ထိုပိုးအိမ်ကွဲအက်လာသည့် အဟထဲကနေ အဝတ်မဲ့ခန္ဓာကိုယ်တစ်ခုက လှမ်းထွက်လာ၏။ ထိုအဟထဲကနေ မြောက်မြားစွာသော မိုးကြိုးများကပါ သွန်းလောင်းကျလာသည်။ ထိုမိုးကြိုးများက ပိုးအိမ်ကနေ ဖြစ်ပေါ်လာခြင်း မဟုတ်ဘဲ ထိုခန္ဓာကိုယ်ကနေ ထွက်ပေါ်လာခြင်းသာ ဖြစ်သည်။
သူကတော့ ဝမ်လင်းပင်။
ဝမ်လင်းက အသက်ဝဝရှူသွင်းလိုက်ကာ သူ့ကိုယ်ပိုင်ခန္ဓာကိုယ်ကို ငုံ့ကြည့်လိုက်သည်။
သူက နှစ်ပေါင်းခြောက်ဆယ်လောက် မိုးကြိုးတော်တော်များများနှင့် အသက်ဓာတ်တို့ကို သည်ခန္ဓာကိုယ် ဖြစ်ပေါ်လာရန်အတွက် စုပ်ယူခဲ့ပေသည်။ ယခု ခန္ဓာကိုယ်ထဲ၌ မိုးကြိုးစွမ်းအား ပါဝင်နေကာ သူ့မူလစိတ်ဝိညာဉ်ထဲရှိ မိုးကြိုးနှင့်လည်း ချိတ်ဆက်မှု ရှိနေခဲ့လေပြီ။
အတွေးတစ်ချက်ဖြင့်ပင် ဝမ်လင်း၏ မူလစိတ်ဝိညာဉ်သည် သူ့ခန္ဓာကိုယ်ထဲကနေ ထွက်ပေါ်လာ၏။ ၎င်းက အနည်းငယ်လှည့်ပတ်သွားလာပြီးသည့်နောက် သူ့ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်ရောက်လာသည်။
ဝမ်လင်းက ကျယ်လောင်စွာ ရယ်မောလိုက်လေ၏။ သည်အသံထဲ၌ မိုးကြိုးတုန်ခါသံတို့ ပါဝင်နေခဲ့သည်။
“ငါက ဘဝသစ်တစ်ခု ရလာခဲ့ပြီ။ ငါက ဒါကို အချိန်ဖြုန်းနေဖို့ မသင့်တော်ဘူး…”
ဝမ်လင်းက သူ့လက်ကို ဝှေ့ယမ်းကာ သူ့မူလစိတ်ဝိညာဉ်ထဲမှ သိုလှောင်အိတ်သည် ထွက်ပေါ်လာ၏။ သည့်နောက် သူက အဖြူရောင်ဝတ်စုံတစ်ခုကို ဝတ်ဆင်လိုက်သည်။
သူက မြေပြင်ပေါ်သို့ ခြေချလိုက်ပြီးနောက် ကြာပွင့်သဏ္ဌာန်ထိုင်ချလိုက်သည်။ သူ့အကြည့်က နဂါးတစ်ကောင်လို သွယ်တန်းနေသည့် တောင်ကြီး(လမြွေနဂါး)၏ အရိုးပေါ်သို့ ကျရောက်သွားသည်။
ထို့နောက် ဝမ်လင်းမျက်လုံးက တောက်ပလာကာ သူ့သိုလှောင်အိတ်ကို ပုတ်လိုက်သည်။ စိတ်ဝိညာဉ်တစ်ကုဋေအလံက သူ့လက်ထဲသို့ ကျရောက်လာချေ၏။ သူက သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ မရေမတွက်နိုင်သော စိတ်ဝိညာဉ်အပိုင်းအစများ ထွက်ပေါ်လာချေသည်။ သည်ဂြိုဟ်ပေါ်၌ မိုးကြိုးများက အရင်လို ရှိနေခဲ့ပါက ထိုစိတ်ဝိညာဉ်အပိုင်းအစများသည် သည်နေရာတွင် ပေါ်ထွက်လာကာ ထိုမိုးကြိုးများကို တောင့်ခံနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။
မြောက်မြားစွာသော စိတ်ဝိညာဉ်အပိုင်းအစများက ပင်မ မူလစိတ်ဝိညာဉ် အပိုင်းအစသုံးခုသို့ ပြောင်းလဲသွားကာ သည်ဧရိယာကို လှည့်လည်နေတော့၏။
အကာအကွယ်ကို နေရာချပြီးနောက် ဝမ်လင်းက သူ့နတ်ဘုရားအာရုံကိုပါ ဖြန့်ကြက်ပြီး သည်ဧရိယာကို စစ်ဆေးကြည့်လိုက်၏။ လုံခြုံသည်ဟု ဆုံးဖြတ်ပြီးနောက် ဝမ်လင်းသည် အသက်ဝဝရှူသွင်းကာ သူ့ညာလက်ကို မျက်ခုံးနှစ်ခုကြားသို့ ထိလိုက်သည်။ ထို့နောက် ကြည်လင်သော ပုတီးစေ့တစ်ခုသည် ဖြည်းဖြည်းချင်း ဖြစ်တည်လာခဲ့၏။
ထို့နောက် ဝမ်လင်းက သူ့လက်ဖြင့် ချိတ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေပြီး ရှေ့သို့ ညွှန်လိုက်၏။ ထိုအခါ ကောင်းကင်ဘုံ ဆန့်ကျင်ခြင်းပုတီးစေ့သည် ချက်ချင်း ပျံသန်းထွက်သွားကာ တောင်တစ်ခုလို ဖြစ်နေသည့် လမြွေနဂါး၏အရိုးပေါ်သို့ ကျရောက်သွားသည်။
ဝမ်လင်းအသွင်က အလွန် သတိထားနေသည့်ပုံ ဖြစ်နေ၏။ သည်ကောင်းကင်ဘုံဆန့်ကျင်ခြင်း ပုတီးစေ့သည် သူ့နံပါတ်တစ်ရတနာ တစ်ခု ဖြစ်ကာ ၎င်းက အလုံးစုံကောင်းကင်ကြယ် အဖွဲ့အစည်းကနေ ထွက်ပေါ်လာခဲ့သည့်အရာလည်း ဖြစ်လို့နေ၏။ သူ့နတ်ဘုရားအာရုံကို ဖြန့်ကြက်ထားရင်း သူက ပြဿနာတက်နိုင်သည့် အရိပ်အယောင်တစ်ခု တွေ့သည်နှင့် ချက်ချင်းတုံ့ပြန်နိုင်ရန် ပြင်ဆင်ထားသည်။
ထို့ကြောင့်လည်း သူက ကောင်းကင်ဘုံဆန့်ကျင်ခြင်း ပုတီးစေ့ကို မထုတ်ယူခင် သူ့ခန္ဓာကိုယ် ပြန်ဖြစ်တည်လာသည့်အထိ စောင့်ဆိုင်းခဲ့ခြင်း ဖြစ်၏။ သူ့ခန္ဓာကိုယ်မရှိလျှင် သူက သူ့စွမ်းအားအပြည့်ကို အသုံးပြုနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။ သူကသာ အစောပိုင်းကတည်းက ထိုပုတီးစေ့ကို ထုတ်ယူခဲ့ပါကာ ထိုလုပ်ဆောင်မှုသည် အန္တရာယ်များလှကာ ဉာဏ်နည်းရာလည်း ကျပေလိမ့်မည်။
ကောင်းကင်ဘုံဆန့်ကျင်ခြင်း ပုတီးစေ့က ရွှေရောင်တောက်ပမှုကို ပေးစွမ်းနေ၏။ ထိုရွှေရောင်အလင်းအောက်၌ လမြွေနဂါး၏အရိုးသည် အနည်းငယ် တုန်ယင်လာခဲ့သည်။ ၎င်းအထဲရှိ သတ္တုကလည်း ရွှေရောင်အမျှင်တန်းများ အဖြစ်သို့ ပြောင်းလဲ၍ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့၏ စုပ်ယူခြင်းကို ဖြည်းဖြည်းချင်း ခံနေရရလေသည်။
ထိုဖြစ်စဉ်က အလွန်နှေးကွေးလှကာ ဝမ်လင်းက ထိုသို့ဘာကြောင့်ဖြစ်မှန်း မသိပေ။
ဝမ်လင်းက သူ့နတ်ဘုရားအာရုံကို သည်ဧရိယာတစ်ခုလုံးသို့ သိမ်းကျုံးဖြန့်ကြက်ကာ သတိမပြတ်ထားနေ၏။ သူက သည်ဂြိုဟ်၏ အနီးအနား တစ်နေရာ၌ပင် လေးခုမြောက်စိတ်ဝိညာဉ်ကို ပုံးကွယ်ခိုင်းထားသေးသည်။
ကောင်းကင်ဘုံပုတီးစေ့၏ စုပ်ယူမှုက အလွန်နှေးကွေးလှ၏။ တကယ်တော့ လမြွေနဂါးအရိုးသည်လည်း ကြီးမားလွန်းလှ၏။ ရက်အနည်းငယ် ကြာမြင့်ပြီးနောက် ဝမ်လင်းက သူ့နတ်ဘုရားအာရုံကို နှစ်ပိုင်းခွဲလိုက်ကာ ရတနာအချို့ကို ထုတ်ယူလိုက်၏။
ထိုရတနာများအားလုံးက လောဘကြီး ပိုင်ဆိုင်ခဲ့သည့်အရာများ ဖြစ်ကြ၏။ ထိုအရာများက လွန်ခဲ့သော နှစ်ပေါင်းခြောက်ဆယ်က ဝမ်လင်း ရိတ်သိမ်းနိုင်ခဲ့သည့် အရာများလည်း ဖြစ်ပေသည်။
ပထမဆုံးရတနာတစ်ခုက ဧရာမတောင်တစ်ခု ဖြစ်၏။ ၎င်းက ထိခိုက်မှု ရှိနေသော်လည်း ၎င်းထံမှ ထွက်ပေါ်လာနေသည့် ကောင်းကင်ဘုံ စိတ်ဝိညာဉ်စွမ်းအင်များက ပေါကြွယ်ဝလှ၏။ ပို၍ ကောင်းသွားသည်က ထိုတောင်အပေါ် ခပ်နှိပ်ထားသော လောဘကြီး၏ နတ်ဘုရားအာရုံကပါ ပျောက်ကွယ်သွားခဲ့ပြီး ဖြစ်နေခြင်းပင်။
လောဘကြီး၏ နတ်ဘုရားအာရုံ ပျောက်ကွယ်သွားခြင်းက သူသေသွားပြီဟု ဆိုလိုသည်မဟုတ်ပါ။ သူ့နတ်ဘုရားအာရုံသည် လွန်ခဲ့သောနှစ်တစ်ရာလောက်ကတည်း လမြွေနဂါးအရိုး၏ ထိုတောင်အပေါ် တုံ့ပြန်မှုကြောင့် ပျောက်ကွယ်သွားခဲ့ခြင်းသာ ဖြစ်သည်။
ဝမ်လင်းက ထိုတောင်ပေါ်သို့ ညာလက်ကိုတင်ကာ လောဘကြီး တောင်၏ စိတ်ဝိညာဉ်ထုတ်ယူသည့် မြင်ကွင်းကို ပြန်ဆင့်ခေါ်ကြည့်၏။ သူ့မျက်လုံးများက တည်ငြိမ်လျက် ရှိနေ၏။
ဝမ်လင်းက ဂြိုဟ်၊ တောင်နှင့်မြစ်ကဲ့သို့သော အရာများ၏ စိတ်ဝိညာဉ်ကို ထုတ်ယူခြင်းနှင့် ပတ်သက်၍ နက်နက်ရှိုင်းရှိုင်း သိမြင်မှု ရှိနေခဲ့၏။ ထိုအရာက ဒုတိယအဆင့်ရှိ ကျင့်ကြံသူများသာ လုပ်နိုင်စွမ်း ရှိသော်လည်း ဝမ်လင်းကမူ ၎င်းစိတ်ဝိညာဉ်ထုတ်ယူခြင်းကို ပြန့်ကျဲနတ်ဆိုး သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်ခဲ့စဉ်က ကိုယ်တိုင်ကိုယ်က တွေ့ကြုံခဲ့ဖူးပေသည်။
သူက ညာလက်ဖြင့် တောင်ကို ပွတ်သပ်နေရင်း ဝမ်လင်းလက်က ရုတ်တရက် တန့်သွားကာ သူ့မျက်လုံးထဲကနေ ထူးဆန်းသောအလင်းတစ်ခု ထွက်ပေါ်လာသည်။ သူက ညာလက်ကို ဖြည်းဖြည်းချင်းမြှောက်လိုက်၏။ ထိုအခါ တောင်ပေါ်ရှိ ကျောက်စိုင်ခဲများထံကနေ ကောင်းကင်ဘုံစိတ်ဝိညာဉ် စွမ်းအင်မြောက်မြားစွာနှင့် ရှေးဟောင်းအော်ရာတစ်ခု ထွက်ပေါ်လာခဲ့သည်။ ဝမ်လင်းက သူ့ညာလက်ကို ပင့်မြှောက်လိုက်ရာ ပုံရိပ်ယောင်မြူလုံး တစ်ခုက သူ့လက်နှင့်တောင်ကြားတွင် ပေါ်လာခဲ့ချေ၏။
သူက ညာလက်ကို ဖြည်းဖြည်းချင်း ပင့်မြှောက်လိုက်သည်။ ဝမ်လင်း လှုပ်ရှားမှုက အလွန်ညင်သာလှ၏။ သူ့အကြည့်က သူ့လက်ထဲရှိ မြူလုံးထံသို့ စူးစိုက် ကျရောက်နေ၏။
ထိုမြူလုံးငယ်က အားကောင်းသော အော်ရာတစ်ခုကို ပေးစွမ်းနေသည်။ ဝမ်လင်ကို တုန်လှုပ်အသွားစေဆုံး အရာသည် ထိုမြူလုံးထဲ၌ ကောင်းကင်ဘုံ စိတ်ဝိညာဉ်စွမ်းအင်များ ပြည့်ပြည့်စုံစုံ ပါဝင်နေခြင်းပင်။
“ဒီတောင်ရဲ့ စိတ်ဝိညာဉ်က လောဘကြီးအရင်တုန်းက အသုံးပြုတာထက် အများကြီး အားနည်းသွားပေမဲ့လည်း ခုထိစွမ်းအားကောင်းနေတုန်းပဲ။ ဒါပေမဲ့လည်း တောင်စိတ်ဝိညာဉ်က မတည်မငြိမ် ဖြစ်နေခဲ့တယ်။ ငါက မဆင်မခြင် သတိလွတ်သွားတာနဲ့ ဒီတောင်စိတ်ဝိညာဉ်က ရန်သူ့ကို ထိခိုက်မဲ့အစား ငါ့ကိုတောင် တန်ပြန် ထိခိုက်နိုင်တယ်…”
ဝမ်လင်းမျက်လုံးများက တောက်ပလို့နေ၏။
သူက သည်လိုဖြစ်ရသည့် အကြောင်းရင်းသည် ထိုတောင်မှာ မပြည့်အစုံတော့သဖြင့် တောင်၏ တောင်စိတ်ဝိညာဉ်ကို ထိခိုက်သွားစေခဲ့ခြင်းကြောင့် ဖြစ်၏။
သူက တောင်စိတ်ဝိညာဉ်ကို ထုတ်ယူသည့်အချိန်၌ မည်သည့်အဟန့်အတားမှ ရှိမနေခဲ့ပေ။ ဝမ်လင်းက အတွေးတစ်ချက်ဖြင့်ပင် တောင်စိတ်ဝိညာဉ်ကို ထုတ်ယူလိုက်နိုင်သည်ဟု ထင်မှတ်ရ၏။ ထိုအရာက ဝမ်လင်းကို တုန်လှုပ်သွားစေ၏။ သူ့မျက်လုံးက တလက်လက် တောက်ပနေ၏။ သူက ညာလက်ဖြင့် တောင်ပေါ်သို့ ညင်သာစွာ ဖိချလိုက်သည်။ ထိုအခါ တောင်စိတ်ဝိညာဉ်က ထိုတောင်ထဲသို့ ပြန်ဝင်ရောက်သွားချေသည်။
ဝမ်လင်းက ညာလက်ဖြင့် မြေပြင်ပေါ်သို့ ချက်ချင်း ဖိချလိုက်၏။ အတွေးတစ်ချက်ဖြင့်ပင် သူက သူ့လက်ကိုမြှောက်လိုက်ရာ ဂြိုဟ်တစ်ခုလုံး တုန်ယင်သွားသလား ထင်မှတ်သွားရသည်။ သို့ရာတွင် ထိုတုန်ယင်တုန်ခါမှုက သူ့နတ်ဘုရားအာရုံ၏ ခံစားချက်သက်သက်သာ ဖြစ်ကာ အမှန်တကယ်တွင်တော့ ထိုမြေပြင်က တစ်လက်မပင် ရွှေ့သွားခဲ့ခြင်း မရှိပေ။
ရှေးဟောင်းအော်ရာက ပေါ်လာသည်ပြီးသည်နှင့် ချက်ချင်းလိုလို ပြန်ပျောက်ကွယ်သွားသည်။
ဝမ်လင်းက ဂြိုဟ်၏ စိတ်ဝိညာဉ် ထုတ်ယူခြင်းကို ကျရှုံးခဲ့ချိန်၌ အခုလို ခံစားမိလိုက်ခြင်းပင်။ ရှေးဟောင်းအော်ရာ ပျောက်ကွယ်သွားသည့်အခိုက်၌ သူ့ခန္ဓာကိုယ်သည် ပြင်းထန်သောအားတစ်ခု လာထိခတ်သည်ဟု ခံစားလိုက်ရ၏။ သူ့ခန္ဓာကိုယ်မှ တစီစီအသံများပင် ထွက်ပေါ်လာကာ သူ့မျက်နှာက ဖြူဖွေးသွားသည်။ သူက ပြန်ကောင်းရန် အချိန်ခဏ ယူလိုက်ရသည်။
ဝမ်လင်းက သူ့ရှေ့ကတောင်ကို ကြည့်နေရင်း အသက်ဝဝရှူသွင်းလိုက်သည်။ သည်တောင်က သူ့ကို ဒုတိယအဆင့်ရှိ ကျင့်ကြံသူများသာ အသုံးပြုနိုင်သည့် စိတ်ဝိညာဉ်ထုတ်ယူခြင်းမန္တန်နှင့် ပတ်သက်၍ အတွေ့အကြုံ အလေ့အကျင့် ရစေခဲ့ပေသည်။
“ဒီဟာက ငါ့အတွက် တော်တော်လေး အသုံးဝင်တယ်။ ငါက ဒီတောင်ကို လောဘကြီး ဘယ်လိုရှာတွေ့ခဲ့ပြီး ဘယ်လိုသန့်စင်ခဲ့လဲ မသိရဘူး…”
လောဘကြီးသည် ဝမ်လင်း၏ရန်သူ ဖြစ်သော်လည်း သူက ထိုစိတ်ဝိညာဉ်ထုတ်ယူခြင်း မန္တန်ကို တွေ့မြင်ပြီးနောက် လောဘကြီးအပေါ်၌ လေးစားသွားခဲ့ပေသည်။
“ရှေးဟောင်းမိုးကြိုးနဂါး၊ ကောင်းကင်ဘုံတောင်၊ ရှေးဟောင်း နတ်ဘုရားမီးပြင်းဖို၊ တောင်နဲ့မြစ်အကာအရံ၊ ဒီထူးဆန်းတဲ့သရဖူ…။ ဒါတွေအပြင် လောဘကြီးရဲ့ သိုလှောင်အိတ်ထဲမှာ အခြားမသိနိုင်တဲ့ ရတနာတွေလည်း ရှိနေသေးတယ်။ သူက တကယ့်ကို ကောင်းကင်ဘုံက ချီးမြှင့်ခံထားရတဲ့လူပဲ…”
ဝမ်လင်းက သက်ပြင်းချမိ၏။ သည်ရတနာများထဲက တစ်ခုပင် လူတိုင်းကို အရူးအမူး ဖြစ်သွားစေနိုင်ပေသည်။ သို့ရာတွင် ဝမ်လင်းကို အံ့အားအသင့်ဆုံးအရာက မည်သူကမျှ လောဘကြီးထံမှ ရတနာများကို လုယူတာ မရှိခြင်းပင် ဖြစ်၏။
သူက ထိုကိစ္စနှင့်ပတ်သက်၍ ခေါင်းခြောက်နေမိသည်။
သူက ကောင်းကင်ဘုံတောင်ကို ကြည့်နေရင်း သူ့မျက်လုံးထဲ၌ စိတ်လှုပ်ရှားဟန်တို့ ဖြစ်ပေါ်လာ၏။
“ဒါက ပြန်ပြုပြင်နိုင်လောက်တယ်၊ အင်း.. ဒါပေမဲ့လည်း ဒီလိုပြုပြင်နိုင်ဖို့ မူလစွမ်းအင်လိုမှာပဲ…” ဝမ်လင်းက ၎င်းကို ပြန်သိမ်းဆည်းလိုက်ပြီးနောက် သူ့သိုလှောင်အိတ်ထဲကနေ နောက်ထပ်ပစ္စည်းတစ်ခု ထပ်မံ ထုတ်ယူလိုက်သည်။
ထိုအရာက တောင်နှင့်မြစ် အကာအရံပင် ဖြစ်၏။
ဝမ်လင်းက တောင်နှင့် မြစ်ပန်းချီကားအကြောင်း တစ်ခါမှ မကြားခဲ့ဖူးပေ။ သို့ရာတွင် ကျင့်ကြံခြင်းကမ္ဘာ၏ ကျော်ကြားသူပုံရိပ်အချို့သည် တောင်နှင့်မြစ်ပန်းချီကား အကြောင်း ကောင်းကောင်း သိကြပေ၏။
ထိုအရာက ကောင်းကင်ဘုံနယ်မြေ၏ ထိပ်တန်းရတနာ ဆယ်ပါးထဲမှာပင် နံပါတ်ငါးအဆင့်တွင် ရှိသည့်အရာ ဖြစ်၏။
ပြောကြသည်က တောင်နှင့်မြစ် ပန်းချီကားသည် မခန့်မှန်းနိုင်သည့် အရာတစ်ခုဟု ဆိုကြ၏။ သို့ရာတွင် ၎င်းကို အားကောင်းအောင် အမှန်တကယ် ပြုလုပ်ပေးသည့်အရာက တောင်နှင့်မြစ်မန္တန်မဟုတ်ဘဲ ထိုပန်းချီကား၏ မင်သာဖြစ်သည်။
ထိုမင်က အနက်ရောင် ဖြစ်သော်လည်း အမှန်တော့ အနီရင့်ရောင်သာ ဖြစ်ကာ သွေးကနေ ဖြစ်ပေါ်နေသကဲ့သို့ ထင်ရ၏။ သည်သွေးက တောင်နှင့်မြစ်ပန်းချီကားပေါ်ရှိ အစစ်အမှန် စွမ်းအားမည်သည်။
ကောလာဟလ ပြောကြသည်က ယင်းတောင်နှင့်မြစ်ပန်းချီကားကို ရေးဆွဲထားသော သွေးက ကောင်းကင်ဘုံတာအို၏ သွေးဟု ဆိုကြသည်။ သို့သော် ကောင်းကင်ဘုံတာအိုက ပုံပန်းအသွင်မရှိ ဖြစ်ရကာ ထို့အတွက်ကြောင့် ၎င်းက သွေး မည်သို့ ရှိနိုင်ပါ့မည်နည်း။ ထိုသို့သော အချက်များကြောင့် သည်ပန်းချီကားက ဒဏ္ဌာရီပုံပြင်ဆန်နေခဲ့ပေသည်။
ထို့အတွက်ကြောင့် သည်ပစ္စည်းကို ကောင်းကင်ဘုံ တာအိုပန်းချီကားဟုလည်း ခေါ်တွင်ကြသေး၏။
လောဘကြီး ရရှိခဲ့သည့် တော်နှင့်မြစ်ပန်းချီကားသည် အစစ်အမှန် မဟုတ်ပေ။ သို့သော် မျက်နှာပြင်တစ်ခုပေါ်၌ အမှတ်သားပြု တုပထားသည့် အရာတစ်ခုတော့ ဖြစ်၏။
တောင်နှင့်မြစ်ပန်းချီကားကို အကာအရံမျက်နှာပြင် တစ်ခုအဖြစ်သို့ တုပ ခတ်နှိပ်ထားနိုင်သည့် မန္တန်မျိုးကို လောဘကြီးက သူ့ဦးနှောက်ထဲ၌ အဖန်တလဲလဲ စဉ်းစားကြည့်ခြင်း၊ ရှေးဟောင်းမှတ်တမ်းများထဲ၌ ရှာဖွေခြင်းများ ပြုလုပ်ခဲ့သော်လည်း သူက ရှာတွေ့နိုင်စွမ်း ခုထိ မရှိသေးပေ။
ဝမ်လင်းအကြည့်က ထိုအကာအရံ မျက်နှာပြင်ပေါ်သို့ ကျရောက်နေ၏။ သည်မျက်နှာပြင်က အလွန်ရိုးရှင်းနေသည်။
တောင်နှင့်မြစ်ပန်းချီကားက အနည်းငယ် မပီဝိုးတဝါး ထိုမျက်နှာပြင်ပေါ်၌ ပေါ်နေသည်ဟု ထင်ရ၏။ သို့သော် အချိန်အတန်ကြာ စိုက်ကြည့်ပါက ၎င်းပန်းချီပုံရိပ်သည် ရှင်းရှင်းလင်းလင်း ရှိနေသည်ကို တွေ့မြင်နိုင်ပေလိမ့်မည်။
သို့ရာတွင် ခုချိန်၌ တောင်နှင့်မြစ်ကို နှစ်ပိုင်း ခွဲထားပစ်သလိုမျိုး အက်ကွဲကြောင်းတစ်ခု ယင်းအကာအရံပေါ်၌ ထင်ကျန်လို့နေ၏။ ၎င်းက အလွန်အချိုးအနားသား မကျသည့်ပုံ ပေါ်နေတော့၏။
ရှေးဟောင်း နတ်ဘုရားလက်ချောင်း၏ စွမ်းအားအောက်၌ ထိုရတနာပေါ်ရှိ နတ်ဘုရားအာရုံက ပျက်စီးသွားခဲ့ပြီး ဖြစ်သည်။ ဝမ်လင်းက သူ့ညာလက်ကို ဝှေ့ယမ်းကာ သူ့ကိုယ်ပိုင် နတ်ဘုရားအာရုံကို ယင်းပေါ်သို့ ခတ်နှိပ်လိုက်၏။ အနည်းငယ်စဉ်းစားပြီးနောက် သူက ပါးစပ်ဟကာ ထိုမျက်နှာပြင် အရန်အတားကို သူ့မူလစိတ်ဝိညာဉ်ထဲသို့ စုပ်သွင်းလိုက်လေ၏။
သူက ထိုပစ္စည်းကို သူ့မူလစိတ်ဝိညာဉ်ထဲရှိ မိုးကြိုးနှင့် ပြန်လည် မွမ်းမံနိုင်ရန် စတင်တော့၏။
နောက်ဆုံး ရတနာတစ်ခုကတော့ သရဖူပင်။ ဝမ်လင်းက လမြွေနဂါး၏ ရှေးဟောင်းနတ်ဘုရားလက်ချောင်း စွမ်းအားအောက်မှာပင် ယင်းသရဖူက တစ်ချက်ပင် အက်ကွဲသွားခြင်း မရှိသည်ကို ကိုယ်တိုင်မြင်တွေ့ခဲ့ရပေသည်။
သူ့ဘယ်လက်ဖြင့် ထိုသရဖူကို ကိုင်ဆောင်ထားရင်း ဝမ်လင်းသည် နတ်ဘုရားအာရုံဖြင့် စစ်ကြည့်လိုက်ရာ ၎င်းနှင့်ပတ်သက်၍ သာမန်မဟုတ်သည့်အရာ ဘာကိုမှ မတွေ့ခဲ့ပေ။ ၎င်းကသေမျိုးတစ်ယောက်၏ သရဖူကဲ့သို့ ဆင်တူကာ ပုံမှန်ပင် ဖြစ်နေ၏။
သို့ရာတွင် ယင်းသရဖူပေါ်ရှိ အစေ့ငါးစေ့က ဝမ်လင်း၏ အာရုံကို ဖမ်းစားသွားနိုင်ခဲ့သည်။ဝမ်လင်းက ထိုအစေ့ငါးခုထဲ၌ ဒြပ်စင်ငါးခုစွမ်းအား ပါဝင်နေသည်ကို ချက်ချင်း ပြောနိုင်ပေ၏။
သည်အစေ့ငါးခုက အနီရောင်လိပ်ပြာ၏ ဒြပ်စင်ငါးခု စိတ်ဝိညာဉ်များနှင့် အလားသဏ္ဌာန်တူလှ၏။ ထိုသရဖူကို စူးစိုက်ကြည့်နေရင်း ဝမ်လင်းက အနည်းငယ် စဉ်းစားပြီးနောက် ၎င်းကို လောဘကြီး လုပ်ခဲ့သလို သူ့ခေါင်းပေါ်သို့ တင်လိုက်၏။
ထိုအခိုက်အတန့်၌ ထူးဆန်းသော အားတစ်ခုက ဝမ်လင်းခေါင်းထဲကို ဝင်ရောက်လာခဲ့သည်။ ယင်းခံစားချက်က သူ့ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားလာပြီးနောက် သရဖူထဲသို့ ပြန်ဝင်သွားကာ မည်သည့်လှုပ်ရှား သက်ဝင်မှုမှ မရှိတော့ပေ။
ဝမ်လင်းမျက်လုံးထဲကနေ ထူးဆန်းသော အရောင်တစ်ခု ဖြစ်ပေါ်လာသည်။ သူက သရဖူကို ပြန်ချွတ်ကာ သေချာကြည့်ရှု၍ စဉ်းစားကြည့်နေတော့သည်။
“ဒီစွမ်းအားက သိပ်တော့ အားမကောင်းလှဘူး။ ဒီအားက ငါ့ခန္ဓာကိုယ်ကို ဖြတ်သန်းသွားလာတဲ့အခါမှာ ငါက ဒီအားဟာ တစ်ခုခုကို လိုက်ရှာနေသလို ခံစားရတယ်။ ၎င်းအားက လိုချင်တာ ရှာမတွေ့နိုင်တာနဲ့ ချက်ချင်းပဲ သရဖူထဲ ပြန်ဝင်သွားခဲ့တယ်…။ ဒီအားက ဘာကိုများ ရှာဖွေတာလဲ…”
“ဒြပ်စုငါးခုအစေ့က… ဘာကိုများရှာမလဲ…” ဝမ်လင်းက မှင်တက်သွား၏။ သူ့မျက်လုံးက တလက်လက် ဖြစ်နေကာ သူက ခပ်တိုးတိုး ရွတ်ဆိုလိုက်သည်။ “တုပထားတဲ့ ဒြပ်စင်ငါးခုခန္ဓာကိုယ်…အနီရောင်လိပ်ပြာ…”
*****