အခန်း ( ၁၈ )

အဝတ်အစားသစ် ( ၂ )

ဆိုင်ရှင်သည် စိတ်မရှည်စွာဖြင့် လက်ကိုဝှေ့ယမ်းပြလိုက်ရာ ဆိုင်အလုပ်သမားသည် ဆိုင်နောက်ခန်းသို့ ခပ်သွက်သွက်ပြေးသွားသည်။

အဝတ်အစားသစ်များကို ရွှီချင်း ရွေးမပြီးသေးခင်မှာပင် ဆိုင်အလုပ်သမားသည် လက်နှစ်ဖက်ဖြင့် အဝတ်အစားများ အထပ်လိုက် မ,လာကာ ပြန်ရောက်လာသည်။ ရွှီချင်းသည် ဆိုင်အလုပ်သမား၏ လက်ထဲတွင် ပွေ့ထားသော အဝတ်အစားများအနက် အထဲတွင် အမွေးများပါသော အရောင်ရင့်ရင့် သားရေအင်္ကျီကို မျက်စိကျသွားသည်။

ထိုအထည်သည် စျေးဝယ်တစ်ယောက်အပ်ထားသော အထည်ဖြစ်သော်လည်း ပြန်ရောက်လာရန် အကြောင်းမရှိသဖြင့် ဝယ်ယူခွင့်ရှိပေသည်။

အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစာအချိန် ကြာပြီးနောက် ရွှီချင်းသည် ဆိုင်အပြင်သို့ ထွက်လာ၏။ သူ ဝတ်ထားသော အဝတ်အစားသည် အထဲတွင် အမွေးများပါသော အရောင်ရင့်ရင့် သားရေအင်္ကျီမှလွဲ၍ တခြားမဟုတ်ပေ။

ထိုအင်္ကျီသည် အအေးဓာတ်ကို အံတုနိုင်ပြီး ထူထပ်ခြင်းမရှိသလို လေးလံခြင်းလည်း မရှိပေ။ ထို့ပြင် ထိုအင်္ကျီကို ဝတ်လိုက်သောအခါ ရွှီချင်းသည် သူ့အင်္ကျီဟောင်းထက် ပို၍ နွေးထွေးနေသည်ကို ခံစားလိုက်ရသည်။

အဆိုးဝါးဆုံးတစ်ချက်မှာ သူသည် ပိန်ပိန်သေးသေးလေး ဖြစ်နေခြင်းပင်။ သို့ဖြစ်၍ ထိုသားရေအင်္ကျီသည် သူ့အတွက် ကြီးလွန်းနေပြီး အမြင်မတင့်ချေ။

သို့သော်လည်း ရွှီချင်းသည် လွန်စွာ ကျေနပ်နေ၏။ သူသည် လမ်းလျှောက်လာရင်း အနည်းငယ် ညစ်ပတ်နေသော တချို့နေရာများကို သတိထား၍ ရှောင်ကွင်းသွားသည်။

ဖက်တီးရှန်ကို သူ ရှာရန်ပြင်လိုက်စဉ် စခန်းအပြင်ဘက်မှ ဆူဆူညံညံအသံများကို သူ ကြားလိုက်ရသည်။ စခန်းထဲရှိ ရတနာမုဆိုးများသည်လည်း ပြိုင်တူ ထွက်လာကြသည်။ သူတို့၏မျက်ဝန်းများထဲတွင် မျှော်လင့်ချက် အရိပ်အယောင်များဖြင့် ပြည့်နှက်နေပြီး ဆူဆူညံညံအသံများ ထွက်ပေါ်လာရာအရပ်ဆီ လျှောက်သွားကြသည်။

ရွှီချင်းသည်လည်း ခေါင်းမော့ကာ ကြည့်လိုက်သည်။

နေရောင်ခြည်အလင်းတန်းများအောက်တွင် ခံ့ညားထည်ဝါစွာ မောင်းလာနေသော မြင်းလှည်းဆယ်စီးကို သူ မြင်လိုက်ရသည်။

မြင်းလှည်းပေါ်တွင် ထိုင်နေကြသူများအနက် အစောင့်အရှောက်များ၏ အဝတ်အစားများသည်ပင် မယှဉ်သာလောက်အောင် သစ်လွင်တောက်ပနေသည်။ သူတို့မျက်နှာများသည် နီမြန်းနေပြီး သူတို့၏အကြည့်များက စူးရှနေသည်။ သူတို့ထံမှ ကြောက်ခမန်းလိလိ ဝိညာဉ်စွမ်းအားများလည်း ထွက်ပေါ်နေ၏။

မြင်းလှည်းထဲရှိ လူများကိုမူ ရွှီချင်း မမြင်ရပါသော်လည်း လွန်စွာ ဂုဏ်အရှိန်အဝါကြီးမားသော လူများဖြစ်ကြောင်းကို ခန့်မှန်းနိုင်သည်။

ခေါင်းဆောင်လဲ့ထံမှ ထိုကဲ့သို့ မြင်းလှည်းတန်းအကြောင်းကိုလည်း ရွှီချင်း ကြားထားခဲ့ဖူးသည်။ သူတို့သည် အဖြူရောင်ဆေးလုံးများ ဖော်စပ်ရန်အလို့ငှာ ခုနစ်ရွက်မြက်ပင်များကို မကြာခဏ လာယူခြင်း ဖြစ်ပေလိမ့်မည်။

မြင်းလှည်းတန်း ရောက်ရှိလာခဲ့ခြင်းကြောင့်ပေလော။ ယနေ့စခန်းသည် လွန်စွာစည်ကားကာ ပွက်ပွက်ညံနေသည်။ သို့ဖြစ်၍ ယခုအချိန်တိုင်အောင် ရွှီချင်းသည် လက်စတုံးရန် အခွင့်အရေးမရသေးချေ။

ထိုသို့ဖြင့် ညအချိန်တိုင်အောင် ရောက်သွားလေသည်။ ဖက်တီးရှန်သည် ထိုစံအိမ်ကြီးဆီ ပြန်နေသည်ကို သူ မြင်လိုက်ရသည်။ သို့ဖြစ်၍ သူသည် ဓားမြှောင်ကို သူ့အင်္ကျီလက်ထဲတွင် ဝှက်ကာ ပြန်လာခဲ့သည်။ ယနေ့ သူ အခွင့်အရေးမရခဲ့သော်လည်း စိတ်ရှည်နေသေးသည်။ အခန်းထဲသို့ ပြန်ရောက်သောအခါ သူက အဝတ်အစားသစ်များကို ဝတ်ကာ ကျင့်ကြံရန် ထိုင်လိုက်သည်။ သူသည် အိပ်စက်အနားယူသောအခါမှာပင် အဝတ်အစားသစ်များကို မချွတ်ပေ။

နောက်တစ်နေ့မနက်ရောက်သောအခါ သူသည် အခွင့်အရေးများ ရရန်အလို့ငှာ ထွက်ခွာရန် ပြင်ဆင်နေသည်။ သူသည် အမွေးပွများပါသော သားရေအင်္ကျီအသစ်ကို တွန့်ကြေနေသော အနွေးထည်အဟောင်းနှင့် လဲလှယ်ဝတ်ဆင်လိုက်သည်။

အဝတ်အစားသစ်များကို သူ လှမ်းကြည့်၍ ယမန်နေ့က စိတ်လိုက်မာန်ပါပြုမူခဲ့သည်ဟု ခံစားနေရ၏။

ရွှီချင်းသည် အနွေးထည်အဟောင်းကို ဝတ်ဆင်ပြီးနောက် စခန်းပတ်လည်ကို လျှောက်လာသည်။ သူသည် လူများပြည့်ကြပ်နေသော စျေးတစ်စျေးကို ဖြတ်ကျော်လာခဲ့ပြီး သူ၏မျက်ဝန်းများက သွားလာနေသော မြင်းလှည်းများအား ကြည့်ရှုနေဟန်တူသော်လည်း အမှန်တွင် ဖက်တီးရှန်ကို ရှာနေခြင်း ဖြစ်သည်။

အတန်ငယ်ဝေးသောနေရာတွင် အမှတ်ခုနစ်သခင်ကြီးသည် ခေါင်းမိုးတစ်ခုပေါ်တွင် အစေခံနှင့်အတူ ရှိနေပြီး သမ်းဝေနေသည်။ သူ့အကြည့်သည် မြင်းလှည်းတန်းကို ဖြတ်ကျော်သွားပြီး ရွှီချင်းထံ ရောက်သွားသည်။ ထို့နောက် သူသည် ဘေးရှိအစေခံအား မေးမြန်းလိုက်သည်။

“ သမားတော်ကြီးပိုင်ကို မင်း ဖိတ်ကြားစာ ပို့ခဲ့သေးလား ”

“ အမှတ်ခုနစ်သခင်ကြီး၊ ကျုပ် ပို့ထားခဲ့ပြီးပါပြီ။ ဒါပေမဲ့ သမားတော်ကြီးပိုင်က သိပ်နေမကောင်းချင်ဖြစ်နေတယ်လို့ ပြောတယ် ”

“ နေမကောင်းဘူး … ဟုတ်လား။ သူက သမားတော်တစ်ယောက်မလား။ ဒီလူကတော့ကွာ တကယ့်ကိုပဲ … ဟင်း …။ ဒါနဲ့ ဒီကလေးက မနေ့တုန်းက အဝတ်အစားအသစ်တွေ ဝတ်ထားတာပါ။ ဘာလို့ ဒီနေ့ကျမှ အဝတ်ဟောင်းကို ပြန်ဝတ်နေရတာတုံး ”

အမှတ်ခုနစ်သခင်ကြီးသည် ရွှီချင်း၏အဝတ်အစားကို သတိထားမိသွား၍ ပြောလက်စစကား ပြောင်းသွားပြီး မနေနိုင်တော့ဘဲ မေးမြန်းလိုက်လေသည်။

အမှတ်ခုနစ်သခင်ကြီး စဉ်းစားရကြပ်နေစဉ် ရွှီချင်းသည် လူအုပ်ထဲတွင်ရှိနေသော ဖက်တီးရှန်ကို မျက်လုံးထောင့်စွန်းများမှနေ၍ ကြည့်နေသည်။

ယမန်နေ့အတိုင်း ရွှီချင်းသည် သူ့ပစ်မှတ်နောက်သို့ လိုက်နေရင်း တစ်နေ့တာ ကုန်ဆုံးသွားသည်။

ညအချိန်ကျရောက်လာသောအခါ မူလက သူ့အိမ်သို့ ပြန်ရန် ရည်ရွယ်ထားခဲ့သော ဖက်တီးရှန်သည် မည်သည့်အတွက်ကြောင့်မသိ ဦးတည်ရာ ပြောင်းလိုက်သည်။ သူသည် ညကြီးမင်းကြီး စခန်းအပြင်ဘက်သို့ ဦးတည်သွားနေလေ၏။

ယင်းနေရာသည် တခြားနေရာများနှင့်ယှဉ်လျှင် လူအရောက်အပေါက်နည်းကာ အလွန်ချောင်ကျသည်။

“ ဒီလူ ငါ့ကို သတိထားမိသွားတာလား ”

ရွှီချင်းသည် မျက်မှောင်ကြုတ်၍ မျက်လုံးများ မှေးသွားသည်။ သူ၏အကြည့်သည် တဖြည်းဖြည်း ပို၍ အေးစက်လာ၏။

သူသည် နောက်သို့ ဆက်မလိုက်သွားဘဲ ဘေးပတ်လည်ကို အကဲခတ်လိုက်သည်။ ဖက်တီးရှန်သည် တစ်ယောက်ထဲ သွားနေကြောင်း သေချာသောအခါမှသာ သူသည် တစ်ပတ်ပတ်လိုက်ပြီး အမှောင်ထုထဲ တိုးဝင်၍ ဖက်တီးရှန်မရောက်ခင် စခန်းအပြင်ဘက်သို့ ဦးစွာ သွားလိုက်သည်။ ပထမဦးစွာ ထိုနေရာတွင် ချုံခိုတိုက်ခိုက်ခြင်းများ မရှိစေရန် သူ စစ်ဆေးကြည့်လိုက်သည်။ ထို့နောက် သူသည် အမှောင်ထုထဲ ပုန်းအောင်းနေပြီး သူ၏မျက်လုံးများသည် အေးစက်စက်အလင်းများဖြင့် တဖိတ်ဖိတ် ဝင်းလက်သွားသည်။

ထိုစဉ် ဖက်တီးရှန်သည် ထိုနေရာသို့ ရောက်လာပါသော်လည်း သူ့ခြေလှမ်းများ တုံ့ခနဲ ရပ်သွားသည်။

“ ခွေးကောင်လေး၊ မနေ့ကတည်းက ငါ့နောက်ကို လူတစ်ယောက် လိုက်နေမှန်း ငါ သိပြီးပြီ။ အခုချက်ချင်း ထွက်လာခဲ့။ ဒီနေရာက သိပ်ချောင်ကျတော့ မင်းအလောင်းကို မြှုပ်လို့ကောင်းတာပေါ့။ မင်း အခု ထွက်မလာရင် နောက်တစ်ခေါက်ဆို ငါတစ်ယောက်တည်း မဟုတ်တော့ဘူးနော်။ ခေါင်းဆောင်လဲ့က မင်းကို ကာကွယ်ပေးနေရင်တောင် ငါတို့ သွေးအရိပ်အဖွဲ့က မင်းဆီက သွေးကြွေးတောင်းရမှာပဲ ”

ရွှီချင်း၏မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ တခြားလူက ထိုသို့ ပွင့်ပွင့်လင်းလင်း ပြောကြားလာသည်ဖြစ်ရာ ထပ်မံပုန်းအောင်းနေရန် မလိုတော့ပေ။ ထို့ကြောင့် သူသည် အမှောင်ထုအပြင်ဘက်သို့ ထွက်လာခဲ့သည်။

“ မြင်းလေးက တစ်ယောက်တည်း ကြိတ်ပြီး တာဝန်ထမ်းဆောင်နေတာ မဟုတ်ဘူးမလား။ သူ့ကို မင်း သတ်လိုက်တာဖြစ်မယ်။ ငါ မင်းကို လျော့တွက်ထားမိတာပဲ ”

ဖက်တီးရှန်သည် ကောက်ကျစ်စွာ ရယ်မောကာ ထွက်လာသော ရွှီချင်းကို ကြည့်လိုက်သည်။

“ ဒါပေမဲ့ စိတ်ပူမနေပါနဲ့။ အဲဒီကောင်ကို ငါ့မျက်စိထဲ သိပ်ကြည့်ရတာ မဟုတ်ဘူး။ မင်း အဲ့ကောင်ကို မသတ်ရင်တောင် နောက်တစ်ကြိမ် အပြင်ထွက်ရင် ငါ သူ့ကို သတ်ဖို့ စီစဉ်ထားပြီးသား။ ဒီတော့ ငါ မင်းကို ကျေးဇူးတင်ရမှာပဲ။ ပြီးတော့ သူ သေသေ၊ရှင်ရှင် ငါ ဂရုမစိုက်ဘူး။ ငါ လိုချင်တာ သူ့အိတ်ရှုံ့ထဲက ပစ္စည်းပဲ။ အဲဒီပစ္စည်းက အခု မင်းလက်ထဲ ရောက်နေပြီမလား ”

ဖက်တီးရှန်သည် ရွှီချင်း၏ခါးတွင် ချည်ထားသော သားရေအိတ်ရှုံကို လောဘရောင်လက်နေသော မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။ သူသည် ရွှီချင်း၏အဖြေကိုပင် စောင့်မနေတော့ဘဲ ချီစုစည်းခြင်းအဆင့်နှစ်ထက် သာလွန်သော အမြန်နှုန်းဖြင့် လှစ်ခနဲ လှုပ်ရှားသွားသည်။

သူ့ထံမှ ထွက်ပေါ်နေသော ဝိညာဉ်စွမ်းအားများသည် ယခင်ကထက် အဆပေါင်းများစွာ သာလွန်နေပြီး သူ့ခန္ဓာကိုယ်ပတ်လည်တွင် လေအလွှာတစ်ခုပင် ဖြစ်တည်လာသည်။ သူ့ကို ကြည့်ရသည်မှာ ရွှီချင်းထံသို့ တလိမ့်လိမ့်သွားနေသော ရေခဲလုံးကြီးတစ်လုံးအလားပင်။

သူသည် ချီစုစည်းခြင်းအဆင့်နှစ်တွင် ရှိနေသည်မဟုတ်။ ယခုလက်ရှိ ဝိညာဉ်စွမ်းအားများအရ အဆင့်သုံးကို သူ ရောက်နေသည်။

မြင်းလေး၏သားရေအိတ်ရှုံ့ကို ရယူရန် ယနေ့ည သူ တစ်ယောက်တည်း ထွက်လာခဲ့သည်မှာ ထိုအကြောင်းအရင်းကြောင့်ပင် ဖြစ်ပေသည်။

ရွှီချင်း၏မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ ယင်းသည် သူ့အတွက် တခြားကျင့်ကြံသူတစ်ယောက်နှင့် ထိပ်တိုက်ရင်ဆိုင်ဖူးသည့် ပထမဆုံးအကြိမ်ဖြစ်သည်။ ပို၍ ဆိုးဝါးသည်မှာ ဖက်တီးရှန်၏ပတ်လည်ရှိ လေအလွှာသည် ဝိညာဉ်စွမ်းအားများမှ ဖြစ်တည်လာခြင်း ဖြစ်သည်။ ကံကောင်းစွာပင် ရွှီချင်းသည် သူ၏အမြန်နှုန်းနှင့် ခွန်အားအပေါ် ယုံကြည်မှုအပြည့်ရှိနေသည်။

သို့ဖြစ်၍ ဖက်တီးရှန် နီးကပ်လာသည့်အခိုက် ရွှီချင်းသည်လည်း ပြေးတက်လာသည်။ သူသည် အားကုန်သုံးကု အမြင့်ဆုံးအမြန်နှုန်းအထိ ထုတ်ဖော်ထားသည်ဖြစ်၍ သူ့ပုံရိပ်များ နောက်တွင် ကျန်ရစ်ခဲ့လေသည်။

မျက်တောင်တစ်ချက်ခတ်အတွင်း ဖက်တီးရှန်ကို သူ ရှောင်တိမ်းလိုက်သည်။ ဖက်တီးရှန် အံ့အားသင့်သွားစဉ် ရွှီချင်းသည် သူ့နောက်ကို ရောက်နေပြီဖြစ်သည်။ ယင်းနောက် ရွှီချင်းသည် ညာလက်ကိုမြှောက်၍ အားကုန်သုံးကာ လက်သီးတစ်ချက် ပစ်လွှတ်လိုက်သည်။


Comment

  1. Anonymous says:

    နောက်ထပ် တင်ပေးပါဦး

Leave a Reply

Options

not work with dark mode
Reset