ကောင်းကင်ဘုံသက်တော်စောင့်၏ ခန္ဓာကိုယ်ပင် တုန်ယင်သွားခဲ့သည်။
ဝမ်လင်းက အံတင်းတင်းကြိတ်ထားမိ၏။ သူက ဧရာမပါးစပ်ကြီး၏ အော်ရာကို လစ်လျူရှုကာ ရှေ့သို့ ထိုးထွက်လိုက်သည်။
သို့ရာတွင် မြေပြင်ပေါ်ရှိ အက်ကွဲကြောင်များက ရူးသွပ်ဖွယ် မြင့်တက်လာခဲ့သည်။ ထိုအခိုက်အတန့်၌ မြေကြီးထုကပါ ကြွတက်လာကာ ဂြိုဟ်တစ်ခုလုံး စတင် တုန်ယင်လာသည်။
ထိုအရာက ဝမ်လင်း၏ မူလခန္ဓာကိုယ်က ဂြိုဟ်တစ်ခုလုံးကို ပျက်စီးစေသည့် မြင်ကွင်းနှင့် ဆင်တူသည်။
သို့ရာတွင် ဂြိုဟ်၏ အတွင်းဘက်မှ ပျက်စီးခြင်းသည် ပေါက်ကွဲမှုအလွန်ပြင်းထန်၏။ထိုပေါက်ကွဲမှု အနီးအနားတွင် အဆင့်နိမ့်ကျင့်ကြံသူများရှိပါက အသက်ရှင်ဖို့ အခွင့်ရေး လုံးဝ ရှိလိမ့်မည် မဟုတ်။
သို့ရာတွင် ယွမ်ရှဂြိုဟ်ကတော့ နည်းနည်း ကွာခြား၏။ ၎င်းက ပျက်စီးနေသော်လည်း မည်သည့်အဖျက်အစီးစွမ်းအားမှ ရှိမနေချေ။လမြွေနဂါးက ပို၍ နိုးထရုန်းကြွလာလေလေ နှစ်ပေါင်းများစွာ ၎င်း၏ ခန္ဓာကိုယ်ပေါ်၌ စုဝေးနေကျသော အပိုင်းအစများက လှုပ်ခါလာခဲ့၏။
အမှန်တော့ မြေကမ္ဘာထု ရုန်းကြွမြင့်တက်လာသည်ဟု ဆိုခြင်းက နာမည်သပ်သပ်သာ ဖြစ်၏။ တကယ့်တကယ်သည် လမြွေနဂါး၏ခန္ဓာကိုယ်ကြီးက ရုန်းကြွလာခြင်းသာ ဖြစ်သည်။
ဧရာမအက်ကွဲကြောင်းကြီးက ချက်ခြင်း ပြန်စေ့လာခဲ့၏။ ၎င်း၏ အမြန်နှုန်းက အံ့မခန်းပင်။ဝမ်လင်း မျက်လုံးက အေးစက်လာခဲ့သည်။ ကောင်းကင်ဘုံတက်ခြင်း သစ်သီးများ၏ သက်ရောက်မှုက လမြွေနဂါးပေါ်၌ သက်ရောက်မှု ရှိနေဆဲသောကြောင်သာ မဟုတ်ပါက သူ့အတွက် လွတ်မြောက်ရန် အခွင့်ရေး ရှိလိမ့်မည် မဟုတ်ပေ။
သူက လမြွေနဂါးကို တုံ့ဆိုင်းသွားအောင် လုပ်နိုင်ပါက မြူလွှာကို ဖြတ်၍ အာကာသဟင်းလင်းပြင်ထဲသို့ ဝင်ရောက်နိုင်ပေလိမ့်မည် ဖြစ်၏။
ဝမ်လင်းက အံတင်းတင်း ကြိတ်ကာ သူ့သိုလှောင်အိတ်ကို ပုတ်ရန် ပြင်လိုက်၏။ ထိုအချိန်မှာပင် သူ့မျက်လုံးက ရုတ်တရက် ကျဉ်းမြောင်းသွားသည်။ဤအခိုက်အတန့်၌ သူ့ထံသို့ ချဉ်းကပ်လာသည့် လမြွေနဂါး၏ပါးစပ်ကြီးထဲကနေ သူနှင့် ရင်းနှီးသောလှိုင်းတစ်ခုကို ခံစားမိလိုက်၏။ ယင်းတုန်ခါမှုလှိုင်းက ကြယ်ခုနစ်ခုဓားအစီအရင်ပင် ဖြစ်လေ၏။
ဝမ်လင်းက သိုလှောင်အိတ်ကို လှမ်းနေသောလက်ကို ပြန်ရုတ်သိမ်းကာ ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေလိုက်သည်။ထို့နောက် သူက ရှေ့သို့ လက်ညွှန်ကာ အော်ပြောလိုက်၏။ “ကြယ်ခုနစ်ခုဓားအစီအရင်…လှည့်ပတ်စမ်း…”
သူ့အသံက မိုးခြိမ်းသံအလား ပါးစပ်ကြီးအတွင်းရှိ ဓားအစီအရင် ရှာရာသို့ တိုးဝင်သွား၏။
ထိုအခါ ကြယ်ခုနစ်ခုဓားအစီအရင်သည် မြန်ဆန်စွာ လှည့်လည်ကာ ဓားစွမ်းအင်များကို ထုတ်ဖော်၍ ပါးစပ်အတွင်းဘက်ကနေ တိုက်ခိုက်လာ၏။
သို့ရာတွင် ထိုတိုက်ခိုက်မှုများက လမြွေနဂါးကြီးအတွက် ဖြုံလောက်စရာပင် မရှိ။ ၎င်းကို စက္ကန့်ဝက်မျှပင် တန့်သွားအောင် လုပ်နိုင်ခြင်း မရှိပေ။
ပါးစပ်ကြီးက ပိုနီးကပ်သထက် နီးကပ်လာသည်ကို ကြည့်နေရင်း ဝမ်လင်းက အော်ပြောလိုက်ပြန်၏။ “ကြွက်စိတ်ဝိညာဉ်ဓား…ပေါက်ကွဲစမ်း…”
ပါးစပ်ထဲကနေ ခပ်အုပ်အုပ်အသံတစ်ခု ထွက်ပေါ်လာ၏။ ပါးစပ်ကြီးက ပို၍ပင် မြန်ဆန်ကာ ဝမ်လင်းနှင့်ပေတစ်ထောင်အတွင်းသို့ ရောက်ရှိလာခဲ့တော့သည်။ဝမ်လင်းကလည်း မြန်ဆန်လှ၏။ သူနှင့်ကောင်းကင်ဘုံသက်တော်စောင့်တို့သည် ယခုအခါ၌ သိပ်သည်းသောမြူလွှာကြားသို့ ဝင်ရောက်လာခဲ့ပြီ ဖြစ်သည်။
သို့သော် ထိုသိပ်သည်းသော မြူလွှာက ပါးစပ်ကြီး နီးကပ်လာသည်နှင့် ပျောက်ကွယ်သွားချေ၏။
မရေမတွက်နိုင်သော နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် ယင်းမြူလွှာက ပျောက်ကွယ်သွားခြင်း ဖြစ်လေ၏။
“ဝက်၊သိုး၊မျောက်၊နွားထီး၊ကျား၊နဲ့တောယုန်…အားလုံးပေါက်ကွဲစမ်း…” ဝမ်လင်းမျက်လုံးထဲ၌ ရူးသွပ်မှုနှင့် ပြည့်နေတော့၏။
ဝုန်း…ဝုန်း…ဝုန်း…ဝုန်း…။ မရေမတွက်နိုင်သော ပေါက်ကွဲမှုများက လမြွေနဂါး၏ ပါးစပ်ကြီးအတွင်း၌ ထွက်ပေါ်လာ၏။ ကြယ်ခုနစ်ခုဓားအစီအရင်၏ ဓားများသာမက ယင်းဓား၏များ၏ စိတ်ဝိညာဉ်များကပါ ပေါက်ကွဲထွက်လာခဲ့ခြင်းဖြစ်ကာ ၎င်း၏ အားအကောင်းဆုံးတိုက်ခိုက်မှုကို ဖော်ဆောင်လိုက်ခြင်းပင်။
သို့ရာတွင် လမြွေနဂါးက သန်မာလွန်းလှရာ ထိုပေါက်ကွဲမှုပင် ၎င်းအပေါ်၌ သက်ရောက်မှုမရှိ ဖြစ်ရ၏။ပေါက်ကွဲမှုအားကြောင့် ၎င်းက ခဏတာသာ တုံ့ခနဲ ဖြစ်သွားရုံသာ ရှိသည်။
ဝမ်လင်းကလည်း ထိုသို့ အရှိန်လျော့ကျသွားသည်ကို လိုချင်နေခြင်း ဖြစ်၏။
သူနှင့်ကောင်းကင်ဘုံသက်တော်စောင့်တို့က မြန်ဆန်စွာ ထိုးထွက်လာကြ၏။ သူတို့မြင်ကွင်းရှေ့၌ အာကာသဟင်းလင်းပြင် ကြယ်များစွာ ပေါ်ထွက်လာကြသည်။
ပါးစပ်ကြီးက မြန်ဆန်စွာပင် ပြန်ကောင်းမွန်သွား၏။ ကောင်းကင်ဘုံတက်ခြင်းသစ်သီးများ၏ သက်ရောက်မှုက ၎င်းကို သူ့ခန္ဓာကိုယ်ထဲရှိ နာကျင်မှုနှင့်စိတ်လှုပ်ရှားမှုအာရုံကို ဝေခွဲမရအောင် ပြုလုပ်နေပေ၏။
သို့ရာတွင် ၎င်းက နိုးထလာပြီးနောက် ထိုရှုပ်ထွေးသောအခြေအနေ၌ သူနှင့် ရင်းနှီးဟန်ရသော ပုံရိပ်အသွင်သဏ္ဌာန်နှစ်ခုက ထွက်ပြေးနေသည်ကို ခံစားမိခဲ့သည်။
၎င်းလမြွေနဂါးကြီးက ထိုပုံရိပ်နှစ်ခုက မြန်သထက်မြန်အောင် ထွက်သွားနေသည်ကို မြင်သည့်အခါ ၎င်းက ဟိန်းသံပြုလိုက်ပေ၏။ ထိုအသံက အလွန်အမင်းထူးဆန်းလှ၏။
ထိုအသံ ပေါ်လာသည်နှင့် ဝမ်လင်းဦးရေပြားက ထုံထိုင်းသွားခဲ့သည်။ယင်းအသံက ရှေးဟောင်းနတ်ဘုရား၏ ဘာသာစကားပင်။
ဝမ်လင်းက ပင့်သက်ရှိုက်မိသွားသည်။ “ထူစီရဲ့ မှတ်ဉာဏ်တွေထဲမှာ ဆိုရင် လမြွေနဂါးတွေက ရှေးဟောင်းနတ်ဘုရားတွေရဲ့ ဘာသာစကားကို ပြောနိုင်တယ်လို့ မဖော်ပြထားခဲ့ဘူး။ ဒီလမြွေနဂါးက ဘယ်လိုအမျိုးအစားများလဲ…”
ထိုရှေးဟောင်းနတ်ဘုရား၏ စကားများ ပဲ့တင်ထပ်လာသည့် အခိုက်အတန့်၌ ကောင်းကင်က အရောင်ပြောင်းသွားသည်။ဝမ်လင်းက သူ့နောက်သို့ အရွယ်ရောက်ပြီး ရှေးဟောင်းနတ်ဘုရားတစ်ပါး လိုက်လံလိုက်သည်ဟုပါ ခံစားမိလိုက်ရ၏။
ယင်းအသံက အလွန်ရှေးကျလှ၏။ ထိုအသံထဲ၌ သေရေးရှင်ရေးကိစ္စတစ်ခု ဖြစ်ပျက်တော့မည်ဟူသော အာရုံကို သယ်ဆောင်လာခဲ့ပေသည်။
သည်ဧရိယာပတ်လည်ရှိ ဟင်းလင်းပြင်ထဲ၌ အက်ကွဲကြောင်းများ ပေါ်လာခဲ့ချေသည်။ ထိုအဖြစ်က ဝမ်လင်းကို သူ့ လျှပ်တစ်ပြက်ဉာဏ်ကိုပါ ဆုံးရှုံးလုနီးပါး ဖြစ်သွားစေ၏။
သူက ထိုမန္တာန်ကို သိ၏။ ယင်းမန္တာန်က ပျက်စီးခြင်းမန္တာန်ဖြစ်ကာ ကြယ်ရှစ်လုံးရှေးဟောင်းနတ်ဘုရားသာ အသုံးပြုနိုင်ပေသည်။၎င်းက မြင်ကွင်းထဲရှိ အရာအားလုံးကို ပျံ့ကျဲဖျက်စီးနိုင်သည်။
ခုလောက်ထိ သေရေးရှင်ရေးဖြစ်မှုကို ဝမ်လင်းက ဘယ်တုန်းကမှ မခံစားခဲ့ဖူးပေ။ဝမ်လင်းက နောက်သို့ လှည့်၍ ထူးဆန်းစွာ အော်ဟစ်လိုက်၏။
သူ ဟစ်အော်လိုက်သည့်စကားက ထူစီထံမှ အမွေဆက်ခံထားသည့် ရှေးဟောင်းနတ်ဘုရား ဘာသာစကားပင် ဖြစ်သည်။
လမြွေနဂါးတစ်ဖြစ်လည်း မြေကြီးထုကြီးက ရုတ်တရက် တုံ့သွားက ပါးစပ်ကြီးကလည်း အနည်းငယ် ပိတ်သွား၏။ တစ်ချိန်တည်းမှာပင် အက်ကွဲကြောင်းနှစ်ခုက ထိုပါးစပ်ကြီးထက်၌ ပေါ်လာခဲ့သည်။အမှန်က ယင်းအက်ကွဲကြောင်းနှစ်ခုသည် အေးစက်စက်မျက်လုံးတစ်စုံ ဖြစ်နေ၏။
ထိုအကြည့်က ဝမ်လင်းပေါ်သို့ ကျရောက်လာ၏။ ၎င်းအကြည့်ထဲ၌ အေးစက်မှုနှင့် စိတ်ရှုပ်ထွေးမှုတို့ ပါဝင်နေခဲ့သည်။
လမြွေနဂါးက ထိုသို့ တုံ့ဆိုင်းသွားသည့်အတွက်ကြောင့် ပြိုကျနေသောဟင်းလင်းပြင်ကပါ ရပ်တန့်သွားသည်။ဝမ်လင်းက တုံ့ဆိုင်းခြင်းမရှိ ဆက်လက်ပျံသန်းလာခဲ့သည်။ ကောင်းကင်ဘုံသက်တော်စောင့်ကတော့ လုံးဝ မရပ်တန့်ချေ။
ဤအခိုက်အတန့်၌ ခပ်ပါးပါးပုံရိပ်တစ်ခုက အက်ကွဲကြောင်းအနက်ပိုင်းထဲကနေ ထိုးထွက်လာသည်။ ထိုပုံရိပ်ကတော့ လောဘကြီးပင် ဖြစ်လေ၏။
လမြွေနဂါးကြီး၏ ဧရာမအပြောင်းအလဲက ၎င်း၏ စုပ်ယူသည့်၊စွန့်ထုတ်သည့်နေရာကိုပါ ပြင်းထန်စွာ တုန်ယင်စေခဲ့ကာ ပြောင်းလဲသွားခဲ့စေသည်။ထို့အတွက်ကြောင့် အဟပေါက် တစ်ခုက ဖြစ်ပေါ်လာခဲ့သည်။ လောဘကြီးက ထိုအက်ကွဲကြောင်းအဟထဲကနေ ထွက်ပြေးလာခဲ့ခြင်းပင်။ထို့အပြင် သူက မီးပြင်းဖိုကိုလည်း ထားခဲ့ခြင်း မရှိပေ။
ထိုနေရာကနေ ထွက်လာပြီးသည့်နောက် လောဘကြီးသည် လမြွေနဂါးကြီးက မည်မျှ ကြောက်မက်ဖွယ်ကောာင်းကြောင်း သတိပြုမိသွား၏။ သူက ချက်ခြင်းပင် မီးပြင်းဖိုကို အသုံးပြုကာ ပျံသန်းလိုက်၏။ သူက ပျံသန်းနေရင်း ကြည့်လိုက်သည့်အခါ ဧရာမအက်ကွဲကြောင်းတစ်ခုနှင့် ၎င်းအပြင်ဘက်တွင် ကြယ်များပင် ရှိနေသည်ကို တွေ့မြင်လိုက်ရသည်။
သူက အလွန်စိတ်လှုပ်ရှားမိလာသည်။သူက နှစ်ပေါင်းတစ်ရာနီးပါး ခုလိုမျိုး အပြင်လောကကို မတွေ့ခဲ့ရတာ မဟုတ်လား။ ထိုနေ့ရက်များ၌ သူ့အသက်ရှင်သန်ခဲ့ရမှုက လူနှင့်ပင် မတူခဲ့ပေ။
သူက လွန်ခဲ့သော နှစ်တစ်ရာကို ပြန်စဉ်းစားမိ၏။သူက ထိုသားရဲကြီး၏ အညစ်အကြေးစွန့်ထုတ်သည့် နေရာတွင် အချိန်ကကုန်ဆုံးခဲ့ရပေသည်။သူ့အတွက် ထိုအရာက ရှက်စရာပင်။
သူက ထိုနေရာရှိ ညှီစို့စို့နံဟောင်ဟောင် အနံ့ကို ဘယ်တော့မှ မေ့နိုင်တော့မည် မဟုတ်ပေ။သူက ယင်းအနံ့ဆိုးကို ခုထိ ခံစားမိနေဆဲ ဖြစ်၏။
လောဘကြီးက ခုတစ်ကြိမ် လွတ်မြောက်နိုင်ခဲ့ရင် သူက ဘယ်တော့မှ အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်း၏ မြောက်ပိုင်းနယ်မြေသို့ ခြေတစ်ဝက်တောင် ချတော့မည် မဟုတ်ပေ။အနာဂတ်၌ သူက ရတနာများနောက်သို့ လိုက်လံရှာဖွေလျှင်လည်း ပို၍ပို၍ ပို၍ ဂရုစိုက်ပေတော့မည်။
အက်ကွဲကြောင်းအဟရှိရာနှင့် ပိုနီးလာလေလေ လောဘကြီး၏ စိတ်လှုပ်ရှားမှုက အထွတ်အထိပ်တိုက် ရောက်လာခဲ့တော့သည်။
“ဒီအဘိုးအိုက နောက်ဆုံးတော့ ဒီနေရာက လွတ်မြောက်နိုင်တော့မယ်…”
ထိုအခိုက်အတန့်၌ လမြွေနဂါး၏ မျက်လုံးထဲရှိ စိတ်ရှုပ်ထွေးမှုက ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။ ရှေးဟောင်းနတ်ဘုရားများ၏ ဘာသာစကားကလည်း နောက်တစ်ဖန် ပဲ့တင်ထပ်လာခဲ့သည်။ ဝမ်လင်းခန္ဓာကိုယ် တစ်ခုလုံးက အေးစက်နေခဲ့၏။ သေခြင်းရှင်ခြင်း သည်အခိုက်အတန့်၌ သူက နည်းနည်းလေးပင် တုံ့ဆိုင်းနေခြင်း မရှိပေ။ သူက ကောင်းကင်ဘုံသက်တော်စောင့်ကို အရိုးတစ်ဝက်အား လမြွေနဂါးထံသို့ ပြန်ပစ်ပေးရန် အမိန့်ပေးလိုက်သည်။
“ငါ…တစ်ဝက် ပြန်ပေးမယ်…”
အရိုးတစ်ဝက်က ဧရာမတောင်ကြီးတစ်ခုနှင့် တူနေ၏။ ထို့ကြောင့် ၎င်းက တဝီဝီအသံများကို ဖြစ်စေကာ လေထုထဲသို့ ဖြတ်သန်းကျဆင်းလာသည်။ ထိုအရာက လမြွေနဂါး၏ ပါးစပ်ကြီးကို နောက်တစ်ကြိမ် တုံ့နှေးသွားစေသည်။
ပျက်စီးပြိုကျနေသော ဟင်းလင်းပြင်ကလည်း နောက်တစ်ဖန် ရပ်တန့်သွားသည်။လမြွေနဂါးက မြန်ဆန်စွာ ကျဆင်းလာသည့် တောင်ကြီး(ဝါ)၎င်းအရိုးကို စူးစိုက်ကြည့်နေရင်း သူ့မျက်လုံးထဲ၌ စိတ်ရှုပ်ထွေးမှုက နောက်တစ်ကြိမ် ပေါ်လာပြန်သည်။ ထိုအရာက အတော်လေး ရင်းနှီးနေသော်လည်း လမြွေနဂါးက မည်သည့်အရာဖြစ်ကြောင်းကို သေချာ မမှတ်မိ ဖြစ်နေ၏။
သို့သော် ၎င်းက မသိစိတ်အလိုဖြင့်သာ ၎င်း၏ ပါးစပ်ကြီးကိုဟ၍ ထိုတောင်ကြီး(ဝ)၎င်း၏အရိုးကို ဝါးမြိုပစ်လိုက်လေသည်။
လောဘကြီး၏ စိတ်လှုပ်ရှားမှုကလည်း ပိုအားကောင်းလာခဲ့သည်။သူက ပို၍ မြန်ဆန်စွာ ရွှေ့လျားနေရင်း အက်ကွဲကြောင်းနှင့် နီးသထပ်နီးလာခဲ့သည်။သူက ကျယ်လောင်စွာပင် မာန်သွင်းလိုက်ချေသေး၏။
နှစ်တစ်ရာနီးပါးလောက် မျှော်လင့်ချက်မဲ့ရာကနေ သူက နောက်ဆုံးတွင် လွတ်မြောက်နိုင်တာ့မည် မဟုတ်လား။
သို့ရာတွင် လောဘကြီးက အက်ကွဲကြောင်းအဝနှင့် နီးကပ်လာသည့် အချိန်တွင် ဧရာမအရိပ်ကြီးတစ်ခုက အက်ကွဲကြောင်းထဲသို့ ရုတ်တရက် လိမ့်ဆင်းကျလာ၏။
လောဘကြီးက မှင်သက်သွားရာ သူ့မျက်လုံးကိုပင် ပွတ်သပ်၍ ကြည့်လိုက်သည်။ “ဒီဧရာမအရိပ်ကြီးက ဘာများလဲ…”
“ဒါ…ဒါက တောင်တစ်လုံးပဲ…” လောဘကြီး၏ မျက်လုံးထဲ၌ စိတ်လှုပ်ရှားမှုကနေ မျှော်လင့်ချက်မဲ့မှုက အစားပြန်ဝင်လာခဲ့သည်။
သို့ရာတွင် လောဘကြီးက အားကောင်းသော ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။သူက ရှေ့တည့်တည်သို့ မာန်သွင်း ထိုးတက်ကာ သူ့ မီးပြင်းဖိုထဲသို့ ဝင်ရောက်လိုက်သည်။ထို့နောက် မီးပြင်းဖိုက ဘေးတစ်ဖက်သို့ တိုးဝင်သည်။
တဝီဝီနှင့် ကျဆင်းလာသည့် တောင်ကြီးက မီးပြင်းဖို၏ အနားစွန်း၌ ပွတ်တိုက်သွားရာ မီးပွင့်မီးပွားများကို ဖြစ်သွားစေသည်။ ထိုပွတ်တိုက်မှု၏ တုန်ခါလှိုင်းကြောင့် မီးပြင်းဖိုထဲရှိ လောဘကြီးက သွေးတစ်လုပ်အန်ထုတ်လိုက်ရချေသည်။
“သေစမ်း…” ထိုတောင်ကြီး(ဝါ)လမြွေနဂါး၏ အရိုးကြီးကို လက်မတင်ကလေး ရှောင်လိုက်ပြီးနောက် လောဘကြီးက မီးပြင်းဖိုထဲက ပြန်ပေါ်လာခဲ့သည်။သူ့မျက်နှာက ဖြူရောလို့နေ၏။ သူက လမြွေနဂါးကို ပြည့်ပြည့်ဝဝ ထိန်းချုပ်နိုင်စွမ်း မရှိပေ။
အရိုးတစ်ဝက်ကို ပြန်မြိုချလိုက်ပြီးနောက် လမြွေနဂါး၏ စိတ်ရှုပ်ထွေးမှုက ပိုမိုအားကောင်းလာခဲ့သည်။ ထိုခံစားချက်သည် အလွန်ရင်နှီး၊အလွန်ရင်းနှီးကာ ၎င်းက ပြန်မှတ်မိတော့မလိုပင် ဖြစ်လာခဲ့သည်။
လမြွေနဂါး၏ တုံ့ဆိုင်းနေမှုကို အခွင့်ကောင်းယူကာ ဝမ်လင်းသည် ကောင်းကင်ဘုံသက်တော်စောင့်အား သူ့ရှိက အရိုးကို သယ်ဆောင်ရန် အမိန့်ပေးလိုက်သည်။ သည့်နောက် သူတို့နှစ်ယောက်လုံးက ကြယ်များဆီသို့ ပျံသန်းလာကြချေသည်။
လမြွေနဂါး၏ စိတ်ရှုပ်ထွေးမှုသည် တဖြည်းဖြည်းဖြင့် ပြန်ပျောက်ကွယ်လာခဲ့သည်။ကောင်းကင်ဘုံတက်ခြင်းသစ်သီး၏ စွမ်းအားကလည်း ပျောက်ကွယ်လုနီးပါး ဖြစ်လာခဲ့သည်။ခုချိန်၌ ထိုတောင်ကြီးသည် သာမန်အရာတစ်ခု မဟုတ်ဘဲ ၎င်း၏ ကိုယ်ကနေ ဖြစ်တည်လာသည့် သူ့အရိုးကိုယ်တိုင် ဖြစ်နေကြောင်း မှတ်မိသွားပေပြီ။
ကောင်းကင်ဘုံတက်ခြင်းသစ်သီး၏ သက်ရောက်မှုက ပျောက်ကွယ်သွားသည်နှင့် လမြွေနဂါးသည် သူ့ခန္ဓာကိုယ်၏ နာကျင်မှုထွက်ပေါ်လာသော နေရာကို ထောက်လှမ်းမိသွား၏။ ထိုနာကျင်မှုက သူ့အရိုးရှိသင့်သော နေရာကနေ ထွက်ပေါ်လာခြင်းပင်။
မုန်တိုင်းတစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့ချေပြီ။ ကောင်းကင်ဘုံတက်ခြင်းသစ်သီးများ၏ သက်ရောက်မှု ပျောက်ကွယ်သွားပြီးနောက် သစ်သီးများကြောင့် ပုံးကွယ်နေသော အလွန်တရာနာကျင်မှုက လမြွေနဂါးပေါ်သို့ သက်ရောက် လာချေတော့သည်။ထိုအရာက လမြွေနဂါးကို လုံးဝ ဒေါသပုန်ထသွားစေ၏။
***