မြေပြင်က မိုးကြိုးများနှင့် ပြည့်နှက်နေသည်ကို ကြည့်ကာ ဝမ်လင်း၏ မူလစိတ်ဝိညာဉ်သည် ပို၍ သက်တောင့်သက်သာ ဖြစ်မှုကို ခံစားလိုက်ရသည်။ထိုသို့သော မိုးကြိုးများအောက်၌ မည်သည့်သစ်ပင်ပန်းမန်၊ သက်ရှိများမှ ရှိမနေပေ။
ဤကဲ့သို့သော တည်ရှိမှုနေရာမျိုးက ရှားပါးလွန်းလှသည်။
ဂြိုဟ်သိမ်ဂြိုဟ်မွှားများက သည်နေရာကို ဝန်းရံထားခြင်းကြောင့် သတိပြုမိရန်ပင် မဖြစ်နိုင်သလောက် ဖြစ်နေ၏။ ဝမ်လင်း၏ မူလစိတ်ဝိညာဉ်ကြောင့်သာ မဟုတ်ပါက သူက သည်နေရာကို ဘယ်တော့မှ ရှာတွေ့နိုင်လိမ့်မည် မဟုတ်ပေ။
သည်နေရာ၌ မည်သည့်သက်ရှိမှ ရှိမနေသော်လည်း ထိုဂြိုဟ်ထံကနေ အားကောင်းသော အသက်ဓာတ်တစ်ခု ထွက်ပေါ်လို့နေ၏။ ထို အသက်ဓာတ်က စိတ်ဝိညာဉ်စွမ်းအင်များ ပြည့်နေသော ကျင့်ကြံခြင်းဂြိုဟ်တစ်ခုထက် မည်သို့မျှ အားနည်းနေခြင်း မရှိပေ။
သို့ရာတွင် သည်နေရာ၌ မည်သည့်စိတ်ဝိညာဉ်စွမ်းအင်မှ ရှိမနေချေ။
သည်နေရာရှိ ကမ္ဘာတစ်ခုလုံးသည် ပြင်းထန်အားကောင်းသော မိုးကြိုးများနှင့်သာ ဝန်းရံထားသည်။မရေမတွက်နိုင်သော မိုးကြိုးလျှပ်စီးတ်းများက ကောင်းကင်ထက်ကနေ ကျဆင်းလျက် ရှိနေသည်။မြေပြင်ကလည်း မိုးကြိုးတန်းများကို စုပ်ယူထားကာ ထိုမိုးကြိုးများက ငွေရောင်မြွေများအလား မြေပြင်တစ်လွှား ရွှေ့လျားကာ နေသည်။
ဝမ်လင်း မျက်လုံးထဲကနေ ထူးဆန်းသောအလင်းတစ်ခု ထွက်ပေါ်လာ၏။ သည်နေရာက သူ့အတွက် ပြီးပြည့်စုံနေသည်။
“ဒီနေရာမှာဆိုရင် ငါက မိုးကြိုးမူလမန္တာန်ကို ကျင့်ကြံဖို့ တစ်ဝက်ပဲ အားစိုက်ထုတ်ဖို့ လိုလိမ့်မယ်…” ဝမ်လင်း၏မူလစိတ်ဝိညာဉ်က မြေပြင်ထက်သို့ ခြေချလိုက်သည်။ သူက မိုးကြိုးကန်တစ်ခုထဲသို့ ခြေချလိုက်သည့်အလား သူ့မူလစိတ်ဝိညာဉ်ထံကနေ လှိုင်းတစ်ခု ပျံ့နှံ့လာခဲ့သည်။
လမြွေနဂါး၏ အရိုးပင် မိုးကြိုးများနှင့် ဝန်းရံခြင်း ခံထားရသည်။
ဝမ်လင်းက ရွှေ့လျားလို့နေ၏။ လမြွေနဂါးက အရိုးကလည်း မြေပြင်ထက်သို့ ကျရောက်လာသည်။ ထိုအဖြစ်က သည်မြေပြင်ထက်၌ တောင်ကြီးတစ်ခု ထွက်ပေါ် လာသကဲ့သို့ ထင်မှတ်ရ၏။
ဝမ်လင်း၏ မူလစိတ်ဝိညာဉ်က ကြာပွင့်သဏ္ဌာန်ထိုင်ချလိုက်၏။ သူက ရှေးဟောင်းမိုးကြိုးနဂါးကို ပြည့်စုံစွာ စုပ်ယူခဲ့ခြင်း မဟုတ်ပေ။ သူ့မူလစိတ်ဝိညာဉ်ထဲ၌ ပါးလွှာသောမျဉ်းလိုင်းတစ်ခု ရှိနေကာ ယင်းမျဉ်းလိုင်းက နဂါးတစ်ကောင်၏ အပြင်ပိုင်းပုံသဏ္ဌာန်ကဲ့သို့ မပီမပြင် ဖြစ်ပေါ်နေခဲ့၏။
ဝမ်လင်း၏ မူလစိတ်ဝိညာဉ်က သူ့လက်နှစ်ဖက်လုံးဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေကာ သူ့ဒူးခေါင်းထက်သို့ နေရာချလိုက်သည်။ ဝမ်လင်းမျက်လုံးထဲ၌ မိုးကြိုးတစ်ခု ပေါ်လာခဲ့သည်။ထို့နောက် စုပ်အားတစ်ခု ဖြစ်ပေါ်လာကာ သူ့ပတ်လည်ရှိ မိုးကြိုးများအားလုံးကို သူ့ထံသို့ စုစည်းလာတော့သည်။
နေရာအနှံ့မှ အက်ကွဲသံများ ပေါက်ကွဲထွက်လာပြီးနောက် မရေမတွက်နိုင်သော မီးပွင့်မီးပွားများသည် ပတ်ပတ်လည်သို့ ပျံသန်းလာသည်။ထိုမီးပွင့်မီးပွားတစ်ခုစီက ပထမအဆင့်ရှိ ကျင့်ကြံသူတိုင်း၏ အသွင်ဟန်ပန်ကို ပြောင်းလဲသွားစေနိုင်စွမ်း ရှိနေသည်။အကြောင်းမူကား ၎င်းမီးပွင့်ထဲ၌ ကောင်းကင်ဘုံမိုးကြိုး၏ ခွန်အားတစ်ခု ပါဝင်နေသောကြောင့်ပင်။
ဝမ်လင်းက မျက်လုံးဖြည်းညင်းစွာ မှိတ်လိုက်ကာ သူ့မူလစိတ်ဝိညာဉ်ထဲသို့ မိုးကြိုးများ စိတ်ကြိုက်ဝင်ရောက်ခွင့် ပြုလုပ်၏။ သိပ်သည်းသော မိုးကြိုးများက သူ့ပတ်လည်သို့ စုစည်းလာကာ အဆက်မပြတ် တိုးပွားလာသည်။ဧရာမမိုးကြိုးလုံးကြီး တစ်ခုက သူ့ပတ်ညလ်၌ ဖြည်းဖြည်းချင်း စုဝေးလာခဲ့သည်။
ဝမ်လင်းက ထိုမိုးကြိုးလုံးကြီး အထဲ၌ ရှိနေကာ သူ့အပေါ်သို့ မိုးကြိုးတန်းများက အဆက်မပြတ် ကျဆင်းနေသည်။မိုးကြိုးများက သူ့မူလစိတ်ဝိညာဉ်ပတ်လည်၌ ဖြတ်သန်းစီးဆင်း လှည့်ပတ်ပြီးနောက် ဖြည်းဖြည်းချင်း ပျောက်ကွယ်လာခဲ့သည်။
ထိုစက်ဝန်းလှည့်ပတ်မှုက ဆက်လက် ဖြစ်နေကာ ဝမ်လင်းက အချိန်ကိုပင် မေ့နေခဲ့ချေသည်။သူက မိုးကြိုးအပေါ်၌သာ အာရုံစူးနစ်ထား၏။ သည်နေရာတွင် ပြင်းထန်သော ဖိအားတစ်ခု ရှိနေကာ ယင်းဖိအားက ဝမ်လင်း၏ စုပ်ယူခြင်းကို ခံရသည်။
ကောင်းကင်ဘုံသက်တော်စောင့်ကတော့ သည်မိုးကြိုးဂြိုဟ်၏ အနီးနားရှိ ဂြိုဟ်သိမ်တစ်ခုပေါ်တွင် မျက်လုံးမှိတ်ကာ ကျင့်ကြံနေသော်လည်း ၎င်း၏ နတ်ဘုရားအာရုံကိုမူ ဖြန့်ကျက်ထား၏။ ဝမ်လင်းအတွက် စိုးရိမ်ရစေသော တစ်ခုခု ဖြစ်လာခဲ့ပါက ၎င်းက ချက်ခြင်း လှုပ်ရှားပေလိမ့်မည်။
သစ္စာရှိမှုသည် ကောင်းကင်ဘုံအင်ပါယာ ချင်လင်း ကောင်းကင်ဘုံသက်တော်စောင့်များကို ဖန်တီးချိန်၌ အဓိကနေရာက ပါဝင်ခဲ့ပေ၏။
အချိန်က ဖြည်းဖြည်းချင်း ကုန်ဆုံးလာခဲ့သည်။ ဖျပ်ခနဲပင် ဆယ်နှစ်တာ ကုန်ဆုံးသွားခဲ့ချေပြီ။
သည်ဆယ်နှစ်တာအတွင်း ကောင်းကင်ဘုံသက်တော်စောင့်က တစ်စက်မှ လှုပ်ရှားခြင်း မပြုပေ။
မိုးကြိးဂြိုဟ်အတွင်း၌ ဝမ်လင်း ရှိနေသောနေရာတွင် ဧရာမမိုးကြိုးလုံးကြီးတစ်ခုပါ ရှိနေ၏။ ကောင်းကင်ထက်မှ မိုးကြိုးများက ထိုမိုးကြိုးလုံးပေါ်သို့ ကျရောက်ကာ မြန်ဆန်စွာ စုပ်ယူခံနေရ၏။
ထိုမိုးကြိုးလုံးအတွင်း၌ ဝမ်လင်း၏ မူလစိတ်ဝိညာဉ်သည် ဆက်တိုက် ကောင်းမွန်လာနေ၏။သည်နေရာက သူ့အတွက် ပြန်လည် ကောင်းမွန်နိုင်ရန် အကောင်းဆုံးနေရာပင် ဖြစ်သည်။ဝမ်လင်းက မိုးကြိုးများကို ဆက်လက် စုပ်ယူနေကာ သူ့ဒဏ်ရာများသည် ဖြည်းဖြည်းချင်း ပြန်ကောင်းမွန်လာနေ၏။
နောက်ထပ် ဆယ်နှစ်တာ ကုန်ဆုံးသွားပြန်၏။ သည်နေ့တွင် ဝမ်လင်း၏ မူလစိတ်ဝိညာဉ်သည် ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လာခဲ့သည်။သူ့မျက်လုံးထဲ၌ မိုးကြိုးခွန်အား ပါဝင်နေ၏။သူ မျက်လုံးဖွင့်လာသည့်အခိုက်တွင်ပင် သူ့ပတ်လည်ရှိ မိုးကြိုးလုံးက ပေါက်ကွဲထွက်သွား၏။၎င်းက ပြင်းထန်သော မိုးကြိုးမန္တာန်တစ်ခုအလား ပျံ့နှံ့သွားခဲ့ချေသည်။
သို့ရာတွင် ထိုမိုးကြိုးက ပျံ့နှံ့သွားသည်နှင့် ဝမ်လင်းက ယင်းတို့ကို ရှိုက်သွင်းပစ်လိုက်၏။
ထိုအခိုက်အတန့်၌ သူ့ခန္ဓာကိုယ်သည် မိုးကြိုးချပ်ဝတ်ကို ဝတ်ဆင်ထားသကဲ့သို့ မိုးကြိုးများနှင့် ပြည့်ဖုံးနေ၏။သူ့ဆံပင်များထံမှပင် မိုးကြိုးအမျှင်တန်းကို ထုတ်လွှတ်ပေးနေသည်။
“ငါက ဒီနေရာမှာသာ မဟုတ်ရင် ငါ့မူလစိတ်ဝိညာဉ် ပြန်ကောင်းမွန်ဖို့ ဒီထက်အဆပေါင်းများစွာ ပိုကြာလိမ့်မယ်…”
ဝမ်လင်းက ခေါင်းမော့ကာ ကောင်းကင်ထက်သို့ ကြည့်လိုက်သည်။
“ခုချိန်မှာ အရေးကြီးဆုံးက ငါ့ခန္ဓာကိုယ်ကို ပြန်ရအောင် လုပ်ဖို့ပဲ။ ခန္ဓာကိုယ်အသစ်တစ်ခု ပြန်လည် ဖြစ်ပေါ်တာက သာမန်ကျင့်ကြံသူတစ်ယောက် လုပ်နိုင်တဲ့ အရာမဟုတ်ဘူး။ ဒါက ရှေးဟောင်းနတ်ဘုရား နည်းစနစ်တွေနဲ့ ပါဝင်ပတ်သက်နေတယ်…”
ဝမ်လင်းက စတင်၍ စဉ်းစားနေ၏။
“ငါ့မူလခန္ဓာကိုယ်ကသာ ရှေးဟောင်းနတ်ဘုရားရဲ့နည်းစနစ်ကို ကျင့်ကြံနေခဲ့တာ။ ဒါပေမဲ့လည်း ခုချိန်မှာ ငါက ဒီနည်းလမ်းရဲ့ တစ်စိတ်တစ်ပိုင်းကို အသုံးပြုပြီး ငါ့ခန္ဓာကိုယ်ကို ပြန်ဖြစ်ပေါ်ဖို့ လုပ်ရမယ်…”
သည့်နောက် ဝမ်လင်းက ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေလိုက်သည်။ထိုချိပ်တံဆိပ်က ရှေးဟောင်းနတ်ဘုရားထူစီ၏ မှတ်ဉာဏ်များထဲမှ ချိပ်တံဆိပ်မည်သည်။
ရှေးဟောင်းအော်ရာ တစ်ခုသည် ဝမ်လင်းလက်ထဲကနေ ပျံ့နှံ့လာခဲ့ကာ ကမ္ဘာလောကကို ခြုံရုံလာသည်။မိုးကြိုးခွန်အားသည် အနှီရှေးဟောင်းအော်ရာထဲသို့လည်း ဝင်ရောက်လာခဲ့သည်။
ဝမ်လင်းက သူ့လက်နှစ်ဖက်ဖြင့် ကမ္ဘာမြေကို ထိလိုက်ကာ ရှုပ်ထွေးသောစကားလုံးအနည်းငယ်ကို ရွတ်ဆိုလိုက်သည်။ထို့နောက် သူ့မျက်လုံးထဲကနေ ထူးဆန်းသောအလင်းတစ်ခု ထုတ်လွှတ်လာချေသည်။
“စုစည်းစမ်း…” ဝမ်လင်းက ထိုစကားတစ်ခွန်းကို ဆိုသည်။
မြေပြင်ထုကို ဖုံးလွှမ်းနေသော မိုးကြိုးသည် အစစ်အမှန်ရေကဲ့သို့ ပြောင်းလဲလာသလား ထင်မှတ်ရသည်။၎င်းက အစပိုင်း၌ နှေးကွေး၏။သို့သော် ၎င်းက မြန်ဆန်စွာ ပျံ့နှံ့လာခဲ့ကာ မိုးကြိုးများအားလုံးသည် ဝမ်လင်းထံသို့ တဟုန်ထိုး တိုးဝင်လာခဲ့သည်။
မိုးကြိုးများက ဝမ်လင်းလက်နှစ်ဖက်ကနေ ဖြတ်သန်း၍ မြန်ဆန်စွာ တိုးဝင်လာနေသည်။သို့ရာတွင် ထိုမိုးကြိုးများက သူ့ခန္ဓာကိုယ်၏ အတွင်းဘက်ခြမ်းသို့ ရောက်သွားခြင်းမရှိဘဲ သူ့လက်ဝါးပတ်လည်၌သာ သိပ်သည်းလာခဲ့သည်။
ထုံထိုင်းထိုင်း ခံစားချက်သည် ဝမ်လင်းလက်ကနေ ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။ ထိုခံစားချက်က တစ်စုံတစ်ယောက် ခန္ဓာကိုယ် ပိုင်ဆိုင်လာချိန်၌သာ တည်ရှိသည့် ခံစားမှု ဖြစ်၏။ဝမ်လင်းက အောက်သို့ငုံ့ကြည့်ချင်း မရှိပေ။သူ့မျက်လုံးများကို မှိတ်ထားလျက်သာ ရှိသည်။သူက တောင်တစ်ခုအလား တည်ငြိမ်ခိုင်မြဲစွာ ရှိနေသည်။
မိုးကြိုးမြောက်များစွာက စုစည်းလာနေခဲ့သည်။ ထိုမိုးကြိုးများက ဝမ်လင်းထံသို့ စုစည်းလာနေခြင်းပင်။
မိုးကြိုးများက တလျှံ့လျှံ တလက်လက် ဖြစ်လို့နေသည်။ ဝမ်လင်းက သည်ကမ္ဘာထဲရှိ မိုးကြိုးများအားလုံးကို သူ့လက်ဖြင့် ထိန်းချုပ်နေသလား မှတ်ထင်ရသည်။
သူက သူ့လက်ဖြင့် မခန့်မှန်းနိုင်လောက်သော မိုးကြိုးများကို ဖြည်းဖြည်းချင်း စုပ်ယူလာခဲ့ကာ စတင် သိပ်သည်းလာစေသည်။ရွှေရောင်အလင်းများက တဖျပ်ဖျပ် ထွက်ပေါ်လာကာ သူ့လက်ထဲ၌ ပျောက်ကွယ်သွားခဲ့သည်။
ထိုအလင်းစက်များက မိုးကြိုးများ ပိုစုစည်းလာသည်နှင့်အမျှ ပိုမို တိုးပွားလာနေသည်။ယင်းအစက်များကြား၌ ထူးဆန်းသောချိတ်ဆက်မှု တစ်ခု ရှိနေသည်ဟု ထင်မှတ်ရ၏။ယင်းအစက်များက စုစည်းချိတ်ဆက်ကာ လက်အရိုးတည်ဆောက်သည့် ပုံစံ ဖြစ်လာခဲ့သည်။
အနှီလက်အရိုးသည် ရွှေရောင်အလင်းစက်များထံမှ ဖြစ်ပေါ်လာကာ မိုးကြိုးခွန်အားကို ပေးစွမ်း၏။
အချိန်က ဖြည်းဖြည်းချင်း ကုန်ဆုံးလာခဲ့သည်။ ကမ္ဘာမြေပြင်ရှိ မိုးကြိုးများကလည်း ဝမ်လင်းထက်သို့ လှိုင်းများအလား တရိပ်ရိပ် တိုးဝင်လာနေသည်။ဝမ်လင်းလက်ပေါ်၌လည်း ရွှေရောင်အလင်းစက်များစွာ စုစည်းလာခဲ့မှုက အထွတ်အထိပ်သို့ ရောက်လာသည်။နောက်ဆုံးတွင် လက်တစ်စုံ အရိုးပုံစံက ရုတ်တရက် ပေါ်လာချေသည်။
အပြင်လူတစ်ယောက်ကသာ ခုချိန်၌ ဝမ်လင်းကို တွေ့မြင်ပါက ပင့်သက်ရှိုက်မိသွားပေလိမ့်မည်။ ထိုမြင်ကွင်းက အလွန်အားကောင်းလှ၏။ လက်တစ်စုံကလွဲ၍ ကျန်သည့်အရာအားလုံးသည့် မပီမပြင်ဝိုးဝဝါး ထွင်းဖောက်၍သာ တည်ရှိ၏။လက်အရိုးတစ်စုံက လုံးဝ အထည်ဒြပ်ဖြစ်လာခဲ့လေသည်။
ဝမ်လင်း၏ စုပ်ယူမှုက ရပ်တန့်သွားခြင်း မရှိပေ။ ပိုပိုများပြားသော မိုးကြိုးများကို စုပ်ယူနေရင်း အလင်းစက်များကလည်း တိုးပွားလာကာ သူ့လက်နှစ်ဖက်ထံသို့ စတင် ချဲ့ထွက်လာသည်။
လက်နှစ်ဖက် အရိုးက တဖြည်းဖြည်း သိပ်သည်းလာခဲ့လေသည်။ အချိန်က ဖြည်းဖြည်းချင်း ကုန်ဆုံးလာလေပြီ။ဝမ်လင်းကလည်း မိုးကြိုးများကို စုပ်ယူခြင်း၌သာ နစ်မြုပ်နေ၏။မိုးကြိုးများအားလုံး ပျောက်ကွယ်သွားချိန်၌ အပြည့်အစုံအရိုးစုတစ်ခု ဖြစ်တည်လာခဲ့လေပြီ။
သူ့ခန္ဓာကိုယ်ကလည်း လေထဲသို့ ဖြည်းဖြည်းချင်း မြောက်တက်လာခဲ့သည်။ သူက လေထဲ၌ ရှိနေကာ လေထဲရှိ မိုးကြိုးများအားလုံးကလည်း သူ့ခန္ဓာကိုယ်ပေါ်သို့ အရူးအမူး သက်ဆင်းကျရောက်လာပြန်သည်။
မိုးကြိုးတန်းများက လက်မောင်းလုံးခန့်ပင် ထူကာ ကောင်းကင်ထက်ကနေ ဆက်တိုက် သက်ဆင်းလာသည်။ဝမ်လင်း၏ အရိုးစုအပြင်ဘက်ခြမ်းတွင် အစိမ်း၊အနီ မျဉ်းလိုင်းများက ဆက်တိုက် ရောယှက် ဖြစ်ပေါ်လာခဲ့သည်။ယင်းမျဉ်းလိုင်းများက ဆက်တိုက်ပေါ်လာကာ သူ့ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သည်။
ဤအခိုက်အတန့်၌ ဝမ်လင်း၏ နတ်ဘုရားအာရုံသည် ဂြိုဟ်တစ်ခုလုံးကို ဖြန့်ကျက် လွှမ်းခြုံထားသည်။ သူ့မူလစိတ်ဝိညာဉ်ထဲရှိ မိုးကြိုးသည် သည်ဂြိုဟ်ပေါ်ရှိ မိုးကြိုးအားလုံး၏ ပိုင်ရှင် ဖြစ်လာသကဲ့သို့ ထင်မှတ်ရသည်။
“စုပ်ယူစမ်း…” နတ်ဘုရားအာရုံက မန္တာန်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ ထိုစကားတစ်ခွန်းဖြင့်ပင် ဂြိုဟ်က တုန်ခါသွားရ၏။ ဂြိုဟ်ပေါ်ရှိ မိုးကြိုးအားလုံးသည် စုပ်ယူခြင်း ခံရ၏။သည့်နောက် မိုးကြိုးပမာဏများစွာသည် ပေါ်လာကာ ဝမ်လင်းထံသို့ တရကြမ်း တိုးဝင်လာပြန်သည်။
ထိုမြင်ကွင်းက ကမ္ဘာမြေကိုပင် ကွဲအက်စေသော ကြီးမားသည့်မိုးကြိုးမုန်တိုင်းတစ်ခုကို ဖော်ဆောင်သည်။ကောင်းကင်ထက်ရှိ မိုးကြိုးများပင် ပြိုကျလုမတက် ဖြစ်ရသည်။
ဂြိုဟ်အပြင်ဘက်တွင် ရှိနေသော ကောင်းကင်ဘုံသက်တော်စောင့်ပင် မျက်လုံးဖွင့်လာခဲ့ကာ တောက်ပသော မျက်လုံးများဖြင့် ကြည့်လာခဲ့သည်။
ဂြိုဟ်ပေါ်ရှိ မိုးကြိုးအားလုံးသည် ဝမ်လင်းထံသို့ သူ့အသွေးအသားများအဖြစ် စုဝေးလာခဲ့ကာ ဖြည်းဖြည်းချင်း သိပ်သည်းလာခဲ့ချေသည်။သည်အခိုက်အတန့်၌ ဝမ်လင်းတစ်ကိုယ်လုံးသည် မိုးကြိုးနှင့် ပြည့်နှက်၏။သူ့ခန္ဓာကိုယ်သည် ဂြိုဟ်တစ်ခုလုံးနှင့် ဆက်နွှယ်နေ၏။
မိုးကြိုးနှင့်အတူ အားကောင်းသော အသက်ဓာတ်သည်လည်း လိုက်ပါ စုပ်ယူခြင်း ခံရ၏။သည်အသက်ဓာတ်က ဝမ်လင်း၏ ခန္ဓာကိုယ်အသစ်အတွက် မရှိမဖြစ်နေရာကနေ ပါဝင်သည်။
အချိန်က မြန်ဆန်စွာ ကုန်ဆုံးသွားကာ နှစ်ပေါင်းခြောက်ဆယ် ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။
သည့်နောက် ဂြိုဟ်ပေါ်ရှိ မိုးကြိုးများပင် ဆက်လက် သိပ်သည်းခြင်း မရှိတော့ဘဲ ကောင်းကင်ဘုံသက်တော်စောင့်ပင် ဂြိုဟ်ထဲသို့ ဝင်လာနိုင်ခဲ့ပြီ ဖြစ်သည်။
ထိုနှစ်ခြောက်ဆယ်အတွင်း မိုးကြိုးများအားလုံးနှင့်အသက်ဓာတ်အများစုသည် ပေသုံးဆယ်ခန့် ရှိသော ပိုးအိမ်တစ်ခုအဖြစ်သို့ သိပ်သည်းသွားခဲ့ပေသည်။
ယနေ့တွင် ထိုပိုးအိမ်က ပွင့်ဟလာခဲ့လေ၏။
***