Switch Mode

အပိုင်း(၇၇၄)

တာအိုကို ရှာဖွေနေသည့်သူ

“ဒီ…ဒီနေရာက ကောင်းကင်ဘုံ ပုတီးစေ့ထဲက ဟင်းလင်ပြင်နေရာ…”

ဝမ်လင်းက သည်နေရာကို သိလိုက်၏။ သူ့မျက်လုံးက ကျဉ်းမြောင်းသွားသည်။

သူက သည်နေရာနှင့် ပတ်သက်၍ တော်တော်လေး ရင်းနှီးပေသည်။ သည်နေရာက ပရမ်းမတာ ကပြောင်ကပြန် ဖြစ်နေသည့် နေရာတစ်ခု ဖြစ်ကာ တောက်ပသော အလင်းလုံးများလည်း ရှိနေသည်။

ဝမ်လင်းအကြည့်အောက်မှာပင် ထိုအလင်းလုံးများက ချက်ချင်း ပြောင်းလဲလာကြသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုအလင်းလုံးများက ဖောင်းကြွ ကြီးမားလာသည်။ ဝမ်လင်းက ထိုအလင်းလုံးများသည် ခုချိန်၌ ဂြိုဟ်တစ်ခုမျှ ကြီးမားလာခဲ့သည်ကို ကြည့်နေရင်း မှင်တက်နေမိတော့သည်။

ထိုအလင်းလုံးများထံကနေ အားကောင်းသောအော်ရာ တစ်ခု ထွက်ပေါ်နေသည်။ ထိုအော်ရာထဲ၌ ရှင်သန်ခြင်းအသက်ဓာတ်တို့နှင့် ပြည့်နေသည်။ ထိုအသက်ဓာတ်က အလွန်အမင်း သန့်စင်လွန်းကာ ကလေးငယ်တစ်ယောက် စတင် မွေးဖွားလာသလောက်ကို သန့်စင်လွန်းနေသည်။

သိပ်မကြာခင်တွင် ဖုန်မှုန့်တိမ်တိုက်ထုများ ပေါ်လာကာ ထိုအလင်း၏ စုပ်ယူခြင်းကို ခံလိုက်ရသည်။ များမကြာမီမှာပင် ယင်းအလင်းလုံးများက သိပ်သည်းလာကာ ကုန်းမြေထုအဖြစ် ဖြစ်ပေါ်သည်။ အချို့ဖုန်မှုန့်များက မြစ်အဖြစ်၊ ပင်လယ်အဖြစ် ဖြစ်တည်လာကြသည်။

ဝမ်လင်းက ပင့်သက်ရှိုက်မိသွား၏။ သည်အရာက ဂြိုဟ်တစ်ခုပင်။ ၎င်းထံကနေ ထွက်ပေါ်လာသည် စိတ်ဝိညာဉ်စွမ်းအင်များက ပေါကြွယ်ဝလှ၏။ သေမျိုးများ နေထိုင်ခြင်း မရှိသည်ကလွဲ၍ သည်နေရာသည် အခြားကျင့်ကြံခြင်း ဂြိုဟ်တစ်ခုနှင့် ကွာခြားလှခြင်း မရှိပေ။

သူတုန်လှုပ်နေစဉ်မှာပင် ထိုဂြိုဟ်က သူ့ဟာသူ ချက်ချင်း ပြန်လည် အဆင့်လျော့ကျလာပြန်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုဂြိုဟ်က အလင်းလုံးအဖြစ်သို့ ပြန်ပြောင်းသွားကာ သေးငယ်သည်ထက် သေးငယ်လာကာ မီးပွင့်မီးပွားသာသာသာ ရှိတော့၏။

ထိုအလင်းလုံးများ ပြောင်းလဲနေစဉ်မှာပင် ဝမ်လင်းစိတ်ကလည်း တဖြည်းဖြည်း အသိစိတ် ဆုံးရှုံးလာသည်။ သူက ထိုနေရာသစ်ထဲ၌ နစ်မြုပ်သွားခဲ့ချေသည်။

အချိန်က ကုန်ဆုံးနေ၏။ ဝမ်လင်းသည်လည်း အရာအားလုံးကို မေ့လျော့နေသည်ဟု ထင်ရသည်။ သူက အဆုံးမဲ့သော ဟင်းလင်းပြင်ထဲသို့ ရောက်ရှိနေသကဲ့သို့ ထူးဆန်းသော အခြေအနေသို့ ဆိုက်ရောက်နေသည်။

သူက သူ့မျက်လုံးရှေ့တွင် ထိုအလင်းလုံးများနှင့် ထူးဆန်းသောမြင်ကွင်းကို အမြဲတွေ့မြင်နေရသည်။ သူက ထိုမြင်ကွင်းကို ဆက်လက် ကြည့်ရှုနေရင်း ထူးဆန်းအံ့ဖွယ်အားတစ်ခုက ဖြည်းဖြည်းချင်း တည်ဆောက်လာသည်ဟု ခံစားမိနေ၏။

ထိုစွမ်းအားက နေရာတိုင်းတွင် ရှိနေကာ သူက ၎င်းစွမ်းအား၏ ရင်းမြစ်ကို အလိုလို လိုက်ရှာချင်စိတ် ပေါက်လာခဲ့သည်။

ဝမ်လင်းက သူသည် ကောင်းကင်နှင့်မြေကြီးကို နားလည်အောင် လုပ်ခဲ့သည့်အချိန်၊ သေခြင်းရှင်ခြင်းနယ်ပယ်၏ မူလဇာစ်မြစ်ကို ရှာဖွေခဲ့ချိန်က သည်လို တူညီသောမြင်ကွင်းမျိုးကို တွေ့ရှိခဲ့ဖူးကြောင်းကို သဘောမပေါက်ခဲ့ပေ။

သူက အလိုလို မသိစိတ်ဖြင့် သည်စွမ်းအား၏ ရင်းမြစ်ကို လိုက်ရှာနေရင်း အချိန်က ကုန်ဆုံးလာခဲ့သည်။ သို့သော် သူက ဂရုမစိုက်ပေ။ ကပ်(အလွန့်အလွန်ကြာမြင့်လှသော ကာလအပိုင်းအခြား) များစွာ ကုန်လွန်သွားလျှင်ပင် ရပ်တန့်တော့မည် မဟုတ်ပေ။ သူက လေလွင့်ဝိညာဉ်တစ်ကောင်ကဲ့သို့ လိုက်လံရှာဖွေနေမိတော့၏။

ဝမ်လင်းက တာအိုနောက်သို့ လိုက်ပါ ရှာဖွေနေခြင်း ဖြစ်၏။ တာအို၏ အဆင့်တိုင်းနောက်ကို လိုက်ပါခြင်းသည် တာအို၏ အဆုံးသတ်ကို ရှာဖွေခြင်း မည်သည်။

ထိုရှာဖွေမှုက အဆုံးမရှိနိုင်။ ဝမ်လင်းသည် မရေမတွက်နိုင်သော အလင်းလုံးများက ဂြိုဟ်တစ်ခုအဖြစ်သို့ ပြောင်းသွားလိုက်၊ ထို့နောက် ဗလာကင်းမဲ့မှုအဖြစ်သို့ ပြန်ပြောင်းသွားလိုက် ဖြစ်စဉ်ကို အကြိမ်များစွာ မြင်တွေ့နေပြီး ဖြစ်၏။ ထိုသို့ ဖြစ်ပျက်တိုင်းလည်း သူက တာအို၏ လမ်းကြောင်းကို ရှာဖွေချင်နေတော့၏။

သို့ရာတွင် သူက ထိုတာအိုနှင့် ထိမိသည့်အချိန်တိုင်းလည်း ကျရှုံးခဲ့ရသည်။ သို့သော် သူက တာအိုလမ်းကြောင်းတစ်ခုနှင့် တဖြည်းဖြည်း နီးကပ်သည်ထက် နီးကပ်လာသည်ဟု ခံစားမိ၏။

တာအိုက ခဏတာသာ ပေါ်လာလိုက် ပြီးလျှင် ပြန်ပျောက်ကွယ်သွားလိုက် ဖြစ်နေ၏။ ဝမ်လင်းသည် ထိုရှုပ်ထွေးသော ရှာဖွေမှုအတွင်း သဲလွန်စတစ်ခုကို ရှာတွေ့လာသည်ဟု ထင်ရသည်။

သူရှာဖွေနေသော ထူးဆန်းအံ့ဖွယ်စွမ်းအားသည် ဥပဒေသများ၏ တည်ရှိမှု အလွန်တွင် ရှိသော တစ်စုံတစ်ရာ ဖြစ်ပုံရသည်။

သူကြည့်လိုက်သည့် နေရာတိုင်းသည်လည်း တာအို ဖြစ်ပုံရနေပြန်သည်။ သို့သော် သူက သူ့အကြည့်ကို ပြန်ဖယ်ရှားလိုက်သည်နှင့် တာအိုကလည်း ပြန်ပျောက်ကွယ်သွားတော့သည်။

ဤအရာက အလွန်ဖျော့တော့ မှုန်ဝါးသော ခံစားချက်တစ်ခုသာ ဖြစ်သည်။ သို့သော် ထိုခံစားချက်က ဝမ်လင်းခန္ဓာကိုယ်ထဲတွင် ဖြည်းဖြည်းချင်း စီးဆင်းနေ၏။ သူက တာအို၏ အမှတ်ခြေရာကို ဖမ်းမိနေပြီဟူသော ခံစားချက်ကို တဖြည်းဖြည်း ရရှိလာကာ ထူးဆန်းသောစွမ်းအား၏ ရင်းမြစ်ကို ဆုပ်ကိုင်မိတော့မလို ဖြစ်နေသည်။

သည်ဖြစ်စဉ်အတွင်း အချိန်ဟူ၍ မရှိတော့ပေ။ ဝမ်လင်းက ဂြိုဟ်တစ်ခုကိုသာ မြင်၏။ ထိုဂြိုဟ်က အလင်းလုံးများကြောင့် ဖြစ်တည်နေခြင်း မဟုတ်တော့ပဲ သဘာဝအတိုင်း တည်ရှိသည့်ဂြိုဟ်ပင်။ ထိုဂြိုဟ်ထံမှ အသက်ဓာတ်သည် အလွန်အားနည်းလွန်း၏။ သို့သော် ယင်းဂြိုဟ်ထဲ၌ နွေးထွေး၊ ကြင်နာမှုတို့ ပြည့်နှက်နေသည်။

ထိုဂြိုဟ်၏ ဘေးနားတွင် ပိုသေးငယ်သော ဂြိုဟ်နှစ်ခုလည်း ရှိနေသည်။ ထိုဂြိုဟ်နှစ်ခုက အလွန်နီးကပ်စွာရှိ၍ တစ်ခုစီကနေ ဆွဲငြိ၊ တွယ်တာမှု အာရုံကို ပေးစွမ်းနေသည်။

ဝမ်လင်းနီးကပ်လာသည့် အခါတွင် သေးငယ်သောဂြိုဟ်တစ်ခုထံမှ လှိုင်းတွန့်တစ်ခု ထွက်ပေါ်လာသည်။ ထိုလှိုင်းထဲ၌ ပျော်ရွှင်မှု စိတ်ခံစားချက်နှင့် ပြည့်နေ၏။

ဝမ်လင်းက ထိုဂြိုဟ်သုံးလုံးကို တွေ့မြင်လိုက်သည့်အခါတွင် သူ့စိတ်က တုန်ယင်သွားကာ သူက တစ်စုံတစ်ခုကို ရှာဖွေတွေ့ရှိသွားခဲ့သည်။သူက အလိုလို လက်မြှောက်လိုက်မိ၏။ သို့သော် သူက ခုလက်ရှိ သူ့အခြေအနေ၊ ခန္ဓာကိုယ်တစ်ခုပင် မရှိသည့်အနေထားကို သတိမပြုမိခဲ့ပေ။

သို့ရာတွင် သူ့လက်ကတော့ ပေါ်ထွက်လာဆဲပင်။ သူက အတွေးတစ်ချက်သာလို၍ သူတွေးလိုက်သည့်အရာက တကယ်ဖြစ်လာသကဲ့သို့ ဖြစ်သည်။

သူ့လက်က ညင်သာစွာ လှုပ်ရှားသွားရာ လေဟာနယ်ထဲ၌ တုန်ခါလှိုင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ထိုလှိုင်းအောက်၌ ဂြိုဟ်သုံးလုံးသည် ချက်ချင်း အလင်းတန်းသုံးခုအသွင်သို့ ပြောင်းလဲ၍ သူ့လက်ထဲသို့ ဝင်ရောက်သွားချေသည်။

ဝမ်လင်းက တာအိုရှာဖွေခြင်းကို ရပ်တန့်လိုက်သည်။ ခုအခိုက်အတန့် အခြေအနေ၌ ဝမ်လင်းသည် သူကိုယ်တိုင်ကပင် တာအိုဖြစ်ကြောင်း ခံစားမိခဲ့သည်။ သူက တာအိုရှာဖွေခြင်းကို ရပ်တန့်လိုက်ချိန်၌ သူ့စိတ်ကလည်း ဖြည်းဖြည်းချင်း တည်ငြိမ်လာခဲ့သည်။ ထို့နောက် သူ့ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း အလိုလို အလင်းလုံးတစ်ခု အဖြစ်သို့ ပြောင်းလဲသွားပြန်သည်။

အချိန်ကုန်လာသည်နှင့်အမျှ ထိုအလင်းလုံးသည် တဖြည်းဖြည်း ချဲ့ထွက် ကားလာသည်။ သူက ပတ်ဝန်းကျင်ရှိ အမှုန်အမွှားများကို စုပ်ယူကာ ဂြိုဟ်တစ်ခုအဖြစ် တဖြည်းဖြည်းချင်း ကိုယ်တိုင်ကိုယ်ကျ ဖြစ်လာခဲ့ပေသည်။

ထိုဂြိုဟ်ပေါ်တွင် တောင်တန်းများက အံ့ဘနန်း တည်ရှိကာ မြစ်များက လှပလွန်းလှသည်။ မြေပြင်က စွမ်းအင်ပြည့်ကာ ပင်လယ်များက ကောင်းကင်နှင့်အပြိုင် ပြာရည်လဲ့နေသည်။

ထိုဂြိုဟ်၏ မြောက်ဘက်ပိုင်းတွင် မိသားစုတစ်စု နေထိုင်ကြသည်။ ထိုမိသားစုသည် ယောက်ျားသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်တို့ ဖြစ်ကာ သူတို့က တိတ်ဆိတ် အေးချမ်းသော ဘဝတစ်ခုတွင် ရှင်သန်နေထိုင်ကြသည်။

သူတို့နှစ်ယောက်က ထိုနေရာ၌ ဆန္ဒရှိသလို နေထိုင်ကာ ရရှိပိုင်ဆိုင်နိုင်စွမ်းလည်း ရှိကြသည်။

သည်နေ့တွင် အလင်းတန်းတစ်ခုသည် ထိုဂြိဟ်၏ တောင်ဘက်ပိုင်း၌ ဖြတ်သန်းလာနေသည်။ ထိုအလင်းတန်းအတွင်း၌ အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီးတစ်ဦး ရှိနေ၏။ သူမက အလွန်လှကာ ရေပြင်အလား ညင်သာလှသည်။ သူမ၏ ဆံနွယ်နက်နက်များက လေနှင့်အတူ မျောလွင့်နေ၏။

သူမက ပျံသန်းနေရင်း သူမမျက်လုံးထဲ၌ ရှုပ်ထွေးမှု ပြည့်လို့နေ၏။ သူမက အောက်ရှိ မြေပြင်သို့ငုံ့ကြည့်ကာ သူမ၏ အောက်နှုတ်ခမ်းကို ကိုက်ကာ ခပ်ဖွဖွဆိုသည်။ “ဒီကမ္ဘာက ဘာကြောင့် ဒီလို ရင်းနှီးတဲ့ခံစားချက်မျိုး ပေးစွမ်းနေရတာလဲ…”

သူမက အချိန်အတန်ကြာ စဉ်းစားနေပြီးနောက် ခေါင်းယမ်းလိုက်ပြန်သည်။ သူမ၏ ပုံရိပ်က အလင်းတန်းတစ်ခုကဲ့သို့ ရွေ့လျားသွားကာ မိုးကုပ်စက်ဝိုင်းစွန်း၌ ပျောက်ကွယ်သွားသည်။

“ငါက အဖြေကို ရှာချင်တယ်…” လေညင်းက ထိုအမျိုးသမီး၏ ခိုင်မာသော အသံကို သယ်ဆောင်လာခဲ့ခြင်းပင်။

အချိန်က ထာဝရအလား ဖြည်းဖြည်းချင်း ကုန်ဆုံးနေခဲ့သည်။ မရေမတွက်နိုင်သော နှစ်ပေါင်းများစွာ ကုန်လွန်သွားခဲ့ကာ အရာအားလုံးက ဖြည်းဖြည်းချင်း ပြောင်းလဲသွားခဲ့ကြသည်။ မပြောင်းမလဲ ရှိနေသော အရာများဆို၍ ထိုဂြိုဟ်ပေါ်ရှိ လူသုံးယောက်သာ ရှိသည်။

ထိုသုံးယောက်ထဲမှ နှစ်ယောက်သည် တိတ်ဆိတ်သော ဘဝတွင် ရှင်သန်နေဆဲ ဖြစ်ကာ နောက်ဆုံးတစ်ယောက်သည် အဖြေကို ရှာကြံနေဆဲသာ…။

ဤအရာက တာအိုအဆုံးသပ်သို့ ရောက်ရှိလာခြင်းတော့ မဟုတ်ပေ။

မြေပြင်က ပျောက်ကွယ်သွားကာ ဂြိုဟ်ကလည်း ဆက်လက် မတည်ရှိတော့ပေ။ ထိုလူသုံးယောက်ကလည်း အလင်းလုံးသုံးလုံး အဖြစ်သို့ ပြောင်းလဲသွား၏။ ထို့နောက် လက်ဝါးကြီးတစ်ဖက်က ထိုအလင်းလုံး သုံးလုံးကို ဖမ်းယူကာ အဝေးသို့ ဆွဲယူသွားတော့၏။ ထိုလက်ဝါး ပျောက်ကွယ်သွားချိန်၌ ဝမ်လင်း၏ အသိစိတ်သည် ပြန်လည် ဖြစ်ပေါ်လာခဲ့တော့သည်။

“ဒီတော့… ဒါက တာအိုပေါ့လေ…” ဝမ်လင်းအသံက လေဟာနယ် ဟင်းလင်းပြင်ထဲ၌ ပဲ့တင်ထပ်သည်။ သူရှာဖွေနေခဲ့သည့် အရာအားလုံးသည် သူကိုယ်တိုင်ဖြင့်ပင် အဆုံးသတ်သွားခဲ့ချေပြီ။

******

Comment

Leave a Reply

Options

not work with dark mode
Reset