းမွန်လာ၏။ သို့ရာတွင် ထိုအရာက လုံးဝ ပြန်ကောင်းမွန်ခြင်းနှင့် အတော်ကွာနေသေးသည်။
တကယ်တော့ မိုးကြိုးအမျှင်တန်းတစ်ခုကနေ မူလစွမ်းအင် အမျှင်တန်းတစ်ခုကိုသာ ထုတ်ဘူနိုင်၍ သန့်စင်ပြီးသည့်နောက်တွင် အမှန်တကယ် စုပ်ယူနိုင်သည့်ပမာဏက ပို၍ပင် နည်းသွားပေသည်။
အချိန်က မသိမသာ ကုန်ဆုံးနေခဲ့သည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် နှစ်နှစ်တာ ကုန်လွန်သွားခဲ့လေပြီ။
ထိုနှစ်နှစ်တွင် ဝမ်လင်းက မလှုပ်မယှက်လုနီးပါးသာ ရှိလို့နေ၏။ သူက မိုးကြိုးများကို သာမန်ထက် ဆယ်ဆပိုမို စုပ်ယူနေရာကနေ အဆနှစ်ဆယ် ပို၍ စုပ်ယူနေခဲ့သည်။
ရှန်ကုန်းဟူအတွက်ကတော့ သူက သည်နှစ်နှစ်အတွင်း ပြင်းပြင်းထန်ထန် ကြိုးစားနေ၏။ သူ့ဒဏ်ရာများကလည်း တဖြည်းဖြည်းချင်း ပြန်ကောင်းမွန်လာနေသည်။
သည်နှစ်နှစ်အတွင်း ဝမ်လင်းက ရှန်ကုန်းဟူကို သေချာလေ့လာကြည့်ခဲ့ပြီး ဖြစ်၏။ ထိုလူကလည်း မိုးကြိုးမူလမန္တန်ကို ကျင့်ကြံနေသည်သာ ဖြစ်သည်။ သို့ရာတွင် ဝမ်လင်းက မိုးကြိုးအမျှင်တန်းထဲရှိ မူလစွမ်းအင်ကို စုပ်ယူနိုင်ချိန်တွင် ရှန်ကုန်းဟူက ဆယ်ဆပိုများစွာ မူလစွမ်းအင်ကို စုပ်ယူနိုင်နေသည်။
သူက ထိုကွာခြားချက်ကို သေချာလေ့လာကြည့်သည့်အခါ သဲလွန်စအချို့ကို နားလည်လာသည်။ ထိုကွာခြားချက်သည် လူတစ်ယောက်၏ မူလစွမ်းအင် ပိုင်ဆိုင်ထားမှုနှင့် သက်ဆိုင်နေပေ၏။ လူတစ်ယောက်က မူလစွမ်းအင် ပိုမို ပိုင်ဆိုင်ထားလေလေ မိုးကြိုးထဲမှ မူလစွမ်းအင်ကို ပို၍ စုပ်ယူနိုင်လေပင်။
သည်နှစ်နှစ်အတွင်း ဝမ်လင်းက သူ့စိတ်နှလုံးထဲရှိ တတိယအဆင့်နှင့် ပတ်သက်၍ တွေ့မြင်ခဲ့သည့် အရာအားလုံးကို မကြာခဏ နားလည်အောင် ပြုလုပ်နေ၏။ထို့ကြောင့် သူက အကျိုးအမြန်တစ်ချို့ ရရှိလာခဲ့၏။ သည်နေ့တွင် သူက မတ်တတ်ထရပ်ကာ မိုးကြိုးကန်၏ အလယ်ရှိရာသို့ လှမ်းလျှောက်သွားသည်။
ထိုပြောင်းလဲမှုက ရှန်ကုန်းဟူ၏ အာရုံကို ဆွဲဆောင်သွားသည်။ သူက မျက်လုံးဖွင့်၍ ဝမ်လင်းကို ကြည့်၏။ သူ့မျက်လုံးထဲရှိ စိတ်လှုပ်ရှားမှုက လျော့နည်းသွားခြင်း မရှိသည့်အပြင် မျှော်လင့်ချက်ပင် တောက်ပလာခဲ့၏။
ဝမ်လင်းက ရှန်ကုန်းဟူကို အာရုံထဲ မထည့်ထားပေ။ သူက မိုးကြိုးကန်၏ အလယ်ဗဟိုရှိရာသို့သာ ကြည့်ရှုနေ၏။ သည်မိုးကြိုးကန်က အလွန်ကြီးမားလှ၏။ ၎င်းက ကောင်းကင်ဘုံပုတီးစေ့ကြောင့် တစ်ဝက်ခန့် ကျုံ့သွားခဲ့သော်လည်း တုန်လှုပ်ဖွယ် ကောင်းနေဆဲသာ ဖြစ်သည်။
အခုအချိန်၌ ဝမ်လင်းက မိုးကြိုးကန်၏ အစွန်းအဖျားနားတွင် ရှိနေသည်ဟုသာ ယူဆနိုင်ကာ အလယ်နှင့် အတော်လှမ်းနေသေး၏။ မိုးကြိုးကန်ထဲရှိ မိုးကြိုးသည် အလယ်ဗဟိုနှင့် ပိုနီးကပ်လာသည်နှင့်အမျှ အလိုလို စွမ်းအား ပိုကောင်းလာ၏။ ထိုနေရာ၌လည်း မူလစွမ်းအင် စုစည်းမှုက မြင့်မားစွာ ရှိနေသည်။
ခဏတာ စဉ်းစားပြီးသည့်နောက် ဝမ်လင်းက သူ့ခြေထောက်ကို မြှောက်ကာ ရှေ့သို့ လှမ်းသွားတော့၏။
သူ့နှလုံးသားက တည်ငြိမ်နေ၏။ ထို့အတူ သူက သတိလည်း ထားနေသည်။ သို့ရာတွင် သိပ်မဝေးသော နေရာတွင် ရှိနေသော ရှန်ကုန်းဟူကတော့ ဝမ်လင်းကို ကြည့်နေရင်း ပိုမို စိတ်လှုပ်ရှားနေမိတော့သည်။ သူက စိတ်ထဲ၌ တွေးလိုက်မိ၏။ “နောက်ဆုံးတော့ ငါက စီနီယာရှိက မန္တန်တစ်ခုကို တွေ့မြင်ရတော့မယ်။ ငါက ဒါကို သေချာစောင့်ကြည့်ရမယ်။ ဖြစ်နိုင်တာက ငါက ဒီမန္တန်ကနေ ဉာဏ်အလင်းအချို့တောင့် ရကောင်းရနိုင်တယ်…”
သူက အလွန် စိတ်လှုပ်ရှားနေမိသည်။
သည်နေရာက သူ့ဒဏ်ရာများကို ကုသရာ၌ သင့်တော်သည့်အပြင် သည်နေရာတွင် သူကျင့်ကြံလိုသည့် အခြားအကြောင်းရင်း တစ်ခုသည် ဝမ်လင်းနောက်သို့ လိုက်ပါလိုခြင်းကြောင့် ဖြစ်၏။ သူက ဝမ်လင်းထံမှ ညွှန်ပြမှုရရန် သို့မဟုတ် ဝမ်လင်းမန္တန်အသုံးပြုသည်ကို ကြည့်မြင်နိုင်ရန် မျှော်လင့်နေမိသည်။
သူက နှစ်နှစ်တာ စောင့်ဆိုင်းနေခဲ့ကာ ခုချိန်၌ သည်အခွင့်အရေးကို ရလာတော့မည် ဖြစ်သည်။ ချက်ချင်းပင် ရှန်ကုန်းဟူသည် သူ့ပတ်လည်ရှိ မိုးကြိုးများကို လွင့်ပါးစေလိုက်၏။ သူက ဝမ်လင်း၏ လှုပ်ရှားမှုတိုင်းကို သေချာ ကြည့်ရှုနေကာ မှတ်မိအောင် လုပ်နေတော့သည်။
အနက်ရောင်ချပ်ဝတ်နှင့် မိုးကြိုးသားရဲကလည်း ခေါင်းမော့ကာ ဝမ်လင်းကို ကြည့်နေ၏။ ၎င်း၏ မျက်လုံးထဲ၌ လေးစားကြောက်ရွံ့မှု ပြည့်နေသည့်အပြင် တစ်ချက်တစ်ချက် မျှော်လင့်ချက် အရိပ်အယောင် လက်လက်လာသေးသည်။
ဝမ်လင်း၏ ငွေရောင်ဦးချို မိုးကြိုးသားရဲကတော့ မျက်လုံးကစားရုံသာ ကစား၍ လှမ်း၍ပင် မော့မကြည့်ပေ။ ၎င်းက သူ့နေရာ၌သူ လှဲလျောင်းနေကာ မိုးကြိုးကို စုပ်ယူနေချေသည်။
*******