Switch Mode

အပိုင်း(၇၆၈)

မိုးကြိုးထောင်…

ဝမ်လင်းက မှင်သက်သွားသည်။သည့်နောက် သူက ချက်ခြင်းပင် ကျေနပ်ဘဝင်ခိုက်သွားတော့၏။ အချိန်အတန်ကြာ ဆက်လက် ပျံသန်းပြီးသည့်နောက် သူက လမြွေနဂါးသည် သူ့နောက်သို့ ဆက်လက် လိုက်ပါလာခြင်း မရှိတော့သည်ကို သတိပြုမိလိုက်သည်။ သူတို့နှစ်ယောက်ကြားရှိ အကွာအဝေးသည် ပိုကြီးသထက် ကြီးလာခဲ့ချေသည်။

ဝမ်လင်းက ခုမှ စိတ်သက်သာရာရကာ သက်ပြင်းချနိုင်တော့၏။ သူ့မျက်လုံးထဲ၌လည်း ထိတ်လန့်မှုအငွေ့အသက်တို့က ရှိလို့နေဆဲသာ။

“ဒီလမြွေနဂါးက တော်တော်လေးကို အားကောင်းလှတယ်။၎င်းက နည်းနည်း နှေးကွေးသွားတာကြောင့်သာ မဟုတ်ရင် ငါတော့ သေနေလောက်ပြီ။ထူစီရဲ့ မှတ်ဉာဏ်ထဲက လမြွေနဂါးနဲ့နှိုင်းယှဉ်ရင် ဒီနှစ်ကောင်ရဲ့ ပုံပန်းသဏ္ဌာန်ကလွဲလို့ ဒီလမြွေနဂါးနှစ်ကောင်ကြားမှာ ဘာမှ တူတာ မရှိဘူး။ ဒီလမြွေနဂါးက ဘာကြောင့်များ ဒီလောက်စွမ်းအား ကောင်းနေရတာလဲ…”

ဝမ်လင်းက မြောက်ပိုင်းနယ်မြေရှိရာသို့ ပြန်လည့်ကြည့်ကာ စတင်စဉ်းစားနေသည်။

“ဒီလမြွေနဂါးက ဒီလောက်တောင်သန်မာတာ…ဘာကြောင့်များ ဒီနေရာထိ လာဖို့ ကြောက်နေရတာလဲ…။ ဖြစ်နိုင်တာက ဒီနေရာမှ ဒီကောင် ကြောက်ရမယ့် တစ်စုံတစ်ခု ရှိနေလို့လား…”

သူက နားလည်နိုင်ခြင်း မရှိပေ။ထို့နောက် သူ့မူလစိတ်ဝိညာဉ်၏ အခြေအနေကို စစ်ဆေးကြည့်ပြီးနောက် ခါးသီးစွာ ပြုံးလိုက်မိသည်။

“မူလစိတ်ဝိညာဉ်ရဲ့ အတားအဆီးကို ချိုးဖျက်နိုင်လိုက်တာက ကောင်းတဲ့အရာ ဆိုပေမဲ့လည်း ငါက ငါ့ခန္ဓာကိုယ်ကို ဆုံးရှုံးသွားခဲ့ရတယ်။ ငါ့အတွက် အသစ်တစ်ခုပြန်ရဖို့ ဘယ်လောက်ကြာမြင့်မလဲ သေချာ မသိရဘူး။ ငါက ခန္ဓာကိုယ်တစ်ခုကို ပိုင်စိုးမယ်ဆိုရင်တောင် အကန့်အသတ်တွေ အများကြီး ရှိနေလိမ့်မယ်။ ကောင်းမွန်တဲ့ခန္ဓာကိုယ် မဟုတ်ရင် ငါ့အတွက်လည်း ကောင်းလိမ့်မှာ မဟုတ်ဘူး…”

အချိန်ခဏတာ စဉ်းစားကြည့်ပြီးနောက် ဝမ်လင်းသည် ရှေ့သို့ ဆက်လက် ပျံသန်းသွားချေသည်။

“အရင်ဆုံး…ငါက ဒီအရိုးကို သန့်စင်နိုင်ဖို့ တံခါးပိတ်ကျင့်ကြံဖို့ လိုတယ်။ ဒါမှသာ ငါက ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ရဲ့ပြီးပြည့်စုံသွားတာကို မြင်ရလိမ့်မယ်။ အဲ့နောက်ကျမှ ငါက ငါ့ခန္ဓာကိုယ်အသစ် ပြန်ဖြစ်ပေါ်ဖို့ လုပ်ဆောင်ရမယ်…”

သည့်နောက် ဝမ်လင်းက သူ့ရှေ့ရှိ အဆုံးမဲ့အာကာသဟင်းလင်းပြင်ကြီးထဲသို့ ဆက်လက်ပျံသန်းသွားချေသည်။

လမြွေနဂါးက အကွာအဝေးတစ်ခုကနေ ကြည့်နေကာ ၎င်း၏ ကြီးမားသည့် မျက်လုံးထဲ၌ ချီတုံချတုံဖြစ်မှုတို့ ပေါ်နေ၏။ အချိန်အတန်ကြာမြင့်ပြီးနောက် ၎င်း၏ ကြီးမားသည့်ခန္ဓာကိုယ်ကြီးသည် နောက်သို့ စတင် ဆုတ်သွားတော့၏။ကြည့်ရသည်မှာ တစ်စုံတစ်ယောက်က ၎င်းကို တောင်ပိုင်းနယ်မြေသို့ မလာရောက်ရန် သတိပေးထားသကဲ့သို့ပင်။

သို့ရာတွင် သည်မှတ်ဉာဏ်က အလွန်ကြာမြင့်နေခဲ့ပြီ ဖြစ်ကာ မှုန်ဝါးဝါးသာ ရှိတော့သည်။သို့သော် ထိုမှုန်ဝါးဝါးအာရုံကပင် ၎င်း၏အတွေးများကို သက်ရောက်မှု ရှိနေဆဲသာ။

၎င်းက နောက်သို့ တဖြည်းဖြည်း ပြန်ဆုတ်လာခဲ့သည်။၎င်း၏ လက်တံများက လူးလားခေါက်တုံ့ ရှိလို့နေကာ ကြောက်မက်ဖွယ်ဖိအားကို ပေးစွမ်းနေသည်။လမ်းတစ်လျှောက်တွင် ကျင့်ကြံသူများစွာက ထိုလမြွေနဂါးကို သတိပြုမိကြ၏။သို့ရာတွင် သူတို့က တစ်ချက်ကြည့်မိရုံနှင့် ခေါင်းပေါ်၊ကိုယ်ပေါ်ရှိ အမွှေးများအားလုံး ထောင်မတ်ကုန်ကာ လုံးဝ တုန်လှုပ်သွားရတော့၏။ သူတို့က လှည့်၍ ချက်ခြင်း ပြေးကြတော့၏။

လမြွေနဂါးကြီးက မြောက်ပိုင်းနယ်မြေ၏ အဓိကဂြိုဟ်ငါးခုကြားရှိ တစ်နေရာတွင် ရပ်တန့်လိုက်သည်။၎င်း၏ ခန္ဓာကိုယ်ကြီးက ဖြည်းဖြည်းချင်း အာကာသထဲသို့ ရစ်ခွေလာသည်။ မရေမတွက်နိုင်သောလက်တံများကလည်း ပြန်ရုတ်သိမ်းသွားကာ ၎င်း၏ ခန္ဓာကိုယ်ထဲသို့ ပြန်ရောက်ရှိသွားကြသည်။

လမြွေနဂါး၏ ခန္ဓာကိုယ်ကနေ မြူလွှာတစ်ခုက ပေါက်ကွဲထွက်လာကာ ထိုဧရိယာတစ်ခုလုံးကို လွှမ်းခြုံသွားသည်။

လမြွေနဂါးက ၎င်း၏ ဒုတိယပုံစံအသွင်သို့ ပြန်ပြောင်းလိုက်ကာ စတင် အိပ်စက်သွားတော့သည်။

သို့ရာတွင် ၎င်း သည်တစ်ကြိမ် ရွေးချယ်လိုက်သော နေရာက မြောက်ပိုင်းနယ်မြေရှိ ကျင့်ကြံသူတိုင်း၏ စိတ်နှလုံးကို တုန်ယင်သွားစေခဲ့သည်။ ထိုလမြွေနဂါးကြီး၏ တည်နေရာက ပင်မဂြိုဟ်ငါးခုနှင့် နီးနီးကပ်ကပ် ရှိနေသည် မဟုတ်လား။

မြောက်ပိုင်းနယ်မြေတွင် စိတ်ဝိညာဉ်စွမ်းအင်များ သိပ်အားကောင်းခြင်း မရှိသော်လည်း သေမျိုးများ နေထိုင်နိုင်သည့် ဂြိုဟ်တစ်လုံး ရှိလေ၏။ သည်နေ့တွင် ထိုဂြိုဟ်၏ ကောင်းကင်ထက်ကနေ တစ်စုံတစ်ခု ပြုတ်ကျလာခဲ့သည်။ထိုအရာက သက်တံရောင်နှင့် ဖုံးလွှမ်းနေကာ ဂြိုဟ်၏ မြောက်ဘက်ပိုင်း လွင်ပြင်ကျယ်ထဲသို့ ဝုန်းကနဲ ပြုတ်ကျလာခဲ့ခြင်းပင်။

လောဘကြီး၏ ခန္ဓာကိုယ်ထဲရှိ အရိုးများအားလုံးသည် ပျက်စီးသွားခဲ့ပြီ ဖြစ်ကာ သူ့ခန္ဓာကိုယ်လည်း ပျက်စီးသွားခဲ့ချေပြီ။ သူ့မူလစိတ်ဝိညာဉ်ပင် ပြင်းပြင်းထန်ထန် ထိခိုက်ထား၏။ သို့သော်သူက မသေဆုံးသေးချေ။

သူက မသေဆုံးသေးရုံသာမက သူ့မျက်လုံးထဲ၌ ကျေနပ်မှုနှင့် ပြည့်နေ၏။

သူက အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းသို့ ရောက်လာခဲ့ချိန်တွင် သူ့တစ်ကိုယ်လုံး၌ တံဆိပ်ခပ်နှိပ်ခံထားရမှုများနှင့် ပြည့်နှက်နေသည်။ ထိုအမှတ်အသားတစ်ခုချင်းစီတွင်လည်း အံ့မခန်းစွမ်းအားများ ပါဝင်နေကာ သူ့ကို လွယ်ကူစွာ သတ်ပစ်နိုင်စွမ်း ရှိကြသည်။ သို့ရာတွင် ရှေးဟောင်းနတ်ဘုရားလက်ချောင်းက သူနှင့် နီးကပ်လာခဲ့ချိန်တွင် ထူးဆန်းသောအရာတစ်ခု ဖြစ်ပျက်သွားခဲ့၏။ ယင်းအရာက သူ့ခန္ဓာကိုယ်ပေါ်ရှိ အမှတ်အသားအားလုံးကပါ ပျက်စီးသွားခဲ့ခြင်းပင်။

ရှေ့ဖြစ်ဟောသူ၏ အမှတ်အသားခပ်နှိပ်ထားမှုတစ်ခုသာ ကျန်ရစ်ခဲ့တော့၏။

“ငါ့မှာ အချိန်အလုံအလောက် ရှိနေသ၍ ငါက တစ်နေ့မှာ ပြန်ကောင်းမွန်လာနိုင်မယ်လို့ ယုံကြည်တယ်….”

လောဘကြီးက အသက်ဝဝရှူသွင်းလိုက်ကာ မြေကြီးထဲသို့ နစ်ဝင်ပြီး လွင်ပြင်ကျယ်ထဲကနေ ပျောက်ကွယ်သွားချေသည်။

ဝမ်လင်းက ခုလက်ရှိတွင် တောင်ပိုင်းနယ်မြေတွင် ပျံသန်းနေသည်။သူက ကျင့်ကြံသူများ ရှိနေသော ဂြိဟ်များသို့ သွားရောက်ခြင်း မပြုပေ။သူက စွန့်ပစ်ခံဂြိုဟ်များကိုသာ လိုက်ရှာနေခြင်းပင်။

သူ့မူလစိတ်ဝိညာဉ်က သည်တောင်ပိုင်းနယ်မြေရှိ နေရာတစ်ခုက သူ့ကို သက်တောင့်သက်သာ ခံစားမှုရအောင် ပြုလုပ်ပေးနေသည်ဟု ခပ်ရေးရေး ခံစားမိနေသည်။သူက ထိုနေရာ ရှိရာသို့ အလိုလို ပျံသန်းလာနေမိသည်။သူက တဖြည်းဖြည်း ထိုနေရာနှင့် ပိုပိုနီးကပ်လာခဲ့သည်။

ဝမ်လင်းက သူ့ကို သက်တောင့်သက်သာခံစားစေသည့် နေရာကို တွေ့မြင်လိုက်ရချိန်၌ သူ့မျက်လုံးထဲမှ ထူးဆန်းသောအလင်းတစ်ခု ထွက်ပေါ်လာသည်။

သူ့ရှေ့တွင် ဂြိုဟ်သိမ်ဂြိုဟ်မွှားများနှင့် ပြည့်နေသော ကွင်းပြင် တစ်ခု ရှိနေသည်။ ထိုအရွယ်အမျိုးမျိုးသော ဂြိုဟ်သိမ်ဂြိုဟ်မွှာများသည် ထူးဆန်းသောအားတစ်ခုကြောင့် အတူ စုစည်းနေကြသည်။ထိုဂြိုဟ်သိမ်ဂြိုဟ်များက ဧရိယာတစ်ခုတွင် လှည့်ပတ်နေကာ သဘာဝအရံအတား တစ်ခုလို ဖြစ်ပေါ်နေ၏။

ဝမ်လင်းက သူ့ကို သက်တောင့်သက်သာဖြစ်စေသော နေရာသည် သည်ဂြိုဟ်သိမ်ဂြိုဟ်မွှားများ၏ အတွင်းအနက်ပိုင်းမှ ဖြစ်ကြောင်း ခံစားမိလိုက်သည်။သူက အနည်းငယ် စဉ်းစားပြီးနောက် သူကိုယ်တိုင်အထဲသို့ မဝင်ရောက်သေးရန် ဆုံးဖြတ်လိုက်၏။ သူက ကြယ်သံလိုက်အိမ်မြှောင်ပေါ်ကနေ ဆင်းသက်ာ လမြွေနဂါး၏ အရိုးကို ကိုင်ထားလိုက်သည်။ သည့်နောက် သူက ကောင်းကင်ဘုံသက်တော်စောင့်ကို ထိန်းချုပ်ကာ ထိုဂြိုဟ်သိမ်ဂြိုဟ်မွှားများ၏ အတွင်းဘက်သို့ ဖြည်းဖြည်းချင်း ဝင်ရောက်စေလိုက်သည်။

သည်ဂြိုဟ်သိမ်ဂြိုဟ်မွှား ကွင်းပြင်ကြီးက အလွန်ကြီးမားလှ၏။ ကောင်းကင်ဘုံသက်တော်စောင့်က အချိန်အတန်ကြာ ပျံသန်းသွားခဲ့ပြီးသော်လည်း အတွင်းပိုင်းသို့ ခုထိ မဝင်ရောက်သေးပေ။ သို့သော် ၎င်းက ထူးဆန်းသော မြင်ကွင်းတစ်ခုကို တွေ့မြင်လိုက်၏။

ထိုအရာက စွန့်ပစ်ခံဂြိုဟ်တစ်လုံးပင်။ ထိုဂြိုဟ်က အလွန်ကြီးမားခြင်း မရှိလှပေ။

သို့ရာတွင် ထိုဂြိုဟ်ထံမှ မိုးကြိုးများက ပေါက်ကွဲထွက်လို့နေ၏။ ထိုဂြိုဟ်ကို ကောင်းကင်ဘုံမိုးကြိုးပိုက်ကွန်တစ်ခုဖြင့် ဖုံးအုပ်ထားသည်ဟုပင် ဆိုနိုင်သည်။သည်မိုးကြိုးများက အဆုံးမရှိ ဖြစ်နေကာ ဂြိုဟ်ပေါ်သို့ အဆက်မပြတ် ကျဆင်းလျက် ရှိသည်။

ထိုဂြိုဟ်က ဂြိုဟ်သိမ်ဂြိုဟ်မွှားများဖြင့် ပိတ်ဆို့ထားသည့်အတွက်ကြောင့် အပြင်ဘက်မှ လွယ်လင့်တကူ ရှာတွေ့နိုင်ခြင်း မရှိပေ။

ဝမ်လင်းက သူ့နတ်ဘုရားအာရုံ အမျှင်တန်းတစ်ခုကို ကောင်းကင်ဘုံသက်တော်စောင့်ပေါ်တွင် ချန်ထားခဲ့သည်။ထို့ကြောင့် သူကလည်း ထိုဂြိုဟ်ကို တွေ့မြင်နေရသည်သာ။ ထိုဂြိုဟ်နှင့် ပိုနီးကပ်လာလေ သက်တောင့်သက်သာ ဖြစ်မှုက ပိုအားကောင်းလာလေ ဖြစ်သည်။ သို့ရာတွင် သူက ထိုခံစားချက်ကို ပေးစွမ်းနေသော နေရာသည် ထိုသေးငယ်သော ဂြိုဟ်ထံမှ မဟုတ်ဘဲ ထိုဂြိုဟ်၏ အတွင်းနက်ပိုင်းကသာ ဖြစ်ကြောင်း သိနေ၏။ သို့သော် သူ့နတ်ဘုရားအာရုံကို ထူးဆန်းသောအားတစ်ခုက ကာဆီးထားသဖြင့် သူက ထိုဂြိုဟ်ကို သေချာလေ့လာကြည့်၍ မရပေ။

“ဒီနေရာက လှိုဏ်ဂူတစ်ခု ပြုလုပ်ဖို့ အတော်ကောင်းတဲ့ နေရာပဲ…” ဝမ်လင်းမျက်လုံးက တလက်လက် ဖြစ်နေ၏။သူက လမြွေနဂါး၏ အရိုးကို ယူဆောင်ကာ ကောင်းကင်ဘုံသက်တော်စေင့် ရှိရာသို့ ဦးတည်သွား၏။သိပ်မကြာခင်တွင် သူ့ရှေ့၌ ထိုဂြိုဟ်ငယ်က ပေါ်လာခဲ့တော့သည်။

“ငါက ဒီနေရာကို ငါ့မူလစိတ်ဝိညာဉ်ရဲ့ ခံစားချက်ကြောင့် ရှာတွေ့နိုင်ခဲ့တာ။ ငါက ဒီမှာ ရှိနေရင် ငါ့မူလစိတ်ဝိညာဉ်ရဲ့ ဒဏ်ရာတွေကိုလည်း မြန်မြန် ကုစားနိုင်လိမ့်မယ်…”

ကောင်းကင်ဘုံသက်တော်စောင့်ကလည်း ထိုဂြိုဟ်ငယ် ရှိရာသို့ လမ်းရှင်းပေးသွား၏။

“ခုတော့ ဒီမှာပဲ နေကြတာပေါ့။ ငါက ပြန်ကောင်းလာပြီး ငါ့ခန္ဓာကိုယ် ပြန်ဖြစ်ပေါ်မှ ဒီနေရာရဲ့အနက်ပိုင်းကို စစ်ဆေးကြည့်ရမယ်…”

ဝမ်လင်းက ရှေးဟောင်းမိုးကြိုးနဂါးကို ဝါးမြိုခဲ့ပြီးနောက် သူ့မူလစိတ်ဝိညာဉ်ကတစ်ဆင့် ဖွံ့ဖြိုးသွားကာ သူ့အပေါ်သို့ မည်သည့်မိုးကြိုးမန္တာန်ကမှ သက်ရောက်မှု မရှိနိုင်ကြောင်း နားလည်ထားခဲ့သည်။ ရှေးဟောင်းမိုးကြိုးနဂါးထက် အဆင့်မမြင့်သည့် မိုးကြိုးတစ်ခု ဖြစ်နေသ၍ မည်သည့်မိုးကြိုးမဆို သူ့ကို အန္တရာယ်မပြုနိုင်ပေ။

အစောပိုင်းတုန်းက သူ့ခန္ဓာကိုယ်သည် ရှေးဟောင်းနတ်ဘုရားလက်ချောင်း၏ ဖျက်စီးခြင်းကို ခံခဲ့ရကာ သူ့မူလစိတ်ဝိညာဉ်ကို သူ့ခန္ဓာကိုယ်ထဲ၌ ကားဆီးထားသော အတားအဆီးကပါ ပျက်စီးသွားခဲ့၏။ သို့ရာတွင် သူ့မူလစိတ်ဝိညာဉ်သည်လည်း ဒဏ်ရာရသွားခဲ့သည်သာ ဖြစ်သည်။ သည့်နောက် သူက လွတ်မြောက်နိုင်ရန်အတွက် အသည်းအသန် ကြိုးစားခဲ့ရကာ သူ့ဒဏ်ရာက ပိုဆိုးရွားသွားခဲ့ရသည်။

ထိုသို့သော အခြေအနေများအောက်၌ပင် သူ့မူလစိတ်ဝိညာဉ်က သည်လိုနေရာကို ဘာကြောင့် ရှာဖွေနိုင်ခဲ့မှန်း ဝမ်လင်းကိုယ်တိုင်ပင် မသိ ဖြစ်ရ၏။

သို့ရာတွင် အခုအခိုက်အတန့်၌ သူက နားလည်သွားခဲ့ချေပြီ။ ရှေးဟောင်းမိုးကြိုးနဂါးတစ်ကောင် ဒဏ်ရာရခဲ့ပါက ၎င်းသည် ဒဏ်ရာအမြန်ပြန်ကောင်းနိုင်သည့် ခုလို ပတ်ဝန်းကျင်မျိုးကိုသာ လိုက်ရှာလိမ့်မည် မဟုတ်လော။

သူ့ခန္ဓာကိုယ် ပျက်စီးသွားပြီးနောက် သူ့မူလစိတ်ဝိညာဉ်ကလည်း လွတ်လပ်သွားခဲ့ပြီ ဖြစ်၏။ ခုချိန်၌ သူ့မူလစိတ်ဝိညာဉ်က ရှေးဟောင်းမိုးကြိုးနဂါးတစ်ကောင်ကဲ့သို့ ပြုမူနေကာ ထို့အတွက်ကြောင့်လည်း သူက သည်နေရာ၏ စွဲဆောင်ခြင်းကို ခံလိုက်ရခြင်းပင်။

ကံကြမ္မာကို နားလည်လာခဲ့ပြီးသည့်နောက် ဝမ်လင်းနှလုံးသားက တည်ငြိမ်နေခဲ့ပြီ ဖြစ်သည်။သူက မိုးကြိုးများနှင့် ပြည့်နေသောဂြိုဟ်ငယ်ကို ကြည့်နေချိန်၌ သူ့အိမ်သူ့ယာလိုမျိုး ရင်းနှီးသည့်ခံစားချက်ကို ရရှိနေသည်။

သူက ရှေ့သို့ ဆက်တိုးလာရင်း သူ့စိတ်ထဲ၌ မိုးကြိုးသံက မြည်ဟီးလို့နေ၏။သိပ်သည်းသော မိုးကြိုးများက တစ်ခါတစ်ရံ ဝမ်လင်းကို လာရောက် ရိုက်ခတ်ကာ သူ့ကို သက်တောင့်သက်သာ ဖြစ်အောင် ပြုလုပ်ပေးနေသည်။

ထိုခံစားချက်က သူ့မူလစိတ်ဝိညာဉ်ထံကနေ ထွက်ပေါ်လာခြင်း ဖြစ်၏။

သည်အခိုက်အတန့်၌ ဝမ်လင်းမူလစိတ်ဝိညာဉ်က အပြာရောင်အလင်းတစ်ခုကို ထုတ်လွှတ်လာရာ ပေါက်ကွဲနေသောမိုးကြိုးများကို သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာစေသည်။

သို့ရာတွင် ကောင်းကင်ဘုံသက်တော်စောင့်က ရုတ်တရက် ရပ်တန့်သွား၏။ ၎င်း၏ မျက်လုံးထဲ၌ ဖြစ်တောင့်ဖြစ်ခဲ တုံ့ဆိုင်းသည့် လက္ခဏာတစ်ခု ဖြစ်ပေါ်လာကာ ၎င်းက ရှေ့ရှိ မိုးကြိုးကို အလွန်အမင်း ကြောက်လန့်နေသကဲ့သို့ပင်။

ဝမ်လင်းက နောက်လှည့်၍ စတင် စဉ်းစား၏။

ကောင်းကင်ဘုံသက်တော်စောင့်က မိုးကြိုးကို မကြောက်သင့်ပေ။ တကယ်တော့ သူက သူ့မူလစွမ်းအင်ကို ကောင်းကင်ဘုံသက်တော်စောင့် သန့်စင်ရာ၌ အသုံးပြုခဲ့သည် မဟုတ်လား။ ထို့ကြောင့် ကောင်းကင်ဘုံသက်တော်စောင့်ထံ၌ မိုးကြိုးစွမ်းအား ပါဝင်နေသည်သာ ဖြစ်သည်။ ၎င်းက မိုးကြိုးအသုံးပြုသော ရန်သူများနှင့် ရင်ဆိုင်တိုက်ခိုက်ခဲ့သော်လည်း ခုလိုမျိုး ချီတုံ့ချတုံ့ဖြစ်မှုကို မပြသခဲ့ဖူးပေ။

“ဒီနေရာမှာ ရှိတဲ့ မိုးကြိုးကများ ကွာခြားနေတာလား…” ဝမ်လင်းမျက်လုံးများက ကျဉ်းမြောင်းသွားသည်။သူက သူ့ပတ်လည်ရှိ မိုးကြိုးများကို သေချာကြည့်ရှုလိုက်၏။ အချိန်အတန်ကြာပြီးနောက် သူ့မျက်လုံးထဲ၌ ဉာဏ်အလင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။

သည်နေရာရှိ မိုးကြိုးက ကောင်းကင်ဘုံကနေ သဘာဝအတိုင်း ဖြစ်လာတာ မန္တာန်အချို့ကြောင့် မဟုတ်ပေ။၎င်း၏ အသွင်သဏ္ဌာန်က ဝမ်လင်းမူလစိတ်ဝိညာဉ်နှင့် လွန်စွာ နီးစပ်နေ၏။

“ကောင်းကင်ဘုံသက်တော်စောင့် ကြောက်နေတာ အံ့အားသင့်စရာ မရှိတော့ဘူး…”

မိုးကြိုးကျဆင်းမှုကို ကျင့်ယူခြင်းနှင့်ပင်ကိုယ်မူလဟူ၍ နှစ်ပိုင်းခွဲကာ ပြောနိုင်၏။ ကျင့်ယူခြင်းသည် မန္တာန်များကြောင့် ဖြစ်ပေါ်လာသည့် မိုးကြိုး ဖြစ်ကာ ပင်ကိုယ်မူလကတော့ မန္တာန်များကြောင့် ဖြစ်ပေါ်ခြင်း မဟုတ်ဘဲ ကောင်းကင်ဘုံကနေ သဘာဝအတိုင်း ဖြစ်ပေါ်နေခြင်းပင်။

အမိန့်တစ်ချက်ပေးလိုက်ရာ ကောင်းကင်ဘုံသက်တော်စောင့်သည် နောက်သို့ ပြန်ဆုတ်သွားပြီး သိပ်မဝေးသော ဂြိုဟ်သိမ်တစ်ခုပေါ်၌ စတင် ကျင့်ကြံနေတော့၏။

ဝမ်လင်းက ကြယ်သံလိုက်အိမ်မြှောင်ကို သိမ်းလိုက်ရင်း ရှေ့သို့ ပြန်လှည့်လိုက်ကာ လမြွေနဂါးအရိုးကို သယ်ယူ၍ ဂြိုဟ်အတွင်းဘက်သို့ ဆက်သွားလိုက်သည်။

သူက ပိုနီးကပ်လာလေလေ မိုးကြိုးများကလည်း ပိုသိပ်သည်းလာလေ ဖြစ်နေသည်။နောက်ဆုံးတွင် မိုးကြိုးက ကြောက်မက်ဖွယ်အဆင့်တစ်ခုထိ ရောက်ရှိလာ၏။ သည်နေရာတွင် လူတစ်ယောက်သာ ရှိနေပါက ထိုသူက ကောင်းကင်ဘုံသက်တော်စောင့်ကဲ့သို့ ကြောက်လန့်မိပေလိမ့်မည်။တကယ်တော့ သည်နေရာရှိ မိုးကြိုးက အဆင့်တစ်ခုသို့ ရောက်နေကာ လူတစ်ယောက်၏ ခန္ဓာကိုယ်ကို ဖိနှိပ်ထားပြီး မူလစိတ်ဝိညာဉ်ဖြင့်သာ ခုခံနိုင်သည်။

သို့ရာတွင် ဝမ်လင်းအတွက်တော့ အထူးသဖြင့် ခန္ဓာကိုယ်မရှိသော သူ့မူလစိတ်ဝိညာဉ်အတွက်တော့ သည်မိုးကြိုးက သူ့အပေါ်၌ သက်ရောက်နိုင်ခြင်း မရှိပေ။ သူက ပိုနီးကပ်လာသည်နှင့် ပို၍ သက်တောင့်သက်သာ ဖြစ်မှုကို ခံစားနေရသည်။

ဝမ်လင်းတွင် ခန္ဓာကိုယ်သာ ရှိနေသေးပါက သူက ထိုမိုးကြိုး၏ ကန့်သတ်ခြင်းကို ခံရနိုင်သည်။သူ့ခန္ဓာကိုယ်က ခုလောက်အဆင့်ထိ တောင့်ခံနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။ သို့သော် ခုလက်ရှိ သူ့အခြေအနေကြောင့် သူက ပို၍ပင် မြန်မြန်ဆန်ဆန် သွားလာနိုင်ပြီး တဖြည်းဖြည်းဖြင့် သည်မိုးကြိုးဂြိုဟ်ထဲသို့ ဝင်ရောက်လာခဲ့ချေသည်။

သည်ဂြိဟ်၏ မျက်နှာပြင်ကပါ မိုးကြိုးနှင့် ဖုံးအုပ်နေ၏။ ဂြိုဟ်အတွင်းဘက်တစ်ခုလုံးသည်လည်း သိသည်းသောမိုးကြိုးနှင့် ပြည့်နေကာ မိုးကြိုးအကျဉ်းထောင်တစ်ခုဟု ဆိုနိုင်သေးသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset